ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, September 26, 2008

ချယ်ရီတောသို့ လွမ်းချင်း တစ်ပုဒ်

“ နောင်တော်ကြီးများ ခင်ဗျား .. မနက်မိုးသောက် အလင်းရောက်ပါက တိုင်းခန်း လှည့်လည်ကြမည်လော၊ သမားတော်ကြီးနှင့် တွေ့ကြမည်လော၊ မကျေညက်သေးသော စစ်ရေးပြ သင်ခန်းစာများကို လေ့လာ ဆည်းပူးကြမည်လော ” ဟူသော အသံနှင့်အတူ အခန်းတွင်းသို့ ၀င်လာသော ပထမနှစ် ညီငယ်ဗိုလ်လောင်း တစ်ဦးအား တွေ့လိုက်ရသဖြင့် စနေနေ့ ညဦးပိုင်းအချိန် အခန်းတစ်ခုအတွင်း လေးငါးယောက်စုလျှက် ကော်ဖီသောက်ရင်း တော်ကီပွားနေကြသော ကျွန်တော်တို့ နောက်ဆုံးနှစ် ဗိုလ်လောင်းများ ရုတ်တရက် အသံတိတ်သွား ကြလေသည်။ ညီငယ်ဗိုလ်လောင်းကား ခပ်တည်တည်ပင်။ စာရွက်တစ်ရွက်နှင့် ဘောလ်ပင် တစ်ချောင်းကို လက်တွင်ကိုင်လျှက်မှ ကျွန်တော်တို့၏ အဖြေစကားကို စောင့်နေလေသည်။ သို့သော် စိတ်ထဲတွင်မတော့ ကျလိကျလိဖြင့် ရယ်ချင်နေပေလိမ့်မည်။ သူ့ခမျာ စီနီယာများရှေ့တွင် ရယ်ကျဲကျဲ မလုပ်ရဲသောကြောင့် လျှာကိုကိုက်လျှက် အတင်း ပါးစပ်စေ့ထားသည်ကို တွေ့ရလေသည်။

“ ဟ .. ကောင်လေး .. မင်းကို အဲဒီလို ဘယ်သူ ပြောခိုင်းလိုက်တာတုန်း ” ဟု မေးလိုက်ရာ “ နောက်ဆုံးနှစ်က ကိုရဲကြီး ပြောခိုင်းလိုက်တာပါ ” ဟု အဆိုပါ ပထမနှစ်ဗိုလ်လောင်းက ခပ်တည်တည် ပြန်ဖြေလေသည်။ အမှန်တကယ် မေးရမည်မှာ “ မနက်ဖြန်မနက် ( outpass ) တပ်ပြင်ထွက်မှာလား၊ ဆေးခန်းလိုက်မှာလား၊ အပိုစစ်ရေးပြဒဏ် ( CAD ) ဆွဲမှာလား ” ဟူရ်ျ ဖြစ်သော်လည်း ထိုကဲ့သို့ စီနီယာ လူနောက်များနှင့် တွေ့ပါက ပထမနှစ်ဗိုလ်လောင်းမှာ ပျားတုပ်လေတော့သည်။ မပြောဘဲလည်း မနေရဲသဖြင့် ရှေ့မျက်နှာနောက်ထားကာ ပါးစပ်ကို အနိုင်နိုင်စေ့လျှက် ပြောရလေတော့သည်။ တော်တော် အစအနောက်သန်သော စီနီယာများပင်တည်း။ ကျွန်တော်တို့ စကားဝိုင်းမှ မျိုးကြီးကလည်း “ အေး .. ဟိုဘက်ခန်းက ကိုကျော်စိုးကို မေးရင် ဘုန်းကြီးကျောင်း သို့သွားကာ တရားဘာဝနာ အားထုတ်မည်လော လို့ပါ ထည့်မေးနော် ” ဟု ခပ်တည်တည်ဖြင့် ထပ်ကြပ်လွှတ်လိုက် ချေသေး၏။ မကြာမီပင် အမြဲတမ်း တရားနာ ပုတီးစိတ်လေ့ရှိသူ ကျော်စိုး၏ အခန်းဘက်ဆီမှ “ ဘယ်ကောင်တွေ မဟုတ်ကဟုတ်က သင်ပေးလိုက်တာလဲ၊ ငါ့ဘာသာ ပုတီးစိတ်နေတာကို အာရုံပျက်အောင် လာလုပ်နေတာလား၊ အေး … တောထွက်မယ်လို့ပါ ထည့်ရေးလိုက်ဟေ့ ” ဟူသော အသံနက်ကြီးကို ကြားလိုက်ရလေသတည်း။

ကျွန်တော်တို့ကား တဟားဟားဖြင့် ရယ်ကြရပေတော့သည်။ စာရင်းလာကောက်သော ပထမနှစ်ဗိုလ်လောင်း လည်း သူတို့ပထမနှစ်ဟော အတွင်းပြန်ရောက်ပါက ထိုအကြောင်းများပြောကာ ရယ်မောနေပေလိမ့်မည်။ ကျွန်တော်တို့၏ ချယ်ရီတော အမိတက္ကသိုလ်တွင် ရန်ကုန်က ကံ့ကော်တောတက္ကသိုလ်၊ မန္တလေးက စိန်ပန်းတောတက္ကသိုလ်များမှာကဲ့သို့ ပျော်စရာများ များများစားစား မရှိဘဲ ရှားပါးလွန်းလှသည် ဖြစ်ရာ ဤသို့ဤပုံ ကြံဖန်ပျော်ရွှင်ကြရ လေသည်။ ပျော်ကြရပုံခြင်း ကွာခြားချင် ကွာခြားမည် ဖြစ်သော်လည်း သူ့နေရာနှင့်သူတော့ ပျော်စရာဟူသည် ရှိစမြဲပင် ဖြစ်ပေသည်။ နေရာတကာ ဟာသ လုပ်လျှက် ပျော်ပျော်နေတတ်သော အချို့ စီနီယာဗိုလ်လောင်းများ၊ အမြဲတမ်း ဂယောင်ဖတ်လျှက် ( ဗိုလ်လောင်းတပ်ရင်း စကားဖြစ်ပါသည်။ ပြန်ရှင်းမပြတတ်ပါ ) တလွဲလုပ်လေ့ ရှိသည့် အချို့သောဂျူနီယာ ဗိုလ်လောင်းများ၊ ကို့ရိုးကားယား လုပ်လေ့ရှိသူ အရာရှိများ စသည်ဖြင့် မြင်အောင် ကြည့်တတ်သူများအဖို့ ပါးစပ်ပင် မပိတ်နိုင်အောင် ရယ်မောစရာများ ပေါများလှပါသည်။

ဥပမာအားဖြင့် ကျွန်တော်တို့ တပ်ခွဲမှ သက်ဝင်း ကိုပဲကြည့်။ အမြဲတမ်း သီချင်းလေး တအေးအေး၊ ခေါင်းလေး တညိမ့်ညိမ့်ဖြင့် နေတတ်သူ။ မည်သည့် ဂျူနီယာကိုမျှ အပြစ်ပေးဖူးခြင်း မရှိ။ တခုခုအပြစ်တွေ့ပြီး သူစိတ်တိုရ်ျ ခေါ်ယူကြိမ်းမောင်းလျှင် ဂျူနီယာတို့ အလွန်ပျော်၏။ အဘယ့်ကြောင့် ဆိုသော် သူဆူပူသမျှမှာ ရယ်စရာတွေချည်း ဖြစ်နေလို့ပင်တည်း။ “ ငါ့ဘာသာ ကော်ရစ်တာမှာ လမ်းလျှောက်နေတာကို မင်းက ဘာလို့ အတင်း ၀င်တိုက်သွားတာလဲကွ ” ၊ “ မမြင်လို့ပါ ”၊ “ ဘာကွ .. မီးရောင် တထိန်ထိန်ကြီးမှာတောင် ငါ့ကို မမြင်ရဘူးဆိုတော့ ငါ့အသားအရေက ဒီလောက်တောင်မည်းနေလို့လား ”၊ “ မဟုတ် .. နည်းနည်းမှောင် ”၊ “ အာ … မှောင်တာနဲ့ မည်းတာ ဘာထူးသေးလို့တုန်း လဒရဲ့၊ ကျန်တာအကုန် သည်းခံပေးလို့ရတယ် .. ရူပါပိုင်း ဆိုင်ရာကိုတော့ မထိခိုက်နဲ့ .. ကြားလား .. သွားတော့ ” ဟူသတည်း။ တစ်ခါတစ်ရံ ဂျူနီယာဗိုလ်လောင်း တစ်ဦးဦးကို သူဆူပူနေစဉ် အနားသို့ သွားနားထောင်နေပါက အလွန်ရယ်ရလေသည်။ မည်မျှအထိ သူ့ကို ကြောက်ကြသလဲဆို …. “ ဒီမှာ ဖက်စ်ရီးယား ငါက မင်းကို ကြပ်နေတာနော်၊ ကြပ်နေတာ ၊ ခေါ်ပြီး ပုံပြင်ပြောနေတာ မဟုတ်ဘူး၊ ပြုံးဖြီးဖြီးနဲ့ နားထောင်မနေနဲ့ ” ဟုသူ စိတ်တိုရ်ျ ဆူပူ( ကြပ် ) နေခြင်းဖြစ်ကြောင်း တစ်ဖက်လူ သိအောင် ပြောယူရသည်အထိ ဖြစ်လေသည်။

အမြဲဂယောင်ဖတ်တတ်သူ ဂျူနီယာဗိုလ်လောင်း အချို့ကြောင့်လည်း ရယ်မောရလေသည်။ တတိယနှစ်ဘ၀ ကထင်သည်။ တစ်ညသားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် ပထမနှစ်ဗိုလ်လောင်းတစ်ဦး ဘေးနားလာပြီး “ အကို့ .. အကို့ .. မီးလောင်ပြီလားတဲ့ ..မီးလောင်ပြီလားတဲ့ ” ဟု ပါးစပ်မှပြောကာ အတင်းလှုပ်နိုးနေသဖြင့် လန့်ဖြန့်ပြီး ထထိုင်လိုက်မိသည်။ “ ဘယ်မှာတုန်း ဘယ်မှာ မီးလောင်နေတာတုန်း ” ဟု အမောတကော မေးမှ “ အောင်ဆန်းတပ်ခွဲက ကိုခိုင်မင်းက ပါရီမီးလောင်ပြီလား ဆိုတဲ့ ၀တ္ထုစာအုပ် တောင်းခိုင်း လိုက်လို့ပါ ” ဟု ဆိုချေ၏။ “ အောင်မလေးကွာ .. ဒါများ စောစောကတည်းက အကို့ဆီက စာအုပ်တောင်းခိုင်းလိုက်လို့ ဆိုရင် ပြီးရော အလန့်တကြား လုပ်တတ်ပလေကွာ ” ဟု ပြောမိကာ ရယ်နေလိုက်ရ လေသည်။ သူ့ခမျာ စာအုပ်နာမည်ကို မေ့မှာစိုးရ်ျ တစ်လမ်းလုံး ရွတ်ကြည့်လာသည် ထင်၏။ မမေ့ခင် အမြန်ပြောလေရာ အလန့်တကြား ဖြစ်ရလေသည်။ တစ်ချို့သော ဂျူနီယာဗိုလ်လောင်းများကား တစ်မျိုး။ “ ကျွန်တော်ကမေး၊ သူက မသိဟုပြော၊ ကျွန်တော် အကို့ကို လိုက်ရှာ၊ မတွေ့၊ ထို့ကြောင့် မပြော၊ ကိုယ့်ဘာသာ လုပ်လိုက်မိ၊ မှားသွား ” ဟု အဓိပါယ်ရှာမရသော စကားများဖြင့် ပြောတတ်ကြလေရာ အတော်ပင် ခေါင်းကုတ်စဉ်းစားပြီးမှ သူ၏ဆိုလိုရင်းကို ဖော်ထုတ် ယူရလေသည်။ ကျွန်တော်တို့ ပထမနှစ်ဗိုလ်လောင်းဘ၀ကလည်း ထိုသို့ပင် စီနီယာတို့ ခေါင်းကုတ်ခဲ့ရပေလိမ့်မည်။ ဤသည်ကား ကျွန်တော်တို့ ချယ်ရီတောက ဘ၀အမောများပင်တည်း။

အချို့သော ကို့ရိုးကားယား အရာရှိများ၏ ဟားကွက်များလည်း ရှိသေး၏။ ကျွန်တော်တို့ ဗိုလ်လောင်းဘ၀က တပ်ခွဲမှူးဖြစ်သူ ဗိုလ်မှူးကျော်လှိုင်က တစ်မျိုး။ သူသည် စကားပြောလျှင် မည်မျှ နီးနီးဝေးဝေး၊ နားထောင်သူ တစ်ယောက်တည်းပင် ဖြစ်စေ အသံဗြဲကြီးနှင့် တအား အော်အော်ပြီး ပြောတတ်လေသည်။ သူနှင့် စကားပြော ပြီးလျှင် နားများထူပူပြီး ကျန်ရစ်ခဲ့သည်အထိ အသံကား အောင်လှပေသည်။ ကျောင်းဆင်းပွဲ မကျင်းပမီ တစ်ရက် အလိုတွင် နောက်နေ့ ကျောင်းဆင်းပွဲစစ်ရေးပြ လုပ်နေစဉ် မူးမေ့လဲခြင်း မဖြစ်စေရန် ဗိုလ်လောင်းများအား စောစီးစွာ အိပ်ယာ ၀င်ခိုင်းထားလေသည်။ ထိုသို့ စောစောအိပ်ခိုင်းထားသော်လည်း ကျွန်တော်တို့မှာ စာမေးပွဲကြီးပြီးဆုံးနေပြီ ဖြစ်သောကြောင့် လည်းကောင်း၊ နောက်နေ့ ကျောင်းဆင်းပွဲပြီးလျှင် ခွင့်တစ်လ ပြန်ရတော့မည် ဖြစ်သဖြင့် လည်းကောင်း အပျော်လွန်ပြီး မအိပ်ကြသေးဘဲ စုထိုင်ကာ စကားပြောသူပြော၊ မုန့်စားသူစား၊ ခွင့်ပြန်ရန် အိတ်ပြင်သူပြင် စသည်ဖြင့်သာ ရှိလေသည်။ သို့သော် အချို့သော စည်းစနစ်ကျနသည့် ဗိုလ်လောင်းများကား အိပ်ယာဝင်နေလေပြီ။ ပထမနှစ်ဗိုလ်လောင်းများနှင့်တကွ ဂျူနီယာဗိုလ်လောင်း အများစုမှာလည်း ပင်ပန်းမှုဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလေသည်။ ဗိုလ်လောင်းများ စောစော အိပ်၊ မအိပ်ကို တပ်ခွဲမှူး အရာရှိများက မိမိသက်ဆိုင်ရာ တပ်ခွဲအလိုက် ည ၁၂ နာရီကျော်လောက်တွင် တစ်ခန်းချင်း လိုက်စစ်လေသည်။ ကျွန်တော်တို့၏ တပ်ခွဲမှူးအရာရှိဖြစ်သူ ဗိုလ်မှူးကျော်လှိုင်သည်လည်း ကျွန်တော်တို့ အဆောင်ပေါ်သို့ တက်ပြီး လိုက်စစ်လေရာ မအိပ်သေးသော ကျွန်တော်တို့ အဖွဲ့အား ပက်ပင်း မိလေတော့သည်။ သူကား စေတနာဒေါသဖြင့် “ ဟိုမောင်တွေ မအိပ်သေးဘဲ ဘာလုပ်နေတာတုန်း .. သွား အိပ်ယာထဲ အကုန်ဝင် .. စောစောအိပ်ပါဆိုတာကို မအိပ်ဘဲ ဘာလုပ်နေတာတုန်း .. ငါလုပ်လိုက်ရ မကောင်းရှိတော့မယ် ” စသည်ဖြင့် သူ၏ ကိုယ်ပိုင် စတိုင်ဖြစ်သော အသံဗြဲကြီးဖြင့် ကုန်းအော်လေတော့သည်။ ထိုအခါ သူ၏ အောင်မြင်ခံ့ညားလှကာ ဟိန်းထွက်နေသည့် အသံဗြဲကြီးကြောင့် တစ်ဆောင်လုံးရှိ အိပ်ပျော်နေသူများ အကုန် လန့်နိုးကုန်ပြီး “ ဟေ့ .. ဘယ်သူလဲကွ ၊ အသံဗြဲကြီးနဲ့ စွတ်အော်နေတာ၊ လူအိပ်ချိန်ဆိုတာ နားမလည်ဘူးလား ” စသည်ဖြင့် ထအော်ကြတော့သည်။ သူလည်း ထိုအခါကျမှ သူ့အမှားကိုသူ ရိပ်မိကာ မျက်နှာကြီး နီရဲလျှက် ဆင်းသွားလေတော့သတည်း။ သူ့ခမျာ အားလုံးကို အိပ်ခိုင်းဖို့လာကာမှ အားလုံးကို နှိုးလိုက်သလို ဖြစ်သွားရှာသဖြင့် ကျွန်တော်တို့မှာ စောင်ကို ခေါင်းမြီးခြုံလျှက်မှ တခွိခွိ ရယ်ကြရလေသည်။

အချို့သော လူပြောင် စီနီယာများကား တစ်မျိုး၊ ဂျူနီယာဗိုလ်လောင်းများ “ ရှိရင်း ( .. ) ယောက်၊ တန်းစီ ( .. ) ယောက်၊ ပျက်ကွက် ( .. ) ယောက် ” စသည်ဖြင့် အော်ကာ တန်းစီ တန်းအပ် သတင်းပို့နေလျှင် ဘေးနားက သွားပြီး “ ရှိရင်း မဖြစ်စလောက်၊ တန်းစီ တစ်ယောက်တစ်ပေါက်၊ ပျက်ကွက် ဟိုရောက် ဒီရောက် ” စသည်ဖြင့် ၀င်နောက်လေရာ သတင်းပို့နေသော ဂျူနီယာဗိုလ်လောင်းမှာ ရယ်ရအခက် ငိုရအခက် ဖြစ်ရလေသည်။ ကျွန်တော်တို့၏ အမိတက္ကသိုလ်က ချယ်ရီတောပုံပြင်များမှာ ပြောလျှင် ကုန်နိုင်ဖွယ်မရှိ။ ရယ်စရာများလည်းရှိ၊ မောစရာများလည်းပါ၊ စိတ်ညစ်စရာများလည်း မကင်း၊ စသည်ဖြင့် ရသစုံသော ဟင်းလေးအိုး ဘ၀ကြီး ဖြစ်လေသည်။ တစ်ချို့တစ်ချို့တွေ ထင်နေကြသလို၊ ယူဆနေကြသလို အိုက်ခမန်း၏ ငရဲခန်းများအလား ( သို့မဟုတ် ) ဟစ်တလာ၏ ဂျူးအကျဉ်းစခန်းများအလား မဟုတ်ရပါ။ ပျော်စရာလုံးဝ ကင်းမဲ့ပြီး အနှိပ်စက်ခံ၊ အဥာဉ်းဆဲခံ ဘ၀များသာ ဖြစ်သည်ဆိုပါက ဗိုလ်လောင်းတစ်ယောက်မှ ရှိတော့မည်မဟုတ်၊ အကုန်လုံး ကိုယ့်ကိုကိုယ် သတ်သေကုန်ကြမည်သာ ဖြစ်လေသည်။ ပျော်စရာကောင်းသော အောက်မေ့သတိရဖွယ်လေးများလည်း ရှိလေသဖြင့် ချယ်ရီတောအား အလွမ်းပြေ အဖြစ် ဤစာကို ရေးမိလေသတည်း။












Read More...

Wednesday, September 24, 2008

ကျောင်းဖွင့်ချိန်

ကျွန်တော်တို့ အတော်များများသည် ငယ်စဉ်ကတည်းက တက္ကသိုလ်နောက်ခံ ၀တ္ထုဇာတ်လမ်းများကို ဖတ်ကြပြီး နောက် စိတ်ကူးဖြင့် ရူးခဲ့ကြသူများသာ ဖြစ်ကြသည်ဟု ဆိုလျှင် လွန်အံ့မထင်။ တက္ကသိုလ်ရောက်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ် စသည်ဖြင့် စိတ်ကူးဖဲရိုက်ခဲ့ကြသူများချည်း ဖြစ်လေသည်။ တက္ကသိုလ်နောက်ခံ ၀တ္ထုများကို ဖတ်တိုင်း သတိထားမိခဲ့သည်မှာ ကျောင်းပိတ်ချိန်ကို ကြောက်ကြရ်ျ ကျောင်းဖွင့်ချိန်ကို မျှော်တတ်ကြသော ကျောင်းသူ၊ ကျောင်းသား လူငယ်များ အကြောင်းသာ ဖြစ်လေသည်။ ကျောင်းပိတ်ခါနီးပြီ ဆိုလျှင် လွမ်းကြ ဆွေးကြ၊ ကျောင်းပြန်ဖွင့်လျှင် ခဏတာ ခွဲခွာခဲ့ရခြင်းအတွက် အတိုးချ ပျော်ရွင်ကြ စသည်ဖြင့် စာအုပ်ထဲတွင်တော့ ဖတ်ရ်ျ ကောင်းလှပေသည်။ ကျွန်တော်တို့မှာလည်း ၀တ္ထုကို ဖတ်ရင်းမှ သူတို့နှင့်အတူ လိုက်ပျော်လိုက်ကြ လိုက်ဆွေးလိုက်ကြနှင့် ခံစားမှု ဒီဂရီ မြင့်တက်ခဲ့ဖူးကြလေသည်။ သို့သော် ကျွန်တော်တို့ တက္ကသိုလ် တက်ရသောအခါတွင်တော့ အဆိုပါ ၀တ္ထုဇာတ်လမ်းများနှင့် ဆန့်ကျင်လှစွာ ………… ။

ကျွန်တော်တို့၏ တက္ကသိုလ်ကျောင်းသား ဗိုလ်လောင်းများကတော့ နွေရာသီ ကျောင်းပိတ်ရ်ျ ခွင့်တစ်လ ပြန်ရတော့မည် ဆိုလျှင် သူမတူအောင် ပျော်ရွှင် ကြကုန်လေသည်။ ခွင့်ပြန်ရန် နီးလာလေလေ ပျော်ရွှင်မှုဒီဂရီ မြင့်တက်လေလေ ဖြစ်လေသည်။ ခွင့်ပြန်လျှင် ဘာလုပ်လိုက်မည်၊ ညာလုပ်လိုက်မည် စသည်ဖြင့် စိတ်ကူးတွေ တစ်သီကြီး ယဉ်ကြလေတော့သည်။ သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်ဖြင့် ခွင့်ပြန်ရက်ကို လက်ချိုးရေတွက်ရ်ျသာ နေကြကုန်လေသည်။ ထိုအချိန်ဝယ် အိမ်က မိဘများ ခမျာမှာတော့ စိုးတထိတ်ထိတ် ရှိနေပေလိမ့်မည်။ တစ်နှစ်ပတ်လုံး တင်းကြပ်သော စည်းမျဉ်း၊ စည်းကမ်းများ အောက်ဝယ် မွန်းကြပ်စွာနေခဲ့ရသော သားမောင်သည် ခွင့်တစ်လရရ်ျ အိမ်ပြန်ရောက်သည်နှင့် မျောက်ရှုံးအောင် သောင်းကျန်းတော့မည်ကို အထာနပ်နေကြပြီ ဖြစ်ရကား တစ်နှစ်လုံးခွဲခွာခဲ့ရသော သားနှင့် တွေ့ရသဖြင့် ၀မ်းသာရသည့်စိတ်ထက် “ ဘာတွေများ မွှေသွားဦးလေမလဲ .. ဟဲ့ ” ဟူသော စိုးရိမ် ထိတ်လန့်စိတ်ကသာ လွှမ်းမိုးကြကုန်လေသတည်း။

ခွင့်ရရ်ျ အိမ်ပြန်ရောက်သည်နှင့် အမေ့ထံပါး အသာကပ်ကာ ပိုက်ဆံ တိုးတိုးတိတ်တိတ် တောင်းလျှက် တနေကုန်၊ တညလုံး လျှောက်ပတ် လိမ့်ပေတော့သည်။ ညဘက် လျှောက်လည်ရာမှ အိမ်ပြန်ရောက်သော် တစ်အိမ်လုံး အိပ်ယာဝင်နေကြပေပြီ။ မနက်ဘက် အိပ်ယာက နိုးတော့ တစ်အိမ်လုံး ဆိုင်ရာ ဆိုင်ရာ ရုံးသို့၊ အလုပ်သို့၊ ကျောင်းသို့ သွားကုန်ကြလေပြီ။ သူတို့အိမ်ပြန်ရောက်ချိန်တွင် ကိုယ်က မရှိတော့။ ဘော်ဒါများနှင့် လက်ဖက်ရည်ဆိုင် ရောက်နေပေပြီ။ နောက်ဆုံးတော့ မိဘများက “ ခွင့်ရလို့ အိမ်ပြန်ရောက်တုန်း မင်းမျက်နှာလေးကို ၁၅ မိနစ်လောက် မြင်ပါရစေကွယ် ” ဟု စာရေးကာ အိပ်ယာဘေး လာကပ်သွားလေတော့ သတည်း။ အမေကတော့ ယုယ ကြင်နာစွာပြောရှာပေသည်။ “ မင်းတို့ ကျောင်းမှာ စီနီယာတွေ အပြစ်ပေးတာ ခံရတယ်လို့ သိရတော့ သနားနေမိတာ၊ အခုလိုပုံမျိုးနဲ့ ဆိုတော့ အပြစ်ပေးခံရတာတောင် နည်းသေးသကွယ် ” ဟူသတည်း။ အဖေကလည်း ဂရုဏာဖြင့် ပြောချေသေး၏။ “ မင်းတို့ကောင်တွေ တပ်ထဲမှာနေတာပဲ ကောင်းတယ်၊ အိမ်ပြန်မလာလေ ကောင်းလေပဲ ” ဟူလို။ ဤမျှအထိ မိဘတို့ အကြင်နာတွေ ပိုအောင်ပင် ကျွန်တော်တို့ကလည်း ခွင့်ရသခိုက် သောင်းကျန်းကြလေသတည်း။

ခွင့်ရက်စေ့ရ်ျ ကျောင်းဖွင့်ချိန် နီးလာသည်နှင့် ကျွန်တော်တို့ တတွေ ပူဆွေးကြကုန်လေသည်။ တမှိုင်မှိုင် တတွေတွေဖြင့် အိပ်မပျော်၊ စားမ၀င် ဖြစ်ကုန်ကြလေသည်။ ကျောင်းဖွင့်ချိန်ကို မျှော်တတ်ကြသည့် တက္ကသိုလ် နောက်ခံ ၀တ္ထုများထဲက ဇာတ်ကောင်များနှင့် ဆန့်ကျင်လှစွာ ကျောင်းဖွင့်ရက် နီးလေလေ စိတ်ညစ်လေလေ ဖြစ်ကြကုန်လေသည်။ အိပ်မက်ဆိုးများပင် မက်လိုက်သေးသည် ဟူလို။ ကျောင်းသို့ ပြန်သွားရန် ဘာကိုမှ ပြင်ဆင်လိုစိတ် မရှိဘဲ “ အမေ ကြိုက်သလိုသာ စီစဉ် ထည့်ပေးလိုက်တော့ဗျာ ” ဟု အမေ့ကို တာဝန်လွှဲကာ ချစ်သူကို နှုတ်ဆက်ခြင်း၊ လက်ဖက်ရည်ဆိုင် နှင့် အရက်ဆိုင်သို့ အကြွေးများ သွားဆပ်ခြင်း၊ ငှားထားသော ၀တ္ထုစာအုပ်များ သွားအပ်ရင်း စာအုပ်ဆိုင်ပိုင်ရှင် ကောင်မလေးထံမှ အဖြေကပ်တောင်းခြင်း စသော လေးနက်သော တာဝန်များဖြင့် အလုပ်ရှု့ပ်ရပေတော့သည်။ မိဘများကလည်း ခွင့်ရက်စေ့ရ်ျ သားပြန်ရတော့မည် ဆိုသဖြင့် ၀ဋ္ဋ်ကျွတ်ချေပြီဟု အောက်မေ့ကာ ၀မ်းသာအားရပင် ပြင်ဆင်ပေးကြကုန်လေသတည်း။ ကျောင်းသို့ပြန်ရတော့မည့် သားမောင်မှာ ပြန်မည့်ရက် နီးလာလေလေ တမှိုင်မှိုင်တတွေတွေ ဖြစ်နေသလောက် သူတို့က ပျော်တပြုံးပြုံး မော်မဆုံးတော့ချေသည် တကား။ စစ်ကျောင်းသားတို့ ဘ၀ကား ဤသို့ဤပုံ အကြင်နာ ပိုခြင်း ခံရလေတော့သတည်း။

ထိုကဲ့သို့ ကျောင်းပိတ်ချိန်ကို မျှော်ရ်ျ ကျောင်းဖွင့်ချိန်ကို ကြောက်တတ်သည့် စိတ်ဓာတ်မှာ ယခုလို မော်စကိုမှာ ကျောင်းတက်နေချိန်အထိ နောက်ကနေ ကပ်ပါလာလေသည်။ နွေရာသီသုံးလ ကျောင်းပိတ်ရက်ရှည်ကြီး ကုန်ဆုံးပြီး ကျောင်းဖွင့်ရန် နီးလာသည်နှင့် စိတ်က ကယောင်ခြောက်ခြား ဖြစ်လာတော့သည်။ ထိုင်ရမလိုလို၊ ထရမလိုလို၊ အိမ်သာပဲ ပြေးတက်ရတော့မလိုလိုနှင့်။ အနေခက်လှပေသည်။ မခက်ပဲ နေနိုင်ရိုးလား။ မော်စကိုတက္ကသိုလ် ကျောင်းသားဘ၀ ဆိုသော်လည်း ကံများ ဆိုးချင်တော့ ကိုယ့်အဖွဲ့မှာ ကျောင်းသူက တစ်ယောက်မှ မပါ။ မြန်မာကျောင်းသားကလည်း စုစုပေါင်းမှ သုံးယောက်တည်း။ ကျန်တာက ရုရှကျောင်းသား ဆယ်ယောက်၊ စုစုပေါင်း ၁၃ ယောက်။ လပ်ကီး ဂဏန်းပေတကား။ စစ်ကျောင်းမှာ ၅ နှစ်လုံးလုံး အထီးများချည်း သက်သက် သင်လာခဲ့ရသဖြင့် မော်စကိုမှာတော့ ကျောင်းသူလေးတွေနဲ့ ရောပြီး အတူတူ စာသင်ရချေသေးရဲ့ ဟု တွေးခဲ့မိသော စိတ်ကူးလေးများမှာ အတိတ်တွင်သာ အရိပ်ဖြစ်နေခဲ့လေပြီ။ တစ်ခါတစ်လေ ကွန်ပေါင်း အချိန်များတွင် ရုရှအယောက်သုံးဆယ်လောက်နှင့် ရောသင်ရလေရာ ကျောင်းသူလေးများ ပါလာသော်လည်း အားလုံးက မလွတ်မလပ်တွေချည်း။ ပိုင်ရှင်ရှိပြီးသားတွေချည်းသာ ဖြစ်နေလေသည်။ ကံတရားကား မျက်နှာသာ မပေးလိုက်လေ။

သြဂုတ်လ ကုန်ရ်ျ စက်တင်ဘာ တစ်ရက်မှ စတင်ရ်ျ မော်စကိုရှိ ကျောင်းများ ဖွင့်ကုန်ကြလေသည်။ ထိုအခါ ဘ၀တူ သူငယ်ချင်းများ၏ ကျောင်းဖွင့်ချိန် ရင်ဖွင့်သံများ စတင်ကြားရလေတော့သည်။ ဘော်ဒါကြီး အောင်မှူးကား “ စက်တင်ဘာ - ၁ ” ဟူသော ကဗျာကို သီကျူးလေသည်။ ထိုကဗျာမှာ -
စက်တင်ဘာ - ၁
“ စံပယ်တွေ ချုန်းချုန်းထစ်ထစ်
ကျောင်းတော်တံခါးကြီး ကားခနဲပြန်အဖွင့်၊
ခေါင်းလောင်းသံတွေပွင့်တဲ့ ဒီရာသီ
စာသင်ခန်းထဲက ခုံတန်းလေးဆီ
ငါ...... ပြန်လာပြီ။ ” ………. ဟူသတည်း….။

အချို့သော သူငယ်ချင်းများကလည်း gtalk custom message ပေါ်တွင် ပေကြောင်ကြောင်ဖြင့် စိတ်ကူးပေါက်ရာ ရေးသားကြလေသည်။ “ ကျောင်းကြီးဖွင့်ပြီ ” ဟူရ်ျ လည်းကောင်း၊ “ နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း ” စသည်ဖြင့် တစ်သွယ် ကျောင်းဖွင့်ချိန်ကို ကယောင်ကတမ်းဖြင့် ရေးဖွဲ့ကြကုန်လေသည်။ ကျွန်တော်ကား စိန့်ပီတာစဘတ်မြို့မှ ဘော်ဒါဖြစ်သူ ဘိုသူ၏ ရေးသားချက်ကို သဘောကျမိလေသည်။ ကျောင်းဖွင့်ချိန်ကို ရည်ညွှန်းလျှက် သူရေးထားသည်မှာ “ ဗရုတ်သုတ်ခ အချိန်တွေ ရောက်လာပြီဗျို့ ” ဟူသတည်း။

( စာကြွင်း။ ။ ဘလော့သို့ လာရောက် လည်ပတ်သွားသူ susu ဆိုသော ဧည့်သည်တစ်ဦးက စာရေးသူ ကိုဥာဏ်(စက်မှု)၏ ဓာတ်ပုံကို တင်ပေးပါဟု အရေးဆိုချေ၏။ တင်လိုက်မိပါက ဘလော့ဖတ်သူ ဘော်ဘော် အပေါင်းက ၀ိုင်းရ်ျ “ သူပဲ .. သူပဲ .. ရတနာပုံဈေး မီးဝင်ရှို့တာ ” ဟု ကောင်းချီးပေးကြမည်မှာ မလွဲပေ။ အလွယ်တကူ ခန့်မှန်းနိုင်အောင် ရည်ရွယ်လျှက် အရိပ်ပြမေးခွန်းအဖြစ် “ ဟားဗက် ဆိုတဲ့ ကိုရီးယားဇာတ်ကား ကြည့်ဖူးတယ် မဟုတ်လား ” ဟု ပြောလိုက်လျှင်လည်း မင်းသားဟု ထင်မည်မဟုတ်၊ မင်းသမီး အဖေကိုသာ ပြေးမြင်မိမည်မှာ မုချဖြစ်ပေသည်။ ရုရှရောက်ပြီးနောက် ဘီယာနှင့် ဗော့ဒ်ကာ တို့၏ ကောင်းမှုကြောင့် ပုံပျက်နေသော ကိုယ့်ကိုကိုယ်တောင် မမြင်လို၊ မကြည့်လိုသဖြင့် မှန်ရှိသော နေရာသို့ပင် ဖြတ်မလျှောက်သည် ဖြစ်လေရကား မိတ်ဆွေ susu လည်း မမြင်ဖူးလိုပါတော့နှင့်ဟု တောင်းပန်ပါရစေ ခင်ဗျား။ )


ဒါကတော့ မော်စကိုစတိတ်ယူနီဗာစီတီပေါ့
( ကျွန်တော့်ကျောင်း ဟုတ်ဘူးနော် အထင်မလွဲကြပါနဲ့ )































Read More...

Tuesday, September 23, 2008

ဒါချာတဲအိမ်အပြန်မှ နောက်ဆက်တွဲ ဓာတ်ပုံအချို့

နွေရာသီတဲအိမ်မှ အပြန်တွင် ရုရှကဗျာဆရာကြီး ဗာဆီလီဒရက်ဂူးနော့ ထံမှ သူကိုယ်တိုင် လက်မှတ် ထိုးထားသော ကဗျာစာအုပ် တစ်အုပ်ကို အချောင် ရခဲ့ပေသည်ဟု ရေးသားခဲ့မိလေရာ မိတ်ဆွေ အတော်များများက ထိုစာအုပ် နှင့်တကွ ထိုကဗျာဆရာကြီး၏ လက်မှတ်ကို မြင်လိုပါသည်ဟု ဆိုလာကြကုန်လေသည်။ ဂျပန်မလေး မီဂူမီ ဆိုသည့် ဘလော့ဂါ ညီမ ( အစ်မ ဖြစ်နေလျှင် တောင်းပန်ပါသည် .. မိန်းကလေးများက အသက်ငယ်သည်ဟု ထင်လျှင် လွန်စွာ နှစ်သက်တတ်သည် ဆိုသောကြောင့် ညီမဟုသာ သုံးမိသည် ) တစ်ဦးကလည်း ရုရှစာ ဖတ်တတ်သည် ထင်၏။ ကဗျာဆရာကြီး၏ လက်ရေးကို ဖတ်လိုကြောင်း အရေးဆိုလေ၏။

ထို့ကြောင့် ဤဓာတ်ပုံများကို တင်မိလေသတည်း။

ကျွန်တော်လက်ဆောင်ရခဲ့သော ကဗျာဆရာကြီး ဗာဆီလီဒရက်ဂူးနော့ ၏ ကဗျာစာအုပ်
( တိုက်ရိုက်မြန်မာလို ဘာသာပြန်ပါက “ ဒုတိယခေတ် ” ဟု အဓိပါယ်ရပြီး သူ၏ဆိုလိုရင်းအရ ဆီလျော်အောင် ဘာသာပြန်ပါက “ ဆိုဗီယက်ခေတ်အလွန် ” ဟု အဓိပါယ်ရပါသည်။ )
















ထိုဆရာကြီး၏ ဓာတ်ပုံနှင့် ဘေးက အော်တိုလက်မှတ်
















ဂျပန်မလေး မီဂူမီကြည့်လိုသည်ဆိုသော ကဗျာဆရာကြီး၏ လက်ရေး













Read More...

Saturday, September 20, 2008

နွေရာသီ တဲအိမ်များကအပြန်….( ဇာတ်သိမ်း )

နောက်နေ့မနက် မိုးလင်းသည်မှ စရ်ျ ကျွန်တော်တို့၏ ပြည်တော်သာ စစ်ဆင်ရေးကြီးဟု အမည်ပေးထားသော ဒါချာ ရှင်းလင်းရေး လုပ်ငန်း စတင်ပါတော့သည်။ အောင်မှူးကား ကျွန်တော်တို့ကို လိုက်ခဲ့ဖို့ စည်းရုံးစဉ်က မျက်နှာတစ်မျိုး၊ ခုကျတော့ မျက်နှာတစ်မျိုးဖြင့် “ ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား၊ ငါလည်း မလုပ်တတ်ဘူး ” စသည်ဖြင့် လောဆော်လျှက် ဖက်ထိပ်တာဝန် ခွဲဝေပေးပါတော့သည်။ မိုးလေးတစိမ့်စိမ့် အောက်ဝယ် ဘာအလုပ်မှ မလုပ်ဘဲ စောင်ခြုံရ်ျသာ ကွေးနေချင်လှသော်လည်း ကျောက်ဆင်းတု ကိုယ်တော်ပင် မျက်ရည် တောက်တောက် ကျလောက်အောင် ပြောနိုင်ပေသည့် ကိုအောင်မှူး၏ တော်ကီများကြောင့် ကျွန်တော်တို့မှာ ပေါက်တူး ပေါက်ပြားဆွဲလျှက် ခြံရှင်းကြရပေတော့သည်။ ပေါက်တူးသာ မကိုင်မိပါက အ၀ီစိကိုပဲ ချက်ချင်း ဆင်းရတော့ မလိုလို။ သူကား ဤမျှအထိ ခေါင်းဆောင်ပီသသူတည်း။

ညီငယ် မောင်ပိုင်ကား ပုဆိန်ကြီး တရမ်းရမ်းဖြင့် အပင်ကြီးများကို ခုတ်ချ၏။ ဘီစီနှင့်သားသား တို့ကား ခြံအ၀င်ဝမှ တဲအိမ်အထိ လမ်းဖောက်ကြလေသည်။ သူတို့ကား လမ်းကို ရိုးရိုးဖောက်သည် မဟုတ်။ လမ်းဘေး ဘယ်ညာတွင် တစ်ပေသာသာ မြင့်သော သစ်ငုတ်များကိုလည်း နှစ်ပေခန့်စီ ခြားလျှက် စိုက်ထားလေသည်။ “ အဲဒီ ငုတ်တွေက ဘာလုပ်တာတုန်း ” ဟု စပ်စုမိသောအခါ “ ဘာရယ်ဟုတ်ဘူး၊ အမြင်ကောင်းအောင်လို့ စိုက်ထားတာ၊ ရှိုးပေါ့ ” ဟူသတည်း။ ကောင်းပေစွ။ ဆရာမကြီး ညဘက် တပိုတပါး သွားလိုရ်ျ အပြင်ထွက်ခဲ့သည် ရှိသော် မမြင်မကန်းဖြင့် အဆိုပါ ငုတ်တိုင်များကို ၀င်တိုက်မိပြီး ကျွမ်းပစ်နေပေလိမ့်မည်။ အောင်မှူးနှင့် ချမ်းငြိမ်းကား တဲအိမ် အတွင်းပိုင်း လက်သမား အလုပ်များ လုပ်ကြလေသည်။ ဆရာမကြီးက အပေါ်ထပ်တွင် တံခါးတစ်ချပ် ဖောက်လိုသည်ဆို သဖြင့် သူတို့ နှစ်ယောက် တကုပ်ကုပ်ဖြင့် တံခါးဖောက်ကြ၏။ ဖောက်ပြီးသောအခါ တံခါးရွက် လုပ်ကြလေသည်။ သို့သော် တံခါးရွက်ကား ဖောက်ထားသော အပေါက်အတွင်း လျှောလျှောရှုရှု မ၀င်။ ဟိုဘက်က မ လိုက်၊ ဒီဘက်က တွန်းလိုက်နှင့်မှ ၀င်လေသည်။ မြန်မာအင်ဂျင်နီယာများ ပီသ လှချေသည်တကား။ နေရာတကာမှာ assume လုပ်ရချေ၏။ မည်သို့ပင်ဖြစ်စေ ဆရာမကြီး၏ ဆန္ဒတော့ ပြည့်ဝ သွားလေသည်။ သူရ၊ သီဟနှင့် ကျွန်တော်တို့က ပေါက်ပြားကိုယ်စီဆွဲလျှက် တဲအိမ်နောက်ပိုင်းကို ရှင်းလင်း ကြလေသည်။ ကျွန်တော်နှင့် ညီငယ်နှစ်ယောက်ကား အပင်စိမ်းစိမ်း မှန်သမျှ ခုတ်ချပစ်လေသည်။ သစ်ပင် သစ်တော ထူထပ်လှသည့် မြန်မာပြည်မှလာသူများ ဖြစ်ပေရာ တဲအိမ်နောက်ခြမ်းရှိ မြင်မြင်သမျှ သစ်ပင်တို့မှာ ကျွန်တော်တို့အတွက် အမှိုက်များသာတည်း။ တဗြုန်းဗြုန်းဖြင့် ခုတ်ချရ်ျ ကောင်းဆဲတွင် ဆရာမကြီး လာကြည့် ပြီးနောက် ရင်ကွဲပက်လက် ဖြစ်သွားလေသည်။ ကျွန်တော်တို့ ခြံရှင်းသည့်အနေဖြင့် ခုတ်ချ ထားသော အပင်များကို လွမ်းလွမ်းဆွေးဆွေးကြီး ကြည့်လျှက် နှမြောနေရှာ၏။ ထို့ကြောင့် ကျွန်တော်က ဖြောင့်ဖျသည့်အနေဖြင့် “ အသုံးဝင်တာလည်း မဟုတ်ဘဲနဲ့ နှမြောမနေပါနဲ့ နာဂျာ၊ ဒါတွေခုတ်ပစ်မှ ခြံရှင်းသွားမှာပေါ့ ” ဟု ပြောရလေသည်။ ထိုအခါ ဆရာမကြီးက သူတို့သည် သစ်ပင်များကို အလွန်ချစ်တတ်ကြကြောင်း၊ သစ်ပင်များမှာ တစ်နှစ်လုံးနေမှ လေးလသာလျှင် နေရောင်ခြည်နှင့် ထိတွေ့ရသည် ဖြစ်ရာ ကြီးထွားနှုန်းနှေးလှကြောင်း၊ ရှိသည့် အပင်လေးများကို လွန်စွာ ဂရုစိုက်လျှက် မွေးမြူရပါကြောင်း ပြောပြ လေသည်။ ဆရာမကြီး၏ စကားများကို နားထောင်နေရင်းမှ ဗိုလ်လောင်းဘ၀က စနေနေ့တိုင်း ရှင်းခဲ့ရသည့် သတ်လို့ မသေ၊ ခုတ်လို့ မနိုင်သော နေကြာရိုင်းပင်များကို ပြေးရ်ျ သတိရမိသေးတော့သည်။ နေကြာရိုင်းတို့ ဒီ ရုရှ မှာ လာဖြစ်ထွန်းလျှင် မည်မျှ ကောင်းမည်နည်း။ ယခုတော့ မြန်မာပြည်က နေကြာရိုင်းတို့မှာ ရန်သူတော် ဗိုလ်လောင်းများနှင့်သာ စစ်ခင်းနေကြရလေသည်။

ဤသို့ဤပုံ ကျွန်တော်တို့တတွေ ကိုယ်စီတာဝန်များဖြင့် အလုပ်လုပ်နေကြချိန်ဝယ် ညီငယ် ဘိုဘိုမှာလည်း သူ၏ ဗွက်ထနေသော မီးဖိုကြီးနှင့် နပန်းလုံးနေလေသည်။ ညက မိုးရွာထားသဖြင့် သူ၏ မီးဖိုမှာ ရေအိုင် သာသာ ဖြစ်နေလေပြီ။ သူကား ထိုမီးဖိုဖြင့်ပင် အားလုံးစားဖို့ ချက်ပြုတ်ပေးရှာ၏။ သူ၏ ၀ါးစရာမလိုသော ထမင်းနှင့် စိတ်ကူးတည့်ရာ ဟင်းလျာတို့ကား မကြာမှီ အသင့်ဖြစ်လာလေပြီ။ မည်သည့်အရသာဟု ပြောပြရန် ခက်ခဲလှသည့် ဟင်းများဖြစ်သော်လည်း မော်စကိုရောက်ပြီးနောက် ( ၃ ) နှစ်အတွင်း ပထမဆုံး မြိန်ရှက်စွာ စားခဲ့ရသော ထမင်းနှင့် ဟင်းတို့သာ ဖြစ်ကြောင်း ၀န်ခံရပေမည်။ ညနေ ၅ နာရီကျော်သည်နှင့် အလျှိုလျှို တန်းဖြုတ် ကုန်ကြလေသည်။ ရေချိုးတဘက်ဆွဲသူဆွဲ၊ ဆပ်ပြာခွက် ကိုင်သူကိုင်ဖြင့် ဟန်ရေးပြင်ကြလေပြီ။ မိုးတအေးအေး ဖြင့် တနေကုန် အနွေးထည် မချွတ်ခဲ့သူ အမောင်တို့ကား ရေချိုးရန်တော့ မပျင်းကြချေ။ ဘယ်ပျင်းလိမ့်မတုန်း။ ဘိုင်စကယ်စီး မဒီလေးနှစ်ယောက်က အချိန်မှန်ချေသည်ကိုး။ “ အပျိုလေးတွေ ရေခပ်ဆင်းကို ခြင်းခတ်လို့ ခြောင်း ” ဟူသော ကဗျာစာသားကို ကျွန်တော်တို့နှင့်ကျမှ “ အပျိုလေးတွေ ဘိုင်စကယ်စီးကို ခြင်းခတ်လို့ ခြောင်း ” ဟု ပြင်ရမလို ဖြစ်ရလေသည်။ ရေအိုင်ဘေးတွင် ခြင်းခတ်ရင်းမှ ဘေးနားတွင် စက်ဘီးစီးကျင့်နေကြသော ထိုမဒီလေးများကို ခပ်တည်တည် ရှိုးရလေသည်။ ထို မဒီများကား ရဲလှချည့်။ ယောက်ျားလေးတွေ ၆ ယောက်လောက် ၀ိုင်းပြီး ခြင်းခတ်နေသည့် ဘေးနားကို လာပြီး မကြောက်မရွံ့ လာရပ်ကြည့်နေလေသည်။ ခြင်းလုံးကလည်း တိုင်ပင်ကိုက်ထားသည့်အလား မြေပေါ်ကျလျှင် တခြားဘက်သို့ မကျ။ သူတို့ အနားသို့သာ ကျလေသည်။ ဤသို့ဖြင့် သူ့ဟာနှင့်သူတော့ စည်းဝါးကိုက်နေလေသည်။ မဒီလေးများကား ၅ မိနစ်ခန့် ရပ်ကြည့်ကြပြီးနောက် ပြန်သွားကြလေသည်။ ညအထိ ရပ်ကြည့်မနေတာ ကံကောင်း။ မဟုတ်လျှင် ကျွန်တော်တို့ တတွေ အအေးပတ်ကုန်ပေလိမ့်မည်။

ရေမိုးချိုး၊ ညနေစာ စားသောက်ပြီးသောအခါ ဆရာမကြီး၏ ဘော်ဒါ အိမ်မှ ကျွန်တော်တို့အား လက်ဖက်ရည် သောက်ရန် လာခေါ်လေသည်။ မြန်မာပြည် တောရွာများတွင် ဧည့်သည်လာပါက ရေနွေးသောက် ဖိတ်သည်နှင့် တူလှပေသည်ဟု တွေးမိပါသည်။ ၀ါးတီး အစီအစဉ်ဖြစ်ရာ မည်သူမျှ မငြင်းမိဘဲ ချီတက်ကြကုန်လေသည်။ ဆရာမကြီး၏ ဘော်ဒါမှာလည်း သမိုင်းပါမောက္ခကြီးတစ်ဦး ဖြစ်ခဲ့ပြီး ယခုတော့ ပင်စင်စားကြီး ဖြစ်နေလေသည်။ ထိုအဖွားကြီးကား သမိုင်းဆရာမကြီးပီပီ မြန်မာနိုင်ငံနှင့် ပတ်သက်ရ်ျ အတော်သိလေသည်။ ဟိုအကြောင်းမေး၊ ဒီအကြောင်းမေးနှင့် ရှိလေသည်။ ကျွန်တော်တို့ကား တည်ခင်းထားသော လက်ဖက်ရည်နှင့် မုန့်ကို ၀ါးလျှက်မှ တော်ကီ ပြန်ပွားရလေသည်။ ထိုအိမ်မှ ပြန်လာကြသောအခါ လမ်းတွင်တွေ့ရသော ဒါချာတဲအိမ် တစ်ခုတွင် လျှပ်စစ်မီးများ လင်းနေသည်ကို တွေ့ရသဖြင့် စနည်းနာလိုက်ရာ ဓာတ်ဆီမီးစက် အသေးလေးတစ်လုံး မောင်းထားကြောင်း တွေ့ရလေသည်။ ထိုတဲအိမ်ရှေ့တွင် အဘိုးကြီးတစ်ဦး ပက်လက်ကုလားထိုင်ဖြင့် ထိုင်လျှက် ရှိသည်ကို တွေ့ရသဖြင့် အနားသို့ အသာချဉ်းကပ်ကာ လက်ပ်တော့ အားသွင်းပါရစေဟု ကပ်ပြောမိလေသည်။ အဘိုးကြီးကား သဘောကောင်းပုံရလေသည်။ လာပါ လာပါဟု ကြိုဆိုရှာ၏။ လက်ပ်တော့ အားသွင်းနေစဉ် အဘိုးကြီးအနား သွားထိုင်ရင်း တော်ကီပွားမိလေသည်။ “ ဒီလက်ပ်တော့က ဘာလုပ်ဖို့လဲ ” ဟု မေးရာ ဗီဒီယိုကြည့်ဖို့ပါ ဟု ပြောရန် အားနာသဖြင့် စာရေးဖို့ပါ ဟု ပြောလိုက်ရလေသည်။ ထိုအခါ အဘိုးကြီးက “ မင်းက စာရေးတယ်လား၊ ဘာစာတွေ ရေးတာလဲ ” ဟု စတင် အစ်ပါတော့သည်။ ထို့ကြောင့် ကျွန်တော့်မှာ ကိုယ့်အတတ်ကိုယ်စူးလျှက် စာရေးဆရာ မဟုတ်ပါကြောင်း၊ ရုရှနိုင်ငံအကြောင်း သိသမျှ ဗဟုသုတလေးများကို ဘလော့ပေါ်တွင် ရေးသားနေပါကြောင်း စသည်ဖြင့် လှည့်ပတ်ပြောရလေသည်။ ထိုအခါ အဘိုးကြီးမှာ များစွာ သဘောကျသွားလျှက် ရုရှနိုင်ငံနှင့် ပတ်သက်သော သမိုင်းကြောင်းမှ စတင်ကာ လူနေမှု၊ အကျင့်စရိုက် အဆုံး အိတ်သွန်ဖာမှောက် ပြောပြလေတော့သည်။ ကျွန်တော်ကား လက်ပ်တော့ အားဖြည့်နေသည်ကိုပင် မေ့သွားလျှက် အဘိုးကြီး ပြောပြသော ဒုတိယကမ္ဘာစစ်ကြီး အကြောင်း၊ အိုက်ခမန်း၏ ငရဲခန်းများ အကြောင်း၊ အောက်တိုဘာတော်လှန်ရေးကြီး အကြောင်း၊ ဆိုဗီယက်ခေတ်အကြောင်း စသည်တို့တွင် မျောပါသွား ပါတော့သည်။ ဤသို့ စိတ်ဝင်တစား နားထောင်နေသည်ကို တွေ့ရသဖြင့် အဘိုးကြီးမှာ ပြောရင်းမှ ပိုမို စိတ်ပါလာဟန်ဖြင့် အိမ်အတွင်းသို့ ၀င်သွားပြီး စာအုပ်တစ်အုပ် ယူလာကာ ကျွန်တော့်အား လက်ဆောင်အဖြစ် ပေးလေတော့သည်။ ထိုစာအုပ်မှာ “ ဆိုဗီယက်ခေတ်အလွန် ” ဟု အမည်တပ်ထားသော ကဗျာ စာအုပ် ဖြစ်လေသည်။ ရှေ့ဆုံး စာမျက်နှာတွင် “ ရုရှနိုင်ငံအား အမှတ်ရစိမ့်သောငှာ မြန်မာကျောင်းသား ကိုဥာဏ်အား စာရေးသူကိုယ်တိုင် လက်ဆောင်ပေးသည် ” ဟူသော စာကို မြင်လိုက်ရသဖြင့် မျက်လုံးပြူးသွားရလေသည်။ ပေကြောင်ကြောင် အဘိုးကြီးပါဟု ထင်မိသည်မှာ မှားလေပြီ။ သူကား ရုရှ ကဗျာဆရာကြီး ဗာဆီလီဒရူးဂေါ့ ဖြစ်နေလေသည်။ ဤသို့ဖြင့် ကျွန်တော့်မှာ သူ့စာအုပ်တစ်အုပ် အလကား ရလိုက်လေသတည်း။ ထို့အပြင် အဆိုပါ ဆရာကြီး၏ ကျေးဇူးကြောင့် ထိုညက ကျွန်တော်တို့တတွေ မံမီဇာတ်ကား ကြည့်လိုက်ရလေသည်။

တနေ့ တနေ့ ခြံရှင်း ဖက်ထိပ်လုပ်လိုက်၊ အချိန်တန် ဗော့ဒ်ကာပုလင်းဖွင့်ပြီး ထမင်းစားလိုက်ဖြင့် လျှပ်စစ်မီးမရှိ၊ အင်တာနက် မရှိဖြင့် အနေကြာလာသောအခါ ကျွန်တော်တို့တတွေ ငြီးငွေ့လာလေပြီ။ လက်ချောင်းလေးများ ကလည်း ကီးဘုတ် ရိုက်လိုကြောင်း သွေးတောင်းလာလေပြီ။ နေ့စဉ်ရက်ဆက် ဖုန်းဖြင့် သတင်းပို့နေရရှာသော ညီငယ် ဘိုဘိုမှာလည်း ဖုန်း ဘတ္တရီကုန်လေပြီ။ တဲအိမ်ခေါင်မိုးပေါ် မရမက တွယ်တက်လျှက် “ အဲဒီဘက်က ကြားလား၊ ဒီဘက်က ကောင်းကောင်းမကြားရဘူး၊ ပြန်ပြောဦး ” စသည်ဖြင့် ခုနှစ်သံချီ အော်နေတတ်သော ချမ်းငြိမ်းလည်း မျက်နှာညှိလေပြီ။ ဂျီတော့ပေါ်မှ ပိုင်ရာဆိုင်ရာတို့ကလည်း ကြိမ်စင်္ကြာဖြင့် ရိုက်ခေါ် ကုန်ကြပြီ ဖြစ်ရာ ကျွန်တော်တို့တတွေ အထုပ်အပိုးပြင်ကြလေသည်။ ထိုအခါ ဆရာမကြီး မျက်နှာညှိုးလေတည်း။ သူ့ခမျာ ၀မ်းနည်းပက်လက်ဖြစ်လျှက် ကျွန်တော်တို့အား အတန်တန်တားရှာ၏။ ကျွန်တော်တို့မှာ ဆရာမကြီးကိုလည်း အားနာ၊ ဆက်နေရမည်မှာလည်း ငြီးငွေ့လာပြီဖြစ်ရ်ျ မနေနိုင်ဖြင့် အနေခက်ရပေတော့သည်။ ဆရာမကြီးခမျာ နည်းမျိုးစုံသုံးလျှက် တားရှာလေသည်။ နောက်ဆုံး သူ့ပိုက်ဆံအိတ် အစုတ်ကြီးထဲတွင် ဘယ်အချိန် ကတည်းက စုထားရှာသည်မသိသော ပိုက်ဆံလေးများကို ထုတ်ပေးလျှက် ကာလူးမနာမြို့ပေါ်ရှိ ဈေးသို့သွားရ်ျ စားစရာ သောက်စရာများ ၀ယ်ခိုင်းသည်အထိ စည်းရုံးလေသည်။ သူ့ခမျာ အဖော်မဲ့ အထီးကျန်နေရှာသူ ဖြစ်ရကား ကျွန်တော်တို့ကို မပြန်စေချင်ရှာပေ။ ကျွန်တော်တို့မှာ ဆရာမကြီးကို သနားလှသော်လည်း လုပ်စရာ အလုပ်များ လည်း လုပ်ကိုင်ပြီးပြီ ဖြစ်ရာ ဤတောထဲတွင် မနေလိုတော့ပေ။ ထို့ကြောင့် မျက်လုံး ဇွတ်မှိတ်လျှက် အတင်း ငြင်းရ ပေတော့သည်။ အကြောင်းအမျိုးမျိုးပြလျှက် ရုန်းထွက်ကြရလေသည်။ ဆရာမကြီးက ၁၀ ရက်တန်သည် ၁၅ ရက်တန်သည်တော့ နေပါဟု ပြောသော်လည်း ကျွန်တော်တို့မှာ ၁၀ မိနစ်တန်သည် ၁၅ မိနစ်တန်သည်ပင် ဆက်လက် မနေလိုတော့ရကား ဇွတ်မှိတ် ကန့်ကွက်ရလေတော့သည်။ နောက်ဆုံးတော့ ဆရာမကြီးမှာ မျက်ရည် အ၀ိုင်းသားဖြင့် ကျွန်တော်တို့ ဆန္ဒကို လိုက်လျောရရှာလေသည်။ ရုရှပြည်က အဖော်မဲ့ အဘွားကြီး တစ်ဦး၏ အဖြစ်မှာ ရင်နင့်ဖွယ် ကောင်းလှပေသည်။ ကျွန်တော်တို့ မြန်မာပြည်က အသက်အရွယ် ကြီးရင့်လာသော အဘိုး၊ အဘွားတို့ ကံကောင်းနေကြသေးသည်။ မည်သည့် ခေတ်ကာလတွင် ပြောင်းလဲ ကုန်ကြမည်လဲတော့ မသိ။ ယခုထိတော့ မြန်မာ့ လူနေမှု စရိုက်က သူတို့ကို ကယ်ထားသေးလေသည်။

တားမရသည့် အဆုံးဝယ် ဆရာမကြီးက ထိုတစ်ညတော့ နေပါဦး၊ ပါတီပွဲတစ်ခုတော့ လုပ်သွားပါဟု ဆိုကာ ကိတ်မုန့်နှင့် လက်ဖက်ရည်များ သူကိုယ်တိုင် သွားဝယ်လေသည်။ ညနေဘက်တွင် ကိတ်မုန့်ပေါ် ဖယောင်းတိုင် ထွန်းလျှက် နှုတ်ဆက်ပွဲ လုပ်ရလေသည်။ မည်သူမျှ မျက်နှာမရွှင်။ ဆရာမကြီး ၀မ်းနည်း နေသဖြင့် ကျွန်တော်တို့တတွေလည်း စိတ်မကောင်းဖြစ်ရလေသည်။ ညဘက်တွင် မီးပုံကြီးတစ်ပုံဖိုလျှက် အသားများကို တံစို့ထိုးကာ ကင်ကြလေသည်။ ဗော့ဒ်ကာ မသောက်သူများအတွက် ဘီယာဖြင့်၊ ဆရာမကြီး အပါအ၀င် ကျွန်တော်တို့ ဗော့ဒ်ကာမန်းများက ဗော့ဒ်ကာဖြင့် ထိုအသားကင်များကို စားသောက်ကြလေသည်။ ဆရာမကြီးလည်း ဗော့ဒ်ကာလေး ၀င်မှ လူမှန်နေရာမှန် ပြန်ရောက်လာကာ စကား ပြန်ပြောနိုင်လေသည်။ နောက်ဆုံးည အနေဖြင့် ညဥ့်အတော်နက်သည်အထိ ကျွန်တော်တို့တတွေ မီးပုံဘေးက မထကြပေ။ သီချင်းတွေ ဆိုလိုက်၊ ဓာတ်ပုံတွေ ရိုက်လိုက်ဖြင့် ရှိလေသည်။ ဆရာမကြီးမှာလည်း အလွမ်းဓာတ်များ ပြန်လည် နိုးကြားလာသလား မသိ။ စစ်ကြီးအတွင်းက သူတို့ စစ်ပြေးခဲ့ရသည့် အကြောင်းများ၊ သူ လေးနှစ်သမီး အရွယ်တွင် သူ့အဖေမှာ စစ်ကြီးအတွင်း ကျဆုံးသွားခဲ့သဖြင့် သားအမိတတွေ ဒုက္ခရောက်ကြရပုံများ၊ ရေခဲမှတ်အောက် ၄၀ ဒီဂရီလောက် ရောက်နေသော ရုရှဆောင်းတွင်းတွင် ခြေအိတ်မရှိ၊ ဖိနပ်မပါဘဲ ကျောင်းတက်ခဲ့ကြရပုံများ၊ ဆောင်းစရာ ခေါင်းစွပ်မရှိသဖြင့် သူ့အဖေ၏ စစ်ဂျာကင်ကြီးကို စုတ်ဖြဲလျှက် ခေါင်းပေါင်းခဲ့ကြရပုံများ၊ စစ်အတွင်း ရုရှတစ်နိုင်ငံလုံး စားစရာမရှိသဖြင့် သစ်ဥသစ်ဖုများ တူးစားခဲ့ရပုံများ၊ သူ့အမဖြစ်သူမှာ ထိုသစ်ဥသစ်ဖုတို့ကို စားရင်းမှ အစာအဆိပ်သင့်ရပုံများ စသည်တို့ကို ပုံပြင်သဖွယ် ပြောပြလေတော့သည်။ ကျွန်တော်တို့မှာ အဖွားပုံပြောသည်ကို နားထောင်နေကြသော မြေးများသဖွယ် ရှိလေတော့သတည်း။

နောက်နေ့မနက် မိုးသောက်သည်နင့် ကျွန်တော်တို့သည် တစ်ပတ်လုံးလုံး ရှင်းလင်းရေး လုပ်ခဲ့သော ဒါချာတဲအိမ်ကို နှုတ်ဆက်သည့် အနေဖြင့် ဓာတ်ပုံများရိုက်ကြပြီးနောက် ပြန်ရန် ပြင်ဆင်ကြလေသည်။ အထုပ်အပိုးများ လွယ်လျှက် ခြံတံခါးမှ ထွက်လာသောအခါ အနည်းငယ် လွမ်းမိသလိုလိုတော့ ဖြစ်မိလေသည်။ တောထဲ တောင်ထဲ အေးချမ်းသော နေရာလေးဖြစ်ရာ အနားယူရ်ျတော့ ကောင်းခဲ့ပါသည်။ ဆရာမကြီးကိုလည်း များစွာ ကူညီလုပ်ကိုင်ပေးနိုင်ခဲ့ပြီ ဖြစ်ရာ ကျွန်တော်တို့၏ နွေရာသီတဲအိမ်ခရီးမှာ အကျိုးအမြတ် များစွာ ရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။ သို့သော် စိမ့်ထဲမှ ရေကို တစ်ပတ်ခန့် သောက်ခဲ့ရသဖြင့် လည်းကောင်း၊ ညအိပ်သောအခါ ဗော့ဒ်ကာ မူးမူးဖြင့် စောင်ပါးကိုသာ ခြုံလျှက်ကွေးမိသောကြောင့် လည်းကောင်း သွားဖုံးများ ရောင်ကာ သွားကိုက်လာသည်ကတော့ ခြွင်းချက်ဟု ပြောရပါတော့မည်။ ဤသို့ဖြင့် ကျွန်တော်သည် ရုရှတို့၏ နွေရာသီတဲအိမ်များဆီသို့ တစ်ခါတစ်ခေါက် အလည်ရောက်ခဲ့လေသတည်း။

( အပြန်ခရီးတွင် ကိုအောင်မှူးကြီးဆီမှ ညာတာပါတေးဖြင့် ပိုက်ဆံ ၃၅၀ ချေးရ်ျရခဲ့သည်မှာလည်း အမြတ်ထဲ ထည့်တွက်ရပေလိမ့်မည်။ သို့သော် ဤပို့စ်များကို ဖတ်ပြီးသောအခါ သူ့အား မင်းသားနေရာ မထားဘဲ ဗီလိန်လုပ်ကာ အံ့ကျော်လိုလို၊ အောင်ခိုင်လိုလို လုပ်ထားပါသည်ဟု စွပ်စွဲကာ အဆိုပါ ချေးထားသော ပိုက်ဆံများကို အတင်းပြန်တောင်းသွားပါကြောင်း …… ) ကိုဥာဏ်(စက်မှု)

Read More...

Saturday, September 13, 2008

နွေရာသီ တဲအိမ်များကအပြန်….( ၄ )

ညီငယ် ဘိုဘိုနှင့်အတူ ကျွန်တော်တို့၏ မဟာဘုတ်တလုပ် ရေကန်တော်ကြီးသို့ ရေချိုးရန် အသွားတွင် စက်ဘီးစီး မဒီလေးများ အိမ်ပြန်အ၀င်နှင့် တိုးပါလေသည်။ မဒီလေးများကား အတောင်အလက် အတော် စုံလင်နေပြီဖြစ်ရာ လောကီသားဖြစ်သူ ကျွန်တော်လည်း မသိမသာရော သိသိသာသာပါ ရှိုးမိပါသည်။ ရုရှမလေးများကလည်း စောစောက ရေချိုးသွားသူ ကိုကိုမြန်မာတို့၏ ခြင်းဝိုင်းကို ကြည့်ခဲ့ရသည်ဖြစ်ရာ ယခု ရေချိုးထွက်လာသော ကျွန်တော်တို့ နှစ်ယောက်ကိုပါ စိတ်ဝင်တစား လှမ်းကြည့်နှေသည်ကို တွေ့ရပါသည်။ သူတို့က စိတ်ဝင်တစား လှမ်းကြည့်နေသဖြင့် “ သာယာသော ညနေခင်းပါ ” ဟု လှမ်းနှုတ်ဆက် လိုက်မိပါသည်။ ဤသည်ကို ဘေးမှ အရိပ်တကြည့်ကြည့် လုပ်နေသူ ညီငယ်ဘိုဘိုက “ အကိုကြီးက ဒါတွေလည်း လုပ်တတ်သကိုး ” ဟု အံ့သြဟန်ဖြင့် ဆိုချေ၏။ “ ဟ … ကောင်လေးရ .. ကိုယ့်ရုပ်က ဒါတွေ စိတ်မ၀င်စားတဲ့ တရားရနေတဲ့သူ ပုံပေါက်နေလို့လား၊ ဒါမှမဟုတ် ဂျော်တကီးပုံကြီး ပေါက်နေလို့လား ဟ ” ဟု အငေါ်တူးလိုက်မှ တဟီးဟီး တဟဲဟဲဖြင့် ရယ်လေတော့သည်။

ရေအိုင်ဘေးသို့ ရောက်သောအခါ ဘေးဘယ်ညာ အသာကြည့်လျှက် အ၀တ်အစားများ ချွှတ်ကာ ( အောက်ခံ ဘောင်းဘီတော့ ကျန်ပါသေးသည် ) နောက်ကျိနေသော ရေအိုင်ကို နတ်ရေကန်အလား သဘောထားလျှက် ခုန်ဆင်းရ၏။ တောတောင်ထဲ ဖြစ်သဖြင့် ရေကား သွေးခဲမတတ် အေးလှပေရာ ချက်ချင်း ပြန်တက်ပြေးမိ၏။ ပြီးလျှင် တစ်ခါ ထပ်ခုန်ချ၏။ ညီငယ် ဘိုဘိုကား ကျွန်တော် ဤသို့ ဆင်းလိုက် တက်လိုက် လုပ်နေသည်ကို ဘေးမှ ကြည့်လျှက် တဟားဟား သဘောကျနေလေသည်။ သူကတော့ ဟုတ်မှာပေါ့။ ရေဘေးနားမှာ မွေးလာသူ ( ဘိတ်သား ) ဖြစ်လေသည်ကိုး။ ရေကူးလိုက်၊ ရေစိမ်လိုက်နှင့် အထာကျနေ၏။ ကျွန်တော့်မှာတော့ ရေဆိုလျှင် ရေကူးကန်ထဲတောင် ကောင်းကောင်း ဆင်းခဲ့ဖူးသူ မဟုတ်လေရကား ကြာကြာ မစိမ်နိုင်။ ဆင်းလိုက် တက်လိုက်နှင့်ပင် ရေချိုးခြင်း အမှု ပြီးရလေသည်။ ဆပ်ပြာပင် ကောင်းကောင်း ပြောင်ဟန်မတူ။ မတတ်နိုင်။ ဆက်လက်လည်း မချိုးနိင်တော့သဖြင့် မြန်မြန် ပြန်တက် ပြေးရလေသည်။ ဘိုဘိုကား ဘာသားနှင့် ထုထားသလဲ မဆိုနိုင်။ တော်တော်နှင့် ပြန်တက်မလာချေ။ ခံနိုင်ရည် ရှိလှချေ၏။ ပြန်ရအောင်ဟု အတင်းခေါ်ယူရလေသည်။ ရေအိုင်ဘေးတွင် ခဏထိုင်နေခိုက် ရုရှအဘိုးကြီးတစ်ဦး ရေပုံးနှစ်ပုံးကိုင်ကာ ရေလာခပ်လေသည်။ ထို့ကြောင့် မြန်မာပီပီ ကူညီပေးမည်ဟု လက်ကမ်းလိုက်ရာ သူက ရေပုံးကို မပေးဘဲ လက်ဆွဲနှုတ်ဆက်ချေ၏။ ခက်တော့ နေပါပြီ။ လက်လှမ်းတာနဲ့ကို နှုတ်ဆက်တယ် ထင်တော့တာပဲ ဟု တွေးမိကာ “ မဟုတ်ဘူး၊ ကျွန်တော် အဘိုးကို ကူညီမလို့ပါ ” ဟု ပြန်ပြောကာ ရေပုံးကို အတင်းဆွဲယူရချေ၏။ ဒါတောင် သူက အင်တင်တင် လုပ်နေသဖြင့် ညီငယ်ဘိုဘိုက စိတ်မြန်သူပီပီ ဆတ်ခနဲ ဆွဲယူကာ ရေခပ်ပေးလေသည်။ ဤသည်ကိုပင် သူက မယုံသလိုဟန်ဖြင့် ကြည့်နေပေသေးသည်။ သူ့ရေပုံး အစုတ်နှစ်လုံးကို လုပြေးမည့် သူတွေများထင်နေသလား မသိ။ ကူညီတတ်သော မြန်မာ့စိတ်ရင်းအရ ကြည့်လျှင် တော်တော်တော့ အခံရခက်လေသည်။ ဧကန်န ဒီအဘိုးကြီး ဒီလိုလုပြေးတာ ခံခဲ့ရဖူးတယ် ထင်တယ် ဟုသာ ဖြေတွေး တွေးလိုက်ရလေသည်။

တဲအိမ်သို့ ပြန်ရောက်သောအခါ ညနေစာအတွက် ပြင်ဆင်နေကြသည်ကို တွေ့ရလေသည်။ ညီငယ် မောင်ပိုင်၊ သူရနှင့် သီဟတို့မှာ ထမင်းများကို တစ်ခါသုံး ပလက်စတစ် ပန်းကန်များဖြင့် ခူးခပ်နေလေသည်။ ချမ်းငြိမ်း၊ ဘီစီနှင့် သားသားတို့ကား ဟင်းအိုးကြီးများကို မနိင့်တနိုင် မလျှက် နေရာချနေလေသည်။ ဆရာမကြီးကတော့ စားပွဲထိပ်တွင် ထိုင်လျှက် သူ့တပည့်တွေ ခူးခတ်ပြင်ဆင်နေသည်ကို ပြုံးပြုံးကြီးလုပ်ကာ ကြည့်နေပေ၏။ ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်ကြီး ကိုအောင်မှူးကား ဗော့ဒ်ကာ ပုလင်းကြီးနှစ်လုံးကို တကိုင်ကိုင်နှင့် ရှိချေသည်။ “ ဟာ .. ဗော့ဒ်ကာ က နှစ်လုံးတောင် ” ဟု ဆိုလိုက်မိရာ “ ဘာလဲ … မင်းက ဖြတ်ထားလို့လား ” ဟု အလိုက်မသိ ပြန်ပြောချေ၏။ ထို့ကြောင့် ကျွန်တော်လည်း စိတ်ပေါက်ပေါက်နှင့် “ အာ .. ဒီလောက် ကောင်းတဲ့ဟာကို ဖြတ်စရာလားဟ .. ဖြတ်ခြင်းဖြတ် အလိုက်ကန်းဆိုး မသိတဲ့ မင်းလျှာကိုသာ ဖြတ်ပစ်ရမှာ ” ဟု ပြန်အော်လိုက်ရာ အောင်မှူးကား ကောင်းကောင်း မေတ္တာပို့ချေ၏။ ချက်ထားသော ဟင်းလျာများကား ဘာအရသာမှန်း မသိသော်လည်း လှပစွာ ပြင်ဆင်လိုက်သောအခါ စားချင်စဖွယ် ဖြစ်လာလေသည်။ အလယ်တွင် ငါးသေတ္တာနှင့်အာလူးကို ဆီပြန်ချက်ထားသော ဟင်းအိုးကြီးက ခန့်ထည်စွာ ရှိလေသည်။ ဗော့ဒ်ကာနှင့် အမြည်းအဖြစ် ခရမ်းချဉ်သီးများကို လေးစိတ်လှီးလျှက် မာရိုးနပ်ဟု ခေါ်သော ဒိန်ချဉ်ဖြင့် ဆမ်းထားလေရာ အတော် ကြည့်ကောင်းလေသည်။ သားသားက စီလော့ကာ ဟုခေါ်သော ငါးအစိမ်းကို ဆီစိမ်ထားသည့် ငါးဆီစိမ်ကို တစ်ယောက်လျှင် သုံးလေးတုံး လိုက်ထည့်ပေး၏။ ဆရာမကြီးအတွက် ပေါင်မုန့် အညိုကို လှီးပေးရာ လက်မခံ။ မြန်မာထမင်းသာ စားလိုသည် ဆိုသဖြင့် ထမင်း တစ်ပန်းကန်ထည့်ပြီး ဟင်းများ ပုံပေးရ၏။ ညီငယ် သူရက ဆရာမကြီးအား “ စပ်လို့ဆိုပြီး မအော်ရဘူးနော်၊ ကုန်အောင်စားရမယ် ” ဟု လှမ်းနောက်သည်ကိုပင် ပြုံးပြုံးကြီး လုပ်နေလေသည်။

တစ်ခါသုံး ပလက်စတစ်ခွက် အကြည်များဖြင့် ဗော့ဒ်ကာကို ထည့်လိုက်သောအခါ ကျွန်တော်တို့၏ မြန်မာနှင့် ရုရှစတိုင် ပေါင်းစပ်ထားသော ဖက်စပ် ထမင်းဝိုင်းကြီး တည်ခင်းခြင်း အမှုပြီးလေသည်။ ညီငယ် သီဟ ကား အရက်မသောက်တတ်သဖြင့် အအေးကိုသာ ထည့်ပေးရ၏။ အရက် သိပ်မကြိုက်တတ်ရှာသော သားသားမှာ ကိုအောင်မှူးအား ၀ယ်လာသော ခွက်များ ငယ်နေကြောင်း အပြစ်တင်နေသံကြားရ၏။ သူကား ပါးပါးလေးသာ သောက်တတ်သူတည်း ( လင်ဗန်းဖြင့် )။ အားလုံးနေရာယူပြီးသောအခါ ဆရာမကြီးနှင့်အတူ အရက်ခွက်ကိုယ်စီ မြှောက်လျှက် “ ကျန်းမာပျော်ရွင်ခြင်းဆီသို့ ” ဟု ဆုတောင်းကာ ထမင်းပွဲစလေတော့သည်။ ဆရာမကြီးကား မြန်မာထမင်း၊ ဟင်းကို အတော်ပင် ခံတွင်းတွေ့နေလေသည်။ သူလည်း မြန်မာတွေနှင့် လက်ပွန်းတနှီး နေပါများ လာရ်ျ ဇာတ်ပျက်လာလေပြီ။ ရုရှစတိုင် မပေါက်တော့ဘဲ မြန်မာနှင့် ရုရှပေါင်းလျှက် “ မြန်ရှားကြီး ” ဖြစ်လာလေသည်။ အသက်က ဇရာထောင်းနေသော်လည်း ကျွန်တော်တို့နှင့် အတူ လိုက်သောက် နိုင်လေ၏။ ဒါကြောင့်လည်း ရုရှတွေက အရက်သောက်တာ နာမည်ကြီးပေတာကိုးဟု တွေးမိချေ၏။ ဗော့ဒ်ကာ တစ်ခွက်မော့လိုက် ထမင်းတလုပ်စားလိုက်ဖြင့် ကျွန်တော်တို့၏ ထမင်းဝိုင်းကြီးကား မြိုင်မြိုင်ဆိုင်ဆိုင် ရှိချေသည်။ ဘိုဘိုမှာ အယ်လ်ကိုဟော အလက်ဂျစ်ရှိသဖြင့် မျက်နှာကြီး နီမြန်းနေသော်လည်း ခွက်ကိုတော့ မလွတ်ချေ။ ချမ်းငြိမ်းကား အရက်သောက်ခြင်းကို ချစ်သူကမကြိုက်ဟု တွင်တွင်အော်လျှက် တစ်ခွက်ပြီး တစ်ခွက် မော့ချေ၏။ ဟုတ်ပေသည်။ ချစ်သူမကြိုက်သော်လည်း သူကတော့ ကြိုက်ပေသည်ကိုး။ ဘီစီကား စကားတစ်လုံးမှ မပြောနိုင်။ ခေါင်းအတွင်သား ငုံ့လျှက် တွယ်ချေ၏။ ကျွန်တော်၊ အောင်မှူးနှင့် သားသားတို့ကား ဗော့ဒ်ကာ ပုလင်း လည်ပင်းကိုသာ တစ်လှည့်စီ လုကြရလေသည်။ ဗော့ဒ်ကာ ပုလင်းမှာ ကျွန်တော်တို့သုံးဦး လက်ထဲတွင် လွန်းထိုးနေသည့်အလား ဟိုပြေးလိုက်၊ ဒီပြေးလိုက်နှင့် ရှိချေ၏။ ညီငယ်မောင်ပိုင်မှာ ထမင်းကို ဖြောင့်ဖြောင့် မစားနိုင်။ ၀ဏခွာနီး ဒီဇိုင်းဖမ်းလျှက် သူ၏ အသံ တစ်ဂျစ်ဂျစ်မည်သော ကန်နွင်း ကင်မရာကြီးဖြင့် မှတ်တမ်းတင်ချေသည်။ သူကား ထမင်းသာ ဖြောင့်ဖြောင့် မစားနိုင်သော်လည်း အသောက်ကတော့ မပျက်ချေ။

ဤသို့ပျော်ရွင်စွာ ထမင်းလက်ဆုံ စားကြရသောအခါ နေ့လည်က ခြံရှင်းထားသဖြင့် ပင်ပန်းနေသည်များ ဘယ်ပျောက်သွားမှန်း မသိတော့ချေ။ ဟိုလူ့ကို စလိုက် ဒီလူ့ကို နောက်လိုက်ဖြင့် တ၀ါးဝါး တဟားဟား ရှိလေသည်။ ပျော်စရာ ကောင်းလှပေတောင်း။ ဆရာမကြီးမှာ သူ့တပည့်များနှင့် အတူ လိုက်ပျော်နေလေသည်။ ကျွန်တော်တို့ကလည်း ဆရာမကြီးအား သင်ဆရာအဖြစ်သာမက မိမိတို့၏ အဘွားအရင်း၊ အမေအရင်း ကဲ့သို့ ချစ်ကြလေသည် ဖြစ်ရကား သူပျော်သည်ကို တွေ့ရသောအခါ ကျေနပ်မိကြလေသည်။ ထမင်းစားကောင်းနေစဉ် ဆရာမကြီးက သီချင်းဆိုကြရန် ပြောပါလေတော့သည်။ ထမင်းစားရင်း သီချင်းဆိုကြစို့ ဟူသည်မှာ မြန်မာ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အရ ကြည့်လျှင် တော်တော်လေး ကို့ရို့ကားယား နိုင်သော အလုပ်ဖြစ်ပေသည်။ သို့သော် ဆရာမကြီး စိတ်ကျေနပ်စေရန်သာ အဓိကဖြစ်လေရကား ဆိုကြရကုန်လေသည်။ သီချင်းဆိုသည် ဆိုသော်လည်း ကျွန်တော်၊ သားသားနှင့် ချမ်းငြိမ်းတို့မှာ ထိုသူများ သီဆိုနေကြသော ရုရှသီချင်းများ မဆိုတတ်သဖြင့် ငေါင်စင်းစင်းသာ ရှိလေသည်။ ဤအခက်အခဲကို ကိုအောင်မှူးက ၀င်ကယ်သွား၏။ သူက ရုရှသီချင်း အတော်များများ ဆိုတတ်သည်ဖြစ်လေရာ တပင်တိုင် ဟဲပေးလေသည်။ သူ့ကြောင့်သာ ကျွန်တော်တို့မှာ အသက်ရှုချောင်ရပေသည်။ သို့မဟုတ်လျှင် ဘာလုပ်လို့ ဘာကိုင်ရမှန်း သိမည်မဟုတ်။ ဤတစ်ခါတွင်တော့ အောင်မှူးအား ကျေးဇူး မတင်စဖူးတင်မိလေသည်။ မချီးကျူးစဖူး ချီးကျူးမိလေသည်။ သူမို့ ပေါက်ပေါက်ရှာရှာ ဒီလို သီချင်းတွေ ဘယ်က ကျက်ထားသည်မသိ။ အသံနေအသံထားဖြင့် ဟဲလေတော့ရာ ဂီတကို ရူးသွပ်လေသူ ဆရာမကြီးမှာ သဘောခွေ့လေတော့သည်။ ကျွန်တော်ကား သူသီဆိုသော သီချင်းများ အားလုံးကို မမှတ်မိ။ ဘီရူဆာအပင်များ အကြောင်းလည်းပါ၏။ မဟာပြည်ချစ်စစ်ပွဲကြီး ( ဒုတိယကမ္ဘာစစ်ကို ရုရှတို့ခေါ်သောအမည် ) တွင် အသက်ပေးသွားသော စစ်သားများ အကြောင်းလည်းပါ၏။ စုံမှစုံပလေ။ ၄၈ က ညီငယ်များဖြစ်သော သူရ နှင့် သီဟကလည်း ရုရှ ခေတ်ပေါ်သီချင်းများ ဟဲကြ၏။ နားထောင်ရ်ျတော့ ကောင်းလှပေသည်။ ဆရာမကြီးသည် သူတို့ အဖွဲ့နှင့်အတူ ကာလူးမနာမြို့တွင် ပြုလုပ်သော ဂီတကွန်ဆက် တစ်ခုတွင်ပင် ဖျော်ဖြေဖူးသေးသည် ဆိုပဲ။ အာဂလူတွေပင်တည်း။ ကာလူးမနာမြို့က ကျောင်းသူလေးတွေကပင် အလုအယက် မိတ်ဆက်ကြသေးသည် ဟူ၏။ ကိုအောင်မှူးကြီးအား ကာလူးမနာမြို့သူလေး နှစ်ယောက်က ဖုန်းနံပါတ်များပေးနေပုံ ဓာတ်ပုံကိုလည်း ကြည့်လိုက်ရသေး၏။ သီချင်းဆိုကောင်းသူများ ဆော်ကြည်သည် ဆိုသည်ကို လက်ခံရပေတော့မည်။

ဗော့ဒ်ကာ ပုလင်းကြီးနှစ်လုံးလည်း တက်တက်ပြောင်၊ လူများလည်း သီချင်းဟစ်ရ်ျ မောဟိုက်မတတ် ရှိတော့မှ ကျွန်တော်တို့၏ မဟာ ထမင်းဝိုင်းကြီး လက်စသတ်လေတော့သည်။ ထမင်းဝိုင်း သိမ်းသောအခါ အတော်ပင် မှောင်နေပေပြီ။ ကျွန်တော်တို့၏ တစ်နပ်တည်းသော ထမင်းဝိုင်းကြီးမှာ အချိန် နှစ်နာရီလောက်ပင် ကြာမြင့်သွား လေသည်။ ရာသီဥတုကလည်း အအေးဓာတ်ပိုလာပြီဖြစ်ရာ အိပ်ယာသို့ ပြေးရန်သာ စိတ်စောကုန်ကြ လေသည်။ ဆရာမကြီးမှာ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် သောင်းကျန်းနိုင်ရန် ရှောင်ပေးသည့် အနေဖြင့် သူ့ ဘော်ဒါ အဘွားကြီးထံ သွားအိပ်၏။ ညမှောင်မှောင်တွင် ဗွက်ထူသော လမ်းများအတိုင်း လက်နှိပ်ဓာတ်မီးရောင် ခပ်မှိန်မှိန်လေးဖြင့် ဆရာမကြီးအား တပြုံကြီး လိုက်ပို့ကြလေသည်။ ဆရာမကြီးမှာလည်း ဗော့ဒ်ကာ တန်ခိုးဖြင့် အရှိန်ရလျှက်ရှိလေရကား ယိုင်ထိုးယိုင်ထိုးဖြင့် ချီတက်ချေ၏။ တတောလုံးကား ကျွန်တော်တို့ အသံများသာ ဖုံးလွမ်းနေပေသည်။ ဆရာမကြီးအား လိုက်ပို့ကြပြီးနောက် အောက်ထပ်အခန်းကျယ်ကြီးတွင် စုထိုင်ကြရင်း ပါလာသော လက်ပ်တော့ကို ဖွင့်လျှက် ထမင်းလုံးစီကြလေသည်။ အောင်မှူးက ရထားပေါ်တွင် ရောင်းသော ဒီဗီဒီခွေများ ၀ယ်လာပေးသဖြင့် ဂျက်လီ၏ မံမီဇာတ်ကားသစ်ကို ကြည့်ရလေသည်။ ကျွန်တော်တို့မှာ ယခုမှ ကွန်ပြူတာကို မြင်ဖူးသူများအလား လက်ပ်တော့ စကရင်အား မျက်လုံးများ ပြူးပြဲကာ ကြည့်ကြကုန်လေသည်။ သို့သော် ကျွန်တော်တို့အား ကံကြမ္မာက မျက်နှာသာ မပေးလေရကား ဇာတ်ကား ပြီးခါနီးတွင် လက်ပ်တော့ ဓာတ်ခဲအားကုန်လေသည်။ သို့နှင့် မြန်မာပြည်တွင်ရှိစဉ်က တီဗီမှလာသော ကိုရီးယားကားကြည့်ရင်း တစ်ဝက်တစ်ပျက်တွင် မီးပျက် သွားသကဲ့သို့ ဆန့်တငင်ငင်ဖြစ်လျှက် ကျန်ခဲ့လေသတည်း။ ထို့ကြောင့် ကျွန်တော့်အား ၀ိုင်းရ်ျ “ အကိုရေ .. နည်းနည်းလောက် ကြိုးစားကြည့်ပါဦးဗျ .. ဇာတ်လမ်းက ပြီးခါနီးမှ ရပ်သွားတော့ ဟတ်ဖီးလ်ကြီး ဖြစ်နေပြီ ” ဟု အရေးဆိုကြကုန်လေသည်။ မရနိုင်မှန်းသိပါလျှက်နှင့် သက်သက် ဂျစ်တိုက်ကြခြင်းပေတည်း။ ထို့ကြောင့် “ ဟာ မင်းတို့ကလည်း .. မီးနေသယ်ကို ကလေးအတင်းမွေးခိုင်းနေတာ ကျနေတာပဲ .. ငါလည်း လုပ်တတ်တော့ဘူးဟ ၊ အောင်မှူးကိုပြော၊ သူစီမံပေးလိမ့်မယ် ” ဟု ထမင်းရည်ပူ လျှာလွဲလိုက်ရလေသည်။ ညီငယ်များကား တဟီးဟီး တဟားဟားဖြင့် ပွဲကျကုန်လေသည်။

ဗီဒီယိုကြည့်ခြင်း အစီအစဉ်မှာလည်း ဇာတ်သိမ်းသွားလေသောအခါ ကျွန်တော်တို့ဘ၀သည် ဖယောင်းတိုင်မီး မှိတ်တုပ်မှိတ်တုပ် အောက်သို့ ပြန်ရောက် သွားလေတော့သည်။ ဒီအတိုင်း ငုတ်တုပ်ထိုင်နေရသည်မှာ အထာ မကျလှရ်ျ နောက်နေ့တွင် သောက်ရန်ဟု သိမ်းထားသော ဗော့ဒ်ကာ ပုလင်းများထဲမှ တစ်လုံးကို ထပ်ထုတ်ရန် ကိုအောင်မှူးအား တင်ပြရလေသည်။ နောက်တနေ့သောက်စရာ မရှိလျှင် သူပဲ ခေါင်းခံရှာဖွေ ရမည် ဖြစ်ရာ အောင်မှူးကား အင်တင်တင်။ သို့သော် သူ့အား ချစ်သူသဖွယ် သဘောထားလျှက် ဂျီတော့မှာ ချက်တက်သလို ၀ိုင်းကြူ လိုက်ကြရာ သူမနေနိုင်။ ထုတ်ပေးရှာ၏။ သားသားကား နောက်နေ့ စားရန် ရိက္ခာဖြစ်သော ကြက်ဥများကို အားတက်သရော သွားကြော်ကာ အမြည်းအတွက် ပြင်ဆင်ပေး၏။ အောင်မှူးကား နောက်နေ့ ထမင်း မငတ်စေရေး စဉ်းစားနေရှာ၏။ ကျွန်တော်တို့ကား ဘာမှ အပူအပင်မရှိ။ ပူစရာရှိလျှင် ကိုအောင်မှူးပူလိမ့်မည်ဟု သဘောထားကာ ပျော်ပျော်ကြီး စားသောက်ကြလေသည်။ စားသောက်ရင်းမှ နောက်နေ့အတွက် အစီအစဉ်များ ဆွဲကြရ၏။ ဆရာမကြီးက သူလုပ်ချင်သည်များကို အောင်မှူးအား မှာကြား ထားခဲ့လေရာ အောင်မှူးက မည်သူက မည်သည့်ခြုံကိုရှင်း၊ မည်သူက မည်သည့်နေရာ မြက်ပေါက်၊ မည်သူက ထမင်းဟင်းချက် စသည်ဖြင့် တာဝန်ခွဲဝေပေး၏။ ဤသို့တာဝန်ခွဲပေးနေစဉ်မှာလည်း ကျွန်တော်တို့က ကောင်းကောင်း မွန်မွန် နားထောင်ကြသည်မဟုတ်။ ချစ်သူက အလုပ်ကြမ်း မလုပ်နဲ့လို့ မှာထားတယ်၊ အမေက ပေါက်တူး မကိုင်နဲ့တဲ့ စသည်ဖြင့် နောက်ပြောင်နေကြသည်ဖြစ်ရာ ကိုအောင်မှူးမှာ အတော် စိတ်ဒုက္ခ ရောက်ရလေသည်။ သို့သော် အားလုံးကား စည်းစည်းလုံးလုံး ပျော်ပျော်ရွင်ရွင် ရှိနေသည်ဖြစ်ရာ အလုပ် အတွက် မပူရပါ။ ဤခရီးကို လိုက်ပါလာကြသည် မှာလည်း ဆရာမကြီး၏ တဲအိမ်ကို ရှင်းလင်းပြင်ဆင်ပေးဖို့ သာလျှင် အဓိက ထားရ်ျ လိုက်ပါလာကြခြင်း ဖြစ်လေရကား တက်ညီလက်ညီ ၀ိုင်းဝန်း လုပ်ကြမည်သာ ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ အာစရိယဂုဏော စိတ်ဓာတ်အရ ဘာသာခြား၊ လူမျိုးခြား ဆရာပင် ဖြစ်သော်လည်း ကိုယ်တတ်နိုင်သမျှ ကူညီ ရိုသေ လုပ်ဆောင်ပေးခြင်းပေတည်း။

……………………. ဇာတ်သိမ်းသို့…………….. ကိုဥာဏ်(စက်မှု)

( တောင်းပန်ခြင်း။ ။ ကျွန်တော်သည် ဤခရီးသွား ဆောင်းပါးကို ရေးရာတွင် အမှတ်တရ မှတ်တမ်း တစ်ခု အနေဖြင့်လည်းကောင်း၊ ရုရှတို့၏ ဓလေ့သဘာဝကို စိတ်ဝင်စားသူများအတွက် ဗဟုသုတ အဖြစ်သော် လည်းကောင်း ရည်ရွယ်လျှက် စာဖတ်သူများ မညီးငွေ့စေခြင်းငှာ ဟာသလေးများ နှောလျှက် ရေးသားထားခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော်နှင့် လွန်စွာ ရင်းနှီးသော ဘော်ဒါကြီးဖြစ်သည့် အောင်မှူး ( သူ့ထက်ရင်းတာ အနာကြီးရောဂါသည်ပဲ ကျန်တော့တယ် ) နှင့်တကွ အတူခရီးထွက်ခဲ့သည့် ဘော်ဒါများ၊ လိုက်ပါခဲ့ကြသည့် ညီငယ်များကို ခင်မင်စိတ် အစွဲဖြင့်သာ ရေးသားခြင်းဖြစ်ပါသည်။ မည်သူ တစ်ဦး တစ်ယောက်ကိုမျှ စော်ကားလိုစိတ် ( ၀ါ ) နှိမ့်ချလိုစိတ် အလျဉ်းမရှိပါ။ သို့ဖြစ်ပါရ်ျ အဆိုပါ ခရီးသွားဖော်များနှင့် သက်ဆိုင်သူ ချစ်သူရည်းစားများ အနေဖြင့် အပြစ်တင်စရာများ ရှိပါက ထိုသူများကို အပြစ်မဆိုပဲ ကျွန်တော် ကိုဥာဏ်(စက်မှု) ကိုသာ မေတ္တာပို့ကြပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။ )

ဒီလို ဒီလို ခြုံရှင်းရတာဗျို့ …..




















ကျွန်တော်တို့ ရေချိုးခဲ့သည့် ရေအိုင်ကြီး …

















တောခေါင်ခေါင်ထဲက ကျွန်တော်တို့၏ မဟာထမင်းဝိုင်း ….
















မြန်မာထမင်းကို ငုံ့တွယ်နေသည့် ဆရာမကြီး …



Read More...

Thursday, September 11, 2008

နွေရာသီ တဲအိမ်များကအပြန်….( ၃ )

ရေအိုင်ကလေးကို ကျော်လာသောအခါ ကော်ဆာမို ( ကွန်မြူနစ်လူငယ် ) ဟောင်းများ ဟူသော ဆိုင်းဘုတ် သေးသေးလေး ချိတ်ထားသည့် သံတံခါးကြီးတစ်ခုကို တွေ့ရပါသည်။ “ တို့ဆရာမကြီး ငယ်ငယ်တုန်းက ကော်ဆာမိုကြီး ထင်တယ်ဟ .. ဒါကြောင့် ဒီလောက် မာရေကြောရေ ဖြစ်နေတာ ” ဟု အောင်မှူးအား လှမ်းပြော လိုက်ရာ “ ဒါတင်ဘယ်ကမတုန်း … ဘွားတော်က ခေါင်းလည်း အသေမာတာ ဟ ” ဟု အောင်မှူးက ထပ်ကွန့် ပြန်ချေ လေသည်။ အဆိုပါ တံခါးကြီးကို ကျော်ခွ ၀င်ရောက် ပြီးသောအခါ မြက်ပင်ရှည်ကြီးများ ၀န်းရံနေသည့် ဒါချာတဲအိမ်များကို တွေ့ရပါတော့သည်။ ကျွန်တော်တို့အတွက် ဘ၀က ခါးလှသည်မှာ ဆရာမကြီး၏ ဒါချာတဲအိမ်သည် ဟိုးဘက် အစွန်ဆုံးတွင် တည်ရှိနေခြင်းပေတည်း။ ဆရာမကြီး၏ ဒါချာတဲအိမ် မှလွန်သော် စွတ်စို ထိုင်းမှိုင်းနေသော တောအုပ်ကြီးသာ ကျန်ရှိပါတော့သည်။ သို့သော် ကျွန်တော်တို့အဖွဲ့ အတွက် အားတက်စရာ တစ်ခုမှာ သံတံခါးကြီးမှ ဆရာမကြီး၏ တဲအိမ်သို့အသွား လမ်းဘေးတွင်ရှိသော ဒါချာတဲအိမ် တစ်ခုထဲမှ ရုရှမ ချောချောလေး နှစ်ယောက် ခေါင်းကလေးများ ပြူတစ်ပြူတစ်ဖြင့် ထွက်ခြောင်းနေသည်ကို အမှတ်တမဲ့ တွေ့လိုက်ရခြင်းပေတည်း။ အားလုံးကလည်း စစ်သားများ ပီသပါပေသည်။ ခြေထောက်ရှေ့က မိုင်းကိုသာ မမြင်ဘဲ နင်းမိချင် နင်းမိမည်ဖြစ်သော်လည်း ဒါမျိုးကျတော့ တကူးတက ညွန်ပြစရာ မလို။ “ ဟဲ့ .. ဘာလေးတွေတုန်း .. ပေါ်တင် မကြည့်ဘဲ ခြောင်းကြည့်နေတယ် .. အဲဒါတွေ မကြိုက်တာနော် .. အဲဒါတွေ မကြိုက်တာ ” ဟူသော စကားသံများကား အပတ်စဉ် ၄၈ က ညီငယ်များ ထံမှ ထွက်ပေါ်လာလေသတည်း။ ခေါင်းဆောင်ဖြစ်သူ ကိုအောင်မှူးကြီး ကိုယ်တိုင်ပင်လျှင် ခေါင်းကြီး ဆောင်းငန်း ဆောင်းငန်းဖြင့် ရှိုးနေသေးသည် ဖြစ်ရာ ငယ်ရွယ်သူများ ဖြစ်သော ညီငယ်များကို အပြစ်မဆိုသာချေ။

ထိုတဲအိမ်ကို ကျော်ရ်ျ နောက်ထပ် မီတာ ၂၀၀ လောက် ဟိုတိုး ဒီတိုးဖြင့် လျှောက်လိုက် သောအခါ ကျွန်တော်တို့ နေရမည့် ဆရာမကြီး၏ ဒါချာတဲအိမ်သို့ ရောက်လေသည်။ ဆရာမကြီး၏ ဒါချာမှာ မြင်သူတကာ ငေးရလောက်အောင်ပင် သစ်ပင်ခြုံနွယ်များ ဖုံးအုပ်လျှက် စွန့်ပစ်ခံ အိမ်တစ်လုံး အလား အလှပကြီး လှပနေသည် ကို တွေ့လိုက်ရပါတော့သည်။ “ ကိုင်း … ဆရာမကြီး၏ အိမ်တော်မင်္ဂလာသို့ ရောက်ရှိပါပြီဗျား .. အနားမယူသေးခင် ရှင်းလင်းရေးလေး အရင်စလိုက်ကြစို့ဟေ့ ” ဟူသော ကိုအောင်မှူး၏ ငှက်ဆိုးထိုးသံ ကဲ့သို့သော အသံနက်ကြီး အဆုံးဝယ် ကျွန်တော့်မှာ အရုပ်ကြိုးပြတ် လဲကျမတတ် ဖြစ်သွားလေသတည်း။ ဘယ့်နှယ် … ပျော်စရာသိပ်ကောင်းတာပဲ ဟုပြောခဲ့တုန်းက ဒီအသံ မဟုတ်၊ အခုတော့ ရောက်ရောက်ခြင်း ဆောက်နှင့် ထွင်းလေပြီ။ မတတ်နိုင်။ ရှင်းရပေတော့မည်။ ဘ၀ကို တစ်ကိုယ်တော် ဟဲနေသူ ဆရာမကြီးမှာ ကူဖော်လောင်ဖက် တစ်ယောက်မှ ရှိဟန်မတူ။ သူများတကာ ဒါချာလေးများမှာ လှလှပပ သပ်သပ်ရပ်ရပ် ဖြစ်နေသလောက် သူ့ဒါချာမှာတော့ ကမ္ဘောဒီးယားက အန်ကောဝပ်ထက်တောင် ခြုံနွယ်ပိတ်ပေါင်း ထူထပ်နေ ပါတော့သည်။ ၀င်းတံခါးမှ တဲအိမ်ဆီသို့ပင် ရောက်အောင် မနည်း တိုးဝှေ့ ၀င်ရလေသည်။ တဲအိမ်မှာ သစ်လုံးကြီးများကို တစ်လုံးစီ ဆင့်လျှက် ဆောက်ထားခြင်းဖြစ်ရာ တစ်မျိုးတစ်ဖုံတော့ ကြည့်ကောင်းနေပါသည်။ သို့သော် တစ်နှစ်လုံးနေမှ တစ်ခေါက်လောက်သာ လူသူရောက်သည်ဖြစ်ရကား ဖုံအလိမ်းလိမ်းဖြင့် ရှိလေသည်။ သံချေးတက်နေသော သော့ခလောက်ကြီးကို ဖွင့်ရ်ျ အထဲသို့ ၀င်မိသောအခါ အထဲတွင် ပစ္စည်း ပစ္စယ များစွာ စုပုံလျှက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။ “ ဟ .. အောင်မှူးရ သူရဲကား ရိုက်မလို့များ ငါတို့ကို ဒီ ခေါ်လာတာလား ဟ ” ဟူရ်ျပင် အငေါ်တူးလိုက်မိပါသေးသည်။

တဲအိမ်အတွင်း အခန်းဖွဲ့ထားပုံမှာ မဆိုးလှပါ။ နှစ်ထပ်တဲအိမ်ဖြစ်ပြီး အောက်ထပ်တွင် အခန်းကျယ်ကြီး တစ်ခန်းနှင့် ထမင်းစားခန်း၊ အပေါ်ထပ်တွင် အပြင်သို့ ငေးနိုင်သည့် ပြတင်းပေါက်ပါသော အခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်း ရှိပါသည်။ အခန်းကျယ်ကြီး အတွင်းတွင် ကုတင်တစ်လုံးနှင့် ဆိုဖာထိုင်ခုံကြီးများ ချထားပါသည်။ ကြမ်းခင်းသစ်သားမှာ ချောမွေ့သော်လည်း ဖုန်မှုန့်များကို အတော်ကြာ ရှင်းလင်းယူရပါသည်။ အောက်ထပ် အခန်းငယ်ကြီးကို အပတ်စဉ် ၄၇ က ညီငယ် မောင်ပိုင် ဦးဆောင်လျှက် ရှင်းလင်းကြပြီး သောအခါ “ ကျွန်တော်တို့က ဒီမှာ အိပ်မယ်၊ အကိုတို့က အပေါ်ထပ်သွားအိပ် ” ဟု အပိုင်စီးလိုက်ပါတော့သည်။ အကြီးများမို့ ဦးစားပေးသလိုလိုဖြင့် အတင်းတွန်းတင်လေရကား ကျွန်တော်တို့မှာ ညဘက်ရောက်လျှင် လွန်စွာ ချမ်းမည့် အပေါ်ထပ်သို့ ရောက်ကုန်လေတော့သည်။ အပေါ်ထပ်တွင် ဆက်တီခုံမှ ဆိုဖာအပိုင်းပြတ်လေးများကို စီစီရီရီခင်းလျှက် အိပ်ရာအတွက် ကြံဖန်ရလေသည်။ အိပ်ရာခင်းပြီးသောအခါ ဦးရာလူစနစ်ဖြင့် ခေါင်းအုံးနှင့် စောင်များကို လုကြရပါတော့သည်။ ကျွန်တော်ကား ရမိရရာ ဆွဲလိုက်ရာ စောင်ပါးတစ်ထည်သာ လက်ထဲ ပါလာလေသည်။ နွေရာသီဖြစ်သဖြင့် ကိစ္စမရှိလောက်ပါဟု တွေးလိုက်ကာ ထိုစောင်ပါးဖြင့်သာ ခြုံကွေးမည်ဟု စဉ်းစားလျှက် အသာနေလိုက်ပါသည်။

အိပ်ယာများ ခင်းကျင်းပြင်ဆင်ပြီးသောအခါ အ၀တ်ဟောင်းများ လဲလှယ်ဝတ်ဆင်ပြီး ခြံရှင်း ဖက်ထိပ် တန်းစီ ပါတော့သည်။ ဆရာမကြီးမှာ သူ့ဘော်ဒါတို့၏ ဒါချာများသို့ သွားရောက် နှုတ်ဆက်နေသဖြင့် ကျွန်တော်တို့သာ ရှိပါသည်။ “ ကဲ .. ပထမဆုံး ချက်ဖို့ ပြုတ်ဖို့ မီးဖို အရင်တူးရမယ်ဟေ့ ” ဟု ဆိုသဖြင့် တဲအိမ် အပြင်ဘက်တွင် ရှည်မျောမျော ကျင်းတစ်ခု အရင်တူးကြပါသည်။ ကျွန်တော်တို့ ကျင်းတူးပြီးသောအခါ အောင်မှူးတစ်ယောက် ပေါက်ပြားများ ဂေါ်ပြားများထမ်းလျှက် ပြန်ရောက်လာပါသည်။ “ ဟကောင်ရ ဘယ်က ဟာတွေ သွား မ လာတာတုန်းဟ .. ပြသနာတက်နေဦးမယ်နော် ” ဟု စိုးရိမ်စွာ မေးလိုက်မိရာ အောင်မှူးက ဆရာမကြီး၏ မိတ်ဆွေ တဲအိမ်များဆီက သွားငှားလာခြင်းဖြစ်ကြောင်း၊ မသကာ ပျက်စီးလျှင် လျှော်ရယုံသာဖြစ်ကြောင်း ပြောချေ၏။ ပေါက်တူး ပေါက်ပြားများ ကိုယ်စီရရှိပြီးသောအခါ ကျွန်တော်တို့၏ ဒါချာ ရှင်းလင်းရေး စစ်ဆင်ရေးကြီး စတင် ပေတော့သည်။ မိုးရေများ စိုစွတ်နေသော သစ်ပင် ခြုံနွယ်များကို ရှင်းရသည်မှာ အတော် လက်ဝင်ပါသည်။ ခုတ်ရပြုရလည်း လွန်စွာခက်လှသည်။ ပထမဆုံးရက်ဆိုတော့ အကုန်လုံးကို မရှင်းနိုင်သေး။ အိမ်အ၀င်လမ်းနှင့် အိမ်သာသို့ သွားရာလမ်းကိုသာ အဓိက ရှင်းရလေသည်။ အိမ်သာမှာ တဲအိမ်၏ နောက်ဘက် ခပ်လှမ်းလှမ်းတွင် ရှိပါသည်။ ထိုအိမ်သာမှာလည်း မနှစ်က အောင်မှူးတိ၊ု့ သားသားတို့ တစ်ခေါက်လာစဉ်က ဆောက်ပေးခဲ့သော အိမ်သာ ဖြစ်ပါသည်။ အရင်က ဘာမှ မရှိဟု ရခိုင်ဖြစ်သူ သားသားက ပြောပြလေသည်။ တော်သေးတာပေါ့ .. မဟုတ်ရင် မတွေးဝံ့စရာ။ ကြီးကောင်ကြီးမားနှင့် ခြုံတိုးနေရဦးမည်။

အနည်းငယ် ရှင်းလင်းရေး လုပ်ပြီးသောအခါ ညနေ ၅ နာရီကျော် ပေပြီ။ ဘာမှ မစားကြရသေးသဖြင့် ဗိုက်များက ဆန္ဒပြကုန်ကြလေသဖြင့် အောင်မှူးအား အစားသောက်အတွက် လောဆော်ရလေသည်။ စားစရာများမှာ မော်စကို ကတည်းက ၀ယ်လာခဲ့သော်လည်း ချက်ဖို့ ပြုတ်ဖို့က လိုသေးသည်။ ထို့ကြောင့် ချက်ပြုတ်ရေး တာဝန်ကို ထမ်းဆောင်မည့်သူအား ဗောလံဒီယာ ထွက်ခိုင်းရ၏။ အားလုံးကား ချက်ပြုတ်ရေးကို လွန်စွာ စိတ်ဝင်စားကြဟန်တူသည်။ ကျွန်တော် မချက်တတ်ဟူသော အသံကို တစ်ညီတစ်ညွတ်တည်း ဆိုကြကုန်၏။ ချက်ဆိုလျှင် အင်တာနက်ပေါ်က ချက်တင်ကိုသာ တက်ချင်ကြလေရကား ထမင်း၊ ဟင်းချက်ဖို့ မည်သူမျှ ထွက်မလာ။ နောက်ဆုံး အပတ်စဉ် ၄၈ က ဘိုဘိုဟူသော ညီငယ်နှင့် ကျွန်တော်သာလျှင် တာဝန်ယူရတော့သည်။ သားသားကလည်း ကူညီပါမည်ဟု ကတိပေး၏။ ထိုအချိန်မှစရ်ျ ကျွန်တော် ကိုဥာဏ်(စက်မှု)၏ မည်သည့် အရသာဟု ပြောပြရန် ခက်ခဲသော ဟင်းလျာများ ချက်ပြုတ်ခြင်း စလေသတည်း။ ချက်ပြုတ်သည် ဆိုသော်လည်း အိုးခွက်ပန်းကန်က ရှိသည်မဟုတ်လေရကား အနားတွင် တွေ့သည့် ကြွေဇလုံကြီးများဖြင့်သာ ချက်ရလေသည်။ ဘိတ်သားဖြစ်သူ ဘိုဘိုမှာ ဗမာစကားသာ ကောင်းကောင်း မတတ်သော်လည်း ထမင်းချက်ကား လွန်စွာ ကျွမ်းကျင်လေသည်။ သူ့ထမင်းမှာ ၀ါးစရာမလို။ အလိုလို ဗိုက်ထဲဝင်၏။ ထို့ကြောင့် “ ညီလေးရေ … ထမနဲ နဲ့ မှားထိုးနေသလားဟ ” ဟု ပြောရချေ၏။ သူကား တဟဲဟဲနှင့်။ “ အကိုကလည်း .. ချက်စရာ အိုးမရှိ၊ ခွက်မရှိနဲ့ ဒီလောက်ရတာတောင် ကံကောင်း ” ဟု ပြန်ပြောလေသည်။ ထို့ကြောင့် အသာငြိမ်နေ လိုက်ရ၏။ ဟင်း ကား ငါးသေတ္တာဗူးများကို ဖောက်လျှက် အာလူးသီးနှင့် ရောကာ ဘာအရသာမှန်း မသိအောင် ချက်လိုက်လေသည်။ သို့သော် အရောင်တင်မှုန့် တန်ခိုးဖြင့် စားချင်စဖွယ် ဖြစ်လာ၏။

ခဏကြာသောအခါ ချက်ပြုတ်ရေးတွင် မပါသော သူများက ၅ လီတာဆန့် ရေသန့်ဗူးများဖြင့် သောက်ရေခပ် ထွက်ကြလေသည်။ သောက်ရေမှာ ကျွန်တော်တို့ တဲအိမ်ဟိုဘက်တွင် ရှိသော တောအုပ်အတွင်းရှိ ရေစိမ့်လေး တစ်ခုမှ သွားခပ်ရခြင်းဖြစ်၏။ ရေမှာ ကြည်ပြီး အေးနေပါသည်။ ဆရာမကြီးကတော့ ပီအိတ်ခ်ျဆဲဗင်း ဟု ပြောပေသည်။ တောထဲတောင်ထဲမှာ ဘယ်ဓာတ်ခွဲခန်းသွားစစ်ထားလို့ သိနေသည်မသိ။ ကျွန်တော်တို့ကား ထိုရေကိုပင် သောက်ရေ သုံးရေ လုပ်ရလေသည်။ မသကာ ငှက်ဖျားပိုးလောက်ပဲ ပါလာမှာပါဟု ကိုအောင်မှူးက အားပေးချေသေး၏။ သောက်ရေခပ်က ပြန်လာသောအခါ ရေချိုးသွားကြရန် ပြင်ဆင်ကြကုန်၏။ ကျွန်တော်နှင့် ဘိုဘိုမှာ ရေစိုနေသော ထင်းချောင်းများကို မီးမှုတ်ရ်ျ ကောင်းတုန်းဖြစ်ရာ မလိုက်ပါနိုင်သေးပေ။ ကျန်လူများသာ သွားကြလေသည်။ သားသား၏ လက်ထဲတွင် ပလက်စတစ် ခြင်းလုံးတစ်လုံး ကိုင်ထားသဖြင့် “ ဟ အဲဒီ ခြင်းလုံးက ဘာလုပ်ဖို့တုန်းဟ ” ဟု မေးမိရာ “ ရေမချိုးခင် အချမ်းပြေ ၀ိုင်းခြင်း ခတ်မယ်လေ ” ဟု ဆို၏။ အင်း .. ရေအိုင်ဘေးနား တဲအိမ်တွေက ရုရှတွေတော့ မြန်မာတွေ ခြင်းခတ်နေတာ မြင်လျှင် အထူးအဆန်း ဖြစ်နေတော့မှာပဲ ဟု တွေးမိလေသည်။ သူတို့ကား ရေချိုးတဘက်ကိုယ်စီဖြင့် ဆပ်ပြာခွက်များကိုင်ကာ ကော့ပက် ကော့ပက်ဖြင့် ထွက်သွားကြလေသည်။ ကျွန်တော်နှင့် ဘိုဘိုမှာ မီးထိုးရ်ျ ကောင်းတုန်း။

နောက် တစ်နာရီကျော်ကျော်လောက် ကြာသောအခါ သူတို့ အဖွဲ့ ဆူညံ ဆူညံဖြင့် ပြန်ရောက်လာလေသည်။ “ ၅ နာရီ ၃၅ မိနစ် မှာ ထွက်လာတယ်၊ တို့ ခြင်းဝိုင်းနားကို ရောက်တာက ၅ နာရီ ၄၈ မိနစ်၊ ပြန်ဝင်တာက ၆ နာရီ ၂၀ မိနစ် ” ဟု အပတ်စဉ် ၄၈ မှ သူရဆိုသူ ညီငယ်က နာရီတကြည့်ကြည့်ဖြင့် ပြောဆိုနေသံကို ကြားရသဖြင့် “ ဟ … ဘာတွေတုန်းဟ၊ ရေချိုးသွားတာ ဒီလောက် အချိန်မှတ်ထားစရာ မလိုပါဘူးဟ ” ဟု အာချောင်လိုက်မိရာ “ မဟုတ်ဘူး အကိုရေ့ … ကျွန်တော်တို့ အလာတုန်းက ပြတင်းပေါက်ကနေ ခြောင်းကြည့်နေတဲ့ ရုရှမလေး နှစ်ယောက် စက်ဘီးထွက်စီးတဲ့ အချိန်ကို မှတ်နေတာ ” ဟု ပြန်ပြောချေ၏။ တိကျလွန်းလှပါတကား။ အသေအချာကို မှတ်တမ်းတင်ထားပြီး ဖြစ်လေသည်။ “ မနက်ဖြန်ကစပြီး ညနေ ၅ နာရီ ကျော်တာနဲ့ ရေချိုးသွားမယ်နော်၊ ဘာမှ မလုပ်ခိုင်းနဲ့တော့ ” ဟု ခေါင်းဆောင်ဖြစ်သူ ကိုအောင်မှူးအား တင်ပြနေသံ ကြားရချေ၏။ စိတ်ဓာတ် ပြင်းထန်လွန်းလှချေသည် တကား ဟု မှတ်ချက်ချမိလေသည်။ သူတို့ကိုသာ ပြောရသည်။ ကိုယ်တိုင်ကလည်း ရေချိုးချင်စိတ်များ တစ်ဖွားဖွားဖြစ်လာသလိုပင်။ ထို့ကြောင့် ထမင်းအတူ ချက်နေသော ဘိုဘိုအား ရေချိုးသွားရန် ပြောမည်ဟု လှည့်ကြည့်လိုက်ရာ တဘက်ပင် ပုခုံးပေါ်တင်ပြီး ဖြစ်နေသည်ကို တွေ့လိုက်ရလေသတည်း။
………………. ဆက်ရန်……………………. ကိုဥာဏ်(စက်မှု)
( မကြာမီ ဇာတ်သိမ်းပါမည် .. ဇာတ်ကျောရှည်နေသဖြင့် မေတ္တာမပို့ကြစေလို )

ဒါချာတဲအိမ်၏ နောက်ကျောဘက် မြင်ကွင်း
















ဒီလို ဒီလို သစ်ပင်တွေ ဖုံးနေတာဗျို့




Read More...

Saturday, September 6, 2008

နွေရာသီ တဲအိမ်များကအပြန်….( ၂ )

ကော်ဆာမိုးစကားယား ( Kosarmockaya ) ဟူသော ဘတ်စ်ကား မှတ်တိုင်တွင် ဆင်းမည်ဟု ခေါင်းဆာင် လာသူ ကိုအောင်မှူး က ညွန်ကြားထားလေသဖြင့် ကားပေါ်ရှိ စပီကာမှ ရှေ့မှတ်တိုင် ကော်ဆာမိုးစကားယား ဟူသော အော်သံကို နားစွန့်နေရလေသည်။ မှတ်တိုင်သို့ရောက်ရ်ျ ကားပေါ်မှ ဆင်းပြီးနောက် လမ်းဘေး ၀ဲယာ သို့ တစ်ချက်ရှိုးလိုက်ရာ ဘယ်ဘက်မှာလည်း တောအုပ်၊ ညာဘက်မှာလည်း တောအုပ်ဖြစ်နေသဖြင့် ရုတ်တရက် အံသြသွားမိပါသည်။ “ ဟကောင်ရ … ဘတ်စ်ကား မှတ်တိုင်သာ ဆိုတယ်၊ နှစ်ဖက်လုံး တောအုပ် တွေကြီးပါပဲလားဟ၊ တို့သွားမယ့် ဒါချာက ဘယ်မှာတုန်းဟ ” ဟု ထိတ်လန့်တကြား မေးမိပါသည်။ လိုက်ပါလာသူ အပတ်စဉ် ၄၈ မှ ညီငယ်များကလည်း ခေါင်းဆောင်လာသူ ကိုအောင်မှူးအား “ အစ်ကို ပြောတဲ့ ခပ်မိုက်မိုက် အလန်းလေးတွေက ဘယ်မှာတုန်းဗျ၊ တစ်ယောက်မှလည်း မတွေ့ပါလား ” ဟု နားပူနားဆာ လုပ်နေသံကို ကြားရလေသည်။ ခက်တော့နေပါပြီ။ အောင်မှူးကား ထိုညီငယ်များကိုလည်း မည်သို့ မည်ပုံ စည်းရုံးလာသည် မသိ။ စတင် အရေးဆိုကုန်ကြလေပြီ။ သို့သော် အောင်မှူးကား ကြိုတင်မျှော်လင့်ထားပြီး ဖြစ်ဟန်ဖြင့် အေးဆေး စွာပင် “ နောက်တော့ တွေ့ရမှာပေါ့ကွာ ” ဟု နှစ်သိမ့်နေသံကို ကြားရချေ၏။ သူကား ဤသို့ ဤပုံ စည်းရုံးရေး ကောင်းလှသူတည်း။

ဘတ်စ်ကားပေါ်မှ ဆင်းလာပြီးနောက် ကားလမ်းဘေးတွင် ခဏရပ်ပြီး နားနေကြပါသည်။ ထိုသို့ နားနေရင်းမှ လိုက်ပါလာသူ အဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်မိရာ အားလုံးနီးပါး လန်ထွက် လိပ်တက်နေအောင် ရှိုးစမိုး ကောင်းနေကြသည်ကို တွေ့ရလေသည်။ အထူးသဖြင့် ယခုနှစ်ကျမှ လိုက်ပါလာသူ ကျွန်တော်နှင့် တကွ အပတ်စဉ် ၄၈ က ညီငယ်တို့မှာ ဤသို့ ဤပုံ တောခေါင်ခေါင်သို့ လာရမည်ဟု ထင်မထားကြလေရကား အ၀တ် အစား ခပ်ကောင်းကောင်းများကို ၀တ်ထားမိလေသည်။ စီးထားသော ဖိနပ်များကလည်း ဆိုင်မှာ ဒိတ်လွန်နေရ်ျ ဒစ်စကောင့်ချသဖြင့် တစ်ဝက်ဈေးသာသာဖြင့် မနေ့တနေ့ကမှ ပြေးဆွဲထားသော ဖိနပ်အသစ်လေးများဖြင့်၊ တစ်ချို့ကား နေကာမျက်မှန်နှင့် ဘာနှင့်။ မနှစ်က တစ်ခေါက်ရောက်ခဲ့ဖူး ပြီးဖြစ်သော အောင်မှူး၊ သားသား၊ ဘီစီနှင့် ၄၇ က ညီငယ်တို့ကမူ ကျွန်တော်တို့ လူသစ်များအား တပ်ခွဲစ၀င်လာသော ဖတ်စ်ရီးယား ဗိုလ်လောင်း လူသစ် ကလေးများကို စကင်းရီးယား ဗိုလ်လောင်းများက ရှိုးသည့် ဟန်ပန်အတိုင်း မျက်နှာ ပြီတီတီဖြင့် ရှိုးနေသည် ကို တွေ့ရလေသည်။ ခဏအကြာတွင် ခေါင်းဆောင်ဖြစ်သူ ကိုအောင်မှူးက “ ကဲ .. ပစ္စည်းတွေ စုံ၊ မစုံ စစ်ပြီးပြီဆိုရင် သွားကြမယ်ဟေ့ ” ဟု လွန်စွာပီသသော မြန်မာစကားဖြင့် အောင်မြင်ခံ့ညားစွာ လောဆော်လိုက်လေရာ ကျွန်တော်မှာ အငြိမ်မနေတတ်သူ ပီပီ “ ဟ .. ဘယ်ဘက်မှာလည်း တောအုပ်၊ ညာဘက်မှာလည်း တောအုပ်နဲ့၊ သွားမယ့် လမ်းက ဘယ်မှာတုန်းဟ ” ဟု မေးလိုက်မိပါသည်။ ထိုအခါ အောင်မှူးက လွန်စွာ အ ရန်ကော ဟူသော အကြည့်ဖြင့် ကျွန်တော့်အား တစ်ချက် ကြည့်လိုက်ပြီးနောက် “ အေး .. မင်းရှေ့ တည့်တည့်က တောအုပ်ထဲကို တိုးဝင်ရမှာ ” ဟု စိတ်တက်ကြွဖွယ် ပြန်ပြောလိုက် လေတော့သတည်း။

ဤသို့ဖြင့် ခရီးသွားစဉ် ရုပ်မပျက်ရအောင်ဟု စတိုင်ထွားလာမိသူ ကျွန်တော်တို့ လူသစ်များမှာ အထုပ်အပိုးများ ထမ်းလျှက် ရွံ့ဗွက် ထူပြောနေသော တောအုပ် အတွင်း တိုးဝင်ရလေတော့သည်။ အပတ်စဉ် ၄၈ မှ ညီငယ်တို့မှာ ငါတို့တော့ ခံလိုက်ရပြီဟ ဟူသော မျက်နှာပေးများဖြင့်၊ အတွေ့အကြုံရအောင်ဟု လူကြားကောင်းအောင် ပြောကာ အမှန်တကယ်က အွန်လိုင်းပေါ်မှ နှစ်ပင်လိမ် ပြသနာများကို ရှောင်ပြေးလာသူ ကျွန်တော်တို့ အပတ်စဉ်မှ ချမ်းငြိမ်းကမူ “ သွားပါပြီကွာ၊ သေပါပြီကွာ၊ မှားပါပြီကွာ ” ဟု တစ်လမ်းလုံး ရေရွတ်လျှက်၊ ကျွန်တော် ကိုဥာဏ်(စက်မှု)မှာကား တတ်သမျှ မှတ်သမျှ မေတ္တာပို့များဖြင့် အောင်မှူးအား မေတ္တာပို့လျှက် အနည်းငယ် မတ်ဆောက်ဆောက် ရှိနေသော တောအုပ် အတွင်းမှ တောလမ်းအတိုင်း ဆက်လက်ချီတက် ကြရလေတော့သည်။ ချက်ပြုတ် စားသောက်ရန် အတွက် ယူဆောင်လာခဲ့သော ဒန်အိုး ဒန်ခွက်များကလည်း တဂုန်းဂုန်း တဂွမ်းဂွမ်းဖြင့် စည်းချက် လိုက်ပေးနေသည်မှာ ကျဆင်းစပြုနေသော စိတ်ဓာတ်ခွန်အားများကို အဆုံးစွန်ထိ ဆွဲချနေသယောင်ယောင်။ သို့သော် ဆရာမကြီးကား အသက် ၇၀ ကျော် အဘွားကြီး ဆိုသည်မှာ ယုံနိုင်ဖွယ် မရှိလောက်အောင်ပင် လန်းဆန်း တက်ကြွစွာဖြင့် ဦးဆောင် လျှောက်လှမ်းနေသည်ကို အံ့သြဖွယ် တွေ့ရလေသည်။ မြန်မာပြည်မှာသာ ဆိုလျှင် ဒီအရွယ် ဘုရားသွား၊ ကျောင်းတက်တောင် လုပ်နိုင်တော့မည် မဟုတ်၊ သူတို့ကတော့ အခုထိ သွားလို့ လာလို့ ၊ ကဲလို့ ကောင်းတုန်းဟု တွေးလိုက်မိပါသေးသည်။

တောလမ်းကလေး၏ ဘေးတစ်ဖက်တစ်ချက်တွင် အမြင့်ပေ ၂၀၀၊ ၃၀၀ လောက်ရှိမည့် ပင်စည်ဖြူဖြူ ဖြင့် ဘီရူဆာ ဟုခေါ်သော သစ်ပင်ကြီးများက နေပျောက်မထိုးအောင် အုပ်မိုးနေသည်မှာ မြန်မာပြည်က သစ်တော ကြိုးဝိုင်း အတွင်း လမ်းလျှောက်နေရဘိသည့် အလား ခံစားရပါသည်။ နွေရာသီဖြစ်ရ်ျ ကျွန်တော်တို့လာရာ လမ်းတစ်လျှောက် ပူအိုက် ခြောက်သွေ့နေသော်လည်း တောအုပ်အတွင်း ၀င်မိသည်နှင့် ရာသီဥတုက မြန်မာပြည် ဆောင်းရာသီကဲ့သို့ အေးလာပါသည်။ အတန်ငယ် တိုးဝင်မိသောအခါ လမ်း၏ ညာဘက်ခြမ်းတွင် မီတာ ၅၀၀ ပတ်လည်လောက် ကျယ်ဝန်းမည့် တောတွင်း ရေအိုင် တစ်အိုင်ကို တွေ့ရပါသည်။ ရေအိုင်မှာ တောအုပ်အတွင်း ရှိသည်ဖြစ်ရာ ရေမှော်ရေညှိများဖြင့် ဖုံးအုပ်နေပါသည်။ ကန်အစပ်တွင်သာ သစ်သားဘောင်ဖြင့် လေးထောင့်လေး လုပ်ထားသဖြင့် အနည်းငယ် သန့်ရှင်းသယောင် ရှိပါသည်။ “ ဒါကတော့ ငါတို့ရေချိုးရမယ့် နေရာပေါ့ ” ဟု အောင်မှူးက ရှင်းပြလေသည်။ “ ရေက နက်လားဟ ” ဟု မေးလိုက်ရာ “ သိပ်တော့ မနက်ပါဘူး၊ ၀ါး တစ်ပြန်လောက်ပါပဲ” ဟု ပြန်ဖြေလေသဖြင့် ကျောစိမ့်သွားမိပါသည်။ “ နာဂစ်မှာ မပါလိုက်ရလို့ ငါတို့ကို ဒီခေါ်လာတာများလား ” ဟု တွေးလိုက်မိပါသေးသည်။ ရေအိုင်ကို ကျော်လာသောအခါ ဒါချာ သစ်လုံးအိမ်လေးများကို ဟိုတစ်စ ဒီတစ်စ တွေ့လာရပါပြီ။ လျှပ်စစ်မီးသွယ်ထားသော ကြေးနန်းကြိုးများ လည်း တွေ့ရသဖြင့် လျှပ်စစ်မီးနဲ့ ဆိုတော့ အေးဆေးပါ ဟု ဖြေတွေးလေး တွေးလိုက်မိစဉ် အောင်မှူး၏ ကျောပိုးအိတ် ထဲတွင် ဖယောင်းတိုင်ထုပ်များကို ထိုးထိုးထောင်ထောင် တွေ့လိုက်ရပါတော့သည်။ “ မင်းအိတ် ထဲက ဖယောင်းတိုင်တွေက ဘာလုပ်ဖို့တုန်းဟ၊ ဒင်နာစားရင် ထွန်းဖို့လား ” ဟု အာချောင်လိုက်မိရာ “ ဟုတ်ဘူးလေ၊ တို့ဆရာမကြီး ဒါချာက လျှပ်စစ်မီး မရှိဘူးဟ၊ ညဆို ဒီဖယောင်းတိုင်တွေ သုံးရမှာ ” ဟု ပြန်ပြောလေသဖြင့် အမှားကြီးမှားမိသည်မှာ သေချာသွားပြီဖြစ်ကြောင်း ထင်ရှားစွာ သိလိုက်ရပါတော့သည်။

ရေအိုင်ဘေးအတိုင်း ကပ်လျှောက်လာစဉ် အောင်မှူး၏ “ ငါ့ညီတို့ ဟိုမှာ အလန်းလေးတွေ၊ အလန်းလေးတွေ ” ဟု အာလုပ်သံကြီးဖြင့် အော်ပြောသံကို ကြားလိုက်ရသဖြင့် လှမ်းကြည့်လိုက်မိရာ ရေအိုင်အစပ်က တောလမ်း အတိုင်း စက်ဘီးစီးကျင့်နေကြသော အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ရုရှမလေး နှစ်ယောက်ကို တွေ့လိုက်ရ လေသည်။ “ အာ … ဟေ့ကောင် ၊ အသက်မပြည့်တဲ့ ကလေးကို သွေးဆောင် ဖြားယောင်းမှုနဲ့ အကုန် အချုပ်ထဲ ရောက်ကုန်တော့မှာပဲ ၊ ကလေးမလေးတွေပါဟ ” ဟု ပြန်အော်လိုက်ရ၏။ အပတ်စဉ် ၄၈ က ညီငယ်များ ဖြစ်သည့် ဘိုဘို၊ သူရ နှင့် သီဟတို့မှာ ယခုမှပင် မျက်နှာများ ရွင်လန်းကုန်တော့သည်။ ကျွန်တော့်ကိုပင် “ အို .. အကိုကလည်း ဒီ့ထက်ကြီးတာ၊ အရွယ်ရောက်တာလေးတွေလည်း ရှိဦးမှာပါဗျ ” ဟု မလျှော့သော လေသံဖြင့် ပြန်ပြောကြချေသေး၏။ အာဂ ညီငယ်များပါတကား။ သူတို့နှင့် ကိုအောင်မှူးကား တွေ့မှ တွေ့တတ်ကြပလေ၊ တော်တော်လည်း ညီကြပေသည် ဟု တွေးကာ ပြုံးမိပေ၏။ သူတို့ ပြောသည့် အလန်းဆိုသည့် အတိုင်း ရုရှမလေးတွေကလည်း တကယ်လန်းကြပါပေသည်။ အသက်ကသာ ၁၂၊ ၁၃ လောက်ဆိုသော်လည်း ၀တ်စားထားသည်က တကယ်ကို လန်နေသည်ကို တွေ့ရပါသည်။ ဖော် ဟိုက် ထားကြသည်မှာ ကလေးနှင့် မလိုက်၊ သူတို့ဆီက ကလေးဆိုတာကလည်း ကိုယ့်နိုင်ငံက တက္ကသိုလ် ကျောင်းသူ အရွယ်ဆိုတော့ ကိုယ့်လူ တွေ ဘိန်းစား ဘိန်းတွေ့သလို ဖြစ်သွားသည်မှာ ဆန်းသည်ဟု မဆိုသာချေ။ မျက်နှာတွေကလည်း ပြီတီတီ စပ်ဖြီးဖြီးဖြင့် လက်ကလေးများ မြှောက်ကာ နှုတ်ဆက်ကြလေသေးသည်။ ကိုယ့်ဆီက လူများကလည်း လှမ်းပြီး ဟိုအော် ဒီအော်ဖြင့် ပျော်စရာလေး ဖြစ်သွားသေး၏။ မြန်မာလို “ ဟေ့ … ချစ်သူ တို့ကို လာကြိုတာလား ” စသည်ဖြင့် လည်း လှမ်းအော်ကြလေသည်။ နားမလည်ရ်ျသာ တော်တော့သည်။ မဟုတ်လျှင် အကုန် အချုပ်ထဲ ရောက်ကုန်မည်မှာ မလွဲ။

………………. ဆက်ရန်……………………. ကိုဥာဏ်(စက်မှု)


ဒါချာတောအုပ်သို့ သွားမည့် ကားစောင့်နေကြစဉ် လက်သရမ်း ထားသည့် ကာလူးမနာမြို့ထဲမှ ရှုခင်းပုံများ

ဂျပန်မလေး မီဂူမီ ကြည့်ချင်သည်ဆိုသော ကျွန်တော်တို့၏ ရန်သူတော်ကြီးနှစ်ဦး ရုပ်တု
Sts. Cyril and Methodius
( ရုရှဘာသာ စကား၏ မူလအစ ဖြစ်သော ဆလာဗျန်းစကီး ဘာသာကို စတင် တီထွင်ခဲ့သူများ )





















ကာလူးမနာမြို့ထဲက တစ်ဝက်တစ်ပျက်သာ ကျန်တော့သည့် အုတ်မြို့ရိုးဟောင်းကြီး
















မွန်ဂိုတွေကို တော်လှန်ခဲ့သည့် နယ်စားကြီး ယူရီဒန်းကော့ဗ် ဆိုတာ သူပေါ့ သူတည်ခဲ့တဲ့ မြို့ရိုးကြီးရှေ့မှာ မြင်းပေါ်မှာထိုင်လို့ …. ခန့်ခန့်ကြီး

















တနင်္ဂနွေတံခါးဆိုတဲ့ မြို့တံခါးဟောင်းကြီးထဲမှာ မြန်မာတွေ စုရုံးစုရုံးလုပ်ခဲ့စဉ်က





















ဒါချာကိုသွားမယ့် ကားများရပ်ရာ ကားဂိတ်ဘေးနားက နှစ်ပေါင်း ထောင်ကျော်နေပြီဆိုသည့် ဘုရားကျောင်းကြီး
( တော်တော်လှတဲ့ ကြက်သွန်နီဥကြီးတွေ ပါလားဟု မထင်ကြစေလို )



Read More...

Friday, September 5, 2008

နွေရာသီ တဲအိမ်များကအပြန်….( ၁ )

နွေရာသီ ကျောင်းပိတ်ရက်ရှည် နှစ်လ အတွင်း ခရီးအတော်များများ ရောက်ခဲ့ရလေသည်။ ရောက်သော နေရာများကလည်း အင်တာနက် နှင့် အလှမ်းဝေးရာ များချည်းဖြစ် လေသောကြောင့် ပို့စ် အသစ်များနှင့် မိတ်ပျက်လေတော့သည်။ နေလွမ်းသူ ကလည်း ဘယ်သောင်ဘယ်ကမ်း ဆိုက်နေလေသည် မသိ။ နာဂစ်ဒေသ တွင် ရောက်နေသည်ဟု စီဘောက်ထဲတွင် လာအော်သွားသည်ကို ဖတ်ရလေသည်။ နှစ်လကျော် အဆက်ပြတ် နေသော်လည်း ဘလော့ကို ၀င်ကြည့်သည့် အခါ မိတ်ဆွေ ဘော်ဒါများ က တခုတ်တရ ၀င်မွေသွားကြကြောင်း၊ ဖတ်စရာ ပို့စ် အသစ်မရှိသော ဘလော့ အသေကြီး ဖြစ်နေကြောင်း စိတ်မကောင်းစွာ တွေ့ရလေသည်။ ညီငယ် ကိုရင်ညိမ်း၏ အငြိမ့် သဘင်တွင် တိုးဝှေ့ အားပေးနေကြသည်ကိုလည်း ပီတိဖြစ်ဖွယ် တွေ့ရလေသည်။ စာရေးသားခြင်းနှင့် အဆက်ပြတ်နေသဖြင့် အရေးအသားများ မကောင်းတော့သော်လည်း ဘလော့ အသေကြီး ဖြစ်နေရှာသော ချစ်သူငယ်ချင်း၏ နေလွမ်းသူ ၃ အား အသက်ပြန်ဝင်စေခြင်းငှာ ကျွန်တော် က်ျပို့စ်ကို ရေးပါသည်။ သည်းခံဖတ်ရှုကြပါကုန်။

နွေရာသီကျောင်းပိတ်ရက်၏ သာယာဖွယ်ကောင်းသော နေ့တစ်နေ့တွင် ကျွန်တော်သည် လွတ်လပ်ခြင်း အရသာကို စည်းစိမ်ရှိစွာဖြင့် ပျော်ပျော်ကြီး ထိတွေ့ခံစားနေခိုက် မန်းဒေးလီးယက် ဟူသော ဓာတုဗေဒကျောင်းမှ အောင်မှူးဆိုသူ သူငယ်ချင်းက ဂျီတော့ပေါ်မှ ငှက်ဆိုးထိုးသံမျိုးဖြင့် လှမ်းရ်ျ ရုရှဘာသာ သင်သော ဆရာမကြီး၏ နွေရာသီတဲအိမ်(ဒါချာ) သို့ သွားရောက် ကြမည်ဖြစ်သဖြင့် လိုက်ခဲ့စေလိုကြောင်း၊ လိုက်ပါမည့် လူကလည်း များများစားစား မရှိသဖြင့် မဖြစ်မနေ လိုက်ခဲ့စေလိုကြောင်း၊ လူများလျှင် ပွဲစည်သဖြင့် ပျော်စရာ့ ပျော်စရာကြီး ဖြစ်ကြောင်း ( အမှန်တကယ် ရောက်သွားပြီး နဖူးတွေ့ ဒူးတွေ့ ကြုံရသောအခါ ထိုကဲ့သို့ ၀ါဒဖြန့်သွားသော အဆိုပါ အောင်မှူး၏ လျှာကို သူအိပ်နေစဉ် ဓားဖြင့် ထလှီးရန် ကြံစည်မိပါကြောင်း ၀န်ခံပါသည် )၊ အသက် ၇၂ နှစ်ရှိပြီ ဖြစ်သော ဆရာမကြီး အတွက် လူ့ဘ၀တွင် အသက်ဆက်ရှင်ရန် နှစ်များများ မကျန်တော့ သဖြင့် ထိုကဲ့သို့ အိုကြီး အိုမ ဖြစ်နေရှာသော ဆရာမကြီး၏ နောက်ဆုံး အချိန်လေးများကို ပျော်ရွင်ဖွယ် ကုန်ဆုံးစေလိုပါကြောင်း၊ အကယ်ရ်ျ မလိုက်ပါမိရ်ျ ဆရာမကြီး စိတ်မကောင်း ဖြစ်ကာ တစ်ခုခု ဖြစ်သွားခဲ့သော် ထို မလိုက်ပါသူ၏ တာဝန်သာ ဖြစ်ပါကြောင်း စသည် စသည်ဖြင့် စည်းရုံးသလိုလိုဖြင့် အကြပ်ကိုင် ခြိမ်းခြောက်လေတော့သည်။ ကျွန်တော် ကလည်း ရသည့် လခအသပြာလေးမှာ ကျွန်တော်၏ စည်းစနစ် ကျနစွာ သုံးစွဲမှုကြောင့် လမဆန်းမှီကပင် လကွယ်သကဲ့သို့ ကုန်နေပါကြောင်း၊ ဗော့ဒ်ကာ လေးတောင် နပ်မှန်အောင် မသောက်နိုင်ပါကြောင်း၊ ခရီးစရိတ် အကုန်မခံနိုင်ပါကြောင်း စသည်ဖြင့် ချူသံပါအောင် ညည်းလျှက် ငြင်းဆန်ရလေသည်။ သို့သော် သူကား ငုံ့မိသဲတိုင် တက်နိုင်ဖျားရောက် ဟူသော စကားပုံကို လက်ကိုင်ပြုထားသူ ဖြစ်လေရာ က်ျကဲ့သို့ အတန်တန် ငြင်းဆန်နေသော ကျွန်တော့်ကို မလိုက်ချင် လိုက်ချင်လာအောင် အမျိုးမျိုး မြူဆွယ်လျှက် အမေရိကန် သမ္မတလောင်း အိုဘားမား ရှုံးလောက်အောင်ပင် ထပ်မံ စည်းရုံးသည် ဖြစ်ရကား ကျွန်တော့်မှာ ဆက်လက် တောင့်မခံနိုင်တော့ပဲ လိုက်ပါတော့မည်ဟု ကတိပေးလိုက်ရပါတော့သည်။ က်ျသို့ဖြင့် ကျွန်တော်သည် ရုရှတို့၏ နွေရာသီ တဲအိမ်များဆီသို့ တစ်ခါတစ်ခေါက် အလည်ရောက်ခဲ့ရ လေတော့သည်။

ကျွန်တော်တို့သွားကြမည့် ဆရာမကြီး နိုက်ဂျဲရှား ( ရင်းနှီးသူများက နာဂျာ ဟု ခေါ်ပါသည် ) ၏ ဒါချာမှာ မော်စကိုမြို့နှင့် လွန်စွာဝေးပါသည်။ မည်မျှဝေးပါသနည်း ဆိုသော် မော်စကိုနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော ကာလူးမနာ ဟူသော မြို့ကိုပင် ကျော်သွားပါသေးသည်။ မလိုက်လိုပါဟု အတန်တန် ငြင်းဆိုနေသော်လည်း သွားမည့်နေ့သို့ ရောက်သောအခါ ချိန်းဆိုထားသော မြေအောက်ဘူတာရုံသို့ ကျွန်တော် ပထမဆုံး ရောက်ရှိ နေသည်ကို တွေ့ရပါသည်။ အတန်ကြာမှ ထို အောင်မှူးဆိုသူနှင့် အဖွဲ့ အထုပ်အပိုး ကိုယ်စီဖြင့် ၀ရုန်းသုန်းကား ရောက်ရှိလာပါသည်။ များပြားလှသော အထုပ်အပိုးများကို ကြည့်ရင်း “ ဟ … ဘာတွေတုန်းဟ၊ များလှ ချေလား ” ဟု စပ်စုမိသောအခါ အဆိုပါ အောင်မှူးက “ ဟိုမှာ နေဖို့ ထိုင်ဖို့ စားဖို့သောက်ဖို့ ချက်ဖို့ ပြုတ်ဖို့ ပစ္စည်းတွေလေ ” ဟု ပြန်ပြောလေရာ ကျွန်တော့်မှာ အသာလေး ပါးစပ် ပိတ်နေလိုက်ရပါသည်။ အန္တရာယ် အငွေ့အသက်ကတော့ ရလေပြီ။ သူပြောထားသော ပျော်စရာကြီးပါ ဟူသော ကတိကို အနည်းငယ်တော့ သံသယ ၀င်မိလေသည်။ ထို့နောက် သူနှင့်ပါလာသော အဖွဲ့ကို အကဲခတ်လိုက်ရာ အပတ်စဉ် ၄၇ က ညီငယ် တစ်ယောက်၊ အပတ်စဉ် ၄၈ က ညီငယ် ၃ ယောက်၊ ကျွန်တော်တို့ အပတ်စဉ်က ဘော်ဘော် ၄ ယောက် ကို တွေ့ရလေသည်။ ကျွန်တော်ပါ ပေါင်းလျှင် စုစုပေါင်း ၉ ယောက်၊ အင်း ကိုးန၀င်းတော့ ကိုက်နေပြီ၊ မိုးလင်းရင် တော့ သိရတော့မှာပဲ ဟု တွေးလိုက်မိပါသည်။ မကြာမှီ ဆရာမကြီး ကုတ်ချိကုတ်ချိဖြင့် ရောက်လာရာ ကျွန်တော့်အား တွေ့လျှင် တွေ့ခြင်း ပြေးရ်ျ ဖက်ကာ နမ်းရှုံ့လျှက် ၀မ်းသာ အားရ နှုတ်ဆက်ရှာပါသည်။ ကျွန်တော်လည်း ပြန်လည် ဖက်ရမ်းရင်း တရှုံ့ရှုံ့ နမ်းလျှက် မည်မျှ လွမ်းဆွတ် သတိရနေပါကြောင်း၊ က်ျခရီးကို သွားချင်နေသည်မှာ ကြာပြီဖြစ်ပါကြောင်း၊ လွန်ခဲ့သော နှစ်က မလိုက်ခဲ့ရသည့် အတွက် များစွာ စိတ်မကောင်းဖြစ်ရ ပါကြောင်း စသည်ဖြင့် ဆရာမကြီး စိတ်ချမ်းသာစေရန် အလို့ငှာ ဖောလေတော့ရာ ဘေးက အောင်မှူး မှာ ကားနင်းခံထားရသော ဘောလုံး အစုတ် ကဲ့သို့ ရှုံ့တွသော မျက်နှာကြီးဖြင့် မျက်မှောင်ကျုံ့ ရှိုးခြင်းကို ခံရလေသည်။

က်ျသို့ လူစု တန်းစီပြီးသောအခါ ဆရာမကြီး ဦးဆောင်လျှက် ရထားခိုးစီးရန် အဲလေ … ယောင်လို့ ရထားစီးရန် အလို့ငှာ မြေပေါ်ဘူတာသို့ တက်ခဲ့ကြလေသည်။ ထိုဘူတာမှာ ရုရှ၏ နာမည်ကြီး မြို့တော်ဟောင်း စိန့်ပီတာစဘတ် မြို့သို့ သွားသော ရထားများလည်း ထိုးဆိုက်လေသဖြင့် လူများ ပျားပန်းခတ် များပြားပါသည်။ သူတို့စနစ်က ဘူတာရုံ အ၀င် လက်မှတ် တစ်ခါစစ်၊ ရထားပေါ်မှာ လက်မှတ် တစ်ခါစစ်၊ ဘူတာကအထွက် တစ်ခါစစ်ဖြင့် ရုရှတို့၏ စာရိတ္တကို လှစ်ဟ ပြလေတော့ရာ ကျွန်တော်တို့မှာ ခဏခဏ အစစ်အဆေး ခံနေရတော့သည်။ က်ျသို့က်ျပုံ စစ်ဆေးပါလျှက် ရထားရအောင် ခိုးစီးသူများကို တွေ့ရလေရာ ကျွန်တော့်မှာ ထိုသူတို့၏ ဇွဲ လုံ့လ ကို အောချ ရလေသည်။ ချီးကျူးဖွယ် လူသားများပါတကား။ ရထားမှာ ရုရှလို အီလက်သရိချကာ ဟု ခေါ်သော အီလက်ထရစ် ရထားဖြစ်ပါသည်။ ခရီးဝေးသွားသော ရထားများလို မဟုတ်ပါ။ မြို့ပတ်ရထား သာသာ အဆင့်သာ ရှိပါသည်။ ခရီးသည်ကလည်း ဘာမှ ပါသည်မဟုတ်။ သို့သော် နှစ်သက်စရာ ကောင်းသည်က ထွက်မည့် အချိန်နှင့် ရောက်မည့် အချိန်ကို လက်မှတ်တွင် ရေးထားခြင်း ဖြစ်ပါသည်။ တကယ်လည်း တိတိကျကျ ရောက်အောင်မောင်းပါသည်။ အချိန်မတိုင်မှီ စောရောက်ခြင်းလည်း မရှိ။ စော နေလျှင် ဆိုက်မည့် ဘူတာ မရောက်မှီ အရှိန်လျှော့ကာ ဖြေးဖြေးလေး မောင်းပါသည်။ ဘယ်လို လူမျိုးတွေလဲ မသိ။ ကိုးရို့ကားယား တော့ အတော်လေး လုပ်ပါသည်။ တို့မြန်မာနှင့် ကွာလိုက်လေခြင်း။

ကာလူးမနာဘူတာ သို့ရောက်သောအခါ ကျွန်တော်တို့ အဖွဲ့ အိုးခွက်ပန်းကန် အထုပ်ကြီးဖြင့် ကိုးရို့ကားယား ဆင်းကြပါသည်။ ထို့နောက် ဦးဆောင်ချီတက်လာသူ အောင်မှူးအား “ ရောက်ပြီလား ” ဟု တိုးတိုးလေး ကပ်မေးရာ သူကလည်း “ နောက်ထပ် ကား ၁ နာရီလောက် ထပ်စီးရဦးမယ် ” ဟု တိုးတိုးလေး ကပ်ဖြေလေသဖြင့် မျက်လုံးပြူးရ ပါတော့သည်။ ထို့ကြောင့် “ ဟင် … မင်းတို့ပြောတော့ သိပ်မဝေးဘူးဆို အခု ရထားစီးတာတောင် ၃ နာရီလောက် ရှိပဟ .. ခု ကားထပ်စီးရဦးမှာလား ” ဟု အော်လိုက်မိရာ သူက “ ရှုး …. တိုးတိုးလုပ်ပါဟ၊ ဟိုညီလေးတွေကို မနည်းစည်းရုံးပြီး ခေါ်လာရတာ၊ မင်းအသံကြီး ကြားတာနဲ့ ပြန်ပြေး ကုန်ပါ့မယ်ဟ ” ဟု မျက်ကလူး ဆံပြာဖြင့် တားမြစ်လေတော့သည်။ မကြာမှီ ဘတ်စ်ကား တစ်စင်း ထိုးဆိုက်လာရာ ခရီးသည်များ အပြေးတက်ကြလေသည်။ “ ဒီ ကားနဲ့ သွားမှာလား ” ဟု မေးကြည့်ရာ အဆိုပါ ဦးဆောင်သူ အောင်မှူးက ငါးသလဲထိုး အပြုံးဖြင့် “ ဟုတ်သေးဘူး … ဒီကားနဲ့ တို့ ဆက်စီးရမယ့် ကား ဂိတ်ကို အရင် သွားရမှာ၊ ပြီးမှ ကားဆက်စီးရမှာ ” ပြောလေရာ ကျွန်တော့်မှာ အတော်လေး စိတ်ညစ်သွားလေသည်။ သားမှားပြီ အမေရဲ့ ဟု အော်လိုက်ချင်စိတ်ကို မနည်းထိန်းလျှက် ကားပေါ်သို့ တက်ရ၏။ အောင်မှူးကား မင်းတို့ ဒီရောက်မှတော့ ပြန်ပြေးချင်လည်း မရတော့ပါဘူးကွာ ဟူသော အောင်နိုင်သူ ဟန်ပန်ဖြင့် ပြုံးပြုံးကြီးလုပ်ကာ ကားပေါ်တက်၏။ ကျွန်တော်နှင့်တကွ ဒီနှစ်ကျမှ လိုက်လာကြသော ညီငယ်များမှာ ကျီးကြည့် ကြောင်ကြည့်ဖြင့် ကားပေါ်တက်ရလေသည်။

မကြာမှီ ကာလူးမနာ မြို့လယ်သို့ရောက်လာ၏။ မြို့လယ်တွင် ဒါချာများရှိရာ သစ်တောအုပ်များသို့ ပြေးဆွဲသော ကားများရပ်ရာ ကားဂိတ်ရှိသည်။ ကားဂိတ်ဘေးတွင် ရုရှနိုင်ငံကို မွန်ဂိုတို့ နှစ်ပေါင်း သုံးရာကျော် သိမ်းပိုက်ထား ခြင်းအား ပြန်လည်တော်လှန်ခဲ့သည့် ရုရှ နယ်စားကြီး ဆောက်လုပ်ထားသည့် အုတ်တံတိုင်းကြီး တည်ရှိသည်။ အုတ်တံတိုင်းကြီးမှာ တော်တော်ထူပါသည်။ မန္တလေးမြို့ရိုးထက် ထူမည်ထင်သည်။ သို့သော် အပြည့် မရှိရှာ တော့ပေ။ မွန်ဂိုတို့ ဆုတ်ခွာသွားပြီးနောက် အဆိုပါ အုတ်တံတိုင်းကြီးအား တတိတိ ဖြိုဖျက်ကာ အဆောက်အဦ များ ဆောက်လုပ် ပြစ်သဖြင့် တစ်ခြမ်းပဲ့ကြီး ဖြစ်ကျန်ခဲ့ပါသည်။ ထိုအုတ်တံတိုင်းကြီး၏ အတွင်းဘက်တွင် နံရံဆေးရေး ပန်းချီကားကြီးများ ရှိပါသည်။ ထိုပန်းချီကားများရှေ့တွင် ကျွန်တော်တို့ ကင်မရာ တစ်ဖျတ်ဖျတ် ဖြင့် လူအထင်ကြီးခံရ နည်းလား ဟူသော စတိုင်ဖြင့် ဓာတ်ပုံရိုက်ကြသေး၏။ ထိုတံတိုင်းကြီး နှင့် မနီးမဝေးတွင် နှစ်ပေါင်း ထောင်ကျော်နေသည်ဆိုသော ဘုရားကျောင်းတစ်ခု ရှိသည်။ ဘုရားကျောင်းရှေ့ ကွင်းပြင်ထဲတွင် ရုရှဘာသာစကား၏ အစဖြစ်သော ဆလပ်ဘာသာဖြစ်သည့် ဆလာဗျန်းစကီး ဟူသော ဘာသာစကားကို စတင်တီထွင်ခဲ့သည့် ပုဂိုလ် နှစ်ဦးပုံ ရုပ်တု ရှိပါသည်။ ကျွန်တော်တို့၏ ရန်သူတော်များပေ။ သူတို့ မနေနိုင် မထိုင်နိုင် တီထွင်ခဲ့သောကြောင့် ကျွန်တော်တို့မှာ ယခု ရုရှလို သင်နေရသည်၊ ပြောနေရသည်။ မဟုတ်လျှင် အင်္ဂလိပ်လို ပြောရမည် မဟုတ်လော။ ကံကောင်းလျှင် ဗမာလိုပါ သင်ချင်သင်ရဦးမည်။ ယခုတော့ ထို ဆရာသမားများကြောင့် ကျွန်တော်တို့မှာ အနှီ ရုရှစာကို အသက် မကြီးမငယ်နှင့် ကျက်မှတ်နေကြရလေည်။ ( က်ျကား စကားချပ်။ )

မကြာမှီ ဒါချာတောအုပ် များသို့ သွားမည့် ကားများ ဆိုက်လာလေသည်။ ကားစီးရန်အတွက် လက်မှတ်ကို ဆရာမကြီးကပင် ဖြတ်ပေးပါသည်။ ကျွန်တော်တို့မှာ ဘွားအေနှင့် ခရီးသွားသော ကလေးကြီးများသဖွယ် သူ့နောက်ကနေ လိုက်ရလေသည်။ သူကား အသက်ပင်ကြီးသော်လည်း ငယ်ငယ်က ကွန်မြူနစ်မကြီး ဖြစ်ခဲ့ရ်ျ လားမသိ၊ အတော်ပင် မာထန်ထန် ရှိလေသည်။ သူအား ဖေးမလျှင်မကြိုက်၊ ကိုယ်စွမ်းကိုယ်စ ဖြင့်သာ သွားလိုလေသည်။ ထို့ကြောင့် အသာ လွတ်ပေး ထားရလေသည်။ ထိုကာလူးမနာမြို့မှာ အတော်ပင် တောကျသည်ဟု ဆိုနိုင်သည်။ ကျွန်တော်တို့ အား ဟိုလူက ကွက်ကြည့် ကွက်ကြည့် ဒီလူက ကွက်ကြည့် ကွက်ကြည့်ဖြင့် ရှိလေသည်။ ရုရှစစ်စစ် ၃ သန်းနှင့် နိုင်ငံခြားသား ၁၀ သန်း၊ ပေါင်း ၁၃ သန်းရှိသည့် မော်စကို နှင့်တော့ ကွာပါသည်။ မော်စကိုမှာက နိုင်ငံခြားသား များလွန်းသဖြင့် ဘယ်သူကမှ ဂရုစိုက်သည် မဟုတ်။ ဒီမှာတော့ ဂရုစိုက်ကြပါသည်။ ကားပေါ်မတက်မှီ အပေါ့အပါး သွားခိုက် ရုရှရဲ တစ်ယောက် ချဉ်းကပ် လာပါသည်။ ထုံးစံအတိုင်း ကျစ် ပြီဟ ဟု တွေးလိုက်မိသော်လည်း သူကား ထိုသို့မဟုတ်။ စုံစမ်းခြင်းသာ ဖြစ်ပါသည်။ ဒီလောက် မည်းသည်းနေသည့် လူတွေကို တရုတ်တွေဟု ထင်နေရှာသည်။ ပတ်စ်ပို့ ထုတ်ပြ တော့လည်း အင်္ဂလိပ်လို မဖတ်တတ်ဟု ဆိုပြန်သည်။ ထို့ကြောင့် ကျောင်းသားကဒ်ကို ထုတ်ပြတော့လည်း အူကြောင်ကြောင် လုပ်နေပြန်သည်။ နောက်ဆုံးတော့ သူ့ဖာသာ ခေါင်းကုတ်ရင်း ထွက်သွားလေ တော့သည်။ မော်စကို က ရဲကိုကို တို့နှင်တော့ ကွာလိုက်ဘိခြင်း။ ဟိုလူတွေက ချက်ဆို နားခွက်သာ မက အကုန်လုံးကို မီးတောက် ကြလေသည်။ ကားပေါ်ရောက်တော့ အဖွားကြီးတွေ အဒေါ်ကြီးတွေနှင့် အဘိုးအို ပစ်စင်စားများသာ များကြောင်းတွေ့ ရလေသည်။ အင်းပေါ့ သူတို့ပဲ အားအားယားယား သွားနိုင်မှာပေါ့ ဟု တွေးလိုက်မိပါသည်။

အမှန်က ထိုသို့မဟုတ်။ သူတို့ ပင်စင်စားများသာလျှင် ဆင်းရဲသဖြင့် ဘတ်စကား စီးကြခြင်း ဖြစ်သည်။ ကျန် လူလတ်ပိုင်းတို့က ကားကြီးကားငယ်တို့ဖြင့် သွားကြကြောင်း နောက်ပိုင်းတွင် တွေ့ရလေသည်။ ကားပေါ်တွင် ပါလာသော အဒေါ်ကြီးတို့ကား ကျွန်တော်တို့ မြန်မာပြည် တောရပ်က အဒေါ်ကြီးများနှင့် အလွန်တူလေသည်။ ကားပေါ်တွင် ဆူညံနေအောင် စကားပြောကြသည်။ ကျွန်တော်တို့ကို အလွန်စိတ်ဝင်စားလျှက် ဟိုမေး ဒီမေး၊ ဟိုပြော ဒီပြောနှင့် ရှိလေသည်။ အဒေါ်ကြီးတစ်ယောက်ဆိုလျှင် ကျွန်တော့်ဘေး လာထိုင်လျှက် သူတို့ ဒါချာတွင် မှိုများ ပေါက်နေကြောင်း၊ ဘယ်လို အမျိုးစုံကြောင်း၊ ဘယ်လို အရသာရှိကြောင်း၊ မှိုများမှာ နှုတ်ရ်ျ မနိုင်တော့ ကြောင်း၊ သူတို့ဒါချာကို အလည်လာခဲ့လျှင် မှိုမျိုးစုံဖြင့် ဧည့်ခံမည် ဖြစ်ကြောင်းတို့ကို အာဘောင်အာရင်း သန်သန်ဖြင့် ကားတစ်စီးလုံး ကြားလုနီးပါး အော်ဟစ် ပြောဆိုလာ လေသည်။ မှိုနှုတ်ထားသဖြင့် ပေကျံ ညစ်ပတ်နေသော သူ့လက်ကြီးကို ကျွန်တော့်မျက်နှာနှင့် ထိလုနီးပါး ဖြစ်အောင်ပင် လက်ဟန်ခြေဟန် အပြည့်ဖြင့် တကယ့် တောသူမကြီး တစ်ဦး စတိုင်ပြောလေရာ ကျွန်တော့်မှာ ခေါင်းကို နောက်သို့ ဆုတ်ဆုတ် ပေးနေရလေသည်။ သူပြောနေစဉ်မှာပင် ခပ်လှမ်းလှမ်းမှ အဒေါ်ကြီးတစ်ဦးကလည်း အားကျမခံ ထပ်မံပြောဆို ပြန်လေရာ ကားတစ်စီးလုံး ဆူညံနေတော့သည်။ ကျန်သည့် အဖွားကြီးများကလည်း သတင်းအစုံ၊ အကြောင်း အရာမျိုးစုံကို ပြောဆိုကြရာ ဆင်းမည့် မှတ်တိုင်သို့ မည်သို့ မည်ပုံ ရောက်လာမှန်းပင် မသိတော့ချေ။ က်ျသို့ဖြင့် ကျွန်တော်တို့၏ ဒါချာ ခရီးစဉ်သည် အုတ်အော်သောင်းနင်းဖြင့် စတင်ခဲ့လေသတည်း။

နွေရာသီတဲအိမ် ဆိုသည်မှာ ရုရှလူမျိုးများ၏ နွေရာသီတွင် လာရောက် အပန်းဖြေ နေထိုင်ရန် ရည်ရွယ်ရ်ျ လူသူ မနီးသည့် တောများတွင် ဆောက်လုပ်ထားသော သစ်လုံးအိမ်လေးများ ဖြစ်ပါသည်။ ရုရှလိုတော့ ဒါချာ ဟုခေါ် ကြသည်။ လူသူမနီးသည်မှာ တော်တော့်ကို မနီးသည့် နေရာများဖြစ်ပါသည်။ မော်စကို မြို့အပြင် သစ်တောများ ထဲမှ စတင်ရ်ျ ဆောက်လုပ် ထားကြသည်ဖြစ်ရာ ဒါချာများရှိသည့် ဧရိယာမှာ မော်စကိုမြို့နှင့် မိုင် 200 ကျော် ဝေးသည့် ဒေသများအထိ ရောက်နေကြောင်း တွေ့ရပါသည်။ ဒါချာများမှာ အများအားဖြင့် သစ်လုံးအိမ် ကလေးများ ဖြစ်ပါသည်။ သို့သော် တစ်ချို့ လူကုံထံ များကမူ အုတ်များသုံးပြီး တိုက်ပုလေးများသဖွယ် ဆောက်ထားသည်ကို တွေ့ရပါသည်။ တောကြို အုံကြား တွင် တည်ရှိကြသော်လည်း တစ်ချို့အိမ်များမှာ ရေပန်းများ၊ လျှပ်စစ်မီးများဖြင့် ခမ်းခမ်းနားနား တည်ရှိနေသည်ကိုလည်း တွေ့ခဲ့ရပါသည်။ ရုရှတို့မှာ ဆောင်းရာသီတွင် အလွန် အေးသော ရာသီဥတုကို ခံစားရပြီးနောက် နွေရာသီတွင် အပူဒဏ်ကို မခံနိုင်ကြပေ။ ထို့ကြောင့် အေးသော သစ်တော သစ်အုပ်များ အတွင်း တဲအိမ်လေးများ ဆောက်လုပ် အပန်းဖြေကြဟန် တူသည်ဟု တွေးမိပါသည်။
…………… ဆက်ရန်……………. ကိုဥာဏ်(စက်မှု)


အဝေးက လှမ်းမြင်ရသည့် ဘုရားကျောင်းရှုခင်း
















ကျွန်တော်တို့ နေခဲ့သည့် ဒါချာ
















ဒါကတော့ ကိုဥာဏ်တို့ ရှိုးခဲ့ကြသည့် ဆလပ်သူလေး တွေရဲ့ ဒါချာ
















ဒီလို လူကုံထံတွေရဲ့ ဒါချာတွေလည်း ရှိသေးတယ်




Read More...