ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, December 26, 2008

လေးနှစ်တာ အလွမ်း ….


နှင်းခဲတွေ တဖြုန်းဖြုန်း ကြွေကျနေသော ဒီဇင်ဘာလ၏ ညတစ်ညတွင် ကျွန်တော်သည် ဇာချော့ ( နှုတ်ဖြေ ) စာမေးပွဲ အောင်မြင်ကြောင်း လက်မှတ်ထိုးပေးရန် ရှိသည်ကို ထိုးမပေးသေးဘဲ အမျိုးမျိုး အိုက်တင်ခံနေသည့် ဆရာအား အောင်မြင်စွာ စည်းရုံးကာ လက်မှတ်ထိုးစေခဲ့ပြီးနောက် စိတ်လက်ပေါ့ပါးစွာဖြင့် အဆောင်သို့ ပြန်ရောက်လာခဲ့ကာ ဂျီတော့ ပေါ်သို့ ခဏတက်မိလေစဉ် ….. မိတ်ဆွေကြီး အောင်မှူးအား မိစ္ဆာကြီးတစ်ကောင် အလား ငုတ်တုပ်ကြီး တွေ့လိုက်ရလေသည်။ အောင်မှူးကား မသေသေး။ အသက်ငင်နေရုံသာ ရှိသေးသည် ဖြစ်ရကား သူ၏ ဂျီတော့ ကာစတန် မက်ဆေ့ခ်ျ ဘောက်ထဲတွင် အောက်ပါ အူကြောင်ကြောင် ကဗျာကို တင်ထားလျှက် ငေါင်စင်းစင်း ရှိနေလေသည် -

ဒီဇင်ဘာ ( ၂၄ )
ပဲကိတ် တစ်ကိုက်၊
ကော်ဖီ တစ်ကြိုက်၊
လန်ဒန် တစ်ရှိုက်နဲ့
ငါးနှစ်စာ စာမျက်နှာတွေ
ရင်မှာ တည်နေမြဲ
ကျောင်းတော်ရေ …. ။ ( အောင်မှူး )

“ ဟလို မစ္စတာ အောင်မှူး၊ မောင်ရင် မသေသေးဘူးလား ” ဟု လှမ်းရ်ျ နှုတ်ဆက်လိုက်မိရာ အောင်မှူးက ငှက်ဆိုးထိုးသံကြီးဖြင့် “ မင့်ကို စောင့်နေတာ ” ဟု ပြန်ပြောလေသဖြင့် “ အို .. ဘာအတွက်တုန်း ကိုအောင်မှူးရ၊ သေဖို့ဆိုရင်တော့ မြန်မြန်သာ သေလိုက်ပါ၊ စောင့်မနေပါနဲ့ ” ဟု နောက်လိုက်မိလေသည်။ သူကား မသိလျှင် လူအလွန်ရှိန်သည့် ( သိလျှင်တော့ ခွေးကတောင် မလေးစားသည့် ) အသံတည်ကြီးဖြင့် “ နောက်မနေနဲ့ မောင်ရင်၊ ဒီနေ့ ဘာနေ့လဲ သိလား ” ဟု ခပ်ထန်ထန် မေးလေသဖြင့် “ အင်္ဂါနှင့် ဗုဒ္ဓဟူးကြားက ဗုဒ်တရှီးပါ ” ဟု ပြန်ဖြေလိုက်ရလေသည်။ “ အဲဒါကို မေးတာ မဟုတ်ဘူး ၊ မနက်ဖြန် ဒီဇင်ဘာ ( ၂၄ )မှာ ကျရောက်မယ့် ငါတို့ရဲ့ ကျောင်းဆင်းပွဲ လေးနှစ်ပြည့် အတွက် အမှတ်တရ မောင်ရင် ဘာရေးထားပြီးပြီလဲ လို့ မေးတာ ” ဟု ပြန်ကော လေသဖြင့် ကျွန်တော်လည်း သူပြောမှသာ သတိရသည် ဖြစ်ရကား ဘာမှ ရေးမထားပါ ဟု ရိုးသားစွာ ၀န်ခံလိုက်ရလေသည်။ မိတ်ဆွေကြီး အောင်မှူးကား လွန်စွာ ဒေါဖောင်းနေဟန် ရှိလျှက် သူငယ်တန်း ကျောင်းသားလေးအား ကျောင်းအုပ်ဆရာကြီးက ခေါ်ယူကြိမ်းမောင်းနေသည့် သဖွယ် ကျွန်တော်အား အမျိုးမျိုး ကြိမ်းမောင်း အပြစ်တင်ပေတော့သည်။ ကျွန်တော်ကား သူကြိမ်းမောင်းသမျှ စကားအားလုံးကို မမှတ်မိတော့ သော်လည်း အဓိကအချက် မှတ်မိသမျှ ရေးပြရလျှင် ကျွန်တော်သည် ဘလော့စာမျက်နှာပေါ်သို့ ယောင်ပေပေ တက်လျှက် စာရိုက်ဆရာ ( ကလောင်ကိုင်ပြီး ရေးသော စာရေးဆရာမဟုတ်ဘဲ၊ ကီးဘုတ်ကို ရိုက်ပြီး ရေးခြင်းကို ဆိုလိုဟန် ရှိသည် ) လုပ်နေပါလျှက် ကိုယ့်ကျောင်းဆင်းပွဲ လေးနှစ်ပြည့် အမှတ်တရ အဖြစ် တစ်ခုခုတော့ ရေးသင့်ပါကြောင်း၊ ယခုလို မျက်နှာလွဲခဲပစ် နေသည်မှာ အင်တိတ်( Intake ) ကို သစ္စာဖောက်ရာ ရောက်နေပါကြောင်း၊ သူပင်လျှင် အထက်ဖော်ပြပါ ကဗျာကို ရေးဖွဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပို့စ် တစ်ခု အမြန်ရေးစေလိုပါကြောင်း စသည်ဖြင့် စစ်ခုံရုံးတွင် တရားစီရင်နေသော တရားသူကြီးတစ်ဦး စတိုင်ဖမ်းလျှက် ကျွန်တော့်အား အမိန့်ပေးသွားခြင်းပင် ဖြစ်ပေတော့သတည်း။

မိတ်ဆွေကြီးအောင်မှူးနှင့် စကား အချီအချ ပြောပြီးသည်၏ နောက်တွင် ကျွန်တော်၏ စိတ်အစဉ်တို့သည် လွန်လေပြီးသော အတိတ်ဆီသို့ ပြန်ရောက်သွားလေတော့သည်။ လွန်ခဲ့သော ၉ နှစ်ခန့်၏ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျွန်တော်တို့သည် အရပ်သားဘ၀မှ စစ်သားဘ၀သို့ စတင် ကူးပြောင်းခဲ့ကြလေသည်။ ကျောင်းသို့ ရောက်ရှိသတင်းပို့ပြီးသည်နှင့် ပထမဆုံးတွေ့ကြုံရသည်ကား ဆံပင်ညှပ်ခြင်းပေတည်း။ အပြင်အရပ်သား ကျောင်းသားဘ၀တုန်းက မှန်ရှေ့တွင် တသသလုပ်ခဲ့ကြသည့် ဆံပင်လေးများသည် လက်မောင်းတွင် သုံးရစ် တပ်ထားသော ဆံပင်ညှပ်ဆရာတပ်ကြပ်ကြီးများ၏ လက်ချက်ကြောင့် ကြွေကျ မြေခကုန်ရလေသည်။ ထိုစဉ်က ကျွန်တော်တို့သည် စစ်တပ် ရာထူး အခေါ်အဝေါ်တို့နှင့် မရင်းနှီးသေးသောအချိန်ဖြစ်ရာ တပ်ကြပ်ကြီးကို ဆရာကြီးဟု ခေါ်ရကောင်းမှန်း မသိသေးသည်ဖြစ်ရကား “ ဦးလေးကြီး ကျွန်တော့်ကို ထုံချိုင်းကေလေး ညှပ်ပေးပါ၊ ကျွန်တော့်ကို စည်သူလွင်ကေလေး လုပ်နော်၊ ကျွန်တော့် အလယ်ခွဲလေး မပျက်စေနဲ့နော် ” စသည်ဖြင့် ပြောခဲ့ကြသည်ကို အမှတ်ရမိလေသည်။ ထိုဆရာကြီးတို့ကား ကျွန်တော်တို့ပြောသမျှကို ခပ်ပြုံးပြုံး နားထောင်လျှက် “ ဟာ .. စိတ်ချ ဖြစ်စေရမယ် ” ဟု အာမဘန္ဒေခံပြီးနောက် အပတ်စဉ်တစ်ခုလုံးကို ညှပ်ချလိုက်ကြသည်ကား ရှေ့တစ်လက်မ နောက်ပြောင် ဟု ခေါ်သည့် ဖက်စ်ရီးယားကေများသာတည်း။ ဘ၀ တစ်သက်တာတွင် တစ်ခါမှ ခေါင်းပေါ်မရောက်ခဲ့ဖူးသည့် ထိုဆံပင်ကေ ပုံစံ အသစ်စက်စက်တို့ကြောင့် နဂိုကမှ ခပ်ပြောင်ပြောင် ရှိနေသည့် ကျွန်တော်တို့၏ ရုပ်ရည် ရူပကာများသည် ကာတွန်းရုပ်တွေ၊ ဟာသရုပ်တွေ ဖြစ်ကုန်ရချေသည် တမုံ့။

ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုအဖုံဖုံကို လွန်စွာလှပကြကုန်သော စစ်သူနာပြုမလေးများ၏ ရှေ့မှောက်တွင် လည်းကောင်း၊ ဆူသံဆဲသံ တညံညံဖြင့် လွန်စွာ သိမ်မွေ့ကြကုန်သော စစ်စတားကြီးများ၏ ရှေ့မှောက်တွင် လည်းကောင်း၊ ဒိုးကနဲ ဒေါက်ကနဲ ဇိုးကနဲ ဇက်ကနဲဖြင့် လွန်စွာ အကိုင်အတွယ် နူးညံ့လှကုန်သော အာရ်မီ ဒေါက်တာကြီးများ၏ လက်ထဲတွင်လည်းကောင်း အရှက်ကုန်အောင် အစစ်ခံကြရပြီးသည်၏ နောက်တွင် ကျွန်တော်တို့ ရှေ့တစ်လက်မ နောက်ပြောင်လေးများသည် ပုဆိုးနှင့် အင်္ကျီကို စွန့်ပယ်လျှက် အိုဂျီခေါ် လွန်စွာ နူးညံ့လှသည့် ဇင်စဖျင်ကြမ်း စစ်ဘောင်းဘီ၊ စစ်အကျီတို့ကို စတင်ဆင်မြန်းခဲ့ကြရလေသတည်း။ ထိုစဉ်အခါက ကျွန်တော်တို့ တစ်ဦးနှင့် တစ်ဦး စနောက်ကြသည်ကား “ နောက်ပြောင်ခြင်း သည်းခံပါ ” ဟူလို။ ကျွန်တော်တို့၏ လက်ဦးဆရာကား မည်းသော အသား၊ ကျဲသောသွားနှင့် ၀ဖိုင့်သော ခန္ဓာကိုယ်ပိုင်ရှင် ဆရာခင်အောင် ခေါ် တပ်ကြပ်ခင်အောင် ဖြစ်လေသည်။ ဆရာခင်ကား မျက်နှာထားကို ထာဝစဉ် ခပ်တင်းတင်းထားလျှက် လမ်းမတော်ဖိုးတုပ် စတိုင် ဖမ်းနေသူတစ်ယောက်တည်း။ သူ၏ အပြစ်ရှာနေသော မျက်လုံးပြူးကြီးများ အောက်ဝယ် ကျွန်တော်တို့သည် ကျွမ်းထိုးလိုက်၊ ဖားခုန်လိုက်ဖြင့် ရှိနေခဲ့ရလေသည်။ ကျွန်တော်တို့အား စစ်တပ်နှင့် စတင်မိတ်ဆက်ပေးခဲ့သူ လက်ဦးဆရာဖြစ်ရာ ကျွန်တော်တို့တတွေ ဘယ်သောအခါမျှ မမေ့နိုင်ပေ။ ဆရာခင်ကား အမိန့်ကို တိကျစွာနာခံတတ်သူ စစ်သည်တော်ကောင်းတစ်ဦး ပီသစွာပင် ကျွန်တော်တို့ တပည့်ဗိုလ်လောင်းများအား မခိုမကပ် ပြင်းထန်စွာ လေ့ကျင့်သင်ကြားပေးခဲ့သူ ဆရာကောင်းတစ်ဦးသာ ဖြစ်ပါတော့သည်။ နောက်ထပ် မမေ့နိုင်သူ ဆရာတစ်ဦးကား ကျွန်တော်တို့ အပတ်စဉ်၏ တာဝန်ခံအရာရှိ ဗိုလ်ကြီး အေးခိုင် ဖြစ်ပါသည်။ သူ့တွင် အံသြဖွယ်ကောင်းသော မှတ်ဥာဏ်ရှိလျှက် ယခုအထိ ကျွန်တော်တို့ တစ်ယောက်ချင်းစီကို မှတ်မိနေလေသည်။ သူသည် တရုတ်စစ်ပညာရှင်ကြီး စုန်ဇု အကြောင်းကို အမြဲလိုလို ပြောပြလေ့ရှိသဖြင့် ကျွန်တော်တို့က သူ့ကွယ်ရာတွင် စုန်ဇုဟု နာမည်ပြောင် ခေါ်ကြ၏။ သူတို့ကား စစ်ကျောင်းမှ ဆရာကောင်းများ ပီသစွာ ကျွန်တော်တို့ တပည့်ဗိုလ်လောင်းများအား တစ်စက်မှ ခိုကပ်မနေစေဘဲ ပညာကုန် သင်ကြားပေးခဲ့သူများ ဖြစ်လေသည်။

ဗိုလ်လောင်း အဆောင်အယောင်အပ်နှင်းပွဲ ခေါ် ဒေါက်တင်ပွဲမတိုင်မီအထိ သုံးလတာကာလသည် စစ်ပညာ အခြေခံ လေ့ကျင့်ရေး (under training) ကာလဖြစ်ပေရာ ထိုသုံးလအတွင်း ကျွန်တော်တို့သည် အဆိုပါ ဆရာသမားနှစ်ယောက်၏ လက်တွင်းသို့ သက်ဆင်းနေရလျှက် တပ်ပြင်ထွက်ခွင့် မရှိ၊ မိဘ ဆွေမျိုး ချစ်သူ ရည်းစားများနှင့် ဆက်သွယ်ခွင့်မရှိ၊ အပြင်မှ မုန့်ပဲသရေစာ ၀ယ်စားခွင့်မရှိ ဟူသော မရှိသုံးပါးနှင့် မိတ်ဆက် နေကြရကုန်လေသည်။ ကျွန်တော်တို့သည် ထိုဆရာနှစ်ဦးကိုသာ နာမည်ပြောင်ပေးကြသည် မဟုတ်ဘဲ စစ်ရေးပြ သင်သည့် ဆရာကြီးများကို နာမည်ပြောင် အမျိုးမျိုးပေးထားကြလေသည်။ ဥပမာအားဖြင့် အသံကျယ်ကျုယ် စူးစူးဖြင့် စစ်ရေးပြ သင်လေ့ရှိသူ၊ အရပ်ပုသလောက် လွန်စွာ အရစ်သန်လှသူ တပ်ကြပ်ကြီး သန်းငွေ ကို ပုရစ်၊ ရခိုင်သံဝဲ၀ဲဖြင့် စကားပြောတတ်သူ အရာခံဗိုလ် ဆရာကြီး ရွှေသာဖြူ အား ရခိုင်ကြီး စသည် ဖြင့် သူတို့ ကွယ်ရာတွင် နာမည်ပြောင် မျိုးစုံ ခေါ်ဝေါ်တတ်ကြလေသည်။ အဆိုပါ ဆရာကြီးတို့ကား ကျွန်တော်တို့ တတွေ ဗိုလ်လောင်းဘ၀တွင် တစ်စက်ကလေးမှ အလျှော့မပေးပဲ ပေါင်ကြား ချွေးယိုသည်အထိ စစ်ပညာကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးနောက် ကျွန်တော်တို့တတွေ ကျောင်းဆင်း၍ အရာရှိများ ဖြစ်လာကြသောအခါ သူတို့သင်ကြားပေးခဲ့သည့် တပည့် ဗိုလ်ကြီးများအား ခြေစုံရပ်ကာ သတိမတ်နေအောင် ဆွဲလျှက် အလေးပြုခဲ့ ကြသူများဖြစ်လေရာ ထိုကဲ့သို့သော အာစရိယကြီးတို့အား မည်သည့်အခါတွင် မေ့နိုင်အံ့နည်း။ ဆရာပုရစ်ကား စစ်ရေးပြ သင်ပြီဆိုလျှင် “ ဆရာကြီးကတော့ တစ်ပြားမှ မလျှော့ဘူး၊ တစ်ပြားမှ မလျှော့ဘူး ” ဟူသော သူ့လက်သုံးစကားကို တွင်တွင်သုံးလေသည်။ ဆရာစားမချန်၊ ပညာကုန်သင်ပေးမည်ဟု ဆိုလိုကြောင်း သိသော် လည်း ကျွန်တော်ကား လျှာအငြိမ်မနေနိုင်သူ ဖြစ်လေရာ သူ့စကား နောက်ကနေ လိုက်ပြီး “ ဒိုဘီဖိုး အကြွေးတွေကိုလား ဆရာကြီး ” ဟု နောက်ပြောင်မိသဖြင့် စစ်ရေးပြကွင်းကြီးကို ပတ်၍ ဂျွမ်းထိုးနေခဲ့ရ ဖူးလေသတည်း။

ထိုစဉ်ကာလက ဘ၀အမောများကို မိတ်ဆွေကြီး အောင်မှူးကား သူဝါသနာပါရာ ဖြစ်သော အောက်ပါ ကဗျာဖြင့် သရုပ်ဖော်၏။ ခံစားကြည့်ကြပါကုန် -
ဗိုလ်လောင်းတပ်ရင်း သင်ပုန်းကြီးဖတ်စာ
နံနက်ချိန်ခါ တေးသံသာ
ဆရာခင်ရဲ့ ခရာသံပါ၊
တန်းစီကာ PTပြေး
ဘယ်ညာ၊ဘယ်ညာ သူအော်ပေး။

PTအပြန်မှာ စားရိပ်သာ
ပျော့တူးမနပ် ထမင်းကြော်ပါ၊
ငုံးဥလိုလို ထိုကြက်ဥ
တနေ့တာအတွက် အားအင်စု။

စစ်ရေးပြ နဲ့ ဗျူဟာမှာ
ပုရစ်လေးသန်းငွေ အသံစွာ၊
စွန်ဇု လာရင်သတိထား
အပတ်ကြီးပြေးဖို့ ခြေထောက်တွေယား။

ညစာကြည့်ချိန် မီးပျက်သော်
ကျွန်တော်တို့တွေ အလွန်ပျော်၊
အိပ်ချင်မူးတူး ကင်းသမား
ကယောင်ကတမ်းနဲ့ စကားဝှက်မှား။

ဂျီသရီး(G 3)တလက် ငါးပိဿာ
အမေ့သားမောင် မမှု့ပါ၊
သေနတ်ထမ်းပြီး ဓါတ်ပုံရိုက်
ချစ်သူလေးက ဘဝင်တွေခိုက်
ကိုဥာဏ့်ခမျှာ လက်တွေကိုက်။ ………….(အောင်မှူး)

( မိတ်ဆွေကြီး အောင်မှူးကား နှယ်နှယ်ရရ မဟုတ်။ မျိုးနှင့် ရိုးနှင့် လာသူဖြစ်ချေ၏။ သူ့အဘိုးက ကမ္ဘာစစ်ပြန် စစ်သားဟောင်းကြီး ဖြစ်သည် ဆို၏။ မက်ဆိုပိုတေးမီးယား စစ်မြေပြင် ဆိုလား၊ ရိုမေးနီးယား စစ်မြေပြင် ဆိုလား မသိ၊ မဟာမိတ်တပ်ဖွဲ့များနှင့် အတူ တိုက်ပွဲဝင်ခဲ့သူ စစ်ပြန်ကြီးဖြစ်လေသည်။ ထိုအဘိုးဖြစ်သူမှာ မည်မျှ စွန့်စားခဲ့သည်တော့ မသိ။ မြေးဖြစ်သူ အောင်မှူးကား အဘိုး၏ စစ်သားဂုဏ်ကို လွန်စွာ စောင့်ထိန်းသူတည်း။ ရှုလော့။ ဗိုလ်လောင်းဘ၀က သူတာဝန်ယူသည်မှာ ဗိုလ်လောင်း တပ်ခွဲတပ်ကြပ်ကြီး ဟူသည့် (CQ) ဟူသော ရာထူးကိုသာ ဖြစ်လေသည်။ ထို CQ တာဝန်ယူသည့် ဗိုလ်လောင်းသည် တပ်ခွဲ၏ စားရေး၊ သောက်ရေးများကို သာ ကြီးကြပ်ရလျှက် PT ပြေးစရာမလို၊ တန်းစီစရာ မလို ဟူသော အခွင့်အရေးကို ပိုင်ဆိုင်လေရာ ဗိုလ်လောင်းတိုင်း မက်မောကြသော ရာထူးပေတည်း။ မိတ်ဆွေကြီး အောင်မှူးကား ငါးနှစ်တာ ကာလပတ်လုံး ထိုရာထူးပေါ်တွင် မြဲမြဲကြီး ခွထိုင်လျှက် ကျောင်းဆင်းခဲ့သူ ဖြစ်လေသည်။ စာရေးဆရာ အကြည်တော်၏ ဇာတ်ကောင် နှင့် လွန်စွာတူသည့် သူ၏ ရုပ်ရည်ရူပါမှာလည်း ထိုစဉ်ကတည်းက စ၍ စားရိပ်သာက ကျွေးသော ကြက်ဥပုံ ထွက်လာခဲ့သည်မှာ ယနေ့ အထိတိုင် ဖြစ်လေတော့သတည်း။ ဤကား စကားချပ် )

ဗိုလ်လောင်းဘ၀ အမှတ်တရများကို ရေးမည်ဆိုလျှင် ဗိုလ်လောင်းတပ်ရင်း၏ မင်းသမီးများကို ချန်လှပ် ထားခဲ့၍ မဖြစ်ပေ။ ဟယ် .. ဗိုလ်လောင်းတပ်ရင်းမှာ မင်းသမီးတွေလည်း ရှိသလားဟဲ့ ဟု အံ့သြမသွားကြစေလိုပါ။ အ၀တ်အစား လျှော်ဖွပ်ပြီး ဒိုဘီလာပို့သူ ဆရာကြီးများ၏ သမီးများ၊ ဆောက်လုပ်ဆဲ ဗိုလ်လောင်း အဆောင်များ တွင် အလုပ်လုပ်နေသူ ပန်းရံမလေးများ၊ ညနေဘက်နှင့် စနေ တနင်္ဂနွေ နေ့များတွင် ဈေးလာရောင်းသော ဈေးသည်မလေးများ စသည်တို့သည် မိန်းမ လွန်စွာ ရှားပါးလှသော ဗိုလ်လောင်းတပ်ရင်းတွင် မင်းသမီးများ ဖြစ်နေကြလေသတည်း။ နာမည်ပြောင် လွန်စွာပေးတတ်ကုန်သော ဗိုလ်လောင်းများ၏ စက်ကွင်းတွင် ထိုသူငယ်မလေးများသည်လည်း မလွတ်။ နာမည်အမျိုးမျိုး ရကြကုန်လေသည်။ ဗိုလ်လောင်းတို့၏ နာမည်ပေးကောင်းမှုကြောင့် မဆလာသယ်သူ ပန်းရံမလေးများသည်ပင် ပန်းရံဒေ၀ီ၊ မဆလာကေသီ စသည်တို့ ဖြစ်ကြကုန်လေသည်။ ဆရာကြီးကျော်တင့်၏သမီး ဒိုဘီသည် မည်းကြုပ်ကြုပ်လေးသည်လည်း သက်မွန်တင့်ဟု ကင်မွန်းတပ် ခံရပေ၏။ ဈေးသည်မလေးများမှာလည်း နာမည်ကိုယ်စီနှင့်။ ခုနှစ်မိုင်အေးချမ်းမေ ၊ နိုက်ဂျီးရီးယား သက်မွန်မြင့်၊ ဆယ်မိုင်ဂန္တ၀င် ဆိုတာမျိုးတွေတောင် ပါလိုက်သေးသည်။ သြော် ….. တတ်လည်း တတ်နိုင်ကြပါပေ့။ မိတ်ဆွေကြီး အောင်မှူးကား ပန်းရံဒေ၀ီများကို စပိုက်ဂဲလ်များဟု နာမည်ပေးပြန်၏။ သူကလည်း ခေသူမဟုတ်။ ညနေဘက် ရေချိုးဆင်းချိန်ဆိုလျှင် လေးထပ် အဆောင်များပေါ်က အဆိုပါ မဆလာသယ်နေသူ စပိုက်ဂဲလ်လေးများ မြင်သာအောင် သူ့လက်ဖျံရိုးနှစ်ချောင်းကို ဗလအတင်း ညှစ်ညှစ်ပြ နေတတ်ပေရာ တခါသော် ကျွန်တော်နှင့်ပင် ပက်ပင်းတိုး ခဲ့ဖူးလေသတည်း။

တစ်ချိန်သောအခါက ဤသို့သော ကိုးရို့ကားယား ရယ်စရာ မောစရာများ ပြည့်လျှမ်းလျှက် အပူအပင် အကြောင့်ကြမဲ့စွာ ပညာသင်ကြားခဲ့ရသော အချိန်များကို တစ်ခါတစ်ရံတော့ လွမ်းမိလေသည်။ ထိုစဉ်ကတော့ လွန်စွာ စိတ်ညစ်ညူးဖွယ် ကောင်းလှချည့်ဟု ထင်မှတ်ခဲ့ရသော်လည်း ယခုတော့ ထိုအချိန်များသည် အစားပြန် မရတော့သော လွမ်းမောဖွယ် အတိတ်က အရိပ်တို့ ဖြစ်ကုန်လေပြီ။ သြော် … ဘာလိုလိုနှင့် ထိုသို့သော ဘ၀ အရယ်အမောလေးများနှင့် ခွဲခွာခဲ့ရသည်မှာ လေးနှစ်တောင်ရှိခဲ့ပါပြီကော …..။

10 comments:

Anonymous said...

ကိုဥာဏ်ရေ
မခိုင်၊ငသေး၊ဘုမ၊စာကလေး၊
ကြက်ကလေး၊ဆိတ်မ၊
ကြက်ကုလား၊ကတုံး၊ဘီစီ၊ပေါင်ကြီး၊
ဘဲချေး၊ဂျုံလုံး၊
ခွက်ကြီး၊လိပ်ပု၊ဗိုလ်သု၊ဖတ်တီး
အားလုံးက တညီတညာတည်း ပြောကုန်ကျပြီ။
“မင်းကိုက ကိုဥာဏ်နဲ့ သွားပတ်သတ်တာကို၊
ခုတော့ လူပေါင်းမှားပြီ” တဲ့။
ခင်ဗျား ဗျာ.၊ဒါရိုက်တာယင် ကို ပြောရက်သယ်။

Anonymous said...

ကိုညဏ်လို့သူများခေါ်လို့ ကျွန်တော်လည်း ခေါ်လိုက်ပါဦးမယ်ဗျာ။ ကဗျာလေးတွေ ဖတ်ပြီးတော့ တကယ်ကို ပီတိဖြစ်မိတယ်။ ကျောင်းတော်ကိုလည်း လွမ်းတယ်ဗျာ။ အရင်ကတော့ လာဖတ်ဖြစ်တယ် အခုနောက်ပိုင်းမဖတ်တာကြာပြီး ဖတ်ရတာ ရင်ထဲကိုရောက်တယ်ဗျာ။ ခံစားချက်လေးတွေကို ရေးတာကြိုက်တယ်ဗျာ။ ကျွန်တော်လည်း ခံစားချက်လေးတွေ ရေးတာဆိုတော့ အချင်းချင်းလေးစားတယ်ဗျာ။ ဖြစ်နိုင်ရင် ကျွန်တော်နေရာလေးကိုလည်း လာရောက်ဖတ်ရှုပေးစေချင်ပါတယ်။ :P

Anonymous said...

ကိုဥာဏ်ကျွန်တော်ကွန်မန်းက လိပ်စာထည့်ဖို့မေ့သွားတယ် အဲဒါကြောင့် အခုလိပ်စာလေး ပေးလိုက်တယ်နော်။ www.koungkinyan.blogspot.com ပါ လာလည်နိုင်ပါတယ်။ အမြဲတမ်းကြိုဆိုပါတယ်။ ၀ါသနာအရစာရေးသားခြင်းဖြစ်တယ်ဆိုတာကိုတော့ ကြိုတင်ပြီး ပြောထားတယ်နော်။ ကျွန်တော်က အရမ်းအားကျတယ်ကိုဥာဏ်နဲ့ forever Army နဲ့ပေါ့ စာအရေးအသားကောင်းလို့ပါ။ Forever Army ကတော့ကျွန်တော်အထဲလာဖတ်ပါတယ်။ ကြိုးစားလိုက်ပါအုံးမယ်ဗျာ။

Anonymous said...

ဥာဏ်ကြီးရာ မင်းရေးတဲ့စာကို ငါတို့ဆရာသမားတွေ ဖတ်စေချင်လိုက်တာ ...သူတို့တွေများအင်တာနက်တွေဖွင့်နိုင်ခွင့် ...ဒီလိုဘလော့တွေဖတ်နိုင်ခွင့်..ရှိရင် .သိပ်ကောင်းမှာပဲ..ဆက်စပ်ပြီးလွမ်းစရာတွေလည်း ပေါ်လာတယ်...ကိုရွေဘုန်းလူ(ဆရာတာရာမင်းဝေစကားနဲ
့ပြောရရင်). ..
လွမ်းတယ် ကျောင်းတော်က နှင်းဆီ ရယ်..

Anonymous said...

အရမ်းရယ်ရတယ်။ ကျောင်းတော်ကြီးက ပျော်စရာတွေက ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရပေါ့။

မင်းသမီးနာမည်တွေ မိုက်တယ်။ မှည့်လည်းမှည့်တတ်ပါ့။ ဟ ဟ။ ကျမလည်း ကျောင်းတုန်းက ဆရာတွေကို နာမည်ပြောင်ပေးတာ အရမ်းဝါသနာပါခဲ့တယ်။ ကျောင်းသူ/သားများ တော်တော်ဆိုးတာပဲနော်။

စကားမစပ်၊ ကိုအောင်မှူးကလည်း ကဗျာရေးတော်သားပဲ။ :P

Anonymous said...

မင်းသားကြီး ကိုအောင်မှူးကတော့ စံပါပဲ။ မြ၀တီမင်းကြီးဦးစနဲ့လည်း အမျိုးတော်မလားပဲ။ ကိုအောင်မှူးသရုက်ကတော့ ကြက်ဥနဲ့တင်စားသွားတော့ ပုံစံကို ပုံဖော်ပြီး မျက်မှန်းတန်းစိတ်ကူးကြည့်လို့ရပြီ။ ကိုဥာဏ်ကြီးပုံကိုလည်း လေးနှစ်တာအမှတ်တရပုံဖော်လိုက်ပါအုံး။

Army Soul

Anonymous said...

ကဲ.....သူများ ကိုဥာဏ်ဆိုတော့လည်း
သနားလို့ ကိုဥာဏ် ပဲပေါ့ကွာ
စိတ်ထဲ ကတော့သိပ်မပါဘူး
ငါက ခေါ်နေကျအတိုင်းပဲ ခေါ်ချင်တာကွ
ကဲ ရှိစေတော့
အခုပို့စ် လေးက တော်တော်ကောင်းပါတယ်
ဖတ်ရင်းနဲ့ မျက်စိထဲမှာ ကျောင်းတော်ကြီးကိုတောင်
ပြန်မြင်ယောင် သွားတယ်
အောင်မှူး အြေ့ကာင်း ရေးတာတော့ အကောင်းဆုံးပဲ
သူက ငါးနှစ်လုံးလုံး စီကြူ လုပ်လာတာဆိုတော့........
အင်း ဟုတ်မှာပါလေ...သူဇာတိကို လည်းကြည့်လိုက်အုံး....

Anonymous said...

သူကျတော့ CQ လုပ်မလာတာကျနေတာပဲ... ဖွလိုက်ရမကောင်းဘူးနော်....နှမလေးမျက်နှာကြောင့်တာ.. ငှင်း..ငှင်း...

mgnge said...

ကို့ အကို ကြီးတွေ ကျောင်းတော်တွေ ကိုလွမ်းချင်း ချထာ တာတယ်ကောင်း သကိုးဗျ...။

လွမ်းပါဘိ

Anonymous said...

ဗိုလ်ကြီးရေ ခေတ်တွေပြောင်းကုန်ပီ ခုဆို၁၅တောင်ကျောင်းဆင်းပီဗိုလ်ကြီးကိုတွေ့လိုက်တယ်၁၅ရဲ့ညစာစားပွဲအောင်မြင်အောင်ကြီးကြပ်နေတာကျွန်တော်တို့ကတော့ဝိတ်တာပေါ့ဗျာ
ဗိုလ်ကြီးရဲ့တပည့်