ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Saturday, January 5, 2008

ရောမမှာပဲ ရောမလိုကျင့်ပါရစေတော့ အမေ

ရှေးထုံးမပါယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ၊အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ် အစရှိတဲ့ လူကြီးသူမများမှာကြား ခဲ့တဲ့စကားပုံ တွေများစွာက တကယ်ကို လိုက်နာအပ်တဲ့ ဥပဒေသလေး တွေပါ။ အခုလို ရှေ့တန်း တောကြီးတောင်ကြီး ထဲမှာလည်း သတိချပ်လို့ သိအပ်ခဲ့တဲ့ ဆိုရိုးလေးတွေလည်း မေ့ထားလို့မရသလို ဘယ်နေရာကတော့ ဒီကောင်တွေ ဖြတ်သွားဖြတ်လာ လုပ်တယ်၊ ရေဆိပ်က နွေဆိုတစ်နေရာ မိုးဆိုတစ်နေရာ ဘာတွေတော့ သတိထားပါ၊ ဆိုတဲ့ ရှောင်ရန်ဆောင်ရန်လေးတွေကလည်း စခန်းတာဝန်ချိန်းပြောင်းရတဲ့ တပ်တွေ အဆက်ဆက် လက်ဆင့်ကမ်းမှာကြားထားခဲ့ကြရတာပါ။ကရင်မှာက အမိနန်းကရိုင်း၊တောင်ပိုင်ဘိုးဘိုးကြီး၊ အမိုးအပါးကြီး၊တောင်ပိုင် မောင်နှမ အစရှိတဲ့ ဒေသပိုင်စိုးတဲ့ နတ်တွေအကြောင်းလည်း ထည့်မှာခဲ့ကြရပါတယ်။

ကျွဲကိုပစ်ရင် အမေနန်းကရိုင်းမှောင့်တယ်လို့ ပြောကြပါတယ်။ လက်တွေ့ကတော့ ကျွဲသတ်စားဖို့နေနေသာသာ ချောက်လှန့်တဲ့ သဘောနဲ့ပစ်ရင်တောင် ငပွေးကမကြေနပ်ရင် မိုင်း လာထောင်တတ်လို့ မည်သူမှ ဒီဒေသမှာ ကျွဲမပစ်ရအမိန့် ထုတ်ထားပါတယ်၊ စစ်သည်တွေလည်း ဘယ်သူမှ ကိုယ့်ဒုက္ခကိုမရှာကြပါဘူး မရှိရင် ဆားနဲ့စားနိုင်ပါတယ်။ တောလည်လည်းမထွက်ရဲကြပါဘူး မိုင်းပေါလို့ပါ။ဒညင်းသီးပင်တွေ့လို့ ခူးမယ်ဆိုရင်တောင် အပင်ခြေမှာ မိုင်းရှိ မရှိ စူးနဲ့ထိုးပြီးမှ ခူးကြရတာပါ။ အစားတစ်လုပ်ကြောင့် ခြေထောက်ပေးလိုက်ရတဲ့ စစ်သည်ကမနဲပါ။ အစားမတော်လို့ တန်ဆေး လွန်ရင်ဘေး ဆိုတာနဲ့ ပက်သက်ပြီးပြောရဦးမယ်။ ခမရ(၁၁၉)ပုသိမ်ကြီးတပ်က ကျွန်တော်တို့ညီလေးတစ်ယောက် နာမည်တော့မပြော တော့ပါဘူး။ဒညင်းသီးပြုတ်တွေပဲအစားများပြီး ဝမ်းအရမ်းချုပ်ပြီး မေ့သလို မျောသလို သတိလစ်ပြီး တပ်မ(ဘောစဲခို)ဆေးခန်းကိုတင် ရတဲ့အထိဖြစ်ပါတယ်။ သူ့ကြောင့် တပ်မမှူးက အမိန့်ထုတ်ပါတော့တယ်။တပ်တွေကအရာရှိ စစ်သည်တိုင်း ဒညင်းသီးတစ်ခါစား ၃ လုံးထက်ပိုမစားရ ဆိုပြီး။အဲဒီနောက် ကစပြီးသူ့ကို စီနီယာတွေက ဗိုလ်ဒညင်းလို့ခေါ်တော့ တယ်လေ။နောက်အရေးပါတဲ့အချက်တစ်ခုလဲ ရှိပါသေးတယ်။

အဲဒါက ဒီဒေသမှာ စစ်သည်တွေ ရေချိုးရင် အတွင်းခံ အသားကပ်နဲ့ ရေလုံးဝ မချိုးရ ဆိုတာပါပဲ (တောင်ပိုင်မောင်နှမက အပျို လူပျို မောင်နှမ ဖြစ်တဲ့အတွက် သူတို့က ရှက်ပြီး အဲဒီလူ အဲဒီတပ်ကိုကျိန်ဆဲပါသတဲ့) ယုံတာ မယုံတာ အပထား လူတိုင်းတော့ လိုက်နာကြရပါတယ်။အဲလိုချိုးမိတဲ့သူ သို့မဟို့ အဲဒီတပ်က မိုင်းဖြစ်စဉ် တစ်ခုခုဖြစ် မဖြစ်ရင် အပစ်အခတ် လေးတော့ကြုံရတာပါပဲ။ နန္ဒအောင်တို့ကတော့ ဘောလုံးကန်ဘောင်းဘီတိုကို ဈေးပေါပေါ မန္တလေး ဈေးချိုထဲကသွားမွှေ ဝယ်လာပြီးသား။ ဘော်စဲခို၊ ပလက်ခို၊ဗျက္ကောကွင်း၊မောလော၊လွယ်မူပလော၊စောမူပလော တစ်ဝိုက်မှာက ရွာမပြောနဲ့ လူနဲ့သူနဲ့ တူတာကို လုံးဝကို မရှိချင်မရှိတာပါ ကျွဲတွေကတော့ ဥဒဟို သွားလာနေတာပါပဲ၊ တပည့်တွေ(ဟင်းလုပ်တဲ့) ကောက်ကောက်ညွန့်ကို ရေချောင်းစပ်စပ်တစ်လျှောက်တွေမှာ ခူးနေကြနေရာကို ဒင်းကျွဲအုပ်တွေ အရင်ဦးသွားလို့ကတော့ အရွက်ကြော်ကောင်းကောင်းလေးတောင် ငတ်ရတဲ့အဖြစ်လေ။ ခြောက်လှန့် မောင်း ထုတ်ရုံကလွဲလို့ ဘာမှမတတ် နိုင်ကြပါဘူး။ကရင်ငပွေးကိုကြောက်လို့တော့ မဟုတ်ပါဘူး။အမိန့်လည်းရှိနေတာရယ်၊ဘယ်သူမှလည်း ဖြစ်စဉ်တွေမကြုံတွေ့ကြစေချင်လို့ပါ။

နန္ဒအောင်အကြိုက်ကတော့ မှိုမျိုးစုံပါပဲ။ ခက်တာက တပ်မတော်မှာ မည်သူမှ မှိုမစားရ အမိန့်ထုတ်ထားပါတယ်၊ ဒါကလည်း မှိုဆိပ်သင့် အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေများလာလို့ပါ၊ မစားစေချင်လို့ ဗိုက်ဝမှာစိုးလို့မဟုတ်၊ ပလောင် တပည့်ကျော်လေးတစ်ကောင် က မှိုနဲ့ပက်သက်ရင် ဝါရှိ သဘာရှိ ဆရာကြီးတွေတောင် သူ့ကို လက်ဖြားခါရပါတယ် သစ်ပင် သစ်တုန်း မြေကြီးပေါ်က တွေ့တဲ့ မှိုတွေကို ယူလာပြီး ဆားရယ် ဘာမှန်းမသိတဲ့ အရွက်တွေနဲ့ ထည့်ပြုတ်ပြီးမှ သူ့အထက်က တပ်ကြပ်(ထမင်းချက်တာဝန်)ကိုချက်စေပါတယ်။ အရင်က စားလို့မရဘူးလို့ထင်ထားလှည့်တောင် မကြည့်ခဲ့တဲ့မှိုတွေ ငိုရပါတယ် ဒီကောင်နဲ့တွေ့တော့။ ကျွန်တော်တို့လူပျိုကောင်တွေက အကြော်အလှော်လည်း သိပ်ပါကြတာမဟုတ်ဘူးလေ။ ပါလာကြတဲ့ အိမ်ထောင်သည်တွေလည်း ကုန်ပြီလေ ဒီလောက်ကြာမှတော့။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကျွန်တော့်ညီလေး များ 47th ကတပ်စုမှူး ၃ ယောက်ကတော့ ပွတ်ချွန်းလိပ်တာ တော်တော်ကျွမ်းကျင် သွားကြပါတယ်။ LONDON လက်ကြားက မချခဲ့တဲ့ကောင်တွေ ပြက်လက်မှုစကြုံရတော့ တစ်ခြားဆရာ ရဲဘော်တွေဆီက အသင့်လိပ် ထားပြီးသားပွတ်ချွန်းလိပ် တောင်းသောက်ကြတာပါ။

အခုကြ အံမယ်သူတို့က ကိုယ်တိုင်လိပ်ပြီး သောက်ရတာက ပို feel ရှိတယ်ဆိုပဲ။ အခုလည်းစခန်းက ပဒါးချောင်း(ကားလမ်းကိုဖြတ်ဆင်းသွားတဲ့နေရာ)နားက ၁၆ မိုင်စခန်းမှာ စခန်းချ နေကြတာပါ။အောင်မင်းကျော်ကုန်း (ညီလေးအောင်မင်းကျော်တို့ကျခဲ့တဲ့ ကုန်းလေးကို အောင်မင်းကျော်ကုန်းလို့ ခေါ်ကြတာလေ) မလှမ်းမကမ်းမှာပါ။ ကိုယ့်နေရာစခန်းလေးကို အတတ်နိုင်ဆုံး လုံခြုံအောင်ဆိုပြီး ဝါး ကျားလန် လေးတွေထပ်ကာလို့ လမ်းကြောင်းလုံခြုံရေး လုပ်နေကြရတာပေါ့။ ညညအရမ်းအေးလည်း မီးမဖိုကြပါဘူး။ ရန်သူလာချောင်းပစ်ရင် အနေအစားပျက်လို့ပါ။ နန္ဒအောင်တို့တစ်တွေ ကတော့ဘယ်လောက်ပဲပင်ပင်ပန်းပန်းသွားရ လာရ ညတွေမှာတော့ အိပ်မပျော်ခဲ့တာအမှန်ပါပဲ။ အေးတာက တစ်ကြောင်း ကင်းသမား ရဲဘော်များကို စိတ်မချတာကတစ်ကြောင်း၊နောက်ပြီး ပဒါးချောင်းကြီးနဲ့လည်း နီးနေတော့... ဒီကောင်တွေက(ငပွေး)ချောင်းအောက်ကနေ အချိန်မရွေးတက်လာနိုင်တယ်လေ။ စစ်ကြောင်းမှူး တပ်ခွဲမှူး တပ်စုမှူး အရာရှိအားလုံးနဲ့ ဆရာကြီးတိုင်းကတော့ အိပ်မောကျတယ်ဆိုတာ ဗလာနတ္ထိ မရှိခဲ့ရိုးအမှန်ပါပဲ။

ကျွန်တော်တို့တွေဆို နောက်တန်းမှာနေရတုန်းက ညညဘောလုံးပွဲတွေကြည့် ။မိန်းရှေ့က friends တို့ game ဆိုင်တွေမှာတို့ သွားထိုင် တစ်ခါတစ်ခါ ကန်တော်ကြီးဘက်ထိ သွား Beer သွားသောက်ကြတာပါ။ အချိန်မရှိမှ ပြန်လာ ပြီးမနက်ဆိုတော်တော်နဲ့အိပ်ယာက မနိုးကြ တော့ပါဘူး။ သြော် ...အခုများကြတော့လည်း....... နေ့တိုင်းအစောကြီး ထတာနဲ့ နောက်ဆုံးကင်းသမားတောင် မနက်ခင်း တပ်မတော်လက်ဘက်ရည်ချိုကျဲတောက်တောက်လေး ဖျော်ဖို့ မီးမပျိုးသေးပါဘူး။ BBC ,VOA တို့တောင် နိုးတာနဲ့နားထောင်ရအောင်လို့ ရှေ့ကို ၁ နာရီခွဲလောက်စောပြီးလွှင့်ပေးဖို့တောင် အကြံပြုရင်ကောင်းမလားလို့။ ဒီလိုနဲ့ ဝေလီဝေလင်း ဘုရားဝတ်ပြု မေတ္တာပို့ အမျှတွေဝေရင်း မနက်ခင်းတိုင်း မိုးလင်းခဲ့ရပါပြီ အမေရေ........... သား လေ ရောမ ရောက်တုန်းပဲ ရောမ လို ကျင့် ပါတော့မယ်...
နေလွမ်းသူ

Read More...