ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, February 8, 2008

အခိုက်အတန့်လေးများ

MSc ပြန်တက်ရမယ့် စစ်ဆေးက အစ်ကို(ဗျူဟာက ဆေးဗိုလ်ကြီး)နဲ့ မိုင်းထိလူနာထမ်း ၂ ထမ်းကို မူသဲရွာ(မူသဲဗျူဟာ) ဘက်ကနေ ကျွန်တော်တို့တပ် စစ်ကြောင်း ၁ က လက်ရှိ စခန်းချနေရာ ပဒါးချောင်းနားက ၁၆ မိုင်စခန်းထိလာပို့ပါတယ်။အဲဒါကိုကျွန်တော်တို့ စစ်ကြောင်း ၂ ကလက်ဆင့်ကမ်းလို့ ဟိုးအနောက် တပခတပ် စခန်းထိုင်တဲ့ကပ္ပါယ်စခန်း ကိုထပ်ပို့ရမယ်လေ။ အဲဒီကနေမှ ကျောက်ကြီးဗျူဟာကိုဆက်ပို့ကြမှာပါ။ မနက်စာကို ၁၀း၃၀ လောက်မှာအပြီးစားလို့ ကျောပိုးအိပ်မပါ သေနက်၊equipments နဲ့ပဲ နန္ဒအောင်တပ်ခွဲက point စထွက်ပါတယ်။ အောင်မင်းကျော် ကုန်း(သူတို့တွေ ဆွဲမိုင်းနဲ့ကျခဲ့တဲ့ကုန်း)ကဖြတ်တော့ ယမ်းနံ့ ညှော်နဲ့ ညှီစို့စို့အနံ့တွေကရနေဆဲပဲ။

ပွိုင့်ကခန တန့်နေတာနဲ့ တစ်ယောက်စီ ဆက် ဆက်မေးလိုက်တော့ ခွေး ၁ ကောင်တွေ့လိုက်လို့ သေချာရှင်းနေတာတဲ့။ခွေးတွေ့တာပဲ ဘာဆန်းလို့လဲ လို့ထင်စရာရှိမယ်။ ဒါပေမယ့် ဒီတောထဲတောင်ထဲမှာတော့ထူးဆန်း ပါတယ်၊ ဒါ ငပွေးလာချောင်းရင်းနဲ့သူတို့ခွေးပါ ပါလာတာပါ။ ခနတန့်တုန်း ကျွန်တော့်တပ်ခွဲ ဆက်သွယ်ရေးစက်ကိုင် ဆရာကြီးအုန်းမြင့်က မိုင်းကွဲပြီး မွစာကြဲနေတဲ့နေရာကို စူးနဲ့ လိုက်ဆွရင်း ဝါယာကြိုးအပိုင်းအပြက်တွေကို ယူနေပါတယ်။ ဝါယာကြိုးက ဖိနပ်ချုပ်မလား၊ ကျောပိုးခြင်းကို ချုပ်မလား(ကျောပိုးအိပ်တွေကကြာတော့ ကိုင်းပျက်တာနဲ့ ဝါးနဲ့ခြင်း၊ပလိုင်း ရက်ပြီးထည့်လွယ်ကြတာပါ) ရေဒီယို အင်တင်နာကြိုးလုပ်မလား.. အသုံးတည့်တယ်လေ။ နောက်တော့ဓါးထုပ်ပြီးသေချာကြည့်ပြီးမှ ကျွန်တော့်ကို ခေါ်ပါတယ်။သွားကြည့်တော့ အားလားလား... မကွဲဘဲကျန်နေတဲ့ မိုင်းတစ်လုံးပါ။ ပုံစံကကျွန်တော်တို့နဲ့မရင်းနီးပါဘူး။ (နောက်မှသိရတာက)ခုန်ပျံရှပ်ကွဲမိုင်းပါ။ အရွယ်က အချင်း ၅ လက်မလောက် သံဖြူရောင် ပူလီဘီးလုံးပုံ အမြင့် ၆ လက်မလောက်ရှိ Foreign Made(SOC) သူက ဓါတ်ခဲ(ဝါယာရှော့) တို့လိုက်တာနဲ့ ချက်ချင်းမကွဲပါဘူး အစပျိုးယမ်းပိုင်းပေါက်တာနဲ့ မြေပြင်ကနေအပေါ်ကို ၄ ပေလောက်ကို ကြွတက်သွားပြီးမှ လေပေါ်မှာထပ်ဆင့်(စက်ဝိုင်းပုံ)ပတ်လည်ကွဲပါတယ်။ တစ်ခြားမိုင်းတွေအရင်ကွဲပြီး သူ့ကို ဆက်တဲ့ဝါယာတွေကပြက်တောက်ကုန်လို့သူက အတိုင်းသားမြေသားဖွဖွထဲမှာကျန်နေခဲ့တာလေ။ မိုင်းဆိုတာမျိုးကလည်း အစပျိုးယမ်းပိုင်းကို မီးမကူးလို့ကတော့ သူမဟုတ်တဲ့အတိုင်းပဲနေတတ်ကြတာများတာကိုး။


ဒီလိုနဲ့ကပ္ပါယ်စခန်းကိုရောက်ကြပါတယ်။အေးဆေးနားပြီးလွှဲစရာရှိတာတွေလွှဲပေးလိုက်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေလည်းဈေးဆိုင်တန်းမှာဟင်းချက်စရာလေး စားစရာလေးတွေ၊ ဆေးပြင်းမှုန့်တို့၊ အုဌ်တွင်းက ကြယ်နီဆေးလိပ်တို့ဝယ်ကြပါတယ်။ ကျောက်ကြီးဝန်းကျင် ရွာတွေကဈေးဆိုင်လေးတွေဆောက်လို့ ဆိုင်လေးတွေနဲ့ ဈေးရောင်းကြတာပါ။ ကော်ဖီမစ်တို့ အအေးတို့လည်းရပါတယ်။ခနနေတော့ ပုသိုင်းမွှေး မုတ်ဆိပ်မွှေးတွေနဲ့ ကာဘိုင် ထမ်းပြီး ဗိုလ်မှူးငြိမ်းချမ်း(ယခင်က စစ်တက္ကသိုလ် နည်းပြ-ကျွန်တော်တို့ ဆရာ)ရောက်လာပြီး နှုတ်ဆက်ပါတယ်။သတင်းတစ်ချို့ပါပြောပြပါတယ်။

သံဘိုဘက်ကနေ သစ်ခေါက်ခွာ ထွက်လာတဲ့ ရွာသား သား ၃ ယောက်စခန်းကို သတင်းပို့ပြီး အရှေ့ဘက်ဆီထွက်သွားတာ ၂ ယောက်ကို ငပွေးလာဖမ်းသွားပါတယ် ကျန် ၁ ယောက်က သစ်ပင်ပေါ်မှာ အသံမထွက်ဘဲ ကြည့်နေတော့ ပျောက်ကျား ဘောင်းဘီဝတ် ၁ ယောက်၊ ဘောင်းဘီအတိုပုံစံ နဲ့ ၃ ယောက် သေနက် ၂ လက်ကိုင်ထားပါတယ်တဲ့။ အဲဒါနဲ့ သံဘို(ကျောက်ကြီး)ဘက်ကို မပြန်ရဲတော့ဘဲ အောက်ဈေးတန်းမှာပဲ ကပ်နေနေတဲ့ ကာယကံရှင်ရွာသားကို မေးကြည့်တော့ ကရင်ငပွေးတွေ ဖြစ်ကြောင်း ရွာသားကို ဘာလို့ဖမ်းရတာလဲမေးတော့ ဆောင်းအကုန် တောင်ယာသစ် ခုတ်ဖို့ အတွက် ဖမ်းတာဖြစ် နိုင်ကြောင်း၊ ဟိုးအရင်ကလည်းအဲလိုမျိုးအဖမ်းခံရသူတွေ တောင်ယာ အသစ် အတွက် သစ်ပင်တွေခုပ်လှဲ သစ်မြစ်တွေ တူးလို့ လုပ်ကွက်ပြီးမှ မျက်နှာကို အဝတ်နဲ့ စီးပြီး ပြန်လွှတ်ပေး တာမျိုးရှိကြောင်း သစ်လုံးကာ အချုပ်လိုမျိုးတွင် ထားပြီး မိုးလင်းက မိုးချုပ် တောင်ယာမနားတမ်း ခုပ် ရှင်းရကြောင်း ထမင်းနဲနဲ ဆား နဲ့ ငပိ နဲနဲထည့်ပေးတာကိုပဲ နေ့တိုင်း ကျွေးကြောင်း ပြောပြ ပါတယ်။ အခုတော့သူလည်း ဒီအဖွဲ့တွေနဲ့ပဲသံဘို၊ ကျောက်ကြီးကို ပြန်လိုက်ချင်ကြောင်းပြောပါတယ်။ ခနအကြာတော့ အနောက်ဖက်ဆီကနေ ဖောင်း..ဂျိုင်း .. ဆိုတဲ့ အသံကြားရပါတယ်။ ဗိုလ်မှူးငြိမ်းချမ်း မျက်နှာကိုကြည့်တော့ ငါ့ကောင်တွေဘက်ကပါတဲ့....ဆရာက Broken style နဲ့ အေးဆေးပြောလာပါတယ်။ သိပ်မကြာ ပါဘူး မိနစ်၂၀ လောက်ကြာတော့ စစ်ကားထဲက သူပုန်တွေလို ပုံစံတွေနဲ့ တပခ စစ်သားများဝင်လာပါတယ်။လှုပ်ရှား(သို့)ပျောက်ကျားတပ်ခွဲ ဒီအဖွဲ့တွေကို လက်ဆင့်ကမ်း ဆက်ပို့မယ့်အဖွဲ့ပါ။ တပ်ခွဲမှူးဆိုသူလာမှ သေချာ ကြည့်တော့ နန္ဒအောင်တို့ တစ်ပါတ်စဉ်ထဲ နဖူးပေါ်မှာ လေယဉ်ကွင်းဖောက်ထားတဲ့ ပြောင်ကြီး(nick name) ဖြစ်နေတာကိုး... ၂ ယေက်သား ဝမ်းသားအားရ ပွေ့ဖက်နှုတ်ဆက် ဖြစ်ပါတယ်။

ခနနားကြတုန်း ခနက အသံက ဘာလဲမေးကြည့်တော့ အေး မသင်္ကာလို့ ပစ်ရှင်း ရှင်းလာတဲ့ .. အမ်.. ဘာပစ်တာလည်းမေးတော့ MA-10ပစ်ထည့်လိုက်တာ..တဲ့။ အငယ်ကကျည် ချွေတာရပေါ့ကွာ..တဲ့(အမ်အေ ၁၀ ဆိုတာက ပုခုံးထမ်းဒုံးပစ်လောင်ချာ-RPG ကိုခေါ်တာပါ) ငါကဒီစခန်းနဲ့သံဘို(ကျောက်ကြီးဗျူဟာ)အကြားမှာလူနဲနဲလေးနဲ့ လှုပ်ရှား နေရတာလေ တဲ့။ သင်တန်းလေး ဘာလေးမတက်ဘူးလားမေးတော့ တော်ပါပြီကွာတဲ့ မဟာ(MSc,MA)တွေ ပြန်ခေါ်ကတည်းက စိတ်ဓါတ်ကျဆင်းခြင်းများစွာနဲ့ နေလိုက်တော့တာ...တဲ့။မင်းနေရာကရော အေးဆေးလားဆိုတော့ မအေးဆေး နေမလားကွာ .. သူတို့ ရွာပုန်းသား(အနီးအနားမှာမရှိဘဲ မထင်မှတ်တဲ့ တောတောင်ထဲမှာ ၄-၅-၁၀ အိမ်လောက်နဲ့ ရွာလုပ်ထားတာပါ) မိန်းမတွေ ကျောက်ကြီးဘက်ကိုဈေးဝယ် တက်တဲ့အခါ ငါ့ ဧရိယာထဲကပဲ ပေါ်တင်ဖြတ်သွားနေကြတာ၊ ငါတို့လည်း ဘာမှမလုပ်ဘူးလေ...အေး ဓါတ်ခဲတော့ သယ်ခွင့် မပြုဘူး..တဲ့ အဲဒါနဲ့ ကျွန်တော်ကလည်း ဟ အေးပေါ့ဟ လဒရ သူတို့ကိုဓါတ်ခဲ သယ်ခွင့်တာ ပြုလို့ကတော့ မင်း ကိုယ့်နားထင်ကို ဒီဟာလေးတာ တေ့ဖြုတ်လိုက် ဆိုပြီး နောက်မိပါတယ်။(ဒီဒေသမှာ ငပွေး မိုင်းထောင်တဲ့အခါ ဓါတ်ခဲက အသက်ပါ) ရွာပုန်းတွေ ရှိတဲ့ဘက် တောင်ယာခင်းရှိတဲ့ဘက် တောထဲကို မိမိလူများ သွားခွင့်မပြုပါဘူး။သွားလည်း မသွားကြပါဘူး။ တောင်ယာစိုက်ခင်းကို ကျွဲ နွားမဝင် နိုင်အောင် သစ်ချောင်း ဝါးလုံးများတန်း ကာထားပါတယ် လူတော့အလွယ်တကူ ကျော်ဝင်ဝင် ငုံ့ဝင်ဝင်ရတဲ့ အနေအထားပါ.. ဒါပေမယ့် ၇၅ % ကတော့ မိုင်း ကားထားပါတယ် .. အခုလာပို့တဲ့ လူနာထမ်း ၂ ထမ်းမှာ စကားပြောနိုင်တဲ့ တစ်ယောက်က တောကြက်ထောင်ဖို့ သွားရင်း တောင်ယာအဟာင်း ဘက်ကို သီးပင် စားပင်ရှိ မရှိသွားကြည့် စည်းရိုးနား အရောက်မှာ မိုင်းနင်းမိပါတယ်.. စဖြစ်တော့ ခြေဖဝါးတွေ ဖွာထွက်ကုန်ပါတယ် အခုတော့ တဖြည်းဖြည်းနဲ့ ဒီနေ့ရောက်တဲ့အထိ ခြေသလုံးက ဖြတ်ထားရပြီး ပတ်တီး အထပ်ထပ် စည်းထားတာပါ။ သူ့နားကဖြတ်သွားတာနဲ့ အနံ့တွေတောင်ထွက်နေပါတယ်။ အတူတူ ခရီးဆက်ထွက်ရမယ့် ဆေးဗိုလ်ကြီးက သူတို့တွေကိုအားပေးလို့ တစ်မျိုး ဆေးတိုက်လို့တစ်ဖုံ ပြုစုလို့ချော့မော့လို့။ ကျွန်တော်တို့ကတော့ ဖုန်းနံပါတ်ရေးပေးပြီး ဘယ်သူ့ကိုတော့ ဘာပြောပေးပါ၊ ဒီစာကိုထည့်ပေးပါ ဘာညာ မှာစရာလေးတွေကို ကျည်လွတ်မြေကို ပြန်တော့မယ့် အစ်ကို ကိုသေချာထပ်မှာကြပါတယ်။ နောက်ပြီးတော့ အစ်ကိုကြီးရေ Attention တွေအားလုံးကင်းလွတ်ပြီး ရန်ကုန်မြေကို ချေချမိတာနဲ့ ရွှေတိဂုံဘုရားကြီးမှာ ညီလေးတို့တစ်တွေအားလုံး အေးချမ်းစွာနဲ့ ဒီနေရာကြီးက အမြန်ဆုံးပြန်ရဖို့ ဆုတောင်းပေးဖို့ မမေ့ပါနဲ့ဗျာ.......လို့ နာရီပိုင်းအတွင်းမှာ အစ်ကိုကြီးတို့ထိတွေ့ခွင့်ရတော့မယ့်နေရာနဲ့ ဒီနေရာဒီဒေသ အခြေအနေချင်းက လုံးဝကို ကွာခြားသွားတော့မှာလေ....သိပ်မကြာတော့တဲ့ အခိုက်အတန့်လေးမှာပေါ့ ... တကယ်ကိုမကြာတော့ပါဘူး .....
နေလွမ်းသူ

0 comments: