ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Wednesday, February 20, 2008

မသေရင် နေပါစေတော့

မောလောစခန်း ကိုခေတ္တသွားရောက်ပူးပေါင်းပါ ဆိုတဲ့ တပ်မမှူးရဲ့ အမိန့်အရ ကျွန်တော်တို့ စစ်ကြောင်း(၁) ဗိုလ်မှူးအောင်တင်မိုး ဦးစီး တပ်ခွဲ(၁)ခွဲ နဲ့ ဝန်ဆောင်ထိန်း တပ်ခွဲကတပ်စု (၂)စု ဘော်စဲခိုတပ်မ စခန်းကုန်းရဲ့ တောင်ဘက်စူးစူးလောက်မှာရှိတဲ့ ကျွန်တော်တို့တပ်ရဲ့ စစ်ကြောင်း(၂)ကိုတိုးကြီး(ဗကတိုးမြင့်ကျော်)ဦးစီး စခန်းထိုင်နေတဲ့ မောလော စခန်းကြီး ဘက်ကိုထွက်ခဲ့ကြပါတယ်။

အမှန်အတိုင်းဝန်ခံရရင်တော့ အခုလိုမိုးတွင်း နေ့တိုင်း မိုးရွာနေတဲ့အချိန်မျိုးမှာ တဲနဲ့ယာနဲ့ အခြေတကျနေ နေရတဲ့အနေအထားကနေ ဘယ်ကိုမှ လှုပ်ရှားခရီး မသွားချင်ကြတာအမှန်ပါ။ ထုံးစံမဟုတ်တဲ့အချိန် ထမင်းစားချိန်နီးမှ ကပ်ပြီး ထွက်ခဲ့ကြပါတယ်။ ထွက်ကတည်းက မိုးကတစ်ဖျောက်ဖျောက်စိုစိုစိစိနဲ့ပါ။ လမ်းက စခန်းကုန်းငယ်လေးတွေကိုပါ မှာစရာရှိတာမှာ ရန်သူ့လှုပ်ရှားမှု သတင်းချပြ ဆက်ထွက် ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနဲဆုံး ခြေလှမ်း ၂၀ ခွာလျှောက်ကြဖို့ထွက် ကတည်းကတဖွဖွ မှားထားရပါတယ်။ဆွဲမိုင်းနဲ့ ခြုံခိုတိုက်တာမျိုးဖြစ်လာတဲ့အခါကြ လူစုပြုံနေရင် အကုန်လျှော မှာလေ။ခွါပြီးလျှောက်တော့ အကယ်၍ ဆွဲမိုင်းအဆွဲခံရတယ် ထားဦး ၁ ယောက်တစ်လေပဲထိနိုင်မှာမို့လို့ပါ။ ဒီလောက်မှာတာကို တစ်ယောက်ဖိနပ် တစ်ယေက်တက်နင်းမိအောင်အထိ ပူးရင်ပူသွားတတ်တာမျိုးပါ။ နန္ဒအောင်တို့လည်း ကျောပိုးအိပ်ကိုယ်စီနဲ့။ မယူလို့ကမဖြစ်ဘူး ဟိုရောက်မှ မြေပုံညွှန်းချပေးပြီး ဘယ်ကိုသွားပါ ရှင်းပါလင်းပါဆိုရင် ဘာမှမပါလာရင်ဒုက္ခ။

ဒီတော့ မဖြစ်မနေအသုံးအဆောင်လေးတွေ အဝတ်စားအနွမ်းလေးအပိုတစ်စုံ ဝါကျင့်ကျင့်ရောက်ယူနီဖောင်းလေးအပိုတစ်စုံနဲ့ ဘကြီးဘုန်းကြီးအဆောင်၊ အမေ့ထမီ ထက်ဆင်ကြိုးကအစ ထည့်ယူလာတယ်လေ။(စိတ်ချ ကောင်မလေး ဓါတ်ပုံတော့မပါ ပါဘူးဗျ..အဟဲ) မိုးကလည်းတဖွဲဖွဲနဲ့ ရွှဲနစ်အောင်ရွာပါတယ်။ လူတွေလည်း တဘုန်းဘုန်း ချော်လဲကျပါတယ်။ မိုးကာစ ကိုခြုံထား ပေမယ့်ကြာတော့လည်းတစ်ကိုယ်လုံးကတော့ ကြွက်စုတ်ဖြစ်နေပါတယ်။မိုးသံ ချောင်းရေကျသံအပြင် လမ်းဘေးဘယ်ညာကိုလည်း မျက်စိကစားသတိထားနေပါတယ်။ငပွေးကပြောရတာမဟုတ်ဘူးလေ။ မြေကြီးကို နင်းတာ အောက်ကိုကြည့်တာမျိုးတော့ မလုပ်နိုင်တော့ပါဘူး ရေတွေစီး ဗွက်တွေထနေတဲ့ ဒီမြေသားမှာ ချော်ပြီး မလဲအောင်သတိထားနေရချိန်မှာ နင်းမိုင်း(မြေမြှုပ်မိုင်း)ကတော့ ကမ္မသကာ လို့ပဲသဘောထားသွားနေကြရ တာပါ။တကယ်တမ်းတိုက်မယ်ဆို ရန်သူက အလစ်မှာ ဘေးကနေဒုတ်နဲ့ဝင်ရိုက်သွားရင်တောင်ခံရမယ့်အနေ အထားပါ။ ကိုယ့်မိုးကာပေါ်ကို ရေကျသံနဲ့ အပေါ်ကမိုးကျသံ သစ်ပင်ဝါးပင်ကြီးတွေပေါ်ရေကျသံတွေကရောထွေး ဆူညံနေပါတယ်။ ခြေထောက်ကဖိနပ်အပေါ်ခြေအိပ်နဲ့ ဘောင်းဘီလွတ်နေတဲ့ နေရာကိုလည်း လက်ကစမ်းရတာ အမောပါ။ကျွတ်က အသားကုန်တွယ်တယ်။အခုလိုမိုးစိုစိုနဲ့ ရေစီးကြောင်းငယ် ချောင်းငယ် ချောင်းကြီးကိုဖြတ်ပြီ ဆိုတာနဲ့ခြေသလုံးမှာ ၂ ကောင်လောက် ကတော့ကပ်ပါလာပြီးသားပါ။ယားလို့လက်ကစမ်းလိုက်မှာ အလားလား သကောင့်သားက ဖောင်းကြွဝဖီးနေပြီလေ။ခွါချလိုက်တာနဲ့အဲဒီနေရာအပေါက်လေးကနေ သွေးကမနားတမ်းယိုစီး ထွက်တာကအဆိုးဆုံးပါ။တကယ့်ကိုသွေးအားနဲစေပါတယ်။ကျွတ် သတ္တဝါပေးတဲ့ ဝေဒနာက အဲဒီမှာတင်မပြီးသေး ပါဘူးအခန့်မသင့်ရင် ယားနာလိုမျိုးအနာဖြစ်ကျန်ခဲ့စေတယ်။

အထူးသဖြင့်ရဲဘော်တွေ ကုပ်ရင်းကုပ်ရင်းနဲ့ အနာ ရင်းခြေထောက်ယောင်တဲ့အထိ ဖြစ်ကြပါတယ်။ နေ့လည် ၁ တစ်နာထိုးလောက်မှာတော့ ဆာလောင်မှုကိုမရပ် တန့်နိုင်ကြတော့တာနဲ့အညီ စစ်ကြောင်းကိုခနတန့် ဒီအတိုင်း ဘေးမထွက်ဘဲ ထမင်းစားမယ်။ နာရီဝက်ရမယ် ဆိုတာနဲ့ နန္ဒအောင်တို့လည်း ကျောပိုးအိပ်ကိုရေစီးကြောင်း လွတ်ရာလေးမှာချလို့ ဖင်ခုထိုင်ရင်းတပည့်ကျော် ပြင်ပေးတာကိုစောင့်နေမိပါတယ်။ တပည့်ကျော်က ပန်းကန်ပြားလေးကို မိုးရွာခံလို့ဆေးပြီးထမင်းဟင်းထည့်ပြီး ပေးလာပါတယ်။ ဇွန်းကဘယ်မှာထည့်မှန်းမသိတော့တာနဲ့ ဘေးကသစ်ပင်သစ်ခက်တွေကို လက်နဲ့မိတ်ဆက်ပြီး လက်ဆေးလိုက်တော့ သန့်ရှင်းသွားပါတယ်။ မြစ်ပြုတ်သုပ်၊အသားတုကို ငရုပ်သီးမှိုတက် လေးနဲ့ ရောကြော်ထား တဲ့ဟင်းက ဆာနေတော့လည်း စားလို့ကောင်းနေပါတယ်။ ပန်းကန်ထဲကို မိုးရေကျနေတာကို ခြုံထားတဲ့ မိုးကာနဲ့ ကွယ်ထားပေမယ့် ခေါင်းခန ငုံ့လိုက်တိုင်း ဆောင်းထားတဲ့ ဦးထုပ်ကနေမိုးရေတွေက ရေခွက်နဲ့ လောင်းထည့်သလို တစွက်စွက်ကျနေတော့ထမင်းဟင်းတွေကိုလက်ကအုပ်လို့ရေစစ်စစ်ချ ရတာက အလုပ် တစ်ခုပါ။ဟင်းချိုတို့အရေသောက်ဟင်းပါမှထမင်းမြိန်တဲ့နန္ဒအောင်တို့အတွက်ကတော့ထမင်းမိုးရေဆန်းလေးက တော်တော်အဆင်ပြေနေသား။ဆရာကြီးတစ်ယောက်ကသခွားသီးလိုပုံစံ အသီးလေးတွေလာပေးတယ်။ ဟုတ်ကောဟုတ်လို့လားဗျ လို့မေးတော့ ကောင်းတယ် ဗိုလ်ကြီးရ ဆိုတာနဲ့ အေး စားမယ်ဗျာ မာလကီးယားတော့လည်း တစ်ပျော်ကြီးပေါ့...လို့...

ရေသောက်ပြီး ကျောပိုးအိပ်ကောက်လွယ် ခြေသလုံးမှာ ကျွတ်ရှိ မရှိကြည့်ရင်း နောက်ကို ဆက်ပြောသွား အသင့်ပြင်ထားတော့လို့ မှာပြီး ခါးဆန့်လိုက်ချိန်မှာ နင်းထားတဲ့ ညာခြေ ထောက်အောက်ကနေ ဖောင်း ကနဲ ကပ်(အစပျိုးယမ်းပိုင်း Detonator)ပေါက်ကွဲသံ မီးခိုးနဲ့ညှော်နံ့က သင်းထွက်လာပါတယ်။ အနားက စစ်သည်တွေလည်း Alarm ဖြစ်သွားကြပြီး ချက်ချင်းပဲ မိုင်းရှာစူးနဲ့ ဖေါ်လိုက် ပါတယ်။ အားလားလား သေချာတာပေါ့ ။နန္ဒအောင် တစ်ယောက် မိုင်း ခလုပ်ကိုတက်နင်းမိတာပါ။မိုးရေကြောင့် မြေသားပျော့ပြီး အစပျိုးယမ်းပိုင်း ပေါက်ကွဲပြီး ဆက်ထားတဲ့ ပင်မမိုင်းကို မီးမကူးနိုင်တော့ဘူး။ လစ်ပိုပုလင်း နီညိုရောင် လိုမျိုးထဲကို ယမ်းပျော့(တပ်အခေါ် ဇီးယိုယမ်း)ထည့်လို့ မိုင်းအဖြစ်ဖန်တီးထားတဲ့ ကရင်ငပွေးတို့ရဲ့ လက်လုပ်ဒေသန္တရမိုင်းတစ်လုံးပါ။ စစ်ကြောင်းမှူးရောက်လာတော့ မိုးရွာနေတာပဲ မင်းကံကောင်းတယ်ပေါ့ကွာ တဲ့ ..သေချာတာပေါ့ ဗိုလ်မှူးရာ မဟုတ်ရင် နန္ဒအောင် တို့ ရန်ကုန် မင်္ဂလာဒုံ ကိုဒိုးရပြီ။ ကျွန်တော်က မိုင်းကို အောင်လိုက်စေချင်တာဗျာ အဲဒါမှ ဒီထဲက မြန်မြန်ထွက်ရမှာ ဆိုတော့ ......း ပါလား ..ခွေးသားတဲ့... ကျွန်တော့်ကို ကောင်းချီးပေးသွားပါတယ်။ စစ်သည်တစ်ချို့ကတော့ ဗိုလ်ကြီးကို ဘုရားကယ်တာပဲ တဲ့ ဗိုလ်ကြီး ဘယ်တော့မှ မိုင်းကြောင့်တော့ အသက်မသေတော့ဘူး ... ဆိုပဲ..... စိတ်ထဲကတော့ ပြန်ပြောလိုက်မိပါတယ် မသေရင်လည်း နေပါ့စေတော့ဗျာ...လို့ ကျွန်တော့် အတွက်ကတော့ ဘဝရဲ့ ဒိုင်ယာရီထဲ မှာ အမှတ်တရ နေ့စွဲတစ်ခုတိုးခဲ့ပြီပေါ့လေ...........
နေလွမ်းသူ

0 comments: