ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Tuesday, February 12, 2008

တောထဲတောင်ထဲက City FM နားထောင်ခဲ့ရဖူးတဲ့ နေ့တစ်နေ့

ကာလက ကျွန်တော်တို့တပ် ဘော်စဲခိုမှာ တပ်မအရံတပ်အဖြစ်နေရတုန်းကအချိန်ပါ။ တပ်မအရံတပ်ဆိုတာက တပ်မဌာနချုပ်ဝန်းကျင်က စခန်းကုန်းတွေကိုရိက္ခာပို့ပေးတာမျိုး ဆေးရုံတက်၊မိုင်းထိလူနာများ၊သင်တန်းတက် ပြန်ရမယ့်သူများကို စစ်ကြောင်းစုဖွဲ့လို့ သွားကြို/ပို့လုပ်ပေးရတာပါ။တစ်ခါတစ်ခါမှာတော့ အင်အားနည်းလို့ လုံခြုံရေးစိုးရိမ်ရတဲ့ စခန်းကုန်းတွေဆီကိုသွားလို့ ခနတာပူးပေါင်းခြင်း၊လှုပ်ရှားခြင်းများလုပ်ပေးရတာမျိုးလည်းရှိ ပါတယ်။

အခုလည်း ပလက်ခိုစခန်းကြီးဘက်ကိုသွားဖို့အတွက် ရောက်ပြန်သဘောမျိုး သွားမှာဖြစ်လို့ ဘာ ဝန်စလွယ် ကျောပိုးအိပ်မှမပါဘဲ သေနက်၊Equipments နဲ့ Light dress သဘောမျိုးနဲ့ည (၁၀း၀၀)အသင့်ပါ။ ၁၀မိနစ်လောက်ကြာတော့ line up ထိုးတယ်။လရောင်ဝိုးတဝါးကိုအားပြုသွားမှာဖြစ်တဲ့အပြင် မိမိတို့အတွက် ပထမဆုံးခရီး(အရှေ့ဘက်ကကို)ဖြစ်လို့ Junior ဖြစ်တဲ့ နန္ဒအောင်တပ်ခွဲက နောက်ပိတ်ကလိုက်ပါတဲ့... လမ်းမှာ တစ်ဘုံးဘုံးနဲ့ ခနခနချော်လည်းကြပါတယ်။

ဖိုးသားကတော့ စထွက်ကတည်းက သမ္ဗုဒ္ဓေ တရစပ်ရွတ် မိမိစစ်သည် ရန်သူ အားလုံးကိုမေတ္တာပို့လို့ လိုက်ပါလာခဲ့တာလေ။အမေကပြောတယ် အခေါက်ရေ ၁၀၀၀ ထိ ပြည့်အောင်ရွတ်ပေး ငါ့သား..တဲ့။ စမ်းတဝါးဝါးသွားကြရတာဖြစ်လို့ ခရီးကမတွင်ပါဘူး။ ဗျက္ကောကွင်းကြီးကို ဖြတ် နေတဲ့အချိန်မှာ ကိုင်းပင်တွေကြားက ရှူးရှူးရှားရှား အသံတွေကြားလို့ သေချာကြည့်တော့ လား ..လား...ကျွဲတွေ အိပ်နေကြတာ။ မနက် (၂း၁၅)လောက်မှာ ညောင်ပင်ကုန်းစခန်းဘက်က တုံးခေါက်သံကြားရတော့ စိတ်ထဲမှာ နဲနဲတော့အေးသွားပါတယ်။အခုလည်းသွားနေရင်းက ဘယ်တော့များ နင်းမိုင်းကွဲသံ ဂျိမ်း ဆိုတာကြားရမလဲလို့ စိတ်က တစ်မမနဲ့ပါ။နောက်မှ ကျွန်တော့် Seniorတပ်ခွဲမှူး တစ်ယောက်ဖြစ်တဲ့ကိုဇော်နိုင်ဝင်း ပြောပြလို့သိရ တဲ့အသိတစ်ခုက "မှတ်ထားညီလေး အခုလို ဒီကောင်တွေရဲ့ကျွဲအုပ်တွေ ရှိနေတဲ့ နေရာ လမ်းကြောင်းနေရာ တစ်လျှောက်မှာ ဘယ်တော့မှ မိုင်းမရှိဘူး နင်းမိမှာ မပူနဲ့.... အေး...ဆွဲမိုင်းတော့ ကိုယ်လည်း တာဝန်မယူဘူး" တဲ့ ဆိုလို တာကတော့ နင်းမိုင်း ထောင်ခဲ့ရင် ငပွေးများက သူတို့ရဲ့ကျွဲတွေ ထိမှာစိုးလို့ပါ တဖြည်းဖြည်းတိုးရင်းတိုးရင်း မနက်(၃)နာရီမှာ ညောင်ပင်ကုန်းစခန်းကို စဝင်ပါတယ်။

စခန်းကလူတွေက တောင်ကုန်းထိပ်မှာ စခန်းနဲ့နေကြ တာပါ။ကုန်းအခြေမှာ တဲတွေထိုးထား ခြံစည်းရိုးစနစ်တကျကာရံထားပါတယ်။သူတို့တွေက အောက်ကိုဆင်းပြီး မီးဖိုတွေဖိုထားပေးပြီး ရေနွေးကြမ်းနဲ့ လ္ဘက်ရည်ချို ကျဲကျဲ(ထုံးစံအတိုင်း တပ်မတော်ရှေ့တန်း အချိုခြောက်က မှိုနဲ့လေးသင်းနေပါတယ်)တိုက်ပြီးကြိုပါတယ်။ခနနေတော့ဆက်ထွက် ချော်ရင်းလဲရင်း ဘေးဘယ်ညာကို သတိ ထားရင်းဆက်တက်လာကြတာ....မနက်(၄)နာရီခွဲလောက်မှာ ဂျိမ်း.... ဆိုတဲ့ အသံရှေ့နားကကြားလိုက်ရပါ တော့တယ်.. ခနတန့်သွားကြ အသံတွေ ထွက်လာကြတယ်..သေချာတယ် ကိုယ့်လူ တစ်ယောက်တော့ မိုင်းနင်း လိုက်ပြီဆိုတာ။တပ်စု ၂ စုကိုဘေးဘယ်ညာသေချာကြည့်ထားဖို့မှာရင်းရှေ့ကိုတိုးသွားကြည့်လိုက်တော့ ရှေ့က ပွိုင့်တပ်ခွဲရဲ့နောက်ပိတ်တပ်စုကစက်လက်သမားဒုတပ်ကြပ်အေးနိုင် နင်းမိတာပါ။ သွေးညှီနံ့ကတန်းရပါတယ်။ ဝေလီဝေလင်းမှာ တော်တော်တော့ အလုပ်ရှုပ်သွားတာ အမှန်ပါ။စစ်ကြောင်းမှူးဆုံးဖြတ်ချက်နဲ့အတူ ပလက်ခို စခန်းကိုအမြန်ဆုံးရောက်အောင် ဆက်သွားဖို့ချက်ချင်းလုပ်ကြပါတယ်။အသံကြားနေရတာနဲ့ စခန်းကလူတွေက စခန်းရှေ့ ထွက်လာကြိုစောင့်နေကြပါတယ်။အန္တရာယ်တော့များပါတယ်။အဲဒါမျိုးက တပ်ချင်းမှားပြီး ပစ်တတ်ကြ တာမျိုးဖြစ်တတ်လို့ပါ။ ဒါမျိုးကလည်းဖြစ်တတ်ပါတယ်.

(၁၅)မိနစ်လောက်သွားလိုက်တာနဲ့ စခန်းကြီးကိုရောက်ပါတယ် စခန်းနဲ့မနီးမဝေးရောက်ခါနီးမှ ကိုယ့်လူတစ်ယောက် မိုင်းထိခဲ့ရပြီလေ....တောင်ထိပ်ရာသီဥတုက တော်တော့်ကိုဆိုးရွားတာ အခုမှ လက်တွေ့ကြုံရပါတယ်။စစ်ကြောင်းမှူး(ဗိုလ်မှူး)ဦးစီး ထိုင်တဲ့စခန်းကြီးဖြစ်တာနဲ့အညီ တော်တော်ကြီးကိုကြီးတာတွေ့ရတယ်လေ။ထမင်းကြမ်းတွေကြော်၊ရေနွေးကြမ်း၊ နို့ဖျော် (အချိုခြောက်ချွေတာတဲ့အခါမျိုးမှာနို့ဆီနဲ့သကြားနဲ့ပဲဖျော်တဲ့လ္ဘက်ရည်ပေါ့)တွေစီစဉ်လို့ ဧည့်ခံကြရှာ ပါတယ်။တပည့်တွေကတော့တောက်တစ်ခေါက်ခေါက်နဲ့ဖြစ်ကုန်ကြပြီလေ။ စခန်းရောက်ခါနီးမှ ကိုယ့်ရဲဘော်တစ် ယောက်ခြေတစ်ဖက်ပေးလိုက်ရတဲ့အဖြစ် လူနာအတွက် မော်ဖိန်းထိုးဆေးနဲ့တစ်ခြားဆေးတွေကို ဟိုးဘက်က ယွန်းစလင်းဗျူဟာလက်အောက်ခံ တပ်ခွဲတစ်ခွဲက လာပို့ပေးပါတယ်။တပ်မဌာနချုပ်က မနက်(၉)နာရီအသင့်ပြင် ထွက်နိုင်အောင် လုပ်ထားပါဆိုတာနဲ့တပည့်တွေကိုခနအိပ်ခိုင်းထားလိုက်တော့ ကိုယ့်ဆရာတွေက သေနက်တွေ ခွလို့ ဖက်လို့ အိပ်ပျော်ကုန်ကြပြီ...၃ ရက်ဆက်တိုက်မနားတမ်းလှုပ်ရှား ထွက်ထားကြရတာ တစ်ညလုံးလည်း မအိပ်ရသေးဘူးလေ....နန္ဒဇော်တို့တစ်တွေကတော့ ရေဒီယိုတစ်လုံးနဲ့အလုပ်ရှုပ်နေကြတာ။မရှုပ်လို့ရမလား၊ ကြားဖူးနေတာကြာပြီအခုမှ ရောက်ရတဲ့ ဒီ ပလက်ခိုတောင်ထိပ်စခန်းက ရန်ကုန်က City FM မိတယ်ဆိုပြီးပြော ကြတာလေ.... ဝါယာကြိုးလေး (၁)ကိုက်လောက် အင်တင်နာတိုင်ထိပ်ကိုထပ်ဆက်၊ ထောင်ပေးလိုက်ပြီး လိုင်း ဖမ်းလိုက်တာနဲ့ ...အားလားလား ...တယ်ဟုတ်သွားပါလား....။

စိုင်းစိုင်း ဟုခေါ်သည်ဆိုတဲ့ စီးရီးစ် ကြော်ငြာတာ ကစကြားရပြီလေ ကျွန်တော့်ညီလေး တစ်ယောက်ကပြောလာပါတယ်... ဘာခွေတွေအသစ်ထွက်၊ဘာတွေဖြစ် ကုန်ပြီလဲ မသိဘူးနော်.. ရန်ကုန်ကိုတောင်သတိရလာပြီ အစ်ကိုကြီးရာ..တဲ့ ဟုတ်ပါတယ်လေ City FM ကအသံ လေးတွေစကြားလိုက်မိတာနဲ့ နန္ဒဇော် တစ်ယောက်ပါ ချက်ချင်းဆိုသလို ရန်ကုန်ရောက်သွားသလိုခံစားလိုက်ရ လို့ပါ...သြော်အခုချိန်မှာခု CityFM နားထောင်နေရတဲ့ ရန်ကုန်ကလူတွေနဲ့ ဒို့တွေနဲ့ ဒီ Frequency Modulation အောက်မှာအတူတူကြားနေ ရတာချင်းတူပေမယ့် ရင်ဆိုင်ကြုံတွေ့နေရတာတွေက တော်တော့်ကိုခြားနားသွား ပါလားလို့..
မိုင်းစနင်းမိခါစတုန်းက ခြေချောင်းလေးတွေ ပြတ်ထွက်လို့ခြေဖြားရှေ့ပိုင်းလောက်တာ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ ဆရာအေးနိုင်တစ်ယောက် အခုခြေကျင်းဝတ်ကစဖြတ်လိုက်ရပြီး ခြေတုပါတပ်ပြီးသွားပြီ ဆိုတဲ့သတင်းကို ဆက်သွယ်ရေးစက်ကြီးကနေတဆင့်နောက်တန်းက လှမ်းပြောပါတယ်ဆိုတဲ့သတင်းကို စစ်ကြောင်းမှူး၊တပ်ခွဲမှူး အရာရှိတွေစုပြီးမနက်စာ စားနေချိန်မှာ လာသတင်းပို့လာပါတယ်။ကျွန်တော်တို့တစ်တွေတစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ဖြစ်လိုက်ကြပါတယ်။ခနတာစကားဝိုင်းတိတ်ဆိတ်သွားမှုကို ကျွန်တော့်စကားသံကဖြိုခွင်း ထွက်ကြသွားပြီးချိန်မှာတော့ အစ်ကိုကြီးကိုဇော်နိုင်ဝင်း တစ်ယောက် မျက်ရည်စီးကျလာတာပါတော့တယ်။

အဲဒီနေ့က မိုင်းကွဲမယ့်နေရာမရောက်ခင်က ဆရာအေးနိုင်တစ်ယောက်လမ်းဘေးကိုလှည့်ပြီး အပေါ့သွားတာနဲ့ ဗိုလ်ကြီးအောင်နိုင်ဝင်းက ကျော်တက်သွားတာကို ဆရာအေးနိုင် တစ်ယောက် စက်လက်ကြီးကိုထမ်းလို့အပြေး တစ်ပိုင်းလိုက်လာပြီး ဗိုလ်ကြီး တပည့်နောက်ကပဲ စိတ်ချလက်ချလိုက်စမ်းပါ လို့ပြောပြီး ရှေ့ကိုကျော်အတက်မှာ မိုင်းကိုတက်နင်းမိတော့တာလေ မိုင်းကလမ်းပေါ်တည့်တည့်မှာထောင်းထားမဟုတ်ခဲ့ပါဘူး... ထမင်းဝိုင်းမှာ နန္ဒအောင် တစ်ယောက်ပြောလိုက်တဲ့စကားက "ကရင်တောထဲတောင်ထဲမှာ ကျွန်တော်တို့ တစ်တွေ City FM ဆိုတာကို ဆရာအေးနိုင်ရဲ့ ခြေထောက်တစ်ဖက်ရင်းပြီး နားထောင်မိလိုက်ကြသလိုကြီးပဲ ဗိုလ်မှူးရာ......." လို့
နေလွမ်းသူ

1 comments:

Anonymous said...

You write very well.