ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Monday, April 21, 2008

ဝေဒနာတစ်ပိုင်းတစ်စလေးများ

စစ်ဆင်ရေးကာလက တစ်နှစ်ပြည့်တော့မယ်။မိမိတို့တပ်မ(၃၃)ကိုလာချိန်းမယ့် တပ်မရဲ့
နံမည်ကိုပါစက်ထဲကနေ ကြားသိနေရပါပြီ။ အားလုံးရဲ့စိတ်တွေက ဘာပဲပြောပြော ပေါ့ပါး တက်ကြွနေကြပြီလေ။ ကျည်လွတ်မြေကို ပြန် ကြရဖို့နီးလာပြီကိုး။ စခန်းကုန်းတွေပေါ်က တပ်တွေကိုပါ အင်းအားမျှခွဲပြီး လမ်းကြောင်းဘေးဘယ်ညာကိုဆင်းလို့ မိုင်တိုင်အလိုက် အပိုင်းလိုက် တပ်တစ်တပ်စီ စစ်ကြောင်းတစ်ခုစီကို လမ်းလုံခြုံရေး တာဝန်တွေခွဲပေးပါပြီ။ ကိုယ့် အပိုင်းကို ကိုယ်တာဝန်ယူ အကြီးဆုံးအရာရှိက မနက်(၀၇၀၀)နာရီ လမ်းကြောင်း clear ပေးရပါတယ်။တာဝန်ခံ ကြောင်း အာမခံချက်ပါ။

ပွင့်လင်းရာသီလည်းရောက်လာပြီဆိုတော့ ငပွေးကလည်း နပ်ပါတယ်။ တပ်တွေသွား လာမှုများမယ်၊ ရိက္ခာ Dumping ပုံတော့မယ် ဆိုတာ သူတို့လည်းသိပါတယ်။ အဓိကလမ်းမကြီးပေါ်ကို လစ်တဲ့ နေရာကတက်ပြီး ကားမိုင်းထည့်ဖို့ကြိုးစားကြပါပြီ။ (ကိုဥာဏ် ရေးတဲ့ မြေထိုးစက်တန်ဘိုး….က ဒီရာသီမှာဖြစ် ခဲ့တာလေးကိုတင်ပြထားတာပါ)


တိုင်းနဲ့တပ်မကလည်း မိမိတာဝန်ယူရတဲ့အပိုင်းအလိုက် မိုင်းဖြစ်စဉ်မဖြစ်ဖို့ အဓိကထား လုပ်ခိုင်းပါတယ်။ တပ် စစ်ကြောင်းကနေ တပ်ခွဲလိုက်၊ တပ်စုလိုက်အထိ တာဝန် တပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊တပ်ခွဲမှူး၊တပ်စုမှူးတွေ အထိကိုယ့် ဧရိယာကိုတာဝန်ယူ အာမခံချက်ပေး ထားကြရပါတယ်။ အခုလည်း နန္ဒအောင်တို့ ပဒါးချောင်းအရှေ့ဘက် အခြမ်းနဲ့ အနောက်ဘက် အခြမ်းတာဝန်ပါ။ အဲဒီထဲကမှာ ကိုယ့်တပ်ခွဲက အရှေ့ဘက် မြွေပွေးကုန်း အစပ်ကနေ မော်ဒေး လမ်းခွဲအထိ(မော်ဒေးဆိုတာ အရင်က ကရင်ငပွေးတို့ရဲ့ စခန်းတစ်ခုပါ) ဒီတော့ မိမိခွဲရုံးတစ်စုက ဘေး နံတပ်စု-၂ စုအလည်မှာနေပြီး ၄၇ ကညီလေး ၂ ယောက်ကို တစ်ပိုင်းစီထပ်ပိုင်းပေးလိုက်ပါတယ်။ ကိုယ့်ဧရိယာ ကိုယ်ရှင်းပေါ့။ မနက်စောစောလူမကွဲချိန် ထထွက်ရောက်တာနဲ့ လမ်းမပေါ်ခြေရာလက်ရာကြည့် မသင်္ကာတဲ့ နေရာကိုထပ်ရှင်းပြီးတာနဲ့ နယ်မြေ clear ပေးလိုက်ပါတယ်။ ခနလမ်းကင်းယူရတဲ့နေရာဝန်းကျင်ကို လှုပ်ရှား အသံပေး ထင်းဝါးခြောက်တွေပုံပြီး မီးရှို့ သေနက်သံပေးလုပ်ပါတယ်။


တစ်ချို့ကလည်းလမ်းဘေးကိုညနေမှာ အပ်ချည်ကြိုးတားခဲ့ပါတယ် မနက်ပြန်လာတော့ စစ်ပေါ့ ကြိုးပျက်နေ အရာပျက်နေရင်အဲဒီနေရာကစပြီးအကုန် ရှင်းကြပေါ့။ ည ကိုယ်စခန်း ချတဲ့ နေရာရောက်ပြန်လည်း စိတ်မချရဲပါဘူး၊စခန်းက လမ်းဘေးမှာ ကင်းသမားအလစ်နဲ့ အမှောင်ကို အကာယူပြီး လူကပ်လာမှာကလည်းတွေးပူရပါတယ်၊ အိပ်လိုက်နိုးလိုက်နဲ့။ ပြန်ရခါနီးမှာ အတတ်နိုင်ဆုံး safe ဖြစ် ကြစေချင်လို့လေ။ ဖျက်ကနဲနိုးတာနဲ့ ကင်းသမားတွေကိုချောင်းသံပေး ရပါတယ်....ငါမအိပ်ဘူးပေါ့လေ..ဟဲဟဲ နိုးတစ်ဝက် အိပ်တစ်ဝက် မနက်လင်းတာနဲ့ ခရီးသွား အစားသောက်ကလည်း ဆန်၊ပဲနဲနဲ၊ဆား၊ငပိ(မာခဲပြီး ကြမ်း ထော်ဆားခဲတွေနမ်းကျင်းနဲ့ ငပိလို့ ပြောရရုံပါပဲ) စည်သွပ်ဘူးကလည်း ရိက္ခာထုပ်ပေးပြီး တစ်ပတ်လောက်ကြာ အသားဟင်းလေး စားကြပါစေဆိုပြီး တွယ်ထုတ်လိုက်တာနဲ့ ကုန်တာပါပဲ။ တစ်ဘူးကိုလူ ၇ ယောက်လောက်စား ရတာကိုး။ လုံလုံလောက်လောက်ရှိတာ ဆိုလို့ နို့ဆီပါပဲ။ဒါကလည်း စသောက်ကတည်းက အချိုပေါ့နိုင်သမျှပေါ့ဖို့ ဆရာကြီး CQ ကိုပြောထားရပါတယ်။ အခုလိုလကုန်ခါနီးကျတော့ စကေးပိုသလိုဖြစ်နေတော့ နေ့လည် နေ့ခင်း ဒါမှမဟုတ်ညစာအပြီးမှာ လ္ဘက်ရည်ချိုလေးသောက်ကြရတာပေါ့။ ဒါတောင် အချိုခြောက် ပြက်လပ်လို့ ရေးနွေးနဲ့နို့ဆီ သကြားနဲနဲနဲ့ နို့ဖျော်ပဲကစ်ရတာမျိုးကရှိသေး။
ကျွန်တော်တို့ရှေ့တန်းစစ်သားများအတွက်တော့ ၁၄ရက်တစ်ပါတ်ပြည့်လို့ လကုန်လို့ ရိက္ခာထုပ်တဲ့အခါ အသား ငါး(စည်သွပ်ဘူး) နို့ဆီ၊သကြား၊ဆန်ဆီပဲ၊ငပိလေးပုံမှန်ရရင်ပဲ ပျော်နေတတ်ကြတာပါ။ အဲဒီနေ့ကတော့ ထမင်း ဟင်းကိုကောင်းကောင်းတွယ်ကြတာပါပဲ။


အပေါဆုံးကတော့ ဆန် ပါပဲ။ဒါကြောင့်လည်းတော်သေးတယ်လေ။ ဒါတောင်တစ်ချို့ တပ်စိတ်တွေက ဆန်မလောက်တာကြုံရသေး။ဘာပဲဖြစ်ဖြစ်ပြန်ရခါနီးတော့ အဖွဲ့တွေအားလုံး ပျော်နေကြတာပါပဲ။ ညည ဟိုး တောင်ယာစောင်းတွေဘက်က မီးရောင်တွေ့တာနဲ့ ကင်းသမားက လာနှိုးပြီး သတင်းပို့တော့တာပါပဲ။ ဒီကောင်တွေလည်း ဒီလောက်တော့ လှုပ်ရှားမှုလုပ်ပြီပေါ့။ တစ်ခါတစ်ခါသေနက်သံပေး တာမျိုးလည်းရှိပါတယ်။ စခန်းက လမ်းဘေးမှာ ဆိုတော့လည်း သတိကြီးကြီးထားရပါတယ်။လူတွေလည်း ပိန်ကျ နေကြပြီလေ။ သြော် ငါ့ဧရိယာထဲ ကားမိုင်းများကွဲခဲ့ရင်ဖြင့် ဆိုတဲ့အတွေး၊ မနက်ဘယ်လိုသွားမယ် drop ချတာ ဘယ်လိုပုံစံပြောင်းရမလဲ။ လမ်းကင်းမှာ ငပွေးက အလစ်ဝင်သုက်သွားမှဖြင့် ဆိုတဲ့အတွေး နဲ့ နေ့တိုင်း စားနေရတဲ့ ပုံစံမပြောင်း လဲတဲ့ထမင်းဟင်း... ရန်သူကို စိတ်မချ ကိုယ့်လူတွေကိုလည်း စိတ်မချ နဲ့... များလိုက်တဲ့ Attention တွေ....

(ဆက်လက်ဖော်ပြပေးသွားပါ့မယ်.................. အားလုံးကို ကျေးဇူးတင်လျက်ပါ)
နေလွမ်းသူ

0 comments: