ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Tuesday, April 22, 2008

တစ်ခါတစ်ခါ ဝင်လာတတ်သောကြားဖြတ်ကြော်ငြာလေးများ

နောက်တန်းမှာ တစ်လလေးခနတာပြန်နားကြရလို့ အေးဆေးနေမယ်မကြံသေးဘူး ထုံးစံအတိုင်း တပ်နယ်မှာ တစ်ရင်းတည်းရှိတဲ့တပ်ကို လုံခြုံရေးတပ်ခွဲတစ်ခွဲ ထွက်ဖို့လုပ် +၂ နာရီရေတံခွန်တောင်ဂေါက်ကွင်းကိုသွားပါ။ ခေါင်းပေါင်း(ဦးဆောင်အရာရှိ)နံမည်ပေး ဆိုပြီး လပခ စစ်ဆင်ရေးကနေ ဖုန်းဝင်လာပါတယ်။ တပ်မှာရှိတဲ့ တပ်ခွဲမှူးတွေထဲက ၃ ယောက်က အိမ်ထောင်သည်၊ လူပျိုက နန္ဒအောင် တစ်ယောက်ထဲပါ(ဟီး...ကြွားတာဗျ) ရိပ်သာမှာရှိတဲ့ထဲမှာ ၄၆ ကညီလေး ၃ ယောက်မှာမှ ၂ ယောက်က မဟာပါပြီး ရန်ကုန်ဒိုး၊လားရှိုးသားဖြစ်တဲ့ ထုံကြီးကလည်းလက်လက်ဆက်ဆက်သင်တန်းပါသွားတော့ ၄၇ ကညီလေးများစွာနဲ့ အကြီးဆုံးဖြစ်တဲ့ ဒီမောင်ပဲ တပ်စုမှူး ၁ ယောက်ခေါ်ပြီး လူပျိုစစ်သည်တွေနဲ့ထွက်နိုင်အောင်လုပ်ပါ လို့ တပ်ရင်းမှူးကထပ်ဆင့်ပြောလာပြီ ဆိုတော့လည်းပြင်ရတာပေါ့.... သြော်လူပျိုဖြစ်ရတာဒီတစ်ခါ စကေးနာသဟလို့ ပြောမိသေး....

မန္တလေးရဲ့နေပူကျဲကျဲမှာတပ်မတော်T2000လေးနဲ့ဆည်တော်ကြီးရေမြောင်းအတိုင်းထွက်ခဲ့ကြရပါတယ်။ ဂေါက်ကွင်းရောက်တာနဲ့ ဆက်သွယ်ရေး(စက်ကြီး)နဲ့ တိုင်းကိုသတင်းပို့ပေါ့။ အပြင်စည်းလုံခြုံရေးသဘောမျိုးပါ။ဘယ်မှာနေလို့နေရမှန်းမသိ...မထူးပါဘူးကားလိုင်းအတိုင်းထောင်တက်ပြီး ဘုန်းကြီးကျောင်းဝန်းတွေဘက်မှာ ကားထိုးပြီးနေရာချဖို့ပြင်ခါရှိသေး အခုချက်ချင်း တိုင်းစစ်ဆင်ရေးကိုဖုန်းဆက်ပါ...တဲ့ ဟော ဒီလိုနေရာ ဒီလို အချိန်မှာ ဘယ်ကဖုန်းကရှိမလဲ PCO လည်းမတွေ့ ညီငယ်ကအစ်ကို ဂေါက်ကွင်းထဲလူတွေဆီမှတော့ပါလာကြမှာပဲသွားရှာပြီးဆက်ရင်တော့ရမယ်ထင်တာပဲ..ဆိုတာနဲ့ ဟုတ်တယ် လာကွာ ဆိုပြီး ၁ မိုင်လောက်ကို နေပူပူ ကျဲကျဲဘယ်ညာပေးကြရတာပေါ့။ ဂေါက်ကွင်းထဲရောက်တော့ reception ကို ဖုန်း ခနလောက်အရေးကြီးကိစ္စ ဆက်ချင်လို့ပါပြောတော့ အထွက်က မန်နေဂျာခွင့်ပြုချက်မရဘဲ ဆက်လို့မရဘူး ...ဆိုလာပါတယ်၊ အဟားဟား ဟုတ်သဟ... ဒါနဲ့ပဲ ဂေါက်လာရိုက်တဲ့သူတွေထဲကိုလိုက် ရှိုးကြပါတယ် ......ဟုတ်ပြီ မန္တလာဂျစ်ပေါ်ကနေ ဖုန်းပြောလျက်ဆင်းလာတဲ့ သူကိုတစ်ချက်လောက်ကြည့်နေလိုက်ပါတယ်၊ ကား ပေါ်က Golf set ချအပြီးမှာ ခနားသွားလိုက်ပြီး အစ်ကိုကြီးရေ အရေးကြီး ဖုန်း ၁ ကောလောက်ခနခေါ်ချင်လို့ပါ မြို့တွင်းကိုပါ လို့ပြေပြေလည်လည်(ရိုရိုသေသေ)ပြောပြတော့ အာ ဆောရီးညီလေးရ ကိုယ်အခုပဲ ဖုန်းပိတ်ပစ် လိုက်တာ ဧရိယာလည်းသိပ်မမိလို့လေ...တဲ့.. သြော်ဟုတ် ကျေးဇူးပါနော်အစ်ကိုကြီးပေါ့... နောက်ဆုံးကျမှပဲ မာဇဒါဂျစ်စိမ်းပြာ တိုင်းကျန်းမာရေး ဆိုတဲ့တံစိပ်နဲ့ ကားဆီကိုသွားအကျိုးကြောင်းပြောပြမှ အဆင်ပြေသွားပါ တော့တယ်.... အင်း ကိုယ့်မှာမရှိရင်ဘာမှ မလွယ်ပါလား အမေရေ ...ပေါ့။ တိုင်းကိုဆက် ဖုန်းဝင်သွားတာနဲ့ ဟာကွာညီလေးရာ မင်းကိုဆက်ခိုင်းတာ ၁ နာရီမကတော့ဘူး ဒီမှာ Col ကြီးကခနခနမေးနေတာ ရပြီလားဆိုပြီး တဲ့..ဟော ကဲမခက်ဘူးလား ဖုန်းလိုက်ရှာနေလို့ပါ အစ်ကိုကြီး လုပ်လိုက်ရင်တော့ အဆဲခံရမှာသေချာပါတယ်။ လုပ်..အခုချက်ချင်း မင်းတပ်ခွဲထွက်ဖို့ပြင် အောင်ပင်လယ်ဘိုးဘိုးကြီးနတ်နန်းကနေ ပြင်ဦးလွင်အတက်လမ်းထိ drop ချ ဖြန့်ပြီးချိန် အောင်သင်း လာတဲ့အချိန် ဖုန်းပြန်ဆက်...ပါတဲ့ (အောင်သင်း ဆိုတာ အသင့်ဖြစ်ချိန်ကိုဆိုလိုတာပါ)


ကားရပ်ထားတဲ့နေရာကို ညီကို ၂ ယောက်အမြန်လှော်ရတာပေါ့။ဟိုရောက်တော့ ဆရာတစ်ယောက်ကိုခေါ်ပြီး တပည့်တွေအကုန်ခေါ် အခုချက်ချင်း ဝပ်ကျင်း(နေရာ)ရွှေ့ရမယ်ဆိုတော့ ကိုရင်တွေနဲ့ ကျောင်းအတွက် ထင်း သယ်ဖို့ဆိုပြီး တောင်ပေါ်ကိုလိုက်သွားတဲ့သူနဲ့ ဆောက်လက်စ ကုဋီ အတွက်ထုံးဖောက်နေတဲ့ ပုံစံနဲ့တပည့်က ၃ယောက် ဒီကောင်တွေချက်ချင်း စုံအောင်ပြန်လုပ်ရတာနဲ့အချိန်ကကြာပြန်ပါရော။ နေစောင်းမှပဲ နောက်ဆုံး နေရာဖြန့် ခင်းပြီးကြောင်း သတင်းပြန်ပို့ရပါတယ်။ ထုံးစံအတိုင်း ကြာလို့အပြောခံရပြန်တာပါပဲ။ သိပ်မကြာလိုက် ပါဘူး ယာဉ်တန်းဖြတ်သွားပါတော့တယ်... ဝူး ဟူး တော်သေးတယ်။ ကိုယ်ရှိနေတာ တိုင်း G-1 ကြီးတွေ့သွား ပေလို့ပဲ သီသီလေး ကပ်မှီသွားတာပါ မဟုတ်ရင် ကိုနန္ဒတို့ အနည်းဆုံး တိုင်း ကာနယ်ရုံးလောက်တော့တက်ရ ပါလိမ့်မယ်။


အဖွဲ့တွေလိုက်စုခိုင်းပြီး ကားပေါ်ခနတက်ထိုင်နားတုန်းရှိသေးတယ် ဗိုလ်ကြီး ဟိုရှေ့နားမှာ ဆိုင်ကယ်မှောက်နေ တာ ၂ ယောက်တွဲ တစ်ယောက်က သွေးထွက်တာများတယ် ဆိုပြီးမြင်ခဲ့တဲ့ တပည့်တစ်ယောက်ကလာသတင်း ပို့တာနဲ့ ခနလျှောက်သွားကြည့်တော့ လားလားနောက်ကကောင်မလေးက ငိုယိုပြီးလဲနေတဲ့ကောင်လေးကို နံမည်ခေါ်လှုပ်နှိုးနေပါတယ်။ အသက်ရောရှိသေးရဲ့လား မေ့နေတာပါ ခေါင်းကဒဏ်ရာကကြီးမယ်ထင်တယ် လက်ကကျိုးပြီး ဘာညာ တစ်ယောက်တစ်ပေါက်ပြောနေကြပါတယ်။ ညီလေး ကားသမားခေါ်ကွာဆိုပြီးကား အနားရောက်လာတော့ ဆရာသောင်းထွန်းနဲ့ ၃ ယေက်ပဲကျန်တော့တယ်လို့သတင်းပို့လာပါတယ်။ အဲဒါနဲ့အေး ကျန်ခဲ့ရင်ထားခဲ့ကွာ ဆိုပြီး ကဲကဲအားလုံးခနဖယ်ပေးကြဗျာ ကားပေါ်ကိုတင်မယ်လို့ပြောလည်းပြော တပည့် တွေနဲ့အရပ်သားတွေပေါင်းပြီး ကားပေါ်တင်တယ်။ ဆိုင်ကယ်ပါတင်ပေးလို့ပြောရပါတယ်။ ညီမလေး ငိုမနေနဲ့ ဆက်သွယ်ရမယ့်လိပ်စာတွေဖုန်းတွေသိလား ဆိုတော့ ခေါင်းပဲရမ်းပြီးငိုနေပါတယ်သူကိုယ်၌မျက်နှာပွန်းပဲ့လို့ လက်တွေမှာလည်း ဒဏ်ရာတွေနဲ့ပါ သူ့ထက်ဆိုးတဲ့ ချစ်သူကောင်လေးကို ပိုဆိုးတော့သူ့ဝေဒနာကိုသတိမရ အားဘူးထင်ပါတယ်။


ဆရာတင်ငွေ ဆေးရုံကြီးကိုသာအမြန်ဆုံးမောင်း ရှေ့မီးအပေါ်မီး ဖွင့်လို့ရတဲ့မီးမှန်သမျှ ဖွင့်ပြီးဆော်တော့ဗျာလို့ ၃၅ လမ်းကနေဆင်း ၆၂ ရောက်ရင်ညာချိုး ၃၀ ကနေပြန်ဆင်း .. ဆီရောလောက်မလားဆိုတော့ အသွားတော့ ရမယ် ဆေးရုံကနေ ကျွန်တော်တို့အပြန်ပဲမလောက်မှာ....တဲ့ ကဲမောင်းဗျာ ဝယ်ထည့်မယ်လို့။ ဆေးရုံကြီးကို ကားဝင်ကားပေါ်ကနေချလို့ ပြင်ပလူနာဌာနနေရာက လူတွေပြူးပြူးပြာပြာဖြစ်ကုန်ကြပါတယ် ကားကစစ်ကား လူနာကအရပ်သား လူတွေကတော့ထင်နေကြပြီလေ တပ်ကကားတော့လုပ်ချလိုက်ပြီလို့။ ထားအဲဒါတွေက အရေးမကြီးဘူး မှုခင်းဆရာဝန်ကြီးကိုအကျိုးကြောင်းပြောပြတော့ အိုကေ လုပ်ဆရာရှိတာဆက်လုပ်ကြပါပြီ။ မော်တော်ပီကယ်လည်းရောက်လာပါတယ်(ဆေးရုံ မှုခင်းဌာနကဖုန်းဆက်လို့ဖြစ်မယ်) သူတို့မေးသမျှဖြေပေးပြီး ကောင်မလေး အိမ်ကိုဖုန်းဆက်ပေးဖို့ လိပ်စာတွေမေးတော့ အဆောင်သူပါ ဗန်းမော်တိုက်လမ်းထဲက-------- အဆောင်ကတဲ့။ ကောင်လေးနဲ့က---- သြောကဲထားတော့ဒီလောက်ဆို ကိုယ့်တာဝန်ကပြီးပြီ။


ဆေးရုံနဲ့ ယာဉ်ထိန်းအရာရှိကို တပ်ဖုန်းနံပါတ်ပေး အကျိုးအကြေင်းပြောပြပြီး တပ်ပြန်ဖို့လုပ်ရတော့တယ်။ တပ်ကိုပြန်ရောက်တော့မိုးချုပ်နေပါပြီ။ လပခ(တိုင်း)က လခရအဖွဲ့ကို ရုတ်ခိုင်းလိုက်ပြီဖြစ်ကြောင်းတပ်ကိုဖုန်း ဆက်တဲ့အကြောင်း ပြန်ရောက်ချိန်ပြန်ပြောဖို့ပြောကြောင်း အဘလည်း စိတ်ပူနေတယ် ဆရာသောင်းထွန်း ဦစီး ၄ယောက်အဖွဲ့ကရောက်ကြောင်းသတင်းပို့တော့တပ်ရေးဗိုလ်ကြီးက မျက်လုံးပျူးပြီး ဟာမင်းတို့ဗိုလ်ကြီးနဲ့ ကား ကရောမေးလို့ သူတို့သိသလောက်ပြောပြတာ အစ်ကိုကြီး ကားကဆိုင်ကယ်ကိုတိုက်ပစ်တယ်လို့ထင်နေ ကြ ကြောင်း စိတ်ပူပြီးယာဉ်ထိန်းရုံးကို ဖုန်းဆက်ပြီးပြီ သူတို့ဖုန်းပြန်ဆက်တော့မှာ အကိုကြီးတို့ ဆေးရုံမှာကိုရောက် နေတာသိရပြီး အခုစောင့်နေတာ... ဆိုတာတွေကို တပ်ကို ရောက်လို့ကားပေါ်ကတောင်မဆင်းရသေးဘူး တာဝန်မှူးကျတဲ့ ညီလေးကဆီးပြောပါတယ်။ အဲဒါနဲ့ တပ်ရေးဗိုလ်ကြီးနဲ့အတူ အဘအိမ်ကိုချီတက်ကြရပြန်တယ်။


ဆူလိုက်တာမှ မိုးမွှန်နေတာပါပဲ ဖုန်းအချိန်မီမဆက် မိလို့။ ဖြန့်ခွဲချိန်တောင်းတိုင်း နောက်ကျမှပေးလို့။ ကိုယ့် တပည့်တွေကို ဒီအတိုင်းဖြစ်သလိုပစ်ထားခဲ့ရလား သေနက်တွေနဲ့ ဟိုကောင်တွေကလမ်း ပြသနာတစ်ခုခုများ ဖြစ်ကြည့်ပါလား မင်းတော့လား....ကိုယ့်အလုပ်ကိုမလုပ်ဘူး လူမှုရေးလုပ်တာလုပ် ဒီကိုတော့အကျိုးအကြောင်း နဲနဲလှမ်းပြောသင့်တာပေါ့။ ဒီကလူတွေက မင်းများတိုက်ပစ်လိုက်တာလား စိတ်ပူလိုက်ရတာ တိုင်းကိုလည်း ကြည့်ကောင်းအောင်ပြောထားရတာ...ဘာညာ နေကြာ ကွာစိ စုံသွားပါတယ်။ ကျွန်တော့်ညီလေး ကတော့ အစ်မကြီးလာချပေးတဲ့ ကော်ဖီကုန်အောင်သောက်နိုင်တဲ့အပြင် မုန့်ပါ တွယ်ဖြစ်အောင်တွယ်ခဲ့ပါသေးတယ်.. အဲလိုလက်စောင်းထက်တဲ့ ညီလေးများပါ(ဟဲဟဲ) နန္ဒအောင်တို့က နပ်ပြီးသား ဒါမျိုးသိလို့ ဘာမှမလုပ်ဘူး နေရာ ကနေဒီအတိုင်း မတ်မတ်ထိုင်နေပါတယ်.. အဆိုးဆုံးကတော့ ကျွန်တော့အစ်ကိုကြီး တပ်ရေးဗိုလ်ကြီးပါ အဟား ကော်ဖီခွက်ကြီးကိုင်လျက်သားနဲ့ အဘ ခြွေသမျှသူပါ ရောပါနေရတာလေ။


ပြန်တွေးကြည့်မိပါတယ် အဆင်များမပြေလိုက်ချင်တော့ ဖုန်းဆက်ဖို့လုပ်ကတည်းက (အေးပေါ့လေ ငါမှဖုန်း မကိုင်နိုင်တာကိုးလို့) accident ဖြစ်တော့ တပည့်တွေစုံအောင်စောင့်နေခဲ့ရင် ဟို ကောင်လေး(ညီလေးပေါ့)က သွေးထွက်လွန်ပြီး လျှောချင်လျှောသွားနိုင်ပါတယ်။ လုံခြုံရေးလုပ်ရတာ အိပ်ထဲက ကား ဓါတ်ဆီဖိုးလေးတောင် ပါသွားလိုက်သေး တပည့်တွေအားလုံး အတွက် လ္ဘက်ရည်ဆိုင်မှာ ရှင်းလိုက်ရတာက ၂ ကြိမ်ဆိုပေမယ့်အဟီးဒီကောင်တွေကလည်းတွယ်သဗျ။ ဒါတွေကုန်ပါတယ်လို့လူကြီးသွားပြော ကိုယ်ပဲ အဆဲခံရဖို့ရှိပါတယ် သေချာ တာကတော့ ဒီအကြားသုံးဖို့ ပိုက်ဆံနည်းသွားပြီ အင်း ....အိမ်ကိုမှာဦးမှပါ ... ရှေ့တန်းပြန်ထွက်ဖို့ လိုတဲ့အသုံး ဆောင်လေးဝယ်ဖို့က ပိုက်ဆံနည်းသွားပြီပဲ.......ဆေးရုံကချာတိတ်လေး အတွဲကို လူမမာသွားမေးဖို့ မုန့်လေး ဘာလေးကဝယ်ဖို့ရှိသေး (ဒါတောင် ဆိုင်ကယ်ဆီဖိုးမပါသေးဘူး) ဆေးရုံကိုနောက်တစ်ခေါက်ကသွားဦးမှာပါ ဒေါက်တာမမက လှတာကိုး။ သူကလည်း ဖုန်းနံပါတ်ယူထားပြီး အကျိုးအကြောင်းတောင် ဖုန်းလေးတစ်ချက် မဆက်ဘူး လူနာအခြေအနေကိုပြောပါတယ်......အဟဲဟဲ ဒီလိုနဲ့
နေလွမ်းသူ

0 comments: