ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Saturday, May 17, 2008

ဝေဒနာအပိုင်းအစလေးများ-၃

န္တလေး၊မြို့ဟောင်းဘူတာကနေထွက်လာတဲ့ လမ်းမှာ ရထားမှန်သမျှကိုလမ်းရှောင်ပေးလိုက် ဘူတာတစ်ခုခုမှာ နားလိုက် စက်နဲ့ တိုင်း(တပခ) တပ်မ(၃၃)ကို သတင်းပို့လိုက်နဲ့ အိပဲ့အိပဲ့နဲ့ ကိုနန္ဒတို့ရဲ့ စစ်ရထား(၅တွဲ ၆တွဲ) ပဲနွယ်ကုန်းဘူတာမှာပဲ ဂိတ်ဆုံးပါတယ်။ ဘူတာရောက်တာနဲ့ ကိုယ်အတွဲကိုယ့်တပ်ခွဲလိုက်ကပစ္စည်းတွေကျည်ဆံသေတ္တာတွေလက်နက်အလက်စားတစ်ချို့ကိုသယ်ချ သေနက်တွေပြန်စစ် ပြီးတာနဲ့ တစ်ခါ အသင့် လာစောင့်နေတဲ့ကားပေါ်ထပ်တင်ကြပေါ့။ ထမင်းစားချိန်ခနပေးပြီးဆက်ထွက်ခဲ့ကြတယ်။

ပဲနွယ်ကုန်းကနေ ဟိုဘက် ကျောက်ကြီးမြို့ဆီကိုပေါ့။ စစ်တောင်းမြစ်ကိုဖြစ်ရမယ့် နတ်သံကွင်း ဒီဘက်ကမ်းကိုရောက်မှသေချာ ကြည့်မိတယ်..ကြည့်စမ်း အရင်အခေါက်တွေက တံတားကြီးမရှိတော့ပါပေါ့လား.. ဒါကလည်း မိုးတွင်းရေကြီးချိန် ထုံးစံဖြစ်ပါတယ်တဲ့..ကျောက်ကြီးဘက်ကလာတဲ့ တောင်ငူ-ရန်ကုန်ဘက်ထွက်မယ့်ကားတွေက နက်သံကွင်း ဘက်ကမ်းမှာstop။ စက်တပ်လှေအကြီးစား ၂ စင်းဆက်ပြီး ပျဉ်ခင်းထားတဲ့ သယ်ပို့ ကူးတို့ယာဉ်နဲ့ ကဲ့လို့ တစ်ဖက် ကမ်းကအသင့်စောင့်နဲ့ကားနဲ့ လိုရာခရီးဆက်ဖို့ ပဲနွယ်ကုန်းဘက်ကိုလာကြပေါ့..အခုလည်းဒီလိုပါပဲ ကားပေါ်ကဟာတွေထပ်ချ ကူးတို့လှေပေါ်တင် သေနက်တွေ ခဲယမ်းပုံးတွေဂရုစိုက်ခိုင်းရ တပည့်တွေပြောရနဲ့ ဟိုဘက်ကမ်းရောက်ပြန် ကားပေါ်ထပ်တင်..အို ဘယ်နှစ်ကြိမ်ရှိမှန်းကိုမသိတော့ဘူး ဒီလိုနဲ့ ကျောက်ကြီးမြို့ ထဲကိုဝင်ဟိုဘက် ၂ မိုင်လောက်ရှိတဲ့သံဘို(တပခရဲ့အခြေချစစ်ဗျူဟာ)ကိုဆက်ထွက်ခဲ့ကြရတာပေါ့။သံဘို ကိုရောက်တာနဲ့ရှေ့တန်းမြေ ကို နင်းရတော့မယ်လေ။


ဟိုရောက်တာနဲ့တစ်ခါကားပေါ်ကပစ္စည်းတွေပြန်ချ ပြန်စစ် လူ/လက်နက်စုံ မစုံစစ်ပြီး သတင်းပို့လို့ အဲဒီမှာစပါတော့တယ် ဒီကနေကိုယ့်ကျောပိုးအိတ်ကိုလွယ်ပြီး ခြေချင်ပြီး ချီတက်ပါတော့မယ်...ဗုံးသီး ၁ လုံးဆိုလည်း သိသာပါတယ် မိမိတပည့် ကျော်တွေ။ စတင်ထွက်ခွာဖို့ line up ထိုးတာနဲ့ ကိုယ့်ကျောပိုးအိပ်ကိုလွယ်ပြီးချိန်ဆကြည့်ရသေးတယ် အင်း.. မဆိုးဘူး လှုပ်ခါပြီးချိန်ဆကြည့်တာ ရလောက်မယ်ထင်ရတာပဲပေါ့.. ဒီလိုနဲ့ အရှေ့ဘက်ဆီကိုစထွက်ခဲ့ကြပါတယ်။ ခလရ(၆၀)ထဲကစပြီး ထွက် ကတည်းက ခြေလှမ်း ၁၅ လှမ်းအနဲဆုံးခွာလိုက်ဖို့ပြောရမှာရတာကအမော။ ဥယဉ်ခြံဖြတ်လမ်းစဝင်တာနဲ့မိုးစရွာပါတယ်အားလုံးမိုးကာမြေခင်းပါးစတွေထုတ်ခြုံကြပေါ့၊ မိုးကသည်းပါတယ်။လူကမိုးကာစခြုံထားပေမယ့်တစ်ကိုယ်လုံးကတော့စိုရွှဲနေတာပါပဲ၊ ကျောပိုးအိပ်ကိုပဲ ဂရုစိုက်ရတယ် အတွင်းမှာ ကျန်ကျောင်းအိပ် ၃ လုံးကို အပြန်အလှန်ထုတ်ထားတာ ရေလုံမယ်လို့ထင်ရတာပဲ။အပြင်ကတော့ရွှဲ..တပ်မတော် equipments ကရေစို တာနဲ့လေးပြီးကျတ်လာပါတယ်။ ကျောပိုးအိတ်ကြီးလည်းဘာထူးလဲ အလေးချိန်ပိုတိုးလာတာပါပဲ အောက်ကို ခြေမချော်အောင်သေချာကုပ်သွား ကျောပိုးအိပ်ကိုဆွဲဆွဲတင်နေရတော့ လူတွေလည်း ကုန်းကုန်းကွကွနဲ့ပေါ့။


တောဆောင်းဦးထုပ်အောက်ကမျက်နှာပေါ်မိုးရေနဲ့အတူစီးစီးပြီး ပါးစပ်ကိုချွေးစက်တို့ လာထိတဲ့အရသာကိုလည်း ရမိတယ်။ တပည့်တွေတစ်ယောက်တစ်လေက ကျောပိုးအိပ်ကိုအသားပေးဖုံးထားပြီး လူကတော့ဘာမှကို မခြုံ သေနက်ကိုမြဲမြဲဆုတ်ကိုင်ပြီး လျှောက်နေကြပါတယ်။ တောစီးတွေက ဇာတိပြပါပြီအောက်ခံခုံကထူပြီးဘားပွိုင့်ပါးပါးလေးတွေပဲပါတော့တစ်ချက်လောက်ဟန်ချက်ပျက်တာနဲ့ ချောထွက်သွားတာပါ။ တစ်ချို့ကတော့ လယ်တိုဖိနပ်(angle ကင်းဘတ်)ဗကပဖိနပ်စီးထားတော့ တော်သေးတယ်။


ဈေးချို ဈေးတန်းထဲက သွားဝယ် ရတာပါ။ လယ်တိုနဲ့ ကိုနန္ဒတို့တောင် ဖင်ထိုင်လျက်သားခနခန ချော်လဲကျပါတယ်အဒီအခါမျိုးမှာရှေ့က (သို့) နောက်က တစ်ယောက်က လက်ဆွဲထူမှထလို့ ကောင်းကောင်းရတာ။ကိုယ်ဘာသာဆိုရင်ကုပ်အားမရှိတာနဲ့ပဲ ပြန်ထလို့မလွယ်ဘူး။ ပြောရင်းက ဘိုင်း ကနဲအသံနဲ့အတူ နောက်က တပည့်တစ်ယောက် ပုံပျက်ပန်းပျက်နဲ့ကို လဲထွက်သွားပြီး အောက်ကိုလျှောဆင်းလို့ ကျောပိုးအိပ်ပါ လိမ့်ကျပြီး လူလည်း ဗွက်တွေပေတူးကုန်ပါတယ်။ တပည့်အိုကေလား.. ဆိုတော့ အေးဆေး ဗိုလ်ကြီး ဆိုပြီး ထ လို့ ကျောပိုးအိပ်ကို သစ်ပင်သစ်ခက်တွေထဲထည့် ပွတ်တိုက်ခါရမ်းပါတယ်..အော ကျောပိုးအိတ် ရေဆေးတာလေ။ သေနက်ကိုတော့လုံးဝမြေထိမခံဘူးလူတာလဲဆင်းသွားတာသေနက်ကိုအပေါ်ထောင်ကိုင်လိုက်သွားတယ်။ ပွိုင့်ကထိန်းပေးပါ တစ်ယောက်နဲ့တစ်ယောက် မျက်ခြေမပြက်စေနဲ့ ရှေ့ကိုဆက်မှာသွား..ဆိုပြီးနောက်က စစ်ကြောင်းမှူးဆီက လက်ဆင့်ကမ်းစကားကို ရှေ့ တစ်ယောက်စီအဆင့်ဆင့်ဆက်ပြောခိုင်းရပြန်ပါတယ် ရှေ့တန်းမြေ ခရီးသွားနေချိန် နောက်က(သို့)ရှေ့က စစ်ကြောင်းမှူး တပ်ရင်းမှူး တွေစကားကို ဒီလိုပဲ ရှေ့နောက်ဆက်ပြောသွားကြရတာပါ။


ခနကြာတော့ ဗိုလ်ကြီး ဆိုပြီး နောက်ကနေဆရာကြီး မြတ်သွင် ကပ်လာတယ် စစ်ကြောင်းမှူးမှာပါတယ် လူချင်းအရမ်းလည်းမကပ် အရမ်းမခွါဘဲသွားဖို့ နောက် ရှေ့တစ်ကုန်းတက်ရင် ညာဘာကိုအထူးသတိထားဖို့ အသံတွေသိပ်မထွက်အောင် ထိမ်းပေးဖို့...တဲ့ အိုကေ ပြောလိုက်တော့ ကျွန်တော် စစ်ကြောင်း-၂ မှူးနေရာထိတက်သွားမှာရမယ်ဆိုပြီး ကျော်တက်သွားတယ် သူ့ကိုကြည့်လိုက်တော့ နောက်ကျောက ကျောပိုးအိတ်ကြီးက လေးတွဲခိုလို့ ကိုင်ထားတဲ့ သေနက်က MA-2 စက်ကလေး (သေချာတာပေါ့ တပည့်တစ်ကောင်ကောင်မနိုင်တော့လို့ သူ့သေနက် နဲ့လဲ ကိုင်လာတာပဲ) လျှောက်နေတဲ့လူတွေထက် ၂ဆလောက်သော speed နဲ့ မိုးကမခြုံ သေနက်ကိုခပ်တင်းတင်း ကိုင်လို့ ချီတက်သွားပါတော့တယ်။ဒီဆရာကြီးတွေ နောက်တန်းမှာ အရက်လေးများမူးလို့ကတော့ အတော်ကို ထိန်းရသိမ်းရခက်တာ။အခုလိုရှေ့တန်းဆိုလိုကတော့ အရမ်းတော်ပြီး အရမ်းအားထားရတယ်။ တပ်တိုင်းမှာ ဒီလိုဆရာ၊ဆရာကြီးတွေရှိကြပါတယ်။ မိုးကရွာ ကျောပိုးအိတ်ကြီးက ပိုပိုလေးလာသလားမှတ်ရတယ် လက်မှာ ကိုင်ထားတဲ့ MA-3 ကတစ်မျိုး။ သွားရင်းနဲ့ လမ်းလေးထွက်ကျောပိုးအိတ်ချပြီး ပြင်နေတာတွေ့လို့ မေးငေါ့ပြီး မေးလိုက်လိုက်တာ့ သိုင်းကြိုးပျက်သွားလို့..တဲ့ ...ကဲ အရေးထဲဆို အဲလိုအဖြစ်လေးတွေက လာတတ်ပါတယ်။ ကျော်တက်လာခဲ့ပြီးမကြာဘူး ခုနက ၂ ကောင်သုပ်သုပ်နဲ့ ဗိုလ်ကြီးကျော်မယ်..ဆိုပြီးတက်သွားတယ် အိတ်က လို့မေးတော့ ဟုတ် အေးဆေး တဲ့ ကိုင်းဗျာ ဖိနပ်ချုပ်အပ် နိုင်လွန်ကြိုးတွေနဲ့ အမြန်ချုပ်ပြီးဒိုးသွားတာကိုးးးးး အပေါ်က မိုးတွေရွာ ရွှဲရွှဲစိုနေပေမယ့် လူက မိုးကာအောက်မှာ ချွေးစို့ပြီး ရေကဆာလိုက်သေး...ကိုယ် ရေဘူး ထုတ်ပြီးရေသောက်ရင် သွားနေတာတန့်သွားမှာဆိုစိုးတာနဲ့ နားမှပဲသောက်မယ်ဆိုပြီးတင်းထားရပြန်တယ်။ နောက်တော့မထူးဘူး မိုးကာစကိုချွတ်ပြီး ကျောပိုးအိတ်ပေါ်ထပ်ခြုံပြီး လူကအလွတ်ရေစိုခံလိုက်တော့တယ် အမ်မယ် သူများတွေပြောတာ စစ်သားရေစိုမှာ လှတာဆိုပဲ... အဲဒီမိုးကာကြီးခြုံထား အပေါ်ကမိုးပေါက်ကျသံ ဆူညံနေတာနဲ့ လမ်းဘေးကနေ ရန်သူက အလစ် ဒုတ်နဲ့ဝင်ရိုက်သွားတောင်သိလိုက်မှာမဟုတ်ဘူး ဟီးဟီး..


တွေးကြည့်တာ ဒီလူအင်အားနဲ့ သူလည်းအဲလောက်တော့ မရဲပါဘူး။ ဒီလိုနဲ့ ခြောက်ထပ်ကွေ့ တို့ ပဒါးချောင်းတို့ အေးဆေးကျော်ပြီး မူသဲ ကိုရောက်မှပဲ စိတ်ထဲက attention တွေပေါ့သွားတော့တယ် တပ်ခွဲတွေနေရာချ။ ကိုယ့်တပ်ခွဲမှာမှ တပ်စုတွေနေရာထပ်ပေး အဲ.. ဒီလိုမိုးရွာထဲဆို သူများရှေ့ကတပ်တွေထားခဲ့ အမိုးမပါ တိုင် တန်းလေးတွေနဲ့ တဲအရိုးစုကို လူတိုင်းလိုချင်ကြတယ် သူကလွယ်တာကိုး အပေါ်ကမြေခင်းမိုးကာထပ်တင်လိုက် တဲဖြစ်ပြီလေ။ တပ်ခွဲမှာတင်အဖွဲ့ ၄ ဖွဲ့ တဲရိုးက ၂ လုံးပဲရတယ် မိမိရှိတဲ့ခွဲရုံးတစ်ဖွဲ့ကတော့ တဲရိုးတစ်ခုရမှာပေါ့ ကျန် ၃ ဖွဲ့ကို မျက်စိမှိတ်ပြီးခွဲပေးလိုက်ရတယ်။ တဲမရသူတွေ ချက်ချင်း ဝါးတွေဝင်ခုတ် နှီးတွေဖြာ ဟိုကောင် ဟိုဟာချည် ဒါတုတ် ဟိုအစကိုဟိုလိုလုပ် အိုး ခနအတွင်း တဲထိုးနေသူတွေ ၂ ဂါလံကနေ ၄ -၅ ဂါလံအထိ ဝင်ဆန့်တဲ့ ပလက်စတစ်ပုံးဖြူတွေနဲ့ တစ်ချို့က ချောင်းရေဖွေးရာကိုတက်သွားကြတယ်။ ကိုနန္ဒတို့လည်း နှီး ဝင်တုတ် ကြိုးချည်တာချည်လို့ မြေခင်းစတွေစုပြီး တဲတစ်ခုဖန်တီးလိုက်တာပေါ့။ပြီးမှ ဗိုလ်ကြီးတို့ ဒီဘက် လေကွယ်တဲ့အစွန်မှာနေပါ ဆိုပြီး CQ ကြီးကနေရချပေးပါတယ်။


ကျွန်တော်နဲ့ခွဲရုံးအကူစုမှူး 47th MDY သား ကိုရဲသူအောင်နဲ့ ၂ ယောက်လေ။ တဲတဲကိုမြင့်နိုင်သမျှအမြင့်လုပ်ပြီးအစွန်းရေမကျတဲ့နေရာမှာ မီးဖိုဖို့ လုပ်ကြ ပါတယ်။ ထင်းသွားရှာတဲ့တပည့် ဝါးပိုးဝါးဆစ်ခြောက်ရေစိုကြီးတွေ သစ်ကိုင်းမာအနက်တွေသယ်ပြီး မီးမွှေး ပါတော့တယ်။ မိုး ဒီလောက်ကျနေတာကို ထမင်းကျက် ဟင်းနွှေး(ဟင်းက တစ်နေ့ကနောက်တန်းက ဇနီးတွေထည့်ပေးတာလေးကိုနွှေးတာ)ရေနွေးတည်ကြပါတယ်။ဆရာတပည့်တွေနောက်တန်း ကတည်းက ရာဘာ(သို့) ကြက်ပေါင်စေးတုံးလေးတွေယူလာတာကို မီးပျိုးတဲ့အခါသုံးတာလေ။ တစ်ချို့ကျလည်း ကိုယ့်ဖိနပ်ခွါအထူသား နေရာကိုလှီးထုတ်ပြီးမီးမွှေးကြပါတော့တယ် ဝါး သစ် ရေစိုတွေကြာတော့မခံနိုင်ဘူး ရာဘာတုံးမီးနဲ့စွဲလောင်ကြ ပါတယ်။ သူတို့ထမင်းချက်ဟင်းချက်တုန်း ကိုယ်က ချောင်းဆီပြေး ယူနီဖောင်းလေးရေလျှော် ပြီး ရေချိုးပေါ့။ အားလုံးတော့ မိုးရွာထဲမှာ ရေချိုး ရေခပ်သူ ထင်းချိုး တဲထိုး တဲမိုးသူတွေနဲ့ စီနေတာပဲ။


တအောင့်နေတော့ တဲလေးတွေကနေမီးခိုးတွေအူထွက်လာကြပြီ အသီးသီးချက်ပြုတ်နေကြပြီလေ။ ကိုယ့်နေရာလေးမှာ မြေခင်းစ ခင်း၊စောင်ပါး လေးခင်းပြီး Diary လေးထုတ်စာရေး.. ဗိုလ်ကြီး တွယ်လိုက်ရအောင် လို့ပြောလာတာနဲ့ လုပ်ဗျာ ဆိုတာနဲ့ ပလက်စတစ်အကြည်စကိုဖြန့်ခင်း အလယ်ကို ထမင်းပူတွေသွန်ချလိုက်တယ် ပန်းကန်ပြင်နေတဲ့ တပည့်ကို နေတော့ဟ ဒီလိုပဲခပ်စားမယ် ဆိုတော့ ဟာ ဘယ်ဖြစ်မလဲဘာညာနဲ့ လုပ်ကြတော့ ကဲ နေစမ်းပါ ဒီအတိုင်းက အကျယ်ကြီးနှိုက်စားလို့ရတယ်ဆိုပြီး ဇွန်းတစ်ချောင်းထုတ် ဆရာကြီး ဘက်အခြမ်းကို ဟင်းဖတ် လေးတွေအရင် ထည့်လို့ ဟင်းချိုပူပူထပ်လောင်းပေးလိုက်တယ် (ကျွန်တော်ထက် အများကြီးအသက်ကြီးတယ် အဖေဦးလေးအရွယ် သူ့ကို ဦးချရတာပေါ့) ဘေးက ဆရာမောင်စိုးက ဆရာကြီးအဲဒါ ဦးချတာမဟုတ်ဘူး အပြီးပဲ ထပ်မနှိုက်တော့နဲ့ လို့ ဗိုလ်ကြီးကပြောတာ..ဆိုပြီးနောက်ပါတယ်။


ငရုတ်သီးစပ်စပ်နဲ့ နောက်တန်း သူတို့အိမ် တွေကပါလာတဲ့ ဟင်း အဟောင်း ပူပူ ၊ ထမင်းတွေက အငွေ့တထောင်းထောင်းနဲ့ ခေတ်ဟောင်းသီချင်းထဲက နှီးဒေါင်းလန်းကြီး အလယ်မှာ.. ကိုကြားမိသား။ ပန်းကန်နဲ့တာစားရင် တပည့်ကိုထမင်းခနခနထည့်ခိုင်းနေရတာ ကြာရင်ရှက်စရာလေ ဟော အခုတော့ ဘာမှကိုပြောနေစရာမလိုတော့ဘူး တပည့်တွေက လက်နဲ့နှိုက်စားကြ ဗိုလ်ကြီးစားတဲ့အပိုင်းလေးကို ဟင်းဖတ်လေးတွေပို့ပို့ပေး။ ဒီမောင်ကတော့ ဇွန်း တစ်ချောင်းနဲ့ စားချင်တဲ့နေရာ သူများဧရိယာထဲကခပ်တွယ်နေပါတော့တယ်။ တစ်နေ့က တောင်ငူမှာရထားရပ်ပြီး ထမင်းဆိုင်မှာ စစ်ကြောင်း -၂ မှူး ကျွေးလို့စားခဲ့တာတောင် တကယ်ပါ ဒီလောက်စားမကောင်းဘူး မမြိန်ဘူးဗျာ။ ထမင်းစားပြီး တစ်ခြား တပ်စုတဲတွေ အိုကေမကေလိုက်ကြည့်ပြီးကိုယ့်တဲကိုပြန်လာ ကျောခင်းဖို့ပြင်မှပဲ တစ်နေ့လုံးအဆက်မပြက်တဲ့ မိုး ချက်ချင်းရပ်သွားတယ်..အားလုံးပြီးမှလေ တော်တော်ချစ်ဖို့ကောင်းတဲ့ မိုး။။။။။။ တဲပြန်ရောက်တော့ ဗိုလ်ကြီး အချိုတည်း မယ်ဆိုပြီး လာပေးတယ် ကော်ဖီခွက်....ကော်ဖီမစ်စ်ပါလား..(နောက် ၂ ပါတ်လောက်ဆို ဒီ ကော်ဖီ မစ်စ်ဆိုတာလဲ ခါလီဖြစ်မယ်)CQ ကြီးဒါ ဘယ်နှစ်ထုပ်ဖျော်ထားတာလဲ ...မေးတော့ ၂ ထုပ်ခွဲ ဗိုလ်ကြီး တဲ့ ညီတော်မောင်က ပြုံးစိစိနဲ့ကျွန်တော့်ကိုလှမ်းကြည့်လာတယ် သိပါ့ ဒီကောင်ပြုံးတာ ....


ဗိုလ်လောင်းဘဝ ကျောင်းတော်ကြီးမှာ စာမေးပွဲတွင်းဆိုလို့ကတော့ Super တို့ Bencafe တို့ကို အနဲဆုံး ၂ ထုပ် ခွက်တစ်ဝက်စာ သာသာရေနွေးထည့် နို့ဆီဗလာ သကြားနတ္ထိနဲ့ကစ်ကြတာ မအိပ်ချင်အောင်လို့ဆိုပဲ လုပ်တာလုပ်တာ။ အခုတော့ ကော်ဖီမစ်စ် ၂ ထုပ်နဲ့တစ်ဝက်ကို (၇)ယောက်သောက်နေတာကိုတွေ့ပြီး ပြုံးမိတော့မှာပေါ့။စားပြီး သောက်ပြီးဆိုတော့ ယူတော့မယ်လေ။ ပလက်စတစ်အထပ်ထပ်နဲ့ထုပ်ထားတဲ့ ရေဒီယို (၈၄လမ်းညဈေးတန်းထဲ သွားမွှေပြီး ဝယ်လာတဲ့၆၅၀၀ တန်လေး)ကိုထုတ် ကွိစိကွစိအသံတွေကို ဘီးလုံးလေးလှည့်ပြီး ကလိလို့ ကိုနန္ဒ တစ်ယောက် ကမ္ဘာတလွှားနဲ့အဆက်သွယ်စယူပါတော့တယ်။ ညီတော် မောင်ရဲသူကတော့ မိုးရေစိုထားတဲ့ London လေးတွေမီးဖိုမှာကင်တာကင် သောက်တာသောက် ဆရာကြီး CQ ၊ ကင်းသမားတို့ နဲ့ စကားစမြည် ပြောနေလေရဲ့။(အဲဒီ London လည်း အလွန်ဆုံးခံရင် ၂ ပါတ်ပေါ့ ဒါကလည်း တစ်ယောက်ထဲသောက်မှပါ)


မနက် ၅ နာရီခွဲနိုးတာနဲ့ထ ကိုယ်လက်သန့်စင် ဘုရားဝတ်ပြု။ အမေမှာတဲ့အတိုင်း မေတ္တာတွေတန်းစီပြီးပို့ပေါ့။ ရန်သူ သူတို့များလည်း အေးချမ်းစွာနေထိုင်နိုင်ကြစေသားပေါ့။ ညကတည်းက ကင်းသမားတွေမီးကင်ပေးလို့ ခြောက်သွေ့နေတဲ့ ယူနီဖောင်းလေးဝတ်တော့ အားလားလားနောက်ကျောလက်ပြင်နေရာတွေနဲ့ရှေ့ရင်ဘတ်ပုခုံးဝန်းကျင်တွေကနာကျင်ကိုက်ခဲနေပါရောလား...ကျွတ်ကျွတ်ကျွတ် ညီလေးဖြစ်သူက အီစိမ့်နေတာပဲနော် အစ်ကိုကြီးတဲ့.. ထမင်းကြော် လက္ဘက်ရည်ဖျော်နေတဲ့ တပည့် ၃ ယောက်ကိုမေးမိတယ် မင်းတို့ရော ဒါတွေ မနာကြဘူးလား ဆိုတော့နာတာပေါ့ဗိုလ်ကြီးရာ..တဲ့မနက်၉ နာရီမထိုးခင်အဲဒါတွေပျောက်သွားလိမ့်မယ်..ဆိုပဲ။ဗိုလ်ကြီး ဝါးလို့ရပြီ ဆိုပြီး ထမင်းကြောပန်းကန် နဲ့ လ္ဘက်ရည်လာပေးတယ်။ အင်းအခုတော့ ဆနွင်းလေး ဆီလေးနဲ့ ဝင်းဝါပြီး အိနေလိုက်တဲ့ ထမင်းကြော်လေးရယ်.....သူလည်းကြာရင်တော့ ဖြူဆွတ်မာတင်းလာပါ လိမ့်မယ်(ဆနွင်းလည်းကုန် ဆီလဲခန်းချိန်ပေါ့)


breakfast စားပြီးသောက်ပြီးတပ်ခွဲမှူးတွေစုပြီး စစ်ကြောင်း-၁မှူး တဲကိုသွားဖို့စုကြတယ်။ ကိုတိုးကြီးတဲမှာပေါ့ သူက စီနီယာအကျဆုံး ကျွန်တော်တို့အနွံအတာအခံဆုံး။ မသိတာ သေချာသင်ပေးတယ် အငယ်ကောင်တွေ ဘယ်လောက်စစ စိတ်မဆိုးဘူး ကျွန်တော်ဆိုလည်း တစ်ချို့ စီမံခန့်ခွဲ အုပ်ချုပ်မှုလေးတွေသူ့ဆီက အတုယူရပါတယ်။ သူ့တဲကိုရောက်သွားတော့ သူကိုးကွယ်တဲ့ မယ်တော်ကို ဝတ်ပြုနေဆဲတွေ့ရတယ်.. ကိုတိုးကြီးက ခရစ်ယာန် လေ။သူတပ်ခွဲမှာ ကရင် ဆရာကြီးရှားရယ်တို့ RPGသမား ဆရာစောလောအယ် တို့ ခရစ်ယာန် ၃ ယောက် ဟိန္ဒူရဲဘော်လေး ၁ ယောက်။နောက်အရမ်းဟာသပြောတတ် လုပ်တတ်တဲ့ တပ်သားမျိုးဝေး (အမျိုးတွေနဲ့ဝေးလို့ သူဟာသူဝေးလိုက်တာဆိုပဲ) မွတ်စလင် ဆိုပြီး ဘာသာအစုံ ရှိပါတယ်။ အဲဒါနဲ့ စစ်ကြောင်းမှူး ဆီသွားညွှန်ကြားချက်နာခံပေါ့၊ ဘယ်နှစ်နာရီ line up ထိုး ဘယ်လောက်မှာ စထွက်မယ် ဘာမဖြစ်စေကြနဲ့ ဘာလုပ်ကြဖို့မှာပါ ဘာညာပေါ့ ဒီနေ့ ခွဲ(၄)ပွိုင့်သွားမယ်...........အဲ ဟုတ်ပြီ သူ့ဆီကအဲဒီအမိန့်ကအဓိကပါ ကိုယ်နန္ဒက ခွဲ-၂ ဆိုတော့လွတ်ပြီဗျာ ...ဘာမေးစရာရှိလဲ ..ထုံးစံအတိုင်းမရှိပါဘူးဆိုပြီးအလေးပြုပြီးပြန်လာသူမှာတာတွေနဲ့ကိုယ်မှာချင်တာတွေအကုန်ပေါင်းမှာကိုယ်မှာချင်လွန်းလို့ယားနေတဲ့ဟာတွေ(ပါးစပ်နော်)ရောတွယ်ပြီးစစ်ကြောင်းမှူးမှာတယ်ပေါ့...တစ်ချို့အမိန့်ကျ အဲလိုကပိုကောင်း တတ်လို့ပါ။ ပွိုင့်တပ်ခွဲမှူးကတော့ ဘယ်တပ်စုပွိုင့် အဲဒီကမှ ဆရာဘယ်သူတပ်စိတ် ပွိုင့် ထွက်ပါဆိုပြီးထပ်ဆင့် ခွဲခြမ်းစိတ်ဖြာပေါ့........အဲဒီ ပွိုင့် ကလည်းပြောတော့တာလွယ်တာ ခေါင်းတော့နဲနဲစားတယ် အထူးသဖြစ့် မိုင်းပေါတဲ့ဂွင်တွေမှာလေ။ ကိုယ်တပ်ခွဲကမှ ထပ်တာဝန်ပေးရတဲ့ တပ်စု တပ်စိတ်ကိုမှတ်ထား နောက်တစ်ခါ ကိုယ့်တပ်ခွဲ ရှေ့ဆုံးကနေ ပွိုင့် ဆိုပြီးထွက်ရတဲ့အခါ သွားပြီးသွားအဖွဲ့ကို အနားပေးရပါတယ်။ ဟုတ်တယ်လေ သွားနေတုန်း လမ်းကြောင်းပေါ်မှာ နင်းမိုင်း ရှိခဲ့တယ် ဆိုပါတော့ အဲဒီ ရှေ့ဆုံးက ပွိုင့် တပည့်တွေ ဗွေဆော်ဦး (ဂိုးသွင်းမှာဟုတ်ဘူး) နင်းမှာလေ။ ဒီတော့လည်း ကိုယ့်ပါးစပ်ကနေ ဘယ်တပ်စုက ဆရာဘယ်သူရဲ့တပ်စိတ်ပွိုင့်ဆိုတဲ့အမိန့်ထွက်ကျလာဖို့တော်တော်ကိုကြိုးစားပြောရပါတယ်(တပ်ခွဲမှူးလုပ်ခဲ့သူများသိကြပါလိမ့်မယ်)


ကျွန်တော်အဲဒီပွိုင့်ဆိုတာကြီးပြောရင်ပြန်မြင်ယောင်သတိရလာတာ ရှိတယ်ဗျ....အဲဒါဘာလဲဆိုတော့......ရဲဘော်စိုးအောင်(အမိမြေ)ကနေ မင်းသားကိုကျော်သူ(အခုတော့ ဦးကျော်သူပေါ့)(ကယ်ဆယ်ရေးတွေလုပ်ကိုင် နေတာတွေ့ရမြင်ရကြားရ သာဓုခေါ်ပါသည် ကျေနပ်ဝမ်းသာမိပါသည်)ကိုပြောတာလေ လှလေးစိန် ဒီနေ့ မင်း ပွိုင့်သွားရမယ်...........ဗျာ!!!!!!!!!!!!!!!!!!!!!! ပွိုင့် ဆိုပြီးလေ မှတ်မိကြလားမသိဘူး ဟဲဟဲ သတိရလို့ပါ။ အခုလည်းအဲဒီပွိုင့် တော်သေးတယ် လွတ်သွားလို့ ဒီနေ့တော့ မိုင်း များ မသကာ ရှိခဲ့ရင် ကနဦး ဆိုတာကနေ လွတ်လို့ လွတ်ပြီ မအောင်းမေ့လိုက်နဲ့ ကျွန်တော်တို့ စစ်သားများ ဆိုရိုးစကားလေးရှိတယ် မိုင်းဆိုတာမျိုးက ကိုယ်ပိုင်နံပါတ်နဲ့လာတာ...တဲ့ စာဖတ်သူစဉ်းစားကြည့်လေ ရှေ့ဆုံးက ပွိုင့်တွေရော main body တွေရောအကုန် နင်းသွားဖြတ်သွားလိုက်တာ ဖွတ်ဖွတ်ကိုကျေရော ဘာသံမှမကြားဘူး ကံဆိုးသူ မောင်ရှင် သူ့ရှေ့မှာ လူ ၁၀၀ သွားပြီးမှ ကျောပိုးအိတ်လေးအနေအထားပြင် သေနတ်ဒင်လေး မြေခနထောက်လိုက်မှ ဂျိမ်း ဆိုပြီးထကွဲတော့ တာပါပဲလေ(ဥပမာပြောတာပါမောင်ရှင်က)ဒီတော့ဖိုးသားတို့ပွိုင့် မဟုတ်ပေမယ့် လိုက်ရရှာ သောနေရာကနေ ဂုဏ်တော်ကွန်ချာတွေ အဆက်မပြက်ရွက်ဖတ် အထပ်ထပ်သောမေတ္တာတွေ ပို့သလျက်လေ...................

0 comments: