ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Sunday, May 25, 2008

ပဒါးချောင်း မှသည် မြွေတော်၊ကြောင်ပြာ ဘက်ဆီသို့

ဖန်း..ဖန်း တောက်ဖုံး..တောက်ဖုံး ဆိုပြီး ကာဘိုင် နဲ့ M-16 သံတွေ ရှေ့ဘက်ဆီကနေ ဆီးကြိုမိတ်ဆက်တာကို ကြားရပါတော့တယ်။ ချက်ချင်းပဲ ကိုယ့်ဆီကနေ ပစ်..ပစ်..ဟိုမှာဟိုမှာ ငှက်ပျောပင်စုစုနေရကပစ်တာ အဲနေရာကိုပစ်ဟ ဟိုကောင် 40 သမားဘာလုပ်နေတာတုန်း လုပ်ပါဆို အဲဒီကိုပစ်..ဟောတွေ့လားဆင်းပြေးပြီ
ပွိုင့်တပ်ခွဲမှူးဖြစ်တဲ့ ဗိုလ်ကြီးအောင်သန်းဦး အသံကို စစ်ကြောင်း(၁)ရဲ့နောက်ပိတ်တပ်ခွဲဖြစ်တဲ့ ကျွန်တော့်ဆီက အတိုင်းသားကြားနေရပါတယ်။

အဲဒီတုန်းက ကိုနန္ဒက အငယ်ဆုံးတပ်ခွဲမှူးလည်းဖြစ် အိုင်အို(IO)လည်းလုပ်ရ (အလုပ်တကယ်ရှုပ်ပါတယ်) စစ်ကြောင်း(၁)မှူးက ဆိုးတယ်ဗျ..အဟိ 2 IC (ဒုရင်းမှူးပါသူက) {ပုဂ္ဂိုလ်ရေးတွေ ပါကုန်တော့မှာပဲနော်..:D..} မနေ့ကတစ်မနက်လုံးဖြစ်လိုက်တဲ့ ပစ်လိုက်ခတ်လိုက် ဆော်လိုက်ကြနဲ့ ညနေမှာ လုံးဝအေးသွားပြီး ဒီနေ့လည်း..မနက်ကတည်းက ဘာသံမှာမကြားရသေးတော့ မျှော်နေတာလေ တကယ်ပါ အခုလိုတစ်ကြောင်းတည်းတောတိုးနေတဲ့အချိန် စစ်ကြောင်းလာပြီဆိုတာ သူတို့(ရန်သူ)စသိကြတဲ့ ဒုတိယနေ့ ကစပြီးတစ်နေ့ကို ထိတွေ့မှုဖြစ်စဉ်လေးတစ်ခု နှစ်ခုလောက်မဖြစ်ဘဲ နေကိုမဝင်တာပါ။ တစ်နေ့တစ်နေ့ ဒီအသံလေးကြားလိုက်ရင်ပြီးပြီ အိုကေပဲလေ။ ပဒါးချောင်းကြီးကို မြှောင်ပြီးတိုးလာကြတာပါ။

တပခတပ်စခန်း တစ်ခုဖြစ်တဲ့ ပွိုင့်-2204 ကို လက်ချင်းသွားဆက်ပါဆိုတော့ (၇)ရက်စာရိက္ခာတွေနဲ့ အဲဒီတစ်ပါတ်အတွင်းကို အရောက်တိုးရမှာလေ။ အခုက ၄ ရက်မြောက်နေ့ညနေနေစောင်းပါ။ ကွမ်းသီးခြံဘေး ချောင်းငယ်တစ်ခုကို ဘေးကနေကပ်ပြီးသွားနေကြချိန်မှာ ဒီချောင်းဘေးကနေထွက်နိုင်တယ်ဆိုတာ မှန်းပြီးလာစောင့်နေပုံရပါတယ် ဘေးနံက ကြော(ဂျော)တွေကတော်တော်ကိုမတ်လည်းမက် အပင်လည်းမရှိတော့ဘူး(တောင်ယာကြောင့်ပါ) ဆိုတော့ ချောင်းလက်တက်အတိုင်းအနိမ့်ဆုံးနေရာနေမှ ဖြတ်တက်မယ်လမ်းကြောင်းနေအပိုင်စောင့်ပြီး တွယ်တော့တာပါပဲ ရုတ်တရက်ဆို သေနက်သံတွေက လှိုင်ပြီး ဟိန်းထွက်နေတော့ အရပ်မျက်နှာကို မှန်းလို့ မရပါဘူး နောက်မှပွိုင့်တပ်ခွဲကပြန်ပစ်သံအော်သံတွေကြောင့် ရှေ့ကဆိုတာသိရတာပါ။ တုံ..တုံ.. မကြာဘူး နောက် တုံ..တုံ ဆိုပြီး 40m(ခေါက်ချိုးသေနက်လေ တီဗွီထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ်) ၄ လုံးလွှတ်တာ ကြားတာနဲ့ ခန ဝပ်လိုက်ရတယ်...ဟုတ်တယ် သူကကျကွဲ နိုင်သလို အပေါ်က သစ်ပစ်ကိုင်းခက်နဲ့ထိတာနဲ့ ကွဲမှာလေ(သတ်မှတ်အပတ်ရေပြည့်တာကိုး) ဟိုး ဘယ်ဘက်က စောင်းပေါ်ကို ၂ လုံးကျော်ကျပြီး ဂျိမ်း..ဂျိမ်း နဲ့ ၂ချက်ကွဲပါတယ် စောင့်ဦး နောက် ၂ ချက် မကြားတော့ဘူးသေချာတယ် expire ဗုံးသီး.. ကိုယ့်ဆီကနေ MA-4 ပြန်လွှတ်ပါတယ် ဖွန်...ဖွန်..ဆိုပြီး ၇ ချက်လောက်ကိုကြားရတာ တ ဂျိမ်းဂျိမ်းနဲ့ အကုန်နီးပါးကွဲသံကြားရတယ် ဟိုဘက်ကို ထိလားမထိလားတော့မသိဘူး။

ကိုယ့်တပ်ခွဲကလူတွေကို ဘေးဘယ်ညာကိုပဲ သေချာကြည့်ထားကြ လုံးဝမပစ်နဲ့ ပြောနေရပါတယ်။ ဟုတ်တယ်လေ ရှေ့တပ်ခွဲနဲ့ကစ်နေတာ ကိုယ်က မမြင်ရဘဲရမ်းပစ် ကျည်ဆန် ကုန်တာပဲ အဖတ်တင်တယ်။ အဲဒီကျည်ဆံကလည်း ပြသနာရှိပါတယ်။ ပေါတာကပေါမှပေါ ဒါပေမယ့် အလကား နေရင်းကျည်ကုန်ပြလို့ ပြန်ရတာမဟုတ်ဘူး(ပြန်ချမပေးတာ) ဒီတော့လိုရင်တပ်ခွဲမှူး အိပ်ထဲစိုက်ဒါပဲရှိတာ။ လက်ပစ်ဗုံးဆို ပိုဆိုသေး တစ်ယောက် ၁ လုံးစီပဲပေးထားတာ ဘာမှမဟုတ်ဘဲ ခွဲပစ်တဲ့သူ ပြန်ရှာပြီးပြန်ဖြည့် ဒါကထုံးစံပါ မဟုတ်ရင် ဘော်ဘော်များက ငါးမိုင်းခွဲပစ်မှာလေ။ လူကြီးတွေကလည်း အဲလိုအလဟသပ်တော့ အဆုံးအရှုံးမခံပါဘူး။ ဟိုဇာက်ကားထဲက စစ်သားတွေများ လက်ပစ်ဗုံးတွေတော်တော်သုံးနိုင်တာပဲနော်။ အံမယ် ရှေ့တန်းရန်သူကိုတိုက်တာ ကားနဲ့ဗျာ။ လျှပ်စစ်မီးတွေလည်းရဆိုပဲ welfare တောင်ပါလိုက်သေး။ ကျွန်တော် တို့လား အိုးပြောမနေနဲ့ ရှေ့တန်းထွက်လာ ဒီတောထဲမပြောနဲ့ တပ်လာတဲ့ အပွင့်အမဲ ကော်လံချပ်အမဲတောင် ပဲနွယ်ကုန်းရောက်တာနဲ့ ထုံးစံ ဖြုတ်သိမ်းထားပြီ။(ကဲ ကြည့် ဘယ်ရောက်သွားမှန်းမသိဘူး) ပွိုင့်တပ်ခွဲပစ်အားနဲ့ ရန်သူ(ငပွေး)သေနက်သံပျောက်သွားတယ် ခနနေတော့ ရှေ့ညာဘက်စူးစူဆီကနေပဲ တောက်..ဖုန်း..ဖုန်း.. ဆို သေနက်သံဝေးသွားပါတယ်။ သေချာတယ်ဆုတ်ပြီ။ ဒါနဲ့ လူတန်းက တရွေ့ရွေ့ဆက်ထွက်ပါတယ်။ ဘယ်သူ ဘာဖြစ်လဲ ဘာထူးလဲ ခွဲမှူးကို ဆရာက Icom နဲ့ စကားဝှက်သုံးမေးသံကြားရတယ် မာလာ ပါတယ်ဆိုတော့..တစ်ယောက်မှမထိအေးဆေးပေါ့။

စောင်းအတိုင်းညာကိုတိုးခိုင်းပါတယ်။ ဒီလိုနဲ့ ။ အိုးအရေးထဲ ရေကဆာသေး အဆင်ပြေသေးတယ် ရေချောင်းက ဘေးမှာမို့လို့ ။ လူတွေကချွေးစော်ယမ်းစော်တွေနံနေတာပဲ။ ခနကြာတော့ စစ်ကြောင်းတန့်နေတုန်း ပွိုင့်ခွဲမှူး ဆရာနဲ့လာတွေ့တယ် ..အဘလေး ရှေ့သိပ်မလှမ်းမကမ်းက ကလေးငိုသံ ခွေးဟောင်သံ ကြက်တွန်သံတွေသဲ့သဲ့ကြားနေရတယ်..သေချာတယ် ရွာရှိမယ့်ပုံပဲ...တဲ့ ဟာ ဒါဆိုမဖြစ်ဘူးဗျ ကိုအောင်သန်း ပွိုင့်ကိုဘယ်ကိုဖြတ်တက် ဟိုဘက်စောင်းနေထောင်တက်ခိုင်း မြန်မြန်လုပ် အချိန်မရှိတော့ဘူး တိုးရင် အကုန်ရှုပ်ကုန်မယ်..တဲ့ နေဦးဗျာ ခွဲမှူးတွေနဲ့ ဆရာကြီးတွေဒီကိုအမြန်ဆုံးခေါ်မယ် ဟိုကောင် အိုင်အို ကြားလားငါပြောတာ လုပ်လေ ခေါ်လေ ဘာလုပ်နေတာလဲ..တဲ့ ကဲကြည့် အနော့်ကိုဆိုဟောက်ကိုနဲနဲလေးကို ဟောက်ရမှာ စားဝင်တာပါသူက..ဒါနဲ့ Icom ကနေခေါ်ကြည့်တယ် ဆယ်ပြားမှ အေစီ မန်ယူ ပျံလွှား...(အင်း ပြောရဦးမယ်ဖြတ်ပြီး ဘောလုံးအသင်းကြေငြာတာဟုတ်ဘူးနော်..စစ်ကြောင်း-၂ မှူးက ပျံလွှား ၊ ခွဲ ၁ ခွဲမှူးက အေစီ၊ ခွဲ-၃ မှူးက မန်ယူ ဆိုပြီးစက်အခေါ်ပေးထားတာပါ။ ဆယ်ပြား က အနော်လေ IO= 10 ဆိုပြီး ဘာနံမည် မှကို မပေးရတော့ဘူး မဟုတ်ရင်.. ဟွန်း...ရှယ်ကိုပေးဦးမှာ ချဲလ်ဆီး..ဆိုပြီးဟဲဟဲ ) လူစုံရောက်လာတာနဲ့ ဆရာက စချွေပါတယ် အားလုံးစဉ်းစားကြည့်နော် ဆက်တိုးရင် ရွာ သေချာတယ် မိုင်းလည်းကာထားနိုင်တယ် ဝင်တာနဲ့ ပစ်မှာအသေချာပဲ ဆိုရင် ကိုယ့်ဆီကလည်း သမ မှာ လူတွေက ပင်ပန်းအစားကမကောင်းနဲ့ အဲဒီရွာ ရှိတဲ့ကြက်ဘဲ ဝက်အထိ ပါလာမှာ ကိုယ့်ကောင်တွေကလည်း လုပ်တော့မှာလေ။ မတိုးရင်ဘာမှမဖြစ်ဘူး အခု ဒီထဲကိုဝင်လာတာကလည်း စခန်းအခိုင်အမာရှိရင်ရှင်း သေနက်ကိုင်ထားတဲ့ ဒီကောင်တွေတွေ့ရင်ရှင်းဖို့ ဟို စခန်းကိုသွားပေါင်းဖို့ပဲ။ ဘာမှမဟုတ်ဘဲရွာတွေမနာစေချင်ဘူး။ ဒါတွေလည်းရွာဆိုပေမယ့်ဒီကောင်တွေမိန်းမ ကလေးတွေခေါ်ပြီး စခန်းချ ကွမ်းခြံကထွက်သမျှစောင့်ယူပြီး ကျည်ဆန်တို့ မိုင်းတို့ အိုင်ကွန်တို့ သေနက်တို့ ဝယ်ဖို့လာလုပ်နေတာပါပဲ မထူးပါဘူး အဘလေးရာ..တဲ့ ဆရာကြီးတစ်ယောက်ဝင်ပြောပါတယ်။ ဒါတော့ဒါပေါ့ ဆရာကြီးရာ အဒီထဲမှာ မိန်းမတွေနဲ့ကလေးတွေ ပါနေတယ်လေဗျာ...ဆိုတော့ငြိမ်သွားပါတယ်။ တပည့်တွေကို သေချာရှင်းပြ တော်ကြာ ကျုပ်တို့က တမင်ရှောင်တယ်ထင်နေဦးမယ် ဆရာကြီးများ အထူးသဖြင့်ကိုယ့်တပ်စိတ် တပ်စုက ရဲဘော်တွေသေချာရှင်းပြကြ။ သဘောပေါက်တယ်နော် ။အချိန်မရှိတော့ဘူး ဆက်ထွက်မယ် ဘယ်ဘက်ကြောပေါ်ဖြတ်တက်ပြီးဟိုဘက်ကိုဆင်းမယ်။ လူစုခွဲလို့ ဆက်ထွက်ခဲ့ကြတယ် အိပဲ့အိပဲ့နဲ့ခရီးတော့ သိပ်မတွင်တော့ပါဘူး ဟုတ်တယ်လေ နေလည်းညိုလို့ ဝင်တောင်သွားပြီ အခုထိမနားရသေးဘူး ညစာထမင်း ဟင်းလည်း မချက်ရသေးဘူး နေ့ခင်းထမင်းစားပြီးကတည်းက တရွေ့ရွေ့တိုးလာခဲ့တာ လမ်းမဟုတ်တဲ့ တော ဝါးတော တောင်ယာဟောင်း တောင်ကုန်းတွေ လျှိုတွေ ချောင်းတွေဖြတ်တိုးလာခဲ့တာ။

ကျောပိုးအိတ်ကလည်း တော်တော် အီသကိုး မအီပဲနေမလား ပါလာတဲ့ပစ္စည်းကိုကြည့်ဦးလေ (ဒီအကြောင်းကို ဝေတနာအပိုင်းအစ-၂ မှာဖော်ပြပြီးပါပြီ) ဟိုနားဒီနား အမျိုးတွေဆီ ၇ ရက်တပါတ်အလည်သွားကြရင်တောင်ထည့်ယူတဲ့ အဝတ်အစား အသုံးအဆောင် နဲမှ မနဲတာ။ ဒါတောင် လိုတာဝယ်လို့ရတာနော်။ အခုလိုလာနဲချီကြာ ဘာမှလိုတာဝယ်လို့ မရတဲ့နေရာမှာ သယ်ရတဲ့ ဗာဟီရ ပစ္စည်း ခဲယမ်းမီးကျောက်တွေ ရိက္ခာတွေနဲ့ အိုး ..လေးလိုက်တဲ့ဖြစ်ခြင်း.. ကျောတွေလည်းပူစပ် ပုခုံးတွေကလည်း ကျိန်းနေပြီ။ တအိအိနဲ့တိုးတိုးဖြတ်တက်နေကြတာ စစ်ကြောင်း-၂က နောက်ဆုံးတပ်ခွဲတောင် အကုန်ချောင်းဒီဘက်ကို မရောက်သေးဘူး နောက်ကနေ တုံ တုံ... ဖန်းဖန်းဖန်း နဲ့ သေနက်သံတွေဆူညံပြီးထွက်လာပါတော့တယ် ချောင်းထဲကို 40m တစ်လုံးကျကွဲတာကိုလှမ်းမြင်လိုက်ရတယ် ဂျိမ်း ဆိုပြီး ရေပန်းတွေဖြာတက်သွားတာများ အိုး ရုပ်ရှင်ထဲကအတိုင်းပဲဗျ။ လူတွေကစဥ့်ကလျားဖြစ်ကုန်တယ် တစ်ယောက်တန်း ကူးဖြတ်နေရာကနေ ဒီဘက်ကို စုပြုံပြီးဖြတ်ကူးကြပြီလေ မကူးလို့ ရမလား နောက်ကနေ အုံနဲ့ကျင်းနဲ့ အင်အားထပ်ဖြည့်လာဟန်ရှိသော ငပွေး တို့က ဝိုင်း ပို့နေပြီလေ နောက်ကနေ။ သူကလည်း ချောင်း အကူးကိုထပ်ပြီးအေးဆေးစောင့်တွယ်တာဖြစ်ပါမယ်။ ဒီဘက်ကမ်းကနေ ပြန်သမကြတာပေါ့။

ကျွန်တော့်ဘေးက ဘီအေ-၁၀၀(BA-100) ကွန်မန်ဒို စိန်ပြောင်းသမားက ဗိုလ်ကြီး တစ်လုံးလောက် တွယ်ချင်တယ် ဆိုတာနဲ့ အေး လုပ်ကွာဆိုပြီး မြေမှာအသေအချာ အထိုင်ချလို့ ပစ်ဖို့လုပ်ပါတော့တယ် ဟာ..အခုမှာ သတိထားမိတယ် အံမယ် ဟကောင်ရ ခွီးတယ်မှ မင်း အပေါ်ကိုလည်းသေချာကြည့်ဦး ဘယ်မှာလည်း ပစ်ကွင်းရှင်းလို့လား မင်းအဘ အပင်ကိုင်းနဲ့ ထိပြီး ဒီအပေါ်မှာတင် ပွင့်သွားမှာ အကုန် မာလကီးယား ကုန်တော့မယ်။ သွား ဟိုဘက် အပင်စုစု ဘေးကနေ ထွက်ပစ်.....ဆိုပြီး ချက်ချင်းနေရာရွှေ့ခိုင်းရသေးတယ် တော်လို့ဟာ ခနကတာ အပေါ်မကြည့်မိဘဲ ပစ်ခိုင်းလိုက်လို့ကတော့ အင်း... ပြောရတာမဟုတ်ဘူး ဗုံးသီးတွေက တကယ် စနက်အမြန်တွေ ထိတာနဲ့ဂိမှာ။ ဒီတစ်ခါတော့ စစ်ကြောင်း-၂ အဖွဲ့တွေ(သူတို့ကနောက်ပိတ်စစ်ကြောင်းလေ) အလှည့်ကျပါတော့တယ်။ ဆူညံ ပွတ်လောတွေရိုက်နေတာပဲ အပေါ် ဝါးရွက်ကိုင်းဖျားကနေ ရွှီးကနဲအသံတွေဖြတ်ပါတယ် တစ်တောတောင်လုံး ဒိုင်း ဒိုင်း ရွှီး ရွှီး ဝေါ..တဂျိမ်းဂျိမ်း ပေါက်ကွဲသံတွေနဲ့ ပဲ့တင်ထပ်နေတော့တာပေါ့။ နောက်ဆုံး 60mm ၆၀မမ စိန်ပြောင်း ၃ လုံး လွှတ်ပြီးတော့ အသံတော်တော်လေးပါးသွားပါတော့တယ် အငယ်သံကတော့ တချက်တချက် ထွက်လာပါတယ် စစ်ကြောင်းကလည်း ကြောစောင်းအတိုင်းရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာနဲ့ ဝါးပင်နဲ့သစ်ပင်ထူထပ်ရာကို တိုးတိုး ဝင်သွားပါတယ်။ မှောင်ကလည်းမှောင် လူအချင်းချင်းတောင်အရိပ်ပုံကိုပဲ မြင်ရတော့တယ် ရှေ့ကနေနောက် နောက်ကနေရှေ့ကို ဆက်ပြောပါဆိုပြီး အမိန့်စကားလက်ဆင့်ကမ်းလာ ပါတယ် ဘေးကိုမထွက်နဲ့ ဒီအတိုင်းကိုယ့်နေရာမှာကိုယ်နေ ပွိုင့်တပ်ခွဲ ရေလိုက်ရှာနေ စမ်းနေတယ် လူ လုံးဝ မမှားပါစေနဲ့....တဲ့ ကြွက်စိကြွက်စိအသံတွေကပ်ပါလာပါတယ် ဒီအချိန်မှတော့ ဘာရေမှာ မတွေ့ဘူး ဘာဖြစ် ညာဖြစ်ပေါ့။ ဒီလိုနဲ့ကြာလာတော့ တစ်ခါ ဘာမီးရောင်မှ မမြင်ချင်ဘူး နေရာမှာပဲ ဒီအတိုင်းအိပ်ဖို့လုပ်တော့တဲ့ ကဲ သိလိုက်ပြီ ညစာ...ညစာ..လစ်ပြီပေါ့။

စားဖို့နေနေသာသာ ချက်တောင်မချက်ရသေးတာ မှောင်ကလည်း ဒီလောက်မှောင်မဲနေတာ ဓါတ်မီးကို လက်နဲ့အုပ်ထိုးပြီး ပစ္စည်းလေးထုတ် လက်လက်မြင်တာနဲ့ ဟိုးနောက် ချောင်းတစ်ဖက်ကနေ တဖန်းဖန်းနဲ့ သွေးတိုးစမ်း လှမ်းလှမ်းပစ်လာပါတယ် ထိတော့မထိရောက်ပါဘူး။ မထူး မယ့်အတူတူ ကိုယ့်ဆီကို ပြန်မပစ်တော့ဖို့ အနားကပ်လာ အပိုင်တွယ်ဖို့ မှာထားပါတော့တယ်။ ကိုနန္ဒလည်း ကိုယ်ရောက်နေရာရေလေး ဘေးကိုကျောပိုးအိပ်လေးချ မှန်းပြီးရမ်းပြီး မြေခင်းလေး ခင်းလို့ တစ်နေကုန် ချွေးစို နံစော်နေတဲ့ ယူနီဖောင်းလည်းမချွတ်တော့ဘူး ဖိနပ်တောင်မချွတ်တော့ဘူး ရေဘူးလေးထဲက ရေလေးနဲနဲနဲ့ ရေစိုရုံလက်နဲ့ မျက်နှာလေးပွတ်သပ်လို့ တပည့်တွေ သေချာဂရုစိုက်ဖို့ ကင်းတွေသေချာလုပ်ဖို့ထပ်မှာ ဆရာ အဘလေးပြောတာတွေ နားထောင်မနက်ဘယ်ချိန်ဘာဘာညာညာ ဘယ်တပ်ခွဲပွိုင့် စတာတွေကို တဆင့် ဖြန့်ဝေးပေးပြီး ကျောခင်းလိုက်မိတယ် အပေါ်ကိုမော့ကြည့်မိတယ် ဘာဆိုဘာမှ မမြင်ရပါလား ကြယ်လေး တစ်လုံး နှစ်လုံးတောင် မမြင်ရတဲ့ညပေါ့..ကျောခင်းတယ်ဆိုလို့ ဆန့်ဆန့်ရန့်ရန့် နေရာမရှိပါဘူး ဘေးမှာလည်း ဘာရှိလို့ရှိမှန်းမသိ ဒီတိုင်းချနေရတာ တစ်ဖက်ဘေးက တောင်ကပါး မြေနံရံမတ်မတ်ကြီး ကျန်ဘေးတစ်ဖက်က လျှောစောင်း ချောက်...ခြေထောက်ဆန့်ကြည့်လိုက်တော့ တစ်ခြားခြေအစုံကိုပေါ်ချမိသားဖြစ်နေတယ် နောက်ကအမြဲပါတတ်တာတဲ့ ဆရာကျော်သာရှေ (ရခိုင်) ဖြစ်နေတယ် ဒါနဲ့ ပြန်ယုတ်လိုက်တော့ ဗိုလ်ကြီး ဆန့် ထားလေရတယ် အားမနာနဲ့ တဲ့ ကျွန်တော်လည်း ညောင်းလာလို့ ဘယ်လို့မှ မခံနိုင်တော့လို့ ဆန့်ထားလိုက်တာ တဲ့.. ဟူး.... ဒီလိုနဲ့ တောင်တွေမြောက်တွေး တွေးနေတုန်း တစ်ဖက်က ဗိုလ်ကြီး ဗိုလ်ကြီး ရော.. ဒီဘက်မှာ ဆိုတဲ့ အသံတိုးတိုးကြောင့် ဘာလဲဟ ဆိုတော့ ဒီမှာ ဆရာကြီး မျိုးထွန်း ဗိုလ်ကြီးကိုလိုက်စမ်းမေးနေလို့ ဆိုတော့ အင်း ဆရာကြီး ကျွန်တော်ဒီမှာ ဆိုပြီးလက်ကမ်းပေးတော့ ဘေးကဆရာကိုကျော်ခွပြီး ဘေးကိုရောက်လာရော ဗိုလ်ကြီး ရော့ဒါလေး အဆာပြေစားလိုက်ဦး ဆိုပြီး လက်ထဲကိုထည့်ပေးလာတာ နဲ့ .. ဟာ ဘာတွေတုန်း တော်ပြီ ဘာမှမစားတော့ဘူး မဆာတော့ဘူး ..လို့ငြင်းလိုက်တယ်( အမှန်က အိုး ဆာလိုက်တာပြောမနေနဲ့တော့ မဆာခံနိုင်ရိုးလား ကုန်းတွေတက်လိုက် ဆင်းလိုက် ဝပ်လိုက်ထလိုက်နဲ့ တစ်နေကုန်) ယူပါဆိုဗိုလ်ကြီးရာ ဒါက ခွဲရုံးလူအကုန် နဲနဲစီရတယ် ဆိုတာနဲ့ ယူလိုက်တယ် ထမင်းကြမ်းခဲလေး လက်သီးဆုပ်စာလောက်လေးကို သကြားတွေဖြူး လို့ သင်္ဘောသီးစိပ်မမှည့်တမှည့်အတုန်းလေး သကြားဖြူးထားလို့ (သေချာတယ် ကွမ်းသီးခြံ ဖြတ်ဆင်းတုန်းက ခူးလာတာပဲဖြစ်မယ်)... တဂွီဂွီမြည်နေတဲ့ ဗိုက်ကတော့ ငြိမ်ကျသွားပါရောလား။ ညကျ ဖျက်ကနဲနိုးတော့ ခြေထောက်က ပူလောင်နေတာနဲ့ မမြင်မစမ်း ဖိနပ်ချွတ်ဖို့လုပ်တော့ လားလား ငါ့ခြေထောက် အပေါ် ဆရာကျော်သာရှေ(နံမည်လိုက်အောင် သူအရပ်က ၆ ပေ ၁ လက္မရှိပါတယ်) ဘောလီဘောအသင်းမှာ မပုတ်တတ်လည်း လက်ရွေးစင်ခန့်ထားခံရသူပါ။ သူ့ခြေထောက်အစုံက ငါ့အပေါ်ဖြတ်တင်ထားပါရောလား... ကဲ နေပစေတော့ ဆက်ပြီး မျက်စိစုံမှိတ်ပျော်အောင်ဆက်အိပ်လိုက်တော့တယ်။အိပ်မက်ထဲမှာ ခြေထောက်တွေ လေဖြတ်နေပါရောလား လှုပ်လို့ကို မရတာ။။။။။။။။။။

0 comments: