ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Wednesday, May 28, 2008

မိုင်းခတ်မြို့လေးဆီသို့

နောက်ဆုံးအကြိမ်အနေနဲ့ တိုင်း(တသခ)စစ်ဆင်ရေးကို သတင်းပို့ပြီး ဗိုလ်နန္ဒအောင် ဦးစီးတဲ့ တပ်မတော်ကား ၃ စီး မိုင်းခတ် မြို့ကိုဦးတည်ခဲ့ကြပါတယ်။ မြေပြန့်ကလာရတဲ့သူအဖို့တော့ မြင်သမျှဟာ အသစ်အဆန်းတွေ ဖြစ်လို့နေပါတယ်။ သူတို့ပြောပြောနေတဲ့ ဝမ်တာပုံ တံတားကြီးကိုရောက်တော့ စခန်းမှူး နေလင်းအောင်(၄၆th) ဝမ်းသာအားရနဲ့ရောက်လာတယ်။ သူနဲ့ကလည်း ဟိုတစ်နေ့ကမှ သိလိုက်တာ သင်္ကြန်လည်ဖို့ သူက ကျိုင်းတုံကို လစ်လာတာလေ.. ဘီယာတွေသယ်ချလာပြီး အတင်းဖောက်ဖို့ပြင်တယ် ..ဟေ့ဟေ့ ငါ့ညီ ဒီတစ်ခါတော့ မလုပ်နဲ့ဟ တပ်ရင်းရောက်တာနဲ့ တပ်ရင်းမှူးနဲ့တွေ့ရမှာ အခုမှ အသစ်ပြောင်းလာတဲ့ ဒီကောင်က တပ်ရင်းကို ရောက်ရှိသတင်းပို့တာ ဘီယာအရက်ကသောက်လာသေးတယ် လို့ထင်သွားပြီး အလကားနေ 1st impression down နေပါဦးမယ် ကျေးဇူးပါ ညီလေးအဲလို ပြုစုကြိုဆိုတာ။ ဒါဆိုအစ်ကိုကြီး ဆတ်သားခြောက်လေးတော့ လုပ်လိုက်ဦး ရော့ ဆိုပြီး လာချပြန်ပါတယ်။ (စိတ်ထဲကတော့ သြော် ကိုယ်နေခဲ့တဲ့ တပ်မ တပ်တွေနဲ့တော့ ကွာသွားပြန်ပါရောလား..လို့)

ကားလမ်းဆိုပေမယ့်မြေသားလမ်းပါ။ နမ့်လွေချောင်းကြီးဘေးကနေ ကပ်ပြီးဖောက်ထားတာ။ နမ့်လွေချောင်းက တရုတ်ပြည်ထဲနေမြစ်ဖျားခံစီးလာပြီး ဝမ်တာပုံအကျော် ဒီဘက် ကျိုင်းတုံလမ်းမှာ အရှေ့ဘက်ကိုကွေ့ပြီး တရုတ်ပြည်ထဲကိုပြန်စီးဝင်သွားပါတယ်။ လမ်းတစ်လျှောက်တောင်တန်းကြီးတွေ တောင်ကုန်းတွေနဲ့ စိမ်းမြ နေပါတယ်။ ဟိုးတောင်တွေရဲ့ ကပယံ(ဆင်းလျှော)တွေမှာတော့ ဘာပင်မရှိ ပကတိ စိုက်ခင်းကွက်လိုတွေ နဲနဲ စီတော့တွေ့နေရပါတယ်။လမ်းကမိုးရွာထားတော့ တစ်ချို့နေရာတွေမှာတော်တော်ဆိုးတယ်။ ကားဗွက်နစ်တာ ဘယ်လိုမှမရလို့ လူတွေဆင်း ဘေးကသစ်ပင် ဝါးပင်တွေ ခုတ်ပြီး ချ ကျောက်တုံးတွေရှာထည့်လို့ ခက်ခက်ခဲခဲ လုပ်ရတာက အခါခါပါ... တကယ်တမ်း ခရီးအကွာအဝေးက ကျိုင်းတုံ--မိုင်းခတ် မိုင်(၄၀)ဝန်းကျင်ပဲရှိတယ်လို့ သိရပါတယ်။ တပ်ရင်းကို ကိုယ်ကအသစ်ပြောင်းရွှေ့ရောက်ရှိသတင်းပို့ရမှာဆိုတော့ ယူနီဖောင်းလေး အသစ်လေးတစ်စုံချုပ်ခဲ့တာ(နန်းရှေ့ အထည်ဆိုင်ကနေပါ) အခုတော့ ရွှံ့တွေ ဗွက်တွေက ခြေထောက်တွေမှာ စင်ထားတာတော်တော်များတယ်.........

မိုင်းခတ်မြို့ကို စဝင်ဖို့အတွက် ခလရ(၂၂၇) မိမိတပ်ကို အရင်ဖြတ်ရပါတယ်။ ဟောရောက်ပြီ တပ်က ရှေ့တန်း ကနေပြန်နားနေတာ တဲ့။ စစ်သည်တစ်ချို့ သစ်ပင်တွေ ထုံးသုတ်နေကြတယ် တန်းစီကွင်းမှာရောပဲ ကားပေါ်က ဆင်းပြီး RP (တပ်ရဲ)ကိုမေးလိုက်တယ် တပ်ရင်းရုံးဘယ်မှာလဲပေါ့.. ဟိုမှာပါ ဗိုလ်ကြီးဆိုပြီး လက်ညှိုးထိုးပြရာကို ကြည့်လိုက်တယ် အားလားလား ကုန်းထိပ်မှာရုံးဆောက်ထားတာပါလား ..ဟူး.. တက်ရဦးမယ် ဒီကနေ တပ်ရေးဗိုလ်ကြီးကိုအရင်ဝင်တွေ့တော့ လားလား ဝမ်းသားအားရနဲ့ပါ (တပ်ရင်းမှူးထက်သူက BC စီနီယာ ကျနေသေး)။ရိပ်သာဆိုလို့ ရောက်သွားတော့ အခုမှ ရိပ်သာဆိုတာက foundation တောင်မပြီးသေးဘူး။ အရာရှိအိမ်ထောင်သည်အိမ်တစ်လုံးမှာ လူပျိုတွေစုနေကြတာပါ။ လျှပ်စစ်မီးက တပ်ရင်းမီးစက်ကြီးကနေ ညနေ ၆ နာရီကနေ ၉ နာရီ အလုပ်အရမ်းရှုပ်နေချိန် ၁၀ နာရီထိမောင်းပြီး မီးပေးပါတယ်။ ဖုန်း ဆက်တော့ရောလို့ မေးမိတော့ လက်လှည့်ပြီး မြို့ထဲကို အော်ပြောနေရတာတဲ့။ .....သြော် ကိုယ်နေခဲ့တဲ့ မိခင်တပ်နဲ့တော့ ကွာခဲ့ပြီ ပေါ့လေ..လို့ (ဒီထက်ဆိုးတဲ့ တပ်တွေလည်း အများကြီးရှိနေသေးတာပဲလို့ ဖြေမိပါတယ်)

ညနေမြို့ထဲဆင်းမယ်ဆိုလို့ တစ်သီကြီး ချီကြတာပေါ့။ တပ်အောက်ကိုဆင်းသွားပြီး မိုင်းယန်း လမ်းခွဲထိပ်ကို ရောက်တာနဲ့ မိုင်းခတ်မြို့ အဝင်ဆိုင်းဘုတ်လေးကိုစမြင်ရပါတယ်။ ကုန်းထိပ်အတိုင်းတက်သွားမှာမြို့လေးကို စဝင်တယ်။ ဆောက်လုပ်ရေးရုံး၊ သာသနာပြန့်ပွားရေးရုံး၊ တယ်လီဖုန်းရုံး(သူကအဓိက) auto ဖုန်း ၁ လုံးရှိလို့ တော်သေးတယ်။ ဒါကလည်း ကျိုင်းတုံ ဆသရ ကနေ cordless စက်ထောင်သုံးရတာပါ။ စာတိုက်ရုံးက ဟိုး အတွင်းမှာ အဲဒီမှာလည်း အခုနကလို atuo ဖုန်း တစ်လုံးရှိတယ်။ ဒါပဲ တစ်မြို့လုံးမှာ အော်တိုဖုန်း ၂ လုံးရှိတဲ့ ကျွန်တော်ရဲ့နေရာသစ်မြို့လေးပါ။ လ္ဘက်ရည်ဆိုင် ၂ ဆိုင်ရှိတယ်(အဲဒီ ၂ ဆိုင်လုံးမှာ ဘီယာအရက်တွေ သောက်လို့ရတယ်။) ကာရာအိုကေဆိုင် တစ်ဆိုင်။ စာအုပ်ဆိုင်က နှစ်ဆိုင်။ အခွေငှားဆိုင်က တစ်ဆိုင်။ ဈေးလေးလည်းရှိတယ် ပတ်လည်မှာတိုက်ခန်းဈေးဆိုင်လေးတွေနဲ့ မနက်ကိုစောနိုင်သမျှစောသွားမှ ၈ နာရီ ကျော်တာနဲ့ ဈေးကွဲပြီ။မြို့လျှပ်စစ်မီးကလည်း မီးစက်ကြီးမောင်းပြီး ညနေ ၆ နာရီကနေ ည ၉း၃၀ ထိပေးတယ်။

နောက်နေ့မနက်စောစောထပြီး ညီငယ်တွေနဲ့ ဈေးထဲကိုဆင်းပြီး ခေါက်ဆွဲစားကြတယ် အိမေ ခေါက်ဆွဲ ဆိုပြီး မှာတယ် ဒီညီတွေကိုယ်က ဗမာစကားကို လေသံတွေက နားထောင်ရတစ်မျိုးဖြစ်နေပါတယ်။ ကျွန်တော့်မှာက ရှမ်းတွေ ဗမာလိုပြောတာကိုပဲ နားမလည်ဖြစ်နေရပါတယ်။ ခေါက်ဆွဲဆိုတာလာချတယ် ။ ကြက်သားပြုတ်ရည် ပူပူ ပန်းကန်လုံးကြီးကြီးထဲကို မုန့်ဖတ်ဖြူဖြူတွေထည့်လို့ ဘာအရောင်အဆင်းမှ မပါပါဘူး။ ရှမ်းစစ်စစ်လုပ်တဲ့ ရှမ်းခေါက်ဆွဲဆိုတာဒါပဲ အစ်ကိုကြီး တဲ့ ။ အင်း ဟုတ်သားနော် ပြင်ဦးလွင်၊ရန်ကုန်၊မန္တလေး တစ်ခြားမြေပြန့် မြို့တွေ လမ်းခရီးတွေမှာ စားခဲ့ဖူးတဲ့ ရှမ်းခေါက်ဆွဲတွေ...အခုဟာနဲ့က လုံးဝကိုမတူခြားနားလို့နေပါတယ်။ ညီငယ်တွေကယူပြီး ပုလင်းထဲကနေဟာတွေ ဗူးထဲကဟာတွေ အစုံထည့်မွှေပေးပြီး ရပြီစားကြည့်ဆိုမှာ အိုး တကယ်ကို အနံ့အရသာတွေ ကောင်းမွန်လိုက်တာများ (ရေးရင်းနဲ့ကို သတိရလာပြီဗျာ)....

မိုင်းခတ် ဟိုးဘက်မှာ မိုင်းယန်းမြို့ရှိသေးတယ် (တစ်ခေတ်တစ်ခါက မိုင်းယန်း--မဲသဝေါ တိုက်ပွဲတွေကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်) မိုင်းယန်း က မိုင်းယန်း ဒီဒေသမှာ။ မဲသဝေါက သူ့ဟာသူ တစ်ခြားစီပါ ။ တွဲပြီး ခေါ်လေ့ရှိတဲ့ ကျွန်တော်တို့ မြန်မာ့ဓလေ့အရနီးသွားတာပါ။ မိုင်းခတ် ...မိုင်းဆက်..မိုင်းဖြတ် ဆိုပြီး နောက်က အက် သံလေးတွေပဲကွဲသွားပေမယ့် မြို့အခြေအနေတွေက လုံးဝကို ကွာခြားသွားပါတယ်။ မိုင်းဖြတ်မြို့က ကျိုင်းတုံကနေတာချီလိတ်ကိုသွားရင် လမ်းဘေးမှာတည်ရှိပါတယ်။ (မိုင်းဖြတ်အကြောင်းကိုတော့ ကိုဝင်းဇော်ရဲ့ http://winzaw-mdy.blogspot.com/ မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျား) နောက်မြို့ကတော့ မိုင်းဆက်မြို့ သူကတော့တာချီလိတ်ကို ကျော်ထွက်ပြီး ဟိုးအတွင်းမှာ သီးခြားလေးတည်ရှိပြီး တကယ်တိုးတက် သာယာပါတယ်။ အားလုံးထဲမှာတော့ ကျွန်တော့် မိုင်းခတ် မြို့လေးက အသေးကွေးဆုံး ဖွံ့ဖြိုးမှု အနှေးဆုံးပါ။
ဆက်လက်ဖော်ပြပါမည်................................................................

0 comments: