ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Tuesday, July 29, 2008

စစ်သားနှင့် အမေ


အမေတိုင်းသည် မိမိရင်မှ ဖြစ်တည်လာသော ရင်သွေးကို ချစ်ကြသည်မှာ ဓမ္မတာဖြစ်သည်။ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသောစကား ရှိသော်လည်း တကယ်တမ်း ဖြစ်လာပါက မည်သည့် အမေကမျှ ကိုယ့်သား ကိုချ နင်းရက် လိမ့်မည် မဟုတ် ဟု ယုံကြည်ပါသည်။ ထို့ကြောင့်လည်း အမေ့အား ခင်တွယ်ကြလေသည်။ ချစ်ကြလေသည်။ အမေသည် သားသမီးများကို ငယ်စဉ်က ဆိုဆုံးမခဲ့သလောက် အရွယ်ရောက်လာကြ သောအခါ သားသမီးတို့၏ တိုးတိုးဖော် ဖြစ်လာလေသည်။ အမေသည် အကာအကွယ်ပေးရာ တံတိုင်းကြီး တစ်ခု သဖွယ် ဖြစ်လာသည်။ ခလုပ်ထိသောအခါ အမိကို တ လာကြလေသည်။ ထို့ကြောင့် အမေ့ကို တမ်းတသော သီချင်းများ၊ ကဗျာများ ၊ စာများ ပေါ်ထွန်းလာခဲ့ပေသည်။

စစ်သား၏ အမေသည် မိမိရင်မှ ဖြစ်တည်လာသော ရင်သွေးငယ်အား ၁၈ နှစ်မျှသာ ကိုယ်ငွေ့ပေးလျှက် တပ်မတော်ထံ ပေးအပ်လိုက်ရလေသည်။ ထိုအချိန်မှစရ်ျ အမေသည် သားဖြစ်သူအား ဆိုင်သာဆိုင်သည် မပိုင်တော့ပေ။ သား၏ ဘ၀ကို မိခင်သစ်ဖြစ်လာသော တပ်မတော်ကသာ ပိုင်လေတော့သည်။ သို့သော် သားသည် အမေကိုသာ တမ်းတလေသည်။ အမေရင်ငွေ့ကိုသာ ခိုလှုံချင်လေသည်။ ထို့ကြောင့် စစ်သားတို့ အတွက် အမေသည် ကိုးကွယ်ရာ ဖြစ်လာလေသည်။ မည်သည့် စစ်ပွဲမျိုးတွင် မဆို တစ်ဖက်ရန်သူ ပစ်လွတ် လိုက်သော ကျည်ဆန်သည် ထိုနိုင်ငံ၏ တိုင်းသူပြည်သားထံ သို့ မဟုတ်။ ထိုနိုင်ငံ၏ စစ်သားထံသို့သာ ချိန်ရွယ် ပစ်လွတ်လိုက်ခြင်း ဖြစ်ရာ အမေ့သားသည် ထိုကျည်ဆံကို ရင်နှင့် ပြေးရ်ျ ခံရလေသည်။ ထိုသို့သော သားမျိုး အတွက် အမေသည် လူသူရှေ့တွင် ဂုဏ်ယူပါသည် ဟု ပြောစေကာမူ လူမမြင်ကွယ်ရာတွင် မျက်ရည်ကျနေ ပေလိမ့်မည်။ သေခြင်းတရားနှင့် ကစားနေရသော သားအတွက် အမေသည် နေ့စဉ် ပူဆွေး နေရပေလိမ့်မည်။ သို့သော် သားဖြစ်သူသည် အမေ့စကားကို နားထောင်တော့မည် မဟုတ်။ အဘယ့်ကြောင့်ဆိုသော် အထက်က ပေးအပ်သော အမိန့်နှင့် တာဝန်ကိုသာ အစဉ် ဦးထိပ်ထား နေရသောကြောင့်ပင်တည်း။

ထိုသို့သော သားများသည် အမေကို ပိုရ်ျ ခင်တွယ်လာလေသည်။ ပိုရ်ျ တမ်းတ လာလေသည်။ အမေ မရှိသော နေရာတွင် အမေ့ကိုယ်စား အမေ့ ထမိန် အထက်ဆင်စလေးကိုသာ မြတ်နိုးရလေသည်။ ထို့သို့သော သားများ၏ စိတ်ခံစားချက်ဖြင့် ပေါက်ဖွားလာသော ရုရှ သီချင်း တစ်ပုဒ်အား ခံစားကြည့်ကြပါကုန်။ သီချင်း ခေါင်းစဉ်မှာ “စစ်ကြီးပြီးဆုံးတဲ့ အခါ…..” ဟူရ်ျ ဖြစ်ပါသည်။

စစ်ကြီးပြီးဆုံးတဲ့ အခါ…
ကောင်လေးတစ်ယောက် ပေါင်မုန့်ယူရန် ပြေးထွက်လာတယ်
ကမ္ဘာမြေကြီးကတော့ နားလည်ရခက်တဲ့ ကောင်းကင်ကြီးလို
တိတ်ဆိတ် ငြိမ်သက်လျှက်ပါ
မတည်မြဲတဲ့ ငြိမ်းချမ်းမှုလေးမှာတော့ ဒီလိုငြိမ်သက်နေမှာပါ
ဘုရားသခင်က ကံတရားကို စီမံသွားပါလိမ့်မယ်
ဟိုးအမြင့်က ကြယ်တာရာတွေ တိတ်ဆိတ်နေတဲ့အချိန်မှာ
တစ်စုံတစ်ယောက်ရဲ့ အသံဟာ တိုးတိုးလေး ထွက်ပေါ်လာပါတယ်
မေမေ…..ကျွန်တော် အိမ်ကို ပြန်လာမယ်
မေမေ…ကျွန်တော် အသက်ရှင်လျှက် ပြန်လာမယ်
ဘုရားသခင်က ကျွန်တော်တို့ အားလုံးကို ခွင့်လွတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့အခါ…စစ်ကြီးပြီးဆုံးတဲ့အခါ
စစ်ကြီးပြီးဆုံးတဲ့အခါ
ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေဟာ ဒဏ်ရာတွေကို ကုသကြလိမ့်မယ်
အသစ်ပြန်လည် ဖွံ့ဖြိုးလာတဲ့ နိုင်ငံငယ်လေးဟာ
အင်အားတောင့်တင်းလာလိမ့်မယ်
တကယ့်ကို အရေးပါတဲ့ ဘ၀လေးတစ်ခုလဲ အဓိပါယ်ရှိစွာ ဖြစ်လာမှာပါ
ပျက်စီးဆုံးရှုံးမှုတွေကို ကျော်ဖြတ်ပြီး
ကိုယ့်ဘ၀ကို လွတ်လပ်စွာ ရပ်တည်နိုင်တော့မှာပါ
မေမေ…..ကျွန်တော် အိမ်ကို ပြန်လာခဲ့မယ်
မေမေ…ကျွန်တော် အသက်ရှင်လျှက် ပြန်လာခဲ့မယ်
ဘုရားသခင်က ကျွန်တော်တို့ အားလုံးကို ခွင့်လွတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ…
စစ်ကြီး ပြီးဆုံးတဲ့ အခါ…
စစ်ကြီး ပြီးဆုံးတဲ့ အခါ…
ရန်သူကို ခွင့်လွှတ်နိုင်ဖို့အတွက် တစ်ခုတည်းသော ခံယူချက်ကတော့
အကြင်နာတရားပါပဲ
ဒါဟာ အားလုံးအတွက် အမြင့်မြတ်ဆုံးပါပဲ
ဒီကမ္ဘာငယ်လေးထဲမှာ ရာစုနှစ်ပေါင်းများစွာ
အကြင်နာတရား ကင်းမဲ့ခဲ့ကြရတယ်
တကယ်တော့ ကျွန်တော်တို့ဟာ ရန်သူတွေ မဟုတ်ကြပါဘူး
အစွန့်ပစ်ခံ ကလေးငယ်လေးတွေသာ ဖြစ်ပါတယ်
မေမေ…ကျွန်တော် အိမ်ကို ပြန်လာခဲ့မယ်
မေမေ…အသက်ရှင်လျှက် ကျွန်တော် ပြန်လာခဲ့ပါမယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့အခါ…
စစ်ကြီးပြီးဆုံးတဲ့အခါ…
မေမေ…ကျွန်တော် အိမ်ကို ပြန်လာခဲ့မယ်
မေမေ…အသက်ရှင်လျှက် ကျွန်တော် ပြန်လာခဲ့ပါမယ် ……..

Read More...

Sunday, July 27, 2008

ပါချီးဒေသ သဲချောင်းမှ လျှက်တစ်ပြက် တိုက်ပွဲလေးတစ်ခု

ဗိုလ်မျိုးသက်ထွေး ဦးစီးထုတ်နှုတ် တစ်ဖွဲ့မနက်စောစော ကတည်းက အောင်လောင်းရွာဘက် သင်တန်းတက်အဖွဲ့တွေသွားပို့ပါတယ်။ ဆက်သွယ်ရေးစက်အဖြစ် အိုင်ကွန် (လမ်းလျှောက် စကားပြောစက် အသေး) လေးပဲ ယူသွားတော့ ပါချီးပင်မ စခန်းကုန်း၊ ရင်းမှူးရဲ့ စခန်းကုန်း များနဲ့ အိုင်ကွန် က ပြောလို့မမိလေတော့ အမြင့်ဆုံးမှာ စံစားနေတဲ့ ကိုနန္ဒအောင်ကပဲ ကြား တဆင့်ခံအဖြစ်ထိန်းပေးရပါတယ်။ မနက် ၉ နာရီကျော်လောက်မှာ စက်တစ်ကြိမ်အဆက် အသွယ်ရတာနဲ့ စစ်ကြောင်းမှူးတွေဆီကို ဘယ်ရောက်နေပြီ ဆိုတာကို စကားဝှက်သုံးပြီး ထပ် သတင်းပို့ရတာပေါ့။ မှန်ပြောင်းထုတ်လို့ ဟိုးအဝေး ထိုင်း ဘက်က မြို့ရွာတွေ လှမ်းရှိုးနေရင်း တောင်တွေးမြောက်ငေးလုပ်နေမိတယ်။ သိပ်မကြာပါဘူး ဖြတ်လမ်း တစ်ခုကိုသုံးပြီး လာလမ်း မဟုတ်တဲ့ တောလမ်းကနေ ၅၄၇၉ ဘက်ကိုတက်လာမယ်ဆိုတဲ့ ညီငယ်တို့ ရောက်နေရာ သဲချောင်းဘက်ကနေ ဖောင်း ဖောင်း ဒိုင်း ဒိုင်း အုံး ကနဲ ဂျိမ်းကနဲ အသံတွေ စီထွက်လာတယ်။ သေချာပြီ ကျွန်တော့်ညီလေး မျိုးသက်ထွေး အဖွဲ့ ရန်သူနဲ့ထိပ်တိုက်တိုးပြီ…. ထင်တဲ့အတိုင်းပဲ စစ်ကြောင်းမှူး တွေကလည်း ဒီမောင်ရဲ့ စက်ထဲကို ပြုံပြီးမေးကြပြီ … ရဲသူ ရှိလား ရဲသူ… ရဲသူ အခုချက်ချင်း ဖားဖွင့်ပါ..

(ဖားဖွင့်ပါ ဆိုတာ ကျွန်တော့်ကို ဖုန်းဖွင့်ဖို့ ပြောတာပါ) အဲဒါနဲ့ ကျွန်တော်လည်း ၅ ဘတ်မရှိ တရှိ ကျန်တော့တဲ့ ဖုန်းလေးဖွင့်လို့ ပါချီးကုန်းက စစ်ကြောင်း-၂ မှူးကို ဖုန်းဆက်ပြီး ချက်ချင်း ပြောရတာပေါ့။ (နယ်စပ်မှာက ထိုင်း ဖုန်းလိုင်းမိတော့ သုံးတာပေါ့ဗျာ) တစ်ဖက်ကလည်း တပ်ရင်းမှူးကို လှုပ်ရှားအဖွဲ့တော့ ပွဲကနေပြီ ဆိုတာကိုလည်း ပြောရသေးတယ်။ စစ်ကြောင်းမှူး ၂ ယောက်အမိန့်ကို မစောင့်ဘူး ကျွန်တော်ကလည်း မိမိအဖွဲ့အခုချက်ချင်း ဆင်းလိုက်မယ် လို့ ဇွတ်အတင်း တင်ပြလိုက်တယ်။ တောင်ပေါ်ကနေ ဆင်းနေရတာနဲ့ အချိန် ကျန့်ကြာမယ်လို့ သူတို့ကပြန်ပြောလာတော့ ကြာတာကနောက်မှ ဟိုမှာက ဖြစ်နေပြီ ရတယ် ကျွန်တော် အခုပဲ ဆင်းပြီ ဆိုပြီးစခန်းပေါ် ဆရာကြီးနဲ့ ပတ်လည် ကင်းတွေပဲ ထားခဲ့ပြီး ကိုယ်တိုင်က အမ်အေ-၃ နဲ့ ကျည်ဘောက်စ်တွေအကုန်ဆွဲပြီး ကျန်အဖွဲ့တွေနဲ့ အတင်းကို တောင်အောက် ဘက်ကို တစ်ဟုတ်ထိုး လျှော ဆင်းကြတော့တယ်။ ဒလိမ့်ကောက်ကွေးတွေလည်းကျ ဖင်တရွတ်တွန်းတွေလည်းကျ အောက် လျှိုထဲမှာလည်း တဒိုင်းဒိုင်း တဖြောင်းဖြောင်းနဲ့ အကြီးသံတော့ မကြားရဘူး။ သေချာ ပါတယ်။ ရန်သူ့မှာ အငယ်တွေ (လက်နက်ငယ်) ပဲပါလာလို့ဖြစ်မယ်။ တွေးနေတုန်းရှိသေး ဖောင်း ဂျိုင်း ဖောင်း ဂျိုင်း ဆိုပြီး အာပီဂျီ (RPG)တွေ ဆက်တိုက်လွှတ်သံကြားရတယ်။ ဟာ အာပီဂျီတော့ လွှတ်ပြီဟေ့ သတိထားကြ နော်။ ကိုယ်တိုင်ကလည်း ညီငယ် ပြောထားတဲ့ အရပ်မျက်နှာ မိမိလာမယ်ဆိုတဲ့ အရပ်မျက်နှာကို အနီးဆုံးချဉ်းကပ်ရသေးတယ်။ မဟုတ်ရင် တပ်ချင်းမှားပြီး သမကုန်မှာကိုး။

ထင်တဲ့အတိုင်းပဲ သဲချောင်းတစ်ဖက် ကုန်းစောင်းကနေ ရန်သူက အပိုင်စောင့်ပြီး တီးတော့ လှုပ်ရှားအဖွဲ့ခမျာ ထင်မှတ်မထားစွာ အငိုက်မိတာပဲလေ။ ညီငယ်နဲ့ဆရာတွေ စစ်သည်တွေရဲ့ နေရာယူမှုကောင်းပုံနဲ့ ပစ်အားကို ထိန်းထားပုံကို လေးစားဖွယ်တွေ့လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ကြိုတင်ညှိထားပြီးတဲ့ အတိုင်း ချောင်း ရေညာကနေ ရအောင်ဝင်ပြီး ရန်သူ့ မျက်စောင်းထိုး အနေအထားကနေ အနီးစပ်ဆုံးကပ်နိုင်ပြီး တရစပ်ပစ်အားသုံးလိုက်တယ်။ ရန်သူအတွက် ကံကောင်းစေတာက အပေါ်ကသစ်ပင်ကြီးတွေ အုပ်မိုးကာဆီး ထားမှုပဲလေ။ ဒီတော့ စိန်ပြောင်းတို့၊ ၄၀ အမ် ခေါက်ချိုးတို့ သွယ်ဝိုက် မပစ်နိုင်တော့ဘူးလေ။ ရန်သူကလည်း ဒီအထာသိနေပုံရတယ် အာပီဂျီတွေများများ သယ်လာပြီး ဆော်တော့တာပဲ။ လူတွေက မောကလည်းမော ဟောဟဲကိုဆိုက်နေတာပဲ ။ ဟောဟဲမဆိုက်ဘဲ ရှိမလား ဒီလောက် မတ်တဲ့ တောင်စောင်းကို ဇောနဲ့ဆင်းလာ လိုက်ကြတာများ။ ကဲ လာစမ်း။ စက်လက်သမား။ အမ်အေ ၁၀ သမား၂ ယောက်က နောက်ပစ်ကွင်း clear ရင် ဆော်ကွာ ၃ လုံးစီထိ။ ပစ် စက်လက်သ္မား ဟိုးစောင်းက ထင်းရှူးပင်ကြီးတွေအခြေကို။ ကျွန်တော့်ညီငယ်တို့ အဖွဲ့တွေ အားတက်ပြီး အသားကုန် လှိမ့်ဆော်တော့တယ်။ ရန်သူအနေအထားက အင်အား-၂ ဆနဲ့ပစ်အားကို သုံးပြီး လက်နက်တွေ ဝင်ဆွဲဖို့ကြံထားကြပုံရပါတယ်။ စက်လက်ရဲ့ တရစပ်ပစ်အား ကောင်းသလားတော့ မမေးနဲ့ အနားကလူတွေကို နားတွေ အူထွက်နေတာပဲ။ ဒါကြောင့်လည်း အာပီဂျီ(RPG) သမားနှစ်ယောက်လုံး ခပ်လှမ်းလှမ်းကို သွားပစ်ခိုင်းရတာ။ မဟုတ်ရင် နားကန်းရချေရဲ့။ ညီလေး မင်း စက်လက်နားကိုလာ ကိုယ်နဲ့ ညီ့ဆီက ၄ ယောက် ကိုယ့်ဆီက ၄ ယောက်နဲ့ ဟိုရေစပ်စပ် နေရာကနေ ဒီကောင်တွေနားတိုးမယ်။ အိုကေ.. အစ်ကိုကြီးတို့ စကူးတာနဲ့ ပစ်အားကို ၂ ဆ တိုးမယ်ဆိုပြီး ထိတွေ့မှုကို အဆုံးသပ်ဖို့ကြိုးစားရတော့တယ်။

ကိုနန္ဒတို့ ချောင်းထဲကူးတာနဲ့ တစ်ဖက်ကလည်း နပ်တယ်။ အသားကုန်တွယ်တော့တာပဲ။ အုံး ဂျိမ်း…ဟာ ဆော်ပြီဟေ့ လက်ပစ်ဗုံးဟ… ရေပန်းတွေဖွာထွက်…လူတွေ စိုရွှဲကုန်တာများ လှလိုက်တာ တီဗွီထဲကလိုပဲ ဆိုပြီး တွေးမိသေးတယ်။ ဒီအနေထားဆို ၄၀အမ် ရလောက်တယ် ဆရာလှသောင်း ပစ်ဗျာ ၄၀ ၃ - ၄ လုံး ဆိုတော့ ဖြစ်ပါ့မလား ဗိုလ်ကြီး” တဲ့ ဖြစ်တယ် လုပ် ၄၅ံ အောက်ချပြီး သစ်ပင်ရဲ့ ခါး နေရာလောက်ကို ခန့်မှန်းပြီးတာ လွှတ်ဗျာ..သတိတော့ထား အန္တရာယ်များတယ် အိုကေ ဗိုလ်ကြီး ဆိုပြီး တွယ်တော့တာပဲ။ ပထမ ၂ လုံးက ကျော်ထွက်သွားတယ်။ နောက်အလုံးတွေ ကျတာ ကွတ်တိပဲ။ ပစ်အားကို မခံတာရယ် ကိုယ့်ဆီက ဇွတ်တိုး လာတာ ရယ်ကြောင့် ရန်သူ ဟထွက်သွားပြီး ထိုင်း ဘက်ကို ဆုတ်ခွါ သွားကြတော့တယ်။ သူ့ဘက်ကိုယ့်ဘက် အထိအခိုက် အကျအဆုံးမရှိ။ ဒီလိုရလဒ်မျိုးပဲ ကောင်းလိုက်တာနော်။ ကျည်ဆံခွံတွေတော့ ပုံနေတာပဲ။ လူအင်အားက ၂၀ လောက်ရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော့်ညီလေး မျိုးသက်ထွေး တစ်ယောက်ကတော့ သဘောအကျကြီးကျနေပါတော့တယ်။ တိုက်ပွဲကို နဖူးတွေ့ဒူးတွေ့ ကြုံဖူးသွားခဲ့ပြီလေ။ စခန်းကုန်းပေါ် ပြန်အတက် ၂ နာရီနီးနီးလောက်ကို တက်ယူကြရတယ်။ ချွေးတွေလည်း ရွှဲရွှဲ နစ်လို့ ရေချိုးထားသလား မှတ်ရတယ်။ အင်း ညစာ တော့ စားလို့ကောင်းဦးတော့မှာပဲ…လို့ ။ အပေါ်ပြန်ရောက်မှ ကြည့်မိတော့တယ် အားလားလား သွားပါပြီ မရှိမယ့်ရှိမယ့် ယူနီဖောင်း အကောင်းဆုံးထား ဝတ်နေရတာလေး နောက်မှာ စုတ်ပြက်သက်လို့……သွားပါပြီ အမေရယ်။

@@@ နေလွမ်းသူ

Read More...

Friday, July 25, 2008

ကျွန်တော်နှင့် ဆိတ်တစ်ကောင်၏ ရာဇ၀င်

တပ်မှာ အရာရှိငယ်က ရှိရင်း တစ်ယောက်၊ တန်းစီ တစ်ယောက်၊ ထိုတစ်ယောက်မှာ လူပျို ဟူသည့် အတိုင်း ပျက်ကွက် မရှိဖြင့် ပျင်းရိစွာ နေရသော အထီးကျန် ကာလ၏ နေ့တစ်နေ့တွင် ကျွန်တော့်အား တပ်ရင်းမှူးက ခေါ်ရ်ျ တာဝန်တစ်ခု ပေးပါသည်။ “ ဖမ်းဆီးရမိတဲ့ ဆိတ်တွေ သိုးတွေ နွားတွေကို အခု လေလံပစ်နေတယ်၊ အဲဒါ ငါတို့တပ်က ဆိတ်တစ်ကောင် ရတယ်ကွ၊ အဲဒီ ဆိတ်ကို တပ်မှာ မွေးဖို့ မင်းသွားယူချေ၊ တပ်နယ်ဂိတ် အ၀င်ဝ နားက ခြေလျင်တပ်ရင်းမှာ အဲဒီအကောင်တွေ အခု ရောက်နေပြီတဲ့၊ ကျသင့်ငွေလည်း တခါတည်း ရှင်းခဲ့ ” ဟု ရုတ်တရက် အမိန့်ရှိလေလျှင် ကျွန်တော်မှာ မနေ့တနေ့ကမှ ကျောင်းဆင်းလာသော အရာရှိ ကျပ်ချွတ်လေး ဖြစ်လေရကား ရှေ့နောက် ဘာမှ မစဉ်းစားမိဘဲ မြန်မာလို “ ဟုတ် ”၊ အင်္ဂလိပ်လို “ ရက်စ် ”၊ ဂျပန်လို “ ဟိုက် ”၊ ကိုရီးယားလို “ ရေး ” ( ဇာတ်ကားတွေထဲမှာ ကြားမိတာကို ပြန်ရေးတာ )၊ ရုရှလို “ ဒါး ” ဟု ပြန်ပြောကာ တပ်မတော် ဆိုင်ကယ်ပေါ် ကောင်းဘွိုင်စတိုင် တက်ခွပြီး လီဗာကို တအားဆွဲလျှက် “ ၀ူး ” ခနဲ မောင်းထွက် လာခဲ့ပါတော့သည်။ နောက်မှ နေရ်ျ “ ဟေ့ကောင်..ဟေ့ကောင်..ဟာ..စကားဆုံးအောင် နားမထောင်ပဲ ထွက်သွားပြန်ပြီ ” ဟူသည့် တပ်ရင်းမှူး၏ အသံ သဲ့သဲ့ကိုတော့ ကြားလိုက်မိသယောင် ရှိချေ၏။ ဤသို့ဖြင့် ကျွန်တော်နှင့် ဆိတ်တစ်ကောင်တို့ ၏ ဇာတ်လမ်းစလေသတည်း။

တပ်ရင်းဂိတ်ဝ ကျော်သည်နှင့် ဆိုင်ကယ်လက်ကိုင်ကို ညာလက်ဖြင့် ထိန်းကိုင်ရင်းမှ ဘယ်လက်ဖြင့် အိတ်ထဲက နေကာမျက်မှန်ကို ခပ်တည်တည် ထုတ်တပ်ကာ ဂိုက်ပေးကြမ်းလိုက်၏။ ပခုံးအပေါ်က ရွှေရောင် အပွင့်တွေ မပေါ်အောင် ထပ်ဝတ်ထားသော ပြောက်ကျား လက်ပြတ် ဝေ့စ်ကုတ်ဖြင့်၊ ဟဲလ်မက်ကလည်း မနေ့တနေ့ကမှ ဈေးထဲက သွားဝယ်ထားသော ကွန်မန်ဒိုစတိုင် ပိုက်ကွင်များပါသော ဟဲလ်မက်ဖြင့်ဆိုတော့ ရုတ်တရက် ကြည့်လိုက်ရင်တော့ နိုင်ငံခြားစစ်ကားထဲက မင်းသားစတိုင်ပဲ ဟုတွေးမိကာ ကိုယ့်ကိုကိုယ် တော်တော် အထင်ကြီး မိသွားလေသည်။ သို့သော် တပ်ထားသော နေကာမျက်မှန်ကတော့ ညဘက် လူမမြင်ခင် လမ်းဘေးက ဒိုင်လျှိုလေး သွားဝယ်ထားသော မျက်မှန် ဖြစ်လေရကား နေကာရုံသာမက နေလုံးပင် ပျောက်ချင်ချင်။ သို့သော် ကိစ္စမရှိ။ ဟန်ကိုယ့်ဖို့က အရေးကြီးလေသည်။ တစ်ချို့ဆိုလျှင် ဈေးပေါပေါ နားကြပ်လေး တစ်စုံကိုသာ ၀ယ်ထားလျှက် ဂျပ်ပင်ကို အကျီအိတ်ထဲ အသာ လျှိုထည့်ကာ အမ်ပီသရီး ပဲနားထောင်သလိုလို၊ အိုင်ပေါ့နှင့်ပဲ ချိတ်ထားသလိုလို လုပ်ကြသေးသည် မဟုတ်ကုန်လော။

ခလရ(…)သို့ရောက်လျှင် တပ်ရေးဗိုလ်ကြီး ရုံခန်းသို့ ၀င်ပြီးနောက် “ အကိုကြီး …ကျွန်တော် အီးမီးတပ်က ရေး/ထောက်ပါခင်ဗျ..ကျွန်တော့် တပ်ရင်းမှူးက အကိုကြီးတို့ဆီက ဆိတ်တစ်ကောင် ထုတ်ခိုင်းလိုက်လို့ လာထုတ်တာပါ ” ဟု သတင်းပို့လိုက်လေသည်။ ထိုအခါ ခလရမှ တပ်ရေး ဗိုလ်ကြီးက “ အော် အေးအေး ဒါဆို ကိုယ့်ဆီမှာ ဆိတ်ဖိုးငွေ သွင်း၊ ပြီးရင် ဟိုဆရာကြီးနဲ့ လိုက်သွားပြီး ဆိတ်ကို ခေါ်သွားပေတော့ ” ဟု ပြန်ပြောမှ သတိရမိသည်။ ဆိတ်ကို ဘယ်လို ခေါ်သွားရမည်နည်း။ ဟိုက်…သေပြီ။ တပ်ရင်းမှူးရှေ့မှာ အင်ပရက်ရှင် တက်အောင် ဆိုပြီး တက်ကြွတဲ့ ကြက်ဖလေး စတိုင်ဖြင့် ၀ုန်းခနဲ့ ထလစ်လာတာ၊ ဆိတ်မောင်းဖို့ ရဲဘော်တစ်ယောက် ခေါ်ခဲ့ဖို့ မေ့လာပြီ။ ဒီအချိန်မှတော့ မတတ်နိုင်။ ပြန်သွားခေါ်လျှင်လည်း တပ်ရင်းမှူးက ကောင်းကောင်း ဆဲလွှတ်မှာ သေချာနေသဖြင့် ပြန်မခေါ်ချင်။ ကဲ.. တတ်နိုင်ပါဘူး၊ ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့၊ ဖြစ်သလို ကြည့်လုပ်သွားမှပဲ ဟု တွေးကာ ဆရာကြီးနောက်ကနေ ကုပ်ကုပ်လေး လိုက်သွားရလေသည်။

အချုပ်ခန်းလိုလို၊ ခြံလိုလိုဟာ တစ်ခုရှေ့ရောက်လျှင် လိုက်ပို့သော ဆရာကြီးက သော့ဖွင့်ပေးပြီး “ ကဲ…ဗိုလ်ကြီး …..ကြိုက်တဲ့ အကောင်သာ မ သွားပေတော့ “ ဆိုသဖြင့် အထဲကို လှမ်းကြည့် လိုက်မိလေသည်။ တပ်ရင်းမှူး ခိုင်းလိုက်သော တာဝန်မို့သာ ရွေးရသည်။ ကိုယ့်အတွက်သာ ဆိုလျှင်တော့ တစ်ကောင်မှ မကြိုက်ဟု ပြောမိပေလိမ့်မည်။ ခြံထဲက ဆိတ်များကား ပိုင်ရှင်မဲ့များ ပီပီ အစားမစားရ၊ ရေမသောက်ရသည်မှာ မည်မျှ ကြာပြီ မသိ။ နာဇီအကျဉ်းစခန်းထဲက ဂျူးများလောက်တောင် ပြောင်ပြောင် ရောင်ရောင် မရှိတော့။ အားလုံး သာခွေယိုင်ကလေးများ ချည်းဖြစ်ကုန်လေသည်။ အင်း …. တိရိစ္ဆာန်ဘ၀ ရောက်တာတောင် မှောင်ခို ဖမ်းဆီးပစ္စည်း ဖြစ်ရသည့် တိရိစ္ဆာန်များ၏ ဘ၀ မှာ သာရ်ျ ဆိုးလှပေသည် ဟု တွေးမိကာ တရားရသလိုလို ဖြစ်သွားမိ၏။ နောက်ဆုံးတော့ “ ကဲပါ ဆရာကြီးရာ တစ်ကောင်မှလဲ မစွံပါဘူးဗျာ၊ ရွေး မနေတော့ပါဘူး၊ လမ်းလျှောက်နိုင်မယ် ထင်တဲ့ အကောင်သာ ပေးလိုက်ပါတော့ ” ဟု ပြောရင်း အပြင်ကသာ ရပ်စောင့်နေလိုက်ရ တော့သည်။ တစ်အောင့်မျှ ကြာလျှင် ဆိတ်တကောင် ဆွဲလျှက် ဆရာကြီး ရောက်လာလေသည်။ “ ဗိုလ်ကြီးရေ ဒီအကောင်ကတော့ အသန်မာဆုံး အကောင် ထင်တာပဲဗျ၊ ဒါပဲ ခေါ်သွားပေတော့ ” ဆိုသဖြင့် လှမ်းကြည့် လိုက်ရာ ပိုလီယို ရောဂါသည်လိုလို လေငန်းဖန်းနေသူလိုလို စတိုင်ဖြင့် ယိုင်နဲ့နဲ့ လျှောက်လာသည့် ဆိတ် တစ်ကောင်ကို တွေ့လိုက်ရလေသည်။

ဆရာကြီးထံမှ ဆိတ်ကို လက်လွှဲယူလိုက်ပြီးနောက် တပ်ကို ဘယ်လို ခေါ်သွားရမလဲ အပူတပြင်း စဉ်းစားရ၏။ ပထမ ဆိုင်ကယ် နောက်မြီးမှာ ကြိုးချည်ပြီး ရှေ့ကနေ ဆွဲကြည့်သည်။ မရ။ ဆိတ်က မလိုက်နိုင်။ အားပြတ်နေ သော ဒုက္ခသည် ဖြစ်ရကား နောက်က တရွတ်တိုက် ပါလာ၏။ ဤနည်းဖြင့် မရတော့ နောက်တစ်နည်း စမ်းကြည့်ရပြန်၏။ လူက ဆိုင်ကယ်ပေါ်က ဆင်းလျှက် တွန်းကြည့်၏။ ဆိုင်ကယ်က စူပါကပ်လို ပေါ့ပေါ့ပါးပါး မဟုတ်၊ စူဇူးကီး ဆိုင်ကယ် ဖြစ်ရကား လေးသဖြင့် ကြာရှည် မတွန်းနိုင်။ အရေးထဲ ဆရာဆိတ်က လမ်းဘေးမှာ သစ်ပင် စိမ်းစိမ်း မြင်တိုင်း သွားသွားစားနေရကား ဆိုင်ကယ်ကို ဆွဲလှဲနေသလို ဖြစ်နေ၏။ ထိုနည်းလည်း မစွံ။ နောက်ဆုံးတော့ ဆိုင်ကယ်ကို စက်နှိုးပြီး ဂီယာ ၀မ်း ထိုးလျှက် ညာဘက်ဖြင့် လီဗာကို ထိန်းကိုင်ရင်း သူ့အလိုလို ရွေ့စေရသည်။ လွတ်နေသော ဘယ်လက်ဖြင့် ဆိတ် လည်ပတ်ကြိုးကို ဆွဲပြီး ဆိုင်ကယ်ဘေးကနေ ကပ်လျှောက်ရတော့သည်။ ဤသို့ဖြင့် အလာတုန်းက စစ်ကားထဲမှ မင်းသားစတိုင် ဖမ်းလာခဲ့သော ကျွန်တော်မှာ အပြန်ကျတော့ ညာလက်တွင် ဆိုင်ကယ် လီဗာ၊ ဘယ်လက်တွင် ဆရာဆိတ်ကို ဆွဲလျှက် မဟာသကြန်စာ ထဲက သိကြားမင်း လူ့ပြည် ဆင်းသည့် စတိုင်သာ ဖမ်းရလေတော့သည်။ ပြောက်ကျား ဂျာကင် လက်ပြတ်ကို ၀တ်လျှက်၊ ဟဲလ်မက်ကို မာန်ပါပါ ဆောင်းကာ နေကာမျက်မှန် တကားကားဖြင့်၊ ဘေးက ဆွဲလာသော ဆိတ်က တပဲပဲ အော်မြည်လျှက်၊ ညာဘက်ဖြင့် လီဗာကို ထိန်းကိုင်ထားသော ဆိုင်ကယ်က တစ်ချက်တစ်ချက် ခုန်ထွက်တော့ မလိုလို၊ ရှေ့ကို ပြေးတော့မလိုလို ဖြစ်ဖြစ်သွားလျှက်နှင့် ကျွန်တော့် အဖြစ်မှာ မည်သည့် ဘ၀က အကုသိုလ်မှန်းတော့ မသိ။ စတိုင်ကား ပဲ့လှချေသည်။

ခလရ တပ်က ထွက်တော့ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ် ရောက်လာ၏။ တပ်နယ်မြေထဲတွင် ဖွဲ့စည်းပုံ ပျက်တာက အကြောင်းမဟုတ်။ ကိုယ့်ကို စောင့် ကြည့်မယ့်လူ မရှိ။ ယခု ကတ္တရာလမ်းမပေါ်ဆိုတော့ ကားတွေက တစ်ဝီ၀ီ ဖြတ်သွားနေကြသည် ဖြစ်လေရကား မျက်နှာပူရသည့် ဒုက္ခက ပိုလာလေသည်။ အရေးထဲ ကုလားဂျစ် ( ၀ီလီဂျစ်ကို လူအများကြီးစီးလို့ရအောင် နောက်က ဘော်ဒီ အရှည်ကြီး ထပ်ဆက်ထားသည့် ဂျစ် ) များပေါ်တွင် လိုက်ပါလာသော အဖြူအစိမ်းဝတ် ဆရာမလေးများက တစ်မျိုး။ ကျောင်းဆရာမဆိုတော့ ဘယ်သူ့ကိုမှ ကြောက်တာ မဟုတ်လေရကား ဘေးနားက ဖြတ်သွားတိုင်း တစ်မျိုးပြီး တစ်မျိုး အော်ဟစ် လှောင်ပြောင် သွားကြလေသည်။ “ ဟယ်.. ကောင်းဘွိုင် မဟုတ်ဘူးတော့ ဆိတ်ဘွိုင် ဆိတ်ဘွိုင် ” ဟူရ်ျ တစ်မျိုး၊ “ ဗိုလ်ကြီးက ဆိတ်လည်း ကျောင်းတတ်တယ်တော့ ” ဟူရ်ျ တစ်သွယ်၊ “ ချစ်စရာလေးဟယ်.. လူကို ပြောတာ မဟုတ်ဘူး၊ ဆိတ်ကို ပြောတာ ” ဟူရ်ျ တစ်ဖုံ အမျိုးမျိုး အော်ဟစ် လှောင်ပြောင်သွားကြလေရာ ကျွန်တော့် တစ်သက်နှင့် တစ်ကိုယ် ဒီတစ်ခါလောက် အရှက်ကွဲတာ မကြုံဖူးတော့ချေ။ တစ်ခါ အပြောင်ခံရတိုင်း တစ်ခါ ဒေါသဖြင့် ကြည့်မိလေသည်။ သူတို့ကို မဟုတ်။ ဆွဲလာသော ဆိတ်ကိုသာ ဖြစ်ပါ၏။ စိတ်ထဲကနေ အခါခါလည်း မေတ္တာပို့နေမိလေသည်။ သေချင်းဆိုး ဆိတ် ..ဟူရ်ျ။

ဤသို့ဖြင့် မယားနှစ်ယောက် ယူထားမိသည့် လူလို ကျွန်တော့်မှာ ဆိတ်ကားတစ်ဖက်၊ ဆိုင်ကယ်ကား တစ်ဖက်ဖြင့် တလှုပ်လှုပ်၊ တရွေ့ရွေ့ ချီတက်လာရာ ညနေ နေစောင်းမှ တပ်ကို ပြန်ရောက်၏။ တပ်အ၀င် ဆိုင်းဘုတ်ကို အဝေးက လှမ်းမြင်ရသည်မှာ ဒီတစ်ခါလောက် ကျက်သရေနှင့် ပြည့်စုံတာ မရှိတော့။ တပ်အနီးသို့ ရောက်သည်နှင့် “ ဟေ့ အာရ်ပီ.. အာရ်ပီ မြန်မြန်လာပါဟ၊ မြန်မြန်လာပါဟ ” ဟု တကြော်ကြော် ကုန်းအော်ရ၏။ အာရ်ပီ ခေါ် တပ်ရဲမှာ အလောသုံးဆယ် ပြေးထွက်လာလျှက် သူ့ဗိုလ်ကြီး အဖြစ်ကို မြင်ရသောအခါ မျက်နှာ ပြုံးဖြီးဖြီး ဖြစ်နေလေသည်။ ပြီးမှ မျက်နှာပိုး အသာသတ်လျှက် လက်ထဲက ဆိတ်ကို လာဆွဲ၏။ “ ဘယ် သွားထားရမှာလဲ ဗိုလ်ကြီး ” ဟု အလိုက်ကန်းဆိုး မသိ မေးလေသဖြင့် လူက မောမော ဒေါသက ဖြစ်ဖြစ်ဖြင့် “ ညနေစာ သတ်စားလိုက်ဟေ့ ” ဟု အော်လိုက်လေသည်။ ဤကဲ့သို့ ရွဲ့ပြောသည်ကိုပင် တပည့်ကျော်က မရိပ်မိဘဲ လူပျိုစစ်သည် စားရိပ်သာဘက် ဆွဲသွားသဖြင့် “ ဟေ့ အကောင်… မင်းကို ရွဲ့ပြောတာဟ ၊ တကယ် သွားရသလား လဒရဲ့ ၊ တပ်ရင်းမှူး သိလို့ကတော့ ငါ့ကို ဆဲတော့မှာပဲ၊ သွား …. တပ်ရင်း အရာခံဗိုလ် ဆရာကြီး ဆီသွားအပ်ချေ၊ မွေးမြူရေး ခြံထဲ ထည့်ထားလိုက်ပါလို့ ပြောလိုက် ” ဟု ပြန်ပြောရင်း ဆိုင်ကယ်ပေါ် တက်ခွကာ ထွက်လာခဲ့ရလေသည်။ ထိုညက အဆွေတော် ဆိတ် နှိပ်စက်ထားသည်မှာ လူတစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲနေသဖြင့် ညဘက် လုပ်နေကျ ခြေရှည်ခြင်း အမှုကို မလုပ်နိုင်တော့ဘဲ အိပ်ရာသို့ စောစီးစွာ ၀င်ခဲ့ရ လေသတည်း။ ဒီနေ့ ကံမကောင်းပါလားနော်……..။
ကိုဥာဏ်(စက်မှု)

Read More...

စစ်သားကိုမှ ချစ်အားရက်သူ….သို့

ဒီနေ့တော့ဘာမှလည်း လုပ်စရာသိပ်မရှိတာနဲ့ ညီကိုတစ်တွေ တပ်ရေးဗိုလ်ကြီးအိမ်ဘက် ထွက်ခဲ့ကြတယ်။ ညစာစားပြီး အချိုလေးဘာလေး ကပ်တွယ်ရလည်း နဲသလားလို့။ ဒီလိုပဲလူပျိုဘဝက ဟိုဆိုက်ကားတွဲ ဒီဆိုက်ကားတွဲနဲ့ အဆင်ပြေအောင်နေရတာ။ အိမ်ရှေ့ကို ရောက်မယ်မလို့ရှိသေး မငိုနဲ့လေကွာ အခုကျမှ သူဇာကလည်းကွာ …တဲ့ ငိုမှာပဲ ငိုတော့ဘာဖြစ်လဲ..တဲ့ မသူဇာ(တပ်ရေးဗိုလ်ကြီးကတော်က)က သူ့ယောက်ျားကို ပြန်အော်တယ်။ လိုက်မလာပါနဲ့ ကိုယ့်ဟာကို ရန်ကုန်မှာ ကိုယ့်စာကိုသင်နေပါလို့ ကို ဖုန်းဆက် ကတည်းက သူဇာ့ကို ပြောခဲ့တာပဲလေ .. သူဇာ့ဘာသာသူဇာ အတင်းလာတာကိုး။ ဘာဖြစ်လဲ လာတော့ ကိုယ့်ယောက်ျားနောက်ကိုယ်လိုက်တာတာပဲ.. အင်းလိုက်လာတော့ အခုသိပြီမဟုတ်လား…တဲ့ ကိုသက်နောင်(တပ်ရေးဗိုလ်ကြီး)ကလည်း ပြန်ပြောပါတယ်။

ဖြစ်ပုံကဒီလိုပါ။ အိမ်ထောင်ကျတာသိပ်မကြာသေးတဲ့ ကျွန်တော်တို့ တပ်ရေးဗိုလ်ကြီးအသစ် ကိုသက်နောင် ရှိရာ တပ်ကို သူ့ဇနီးဖြစ်တဲ့ ကျူတာအစ်မ မသူဇာက လိုက်လာပါတယ်။ ကျောင်းပိတ်ရက်ရှည်ရတုန်း။ အဲဒီထိကို ဘာမှ ပြသနာမတက်သေးပါဘူး။ ပြသနာက မနက်က တပ်ရင်းအဝင်လမ်းတစ်လျှောက်က လယ်တွေ ကောက်စိုက်ပွဲ အကြီးအကျယ်လုပ် ရှိသမျှစစ်သည် ရဲမေတွေ ယောက်ျားမိန်းမ အတွဲတွေလိုက် လယ်ထဲဆင်းကြ ကောက်စိုက်ကြ လူပျိုတွေအားလုံးလည်း ပျိုးထုံးသယ်ကြ စိုက်ကြနဲ့ တအုံးအုံး ပျော်စရာကြီး။ တပ်တွေမှာက ကိုယ့်တပ်က လယ်စပါးကိုကိုယ်တိုင်စိုက်ကြပျိုးကြ အားလုံးကိုယ့်တပ်အင်အားတွေနဲ့ ရသမျှ စက်ပစစည်းကိရိယာတွေနဲ့လုပ်ကြကိုင်ကြတာပေါ့။ ပြသနာကအဲဒီမှာစတာပါ။

တပ်ရင်းမှူးနဲ့ ဒုရင်းမှူးအပြင် သူတို့ဇနီးတွေပါ လယ်ထဲဆင်းပျိုးထုံးတွေဖြေ စိုက်ကြပျိုးကြလုပ်တော့ အရာရှိ အငယ်တွေနဲ့သူတို့ ဇနီးတွေပါလိုက်ဆင်းကြရတာပေါ့။ ဒီတော့ တပ်ရေးဗိုလ်ကြီးကတော် ခနရောက်လာတဲ့ ကျူတာမမလည်း ထမီကိုရေမစွပ်အောင်ပ ဒူးအထက်ခပ်တိုတို…ဆိုပြီး ဆင်းရတော့တာပေါ့။ ထုံးစံပဲဒါက။ဖိုးသားတို့ကတော့ သိတဲ့အတိုင်းပဲ ပွဲဆူအောင် ကက်ဆက်နဲ့ လူပျိုရိပ်သာက amplifier တွဲပြီးသီချင်း ကောင်းကောင်းတွေနဲ့ မြူးထူးတက်ကြွ သထက်မြူးအောင်ဖွင့်လိုက် လယ်ထဲဆင်းလိုက် တစွပ်စွပ်နဲ့ဝင်စိုက်လိုက်၊ ကန်သင်းရိုးပေါ် ပြန်တက် လဖက်စားလိုက် ရေနွေးကြမ်းသောက်လိုက်နဲ့။ အတော်ကိုဟုတ်နေတာပဲ။ မဟုတ်တာက ညနေရေချိုးပြီး ခန္ဓာကိုယ် လက်တွေနာကျင်ကိုက်ခဲကုန်တာပဲ။ ဖြစ်မှာပေါ့ တစ်ခါမှမ အဲလို ကုန်းကုန်းကွကွ ကောက်မစိုက်ခဲ့ဘူးတာလေ။ အဲဒီလိုပဲပေါ့။

ရန်ကုန်မှာ စာသင်တာလောက်လုပ်ခဲ့ရတဲ့ ကျူတာ မသူဇာ ခမျာ မနေ့တစ်နေ့ကမှ တပ်ထဲကို ရောက်ဖူး တယ်ရှိအောင် ကျောင်းလေးခနပိတ်တုန်းလိုက်လာပါတယ်။ တပ်ရင်း တစ်ရင်းလုံးကျွတ် ထွန်တုန်းဖွင့်ပွဲ ကောက်စိုက်ပွဲတော်ကြီးနဲ့လာတိုးနေရတယ်။ တိုးတာထက် အကြီးတွေရဲ့ ဇနီးတွေ ရဲမေ(စစ်သည်ဇနီး)တွေနဲ့ သူလိုကိုယ်လို လယ်ထဲဆင်း ပျော်ပျော်ပါးပါး အပြိုင်ကောက်ဝင်စိုက်တော့ ကျူတာလည်းမရဘူး။ တပ်ရေးဗိုလ်ကြီးဆီ အလည်တွေ ဘာတွေဘေးချိတ် စစ်တပ်ထုံးစံအတိုင်း သူများတန်းတူလုပ် ကိုယ်လည်းလိုက်ပါလုပ်ဆောင် ရတဲ့ ရိုးရာအတိုင်း ကိုသက်နောင် ကိုယ်တိုင်ကလည်း ကဲ သူဇာ လုပ်မင်းပါ ဆင်းဖို့ပြင် ဆိုပြီး ဇွတ်….လယ်ထဲကို တွန်းမချရုံတမယ် ခိုင်းတော့တာဆိုတော့ မသူဇာတို့ ပွဲပျက်တာပေါ့။ သူ မပြောနဲ့ ဒီမောင်တို့တောင် တစ်သက်နဲ့တစ်ကိုယ် ဒီလိုမျိုး တစ်ခါမှ ကောက်စိုက်ခဲ့ရတာမှ မဟုတ်တာ။ ဟော အခုညရောက်တော့ ကိုယ်လက်တွေ ကိုက်ခဲနာကျင် သူများတွေထက် အတွေ့အကြုံမရှိ နေပူလည်းမိရှာ အောက်ကရေ ဘောင်လွှာလွှာမှာ … ခမျာမှာ မငိုပဲ ခံနိုင်ရိုးလား အခုတော့ သူ့ချစ်မောင် တပ်ရေးဗိုလ်ကြီး ကိုသက်နောင်ကိုပဲ အပြစ်လုပ်လို့ တဟီးဟီးတရွှတ်ရွှတ် ငိုနေပါရောလား။

အနော်တို့လည်း သဘောပေါက်လိုက်ပါတယ်။ အိမ် ဝန်းထဲကိုမဝင်တော့ဘဲ လှည့်ပြန်လာခဲ့ကြတော့တယ်။ တိတ်ပါကွာ ကိုယ်ဆေးလိမ်းပြီး သက်သာအောင် နှိပ်ပေးပါ့မယ်နော်။ ကဲကဲ မငိုနဲ့နော်။ မကြီးမငယ်နဲ့ကွာ ကြည့်စမ်း ရန်ကုန်က သူဇာ့တပည့်တွေများ မြင်ရင်နော် ရှက်စရာကြီး နော် မငိုနဲ့…ဘာညာ…နဲ့ပေါ့ဗျာ ။ ကျွန်တော်တို့ အစ်ကိုကြီးတစ်ယောက် ဟိုအရင်နေ့တွေက ဟိုသူ့ကိုဟောက် ဒီသူ့ကိုခြောက်နဲ့ အခုများတော့ အသံလေးကိုချိုလို့…. အင်း ကျွန်တော်တို့လူပျိုတွေပဲအေးပါတယ်။ အဲဒီလို အခြေအနေမျိုးကြတော့လည်း…အဟဲဟဲ ဟုတ်တယ်လေ။ အနော်တို့ မိန်းမယူခဲ့ရင်လည်း သူ ခမျာ ဒေါ်သူဇာလိုပဲ နေရှာမှာ…. ဆိုတော့ မယူသေးတာပဲ ကောင်းပါတယ်ဗျာ …နော်။


မှတ်ချက်။ ။ဒီလိုမျိုးတွေကြောင့် ကျွန်တော့်ညီမလေးဖြစ်တဲ့ အာမီဆိုးလ် ကတော့ သူ့ဘလော့ထဲမှာ ပို့စ်တစ်ခုအနေနဲ့ကို ထည့်ရေးမှာကြားထားရှာပါတယ်ဗျာ။ သက်ဆိုင်သူ မမ ညီမများ အဲဒီမှာလည်း သွားဖတ်နိုင်ကြပါတယ်ခင်ဗျား။ @နေလွမ်းသူ

( နေလွမ်းသူ ခရီးလွန်နေသဖြင့် ကျွန်တော့် နာမည်ဖြင့် ပင် တင်ပေးလိုက်ပါသည်။ နေလွမ်းသူ အား သတိရ လွမ်းဆွတ်နေကြကုန်သော ပရိသတ် အပေါင်း ကျေနပ်နိုင်ကြပါစေ.. ကိုဥာဏ်(စက်မှု) )

Read More...

Saturday, July 19, 2008

အသံတစ်ခု အကြောင်း

“ ရွှီး…..”
ဤအသံသည် မည်သည့် အသံနည်း။ ကလေးက စ ခွေးက စ သိပါသည်။ ၀ီစီသံခေါ် ခရာသံတည်း။ စစ်သားမှန်သမျှ ထိုအသံကို ရင်းနှီးရသည်။ တပ်ထဲစရောက်ပြီး စစ်ယူနီဖောင်း အစိမ်းကို မ၀တ်ရသေးခင် ကတည်းကပင် ထိုအသံနှင့် စတင်မိတ်ဆက်ကြရသည်။ ထိုအသံသည် ကျွှန်တော်တို့အား တပ်မတော်တည်း ဟူသော မိခင်ကြီးက ကြိုဆိုလိုက်သံပေတည်း။ ဗိုလ်ရွေး အဖွဲ့တွင် ၀င်ရောက် ဖြေဆိုကြစဉ်ကတည်းက တန်းစီ တန်းဖြုတ် ခရာသံကို စတင်ကြားခဲ့ရသည်။ သို့သော် ထိုစဉ်ကတော့ ၎င်းအသံ၏ အာနိသင်ကို သေချာစွာ မပိုင်းခြားတတ်သေး။ မကြောက်ရွံ့တတ်သေး။ အမေ့နို့နံ့ မပြယ်သေးသည့် ကလေးငယ်လေးများ သဖွယ် ပြေးလိုက် လွှားလိုက်ဖြင့် ပျော်ရွှင်မြူးထူးစွာ လှုပ်ရှားကြ ကုန်လေသည်။ သို့သော်……..မကြာမီ။

ဗိုလ်ရွေးအောင်ပြီး ဗိုလ်လောင်းဘ၀ စတင်ရောက်ရှိသည်နှင့် ထိုအသံ၏ အာနိသင်ကို ကောင်းကောင်းကြီး သိရလေတော့သည်။ မနက် ၅ နာရီထိုးသည်နှင့် အိပ်ရာထချိန် ခရာသံမှစတင်ကာ ခရာသံ တရွှီးရွီးဖြင့် နေ့တနေ့ စတင်လည်ပတ်တော့သည်။ အိပ်ရာထချိန် ခရာသံ၊ ကြံ့ခိုင်ရေး PT ခရာသံ၊ မနက် ရ နာရီ နိုင်ငံတော် အလံ အလေးပြု တန်းစီ ခရာသံ၊ ကျောင်းသွား Academic တန်းစီခရာသံ၊ နေ့လည် ထမင်းစားပြန် တန်းစီ ခရာသံ၊ ထမင်းစားပြီး ကျောင်းပြန်သွားရန် တန်းစီ ခရာသံ၊ ညနေ ကျောင်းဆင်းချိန် အဆောင်ပြန်ရန် တန်းစီ ခရာသံ၊ ညနေပိုင်း ကိုယ်လက် ကြံ့ခိုင်ရေး PT ခရာသံ၊ ညနေ ၅ နာရီခွဲ နိုင်ငံတော် အလံ အလေးပြု တန်းစီ ခရာသံ၊ ညနေ ရ နာရီ Study ၀င်ရန် တန်းစီ ခရာသံ၊ ည ၉ နာရီခွဲ Study တန်းဖြုတ် ခရာသံ၊ ည ၁၀ နာရီ မီးပိတ် အိပ်ချိန် ခရာသံ ( ဟူး…..မောတောင်မောတယ် ) စသည်ဖြင့် ခရာသံများကား တနေကုန် ဆူပွက်လျှက်။ ကျွန်တော်တို့မှာ သံပတ်ပေးထားသည့် စက်ရုပ်ကလေးများ အလား ခရာသံကို မချစ်သော်လည်း အောင့်ကာ နမ်းလျှက် တနေ့တာ ကုန်ဆုံးစေရတော့သည်။

ဗိုလ်လောင်းများကား မနက် အိပ်ရာထချိန် ခရာသံကို ငှက်ဆိုးထိုးသံ အဖြစ် လည်းကောင်း၊ မီးပိတ် အိပ်ချိန် ခရာသံကို ကြိုးကြာသံ အဖြစ် လည်းကောင်း တင်စား ကြကုန်လေသည်။ ခရာသံသည် ကျွန်တော်တို့၏ အရပ်သား စိတ်ဓာတ်များကို စစ်သား စိတ်ဓာတ်များ အဖြစ် အရောင်ပြောင်းပေး လေတော့သည်။ ခရာသံကို ကြောက်ရသည်။ လန့်ရသည်။ မကြောက်ရ်ျ မလန့်ရ်ျ မဖြစ်။ တန်းစီခရာသံ နောက်မှ ပြေးဝင်လာသူများ လူစင်စစ်က ဖားဖြစ်ကုန်သောကြောင့် ပေတည်း။ တစ်ခါတစ်ရံ ကျွမ်းထိုးဝင်ရသဖြင့် မျောက်ဖြစ်ရသော အခါများ လည်း ရှိကုန်လေသည်။ ခရာသံကို ကြောက်လန့်ရသကဲ့သို့ ချစ်ရသော အချိန်များလည်း ရှိကုန်လေသည်။ ထိုအချိန်များမှာ တနင်္ဂနွေ တပ်ပြင်ထွက် Out pass တန်းစီခရာသံ၊ လူမှုဝန်ထမ်း ဖက်ထိပ် တန်းဖြုတ် ခရာသံ နှင့် တစ်နှစ်တစ်ခါ ခွင့်ပြန်ရန် တန်းစီသော ခွင့်ပြန်ခရာသံ တို့ပေတည်း။ ပုံမှန်တန်းစီချိန်များတွင် နောက်ကျ တတ်သူများမှာ ထိုအခါမျိုးများတွင် လွန်စွာ ၀ီရိယ ကောင်းကြလျှက် ညာထိပ်စီးချည်း ဖြစ်ကုန်လေသည်။ သို့ဖြစ်ရ်ျ ဗိုလ်လောင်းများမှာ ခရာသံကို မချစ်သော်လည်း အောင့်ကာနမ်း ဆိုသကဲ့သို့ ချစ်ကြောက်ကြီး ဖြစ်ကြ ရလေသတည်း။

ခွင့်ပြန်ဗိုလ်လောင်းတို့ ပထမဆုံး ကြုံရသည်မှာ ပြင်ဦးလွင်မှ ဆင်းရ်ျ မန္တလေးမြို့သို့ စ၀င်သည်နှင့် ထုံးပေသီး ခေါ် ကိုကို မော်တော်ပီကယ်တို့၏ ခရာသံကို ကြားရချိန်တွင် နားရွက်ကလေးများ အလိုလို ထောင်သွားတတ်ခြင်း ပေတည်း။ ဤမျှအထိ ၀ီစီသံ တန်ခိုးကား ကြီးမားလှချေလေသည်။ ပထမနှစ် ဗိုလ်လောင်း ဘ၀ ခွင့်ပြန်စဉ် အမှတ်တရ ဖြစ်ရသည်မှာ မနက်မိုးလင်း အိပ်ရာထရ်ျ မနက်စာစားရန် အမေ လာနှိုးစဉ် “ ဟုတ်.. ရှိ ” ဆိုပြီး ခုန်ထလိုက်မိခြင်း ဖြစ်လေသည်။ မိခင်ဖြစ်သူမှာ ရုတ်တရက် လန့်ဖြန့်သွားလျှက် “ ဟဲ့ ပလုပ်တုတ်” ဟု မြည်တမ်းမိပြီးမှ သားကို ကြည့်ကာ မျက်ရည်ဝဲရလေ သတည်း။ အမေ့အိမ်တွင် မနက် အိပ်ရာနှိုးတိုင်း မိခင်နှင့် ရန်တကျက်ကျက် ဖြစ်အောင်ပင် အိပ်ယာထ ပျင်းတတ်လှသော သားမောင်သည် တစ်နှစ်တာဟူသော အချိန်တိုလေး အတွင်း အိပ်ရာထချိန် ခရာသံကို ၃၆၅ ခါလောက် နာခံလိုက်ရသော အခါ ရုတ်ခြည်း ပြောင်းလဲ သွားလေသဖြင့် အမေမှာ ဂရုဏာသက်မိလေသည်။ မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝိုင်းလာသည်ကို သားဖြစ်သူ မမြင်အောင် သိမ်းဆည်းလျှက် မနက်စာ အသင့်ဖြစ်ကြောင်း ပြောကာ အခန်းတွင်းမှ အမြန်ထွက် သွားလေတော့သည်။

ခွင့်ပြန်ကာလ ချစ်သူနှင့် လျှောက်လည်စဉ်တွင်လည်း ခရာသံကို လန့်နေတတ်သည့် စိတ်က ပျောက်မသွား။ မော်တော်ပီကယ် ခရာမှုတ်တိုင်း လန့်ဖြန့်ကာ ပြူးပြူးပြာပြာ ဖြစ်ရလေသည်။ ထိုအခါများတွင် ချစ်သူက ဘေးက နေရ်ျ တခစ်ခစ် ရယ်လေသတည်း။ ကောင်မလေးနှင့် အကြည်ဆိုက်နေခိုက် အနမ်းမိုးများ ရွာချရန် အားယူ လိုက်စဉ် အဝေးတနေရာမှ ခရာသံ တစ်ခုခု ကြားလိုက်ရလျှင် လူက ရုတ်တရက် လန့်ဖြန့်သွားလျှက် ယူထားသော ဖီးလ် လေးများ ပျောက်ထွက် ကုန်လေတော့သည်။ ကိုယ်နှင့် မဆိုင်မှန်းသိပါလျှက် လန့်နေမိ သဖြင့် ကိုယ့်ကိုကိုယ် ဒေါသ ထွက်ရသလို ခရာကို စတင်တီထွင်ခဲ့သူကိုပါ မေတ္တာ ကောင်းကောင်းပို့ မိလေသည်။ ဤမျှ အထိ ခရာသံ ဘုန်းတန်ခိုးကား စစ်သားတို့ အပေါ် ကြီးမားလှချေသည်။

ကျောင်းဆင်းရ်ျ အရာရှိငယ် ဘ၀ဖြင့် တပ်သို့ ရောက်တော့လည်း ခရာသံများက ပျောက်မသွား။ တန်းစီ၊ တန်းဖြုတ် ခရာသံများကား သံယောဇဉ် မပြတ် နောက်ကနေ တောက်လျှောက် လိုက်လာလေသည်။ သင်တန်း တက်ရပြီ ဆိုတော့လည်း အဆိုပါ မိတ်ဆွေကြီးတို့ကား နောက်မှ တကောက်ကောက်နှင့်။ ရှေးဘ၀က ခေါင်းလောင်းတို့ တူရိယာတို့များ လှူခဲ့ဖူးလေသလား မသိ။ ကုသိုလ်ကား ကြီးမားလှချေသည်။ တပ်မှာနေစဉ် လက်အောက်မှ တပ်ကြပ်ကြီးများ၏ လက်မောင်းတွင် တပ်ဆင်ထားသော ခရာကြိုးနှင့် ခရာကို မြင်တိုင်း ဒေါသမျက်လုံးဖြင့် ကြည့်တတ်သဖြင့် ဆရာကြီးများမှာ ဘုမသိ ဘမသိဖြင့် ခရာလေးများကို အသာနောက်ပို့ ထားရလေသည်။ ဤသို့ဤပုံ ခရာသံကို ရွံကြောက်ကြီး ဖြစ်နေသော ကျွန်တော်မှာ မဟာသင်တန်း တက်ရန် ရုရှသို့ သွားရတော့မည်ဟု သိရချိန်တွင် အတိုင်းမသိ ပျော်မိလေသည်။ ခရာသံဖြင့် နိုးထရသော ဘ၀မှ ခဏတာ ကင်းလွတ်ခွင့်ရပြီ။ ခရာသံနှင့် ဝေးရာသို့ ပြေးရတော့မည်ဟု စိတ်ကူးဖြင့် ရူးမိလေတော့သတည်း။

မော်စကို ဆောက်လုပ်ရေး တက္ကသိုလ် သို့ ရောက်ရှိပြီး ကျောင်းသား အဆောင်ပေါ် စတက်ရသော အခါ ကျောင်းသားဘ၀ကို တစ်ခါမှ မကြုံခဲ့ရသူများပီပီ စိတ်လှုပ်ရှားခဲ့ရလေသည်။ ငယ်ငယ်ကတည်းက စိတ်ကူးယဉ် ခဲ့ကြသော တက္ကသိုလ် ကျောင်းသားဘ၀ကို မခံစားခဲ့ကြရသော်လည်း ယခုတော့ အတိုးချပြီး ကျောင်းသားလေး လုပ်လိုက်ဦးမည်။ ဗိုလ်လောင်းဘ၀ သက်တမ်း တစ်လျှောက် တနေ့လာလည်း ဒီမျက်နာ တနေ့လာလည်း ဒီလူ ဘ၀ဖြင့် ငြီးငွေ့စွာ စာသင်ခဲ့ရသော အခြေအနေမှ ကျောင်းသူလေးတွေ တပြုံကြီးရှိသော စာသင်ခန်းများအတွင်း ၀င်ရ်ျ တက္ကသိုလ်ကျောင်းသား လုပ်လိုက်ဦးမည် ဟူသော စိတ်ကူးတသီကြီးဖြင့် အဆောင်ပေါ်သို့ တက်ကြွစွာ တက်ခဲ့လေသတည်း။ ကိုယ်နေရမည့် အခန်းကို ရောက်ရ်ျ ခဏနား၊ ရေမိုးချိုးပြီး ခရီးကလည်း ပန်းလာသဖြင့် အနားယူရန် အိပ်ယာပေါ် ခေါင်းချလိုက်မိစဉ် ………။

“ ရွှီး……”၊ ဟူသော မိတ်ဆွေကြီး အသံကို ရုတ်တရက် ကြားလိုက်မိသဖြင့် ရုတ်တရက် ခေါင်းထောင်ထကာ ခေါင်းရင်း မှန်ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်မိလိုက်တော့ လား..လား..၊ ဘောလုံးကွင်း တစ်ဝက်လောက် အကွာအဝေး၌ ဘားတိုက်များ၊ အုတ်အဆောက်အဦ ဖြူဖြူလေးများကို တွေ့လိုက်ရသဖြင့် ခေါင်းနပန်း ကြီးသွားကာ သေချာထကြည့်လိုက်မိတော့ ….။ အ၀င်ဂိတ်ဝတွင် လက်နက်ကိုင် စစ်သားများ၊ ဂိတ် အဖွင့် အပိတ် မောင်းတံ၊ အဆောက်အဦများ ယူနီဖောင်းဖြစ်နေမှု၊ ဟိုက် …သေချာပြီ။ ဒါ စစ်တပ်ရဲ့ သင်္ကေတတွေ။ နောက်များမကြာမီပင် ကျွန်တော်တို့ အဆောင်နှင့် မလှမ်းမကမ်းတွင် တပ်စွဲ ထားသော အင်ဂျင်နီယာ တပ်ရင်း တစ်ရင်း ဖြစ်ကြောင်း သိလိုက်ရပေသတည်း။

ဤသို့ဖြင့် ခရာသံကို ကြောက်ရွံ့ခဲ့သော ကျွန်တော်၊ ခရာသံနှင့် ဝေးရာသို့ ပြေးထွက်ခဲ့သော ကျွန်တော်၊ ခရာသံ ကင်းမဲ့ဇုံအဖြစ် စိတ်ကူးယဉ် ခဲ့သော ကျွန်တော်မှာ မော်စကိုတွင် ကျောင်းသားဘ၀ လာဖြစ်နေရသော်လည်း မနက် ၅ နာရီထိုးသည်နှင့် အဆောင်ဘေးက ရုရှ စစ်တပ်၏ အိပ်ယာထချိန် ခရာသံဖြင့် နေ့စဉ် နိုးထ နေရပေ သတည်း။ ကိုဥာဏ်(စက်မှု)

Read More...

Wednesday, July 16, 2008

ဝေဒနာ အပိုင်းအစလေးများ (အပိုင်း-၈)

ရှေ့တန်းမြေကနေ တပ်တစ်တပ်ကို သတ်မှတ်ကာလ ပြည့်တာနဲ့ နောက်တန်း ဌာနချုပ် တွေကနေ တက်လာတဲ့ တပ်နဲ့ တာဝန်လဲလှယ် စခန်းချိန်း ပြီဆိုတာနဲ့ အလားလုံးက နဲနဲ တက်ကြွနေ ကြပါတယ်။ ဘာလို့နဲနဲ ရတာလဲ မေးစရာရှိတယ်။ လဲပြီးမှ မြေပုံညွှန်း မပည တွေချပေးပြီး သွားရှင်းရတာမျိုးဆိုရင် ဝန်စည်စလွယ် အလေး အပင်တွေနဲ့ တပည့်တွေပင်ပန်းစွာနဲ့ တောတိုးပေဦးတော့။ ချိန်းပြီဆိုရင် ရှေ့တပ်က နောက်တပ်ကို ဘယ်နေရာကတော့ ထူးခြားတယ်။ စားစရာဘယ်မှာ ရှာ ရေက ဘယ်လိုခပ်၊ မိုင်းက ဘယ်လိုနေရာတွေမှာ၊ ရံဖန်ရံခါ လုပ်တတ်တဲ့ အလေ့အထတွေ၊ ရန်သူ့သတင်း၊ မိမိ တပ်တွေ သတင်း၊ အကုန်အစုံပဲ ပြောပြထားခဲ့ရတာ။ အဲဒီလိုပြီး တပ်မဌာနချုပ်ကို ဘယ်အချိန် ထွက်ပါ့မယ် ဆိုတာနဲ့ အဲဒီအချိန် ဒိုး တော့။ ဒီလိုအခါမျိုးကျ အထူးတလယ် သတိထားရပြီ။ ဘာလို့လဲဆိုတော့ အားလုံးက နောက်တန်း ခဏ ပြန်နားရပြီကွ ဆိုပြီး စိတ်တွေက ပေါ့ပါး သတိတွေပါ လျှော်သွားတတ်တာ မျိုးပါ။ မတော် လမ်းမှာ ရန်သူ စောင့်ကြို ဆွဲမိုင်းနဲ့ မိမှ ဂေါ်သလိဂဲ့ ရတတ်တယ်။ တပ်မတော်မှာ ဒါမျိုးတွေက ဖြစ်တတ်ခဲ့ကြလို့။ ဒီတော့ တပည့်တွေ မှာနေကျအတိုင်း ပါးစပ်တွေ ပွစိပွစိ အသံမထွက် ခြေလှမ်း ၁၅ လှမ်းထက် ပိုပြီး ကပ်မနေဖို့၊ ကလုံဂွမ် ဒုံဂွမ် အသံဗလံတွေ လုံနေစေဖို့ ထပ်တလဲလဲ ဒါပဲ အာပေါက်အောင်မှာ နေရတယ်။

အရမ်းတွေ တက်ကြွပြီး ပွိုင့်(ရှေ့ပြေး) တပ်ခွဲက လှိမ့်ဆင်းနေရင်လည်း အလယ်မှာ အတန်း စစ်ကြောင်းကြီးက ပြက်ထွက်ပြီး ရှေ့နောက် မဆက်မိတော့ပါဘူး။ ဒါမျိုး မတော်လို့ ရန်သူက ဆွဲမိုင်းနဲ့ စောင့်နေခဲ့ရင် အဲဒီလို အဆက်ပြက် အစုအဖွဲ့နေရာ ရွေးပြီး တွယ်တတ်ပါတယ်။ ကိုယ်တိုင်လည်း MA-3 ကို အသင့်အနေ အထားနဲ့၊ မသင့်လို့ကမရဘူး၊ ပစ်ဟဲ့ခတ်ဟဲ့ ဆို ပစ်စရာအတို (ချစ်စနိုးအခေါ်) ပစ္စတိုလေးက ဘာမှ အလုပ်မဖြစ်ပါဘူး။ တကယ်တမ်း အံကျပါးကျ သူတင်ကိုယ်တင် ဆော်လို့ရတာက ဒီ သေနက်အရှည် MA-3 ပဲလေ။ ဆိုတော့။ ခရီးတော့ အတော်ပေါက်တယ်၊ မြန်တယ်၊ အေးလေမြန်ပေ မကိုး အပြန်ခရီးပဲဟာကို။ ဒီလိုနဲ့ သံဘိုရွာ ဗျူဟာကိုရောက် အုပ်ချုပ်မှုလုပ် ပြီးတာနဲ့ ဖင်ပူအောင် မနားဘူး ချက်ချင်း ကားတွေ အသင့်ပြင် တင် ထွက်ကြတာ။ ဟော ညနေစောင်း ပဲနွယ်ကုန်းကိုရောက်တယ်။ ထုံးစံအတိုင်း တပ်မတော် စစ်ရထားက အသင့်စောင့်လို့။ ပဲနွယ်ကုန်းဘူတာမှာ ပစ္စည်းတွေ ကားပေါ်ကနေ ရထားပေါ်ပြောင်းတင်ရ စုံမစုံက သေချာစစ်ရတယ်။ တစ်ခုပျောက်တာနဲ့ အလျော်ပေးလို့လဲ ရတာမျိုးမဟုတ်။ ပျောက် ပြုတ်ကျ ကျန်ခဲ့လို့ ကွိုင်တက်ရင် ကို(တပ်ခွဲမှူး)တွေပဲ problem ကိုက်မှာ။ ဒီတော့ လူရော လက်နက်ရော စုံမစုံထပ်စစ်။ နေရာသေချာချရတယ်။ ပြီးမှ ထမင်း ဟင်းချက် ရေခပ်တာလုပ်ကြတယ်။ ကျက်တာနဲ့ ချိုင့်လေးနဲ့ထည့် ပန်ကန်ပြားလေးကိုင် (ဒီတစ်ခါတော့) ပန်းကန်ပြားလေး ကိုင်ပါတယ်။ အဟဲ မြို့ပေါ်ရောက်ပြီ လူတော သူတော မသင့်တော်ဘူးပေါ့နော….

ထုံးစံအတိုင်း အငယ်တွေစုပြီး အကြော်လေး နဲနဲဝယ်လို့ စားကြပေါ့။ အားလုံးပြီးပြီး ဆိုတာနဲ့ နေလည်းဝင်စပြုပြီ။ ကျွန်တော်တို့ရဲ့ စစ်ရထားလည်း ပဲနွယ်ကုန်းကနေ ဟိုဘက် မန္တလေးကို ဦးတည် ဘီးစလှိမ့်တယ်။ ဒီတော့မှ ဟူး ဝူး ဆိုသက်ပြင်းချ လိုက်မိတော့တယ်။ တင်းထားတဲ့ attentions တွေ လျှော့ပစ်လိုက်ပြီ…. အခုမှပဲ ကလေးလူကြီး ကျားမ လူလူသူသူတွေ ပြန်မြင် ရတဲ့အဖြစ်လေ။ တောထဲမှာ ဒီမျက်နှာနဲ့ ဒီမျက်နှာ နေ့ရှိသရွေ့။ လျှပ်စစ်မီးရောင်လက်လက် ကားမီးလက်လက်တွေ မြင်ရပြန်တော့ စိတ်မှာတစ်မျိုးကြီးပဲ။ ကိုယ့်တပ်ခွဲလိုက်အတွဲမှာ အရာရှိတပ်ခွဲမှူးတွေ ကိုယ်စီ ခုံမရှည်တရှည်လေးမှာ ပုဆိုးနွမ်းလေး ဖြန့်ခင်း ကျောဆန့် ဒူးကွေးလို့။ ဆရာ ၁ ယောက်စီက အပေါ်နားမှာ ကင်းသမားနဲ့အတူ စကားတစ်ပြောပြောနဲ့။ လူတို့ ပစ္စည်းဘာညာ ပြုတ်ကျမှာစိုးလို့ ကင်းထားရတာ။ အိပ်တဲ့သူက အိပ်ပြီ။ သီချင်းလေး ငြီးတဲ့သူက ငြီးလို့။ တောင်ငူဘူတာကို ည (၁၂)နာရီ လောက် ဝင်တော့ ခနရပ်ထားပါဦး လို့ တိုင်း(တပခ) အမိန့်နဲ့ ကျောက်ချထားရတယ်။ ဒါနဲ့ပဲ ကိုယ့်အတွဲကိုယ့်တပ်ခွဲက ဆရာတွေ အောက်ဆင်းမယ့်သူ သေနက်လုံးဝ မယူဖို့၊ ကင်းသမားတွေနဲ့ ဆရာ-၂ ယောက် အစောင့် နေဖို့ပြောပြီး ကိုနန္ဒတို့ လည်း စုစု စုစုနဲ့။ ဘူတာထဲက အလင်းဆိုင်ကြီးတွေမှာ လူတွေနဲ့ စည်ကားလို့။ အားလုံးပိုက်ဆံတွေစုလိုက်တယ်။ ကျွန်တော်က ၈၀၀ ၊ ကိုတိုးကြီးက ၁၅၀၀ ကိုနိုင်ဝင်းက တစ်ကျပ်မှကို မရှိတော့တာ။ ညီငယ်တွေကိုတော့ ကင်းလွတ်ပေးလိုက်တယ်။ ကင်းလွတ်ခွင့် မပေးလဲ မရှိကြတော့ဘူး။ သိနေတယ်။

ဗိုလ်မှူးစိုးခိုင် ဦးဆောင်ပြီး လက္ဘရည် ဆိုင်ကြီးဘက်ကို ထွက်ခဲ့တယ်။ အံမယ် တပည့် လူပျို စစ်သည်တွေ စားလို့သောက်လို့ ။ အင်းပေါ့လေ သူတို့က လကုန်တုန်းက နောက်တန်းက လစာပေးနဲ့ လစာကိုယ်စီပါလာကြတာကိုး။ ဒီမောင်များက ဘယ်က လစာပါမလဲ။ အင်းဝ ဘဏ်ကြီး ရှေ့တန်းမှာ ဘဏ်ခွဲလာဖွင့်ပေးရင်တော့ အိုကေမှာ။ ဒါတောင် လက်မှတ်က နဲနဲလွဲနေပါတယ် မောင်လေး ဆိုရင် ဒုက္ခ။ (အဲဒီပြသနာကလည်း ခနခန ကြုံကြရတယ်) ဆိုင်နားရောက်တော့ ခနကွာ ဆိုပြီး ဗိုလ်မှူးကငြိမ်ပြီး စဉ်းစားနေတယ်။ ရော့ ညီလေးနန္ဒ မင်းနဲ့ နောက် အငယ် ၁ ယောက်ပဲသွားပြီး ကိုယ်တို့မှာသမျှ ကိုယ်စီကို ပါဆယ်ဆွဲလာ ခဲ့လိုက် တော့ကွာ..တဲ့။ ကျွန်တော်လည်း အမ်… ဘယ်လိုဖြစ်တာလဲပေါ့။ ဗိုလ်မှူးဆီက အသံထွက် လာတယ်။ မင်းတို့ ငါတို့ ပုံစံတွေလည်းကြည့်ဦး ဆံပင်တွေက ဖရိုဖရဲ ယူနီဖောင်းအရောင်က လွင့်လို့ အရာရှိတွေ ဆိုင်ထိုင်ပြီး တပည့်တွေကျတော့ မထိုင်ရဘူးလား… ဒို့ပဲ ဝယ်စားနိုင် သောက်နိုင်လား ဒီလိုပုံစံတွေလား ဆိုပြီး အရပ်သားတွေ တစ်မျိုးမြင်ကြလိမ့်မယ်။ တစ်ချို့ လစာမပါ နောက်တန်းက ငွေမလာတဲ့ တပည့်တွေလည်း ငါတို့ထိုင်ကြ အုပ်စုလိုက် စားကြ သောက်ကြတာကို မြင်ပြီး အားငယ် စိုးရွံ့စိတ်တွေ ဝင်ကုန်လိမ့်မယ်ကွ ဒီတော့ ညီလေးပဲ သွားဆွဲလာခဲ့ကွာ ဒို့ ညီကိုတစ်တွေ တွဲပေါ်မှာ ဖရောင်တိုင်လေးထွန်းပြီး ပျော်ပျော်ပါးပါး လ္ဘက်ရည်လေးနဲ့ ပါလာတာလေး မုန့်လေး ခဲကြတာပေါ့ မဟုတ်ဘူးလား ကိုတိုးကြီးရာ နှော ဆိုတော့ သိပ်ကောင်းတာပေါ့ ဗိုလ်မှူးရာ… တဲ့ ။ ကိုတိုးကြီးကလည်း….။ အဲဒီညက ဘာလို့လဲ မသိ တောင်ငူဘူတာမှာ တိုင်း(တပခ)က ဆက်ထွက်မိန့် စောင့်နေရင်း ကိုနန္ဒအောင်တို့ အသဲစွဲ ပေါ့စိမ့်လေးနဲ့ ဆိတ်သား ချပါတီလေးနဲ့ ရထားတွဲ မှောင်မှောင်ပေါ်မှာ ဖရောင်တိုင်မီး မှိန်မှိန်လေးထွန်းလို့ ညီကိုတစ်တွေ စကားပြောလိုက် စလိုက်နောက်လိုက်နဲ့ အိုး တကယ်ကို ဘဝအမောတွေ မေ့သွားပြေပျောက်သွားတော့တာပါပဲ။

Read More...

Tuesday, July 8, 2008

ရင်နှင့်ရေးသော ကဗျာတစ်ပုဒ်

ကရင်ပြည်နယ် ရှေ့တန်းဂွင်တွေမှာ အဓိက ပြသနာက သွားရင်လာရင် မြေသားလမ်းပေါ်က ဒေသန္တရ လက်လုပ်မိုင်းတွေပါ။ နောက်အဆိုးရွားဆုံးက တောင်ကမ်းပါးယံ လူ့ ရင်ဘတ် အမြင့်လောက်မှာ ရှေ့ထွက်မိုင်း (ပေါက်ကွဲတာနဲ့ ရှေ့မျက်နှာကို အထူးပြု ကွဲထွက် ထိခိုက် စေတဲ့မိုင်း)၊ ခုန်ပြန်ရှပ်ကွဲမိုင်း (အစပျိုးယမ်းပိုင်း လျှပ်ကူးတာနဲ့ ဖောင်း ကနဲ့ မြေပြင်ကနေ အပေါ်ကို ၄ ပေ ၅ ပေထိ မြောက်တက်ပြီးမှ လေပေါ်မှာပဲ ၃၆၀ဒီဂရီကို နေရာမလွတ်စေရ ပြန့်ကျဲပေါက်ကွဲမိုင်း) တွေ မြှုပ်ကပ်လို့ စစ်ကြောင်းလာချိန် လူစုစု (သို့) အထင်ကရ ပုဂ္ဂုလ် အရာရှိနေရာ လောက်မှာ ဟိုးနောက်ကွယ် နေရာကနေ ဝါယာကြိုးစကို ဓါတ်ခဲအိမ်နဲ့ တို့ ထိ လိုက်ခြင်းအားဖြင့် အုန်းကနဲ ဂျိမ်းကနဲ ပေါက်ကွဲ မီးခိုးတွေ အူထွက် နားတွေလည်း အူထွက်။ ဆိုတော့ ကျွန်တော်တို့ အရာရှိတွေကိုယ်တိုင် ဝတ်စားဆင်ယင်မှု သတိပြုရပါတယ်။ ရမ်ဘို-4 ထဲကလို (ပေါက်ကရ)ရွှေပွင့်တွေ မပြောနဲ့ အနက်ရောင် Operation ပွင့်တွေကို မတပ်တာပါ။ သူတင်ကိုယ်တင် ပစ်ကြခတ်ကြဆို တော်သေးတယ်။ အခုဟာက လူကိုကောင်းကောင်း မမြင်ရဘဲ ထိခိုက်လွင့်ကြွေရတာပါ။ မိုင်းတွေအားလုံးက SOC American made တွေကြည့် ဖြစ်လို့နေပါတယ်။

ဒီတော့လည်း မိုင်းပေါတဲ့ ကရင်ပြည်နယ် ရှေ့တန်းဆိုတာကို ထွက်လာခဲ့ရတဲ့ အရာရှိ စစ်သည် အိမ်ထောင်သည်တွေရဲ့ စိတ်ထဲမှာ သွားလာလှုပ်ရှား ရပြီဆိုတာနဲ့ ဘယ်တော့များ ဒုက္ခိတဖြစ်မလဲ။ ဇနီး မုဆိုးမဖြစ်ပြီး ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖေမဲ့လေမလဲ ဆိုတဲ့ နောက်ဆံတင်း သံယောဇဉ် အတွေးတွေ ပူပင်သောက ဗျာပါဒတွေကိုယ်စီ ခေါင်းထဲမှာ အပြည့်နဲ့။ ကရင်ပြည်နယ်မှ မဟုတ်ဘူး ကားပြည်နယ်တွင်းက ဆိုးဝါးသော ရှေ့တန်း ဒေသ၊ တစ်ခြား တောတောင်အတိထဲက ရှေ့တန်းမြေဒေသများ… ဘာမှပြည့်စုံမှု မရှိနိုင်တဲ့ တောထဲ၊ အသက်အန္တရာယ် safe မဖြစ်၊ စားရတာက တောထွက် ပစ္စည်း ပေါက်ကရ အသီးအရွက်များ ရိက္ခာတော့ရပါတယ် ဟင်းတစ်ခွက်ဖြစ်ဖို့ အထောက်ကူပြု အကူပံ့တွေ၊ စည်သွပ်ဘူးများ ၊ ဒါကလည်း အစားမခံဘူးလေ။ ဒီတော့စိမ်းစိမ်း စိုစို အသီးအရွက် လက်ဆက်တဲ့ အသားငါး လူတို့သဘာဝအရ စားချင်ကြရှာသကိုး။ ချောင်းကြို အုံကြား ငါးမိုင်းခွဲပြီး လက်ပြက် မျက်စိ အလင်းကွယ်ရသူတွေလည်း ရှိသေး။ ကျွန်တော်ကျင်လည် ဇယ်ဆက်ခဲ့တဲ့ ကရင်ပြည်နယ် တောထဲကတော့ ဒညင်းသီးပင် တွေ့လို့သွားခူးရင် ကံမကောင်းရင် မိုင်းနင်းပြီး ခြေပြက်ရတာ တွေက ရှိနေဆဲရယ်ပါ။

သို့ကလို စစ်သားဘဝမှာ အမိန့်နဲ့တာဝန်က သွေဖယ်လို့မရလေတော့ ဒီဝေဒနာ နေ့စွဲများကို အလှည့်ကျလို့ သွားရပြီဆိုတဲ့ စစ်သားတိုင်း ကြေနပ်စွာပျော်မွေ့ကြရစမြဲပါ။ အခုမှ မဟုတ်ဘူး ဟိုးပဝေသနီ ချီကြာခဲ့သော နှစ်ချို့ရက်ဟောင်းများစွာ။ ကိုယ့်ဟာကို ရှာကြံအဆင်ပြေ သာမွေ့အောင်နေလို့ ကိုယ့်ထက်အငယ် ရာထူးငယ်သူ အသက်ငယ်သူ အချင်းအချင်း ဖေးမ စိတ်ဖိစီးမှုတွေ လျှော့ချပေး အေးခဲတဲ့ရာသီ ဥတုတွေမှာ နွေးထွေးစေလို့ သူလိုကိုယ်လို အားလုံး နေအိမ်လွမ်းစိတ် တမ်းတစိတ်တွေ ဖျော့စေပျော့စေ အမေအဖေထက် သေနက်ကို ယုယခင်တွယ် (ကိုယ်နဲ့မကွာ ကိုယ့်အသက်ကို ကယ်နိုင်တာက ဒီလိုနေရာမျိုးမှာ ဒီ သေနက် ကအသက်သခင်ကိုး) မြတ်နိုး၊ အဆိုးရွားဆုံးသော ငှက်ဖျားရန်သူလက်ဖျား အသက်တွေ ပါမသွားအောင်က တစ်ဖုံ ဂရုဏာတွေထားကြ။ မတတ်သာလို့ ထွက်လာရပြီ ဒီတောတောင်ထဲ ခံယူချက်မတူ အယူတွေလွဲ မူတွေကွဲ တစ်နိုင်ငံထဲသားချင်းတွေ သွေးတွေမြေခ ပေပွစုတ်နစ်၊ မြို့ပေါ်က ရေ၊မီး၊လျှပ်စစ် ပြည့်စုံတဲ့ တပ်တွေက မပြောနဲ့ ယာယီတဲမှာ မိုးမလုံ နေစရာ ဘားတိုက်၊ ရိပ်သာက ဆောက်လုပ်ဆဲ၊ အဖေမေဆီ ဖုန်းခေါ်လို့မရ သဘာဝကျကျ တောင်ကုန်း ပေါ် တပ်ကသူတွေတောင် စိတ်အေးလက်အေး နားအေးပါးအေး အိပ်ရတဲ့ မြေကိုစွန့်ခွါပြီး ဘယ်သူက လာချင်မှာလဲ။

နေပူထီးထီး ကျောပိုးအိပ်တွေလွယ် သေနက်သယ်ပြီး ချွေးဒီးဒီးကျ မျက်နှာမှာတောင် ဆားပွင့် ဆားပွေးတွေတက်လို့။ ရေကငတ်သေးတယ်။ အသက်ကြီးကြီး ဆရာကြီးတွေ ဇရာကို အံတု မမှုလေဟန် ခြေကုန်လက်ပန်းကျနေတဲ့ တပည့်သားတွေကိုတောင် နှစ်သိမ့်လိုက်သေး။ တပ်ရင်းမှူးနဲ့အထက် အရာရှိကြီးများ ဟိုးနုစဉ်စစ်သားဘဝကတည်းက ထွက်ခဲ့ရတဲ့ ရှေ့တန်း အခုအသက်ရွယ်ရောက်တဲ့ထိ ပင်ပန်းနေကြဆဲ။ ကျောင်းဆင်း အလုပ်ပြန် မောမောနဲ့ အပြင်ကပြန်လာ ရေအိုးထဲမှာ ရေကမရှိ ၊ water cooler က မအေး၊ ရေခဲသေတ္တာက မီးမလာ … ဒီလိုအခါမှာတောင် ကိုယ့်ဟာကိုရေဆာပြီး ဒေါကန်ကြသူများ။ ညည တစ်ခါတစ်ခါ မီးမလာလို့ တီဗွီမကြည့်ရ၊ အိပ်မောတော့ ကျခဲ့ကြပါတယ်… ကျွန်တော်တို့ အရပ်သား ဘဝကလေ။ အခုနေခါ အဲဒီလို နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်ပျော်ချင်စမ်းပါဘိ။ ကြည့်စမ်းပါဦး အမေချက်တဲ့ ဟင်း ဆီတဝင်းဝင်း သင်းတပျံ့ပျံ့ … ကိုယ့်ဟာကို ခံတွင်းမတွေ့တိုင်း နှာခေါင်းရှုံ့ခဲ့လေသော သားသမီးများ။ ခရမ်းချဉ်သီး မပါ အချိုမှုန့်ဗလာ မဆလာကင်း ရှေ့တန်းမြေ တောထဲက ထမင်းဟင်း ပင်ပန်းတာအကြောင်းပြ ခေါင်းမချအောင် တဝ စားနေလိုက်တာများ အမေမြင် ရင်ကျိုးရချေရဲ့နော်။ အိမ်ဘေးဝန်းကျင် ရပ်ကွက်ထဲက ခင်ရာမင်ရာများ မလေးကိုတက် စင်္ကာပူထွက် နိုင်ငံရပ်ခြားမှာ ပင်ပန်းကြ ပြန်ရောက်လာ ငွေတွေပိုက် အမိုက်စားတွေဖြစ်ကုန်ကြတယ် (သူတို့ကြိုးစားမှုပေါ့)။ အမေ့သားများကတော့ နှစ်လတွေ အလီလီပြောင်း ခေါင်းကဆံပင်တွေ နီမွဲမွဲ အင်တာနက်လည်း မသိ အီးမေးလ်မရှိ သည့်တိုင်အောင် ဆေးစက်ကျရာမှာ အသီးသီးမှာ ပျော်နေကြလျက်ပါ။

Read More...

Monday, July 7, 2008

ရှေ့တန်းမြေမှာ စားခဲ့ရသော တောတွင်းအစားအစာလေးများ

မိုးဦးကျရာသီ မြစ်ချောင်းတွေ ရေတစ်ချို့တစ်ဝက် နောက်ကြပြီ။ ချောင်းမြောင်းတစ်လျှောက် ကောက်ကောက်ညွန့်ပင် ကင်းတောက်ပင်တို့ ရွက်သစ်ဝေစည် ဖြာ။ ကိုယ့်စစ်သည်များက ဒါကိုချောင်းနေရတာ အဲဒီကောက်ကောက်ညွန့်ဆိုတာက ကောက်ကောက်ကွေးကွေး လေးတွေ မို့ အဲဒီနံမည်ပေးထားတာလားမသိ။ ရေစပ်စပ် မြစ်ချောင်းရိုးတစ်လျှောက်တော့ အလွန်ပေါတယ်။ ဒါပေသိလည်း အဲဒီ ဘိခ်ျ လေးတွေကို ကျွဲအုပ်တိုးသွားလို့ကတော့ အမြစ်တောင်မကျန်ဘူး ဒင်းတို့က သမသွားတာ။ ဒီတော့ မရှိမယ့် ရှိမယ့် အဓိကအားထား စားနေရတဲ့ အခွန်လွတ်ဈေးလေးက ဟင်းရွက်က ကုန်ပါလေရောလား။ စားလို့ကတော့ မရှိလို့လားမသိဘူး။ တကယ်ကောင်းပါတယ်။ နောက်ပေါပေါများများ စားရတာက မှိုမျိုးစုံ ။ ဘာလို့ မှိုမျိုးစုံရတာလဲဆိုတော့ မြေမှာကပ်ပေါက်တဲ့ အရောင်အသွေးစုံ အရွယ်စုံတွေထဲက စားလို့ရမယ့်ဟာမှန်သမျှ စမ်းသပ်ရွေးချယ်။ သစ်တုန်းတို သစ်ငုပ်တို သစ်ကြီးဝါးကြီးမှာ ကပ်ပေါက်နေတဲ့ အရောင် အရွယ်စုံထဲက တကယ်စားလို့ရတဲ့ ဟာကို ရွေးပြုတ်ပြီး ချက်လို့ ဟင်းလုပ်ရတာပါ။ သစ်ဆွေးတုန်းမှာ ကပ်ပေါက်တဲ့ မှိုအမဲတစ်မျိုးဆို နူးညံ့ပြီး အရာသာလည်းရှိပါတယ်။ နောက်တစ်ခုက ဝါးတောထဲက အမြစ်ဆုံမှာ ကပ်ပေါက်တဲ့ ရှားရှားပါးပါး မှို အဖြူငုံလေးတွေ သူကလည်း တော်တော်စားလို့တော့ အကောင်းသား။

နောက်တစ်ခါ ကြွက်နားရွက်မှိုလို့ တပည့်တွေ အမည်ပေးထားတဲ့ မှိုတစ်မျိုးလည်း ကောင်းတယ်။ အဆိပ်အတောက်တော့ မဖြစ်ခဲ့ကြပါဘူး။ အဆိပ်အတောက်ရှိခဲ့ လို့ကတော့ နန္ဒအောင်တို့ မာလကီးယားတာ ကြာပေါ့။ နောက်အပေါဆုံးက မျှစ်။ မျှစ်ကတော့ မိုးရာသီတစ်လျှောက်လုံး မင်းသားကြီးကိုဖြစ်လို့ အသားတုမှိုတက်လေးနဲ့ ရောပြီး ကြော်လို့၊ ပြုတ်ပြီး သုပ်လို့ တစ်မျိုး၊ ဟင်းချိုလိုလို အချဉ်လို တစ်သွယ်၊ အဖက်ဖက်လိုက်ကြီးတွေ ဆားပွတ်ဆီဆမ်းလို့ တစ်ဖုံ၊ အတုံးအတစ်လိုက်ပြုတ်ပြီး ငရုပ်သီးနဲ့တို့စား၊ ဝါးဆစ်ဘူးမှာ ပိတ် အချဉ်လည်းသိပ်စား၊ နေပြင်းပြင်းမှာ အမျှင်လေးတွေ မွှာပြီး မျှစ်ခြောက်လုပ် ပြီး ရေနဲ့ကြော်ပြီး ဆီနံ့လေးပေးတာမျိုးက တစ်နည်း။ အို စုံနေတာပဲ။ ငယ်ငယ်က ဝက်သားနဲ့မျှစ်ချဉ်ဟင်းချက် ကိုသတိရမိသေး။ မျှစ်အမျိုးပေါင်းစုံ အရွယ်စုံဆိုဒ်စုံ အရသာအဖုံဖုံနဲ့ ဘဝမှာ မျှစ်အစားခဲ့ရဆုံး နေ့တွေကိုပြပါဆို အဲဒီ ကရင်ပြည်နယ် ရှေ့တန်းက ရက်စွဲတွေပါပဲ။ မျှစ်ပေါချက်ကတော့ ချိုးလို့တောင် မနိုင်ဘူး။ မျှစ်စို့ပေါက်ကြီးတွေ ထွားထွားဖွင့်ဖွင့်နဲ့ သိလား။

အဲဒီလိုပဲ ဝါးတောထဲတို့ တောင်စောင်း ကမ်းပါးယံတွေမှာ ကပ်ပေါက်တဲ့ အပင်တစ်မျိုးရှိတယ် နွယ်တက်ပင် အသီးက ကြက်ဟင်းခါးသီး ပုံစံအတိုင်းပဲ အသီးက မှည့်ပြီး နီရဲနေတာ အရမ်းစားလို့ ကောင်းပါတယ်။ ကတွတ်သီး အချိုအရသာနဲ့ တစ်ထပ်တည်းပဲ။ ကျွန်တော်ကြိုက်တတ်လို့ဆိုပြီး တပည့်ကျော်တွေက ခနခနသွားသွားရှာတာ။ ထည့်ယူလာလို့ ရရင်နောက်တန်းကိုတောင်ယူလာမလို့။ ခူးပြီးတာနဲ့ တစ်နေ့ချင်း ကုန်အောင်စားရတာ မျိုးရယ်ပါ။ ထမင်းစားပြီး အချိုတည်းရင် အဲဒီအသီးလေးနဲ့ ရေနွေးကြမ်းနဲ့ တော်တော်ကိုဟုတ်နေတာ။ ကြိမ်စေ့လိုလို အသီးလေးတွေလည်းရှိသေးတယ်။ သူက ပြုတ်ပြီးစားရတာ လှော်စားလို့မရဘူး။ ဟန်းကောနဲ့တစ်လုံးလောက်ပြုတ် တပ်စိတ် တစ်စိတ်အေးဆေး စားလို့ရတယ်။ အရသာက ဆိမ့်နေတာပဲ။ ရေနွေးကြမ်းလေးနဲ့ အဲဒီအသီးပြုတ်နဲ့ ကင်းသမားတွေညည အတော်ကို အိုကေနေကြတာ။ မိုးကုန်ခါနီး ဆောင်းချဉ်းကပ်ချိန် ဆိုလာပြီ ပရစ်… တပည့်တွေက နို့ဆီဘူးခွံလေးတွေ အပေါ်က အပိတ် ခပ်ဟဟနဲ့ ဓါးချွန် ဓါးမောက်နဲ့ ဝါးစူးတံချောင်းလေးနဲ့ ပုရစ်တူးကြတယ်။ ကြော်စားလို့ အလွန်ကောင်းတာရယ်။ ပုခုံးတွန့်သွားမယ် ထင်တယ်နော်။ ဟုတ်တယ်ဗျ။ မန္တလေးက ဈေးတွေမှာတော့ ပုရစ်ရာသီဆို ဗန်းနဲ့ထည့် နို့ဆီဘူးနဲ့ ချိန်ရောင်းတာ မြင်ဖူးကြမှာပါ။

ရှေ့တန်းမြေဆိုတာမျိုးက သူ့ဒေသ ဂွင်ပေါ်မူတည်ပြီး တော်တော် ကွာခြားသွားပါတယ်။ ပင်လယ်ဘက် ထွက်ရတဲ့တပ်တွေ က တစ်မျိုး သူတို့ကျတော့ ပင်လယ်ကဖမ်းလို့သမျှ ပေါက်ကရ ရေသတ္တဝါမျိုးစုံပေါ့။ မြောက်ဖျား ကချင်ပြည်နယ်ကျတစ်မျိုး၊ ရှမ်းကုန်မြင့်က နေရာတွေက တစ်ဖုံ။ ကယားဂွင်လည်း သူ့ဟာနဲ့သူ၊ တူညီတာကတော့ ရှေ့တန်းဆိုတဲ့ နေရာမျိုးမှာ ပိုက်ဆံတွေ ရှိနေစေဦးတော့ ကိုယ်စားချင်တဲ့ ဟင်းစား ဝယ်ချက်လို့ မရ။ တောထဲက ထွက်သမျှ စားလို့ရတဲ့ အသီးအရွက်လေး အကောင်အနှောင် ထောင်ချောက်ဆင် သုတ်ကိုင်းထောင် ဖမ်းပေါ့ ဒီလိုပဲ။ စည်သွပ်ဘူးတွေတော့ ရိက္ခာထုတ် အပါတ်တိုင်းရပါတယ်။ စားတော်ပဲမျှစ်ဘူး၊ ငါးဘူး၊ အမဲသားဘူးတွေပေါ့။ ဥဥထားရတယ်။ လုံးဝပြက်လပ်ပြီဆိုရင် နောက်ဆုံးကျည်အဖြစ် ထုတ်တွယ်ကြတာလေ။ အမဲဘူးဆို အရောအနှောလေးနဲ့ ရောရော ချက်စားသွား မဆိုးဘူး အစားခံတယ်ဗျ။ ကံကောင်းအကြောင်းလှပြီး ဂျီတို့ ဘာတို့ ရရင်တော့ ရှယ်တာပေါ့။ စစ်ကြောင်းက အစုအဖွဲ့အကုန် ဝေစားမျှစားပဲ။ ဒီဓလေ့လေးက ချစ်စရာပါ။ ဘော်စဲခိုမှာတုန်းက ညနေအလင်းပျောက်စမှာပဲ ကင်းစစ်သွားတဲ့ ဆရာကြီး သူ့ရှေ့က ခြံစည်းရိုး ကျားလန်ခက်မှာ ရှူးပျံက လာချိတ်နေတာ ဝါးလုံးနဲ့ရိုက်ချတယ်။ ကြောင်လိုလို ယုန်လိုလို ဦးခေါင်းနဲ့ အပြီးက ရှည့်မြီးလိုလို ကြောင်မြီးလိုလိုနဲ့။ ရှဥ့်သားလိုပဲ စားရတာက။ ပွေးသားလည်းစားခဲ့ ရဘူးတယ်။ ဝက်သားနဲ့ မလဲပေါင် လို့ ဒါကြောင့် ဆိုခဲ့ကြတာကိုး တော်တော်လေးကို နူးညံ့တယ်ဗျ။

ဘာပဲဖြစ်ဖြစ်ပါဗျာ အခုနေများ စားချင်လို့ ပိုက်ဆံပေးဝယ်စားမယ်တောင် အဲဒီ ရှေ့တန်းမှာ စားခဲ့ရတာလေးတွေ လုံးဝကို မစားရတော့ပါဘူး။ ဟူး.. အခုတော့လည်း ပြန်တမ်းတမိသား။

Read More...

Saturday, July 5, 2008

မြန်မာပြည်အနောက်ဖျားက မေ့ပျောက်ခံလူသားများ

အမိတက္ကသိုလ်တွင် ၅ နှစ်တာ ပညာရည်နို့သောက်စို့ ပြီးနောက် ပထမဆုံး တာဝန်ကျသည့် မိခင်တပ်ရင်းမှာ အမှတ် ၉ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်း၊ စစ်တွေမြို့ဖြစ်ပါသည်။ ကျွန်တော်တို့ တပ်ကို အင်္ဂလိပ်လို ရေးတော့ Electrical and Mechanical Engineering force ဖြစ်သဖြင့် အတိုကောက်အားဖြင့် EME ( အီးမီး ) ဟုခေါ်ကြပါသည်။ ကျွန်တော်တို့ တပ်ဖွဲ့၏ အဓိက တာဝန်မှာ တပ်မတော်တစ်ရပ်လုံးရှိ ယာဉ်နှင့် လက်နက်များ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း နှင့် တီထွင်ခြင်းတို့ ဖြစ်သည်။ ထို့အတူ တပ်ရင်းတပ်ဖွဲ့ အားလုံးတို့၏ ယာဉ်နှင့် လက်နက်များကို တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်စစ်ဆေးရခြင်းလည်း ပါဝင်ပါသည်။ ဒါက ပုံမှန်စစ်ဆေးခြင်း။ ရှေ့တန်း ပြန်လက်နက်များနှင့် စစ်ဆင်ရေး မထွက်မှီ လက်နက်များ စစ်ဆေးခြင်းကလည်း ကြားဖြတ် ၀င်လာတတ်ပါသေးသည်။ ယာဉ်ဆိုလျှင် ဘီးနှစ်ဘီးသာ ပါသော ဆိုင်ကယ်မှ စ၍ တင့်ကားအထိ၊ လက်နက်ဆို လျှင်လည်း လှံစွပ်မှ စ၍ အမြောက်ကြီးများ အထိ အကုန်ပါဝင်သည်။

ကျောင်းဆင်းပြီး တပ်ကို ရောက်လာတော့ ထုံးစံအတိုင်း အရာရှိငယ်များ ကြုံနေကျပုံစံ လူက ရောင်ချာချာ။ ဘယ်သူ့ကို ဘယ်လို ဆက်ဆံရမှန်းတောင် မသိ။ ပိုဆိုးတာက တပ်မှာ စီနီယာ အရာရှိ က မရှိ။ သင်တန်းသွား တဲ့လူက သွား။ နိုင်ငံခြားရောက်တဲ့လူက ရောက်နှင့်။ တပ်ရင်းမှုးနှင့် ကျွန်တော်ပဲကျန်သည်။ ဒီတော့ ပုခုံးပေါ်က နှစ်ပွင့်လေးနှင့်ပဲ တပ်ရေးဗိုလ်ကြီးလည်း ကျွန်တော်၊ တပ်ထောက်ဗိုလ်ကြီးလည်း ဒီလူ၊ မော်တော်ယာဉ် အရာရှိ လည်း အနှီလူသား စသည်ဖြင့် တာဝန်မျိုးစုံကို တစ်ယောက်တည်းယူလျှက် တကိုယ်တော် ဖျော်ဖြေရ၏။ ဒီလို တကိုယ်တော် ဟဲနေရတော့ ဗိုလ်လောင်းဘ၀က ဗန်းစကားများဖြစ်ကြသည့် ပျားတုပ်ခြင်း၊ ရက်ထွက်ခြင်း၊ ဖွဲ့စည်းပုံ ပျက်ခြင်း၊ ပြာကိုင်ခြင်း၊ အချီကြီးမိခြင်း စသည့် ဝေါဟာရတို့နှင့် နေ့စဉ် မိတ်ဖွဲ့ရလေသတည်း။

ဒေသကွပ်ကဲရေး စစ်ဌာနချုပ်က လုပ်အားပေး ဖက်ထိပ် ခေါ်လျှင် အရာရှိတစ်ဦးနှင့် စစ်သည် ဘယ်လောက် ဆိုပြီး ခေါ်တတ်ရာ အရာရှိ ရှိတာက နှစ်ယောက်၊ တစ်ယောက်က တပ်ရင်းမှူးဆိုတော့ ကျွန်တော်ပဲ သွားရလေသည်။ တပ်ရေးဗိုလ်ကြီးများ အစည်းအဝေး ဟုခေါ်လျှင်လည်း ကလေးကို ယူနီဖောင်း ၀တ်ပေးထား သည့် စတိုင်ဖြင့် စီနီယာဗိုလ်ကြီးများ အကြား သွား၍ ယောင်တောင်တောင် လုပ်ရလေသည်။ ဒီကောင်လေးက ဘာလာလုပ်တာတုန်းဟ ဆိုသော အထာဖြင့် ၀ိုင်းရှိုးကြခြင်းကို လည်း မကြာမကြာ ခံရ၏။ စီအိုဒီသို့ ရိက္ခာထုတ် တပ်ထောက်ဗိုလ်ကြီး ဆိုတော့လည်း တပ်က ဆိုင်ကယ် အစုတ်လေးဖြင့် ချီတက်ရပြန်၏။ ဤသို့ တစ်ကိုယ်တော် ဟဲနေရသည်ကို တပ်ရင်းမှူးက သနားနေသလား မသိ။ ခေါ်ပြီး အားပေးစကား ပြော၏။ “ တို့ ကျောင်းဆင်းစတုန်းက ( သူတို့က YIT မှာ ခြောက်နှစ်လောက်တက်ပြီးမှ ဗိုလ်သင်တန်းက ဆင်းလာတာ ) တပ်မှာ အရာရှိတွေက အများကြီးကွ၊ ပျော်စရာကြီးရယ်။ ဘာတာဝန်မှလည်း သိပ်မရှိတော့ ညနေဆို တို့တတွေက တပ်က ကားတစ်စီးစီးကို ယူပြီး မြို့ထဲလျှောက်ပတ် ကြတာပေါ့ကွာ။ မိန်းမရှိတဲ့လူတွေတောင် သူတို့ မိန်းမတွေပါ ခေါ်ပြီး လည်ကြပတ်ကြတာ၊ အရမ်းပျော်စရာကောင်းတယ် ” ဤသို့ ဤပုံ သူတို့ ငယ်ငယ်က ကဲခဲ့ကြသည့် အကြောင်းများကို ဘေးကလူ သရေကျလောက်အောင် မစားရ ၀ခမန်း မြိန်ရေလျှက်ရေ ပြောပြ ပြီးနောက် “ အေး…. ဒါပေမယ့် အခု မင်းကတော့ ရှိတာမှ တစ်ယောက်တည်းဆိုတော့ ဒီလိုနေလို့ မရဘူး။ လုပ်စရာ တာဝန်တွေက အများကြီး၊ ဒီတော့ ဒီဟာတွေကို ကောင်းကောင်းလုပ်၊ ကြားလား၊ အလေလိုက်ဖို့ လုံးဝ စိတ်မကူးနဲ့ ” ဟူသတည်း။ ချစ်စရာ ကောင်းလိုက်ပါဘိတောင်း။ ဒီလို တပ်ရင်းမှူးမျိုး ယောက်ခမတော်မိ လို့ကတော့ အလုပ်နဲ့လက် မပြတ်အောင် ခိုင်းလိုက်မည့်ဖြစ်ခြင်း ဟူသော အတွေးဖြင့် သူ့သမီး ဒေါက်တာမမ ကိုတောင် စေ့စေ့ မရှိုးရဲခဲ့ပေ။ အော် ဒေါက်တာမမခမျာ သနားစဖွယ် ကောင်းလိုက်လေခြင်း။

ဤသို့ဤပုံ အလုပ်နှင့်လက် မပြတ်အောင် အခိုင်းခံနေရသည့်ကြားက ကျွန်တော်ဆိုသည့် ကောင်ကလည်း ငြိမ်ငြိမ်ကုပ်ကုပ် နေတတ်သည့်ကောင် မဟုတ်လေရကား ညဘက် တပ်ရင်းမှူး အိပ်ရာဝင်သည်နှင့် တပ်က ဆိုင်ကယ်ကို အသာ မ ထုတ်ကာ စစ်တွေမြို့ကို ဂျောင်းဂျောင်းပြေး ပတ်လေတော့သည်။ ကြယ်တံဆိပ် နံပါတ်ပါသော စစ်တပ်ဆိုင်ကယ်က တစ်ခါတစ်ခါ ကျောင်းဆရာမတွေ အဆောင်ရှေ့ရောက်လိုရောက်၊ တစ်ခါတစ်ခါ တက္ကသိုလ်ဝင်းထဲက ကျောင်းသူလေးတွေ အဆောင်အောက် ရောက်လိုရောက်၊ တစ်ခါတစ်ခါ တော့ စည်ဘီယာဆိုင်ရှေ့ ထိုးလိုထိုးဖြင့်။ တပ်ရင်းမှူးသာ သိလို့ကတော့ နှုတ်ခမ်းမွေး ထောင်လိုက်မည့် ဖြစ်ခြင်း။ မတတ်နိုင်။ ကိုယ်ပိုင် ဆိုင်ကယ်ကလည်း ၀ယ်မစီးနိုင်သဖြင့် ဒါလေးပဲ သုံးရလေသည်။ မော်တော်ယာဉ် တာဝန်ခံ ဆရာကြီး အရာခံဗိုလ်က လူငယ်ဗိုလ်ကြီး အတွက် အလိုက်သိစွာ ပိုပိုသာသာ ထည့်ပေးလိုက်သော ဓာတ်ဆီကုန်ခါနီးပြီဆိုမှ တပ်ကို အသာလေး ဖရီးရိုက်ပြီး ပြန်ဝင်ရ၏။ ကြာလာတော့ တပ်ရင်းမှူးက ရိပ်မိလာတော့၏။ မရိပ်မိဘဲ နေမလား။ ဆိုင်ကယ် အတွက်သုံးသည့် ဓာတ်ဆီက သူ့ မာစတာဂျစ် ထက်ပိုများလာတာကိုး။ ဒီတော့ ကျွန်တော့်အား တပ်မှာမထားတော့။ မြိုင်ရပ်နှင်လေတော့သည်။ “ သွား…ကျွန်းစစ် ” တဲ့။

ကျွန်းစစ်ဆိုသည်မှာ ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းများတွင် တပ်စွဲထားသော အမြောက်တပ်များ၏ အမြောက်ကြီးများကို သွားရောက်စစ်ဆေးရခြင်း ဖြစ်ပါသည်။ ဖရုံကာ၊ ရမ်းဗြဲ၊ မာန်အောင် စသည့် ကျွှန်းကြီး များမှ စရ်ျ မထင်မရှားကျွှန်းများတွင်ပါ ကျွန်းအတော်များများတွင် ပြည်ပမှ ၀င်ရောက် တိုက်ခိုက်လာမည့် လေယာဉ်၊ သင်္ဘော စသည်တို့၏ ရန်မှ ကာကွယ်ရန် အမြောက်ကြီးများ အသင့်ချထားပါသည်။ အဆိုပါ အမြောက်ကြီးများကို စစ်ဆေး ပြင်ဆင် ထိန်းသိမ်းရန် ကျွန်တော်တို့ အီးမီး တပ်ဖွဲ့မှ တာဝန်ယူရ၏။ တစ်နှစ် နှစ်ကြိမ် ပုံမှန်သွားရောက် စစ်ဆေးပြုပြင် ပေးရ၏။ သာမန်အားဖြင့် အတွေ့အကြုံရင့်ကျင့်သော စီနီယာ အရာရှိ များကိုသာ တာဝန်ပေးလေ့ရှိသော်လည်း ကျွန်တော့်ကိုတော့ တပ်ရင်းမှူးက တပ်မှာ မျောက်ရှုံးအောင် သောင်းကျန်းနေသော သတ္တ၀ါ တစ်ကောင်အဖြစ် မောင်းလွတ်လိုက်ခြင်း ဖြစ်လေသည်။ ဤသို့ဖြင့် ကျွန်တော်သည် မြန်မာပြည် အနောက်ဖျားက မေ့ပျောက်ခံ လူသားများဆီ တစ်ခါတစ်ခေါက် အလည်ရောက် ခဲ့ရလေတော့သည်။

တပ်မတော်ရေတပ်မှ စစ်သင်္ဘောဖြင့် လိုက်ပို့၏။ သို့သော် ကျွန်းများ အနီးထိ မကပ်နိုင်။ ကျောက်ဆောင်၊ ကျောက်တန်းများက သင်္ဘောဝမ်းကို ထိုးခွဲမှာစိုးသဖြင့် ကမ်းနှင့် မနီးမဝေး အထိသာ လိုက်ပို့၏။ ပြီးတော့ ရင်ခေါင်းလောက်နက်သော ရေပြင်ထဲ ဖြတ်လျှောက်ရလေသည်။ ရေဆိုလျှင် ရေကူးကန်ထဲလောက်သာ ဆင်းဖူးသော ကျွန်တော်မှာ ဒူးခေါင်းများ တဆတ်ဆတ်တုန် လေတော့သည်။ ဤသည်ကို သိသော ကျွှန်းပေါ်မှ လာကြိုသူများက ကျွှန်တော့် အတွက် ကြိုးတန်း တန်းပေးလေသည်။ သင်္ဘောမှနေ၍ ကျွန်းပေါ်ရှိ သစ်ပင်သို့ သွယ်တန်းထားသော အဆိုပါ ကြိုးတန်းကို ကိုင်လျှက် လမ်းလျှောက်သင်စ ကလေးငယ်ပုံစံဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက်ရလေသည်။ “ ဗိုလ်ကြီး… အောက်မှာ ကျောက်စွန်းတွေရှိတယ်နော်၊ ဂရုစိုက်လျှောက်၊ ဒီကောင်တွေက ဓားသွားလိုပဲ၊ မြနေတာ၊ ထိလိုက်လို့ကတော့ မသက်သာဘူး ” ဟု အတူပါလာသည့် ဆရာကြီးက သတိပေး၏။ ထိုသို့ စမ်းတ၀ါးဝါးလျှောက်ရင်းမှ ကျွန်းပေါ်သို့ ခြေချမိလေသည်။ ကမ်းခြေသို့ ခြေချမိမှ နောက်ကို ပြန်ကြည့်လိုက်တော့ ကျောစိမ့်သွားမိ၏။ အဆုံးအစ မရှိ ပင်လယ်ပြင်ကြီးကို နောက်ခံ ထားလျှက် စစ်သင်္ဘောကို လှမ်းမြင်ရလေသည်။ ကမ်းခြေသို့ လာရိုက်နေသော လှိုင်းလုံးများကား ငွေဆောင်တို့ ချောင်းသာတို့ ငပလီတို့နှင့် တခြားစီ။ တ၀ုန်းဝုန်းရှိလေသည်။ သဘာဝ ပန်းချီကားတစ်ချပ်လို လှပနေ သော်လည်း အချိန်မရွေး သေမင်း နိုင်ငံသို့ ပို့ဆောင်ပေးနိုင်လေသည့် တမန်တော်များသာ ဖြစ်လေသတည်း။

ကျွန်းပေါ်ရောက်တော့ ခဏနားပြီး လုပ်စရာလေးတွေ စလုပ်ရလေသည်။ ကိုယ်တိုင်တော့ လုပ်စရာ မလို။ စစ်ဆေးပေးရုံသာ။ ပြင်ဆင်စရာ ရှိသည်များကိုတော့ အတူပါလာသည့် လက်နက်ပြင် ဆရာကြီး နှင့် အကူရဲဘော်တို့က ပြင်ပေးကြ၏။ အဓိကပြင်ပေးရသည်မှာ အမြောက်၏ မောင်းပြန်သော ဘာဖာ စစ်စတန် ကိုသာဖြစ်၏။ အမြောက်ဆီ ထိုးပေးရ၏။ မောင်းပြန်လျှော့ဗားများကို အတင်အချ လုပ်ခိုင်းရ၏။ မကောင်းလျှင် တခါတည်း ပြုပြင်ရလေသည်။ ညနေစောင်းသည်နှင့် လုပ်စရာ အလုပ်ပြီးသွားလေပြီ။ အမြောက်ဆီထိုးပြီးတော့ လူ ဆီထိုးဖို့သာ ကျန်တော့လေသည်။ ထိုအခါကျမှ ဘေးပတ်ဝန်းကျင်ကို သတိထားမိလေသည်။ ဘေး ဘယ်ညာ မျက်လုံးကစားရင်းမှ တာဝန်ကျ အမြောက်စစ်သည်များဆီ အကြည့်ရောက်သွားမိ၏။ အော် အသက်သိပ်မကွာသော လူငယ်လေးတွေပါပဲလား။ တာဝန်ခံ တပ်ကြပ်ကြီးများမှအပ လူငယ်လေးတွေသာ များ၏။ လူမရှိ သူမရှိ တိတ်ဆိတ်နေသော ကျွန်းကြီးပေါ်မှာ ပင်လယ်အော်သံကိုသာ အဖော်လုပ်၍ တာဝန်ထမ်းဆောင် နေကြရရှာသော သူတို့ကို ကြည့်ရင်း သနားမိလေသည်။

ညနေခင်းရောက်တော့ ကျွန်းပေါ်ရှိ အမြောက်တပ်ဖွဲ့က အစားအသောက်ပေါင်းစုံ ဖြင့် ဧည့်ခံလေသည်။ ကျွန်တော်လည်း သူတို့ ဧည့်ခံကျွှေးမွေးသော ပင်လယ်စာမျိုးစုံကို မြည်းစမ်းစားသောက်ရင်း မှ သူတို့ နှင့် စကားစမြည် ပြောဆိုရင်း သူတို့ ဘ၀ကို လေ့လာမိလေသည်။ သည်တော့မှ သူတို့၏ ဘ၀ကို ပိုသိလာရ၏။ ပိုလေးစားလာရ၏။ ပိုသနားလာရလေသည်။ တပ်ဖွဲ့ဝင် အများစုမှာ လူငယ် အရွယ်တွေက များသည်။ တစ်ချို့လည်း အိမ်ထောင်နှင့်၊ တစ်ချို့လည်း လူပျိုလူလွတ်များ။ ဒီအချိန် မြို့ပေါ်မှာသာ ဆိုလျှင် ကဲလို့ ပျော်လို့ ကောင်းမည့် အရွယ်လေးတွေ။ ခြေထောက်ဗွေပေါက်တတ်သော ကျွှန်တော်မှာ သူတို့အစား ရင်နာမိ၏။ လူမသိ သူမသိ မေ့ပျောက်ခြင်း ခံနေရသည့် အလား ဒီလိုနေရာမျိုးမှာ တာဝန်ထမ်းဆောင်နေကြရရှာသော သူတို့ကို သနားနေမိလေသည်။ စားစရာဆိုလည်း ရိက္ခာက တစ်လမှ တစ်ခါသာ ပို့ပေးနိုင်လိမ့်မည်။ ဒါတောင် လှိုင်းလေ မငြိမ်လျှင် မှန်မှန်ရောက်မှာ မဟုတ်။ ရိက္ခာပို့ရင်းမှ ချစ်သူ ရည်စား၊ အိမ်သူသက်ထား ဆီမှ စာသ၀ဏ်လွာလေးများ ပါလာမလား မျှော်ရ၏။ စာလေးများပါလာလျှင် ရိက္ခာကို ဂရုမစိုက်နိုင်တော့။ အပြေးအလွား ဖောက်ဖတ်ရ လေသည်။ ဤသို့ဖြင့် အလွမ်းဖြေရလေသည်။ ရည်းစားသနာ မရှိသူတို့မှာမူ အမေ့ဓာတ်ပုံလေးတွေကို စစ်ဦးထုပ် အတွင်းဘက်တွင်ထည့်လျှက် အမေ့ကိုသာ လွမ်းဆွတ်ရလေသည်။ အမေ ထည့်ပေးလိုက်သော အထက်ဆင်စကို လက်မောင်းတွင် ပတ်လျှက် မိခင်မေတ္တာကို ပြန်လည် တမ်းတကြရ ရှာလေသည်။

အွန်စောနှင့်ဂျွန်စောကို သူတို့ မသိ။ ကမ္ဘာ့ဖလား မှာ ဘယ်အသင်း အနိုင်ရသွားလဲ သူတို့ မသိ။ ဒေါ်လာဈေး အတက်အကျ သူတို့ နှင့် မဆိုင်။ အင်တာနက် အီးမေးလ်ဆိုသည်ကို သူတို့ စိတ်မ၀င်စား။ သူတို့သိတာက မြန်မာ့ ပင်လယ်ပြင် ကာကွယ်ဖို့။ တာဝန်ကျေပွန်အောင် ထမ်းဆောင်ဖို့သာ ဖြစ်သည်။ ဒီနေရာမှာ ဆုလဒ်တွေ မရှိ၊ ဘွဲ့တံဆိပ်တွေ မရှိ။ ပေးဆပ်ခြင်းနှင့် အထီးကျန်ခြင်းတွေသာ ရှိသည်။ သို့သော် သူတို့သည် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေကြသည့် မြန်မာပြည်အနောက်ဖျားက မြန်မာ့သားကောင်း များသာ ဖြစ်လေသည်။ ကမ္ဘာလောက၊ သက်ရှိလောက ကြီးနှင့် အဆက်အသွယ် ပြတ်ကာ ပျော်စရာဆို၍ လုံးဝ မရှိသော လူသူမရှိသည့် ကျွန်းများပေါ်တွင် ပေးအပ်သော တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေကြရသည့် မြန်မာပြည် အနောက်ဖျားက မေ့ပျောက်ခံလူသားများကို ကျွန်တော်သည် ယခုအချိန်ထိ လွမ်းဆွတ် သတိရ နေမိပါသတည်း။ ကိုဥာဏ်(စက်မှု)

Read More...

ပွိုင့်-၅၄၇၉ တောင်ထိပ်စခန်း

မြန်မာ-ထိုင်း နယ်စပ်မျဉ်းနဲ့ ကိုက်(၄၀၀၀) ကျော်မှာ တည်ရှိပါတယ်။ အမြင့်ပေကတော့ ရေး ထားတဲ့အတိုင်းပါပဲ။ ၅၄၇၉ ပေ မြင့်ပါတယ်။ တကယ့်ကို ကျောက်တောင်ထိပ် စခန်းကြီးပါ။ ရေတစ်ခါချိုးဖို့ ဆင်းရင် ၁၁း၀၀ နာရီလောက်ကဆင်း မွန်းလွဲ ၁ နာရီခွဲကျော်မှ စခန်းပေါ် ပြန်ရောက်ပါတယ်။ ဒါတောင် ဘာ အလေးအပင်မှ မပါဘူး။ အပေါ်လည်း ပြန်ရောက်ရော လူတစ်ကိုယ်လုံး ရေလောင်း ထားတဲ့အတိုင်းပဲ ချွေးတွေက ရွှဲနစ်နေတာပါ။ တစ်နေ့တစ်နေ့ ရေခပ်ဆင်းရတဲ့ တပည့်တွေ တကယ်ကို သနားဖို့ကောင်းပါတယ်။ ထမင်းချက်ဖို့ သောက်ဖို့ ရေ တစ်နေ့ကို တပ်စိတ်လိုက် ၂ ခေါက်ဆီ ဆင်းခပ်ရတာနဲ့ကို တော်တော်ခိုင်သွားပါပြီ။ စခန်းပေါ်က ကျောက်တောင် ကျောက်သားတွေကတော့ မဲနက်ပြီး ယမ်းငွေ့တွေ ရိုက်ထားကြပါတယ်။ ပါချီး စခန်းကြီးကျတာကို မိမိတို့ဘက်က ပြန်တိုက်စဉ်က ကာကုန်း ဒီတောင်ထိပ်ကို ဟိုးအနောက်မြောက်မှာ ကျန်ခဲ့တဲ့ အောင်လောင်းရွာ အမြောက်စခန်းကနေ ၁၂၀ မမ အမြောက်နဲ့ တိုက်ရိုက်ထိမှန် ကျရောက်အောင် ပစ်ခဲ့ကြလို့ပါ။ သွပ်မိုး ပျဉ်ကာ ဓမ္မာရုံနဲ့ အထဲမှာ ကျောက်ဂူတွင်းကရတဲ့ ပေါ်တော်မူ(ကျောက်စိမ်းရောင်) မြတ်စွာဘုရား ကိုယ်တော်တစ်ဆူ ကိန်းဝပ်တော်မူပါတယ်။ ဖူးရခဲတယ်လို့ ပလောင်တွေက ပြောစမှတ်ပြု ထားကြပါတယ်။ ပလောင်လူမျိုးက ဗုဒ္ဓဘာသာပဲ များတယ်လို့ သိရပါတယ်။

ထိုင်းဘက်အခြမ်း နှင်းဆီခြံစိုက်ပျိုးရေး အစောင့်တွေက ပန်းစီးကြီးတွေ ၃ ရက်တစ်ခါ အောက် နားက နော်လဲရွာ ပလောင်ရွာသား တောင်ယာပျိုးခင်းလာလုပ်သူတွေနဲ့ ထည့်ပေးပြီး စခန်းက စစ်သည်တွေ ရေခပ်လာတာနဲ့ အဲဒီရွာသား(သို့) ရွာသူ တစ်စုက လက်ဆင့်ထပ်ကမ်းလို့ ဘုရားပန်းအမြဲကပ်လှူကြပါတယ်။ နှင်းဆီ အနီ၊ အဝါ ၊ အဖြူ ၊ ကြက်သွေး တစ်ချို့အရောင် ကျွန်တော်ကို မခေါ်တတ်ပါဘူး။ စနေသားကျွန်တော် ဘုရားကို နှင်းဆီပန်းကပ်ခွင့်ရတာ တကယ်ကို စိတ်အေးချမ်း ဝမ်းသာရတယ်။ ထိုင်း နှင်းဆီခြံ သမားတွေကိုပါ မေတ္တာပို့ပေး ပါတယ်။ စားရတဲ့ဟင်းလျာကတော့ ပိန်းဥနုနုလေးတွေ ဟင်းချက်၊ ကလောပီနံဥ ၊ တစ်ခြား အရွက်လေးတွေ ရေဆိပ် တောင်ယာပိန်းခင်းထဲက ရတာလေးတွေနဲ့ပေါ့။ ကောင်းတဲ့ အချက် တစ်ချက်က ထိုင်း ဖုန်းလိုင်းမိတော့ တာချီလိတ်ကဝယ်ခဲ့တဲ့ ဖုန်းကဒ်လေး ဖုန်းဟန်းဆက် အစုပ်လေးနဲ့ ဖုန်းပြောလို့ရနေပါတယ်။ တာချီလိတ်-၅၂၆ က ညီလေး (ကျောင်းတုန်းက 47th guardian ) ဆီဖုန်းဆက်ပြီး ပြည်မက သတင်းတွေ သင်တန်းတွေ ၊ ကျိုင်းတုံက ကိစ္စတွေ၊ ပရီးမီးယားရှစ် အနိုင်အရှုံးကအစ တောထဲရောက်နေသည့်တိုင် update သိနေရခြင်းပါ။

မကောင်းတဲ့အချက်က လေတဟူးဟူးနဲ့ ရာသီဥတုက ဆိုး၊ ညည စိတ်မချ။ ယခင်ပါချီး ပင်မ စခန်းကြီး ကျခဲ့စဉ်က ဒီတောင်ထိပ်စခန်းကို အရင်တက်သိမ်းပြီး သမသွားခဲ့တယ်ဆိုတဲ့ ရာဇဝင်ကလည်း သတိအမြဲပေးနေသလိုကြီး။ စခန်းတဲတွေ အိုဗာဟတ်တွေ အမိုး မလုံလို့ သပ်ကယ် ဆင်းခုပ်ရင်လည်း အဆင်းအတက်နဲ့တင် အချိန်က ကုန်နေပြီ။ တစ်နေ့ကို ရေ ပုံမှန်တစ်ခါ မချိုးဘဲ မနေနိုင်တဲ့ ကျွန်တော့်အတွက် တက်ရဆင်းရတဲ့ ဒုက္ခ။ သုံးဖို့စွဲဖို့ တစ်နေ့ ၂ ကြိမ်ရေဆင်းခပ်ရတဲ့ တပည့်တွေရဲ့ ဒုက္ခ။ ကာလာရှည်လျား ခံကတုတ်ပစ်ကျင်းတွေနဲ့ ခေါင်ကတုတ်တွေ အိုဗာဟတ် တုန်းတွေ ဆွေးမြည့်တာတွေ အစားထိုးဖို့ (အစားထိုးတာက လွယ်တယ်) ဆင်းခုပ်တာလည်း လွယ်တယ်။ ပြန်ပြီး ထမ်းတင်ရမယ့် ဒုက္ခ။ တစ်လတစ်ခါ ဒီတောင်ထိပ်ထိ တပ်ရင်းမှူး (သူလာချင်တဲ့ တောလမ်းကလာပြီး) တက်စစ်မယ်ဆိုတဲ့ အချက်ကြီးက သတိပေးနေသေး။ စခန်းမှာသီးပင်စားပင် ရှင်အောင်စိုက်ရမယ်ဆိုတဲ့ ဒုက္ခ။ ကင်းသမားတွေ ညည မိုးမပြောနဲ့ ဆီးနှင်းပေါက်တောင်မလုံကြရှာတဲ့ ဒုက္ခ။ တစ်ခုတော့ အဲဒါကောင်းတယ် ကင်းသမားတွေ အိပ် မငိုက်တော့ဘူး။

ဝန်းကျင်မြင်မြင်သမျှ အပေါ်ကနေစီးမိုး မြင်နေရတဲ့ မြင်ကွင်းကြီးက ဘာကို လွမ်းမိသလိုလို သတိရမိသလိုလိုနဲ့ နောက်တန်း(မိုင်းခတ်)မှာ အတွယ်အတာ မရှိတဲ့ ကိုယ်တောင် ဟိုလိုလို ဒီလိုလိုကြီးဖြစ်နေသေးတာ။ နောက်တန်း တပ်ထဲမှာ ကလေး မီးဖွားပြီးစနဲ့ မိန်းမ၊ ကလေးတွေ ကျောင်းတက်ဖို့ အဆင်ပြေပါ့မလား၊ ကျိုင်းတုံကျောင်းသွားတက်တဲ့ သားလေး သမီးလေး ငွေကြေးအဆင်ပြေပါ့မလား၊ ယူထားတဲ့အကြွေးတွေနဲ့ မိန်းမနဲ့ ကလေးတွေ အဆင်မှ ပြေကြ ရဲ့လား၊ ယောက္ခမနဲ့ ခယ်မ ခဲအိုတွေ အလည်ရောက်နေတာ သူတို့ရောအဆင်ပြေ ကြပါ့မလား လားလားလား အစသဖြင့် မိန်းမနဲ့ သားသမီးကလေးတွေနဲ့ အိမ်ထောင်သည် စစ်သည်တွေဆို သူတို့ စိတ်ထဲဘယ်လောက်တောင် ပူပင်သောက ရောက်နေကြမလဲ…. နောက်တန်းနေရ ခနတာက ဒီလိုနဲ့ ကုန်သွား။ ပြီးတာနဲ့ ရှေ့တန်းဆိုပြီးထွက်လာခဲ့ကြရပြန်။ နောက်တစ်ခါ သင်တန်းတက်ဆိုပြီး နောက်တန်းပြန် သင်တန်းပြန်တက် ပိုက်ဆံကမလောက်မငှ။ လိန်ပိန် စောင်းပြီး ထုံးစံအတိုင်း သင်တန်းဆင်း ရှေ့တန်းကိုပြန်ရောက်လာပြန်။ လူပျိုစစ်သည်တွေပဲ အေးတယ်။ ကြည့်ရမြင်ရ ရှေ့တန်းမြေမှာ ပိုပျော်နေကြပုံပဲ။ ဘာအပူအပင်မှလည်း မရှိနေကြ သောကပွားမနေကြဘူး ကောင်းလိုက်တာများ။ ကျွန်တော်လား … အဟဲ မရှိပါပြီကောလား။

ရှားရှားပါးပါး ၉ တန်း ၁၀ တန်းနှစ်တွေကတည်းက အတန်းထဲမှာ ပန်းလေးတွေပေး စာအုပ် ငှားပြီး ကြားထဲကို ကဗျားလေးတွေ စားလေးတွေပေးလို့ သံယောဇဉ်နွယ်ပြီး ချစ်သူတွေ ဖြစ်ခဲ့တဲ့ ရည်းစားဦး အချစ်ဦး… ၇ နှစ်ကြာချစ်သူတွေဖြစ်ခဲ့ပြီးမှ ကျွန်တော်ရှေ့တန်း ကရင် ပြည်နယ်က ပြန်ရောက်လာချိန်မှာ သူ့အတွက် အချိန်မပေးနိုင်ခဲ့ နှစ်သိမ့် ပျော်ရွှင်မှုတွေ မပေးနိုင်ခဲ့တဲ့ ကျွန်တော့် ပျက်ကွက်မှုတွေကို သိရှိလို့ အမြင်မှန်တွေရ စစ်သားကို ချစ်ရ မလွယ်ပါ့လားဆိုပြီး ထားသွားခဲ့တဲ့နောက်ပိုင်း။ ဘဝမှာ တွယ်တာစရာက ချစ်သော မိဘ ၂ ပါး၊ ချစ်လှစွာသော တစ်ဦးတည်းသော ညီမ၊ ငယ်ငယ်တွဲလောင်းကတည်းက အတူပေါင်းခဲ့တဲ့ အခုတော့ ရေခြားမြေခြားနေတဲ့ Five Star (s) သင်္ဘောပေါ်ကသူငယ်ချင်း၊ ကိုရီးယားက တစ်ကောင်၊ စင်္ကာပူက ကိုပေါက်၊ ကယားပြည်နယ်ထဲက တိမွေးကု ဆရာဝန်၊ ရန်ကုန်က နဲ့ စိုက်ပျိုးရေး ဆရာ ကိုမိုး ၊ အနှီမောင် ကိုဥာဏ်(စက်မှု)နဲ့ intake တူ DI ရောက် ညီဝမ်းကွဲ (စိုင်းစိုင်းရဲ့ သူငယ်ချင်း များစွာထဲကလို မျက်ရည်တွေဝဲပြီး သတိရ) ပုသိမ်ကြီး မိခင်တပ်က လက်ဦးဆရာသမား၊ နောက် အဘ(အဖေခေါ်ခဲ့သူကြီးလေ) သွန်သင်ခဲ့တဲ့ စီနီယာဂျိုး အရာရှိ အစ်ကိုကြီးများ ညီငယ်များ ၊ သော်ဖော်သေဖက် ဆရာကြီး ဆရာ စစ်သည်များ ……….. များ များစွာသော များစွာသော …များပေါ့ဗျာ တောင်ထိပ်ကနေ အလုပ်မရှိ အကိုင်မရှိ ထိုင်လိုက် ထလိုက်နဲ့ သတိတွေ အတုန်းလိုက် အတစ်လိုက်ကို လှိမ့်ရနေတော့တာပါပဲလား။။။။။။။။။။။။။

@@@ By နေလွမ်းသူ

Read More...

Friday, July 4, 2008

လားဟူ ထမင်းဟင်းနဲ့ ခံတွင်းတွေ့ခဲ့သောနေ့

မနက် ၇း၃၀ စခန်းတစ်ခုလုံး တန်းစီ နိုင်ငံတော်အလံ အလေးပြု သစ္စာဆိုပြီး ခံစစ်ပြင်ဆင်ဖို့ တာဝန်ခွဲဝေဘာညာ ဆရာကြီးတွေ ဆက်လုပ်ကြတယ်။ မိမိကတော့ စခန်းပတ်လည် ဘာတွေ လုပ်ဖို့ရှိတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာ လိုက်ပတ်ကြည့်တာပေါ့။ အေးစက်နေတဲ့ လက်စွဲတော် ပစ်စရာ အတိုလေးကို ကျည်ကဒ်တပ်ပြီး ထွက်ခဲ့တယ်။ စခန်းဝရောက်တာနဲ့ ကင်းသမားနဲ့ ရွာသား ၄ ယောက်စကားပြောနေတာတွေ့တော့ မကြာဘူး သတင်းလာပို့တယ် အောက်ရွာက ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ရွာအတွင်းရေးမှူးတို့ လာတွေ့တာပါဆိုတာနဲ့ စခန်း အဝင်(ဟိုးအရင်က လူနေတဲဟောင်း) ဧည့်တဲလေးမှာ စကားပြောကြပါတယ်။ ပြည်သူ့စစ် ခေါင်းဆောင်က ရွာ သူကြီးလည်းဖြစ်ပါတယ်။ သူကလည်း ခါးမှာ ပစ္စတို ပုံပျက် ဂျီကေ- ၁၁(GK-11) လေးထိုးထားတယ်။ ကျည်ဆံကတော့ ကိုနန္ဒအောင်တို့ 9mm ကျည်နဲ့အတူတူပဲ။ လာရင်းအကြောင်းက သူတို့ရွာထိပ်ပိုင်းခေါင်တွေ စုပြီး စားပွဲသောက်ပွဲလုပ်မှာမို့ ဒီည အောက် ရွာထဲကိုဆင်းလာဖို့ လာဖိတ်တာပါ။ ကောင်းပါပြီပေါ့။ မိတ်မပျက်ဖို့လည်း ကြည့်ရတယ်။

အဲဒီနောက် စခန်းပတ်လည် မီးတာလမ်း ကိုလျှောက်ကြည့်နေတုန်း အောက်ကိုဆင်းမယ့် မိမိ
တပည့်တွေ ဆရာတွေနဲ့အတူ ဝါးခုပ်လိုက်သွားမိတယ်။ ကိုယ်က အပေါ်ကနေ ဒီနေ့တော့ ဝါးဘယ်လောက်ရအောင် ခုပ်ပါ။ တုန်း ဘယ်လောက်ကြီးတာကို ဘယ်လောက်ရအောင် ခုပ်ပါနဲ့ အမိန့်ပေးရတာ လွယ်သလောက် တောင်အောက် သစ်အုပ်ဝါးတောထဲမှာ ဖြုတ်တွေ မှတ်တွေက ကိုက်သေး ။ သူတို့ကိုက်ခံရတဲ့နေရာမှ သွေးပေါက်လေးကျန်ခဲ့တာ။ နောက်ကျ အနာဖြစ်လာပါတယ်။ ဝါးခုပ်ရတာ မလွယ်သလို အပေါ်က အမှုံတွေကျပြီး ယားလည်း ယား လူတွေလည်း ပေပွကုန်တယ်။ ဆရာကြီးက သူ့တပည့် ဝါးခုပ်တာ ပုံစံမကျတာကို သူကိုယ်တိုင် သေချာ ဓါးလွယ်ခုပ် ခုပ်ပြတယ်။ သစ်တုန်းကိုတော့ လိုချင်တဲ့ အနေထား ကို လွှနဲ့တိုက်ဆွဲပြီး ဖြတ်တောက်ရတယ်။ ဒါက ခံစစ်ကတုတ်၊ ဘန်ကာတွေပြန်ပြင်ဆင်ဖို့ပါ။ ဝါးကို အစီးတွေစီးပြီး ထမ်း စခန်းကုန်းပေါ်ပြန်တက်ကြတယ်။ တုန်း သမားတွေကတော့ ပေါင်လုံး သာသာက တစ်ယောက် ၁ တုန်းပဲ။ ပိုကြီးတာကို ၂ ယောက် ၁ တုန်းထမ်းကြတာပေါ့။

ကျွန်တော်လည်း တုန်း- ၁ တုန်းတော့ ထမ်းတာပေါ့ ။ သူတို့တွေ တားတဲ့ကြားက။ ဘယ်ကောင်းမလဲ နော်။ ဒီလောက်တော့ အေးဆေးပါ ငယ်ငယ်က ထန်းတောထဲမှာ အိုး ကောက်ခဲ့သေးတာ။ (အညာမြေသားလေ၊ ဆိပ်လူးကန်ထန်းတောဆို မောင်ဥာဏ်(စက်မှု) ကောင်းကောင်းသိတယ်)။ စ တက်မလို့ရှိသေး ချွေးက နစ်နေပြီ။ မောလိုက်တာလည်း အိုး ပြောမနေနဲ့ အခုမှ ကိုယ်ချင်းပိုစာမိတယ်။ လေးကလည်းလေး ပခုံးတွေ ကျိန်းစပ်နေတာပဲ။ စခန်း ခြံစည်းရိုး ခပ်လှမ်းလှမ်းမရောက်ခင် အပေါ်က ကင်းသမားက ဆင်းပြီး လာထမ်း သွားတယ်။ ဟူး မောဟိုက်နေတာပဲ ။ ရေစောစောချိုးဖြစ်သွားတယ်။ နေ့လည်စာ ထမင်း ကတော့ စားလို့ပိုဝင်တယ်။ ဟင်းကတော့ ကုလားပဲဟင်းရေကျဲ ရွှေပဲသီးရွက်ကြော် ကျောက်ချဉ်ပေါင် (တောင်ပေါ် ကျောက်တုံးကြားမှာ ပေါက်တဲ့ ချဉ်ပေါင်ရွက်နဲ့တူပြီး အရသာလည်း ဆင်လို့ အဲလိုပဲခေါ်ကြတာ)။ ညနေကျတော့ ဆရာ တစ်ယောက်နဲ့ တပည့် ၃ ယောက် အသင့်ဖြစ်တာနဲ့ အောက်ရွာထဲကိုဆင်းခဲ့ကြတယ်။ ရွာသူကြီး(ပြည်သူ့စစ်) အိမ်ပေါ် မှာ ထမင်းဝိုင်း ၂ ဝိုင်းပြင်ထားတယ်။ ဆရာက ဘေးနားမှာ လာထိုင်ပေးတယ်။ ဟုတ်တယ်လေ သူတို့ပြောတဲ့ ဗမာစကားကို မနဲ ကျားကန်ပြီးနားထောင် နေရတာ။

ရိုးရာအရက်နဲ့ စ ဖွင့်ကြတယ်။ အမြည်းတွေက ဝက်သားတစ်မျိုးထဲကို ပေါင်းစုံအောင်လုပ်ထား ပါတယ်။ ကြွေရည်သုတ်ပန်းကန်လုံးလေးတွေနဲ့ တူလေးတွေနဲ့။ တူကိုတွင်တွင်သုံးကြပါတယ်။ တပည့်တွေအတွက် ဟိုဘက်မှာတစ်ဝိုင်း။ ပြည်သူ့စစ်ရွာသားတွေက အရက်ထည့်ပေးတော့ ကျွန်တော့် မျက်နှာလှမ်းရှိုးလာကြတယ်။ လားဟူ လူမျိုးတွေက သူတို့ကျွေးတာတိုက်တာ မစားရင် သူတို့ကို မနှစ်သက်လို့ ဆိုတဲ့အယူ ရှိထားတော့လည်း တပည့်တွေကို အေး ငါ့နံမည် ထက်မပိုစေနဲ့လို့ စကားဝှက်နဲ့ပြောလိုက်တယ်။ စားပွဲဝိုင်းအပြည့် ချက်ပြုတ်ပြီး ချထားပေးတဲ့ ဟင်းလျာတွေကို ကြည့်ဦး။ ဝက်အစိမ်းသုပ်တဲ့ဗျာ ၊ သွေးစိမ်းသုပ်၊ အထူး ချက်ထားတဲ့ ဟင်းမယ်စုံ(ကျားစွယ်စိမ် အရက်ပါတယ်)။ အသားဆုတ်လုံးတွေ၊ အကြော် အပြုတ် အိုး ဝက်သားကို တော်တော်ကို နိုင်နင်းတဲ့သဘောမှာရှိပါတယ်။ ကျွန်တော့်ထဲကို ဝိုင်းပြီး ထည့်ပေးတာနဲ့တင် နှိုက်စရာမလိုတော့ဘူး။ အစိမ်းသုပ်က မွှေးနေတယ် သစ်ရွက်မွှေးနဲ့ လိုလို မဆလာ လုံးဝမပါဘဲ မညှီအောင်လုပ်ထားနိုင်တာများ ။ အစိမ်းသုပ်ဆိုတာလည်း စခန်းကိုပြန် ရောက်မှ ကျွန်တော့် ဆရာက ပြောပြတာ။ ဟိုမှာပြောလိုက်လို့ ဗိုလ်ကြီးမစားရင် အားနာစရာ ဖြစ်မှာစိုးလို့ပါတဲ့။ အေးပေါ့ကွာ ငါကတော့ ချက်ပြုတ်ထားတာမှတ်နေတာဟ အရာသာက လုံးဝကို အစိမ်းနံ့ မရတာဟ..။ ဝက်သားတုံးလေးတွေကို တူနဲ့ညှပ်ပြီး တို့စားရတဲ့ အမှုံ့တစ်မျိုး ကတော့ ကျွန်တော် ခံတွင်းတော်တော်တွေ့တယ်။ လားဟူ ငရုပ်သီးဆားထောင်း ပါပဲဗျာ။

လားဟူ လူမျိုးတို့ထမင်းစားတိုင်း တစ်ခြားဘာဟင်းမှ မပါရင်တာ မပါတာ။ အဲဒီက ငရုပ်သီး ဆားထောင်းလို့ခေါ်တဲ့ ငရုပ်သီးခြောက်နီနီနဲ့ ဆားရောပြီး ထောင်းတာနဲ့ ဟာကတော့ ပင်တိုင် မပါဖြစ်အစားအစာပါတဲ့ဗျာ။ ကျွန်တော်လည်း စားလိုက်တာပြောမနေနဲ့ ဝက်သားတုံး ဖက် လေးတွေ တူနဲ့ညှပ်ပြီး အဲဒါနဲ့တို့ ထမင်းပူပူ စွပ်ပြုတ်လိုဟင်းမွှေးမွှေး ပူပူနဲ့ အိုး ပြောမနေနဲ့ တရှူးရှူးတရှဲရှဲ ချွေးတောင်ပြန်တယ်။ အပြန်ကျ စခန်းကို ပြည်သူ့စစ် ၈ ယောက်က လိုက်ပို့ ပေးတယ်။ အဲဒီနေ့က အိပ်လို့ကောင်းချက်ကတော့ နေ့ခင်းက အိုဗာဟတ် တုံး ထမ်းထားတဲ့ ဓါတ်ခံလေးရယ် လားဟူထမင်းဟင်း ကျားစွယ်စိမ်အရက်လေး ၂ ခွက်ရယ်…တကယ်တမ်း အိပ်ပျော်လေတော့ မက်နေကြ အသဲကွဲအိပ်မက်တွေတောင် ဘယ်ဆီရောက်ကုန်လဲမသိ။ ကင်းသမားတွေ စခန်းလုံခြုံရေး စိတ်မချမှုကတော့ သိပ်မပူပင်ရတာကိုး။ ကိုယ်အိပ်မောကျလည်း ဆရာကြီး ဌေးအောင် ကတော့ တစ်ညလုံးမအိပ်ပါဘူး။ နောက်နေ့မနက် စောစောနိုးလာတော့ အလဲ့ အားအင်တွေများ တိုးနေသလားလို့……… ကျားစွယ်စိမ်ထားတဲ့ အရက်ကြောင့်လားလို့။ ဟားဟား မဆိုင်ဘူးထင်တာပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ရလို့ပဲနေမှာပါ။ ဟုတ်တယ်လေ ရက်တိုင်း ညညဆို စိတ်မှာ attention တွေ စိတ်မချခြင်းတွေ ချမ်းအေးလွန်းခြင်းတွေ ဖိစီးပြီး အိပ်ပျောက်တစ်ချက် နိုးတစ်ချက်နဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် ရက်တွေများခဲ့တာကိုး။။။။။။။။
@@@ နေလွမ်းသူ

Read More...

Wednesday, July 2, 2008

ဒီလိုမျိုးလေးတွေလည်း ဖြစ်တတ်သေးတယ်

သောကြာနေ့ဆို တပ်ရင်းမှူးက တိုင်းအစည်းအဝေး သွားတက်တယ်။ ဆိုတော့ ဒီနေ့လည်း ကိုနန္ဒတို့ရိပ်သာ ခနပြန်လာပြီး (ရုံးနဲ့ရိပ်သာက ကားလမ်းပဲခြားတာ) ဇာတ်လမ်းကြည့်နေ ကြတာ။ မှတ်မှတ်ရရ Friends ဇာတ်ကားလေး။ Fukada Tomoko လေး ပြေးနေတာကို ကိုရီးယားမင်းသား ဗွီဒီယိုရိုက်နေတဲ့အခန်း မှာ ရုံးက ဆက်သား ကလာခေါ်တယ် ဗိုလ်ကြီး နေလွမ်းသူ ဖုန်း လာနေပါတယ်။ ဗိုလ်ကြီးအဖေ လို့ပြောပါတယ်ခင်ဗျ ... အဲ ပြေးရတာပေါ့။ ထောက်ပံ့ရေး ဌာနချုပ်က ဖုန်းဆိုတော့လည်း။ မိဘက အဓိကထောက်ပံ့နေတာကိုး..ဟဲဟဲ။ မောမောနဲ့ ဖုန်းခွက်ကောက်ကိုင်ပြီး ဟုတ် အဖေလား သားပါ အလိမ္မာတုန်းလေး ပါ အဖေ နေကောင်းလား အမေရောဟင်…. အေးဟုတ်တယ်ဟေ့ ဟုတ်တယ် ငါက မင်းတို့အဲဒီ ဌာနေက အကြီးဆုံး အဖေကြီးပဲကွ။ ဟိုက် သေပြီ ခေါင်းတော့ မိုးကြိုးပစ်ပါပြီကောလား။ တပ်ရင်းမှူး အသံ အဘအသံ .. ဘယ်ကလာ အဖေကမှာတုန်း ပြသနာပဲ။ ဖုန်းခွက်ကိုခန ပိတ်ပြီး ဟိုကောင် သေနာလေး ဆက်သား ဘယ်ရောက်သွားပလဲ။ ဒင်းတော့လားကွာ… ဖုန်းပြန်နားထောင်တော့ ဟကောင် ခွီး ပါလား ငါ ပြောနေတာ ကြားလားဟ .. တဲ့ ဟုတ်ကဲ့ ပြန်အမိန့်ရှိပါအဘ ကျွန်တော်မကြားလိုက်လို့ပါ… ပေါ့။ အေး ဘယ်မလဲ တပ်ရေးဗိုလ်ကြီး .. ဆိုတော့ ဟုတ်ကဲ့ အဘ သူ ဗဟိုကင်းဘက်ထွက်သွားပါတယ် ပေါ့ (ရွှီးလိုက်တာ သူလည်း ရိပ်သာမှာ လာပူးပေါင်းပြီး ဇာတ်ကားလာကြည့်နေတာ လစ်တုန်းလေး) ဟိုကဆက်ပြော လာပါတယ်။

အေး လုပ်ကြကွာ နော်.. ရုံးမှာ အရာရှိက တစ်ယောက်မှ မရှိဘူး ငါပြန်လာတာနဲ့ အကုန် ငါ့ရုံးခန်းထဲမှာ စုထားတဲ့…(တေပြီ ဆရာ)။ တပ်ရင်းမှူးကို အဖေ အဖေ နဲ့လှိမ့်ခေါ်နေတာ ဟိုက ဒေါသမထွက်ပဲနေမလား။ သူ့သမီး အကြီးမက ကွန်ပျူတာ ဒုတိယနှစ်။ အငယ်မက အခုမှ ၁၀ တန်း လေ ။ ကဲ အဲဒါ ကိုနန္ဒတို့က အဖေတွေ အမေတွေ သွားလုပ်နေတာ ဇွတ် အသံလည်း နားမထောင်ဘူး။ ဖြစ်ပုံက ဒီလိုပါ။ နန်းရှေ့ဈေး အလွန် ၆၂ လမ်းအကျော်မှာ ကားက ဘာဖြစ် လို့ဖြစ်မှန်းမသိ နှိုးကိုမရတော့တာနဲ့ အဘက သူ့ဘော်ဒါ ကားနဲ့တပ်ကို ပြန်လာမလို့ပါ။ တပ်က ယာဉ်ပြင်(E Me -အီးမီး ဆိုတာ အိုဘယ့် မောင်ဥာဏ်တို့ တပ်ဖွဲ့ တွေကနေ ခြေလျင် ခြေမြန်တပ်တွေမှာ လာတွဲဖက်ပေးတဲ့) တပ်ကြပ်ကြီးကို ကိုနန္ဒအောင် က ဆိုင်ကယ်နဲ့ တင်ပြီး ထွက်လာခဲ့ဖို့ တပ်ကိုဖုန်းဆက်တာ ဖုန်းကိုင်တဲ့ ရဲဘော်လေးကအူတူတူနဲ့ တပ်ရင်းမှူးက ပြောင်းလာတာမကြာသေးဘူး။ အသစ်ကိုး ဒီတော့အသံ လုံးဝ မမှတ်မိဘဲ အရာရှိနံမည်ပြောပြီး ခေါ်ခိုင်းတော့ ဘယ်သူလို့ပြောလိုက်ရပါမလဲ ခင်ဗျာ ဆိုပြီး မေးတော့ ဟိုက ဒေါကန်ပြီး သူ့အဖေကွာ သူ့အဖေ လို့အော်တော့ ဖုန်းစောင့် ရဲဘော်လေးက အဟုတ် မှတ်ပြီး ကျွန်တော် ကိုနန္ဒကို ဗိုလ်ကြီးအဖေ ဆိုပြီးလုပ်တာလေ။ ဟေးဟေး ကောင်းလိုက်တဲ့ ဖြစ်ချင်း ဒီတစ်ခါပဲ အားရပါးရ အဖေ ခေါ်လိုက်ရတာ လွယ်တယ် များမှတ်နေကြလားနော် ဟီးဟီး။ (နောက်ကျမှ သမီးအကြီးနဲ့ ဇာတ်လမ်းလေးတွေ ဆက်ရန် လာပါဦးမယ်နော)။

ပြောရဦးမယ် ကိုနန္ဒတို့အပါတ်စဉ်တူ ၂ ယောက် ဒီတပ်မှာ တာဝန်ကျပါတယ်။ သူနံမည်က ဇော်ထွန်းထွန်း(မန္တလေးသား)။ တစ်ရက်မှာ သူကောင်က တာဝန်မှူးကျတော့ ဂနွေ(Sun) နေ့ကြီး ယူတနီဖောင်းကြီးဝတ်လို့။ ရိပ်သာရှေ့ကို RP(တပ်ရဲ) အလောတကြီး ရောက်ချလာပြီး ဗိုလ်ကြီးလုပ်ပါဦး လိုင်းထဲမှာ ဆရာတင်စိုး မိန်းမ ကိုယ်ဝန်ကြီး မွေးတော့မလားမသိဘူး အော်ဟစ်နေပြီ…၊ ဟာ အဲဒါ ကျွန်တော်တို့လာပြောရသလား ဆိုတော့ ။ ဟုတ်ကဲ့ တပ်ရေး ဗိုလ်ကြီးလည်းမရှိဘူး ။ သားဖွားဆရာမက မနက်အစောကြီးကတည်းက မြို့ထဲသွားလိုက်ပြီ။ ဘယ်သူ သတင်းပို့ရမလဲ ရှာမတွေ့တဲ့အဆုံး ဒီရောက်လာတာပါ ဗိုလ်ကြီး… ဗုဒ္ဓေါဘုရား ပြသနာပဲ။ ဘယ့်နှယ် ရဲမေ ကိုယ်ဝန်ဆောင် နေ့စေ့လစေ့ပြသနာက လူပျိုရိပ်သာကို တိုင်လာ ပတ်ပါရောလား။ ကဲ တာဝန်မူး ကြွပေတော့.. ပေါ့။ ဟိုရောက်တော့ မထူးဘူး ကား T-2000 သမားကိုခေါ် လုပ် ကားထွက် ပုသိမ်ကြီးဆေးရုံကို ဒိုးမယ် ဒါပဲရှိတာပေါ့… တဲ့ အမ်မယ် တာဝန်မှူးကွ။ ထုံးစံကစပြီး တပ်မတော် ကားက နှိုးမရဘူး။ တွန်းနှိုးတာလည်းမရ ဒါနဲ့ပဲ ဟိုက အော်ဟစ်ပွက်လောကိုရိုက်နေတာ။ ကိုနန္ဒတောင် စဉ်းစားမိသေး ငါ့အမေတုန်းကများ ဒီလိုကြီး အော်နေလားမသိ … အို.. ငါ ဒီလောက်မဆိုးလောက်ဘူးနေမှာ (အဟဲ)။ ဇော်ထွန်းထွန်းက နန္ဒရေ မထူးဘူး ငါအဘအိမ်ပြေးပြီး သွားဆွဲလာမယ် ကွာ ဆိုတော့ ဒီကလည်း ပင့်တဲ့နေရာ ၂ ယေက်မရှိတော့ ။ အေးချကွာ ဒါပဲရှိတာပေါ့ လို့( အဲဒီနေ့က တပ်ရေးဗိုလ်ကြီးနဲ့ အဘဟိုဘက် တပ်ကို ဆိုင်ကယ်နဲ့ထွက်သွားတာ)

မောင်းချလာပါလေရော တပ်ရင်းမှူး မာဇဒါဂျစ်ကြီးဗျာ ။ ကားသမားလည်းမပါဘူး လုပ်ပြီဟေ့။ တင် တင် ဆိုပြီး ဆရာကလောတယ် အမ်မယ် ဒရိုင်ဘာနေရာမှာ ယူနီဖောင်းဝတ်နဲ့။ ဒါနဲ့ပဲ မထူးပါဘူး အနော်ကလည်း ကဲလုပ်လုပ် တင်တင် သွားမယ်သွားမယ်ဆိုပြီး ဆော်အော်ပေး လိုက်တာ။ မောင်းချသွားလေရဲ့ ပုသိမ်ကြီးဆေးရုံကို။ (အဲဒီတုန်းက 46th ကညီမောင်များက တပ်စုမှူးသွားနေတာ တပ်ရင်းမှူးက အသစ်နဲ့ ကျွန်တော်တို့ပဲ အငယ်ဆုံးပြန်ဖြစ်နေတာပေါ့။) ပြန်ရောက်လာတယ်။ တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီး ကျွန်တော့်ကို တပ်ရေးဗိုလ်ကြီးက ညီလေး လုပ်လုပ် မင်း ယူနီဖောင်းဝတ်ပြီး အဘနဲ့လိုက်ရမှာ ဗျူဟာမှူးထွက်လာနေပြီ ထုံးစံ အတိုင်း ဟိုဆေးကျောင်းကြီးနားက သွားကြိုရမှာတဲ့ … အခုလား အစ်ကိုကြီး ဆိုတော့ အေးပေါ့ဟ ဒါကြောင့် ဒို့အခုပြန်လာတာတဲ့။ ကိုင်းဗျာ မိုးကြိုးကို အတောင့်လိုက်ပစ်ရုံတင် မကဘူး ဒုံးကျည်ပါ အပြွတ်လိုက် အပစ်ခံရပြီ ဒီတစ်ခါတော့။ ကျွန်တော့်တို့ အဘအသစ်က လူတာအသက်က နဲနဲကြီးတာ စိတ်ကတော့ငယ်ရွယ်နုပျိုလိုက်တာများ ပြောမနေနဲ့။ ရှူးရှူးရှားရှားနဲ့ ရိပ်သာကို ရောက်ချလာတယ် ဟကောင် ဟိုကျေးဇူးရှင်များ ဘယ်မလဲငါ့ကား ဟင် မင်းတို့တော့လား လုပ်လည်းလုပ်ရဲပါ့ ဟေ တပ်ရင်းမှူးအိမ်က မာဇဒါဂျစ်ကို လာမောင်း ယူသွားတယ် အမလေး ကိုတပ်ရေးဗိုလ်ကြီး မင်းညီတွေ ကြည့်လည်းလုပ်ဦး ငါနော် ဟို အရင်စိတ်နဲ့ဆိုမလွယ်ဘူး၊ ဘယ်မောင်းသွားတာလဲ ဟိုတစ်ကောင်ရော ပြောပါဦး ဘာတွေဖြစ်နေပြီလဲ …. သူ့ခန္ဓာ ကိုယ်ကြီးက နဲတာကြီးမဟုတ်ဘူး အမလေး ဒီတစ်ခါတော့ ထိုးပြီနဲ့တူတယ်.. ဘုရား ဘုရား စိတ်ထဲကနေ တနေတုန်း အမကြီး(ရင်းမှူးဇနီး နောက်ကလိုက်လာတယ်) သူ့ ယောက်ျား စိတ်ကြီးတာသိလို့လား အနော့်ကို သားသမီးချင်း ကိုယ်ချင်းစာ လို့လားမသိဘူး (အဟိ) မိခင်နှင့်ကလေး ပြသနာကို ရှင်းပြလိုက်လို့ ……. ဟူး တော်သေးတယ်… ဟိုကောင်က ကားအမောင်း ကောင်းကောင်း ကျွန်တော်က အပင့်ကောင်းနဲ့။ အဲဒီနောက်နေ့ကစပြီး နားကို မနားရဘူး အမောင်းခံရတာများ ပြောမနေနဲ့။ (စီနီယာဗိုလ်ကြီးတွေနဲ့ သူတို့ မိန်းမတွေက နောက်ပိုင်းဆို စလိုက်တာများဗျာ)... :P


@@@ By နေလွမ်းသူ

Read More...