ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Tuesday, December 18, 2007

ဗိုလ်ကြီးမစားခဲ့သော ငါးဟင်းတစ်ခွက်

ကျွန်တော်တို့ ခမရ(xx) စစ်ကြောင်း-၂ နဲ့ တပ်ခွဲ(၂)ခွဲ လမ်းကင်းတာဝန်ယူထားရတာ ဒီနေ့နဲ့ဆို ရက်(၂၀) နီးပါးရှိပြီပဲ။မနက် ၀၈း၀၀ နာရီကျော်ကပဲ နောက်တန်းပြန်ရမယ့် သင်တန်းတက် ဆေးရုံတက် အဖွဲ့တွေ ကိုယ် တာဝန်ယူထားရတဲ့ အပိုင်းတွေကနေ အေးဆေးပဲ ဖြတ်သွားတော့ လမ်းကင်း လုံခြံရေးတာဝန်က ပြီးပြီလေ။ မူသဲ(ကရင်ရွာ)နဲ့ကလည်း နဲနဲလေး ဝေးတဲ့အတွက် ဈေးဝယ်လို့ ကလဲမရတော့ထုံးစံအတိုင်း ငါးလေး၊ဖားလေး ရှာစားကြရတယ်လေ။ လမ်းကင်းကနေ ပြန်ရောက်တာနဲ့ ဗိုလ်နန္ဒအောင် တစ်ယောက် တပ်စုမှူး ညီငယ်(၂) ယောက်ကိုအခေါ်ခိုင်းပြီး ထမင်းစားပါတော့တယ်။ဆာဆာနဲ့ထမင်း နှစ်ပန်းကန်က အသာလေးကုန်ပါတယ်။

ထမင်းစားရင်း ညီငယ်(၂)ယောက်နဲ့ မန္တလေးရဲ့သတိရစရာလေးတွေနဲ့ ဘောလုံးပွဲလောင်းတိုင်း ရှုံးတာတွေပါ မကျန် ပြောရတာအရသာတစ်ခုလေ....ဘေးမှာ ရေဒီယိုလေး တစ်လုံးနဲ့ပေါ့....တပည့်ကျော် ပန်းကန်လာ သိမ်းမှ မေးဖို့ကြံရွယ်ထားတဲ့မေးခွန်းကို မေးလိုက်တယ်‘‘ဆရာကြီးမောင်ဆင့်ရောမတွေ့ပါလား. ဒီငါဟင်း ကရောဘယ်တုန်းက သွားရှာလိုက်တာလဲ‘‘ ဆိုတော့ ‘‘စစ်ကြောင်းမှူးရဲ့ တပည့်ကျော် တစ်ယောက်နဲ့ ခွဲရုံးက လှဦး ရယ် အခုနလေးကပဲ မနေ့က ငါးရတဲ့ ချောင်းအကွေ့လေးဘက်ကို သွားတယ်‘‘ တဲ့...တပ်ခွဲမှူး ဖြစ်ပေမယ့်စစ်ကြောင်းမှူးလည်း ဘာမှမပြောတာပဲဆိုပြီး ‘‘အေး ပြန်ရောက်ရင်တာ ငါ့ဆီလွှတ်လိုက်‘‘ လို့ ညီငယ်ဖြစ်တဲ့ ဒုဗိုလ်ရဲသူအောင် ကိုမှာပြီး ဆက်သွယ်ရေးစက်ရှိရာ တဲဘက်ကိုထွက်ခဲ့ပါတော့တယ်..
စက် သမားကို ‘‘ဘာထူးလဲ‘‘ လို့ မေးတော့‘‘၅၆(မထူး)ပါ ဗိုလ်ကြီး‘‘ဆိုတာနဲ့ နန္ဒ လည်း ရေဒီယိုလေး ကိုင်လို့ သဇင်(ပြင်ဦးလွင် အသံလွှင့်လိုင်း)ကလာတဲ့ သီချင်းလေးနားထောင်ရင်း စခန်းကိုတစ်ပတ် ပတ်ကြည့်တယ်။ အခုလို အချိန်မျိုးဆို တပည့်ကျော် ကင်းသမားတွေ ထမင်းလုံးစီပြီး အိပ်ငိုက်တတ် တယ်လေ.သွားနေလာနေကျ နေသားတကျ ဖြစ်သွား အေးဆေးသွားတာနဲ့ပေါ့ချင်ကြတာ စစ်သားတို့ သဘာဝကိုး .သဇင် ကလာနေတဲ့ အချစ်ရေပြန်ခဲ့တော့ ဆိုတဲ့ ရှင်ဖုန်း~ခင်ဘုန်း သီချင်းလေး နားထောင်လို့မှ မဆုံး သေးဘူး‘‘ဂျိမ်း‘‘ဆိုတဲ့အသံက လမ်းနဲ့ရေချောင်း ထိစပ်နေတဲ့ဟိုးဘက် ခပ်လှမ်းလှမ်းနေရာဘက်က ကြားလိုက်ရပါတော့တယ်‘‘ဆရာမျိုးထွန်း သွား ဗိုလ်ကြီးရဲသူအောင် ကိုသွားခေါ် ဒီ ဆက်သွယ်ရေး စက်နားမှာလာနေလို့ ပြောလိုက်.ကျွန်တော်လိုက်သွားပြီ စစ်ကြောင်းမှူး ကို တစ်ခါတည်း သတင်းဝင်ပို့သွားမယ် ..စစ်ကြောင်း (၁)က အဘတို့ကြားလို့ လှမ်းမေးရင် ဘာမှန်းတော့ မသိရသေးဘူး ကျွန်တော်ကိုယ်တိုင်သွားရှင်းနေတယ်လို့ပြောထားလို့ ပြော သေချာပြောနော် ကျွန်တော်ပြောတဲ့အတိုင်း‘‘ ဆိုပြီး ပြောလည်းပြောequipment ကို ကပျာကယာ ကောက်လွယ်ပြီး တပ်စု ၂ စုက စိတ်ချရတဲ့သူတွေခေါ်ပြီး အပြေးတစ်ပိုင်းနဲ့ သေနက်ဆွဲလို့ ထွက်ခဲ့ပါတော့တယ်.
ထင်တဲ့အတိုင်းပဲ တပည့်ကျော်တပ်သား လှဦး ရဲ့ ညာခြေသလုံး အောက်ပိုင်း သွေးအလိမ်းလိမ်းနဲ့ ခြေဖ၀ါးတစ်ခုလုံး ဖွာလန်ကြဲနေပြီလေ‘‘ဆရာကြီး‘‘ ဒေါသနဲ့ အော်ခေါ် မိတဲ့တစ်ပြိုင်နက် သတိဆွဲပြီးဘာမှ မပြောနိုင်ပဲ ကြောင်ကြည့်နေရှာတယ်။‘‘လုပ်မြန်မြန်ဝါးခုပ်မှာခုပ် ဟိုကောင် ခြေထောက်အပိုပါနေတာလား မင်းအဖေ မိုင်းကဘေးတစ်ဝိုက်မရှိတော့ဘူးမပြောနိုင်ဘူး လာတော့ဒီဘက်ကို အခုမှအဲဒီ မှာ ဘာမှလျှောက်ရှာမနေနဲ့ လာတဲ့အတိုင်းပြန်ပြီး မ ။ကျန်တဲ့သူတွေသွားလမ်းပေါ်ပြန်တက် ကင်းလည်းသေချာလုပ် မင်းအဖေတွေအသံကြားလို့ လာချောင်းချင်ချောင်းနိုင်တာပဲ သေချာကြည့်တွေ့တာနဲ့ ပစ်တာပစ် ‘‘ဆိုပြီး တပည့်ကို လက်တစ်ဖက်က ဆုပ်ကိုင်လို့. ‘‘ဟေ့ကောင် ဖိုးရှမ်း ဘာမှမဖြစ်ဘူးအားတင်းထား ကြားလား အေးဆေးပဲ နော် ဘာမှမဖြစ်ဘူး‘‘ ဆိုပြီး..လမ်းပေါ်ပြန်ခေါ် ၀ါးလုံးကို စောင်ကြားလေးနဲ့ ပုခက်လို လုပ်ပြီးတာနဲ့ စစ်ကြောင်းစခန်းကို အမြန်ချီရပါတော့တယ်...စစ်ကြောင်းရောက်တာနဲ့ ဆေးတပ်ကြပ် ဆေးတပ်သားတို့ ဒဏ်ရာကိုသန့်စင်ဖြတ်လှီးသင့်တာတွေဖြတ် ဗျူဟာဆေးခန်းကို ထပ်မံပို့ ဆောင်ရတော့တယ်လေ.ဆက်သွယ် ရေးစက်နားမှာ တပ်ရင်းမှူး(အဘ)ဆဲသမျှဆိုသမျှ နားထောင် ဖြစ်စဉ်တွေတင်...အလုပ်ကို ဇယ်ဆက်သွား ပါတော့တယ်. ညစာထမင်းစားတော့ ငါးဟင်းခွက်လေးလာချတယ်..အရင်စိတ်နဲ့တာဆို နန္ဒအောင် ဆွဲလွှင့် ယူပစ်မိမှာပါ။
အခုတော့ ဖြစ်ပြီးသွားမှတော့ဘာတတ်နိုင်မှာလဲလေ..ဆိုပြီး..တစ်ခြား ငှက်ပျောဖူးဟင်းလေး မြေပဲဆန်ကျော် စိုစိစိ ညိုမဲမဲ လေးနဲ့ပဲ နှစ်ပါးသွားလိုက်ပါတယ်..‘‘ညီလေး မင်းတို့ စဉ်းစားကြည့်လေ ကိုယ့် တပည့် ရဲဘော် တစ်ယောက်ရဲ့ ခြေဖ၀ါးတစ်ဖက်နဲ့ လဲပြီးရခဲ့တဲ့ အဲဒီငါးဟင်းကို စားလိုက်မယ့် (တစ်ခြားသည် အနေနဲ့တော့ထားပါ) မင်းတို့ ငါတို့ ဗိုလ်ကြီးဆိုတဲ့ စစ်ဗိုလ်တွေက အရာရှိ ပီသပါဦးမလား ...ကိုယ်ပြောတာသေချာ စဉ်းစားကြည့်နော် စားလိုက်လည်းဘာမှတော့ မဖြစ်ဘူး ပေါ့ကွာ..အေး မင်းတို့ငါတို့က….. ကိုယ့်အသိစိတ်နဲ့ကိုယ်ပေါ့ကွာ။မိုင်းထိသွားတဲ့ လှဦး ဆိုတဲ့ ရဲဘော်က ရှမ်းလေးပါ...နောက်တန်းမှာကတည်းက နန္ဒအောင် ကိုယ်တိုင် တပည့်အဖြစ် အရာရှိ ရိပ်သာမှာ ခေါ်ထားခဲ့တာလေ....အခုလည်းဒီရှေ့တန်းထွက်လာတော့လည်းသူ့ကို ခွဲရုံးမှာ တပ်ခွဲမှူးအနားမှာပဲ ခေါ်ထားလိုက်တယ် .. လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ‘‘ချောင်းဘက်က ခွေးဟောင်သံ လိုလိုဘာလိုလို ကြားတယ် အဲဒီဘက်ကို .တို့တပည့်တွေအကြောင်းမဲ့ ဘယ်သူမှ မသွားစေနဲ့ သေချာလိုက်မှာခိုင်း ညီလေး‘‘လို့ စစ်ကြောင်းမှူး ဗိုလ်မှူးအောင်ဇင်မိုး မှာတာကို နန္ဒအောင် နားထဲမှာ အခုထိ ပြန်ကြားနေမိပါတယ်....မသွားဖို့ အတန်တန်မှာထားခဲ့ပေမယ့် စစ်သားတို့ ထုံးစံအတိုင်း ဖြစ်ခါမှ ဖြစ်တော့ လက်တလော ၀မ်းစာအတွက် တစ်ခါတစ်လေလည်း အသားလေး ငါးလေးနဲ့ ကိုယ့်အရာရှိတွေ ဆရာတွေ ရဲဘော် တပည့်တပန်း တွေကို ရှာဖွေကျွေးမွေးချင်ကြတာ ဓမ္မတာပဲမို့ ....ဘယ်သူကိုမှလည်း အပြစ် မဆိုချင်တော့ပါဘူး.....

အဲဒီနေ့ကစလို့ နန္ဒအောင် တို့ ပုသိမ်ကြီးတပ်က အရာရှိရိပ်သာမှာ ဘယ်သောအခါမှ ငါးဟင်းမစားဖြစ်ကြ တော့ ဘူးလေ.....အယူသီးတာမဟုတ်ခဲ့ကြပေမယ့်လည်း ... တပ်သားလှဦး တစ်ယောက်ကတော့ ဒီနေ့အထိ အရာရှိရိပ်သာမှာ ချိုင်းထောက်တစ်ဖက်နဲ့ သူ့ဗိုလ်ကြီးတွေကို ထမင်းချက်ကျွေးနေတုန်းပဲလေ EA-1 (Enemy Action) ဘ၀ရောက်တာတောင် သူချစ်တဲ့ ဗိုလ်ကြီးတွေနဲ့အတူ လုပ်ပေးနိုင်တာကို လုပ်ပေး နေရှာတုန်းပဲ။ အခုဆိုသူ့ဆရာ ဗိုလ်ကြီးနန္ဒအောင် တစ်ယောက်ပင်လျင် ရှမ်းပြည်နယ် ကို အမြဲတမ်း ပြောင်းရွှေ့သွားခဲ့ပြီလေ...MS ဆိုတဲ့ Order လေး **…….သို့ပြောင်းရွှေ့တာဝန်ချထားလိုက်သည် *** ဆိုရင် သွားပေဦးတော့ သံယောဇဉ် အမျှင်တွေဖြတ် တစ်ခန်းရပ်လို့ ပိုင်ဆိုင်သမျှ သေတ္တာလေးတစ်လုံးအိပ်ယာလိပ်အိတ် တစ်လုံး မပြောင်းလဲတဲ့ပုံစံ အဖေအမေတို့ဆီ ပိုက်ဆံလေးမှာပြီး ခရီးနှင် သင်သွားလိုရာသို့…………..ပေါ့ဗျာ။
နေလွမ်းသူ

0 comments: