ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Tuesday, November 18, 2008

ကာတွန်းဆရာ ကိုအောင်မှူး

မိတ်ဆွေကြီး အောင်မှူးကား နောက်စနေတွင် ကျွန်တော့်ထံသို့ လာရောက် နှိပ်စက်ဦးမည်ဟု ဓားကြိမ်း ကြိမ်းထားသည့် အတိုင်း ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်လာလေသည်။ ပြသဒါး၊ ရက်ရာဇာလေး ရွေးပြီးမှ ခေါ်ပါရစေဟု တောင်းပန်သော်လည်း မရ။ ကြာကြာသောက်ရ်ျ ရအောင် သောကြာနေ့တွင် လာမည်ဟုပင် စဉ်းစားမိသေးသည် ဆို၏။ နောက်မှ ကျွန်တော့်အား သနားညှာတာသော အားဖြင့် စရ်ျ နေသော စနေတွင်သာ လာခြင်း ဖြစ်ကြောင်း ငါးသလဲထိုး အပြုံးဖြင့် ပြောချေသေး၏။ သူကား ဤမျှ အလိုက်မသိ ဆိုးရွားလှသူတည်း။ မတတ်နိုင်။ ရောက်လာပြီ ဆိုမှတော့ ပန်းခွေ အဲလေ ပန်းကုံးဖြင့် မကြိုနိုင်စေကာမူ ဗော့ဒ်ကာ တစ်လုံး ပြေးဝယ် လျှက် ကြိုဆိုရပေတော့သည်။ ကျွန်တော်၏ မရှိမဲ့ ရှိမဲ့ ငွေဒင်္ဂါးလေးဖြင့် ခြစ်ခြုပ် ကုပ်ကပ်ကာ ၀ယ်ထားရသော ဗော့ဒ်ကာ ပုလင်းကို မြင်မှ မိတ်ဆွေကြီးအောင်မှူးမှာ ပုတ်သင်ညိုကို ကွန်ဒုံးစွပ်ပေးထားသည့် စတိုင်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လျှက် အဆောင်ပေါ်သို့ ခန့်ခန့်ကြီး တက်လေသတည်း။

မိတ်ဆွေကြီး အောင်မှူးကား အနုပညာသမား လွန်စွာပီသသူတည်း။ ရှုလော့။ ၀မ်းလီတာဆန့် ဗော့ဒ်ကာ ပုလင်းကြီးကိုပင် ငယ်နေသေးသည်ဟု ဆိုချေ၏။ ထို့ကြောင့် စိတ်ပေါက်ပေါက်နှင့် “ ဆိုင်မှာတော့ ဒီ့ထက် ကြီးတဲ့ ပုလင်း မရှိတော့ဘူး .. ဒီလောက်သောက်ချင်ရင် မြန်မာပြည်ရောက်မှ ဆရာဦးဘိုကြီး ဆေးပုလင်း အခွံ တစ်လုံးရှာပြီး ဘီအီး ထည့်တိုက်မယ် ” ဟု အငေါ်တူးလိုက်မှ ငြိမ်သွားလေ၏။ အောင်မှူးကား ဆရာကြီး ပီမိုးနင်း၊ ဆရာကြီး ရွှေဥဒေါင်း အစရှိသော စာရေးဆရာကြီးများကို လွန်စွာ လေးစား အားကျသူဖြစ်သော်လည်း ထိုဆရာကြီးတို့၏ ပြောင်မြောက်လှသော အတွေးအခေါ်၊ အရေးအသားများကို အတုမခိုးဘဲ အသောက်ကို သာ အတုခိုးထားဟန်တူ၏။ ကျွန်တော့်ထံ ရောက်သည်နှင့် သောက်လိုသူတည်း။ သူ့အား ထမင်းကျွေးရန် အလို့ငှာ ဟင်းအဖြစ် ပြေးဆွဲထားသော ကြက်ကင် တစ်ကောင်မှာလည်း ဗော့ဒ်ကာ တစ်ပုလင်းလုံးနှင့် အတူ မိတ်ဆွေကြီး အောင်မှူး၏ ၀မ်းခေါင်းထဲသို့ သက်ဆင်း သွားရရှာလေသည်။ သူကား ထိုမျှနှင့် အားမရသေး။ ဗော့ဒ်ကာ ကုန်သောအခါ ထမင်းကျွေးရန် အရေးဆိုပြန်၏။ အောင်မှူးကား အိမ်ရှင်ကျွန်တော့်မှာ ရှိ၏ မရှိ၏ လုံးဝမတွေးဘဲ မြန်မာဗီဒီယို ဇာတ်ကားများထဲက ဗီလိန်တို့၏ စတိုင်ဖမ်းကာ အမြင်ကပ်ချင်စဖွယ် သွားအဖြဲသားဖြင့် “ ထူးထူးထွေထွေ လုပ်မနေပါနဲ့၊ ကြက်ဥလေး ငါးလုံးလောက် ကြော်လိုက်တာပေါ့ ” ဟု သူပိုင် ပစ္စည်းသဖွယ် ပြောပြန်သေးလေသည်။ ထို့ကြောင့် ကျွန်တော်၏ အရေးပေါ် ရိက္ခာအဖြစ် သိုမှီးထားရလေသော ကြက်ဥ တစ်ကဒ်သည်လည်း ကိစ္စချောရပြန်လေသည်။ သူကား တစ်ခေါက်ဆို တစ်ခေါက်၊ မှတ်လောက်အောင် ပညာပေးတတ်သူတည်း။ အလကားရရင် ကြေးပုလွေတောင် အသေကွဲအောင် မှုတ်မည် ဆိုသည့် လူစားမျိုးပေ တကား။

သူတောင်းဆိုသမျှ လုပ်ပေးပြီးနောက် “ ကဲ .. ငါ့ကို တစ်ခုခုတော့ ပြန်ပေးခဲ့ဦး ကဗျာဖြစ်ဖြစ်၊ စာဖြစ်ဖြစ်ပေါ့ ” ဟု ပြန်လည် တောင်းဆိုရလေသည်။ မိတ်ဆွေကြီး အောင်မှူးကား လက်ကျန် ကြက်ရိုးတစ်ချောင်းကို ကိုက်လျှက်မှ “ ကဗျာရေးပြီးသားက မရှိဘူးကွ၊ မင်း ဒီလောက် လိုချင်ရင်တော့ ကာတွန်းဆွဲပေးခဲ့မယ် ” ဟု ဆိုလေသည်။ သူကား လိုင်းပေါင်းစုံသည့် မထသ ပင် အဖေခေါ်ရလောက်အောင် ဤသို့ ဤပုံ ဘက်စုံ ရသူတည်း။ ထို့ကြောင့် ဗော့ဒ်ကာမူးမူးဖြင့် မိတ်ဆွေကြီး အောင်မှူး ဆွဲပေးခဲ့သော ကာတွန်းလက်ရာများကို မိတ်ဆွေများအား ဝေမျှ လိုက်ရပါသတည်း။
( အကြီးချဲ့လိုလျှင် ပုံပေါ်တွင် ကလစ်ပေးပါ )
မြန်မာကျောင်းသားများ အတွက် ရန်သူတော် သုံးပါးဖြစ်သည့် VCG – ( vodka , chatting, games ) ကို အောင်မှူး သရုပ်ဖော်ထားပုံ








ဒါက နောက်တစ်ခု



ကိုအောင်မှူး ဗိုလ်လောင်းဘ၀က



ဒါက နောက်ဆုံး တစ်ခု



( စာကြွင်း။ ။ အယ်လ်ကိုဟော ဆိုလျှင် ဘီယာတောင် ကောင်းကောင်း မသောက်တတ်ရှာသော ဘော်ဒါကြီး နေလွမ်းသူ၏ ဘလော့မှာလည်း ကျွန်တော့် လက်ချက်ဖြင့် အရက်သမားဘလော့ ဖြစ်ပေတော့မည်။ နေလွမ်းသူ ခရီးလွန်နေဆဲခဏ သူ့ဘလော့ကို အသက်ဆက်ပေးသည့် အနေဖြင့် ပြတ်တောင်း ပြတ်တောင်း တင်ပေးနေ ရသည်ဖြစ်ရာ နေလွမ်းသူ၏ ချစ်မိတ်ဆွေများအား နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ )

6 comments:

:P said...

ကိုအောင်မှူး က ကဗျာရော၊ ကာတွန်းရောတော်တယ်နော်

Unknown said...

ဟားဟားဟားဟားဟား

အရမ်းရီရတယ်ကိုအောင်မှုးရေ..
နောင်လည်းကိုအောင်မှုးပုံလေး
ခဲခြစ်ပန်ချီလေးဆွဲပြီးတင်ပါဦး...

Anonymous said...

ကိုဥာဏ်ရေ...
ခင်ဗျားအပြောနဲ့တင် ဆရာကြီး ပီမိုးနင်းတို့၊ဆရာကြီး ရွှေဥဒေါင်းတို့လည်း
သေရွာမှာ ငိုနေလောက်ပြီ။ ကျုပ်က ဆရာကြီးသော်တာဆွေလို
ဘရန်နီလေး မှီဝဲယုံတင်ပါ။နောက်.. ဖုန်းဆက်နေတဲ့ ဗိုလ်လောင်းရဲ့ အိတ်မှာ ကိုဥာဏ်လို့ ရေးထားတယ်လေဗျာ..။ ဟဲဟဲ
ခုမှ မုန်လာဥ မလုပ်ပါနဲ့။

khin oo may said...

ဖတ်သွား။ ကြည့်သွား။ ပြုံးသွား။ ပြန်သွားပါသည်။

Anonymous said...

ကိုအောင်မှူးကို မမြင်ဘူးသော်လည်း ဗော်လ်ကာပုလင်းမြင်တိုင်း သတိတရပြုံးမိတယ်။ တို့ကိုအောင်မှူးကြီးပဲလို့

:)

mgnge said...

သရုပ်ဖော် ပုံတွေ က ကွက်တိပဲ ဗျာ...။
ဟာဒ်ထိသွားတယ်..။
ပုလင်း ပိလို့ 