ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Thursday, February 19, 2009

ဆောင်းအကုန် နွေအကူးမှ သင်္ခါရစိတ်ရူးများ

မြန်မာပြည်တွင် ဖေဖော်ဝါရီ လလယ်ကျော်သည်နှင့် ဆောင်းဥတုက တအိအိကုန်ဆုံးကာ ပူပြင်း ခြောက်သွေ့ ပျင်းရိဖွယ် နွေဘက်သို့ ယိမ်းလာပြီဖြစ်သော်လည်း ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ဆလပ်တို့၏ မြေမှာတော့ ယခုအချိန်ထိတိုင် လမ်းတစ်လျှောက်တွင် ဖွေးဖွေးဖြူသော နှင်းခဲကြီးများဖြင့် ပိတ်ဖုံးနေဆဲပင် ဖြစ်လေသည်။ အပူချိန်ကတော့ အနှုတ် ၂၄ ဒီဂရီ စင်တီဂရိတ်မှ အနှုတ် ၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာသဖြင့် အတော်ပင် နေသာထိုင်သာ ရှိသေးသည်ဟု ဆိုနိုင်လေသည်။ ဤသို့သော ကို့ရိုးကားယား ရာသီဥတု၏ ခွကျကျ နေ့တစ်နေ့တွင် ကျွန်တော်သည် မရှည် ရှည်အောင် ဆွဲဆန့်နေသော ကိုရီးယား ဇာတ်လမ်းတွဲများကဲ့သို့ မပြီးနိုင် မစီးနိုင် ဖြေဆိုနေရလေသော စာမေးပွဲများကို အဆုံးသတ် ဖြေဆိုခဲ့ပြီးနောက် စိတ်လက်ပေါ့ပါးစွာဖြင့် အဆောင်သို့ ပြန်လာခဲ့စဉ်…… ကျွန်တော်တို့၏ ခေါင်းကိုင်ဖခင် (ဂေါ့ဖားသား) အဖြစ် သတ်မှတ်ခြင်း ခံထားရသူ ကိုဟန်ကြီး ဆိုသည့် စီနီယာကြီးအား အဆောင်ထိပ်ဝတွင် ခန့်ခန့်ကြီး တွေ့လိုက်ရလေတည်း။

အဆိုပါ ကိုဟန်ကြီးကား အပတ်စဉ်(၄)မှ ကျောင်းဆင်းခဲ့သော စီနီယာ့စီနီယာ၊ စီနီယာ သက်ကြားအိုကြီး တစ်ဦး ဖြစ်လျှက် ယခုအချိန်ထိတိုင် ပြည်မြန်မာသို့ မပြန်သေးဘဲ ရောက်လာသမျှ ဂျူနီယာလေးများအား ဗော့ဒ်ကာ မင်းသားကလေးများ ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးရန် အလို့ငှာ ဆည်ဝမှစောင့်နေသော ဗျိုင်းကြီးကဲ့သို့ စိတ်ရှည်လက်ရှည် စောင့်နေလေသည့် မော်စကိုဘိုးဘိုးကြီးတစ်ဦး ဖြစ်လေသည်။ သူကား ကျွန်တော်တို့၏ ချစ်စွာသော စီနီယာကြီး တစ်ဦးဖြစ်သည့် အားလျော်စွာ “ မကောင်းမြစ်တာ ကောင်းရာညွှန်လက် ” ဆိုသည့် စီနီယာတို့၏ ၀တ္တရားအတိုင်း မည်သည့်အရက်ကတော့ အရသာကောင်းသည် သောက်သင့်သည်၊ မည်သည့် အရက်ကတော့ ခေါင်းကိုက်တတ်သည် မသောက်သင့်၊ စသည်ဖြင့် အစဉ်လမ်းညွှန်နေသူ ဂေါ့ဖားသားကြီး တစ်ယောက်ပေတည်း။ ယခုလည်း စာမေးပွဲဖြေပြီး ပြန်လာသော ကျွန်တော့်အား ဗော့ဒ်ကာပုလင်း နှစ်လုံးပြူးကြီးကို ကိုင်လျှက် မျက်နှာကြီး ပြုံးဖြီးဖြီးဖြင့် အဆောင်ထိပ်ဝတွင် စောင့်နေလေပြီ။ “ စီနီယာပါလျှင် သေရွာပင် သွားဝံ့သည် ” ဟူသော စစ်သားတို့၏ ဆိုရိုးစကားအတိုင်း ကျွန်တော်လည်း ကိုဟန်ကြီးနှင့်အတူ ခရီးနှင်ရန်အလို့ငှာ အဆောင်ပေါ်သို့ ပြေးတက်လျှက် ဖန်ခွက်များကို ကပျာကယာ ဆေးရချေတော့သည် တမုံ့။

“နေညိုလျှင် လေပြိုသည်” ဟူသော ယမကာလုလင်တို့၏ ဆိုရိုးစကားရှိသော်လည်း ကျွန်တော်တို့မှာ ညိုစရာ နေမရှိသော ဒေသရပ်ဝန်းတွင် ရောက်နေကြသူများပီပီ နှင်းခဲတို့ ဝေသီနေသည့် မော်စကိုညနေချမ်း အချိန်တွင် ဗော့ဒ်ကာခွက် ကိုယ်စီကိုင်ဆွဲလျှက် “အမေမြင်လျှင် ရင်ကျိုးပြီး၊ အဖေမြင်လျှင် ဆောင့်ကန်ချင်မည့်” စတိုင်ကို အမိအရ ဆုပ်ကိုင်ကာ ခပ်မိန့်မိန့် ရှိနေလေတော့သည် တကား။ ကိုဟန်ကြီးနှင့်အတူ ဗော့ဒ်ကာစုပ်ရင်းမှ သူ၏ ဒဿန၊ သူ၏ သင်္ခါရ စိတ်ရူးများကို သက်ကြီးစကား သက်ငယ်ကြား မှတ်သားရလေသဖြင့် ချစ်ဆွေများလည်း ခံစားနိုင်ရန် အလို့ငှာ အရင်းအတိုင်း ဖောက်သည်ချလိုက်ရပါသတည်း ….။

ဗော့ဒ်ကာတမ်းချင်း
ပုလင်းတွေက ရီ(ရေ)မရ
ခေါင်းကလည်း ငိုက်စိုက်ကျ….။
သောက်တော့လည်း ထပ်မရ
ဝိုင်းကလည်း ထမရ
စိတ်မှာတော့ သောက်မ၀....။
လည်ချောင်းထဲ လက်ညှိုး
အတင်းထိုး အန်ချ
ဟော … ဆက်သောက်တော့ သောက်မ၀…။ (ကိုဟန်ကြီး)


ကိုဥာဏ်(စက်မှု)သို့
လည်ချောင်းမှနာ ရင်တွင်းလှိုက်ပူ
ရေငတ်မဆုံး လူကနုံး၍
စစ်ရှုံးအသွင် ငါမနေချင်သောကြောင့် ….
ညနေပုံမှန် မနက်တန်ပြန်
လက်ကျန်ပြန်ရှင်း ရောဂါကင်းသည်
ဤခံယူချက် လက်ဝယ်စွဲလျှက်
ထိုစစ်တလင်း ငါပြန်ခင်းမည် …
ကိုဥာဏ် သာဓုခေါ်စေသော်ဝ် ….။ (ကိုဟန်ကြီး)

ဤသို့ဤပုံဖြင့် ကျွန်တော်သည် ကိုဟန်ကြီးနှင့်အတူ သုံးရက်ခန့်ဆက်တိုက် ဗော့ဒ်ကာအိုင်အတွင်း သက်ဆင်း ကူးခတ်နေဆဲခဏ၀ယ် မိတ်ဆွေကြီးအောင်မှူးသည် သူ၏ ဂျီတော့ ကာစတန်မက်ဆေ့ခ်ျ ဘောက်ထဲတွင် အောက်ပါကဗျာကို တင်ထားလျှက် ကျွန်တော့်အား ပမာမခန့် ပြုနေသည်ကို တွေ့လိုက်ရလေသည်…။

ကိုဥာဏ်(စက်မှု)အား ချယ်မှုန်းခြင်း
မီစီကျောင်းက ကိုရင်ဥာဏ်
ပျိုပျိုအိုအို အကုန်ကြံ
လူနဲ့လိုက်ကာ လေလုံးထွား
သက်မွန်မြင့်နဲ့ တစ်ရွာတည်းသား။
ဗော့ဒ်ကာပုလင်း မြင်ပါရင်
သရေများပင် တသွင်သွင်
အစားစုံကို အစုံစား
မြင်ရသူမှာ ရတက်ပွား…။ (အောင်မှူး)

မိတ်ဆွေကြီး အောင်မှူးကား မသေသေး။ အသက်ငင်နေဆဲခဏ၀ယ် ကျွန်တော့်အား အထက်ပါ ကဗျာဖြင့် စိန်ခေါ်နေလေသည်။ အောင်မှူး၏ ကဗျာကား ကျွန်တော့်ကို ချယ်မှုန်းခြင်းနှင့် မတူ၊ ချေမှုန်းခြင်းနှင့်သာ တူနေပေတော့သည်ဟု စိတ်ထဲတွင် တွေးလိုက်မိပါသည်။ အောင်မှူးကား ပွဲလန့်တုန်း ဖျာခင်း ရုံသာမက မီးပျက်တုန်း ဖိနပ်ပါ လဲစီးသွားမည်ဟူသော လူစားမျိုးပေတည်း။ လစ်ပြီဆိုသည်နှင့် ၀င်တွယ်လေပြီ။ ထို့ကြောင့် ကျွန်တော်လည်း သူ့အား အလုပ်ရှုပ်ပေးမှ ဖြစ်တော့မည်ဟု သဘောပိုက်လျှက် ကဗျာအတင်းစပ်ခိုင်းလေရာ အောင်မှူးလည်း မနေသာတော့ပဲ သူ၏ ဆောင်းအကုန် နွေအကူးမှ စိတ်ရူးများကို အောက်ပါအတိုင်း ရေးချပေးရလေတော့သဖြင့် ချစ်ဆွေများလည်း ခံစားနိုင်စေရန် အလို့ငှာ တင်ပေးလိုက်ရပါသတည်း။

မေ့မရတဲ့ အနာဟောင်း
ချစ်သူရဲ့ စက်ဘီးခြင်းထဲ
ထိုးစိုက်ခဲ့တဲ့ နှင်းဆီနီတပွင့်လို
တချိန်မှာ ကြွေလွင့်ရမယ့် ကိုယ့်အဖြစ်
အဲဒီအချိန်ကတည်းက
နည်းနည်းလောက်ဖြစ်ဖြစ် ရိပ်မိသင့်တယ်။

မှောင်နေရင် ည၊ လင်းမြရင် နေ့
အသက်ရှင်နေသမျှ
အသက်ရှုနေရတာကလွဲရင် ငါ၊
ငါ့ဒါဏ်ရာတွေ အနာဖေး မတတ်သေးသရွေ့
နင်ရယ်...
နင်စီးခဲ့တဲ့ စက်ဘီးအစိမ်းလေးရယ်...
မေ့မရဘူးကွယ်။

မှောင်နေရင် ည၊ လင်းမြရင် နေ့
အသက်ရှင်နေသမျှ
အသက်ရှုနေရတာကလွဲရင် ငါ၊
ငါ့ဒါဏ်ရာတွေ အနာဖေး မတတ်သေးသရွေ့
နင်ရယ်...
နင်ဝတ်တတ်တဲ့ အာကာထွန်းဘောင်းဘီတိုလေးရယ်...
မေ့မရဘူးကွယ်။

ဖြစ်နိုင်မယ်ဆိုရင်....
လွန်ခဲ့တဲ့ ဆယ်စုနှစ်များကလို၊
အရုဏ်ဦး ဆောင်းအရိပ်
နင် လှမ်းလာမယ့် လမ်းထိပ်မှာ
ငါ.... တိတ်တိတ်လေး
စောင့်နေပါရစေ..။

မြူနှင်းတို့ လင်းမြဖူးတဲ့
တရံရောအခါက
ဟေမန္တ နံနက်ခင်းတို့အကြောင်း
စာမျက်နှာတွေ ဟောင်းသွားလည်း
ညောင်ရမ်းလမ်းပဲ
သိနေမယ်။ (အောင်မှူး)

(ဆောင်းအကုန် နွေအကူး လေရူးများ တိုက်ခတ်တတ်သော အခါသမယတွင် ပေါ်ပေါက်လာပေသော ကျွန်တော့်ဘော်ဒါတို့၏ သင်္ခါရ စိတ်ရူးများကို ချစ်ဆွေများထံ လက်ဆင့်ကမ်းခြင်းသာ ဖြစ်ပါသည်။ လိုအပ်ချက် တစ်စုံတစ်ရာ ရှိခဲ့ပါက နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ ဤပို့စ်၏ ထူးခြားမှုတစ်ခု အနေဖြင့် အထက်ပါ “မေ့မရတဲ့အနာဟောင်း” ကဗျာကို ဖတ်ရှုပြီးနောက် မိတ်ဆွေကြီးအောင်မှူး၏ ကောင်မလေးက သူ အာကာထွန်းဘောင်းဘီတို ၀တ်လေ့ရှိသည်ကို အရှက်မရှိ၊ မြင်အောင် ကြည့်သွားရုံသာမက လူသိအောင် ဖော်ကောင်လုပ်ရပါမည်လားဟု ဆိုကာ ချော့မရအောင် စိတ်ကောက်နေလေသဖြင့် အောင်မှူးမှာ လဒကြီးကဲ့သို့ မှိုင်တွေနေရှာသည်ဟု အတွင်းသတင်းများ ကြားသိရခြင်း ဖြစ်ပါကြောင်း …..။) ကိုဥာဏ်(စက်မှု)

8 comments:

Anonymous said...

အာကာထွန်းဘောင်းဘီက ခင်ဗျားဖို့ တမင်ထည့်ပေးလိုက်တာဗျ..။သီချင်းတွေမှာ chorus ပိုဒ်လို ..
မှောင်နေရင် ည၊ လင်းမြရင် နေ့
အသက်ရှင်နေသမျှ
အသက်ရှုနေရတာကလွဲရင် ငါ၊
ငါ့ဒါဏ်ရာတွေ အနာဖေး မတတ်သေးသရွေ့
နင်ရယ်...
(နင်စီးခဲ့တဲ့ စက်ဘီးအစိမ်းလေးရယ်/
နင်ဝတ်တတ်တဲ့ အာကာထွန်းဘောင်းဘီတိုလေးရယ်...)
မေ့မရဘူးကွယ်။

မီးငယ် said...

ကိုဟန်ကြီးက အပါတ်စဉ်(၄)က ဆိုတော့တော်တော်အသက်ကြီးနေပီ.... :D

GreenGirl said...

တမေ့တမြောဖတ်သွားပါသည်

Anonymous said...

ကို ဟန်ကြီးအား အမွန်းတင်ထားပုံကတော့ ပြောင်မြောက်ပေသည်။ ကိုဟန်ကြီးကား နာမည်နှင့်လိုက်ဟောင် ဟန်ကျပန်ကျ ယမကာမှီဝဲတတ် သူလည်းဖြစ်သည်။ အရက်ကို စည်းကမ်း ရှီရှိသောက်တတ် သူဖြစ်လင့်ကစား အရက်သောက်နေရင်းအရက် ကုန်သွားရင်တော့ မကြေမချမ်း နှင့် ရေနွေးကြမ်းကို မူးအောင် တညလုံးထိုင်သောက်ပြီး တော့ဒသနများ(မယကာနဲ့ဆိုင်သော) ကို မျှဝေပေးတတ်သူ တစ်ယောက်လည်းဖြစ်သည်။ သို့ဖြစ်ရ်ျ များမကြာမှီကာလမှာ ကိုဟန်ကြီးနှင့် အတူယမာမှီဝဲရန် ချိန်းဆိုထားပြိးဖြစ်သည်။ ရိုက်တိုင်း(မ်)မှာ မောင် ညဏ်နှင့် ကျနိုပ်တို့ ကိုဟန်ကြိး၏ ဒသနခံယူပွဲ တွင် ပြန်လည်ဆုံတွေကြမည်။

Unknown said...

ကျွန်ုပ် ကိုဟန်ကြီးကား အသက်သေစာ ယမကာများကို မမှီဝဲမသုံးဆောင်ပဲ ရှောင်ကြဉ်ခဲ့လေသည်မှာ ကလအတာပင်
ကြာမြင့်ခဲလေပြီ..သို့သော်ညီငယ် မောင်ဥာဏ်ကား အရက်ပြန်လည်သောက်သုံးရန်အတွက်ဖုန်းဖြင့်တမျိုး၊မေးလ်ဖြင့်တဖုံစာဖြင့်တသွယ် ဤနှယ်ပုံဝတ္ထုများနှင့်တမျိုး နည်းလမ်းအစုံသုံး၍ သူနှင့်အတူယမကာပင်လယ်တွင် ဇနက္ကထုံးနှလုံးမူ၍ကူခတ်ရန် အမြဲသွေးဆောင်လျက်ရှိသည်။

Unknown said...

ကျွန်ုပ် ကိုဟန်ကြီးကား အသက်သေစာ ယမကာများကို မမှီဝဲမသုံးဆောင်ပဲ ရှောင်ကြဉ်ခဲ့လေသည်မှာ ကလအတာပင်
ကြာမြင့်ခဲလေပြီ..သို့သော်ညီငယ် မောင်ဥာဏ်ကား အရက်ပြန်လည်သောက်သုံးရန်အတွက်ဖုန်းဖြင့်တမျိုး၊
မေးလ်ဖြင့်တဖုံစာဖြင့်တသွယ် ဤနှယ်ပုံဝတ္ထုများနှင့်တမျိုး နည်းလမ်းအစုံသုံး၍ သူနှင့်အတူယမကာပင်လယ်တွင် ဇနက္ကထုံးနှလုံးမူ၍ကူခတ်ရန် အမြဲသွေးဆောင်လျက်ရှိသည်။

မသက်ဇင် said...

ရသ စာရေးကောင်းတယ်-
ပျော်ရွှင်ပါစေ---

mgnge said...

တို့ ကိုကြီး တွေ ကအလန်း တွေ ပဲ ...။
အကိုကြီးတော့ကျောင်းတောင် ဂျုနီယာ အနေနဲ့ လာတက် လိုက်ချင်သေး ။။။

:D