ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Tuesday, November 18, 2008

ကာတွန်းဆရာ ကိုအောင်မှူး

မိတ်ဆွေကြီး အောင်မှူးကား နောက်စနေတွင် ကျွန်တော့်ထံသို့ လာရောက် နှိပ်စက်ဦးမည်ဟု ဓားကြိမ်း ကြိမ်းထားသည့် အတိုင်း ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်လာလေသည်။ ပြသဒါး၊ ရက်ရာဇာလေး ရွေးပြီးမှ ခေါ်ပါရစေဟု တောင်းပန်သော်လည်း မရ။ ကြာကြာသောက်ရ်ျ ရအောင် သောကြာနေ့တွင် လာမည်ဟုပင် စဉ်းစားမိသေးသည် ဆို၏။ နောက်မှ ကျွန်တော့်အား သနားညှာတာသော အားဖြင့် စရ်ျ နေသော စနေတွင်သာ လာခြင်း ဖြစ်ကြောင်း ငါးသလဲထိုး အပြုံးဖြင့် ပြောချေသေး၏။ သူကား ဤမျှ အလိုက်မသိ ဆိုးရွားလှသူတည်း။ မတတ်နိုင်။ ရောက်လာပြီ ဆိုမှတော့ ပန်းခွေ အဲလေ ပန်းကုံးဖြင့် မကြိုနိုင်စေကာမူ ဗော့ဒ်ကာ တစ်လုံး ပြေးဝယ် လျှက် ကြိုဆိုရပေတော့သည်။ ကျွန်တော်၏ မရှိမဲ့ ရှိမဲ့ ငွေဒင်္ဂါးလေးဖြင့် ခြစ်ခြုပ် ကုပ်ကပ်ကာ ၀ယ်ထားရသော ဗော့ဒ်ကာ ပုလင်းကို မြင်မှ မိတ်ဆွေကြီးအောင်မှူးမှာ ပုတ်သင်ညိုကို ကွန်ဒုံးစွပ်ပေးထားသည့် စတိုင်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လျှက် အဆောင်ပေါ်သို့ ခန့်ခန့်ကြီး တက်လေသတည်း။

မိတ်ဆွေကြီး အောင်မှူးကား အနုပညာသမား လွန်စွာပီသသူတည်း။ ရှုလော့။ ၀မ်းလီတာဆန့် ဗော့ဒ်ကာ ပုလင်းကြီးကိုပင် ငယ်နေသေးသည်ဟု ဆိုချေ၏။ ထို့ကြောင့် စိတ်ပေါက်ပေါက်နှင့် “ ဆိုင်မှာတော့ ဒီ့ထက် ကြီးတဲ့ ပုလင်း မရှိတော့ဘူး .. ဒီလောက်သောက်ချင်ရင် မြန်မာပြည်ရောက်မှ ဆရာဦးဘိုကြီး ဆေးပုလင်း အခွံ တစ်လုံးရှာပြီး ဘီအီး ထည့်တိုက်မယ် ” ဟု အငေါ်တူးလိုက်မှ ငြိမ်သွားလေ၏။ အောင်မှူးကား ဆရာကြီး ပီမိုးနင်း၊ ဆရာကြီး ရွှေဥဒေါင်း အစရှိသော စာရေးဆရာကြီးများကို လွန်စွာ လေးစား အားကျသူဖြစ်သော်လည်း ထိုဆရာကြီးတို့၏ ပြောင်မြောက်လှသော အတွေးအခေါ်၊ အရေးအသားများကို အတုမခိုးဘဲ အသောက်ကို သာ အတုခိုးထားဟန်တူ၏။ ကျွန်တော့်ထံ ရောက်သည်နှင့် သောက်လိုသူတည်း။ သူ့အား ထမင်းကျွေးရန် အလို့ငှာ ဟင်းအဖြစ် ပြေးဆွဲထားသော ကြက်ကင် တစ်ကောင်မှာလည်း ဗော့ဒ်ကာ တစ်ပုလင်းလုံးနှင့် အတူ မိတ်ဆွေကြီး အောင်မှူး၏ ၀မ်းခေါင်းထဲသို့ သက်ဆင်း သွားရရှာလေသည်။ သူကား ထိုမျှနှင့် အားမရသေး။ ဗော့ဒ်ကာ ကုန်သောအခါ ထမင်းကျွေးရန် အရေးဆိုပြန်၏။ အောင်မှူးကား အိမ်ရှင်ကျွန်တော့်မှာ ရှိ၏ မရှိ၏ လုံးဝမတွေးဘဲ မြန်မာဗီဒီယို ဇာတ်ကားများထဲက ဗီလိန်တို့၏ စတိုင်ဖမ်းကာ အမြင်ကပ်ချင်စဖွယ် သွားအဖြဲသားဖြင့် “ ထူးထူးထွေထွေ လုပ်မနေပါနဲ့၊ ကြက်ဥလေး ငါးလုံးလောက် ကြော်လိုက်တာပေါ့ ” ဟု သူပိုင် ပစ္စည်းသဖွယ် ပြောပြန်သေးလေသည်။ ထို့ကြောင့် ကျွန်တော်၏ အရေးပေါ် ရိက္ခာအဖြစ် သိုမှီးထားရလေသော ကြက်ဥ တစ်ကဒ်သည်လည်း ကိစ္စချောရပြန်လေသည်။ သူကား တစ်ခေါက်ဆို တစ်ခေါက်၊ မှတ်လောက်အောင် ပညာပေးတတ်သူတည်း။ အလကားရရင် ကြေးပုလွေတောင် အသေကွဲအောင် မှုတ်မည် ဆိုသည့် လူစားမျိုးပေ တကား။

သူတောင်းဆိုသမျှ လုပ်ပေးပြီးနောက် “ ကဲ .. ငါ့ကို တစ်ခုခုတော့ ပြန်ပေးခဲ့ဦး ကဗျာဖြစ်ဖြစ်၊ စာဖြစ်ဖြစ်ပေါ့ ” ဟု ပြန်လည် တောင်းဆိုရလေသည်။ မိတ်ဆွေကြီး အောင်မှူးကား လက်ကျန် ကြက်ရိုးတစ်ချောင်းကို ကိုက်လျှက်မှ “ ကဗျာရေးပြီးသားက မရှိဘူးကွ၊ မင်း ဒီလောက် လိုချင်ရင်တော့ ကာတွန်းဆွဲပေးခဲ့မယ် ” ဟု ဆိုလေသည်။ သူကား လိုင်းပေါင်းစုံသည့် မထသ ပင် အဖေခေါ်ရလောက်အောင် ဤသို့ ဤပုံ ဘက်စုံ ရသူတည်း။ ထို့ကြောင့် ဗော့ဒ်ကာမူးမူးဖြင့် မိတ်ဆွေကြီး အောင်မှူး ဆွဲပေးခဲ့သော ကာတွန်းလက်ရာများကို မိတ်ဆွေများအား ဝေမျှ လိုက်ရပါသတည်း။
( အကြီးချဲ့လိုလျှင် ပုံပေါ်တွင် ကလစ်ပေးပါ )
မြန်မာကျောင်းသားများ အတွက် ရန်သူတော် သုံးပါးဖြစ်သည့် VCG – ( vodka , chatting, games ) ကို အောင်မှူး သရုပ်ဖော်ထားပုံ








ဒါက နောက်တစ်ခု



ကိုအောင်မှူး ဗိုလ်လောင်းဘ၀က



ဒါက နောက်ဆုံး တစ်ခု



( စာကြွင်း။ ။ အယ်လ်ကိုဟော ဆိုလျှင် ဘီယာတောင် ကောင်းကောင်း မသောက်တတ်ရှာသော ဘော်ဒါကြီး နေလွမ်းသူ၏ ဘလော့မှာလည်း ကျွန်တော့် လက်ချက်ဖြင့် အရက်သမားဘလော့ ဖြစ်ပေတော့မည်။ နေလွမ်းသူ ခရီးလွန်နေဆဲခဏ သူ့ဘလော့ကို အသက်ဆက်ပေးသည့် အနေဖြင့် ပြတ်တောင်း ပြတ်တောင်း တင်ပေးနေ ရသည်ဖြစ်ရာ နေလွမ်းသူ၏ ချစ်မိတ်ဆွေများအား နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ )

Read More...

Saturday, November 15, 2008

နေလွမ်းသူ ထံမှ ပေးစာတစ်စောင်

ဤဘလော့၏ မူလ ပိုင်ရှင်အစစ်ကြီးဖြစ်ပေသော နေလွမ်းသူမှာ မြန်မာပြည် ပြန်သွားကတည်းက ပေါ်မလာ အတော်ကြာ လုပ်နေလေရာ ကျွန်တော့်မှာ နေ့စဉ် ရက်ဆက် သူ့အား မေတ္တာကောင်းကောင်း ပို့နေမိလေသည်။ စာဖတ်သူ မိတ်ဆွေတို့က ပို့စ် အသစ်တင်ရန် နားပူနားဆာ လုပ်ကြလေတိုင်း ဘလော့ကို ပစ်ထားလေသော အဆိုပါ သကောင့်သားကိုသာ ပြေးပြေးပြီး ပိတ်ကန်လိုလှပေသည်။ သူကား ယောက်ျားချင်းတော့ ခပ်ပါးပါး ပေါ့ ဟူသည့် အတိုင်း ကျွန်တော့်ထံ သတင်းလေးတောင် အကြောင်းမကြားသည်မှာ ကြာလှပေပြီ။ ယခုတော့ ဘာစိတ်ကူးပေါက်သည် မသိ။ မေးလ် တစ်စောင်ပို့လိုက်လေသည်။ သတင်းပို့စာလိုလို၊ မေတ္တာစာလိုလို ဘာမှန်းမသိရသော ထိုစာအား နေလွမ်းသူ၏ ချစ်မိတ်ဆွေများလည်း ဝေငှ ခံစားနိုင်ရန် အလို့ငှာ တင်ပေးလိုက် ရပါသတည်း။

“ ကိုဥာဏ်ရေ ကျွန်တော်တို့မြို့လေးမှာတော့ လျှပ်စစ်မီးတွေအမြဲရတယ်။ ခင်ဗျားတို့ ကျုပ်တို့ ကျောင်းသားဘဝကလို ဖယောင်းတိုင်တွေ ဘတ္ထရီအိုးတွေ အားကိုးစရာမလိုတာတော့ အမှန်ပဲဗျာ။ ဆိုင်ကယ်တွေတော့ တော်တော်သောင်းကျန်းတယ်။ မိုး ကတော့ အရင်လို ခေါင်ဆဲပဲပေါ့။ တောင်သူတွေ အခြေအနေ မလီကြဘူး။ ဟိုးအရှေ့ဘက်ဒေသက ကျောက်တွင်းတွေကြောင့် အဲဒီရွာကလူတွေ ထောတဲ့သူတွေထောကုန်ကြပြီ။ ရဲတွေ အခြေ အနေကောင်းသလိုပဲ။ အင်ကြင်းကျောက် လေဗျာ ကိုဥာဏ်တို့လည်း ကြားမှာပေါ့။ ဆိပ်လူးကန်ထန်းတောကို ရောက်တော့ ထန်းရေခါးအိုးတွေမြင်ပြီး အဟီးဟီး သတိရလိုက်တာ ကိုဥာဏ်ရာ ပြောမနေနဲ့။ ဂေါက်ကွင်း ကိုတော်တော်လေး ပြင်ဆင်ထားတယ်။ အံမယ် သူက ဟိုအရင်ကလို အလေ့ကျ မြက်မဟုတ်တော့ဘူး။ နိုင်ငံခြားဖြစ်မှ လူတွေအလေးထားလာကြ လို့လားမသိဘူး နိုင်ငံခြားမြက်တွေ စိုက် ရေတွေအမြဲပေးလို့။ ကျောက်လုံးကြီးအတက်ကနေ ဆင်းလာလာချင်း ဂေါက်ကွင်းကိုမြင်ပြီး သြတွေအံ့မိသွားတယ်။ မြို့အနောက်ထိပ်မှာလည်း များလိုက်တဲ့ ဓါတ်ဆီဆိုင်တွေဗျာ။

နာဂစ်ဖြစ်ခဲ့တဲ့ဒေသတွေလည်းရောက်ပါ့။ ရန်ကုန်-ပုသိမ် ကားလမ်းကြီးတော့ နာဂစ်ကို ပြန်လည် ထူထောင်ရေးအတွက် လိုသမျှပို့တဲ့ကားကြီးတွေကြောင့် ချိုင့်တွေထကုန်တာ။ အရင်က ရန်ကုန်-ပုသိမ်က ၄ နာရီဝန်းကျင်က အမလေးဗျာ ၉ နာရီလောက်မောင်းယူ ရတယ်။ ခါးတွေလည်းညောင်းလို့ ကားစီးရတာ။ အခုတော့ပြန်ပြင်နေပြီ။ လပွတ္တာက အောင်ချမ်းသာ ။ ၄ မိုင် အစရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေလည်း ပြန်ရုတ်သိမ်းသွားပြီ။ ကိုယ့်အိမ်လေးတွေ စားစရာတွေနဲ့ဖြစ်ကုန်ပြီ။ တန်ဖိုးနည်းအိမ်ယာလေးတွေ မိုက်တယ်ဗျ။

ဧရာဝတီတိုင်းမှာ စပါးခင်းတွေကောင်းလွန်းလို့။ စပါးဈေးတွေလည်း တော်တော်ကျတယ်။ ပုသိမ်ကနေ မြောင်းမြကို ဆိုင်ကယ်နဲ့ လစ်တာ။ မြောင်းမြကြိုးတံတားကြီးလည်း အရင်လို ပါပဲ။ မြစိမ်းတောင်ဆရာတော်ကြီး မေတ္တာကြောင့် မြောင်းမြမြို့ ဘာမှမဖြစ်တာလို့ ပြောကြ တာပဲ။ မော်ကျွန်း ဝန်းကျင်းကရွာတွေ၊ ဘိုကလေးဘက်ကရွာတွေ၊ လပွတ္တာခရိုင်ထဲက ရွာတွေနေရာခပ်များများ CDMA တွေက လယ်ကွင်းထဲ စပါးစိုက်နေရင်းကို ဖုန်းပြောနေကြ တာဗျာ။ ကျွန်တော်လည်း ပုသိမ်ရောက်တာနဲ့ (၀၉၈၅၅၉xxx ) လေးနဲ့မှ ဆက်သွယ်မှုဧရိယာ ပြင်ပ မရောက်တော့တာ။ ပိုးလောင်း ၊ ဟိုင်းကြီး တို့မှာလည်း စီဒီအမ်အေ တွေပြောလို့……. သြော် ပြောရဦးမယ် ဧရာဝတီတိုင်းမှာ အရင်က လပွတ္တာက မြောင်းမြခရိုင်လက်အောက်ခံလေ၊ အခု သူက လပွတ္တာခရိုင် ဆိုပြီး မော်လမြိုင်ကျွန်း၊ ဟိုင်းကြီး၊ပြင်စလူမြို့နယ်ခွဲ တွေနဲ့ အသစ်ဖွင့် ပစ်လိုက်ပြီ…ဆိုတော့ အနော်တို့ ဧရာဝတီတိုင်းမှာ ခရိုင် ၆ ခုဖြစ်သွားပြီဗျ။ ဟဲဟဲ

ပုသိမ် ဟာလဝါ လုပ်ငန်းတွေ အေးဆေး။ ပုသိမ်ထီးလေးတွေရော အရင်လိုလှဆဲပါဗျ။ မြောင်းမြ ဒေါ်ချိုမုန့်ဟင်းခါး လည်း ဥပုသ်နေ့တစ်ရက်ပဲ ဈေးပြင်ထွက်ရောင်းတယ်။ ကျန်ဈေးဖွင့်ရက် အတွင်းထဲမှာရောင်းတာပေါ့။ Overseaက မြန်မာတွေစားတဲ့ မြောင်းမြ ဒေါ်ချို အသင့်စား အထုပ်လေးတွေကတော့ ရန်ကုန် လက်ခွဲ ကနေထုတ်တာပေါ့ဗျာ။ ကိုဥာဏ်တို့ စားရအောင် မြောင်းမြပုဇွန်ချဉ် နဲ့ ဝက်အူချောင်းကို အိမ်တွေကိုပို့ပေးထားမယ်သိလား။ ( ယုံရခက်ကြီးပါကွယ် … (ကိုဥာဏ်(စက်မှု))…)

ဥာဏ်ကြီးရေ အချိန်မရလို့ ဒီလောက်ပဲ ရေးထားလိုက်ဦးမယ် နော…. တာ့တာဗျာ အားလုံးလိုအင်ဆန္ဒ ပြည့်ဝပြီး ကိုယ်စိတ်အေးချမ်းကြပါစေသား……………………………( နေလွမ်းသူ )”

Read More...

Friday, November 7, 2008

ကိုအောင်မှူးကြီး၏ ထုတ်ကုန်များ

လွန်စွာငြီးငွေ့ဖွယ် ကောင်းလှသော ကျောင်းပိတ်ရက် တစ်ရက်တွင် ပုံမှန်လုပ်နေကျ မော်စကိုမြို့တစ်ပတ် ခြေရှည်လျှက် အပေါင်းအသင်း မိတ်ဆွေဘော်ဘော်တို့၏ အဆောင်ပေါ်သို့ ခေါ်ခေါ်၊ မခေါ်ခေါ် အတင်း တက်ရောက်ကာ ဗော့ဒ်ကာ တိုက်ခိုင်းခြင်းတည်း ဟူသော အလုပ်ကို မလုပ်ဖြစ်ဘဲ ကွန်ပြူတာရှေ့တွင် ငုတ်တုပ် ထိုင်လျှက် လူတစ်ပိုင်း ကွန်ပြူတာတစ်ပိုင်း ဘ၀ဖြင့် ဂူအောင်းကျင့်စဉ် ကျင့်နေစဉ် ဂျီတော့ပေါ်မှ ညီမငယ်တစ်ဦးက ရုတ်တရက် “ ကိုအောင်မှူးဆိုတာ တကယ်ရှိတာလား ” ဟု ထမေးလေတော့သည်။ မိတ်ဆွေကြီး အောင်မှူးကား မသေသေး။ သင်္ချိုင်းကို ခြေတစ်ဖက် နင်းမိရုံသာ ရှိသေးသည့် အရှင်လတ်လတ် ငုတ်တုပ်ကြီး ဖြစ်လေရကား ကျွန်တော့်မှာ ထိုညီမငယ်ကို မည်သို့ ပြန်ဖြေရမှန်း မသိတော့ချေ။ အဆိုပါ ညီမငယ်နှင့် စကားပြောနေရင်းမှ မိတ်ဆွေကြီး အောင်မှူးကို သတိရလိုက်မိသဖြင့် ဂျီတော့ပေါ်တွင် ရှာဖွေလျှက် လှမ်းခေါ်လိုက်မိရာ အောင်မှူးကား နာမည်နှင့်လိုက်ဖက်လှစွာ မူးနေလေပြီ။ သူကား မူးမူးနှင့် ရစ်နေလေ၏။ နောက်စနေတွင် ကျွန်တော့်ထံ လာရ်ျ နှိပ်စက်ဦးမည် ဆို၏။ လွန်ခဲ့သော နှစ်ပတ်ခန့်က နည်းပညာပြပွဲ တစ်ခုသို့ သွားရင်း လမ်းမကြုံ၊ ကြုံအောင် လုပ်ကာ သူ့အခန်းသို့ တက်ရောက်လျှက် ဘီယာ သောက်ခဲ့ခြင်းကို မကျေနပ်ရ်ျ လက်စားချေတော့မည့် ပုံတည်း။ လာမည့်စနေတွင် ထွက်စရာ လမ်းကြောင်းတစ်ခု အမြန်ရှာလျှက် ရှောင်တိမ်း ရဦးပေတော့မည်။

မိတ်ဆွေကြီး အောင်မှူးကား ဒိုင်ကြောင်များ လွန်စွာထွက်သော ဦးခေါင်းတစ်လုံးကို ပိုင်ဆိုင်လေသည်။ ကဗျာလိုလို စာလိုလို၊ တောမရောက် တောင်မရောက်များ လွန်စွာရေးနိုင်သူတည်း။ အလယ်တန်း ကျောင်းသား ဘ၀က ရည်းစားစာ တစ်စောင်လျှင် လက်ဖက်ရည် တစ်ခွက်နှုန်းဖြင့် အငှားရေးပေးခဲ့ဖူးသည် ဟူသော သတင်း စကားမှာ လက်ခံနိုင်ဖွယ် ရှိသည်ဟု ထင်မိလေသည်။ သူ့အခန်းသို့ ခဏရောက်ခိုက် သူရေးထားသော ကဗျာမပီ၊ စာမမည်များကို တွေ့ရသဖြင့် ကူးယူလာခဲ့လေရာ စာဖတ်သူ မိတ်ဆွေများထံ ဝေငှလိုက်ရလေသည်။ မိတ်ဆွေကြီး အောင်မှူးကား သူ့စာများကို “ နှလုံးသွေးဖြင့် ရေးထားသော စာများ ” ဟု ဆို၏။ ကျွန်တော်ကတော့ “ ပုလင်းနှစ်လုံးဖြင့် ရေးထားသော စာများ ” ဟုသာ အမွှန်းတင်လို၏။ ခံစားကြည့်ကြပါကုန်။ ကဗျာချစ်သူများ အနေဖြင့် နားလည်ခံစားရ်ျ ရသည်ဆိုပါက ကူးယူတင်ပြသော ကျွန်တော့်ကိုသာ ချီးကျူးကြပြီး အပြစ်ဆိုစရာများ ရှိပါက ရေးစပ်သူ အောင်မှူးကိုသာ အပြစ်ပြောကြပါကုန် .. ။

“ နှောင်းတေး …. ”
ဆီမီးလည်း ငြိမ်းလေပြီ
ပွဲတော်လည်း သိမ်းလေပြီတဲ့
အလင်းမဲ့ ညတို့ဝိုးဝါး
ငါ့ရင်ခွင်ကြားက
ကဗ္ဗည်းတင်ထားတဲ့ သစ္စာ
ကြယ်ကြွေညတိုင်းအတွက်
ဆုတောင်း အလင်္ကာပါ...။

စံပယ်တွေပဲ ပြုစားတာလား
မြူနှင်းတို့ပဲ နာဖျားတာလား
ဘာပဲဖြစ်ဖြစ်
လူသိမခံဝံ့တဲ့၊ ကျွန်တော့်ရဲ့
အုံ့ပုန်းအချစ် ဆိုတာ
ဆယ်စုနှစ် တခုစာ မပွင့်ပဲဖူးခဲ့တဲ့ ပန်းလေးပါ....။

အလင်းတို့ လဲ့ပြာတွန့်လိပ်
စက္ကူပင်ရိပ်အောက်က ညများ
ကျိန်စာ တစ်ထောင်သင့်သူရဲ့ နှုတ်ဖျားက
ချစ်တယ်ဆိုတာ...
ကမ္ဘာတစ်သန်းကြာမှ ပြန်ကြားရမယ့် အသံပဲဖြစ်တယ်။

ဝုန်းကနဲ ရုန်းကြွလာတဲ့
မီးငရဲ ရဲရဲတွေကို
ရင်ဘတ်ထဲ သိမ်းဆွဲ
ကျကွဲသွားတဲ့ နှလုံးသားရဲ့ ဈာပန
(ငါတစ်ယောက်တည်း)
တိတ်တိတ်လေးချမယ်... ။ (အောင်မှူး)

“ အလင်းနှစ် .. ”
ချွေးစစိုလူး
ကြောက်လန့်ဖွယ်အိပ်မက်ဦးတို့နဲ့
တိခနဲဖြတ်တဲ့ သံယောဇဉ်ဆိုတာ
ဥတ္တရနဲ့ ဒက္ခိဏလို ယာဉ်စွန်းတန်းမှမဟုတ်၊
တမြေထဲမှာလည်း
ကမ္ဘာခြားတာ မင်းနဲ့ငါ …. ။ (အောင်မှူး)

“ ဆေး ”
အသံထွက်ညံ့ကံကြမ္မာ
သစ်လွင်လာတဲ့ ဒါဏ်ရာတွေ
တနေ့ထက်တနေ့ ၊
မီးခိုးငွေ့နဲ့ ဘဝကို ပွတ်သပ်
လမ်းရွေးမှားတဲ့ မနက်၊
ကမ္ဘာကြီးအတွက် မောနင်းပက်ပေါ့ … ။ (အောင်မှူး)

“ မော်စကိုဆောင်း ”
လေကြမ်းရင့်ရင့်
ဝဲလွင့်သောနှင်းပွင့်များနှင့်
ရွက်ကြွေသစ်ကိုင်းတို့ ငြီးတွား
အသားတွေ ထုံရီသွေ့ခြောက်ရင်း
တွင်းအောင်း ဝက်ဝံတို့အိပ်စက်
ရေခဲမြစ်ရဲ့အိပ်မက်တွေ စီးဆင်းနေသတဲ့ …. ။ (အောင်မှူး)

Read More...

Wednesday, November 5, 2008

ကိုဥာဏ်(စက်မှု) ဆားချက်ခြင်း

ကျောင်းဆက်တိုက် ( ၆ ) ရက်ပိတ်သော ဤသီတင်းပတ်တွင် လက်ဖက်ခြောက်ရိုးလည်း မထောင်၊ ဧည့်လာဂမုံးလည်း မစိုက်မိပါဘဲနှင့် ချီတက်လာကြကုန်သော ဧည့်သည်ဘော်ဘော် အပေါင်းတို့နှင့်အတူ ဗော့ဒ်ကာအိုင်ထဲ ခေါင်းမြုပ်နေမိလေသဖြင့် ဘလော့ကို ဖွင့်မကြည့်ဖြစ်သည်ပင် ကြာလေပြီ။ ရွှေဧည့်သည် ဘော်ဘော်အပေါင်းတို့ အဆောင်ပေါ်က ပြန်ဆင်းသွားပြီးနောက် ၂၅လီတာဆန့် အမှိုက်ပုံးတွင် ပြည့်လျှံ ဖောင်းကြွနေကြကုန်သော ဗော့ဒ်ကာ ပုလင်းအခွံများနှင့် အအေးဗူးအခွံများကို သွားရောက်စွန့်ပစ်ပြီး သကာလ ဘလော့သို့ ခဏ၀င်ကြည့်မိသောခါ အမြောက်သံ၊ ဗုံးသံ စီစီညံအောင် တိုက်ပွဲဝင်နေကြသည်ကို တွေ့လိုက်ရလေသတည်း။ သူမရှိခိုက် သူ့ဘလော့ကို ကျွှန်တော့်အား ယုံကြည်စွာ အပ်နှံခဲ့မိလေသော ရောင်းရင်းကြီး နေလွမ်းသူ ခမျာတော့ နောင်တတွေ တသီကြီး ရနေလောက်ပေပြီ။ နေလွမ်းသူ ကလည်း ပေါ်မလာ အတော်ကြာ လုပ်နေလေရာ “ အိမ်ကို …. ပြန်ခဲ့တော့ …. ဟေ့ညီလေး အရောက်ပြန်ခဲ့ ..” ဟု မျိုးကြီးစတိုင်ဖြင့်သာ ဟဲလိုက်ချင်ပေတော့သည်။ ရွှေဧည့်သည် အပေါင်း ပြန်ကာဂျောင်းသွားကြသော်လည်း အရက်နာ သာမက ဧည့်နာပါ ကျနေသည် ဖြစ်လေရကား ကျွန်တော့်မှာ ပျော်ရွှင်ရယ်မောစရာ ပို့စ်လေးများ ရေးရန် မည်သို့မျှ ကြိုးစားရ်ျ မရသည့် အဆုံး အောက်ပါအတိုင်း ဆားချက်မိလေသတည်း။

ကျွန်တော်သည် “ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တယားများ” ဟူသော အထူးပြု ဘာသာရပ်ဖြင့် မော်စကို ဆောက်လုပ်ရေးတက္ကသိုလ်တွင် တက်ရောက်နေပေရာ ဓာတ်လှေကား ( Lifts ) များအကြောင်းကို အများဆုံး သင်ရလေသည်။ စာမေးပွဲတွင် ဒုက္ခအပေးဆုံး ဘာသာရပ်မှာလည်း အဆိုပါ ဘာသာရပ်ပင်ဖြစ်လေရာ စိတ်နာနာဖြင့် “ ဓာတ်လှေကားများအကြောင်း တစေ့တစောင်း ” ဟု ခေါင်းစဉ်တပ်ကာ ပို့စ် တစ်ခုရေးလျှက် မြန်မာအင်ဂျင်နီယာဖိုရမ်တွင် တင်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံတွင် ဓာတ်လှေကားများထက် အယ်လီဗေတာ ခေါ် စက်လှေကားများကိုသာ ပေါများစွာတွေ့ရလေရာ ရွှေတိဂုံဘုရားသို့ တက်သောအခါနှင့် မန္တလေးတောင်ပေါ် တက်သောအခါ တို့တွင်သာ ဓာတ်လှေကားကို စီးခဲ့ဖူးသော်လည်း ယခုတော့ လက်တွေ့ခန်းထဲက မြေကြီးပေါ်တွင် တစ်စစီ ဖြုတ်ချထားသော ဓာတ်လှေကား အိမ်ကြီးအတွင်း ၀င်ထိုင်လျှက် တနေကုန် တနေခန်း Assignment ရေးလိုက် defence လုပ်လိုက်နှင့် ဘ၀က ခါးနေလေရာ စိတ်ပေါက်ပေါက် ရှိသည်နှင့် မြန်မာလို ဘာသာပြန်ကာ ရေးသားခဲ့မိသော ပို့စ် တစ်ခုဖြစ်ပါသည်။ နေလွမ်းသူ ဘလော့၏ ရသ လမ်းကြောင်းပေါ်မှ သွေဖည်နေသော်လည်း ဗဟုသုတ တစ်ခုအနေဖြင့် တင်ပေးလိုက်ပါသည်။ ရွှင်မြူးစရာ ဇာတ်လမ်းလေးများကို မျှော်လင့်နေသူ မိတ်ဆွေများအနေဖြင့် နားလည် ခွင့်လွှတ်ပေးကြပါကုန်။
(တလက်စတည်း ဤနေလွမ်းသူ ဘလော့ကို ကျားတက်ထိုးနေသူ မိတ်ဆွေများကို တောင်းပန်လိုသည်မှာ - ဤဘလော့သည် နိုင်ငံရေး အညှီအဟောက် ကင်းရှင်းပြီး အရာရှိငယ် တစ်ယောက်၏ ဘ၀ အတွေ့အကြုံလေးများကို ရသနှောလျှက် မည်သည့် ရည်ရွယ်ချက် တစ်စုံတစ်ရာမှ မပါဘဲ ရိုးသားစွာ ရေးသားနေသော ဘလော့တစ်ခုသာ ဖြစ်ပါသည်။ သို့ဖြစ်ပါရ်ျ တော်ရာသင့်ရာသို့သာ ဆက်လက်ချီတက်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံ အပ်ပါသည်။ )

Lifts (ဓာတ်လှေကား) တို့ အကြောင်း တစေ့တစောင်း
အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်လာပုံသမိုင်း
သမိုင်းဦးဘုံမြေခေတ်မှ စရ်ျ လူသားတို့၏ ယဉ်ကျေးမှု အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာသကဲ့သို့ပင် နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည့် နည်းပညာများလည်း ပြောင်းလဲ တိုးတက်လာအောင် တဖြည်းဖြည်း တီထွင်ဆန်းသစ်လာခဲ့ကြပါသည်။

Lifts များကို အစောဆုံး အားဖြင့် ရောမခေတ် ဗိသုကာ ပညာရှင်များက စတင်ရ်ျ အသုံးပြုခဲ့ ကြောင်း တွေ့ရပါသည်။ ဘီစီ 236 တွင် အာခိမိဒိ က ၀ိတ်( weight ) ကို အသုံးပြု ရ်ျအပေါ်သို့ မ တင်နိုင်သော စက်ကိရိယာ တစ်မျိုးကို တီထွင်ခဲ့သည်။ မူလအစက ထိုစနစ်ကို အခြေခံရ်ျ လောက်လွဲလက်နက် ဟုခေါ်သော လက်နက်ကြီးများဖြင့် ရန်သူ၏ အုတ်တံတိုင်းများကို ဖြိုဖျက်ရာတွင် အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင်မှသာ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြီးမားလေးလံသော ကျောက်တုံးကြီးများကို အမြင့်သို့ မ တင်နိုင်ရန် အတွက် အဆိုပါ နည်းပညာကို စတင်သုံးစွဲခဲ့ကြသည်။ ထိုကြောင့် အပေါ်သို့ပင့်တင်ခြင်း ဟူသော အဓိပာယ်ဖြင့် (Lift ) ဟုခေါ်တွင် သော စက်ကိရိယာ စတင်ပေါ်ပေါက်လာခဲ့ပေသည်။ ထိုစက်ကိရိယာတွင် ပစ္စည်း များ တင်ဆောင်ရန် အခန်းပါရှိသော်လည်း မောင်းနှင်ရန် အင်ဂျင်မပါရှိသေးပေ။ အထက်သို့ မ တင်ရန်အတွက် ထိုခေတ်က ကျွန် တို့၏ လုပ်အားဖြင့် သော်လည်းကောင်း၊ ခွန်အားကြီးမားသော တိရိစ္ဆာန်များ၏ ခွန်အားဖြင့် သော်လည်းကောင်း ဆွဲတင်ခဲ့ ကြရသည်။

အေဒီ( ၆ )ရာစု အလယ်ပိုင်း အီဂျစ်နိုင်ငံ ဘုရားကျောင်းများ ဆောက်လုပ်ရာတွင် ကျောက်တုံးကျောက်ခဲများကို အပေါ်သို့ ပို့ဆောင်ရန် အစွန်းတစ်ဖက်တွင် ၀ိတ်တုံးကြီးများ တပ်ဆင် ထားသော တိရိစ္ဆာန် ဆွဲ Lifts များ စတင် အသုံးပြုခဲ့ကြသည်။ အေဒီ ( ၁၃ ) ရာစု တွင် ပြင်သစ် နိုင်ငံရှိ နန်းတော်ကြီးများနှင့် ဘုရားကျောင်းများတွင် လူအားဖြင့် ဆွဲတင်သော Lifts များ စတင် တပ်ဆင် အသုံးပြုခဲ့ကြောင်း တွေ့ရပါသည်။ အေဒီ ( ၁၈ ) ရာစု အလယ်ပိုင်းတွင် ရုရှနိုင်ငံ ဇာဘုရင့်  နန်းတော် အဆောက်အအုံတွင်း Lifts များ စတင်တပ်ဆင်ခဲ့သည်။ ၁၇၉၅ ခုနှစ်တွင် စက်မှုအင်ဂျင်နီယာ ပညာရှင် ကူလ်ဗင် ဆိုသူက စိန့်ပီတာစဘတ်မြို့ရှိ ဇာ ဘုရင်၏ ဆောင်းရာသီ နန်းတော်တွင် ပတ္တားကြိုးများ အသုံးပြုသော Liftကို စတင်တပ်ဆင်ပေး ခဲ့သည်။ ၁၈၁၆ ခုနှစ်တွင် မော်စကို မြို့ အစွန်ရှိ ခရစ်တော်ဘုရားကျောင်းတွင် Lifts များ စမ်းသပ် တပ်ဆင်ခဲ့သည်။

အထက်ဖော်ပြပါ စက်ကိရိယာများသည် ကုန်ပစ္စည်းများနှင့် ထမ်းပိုးသယ်ဆောင်ရန် ခက်ခဲသော ဆောက်လုပ်ရေး ကိရိယာ တန်ဆာပလာများ ကို အမြင့်သို့ ရွေ့လျားပို့ဆောင်ရန်သာ ရည်ရွယ်တည်ဆောက်ခဲ့သော စက်ကိရိယာများ ဖြစ်ကြပါသည်။ ယနေ့ခေတ်သုံး လူနှင့် ပစ္စည်း တင် ဆောင်နိုင်သော Lifts များကိုမူ ( ၁၉ )ရာစု နှောင်းပိုင်းနှင့် ( ၂၀ ) ရာစု အစတွင်မှသာ ဥရောပနှင့် မြောက်အမေရိက တွင် စတင်တီထွင်နိုင်ခဲ့ကြပါသည်။ အဆိုပါဒေသများရှိ မြို့ကြီးများသည် လူဦးရေ လွန်မင်းစွာ ထူထပ်များပြား လာခဲ့ပြီး မြေနေရာ မလုံလောက်မှုကြောင့် အထပ်မြင့် အဆောက်အအုံ ကြီးများ ဆောက်လုပ်ခဲ့ရာ အတွင်းဘက် လှေကားတစ်ခု အရေးပေါ်လိုအပ်ချက်အရ Lifts များကို မဖြစ်မနေ တည်ဆောက်ခဲ့ကြရသည်။ ထိုအချိန်တွင် စွမ်းအင် အသုံးပြု စက်မှုလုပ်ငန်း များ စတင် ပေါ်ထွက်လာခဲ့ ကြပြီဖြစ်သည်။ ရေအားဖြင့် လည်ပတ်သော အင်ဂျင်များ၊ ရေနွေးငွေ့အင်ဂျင်များ၊ အတွင်း မီးလောင်ပေါက်ကွဲ ( I.C ) အင်ဂျင်များ(ဓာတ်ဆီ၊ ဒီဇာယ်အင်ဂျင်များ) တွင်ကျယ် လာခဲ့ပေသည်။

သတ္တုဗေဒ ပညာရပ်တွင်လည်း များစွာတိုးတက်လာခဲ့ပြီး စတီးလ် ချောင်းများနှင့် စတီးလ် ကြိုးများ စတင်ထုတ်လုပ်နိုင်ခဲ့ကြသည်။ လျှပ်စစ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြသဖြင့် စကားပြော ကြေးနန်း နည်းပညာစတင်ပေါ်ပေါက်လာပြီး ရွေ့လျားနေသော ဓာတ်လှေကား အတွင်းနှင့် ထိန်းသိမ်းရေးခန်းတို့ အောင်မြင်စွာ ဆက်သွယ်နိုင်လာခဲ့သည်။

ကမ္ဘာ့ပထမဦးဆုံးသော လူစီး ဓာတ်လှေကားသည် ၁၈၅၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ၌ စတင် ပေါ်ထွက်လာခဲ့သည်။ ၁၈၅၂ ခုနှစ်တွင် Safety system တပ်ဆင်ထားသော ဓာတ်လှေကားအိမ်ကို တီထွင် နိုင်ခဲ့သည်။ သို့သော် အဆိုပါ ဓာတ်လှေကားကို ရွေ့လျား ရန် အတွက် ကိုမူ ရေနွေးငွေ့ အင်ဂျင်ကိုသာ အသုံးပြုခဲ့သည်။ ၁၈၆၇ တွင် ဟိုက်ဒြောလစ် စနစ်ကို စတင် လုပ်ဆောင်နိုင်ပြီး ဓာတ်လှေကားအိမ်ကို ရွေ့လျား နိုင်ရန် ဟိုက်ဒြောလစ် ဆလင်ဒါ ကို တပ်ဆင်နိုင်ခဲ့သည်။ အဆိုပါစနစ်တွင် ဓာတ်လှေကားအိမ်၏ အခြား တစ်ဖက်တွင် ၀ိတ်တုံးခံစရာ မလိုတော့သော်လည်း အချို့သော ထုတ်လုပ်သူများက ၀ိတ်တုံးများ ထည့်သွင်းတည်ဆောက်ခဲ့ကြသည်။ သို့သော် က်ျစနစ်သုံး ဓာတ်လှေကားများမှာ လွန်စွာ မြင့်သော အဆောက်အအုံများတွင် တပ်ဆင် ရန် မဖြစ်နိုင်သဖြင့် မတွင်ကျယ်ခဲ့ပေ။ ထို့ကြောင့် စက်မှုလုပ်ငန်းများတွင်သာ လေးလံသော စက်အစိတ်အပိုင်းကြီးများ ရွေ့ပြောင်းရန် အသုံးပြုခဲ့ ပေသည်။

အစဦးဆုံးသော ဓာတ်လှေကားများတွင် တပ်ဆင်ထားသော သံမဏိကြိုးများ၏ အရည် အသွေး မထိန်းညှိနိုင်သေးသဖြင့် မကြာခဏ ပျက်ကျခြင်းများနှင့် ကြုံရပြီးနောက် ဓာတ်လှေကား ၏ အရှိန်ကို ထိန်းညှိပေးနိုင်မည့် Mechanism ကို စဉ်းစားရှာဖွေလာခဲ့ကြသည်။ ၁၈၇၈ ခုနှစ်တွင် ဓာတ်လှေကား အရှိန်ကို ထိန်းညှိပေးနိုင်မည့် အော်တိုမတ်တစ် ခလုတ်ပိတ် စနစ်ကို တီထွင် နိုင်လာ ခဲ့သည်။ ထိုစနစ်တွင် အကယ်ရ်ျ ဓာတ်လှေကား ရုတ်တရက် အရှိန်မြင့်တက်လာပါက ဓာတ်လှေကား အိမ်ကို အလိုအလျောက် ဆွဲဖမ်းပေးထားမည့် ဘရိတ်များ ပါဝင်သည်။

ပထမဆုံး လျှပ်စစ်မော်တာ စွမ်းအင်သုံး ဓာတ်လှေကားကို ၁၈၈၀ ခုနှစ်တွင် ဂျာမနီနိုင်ငံ မှ Semann ကုမဏီ က စတင်ထုတ်လုပ် ရောင်းချခဲ့သည်။ က်ျသို့ဖြင့် အိမ်သုံး ဓာတ်လှေကားများ စတင် တွင်ကျယ်လာခဲ့ ကြပြီး (၂၀) ရာစု အစပိုင်းမှ စရ်ျ ဓာတ်လှေကားများကို လျှပ်စစ်စွမ်းအင်ဖြင့် သာ မောင်းနှင်လာခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး နောက်ပိုင်းမှ စရ်ျ ကမ္ဘာ့မြို့ကြီးများတွင် လွန်စွာ မြင့်မားသော အထပ်မြင့် အဆောက်အအုံကြီးများ ခေတ်စားလာခဲ့ပြီး ဓာတ်လှေကားတို့၏ အရေးပါမှုလည်း ပိုမို မြင့်မားလာခဲ့ပေသည်။

Read More...

Monday, October 13, 2008

ဖိနပ်တစ်ဖက်၏ ဒိုင်ယာရီ

လွန်စွာငြီးငွေ့ဖွယ်ကောင်းသော ကျောင်းဖွင့်ရက် တစ်ရက်တွင် စာသင်ခန်းအတွင်း ထိုင်လျှက် အတူနေ ရုရှဘော်ဒါများထံမှ မဟုတ်က ၊ဟုတ်က ရုရှစကားလုံးများ သင်ယူမှတ်သားခြင်းအားဖြင့် အချိန်ကို အကျိုးရှိစွာ ကုန်လွန်စေခဲ့လေသည်။ အမှန်တကယ်လည်း အကျိုးရှိပါသည်။ ထိုကဲ့သို့သော စကားလုံးများကိုသာ တတ်မထားပါက ကိုယ့်ကို ဆဲလို့ ဆဲနေမှန်း သိမည် မဟုတ်ပေ။ မော်စကိုရောက်စ ရုရှစကား မတတ်တတတ် အူကြောင်ကြား ဘ၀က ကိုယ့်ကို ဆဲလို့ ဆဲမှန်းမသိဘဲ ဘယ်လောက်များ ခံခဲ့ရလဲ မသိ။ ပြန်တွေးမိတိုင်း ရှက်မိလေသည်။ ကျွန်တော့်အကိုကြီး တစ်ယောက်၏ အဖြစ်က ပိုဆိုးသည်။ သူ မော်စကိုသို့ ရောက်ခါစ ရုရှစကားလည်း ကောင်းကောင်း မတတ်သေးချိန်တွင် မြေအောက်ရထားဘူတာထဲ၌ အဖိုးကြီးတစ်ယောက်၏ ဖိနပ်ကို တက်နင်းမိသည်ဆို၏။ ထိုအခါ လွန်စွာ အားနာသွားလျှက် တောင်းပန်သောအနေဖြင့် အဖိုးကြီးအား အသာသွားဖြဲပြကာ “ စပါဆီးဗာ ” ဟု ပြောမိသည်ဟူ၏။ အမှန်တကယ် သူပြောလိုသည်မှာ “ တောင်းပန်ပါတယ် ခင်ဗျာ ” ဟူသော “ အိဇဗိ ညိကျယ် ” ဖြစ်သော်လည်း “ ကျေးဇူးတင်ပါသည် ” ဟု အဓိပါယ်ရသော “ စပါဆီးဗာ ” ဟူသော စကားလုံးနှင့် မှားပြောမိလေရာ အဖိုးကြီး မျက်နှာနီကာ ဒေါဖောင်းလေသတည်း။ သို့သော် အဖိုးကြီးမှာ သူ ရုရှစကား ကောင်းကောင်း မတတ်သေးကြောင်း ရိပ်မိကာ ခွင့်လွှတ်လိုက်ရ်ျ တော်သေးသည် ဆို၏။ ထို့ကြောင့် ဘလက်ဘုတ်ပေါ်တွင် ကြောင်ခြစ်သကဲ့သို့ ဘာရေးထားမှန်း ဖတ်လို့ မရဘဲ ပါးစပ်ကလည်း ဗလုံးဗထွေး ပြောကာ စာသင်တတ်သူ ( ကျောက်စာတွေရေးပြီး ဂြိုလ်သားစကားတွေ ပြောတတ်သူ ) ဆရာများ အချိန်ဆိုပါက ကျွန်တော်သည် လက်ချာကို သေချာ မလိုက်တော့ဘဲ ရုရှဘော်ဒါများထံမှ အဆိုပါ အယုတ္တ အနတ္တ ရုရှစကားလုံးများကို ကျားကုတ်ကျားခဲ လိုက်လံ သင်ယူလေတော့သတည်း။

ဤသို့ဤပုံ တစ်နေ့တာ ကုန်ဆုံးစေပြီးနောက် အဆောင်သို့ ပြန်ရောက်ရ်ျ အွန်လိုင်းပေါ် တက်မိလေသောအခါ မိတ်ဆွေကြီး အောင်မှူးနှင့် တွေ့ရလေသည်။ သူ၏ ကိုယ်ပိုင်ဟန် ၊ကိုယ်ပိုင်စတိုင်ဖြစ်သော ဂျီတော့ ကာစတန် မက်ဆေ့ခ်ျ ဘောက်ထဲက အူကြောင်ကြောင် စာသားများတန်ခိုးကြောင့် မိတ်ဆွေကြီး အောင်မှူးအား ထင်းကနဲ မြင်နိုင်လေသည်။ အောင်မှူးကား ဦးပုည သေလို့ ၀င်စားသလား၊ လက်ဝဲသုဒ္ဒရသေလို့ ၀င်စားသလားတော့ မသိ၊ ကဗျာလိုလို ဒိုင်လိုလို စာသားများ လွန်စွာရေးနိုင်သူတည်း။ သူကား အလယ်တန်ုးကျောင်းသားဘ၀က ရည်းစားစာ တစ်စောင်လျှင် လက်ဖက်ရည် တစ်ခွက်နှုန်းဖြင့် အငှားရေးပေးခဲ့ဖူးသည် ဟုလည်း သတင်းသဲ့သဲ့ ကြားမိလေသည်။ သူရေးပေးသော ရည်းစားစာကို ဘော်ဒါတစ်ယောက်က လက်ဖက်ရည်တစ်ခွက်ဖြင့် ၀ယ်ယူပြီးနောက် သူ့ညီမကို ပြန်ပေးသွားသောအခါတွင်မှ ထိုလုပ်ငန်း ရပ်လိုက်သည် ဆို၏။ ပါးစပ်သတင်း ဖြစ်ရာ အတည်ဟုတ် မဟုတ်မသေချာသော်လည်း သူ့ကြည့်ရတာတော့ တကယ်လုပ်ခဲ့မည့် ပုံတည်း။ ရှုလော့။ ယခုလည်း ကျွန်တော့်အား သွေးဆောင်နေပြန်၏။ ဇာဘုရင်၏ နန်းတော်ဟောင်းသို့ အလည်အပတ် သွားရန် အတင်းခေါ်နေလေသည်။ အပြန်တွင် မက်ဒေါနယ်၌ ဟန်ဘာဂါ ကျွေးမည်ဆို၏။ သို့သော် ပိုက်ဆံကိုတော့ ကိုယ့်ဘာသာ ရှင်းဟု ပြောပြန်လေသည်။ သူကား စကားကို မရှင်းမရှင်းပြောကာ နှစ်လုံးတည်းနှင့် ဘောင်းဘီကျပ် တတ်သူတည်း။ သူ၏ တော်ကီများဝယ် ခံရပေါင်းများပြီဖြစ်ရာ ကျွန်တော့်မှာ အတန်တန် ငြင်းပယ်လျှက် စကားကို အတင်းလွှဲပစ်ရလေသည်။ မိတ်ဆွေကြီး အောင်မှူးနှင့် ဟိုအကြောင်း ဒီအကြောင်း အလာပ သလာပ ပြောမိရင်းမှ ဗိုလ်လောင်းဘ၀ လုပ်ငန်းခွင် လက်တွေ့ဆင်းစဉ် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်လေးကို ရုတ်တရက် သတိရမိလေသည်။

ကျွန်တော်တို့ ဗိုလ်လောင်းဘ၀က နှစ်စဉ် ပထမနှစ်ဝက် စာမေးပွဲများ ဖြေဆိုပြီးပါက လက်တွေ့လုပ်ငန်းခွင် လေ့လာရေးအဖြစ် Field တစ်လ ဆင်းရပါသည်။ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ အလုပ်ရုံတပ်များတွင် လည်းကောင်း၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံများတွင် လည်းကောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စက်ရုံများတွင်လည်းကောင်း၊ ဆောက်လုပ်ရေး စီမံကိန်းများတွင် လည်းကောင်း အစရှိသဖြင့် ဘာသာရပ် မေဂျာအလိုက် လက်တွေ့လုပ်ငန်းခွင် တစ်လ သွားကြရပါသည်။ မေဂျာတစ်ခုထဲတွင်လည်း တစ်နှစ်နှင့် တစ်နှစ် လုပ်ငန်းခွင် နေရာမတူ၊ စာသင်နှစ်အလိုက် ပြောင်းလဲရ်ျ လက်တွေ့ဆင်းကြရ၏။ ကျွန်တော်၏ မေဂျာမှာ စက်မှု ( Mechanical ) မေဂျာဖြစ်ရာ ဒုတိယနှစ်တွင် မြောင်းတကာ သံမဏိ စက်ရုံတွင် လည်းကောင်း၊ တတိယနှစ်တွင် မန္တလေးမြို့ရှိ စက်မှုလက်မှုတပ် အလုပ်ရုံ ( ၂ ) ၌ လည်းကောင်း၊ စတုတ္ထနှစ်နှင့် နောက်ဆုံးနှစ်တွင် အင်းတကော် စက်မှုလက်မှုတပ် အလုပ်ရုံ ( ၁ ) ၌ လည်းကောင်း လက်တွေ့လုပ်ငန်းခွင် တစ်လစီ ဆင်းခဲ့ရပါသည်။ လက်တွေ့လုပ်ငန်းခွင်သို့ သွားရန် မြန်မာ့တပ်မတော်၏ မဟာ Faw ကားကြီးများဖြင့် ပြင်ဦးလွင်မှ ဆင်းလာသည်ဆိုသည်နှင့် ကျွန်တော်တို့မှာ ဇောင်းမှ လွှတ်လိုက်သော မြင်းများအလား အပျော်ကြီး ပျော်ကြလေသတည်း။

စာသင်နှစ်၏ ပထမနှစ်ဝက် ( ၆ ) လ လုံးလုံး ဗိုလ်လောင်းတပ်ရင်းအတွင်း နေထိုင်ကာ စာသင်ခဲ့ရပြီးနောက် လက်တွေ့လုပ်ငန်းခွင် တစ်လခန့်အတွင်း လူတော သူတော တိုးကြရမည်ဖြစ်ရာ မပျော်ဘဲ နေပါမည်လော။ မန္တလေးသို့ ဆင်းကြရမည်ဆိုပါက စည်ဘီယာဆိုင်များကို ကြိုတင် အိပ်မက်မက်ကြပြီး ရန်ကုန်သို့ ဆင်းကြရမည် ဆိုပါက နိုက်ကလပ်များကို ကြိုတင် အိပ်မက် မက်ကြကုန်လေသတည်း။ ညဘက်သို့ရောက်ရ်ျ ကြီးကြပ်ရန် လိုက်ပါလာသော အရာရှိ အိပ်ယာပေါ် ခေါင်းချသည်နှင့် ကျွန်တော်တို့မှာ ခြံစည်းရိုးကို ကျော်ရ်ျ တစ်မျိုး၊ ခွေးတိုးပေါက်ကို တိုးရ်ျ တစ်ဖုံ၊ ၀ါးထရံကို ခွာရ်ျ တစ်သွယ် အမျိုးမျိုးအဖုံဖုံဖြင့် ကျောင်းမှ လေ့ကျင့် သင်ကြားပေးလိုက်သော စစ်ပညာကို လက်တွေ့အသုံးချကာ အပြင်သို့ ခိုးထွက်ပြီး ကဲကြကုန်လေသည်။ သို့သော် ကြီးကြပ်သော အရာရှိက ထိုအကြောင်းကို ရိပ်မိသွားပြီး ညဘက် ( ၁ ) နာရီ၊ ( ၂ ) နာရီတို့တွင် ရုတ်တရက် တန်းထစီသောအခါ ကျွန်တော်တို့မှာ ကားခနဲ မိကြပြီး နောက်နေ့ တစ်နေ့လုံး မြက်ပေါက်သူပေါက်၊ အိမ်သာ ဆေးသူဆေး၊ အဆုံးအစမမြင်သော လယ်ကွင်းကြီးများတွင် အပိုစစ်ရေးပြဒဏ် SED ဆွဲသူဆွဲ စသည်ဖြင့် ညက ကဲခဲ့ရသည်နှင့် မတန်အောင် ခံကြရပေသည်။ သို့သော် မိကာမှ မိရော။ ညဘက် ခိုးထွက်တာ ကတော့ ကျွန်တော်တို့၏ အစဉ်အလာဖြစ်ပေရာ ထိုအစဉ်အလာကို အသက်ထက်ဆုံး ဆက်လက် စောင့်ထိန်း ကြကုန်လေသည်။ ဤသို့သော ပျော်စရာလေးများကြောင့် ကျွန်တော်တို့မှာ လက်တွေ့လုပ်ငန်းခွင် ဖီး ဆင်းကြရတော့မည် ဆိုသည်နှင့် လွန်စွာ အူမြူးကြကုန်လေသတည်း။

ဗိုလ်လောင်းများ ခရီးသွားပါက စီးတော်ယဉ်မှာ တပ်မတော် Faw ကားကြီးများသာ ဖြစ်လေသည်။ အဆိုပါ Faw ကားကြီးများကား လွန်စွာ အသုံးတည့်လှပေသည်။ ရိက္ခာစုံပုံသော ဒန်ပိန်ကာလတွင် ကုန်တင်ကားကြီးများ အဖြစ်လည်း ဤကားကြီးများပင် တာဝန်ထမ်းဆောင်ကြပေသည်။ ဘုံကထိန်လိုပွဲမျိုးဆိုလျှင်လည်း ပဒေသာပင် တင်ရန်အတွက် ထိုကားကြီးများပင် သုံးလေသည်။ တပ်တွင်း ပရိတ်ရွတ် ဆွမ်းတရားနာရန် ဘုန်းကြီးပင့်လျှင် လည်း အဆိုပါ Faw ကြီးများဖြင့်ပင် ပင့်ရလေသည်။ အသုဘ ဆိုလျှင်ရော။ မစ္စတာဖော Faw ပဲပေါ့။ သူတို့ကား မြန်မာ့တပ်မတော်၏ စွယ်စုံဆင်ကြီးများပင်တည်း။ ကျွန်တော်တို့မှာ မိတ်ဆွေ Faw ကြီးများကို အိတ်စပတ် လေအိတ်ကားများထက် ပိုရ်ျ မြတ်နိုးကြလေသည်။ ဟုတ်သည်လေ။ လေအိတ်ကား လို အိတ်စပတ်ကား ကြီးများဖြင့်သာ ခရီးသွားရပါက ကြီးကြပ်သော အရာရှိရှေ့မှောက်တွင် ဗိုလ်လောင်းငနဲလေးများ အားလုံး ရှေ့ကြည့် အနေအထားဖြင့်သာ စီးလျှက် လိုက်ပါကြရပေလိမ့်မည်။ ပုလင်းလေးဖွင့်ပြီး ခွက်ပုန်းမော့ဖို့ ဝေးစွ၊ ဆေးလိပ်ပင် သောက်ရတော့မည် မဟုတ်။ ဟော .. အခု ချစ်မိတ်ဆွေ ဖောကားကြီးများဖြင့်ဆိုတော့ မည်မျှ ဟန်ကျလေသနည်း။ အရာရှိက ရှေ့ခန်းတွင် ထိုင်နေသည်ဖြစ်ရာ နောက်ခန်းထဲတွင် ကိုယ့်သေတ္တာပေါ် ကိုယ်ထိုင်လျှက် ပုလင်းလေးဖွင့်လိုက်၊ ဆေးလိပ်လေး ဖွာလိုက်ဖြင့် ဗိုလ်လောင်းတို့ ဇိမ်ရှိလေသတည်း။ ဂီတပညာရှင် ဂစ်တာမောင်မောင်တို့ ပါလာလို့ကတော့ သီချင်းလေးများပင် ဟစ်လို့ရသေးသည်။ မမိုက်ပေလော။ ကားကလည်း ကုန်ကားဆိုတော့ လမ်းကြမ်းကြမ်းရောက်သည်နှင့် ကျွန်တော်တို့မှာ ဇကောထဲ ဆီးဖြူသီး ထည့်လှိမ့်သလို ရှိသည်ဖြစ်ရကား မသိလျှင် Rapပဲ က နေသလိုလို ground ပဲ ကနေသလိုလို ဟိုပြေးဒီပြေးနှင့်။ ဟန်ကျလှပေတောင်း။

စတုတ္ထနှစ်တွင် အင်းတကော်သို့ ဖီး ဆင်းရသည်ဖြစ်ရာ ကျွန်တော်တို့မှာ Faw ကားကြီးများကို အမုန်း စီးကြရလေသည်။ ထိုကဲ့သို့ ဖောကားဖြင့် ခရီးသွားကြစဉ် ကြုံခဲ့ရသော အဖြစ်အပျက်လေးတစ်ခုမှာ မမေ့နိုင်ဖွယ်ရာတည်း။ ကျွန်တော်တို့ စီးလာသော ကားပေါ်တွင် ဇိုလားမားဟု နာမည်ပြောင်ခေါ်ကြသော ဘော်ဒါ တစ်ယောက်လည်း ပါလေသည်။ သူကား လူပြောင်တစ်ယောက်တည်း။ ကျန်သော သူများမှာလည်း လူနောက်နှင့် လူပွေများသာ ဖြစ်ပေရာ ကားတစ်စီးလုံး ဆူညံ ပွက်လောရိုက်နေလေသတည်း။ အချင်းချင်း စလိုက်၊ နောက်လိုက် တ၀ါးဝါး တဟားဟား ပွဲကျလိုက်နှင့် ရှိလေသည်။ “ လူမှန်လျှင် အချစ်နှင့် မကင်း၊ တိုင်းပြည်မှန်လျှင် စစ်နှင့် မကင်း၊ စစ်သားမှန်လျှင် အရက်နှင့် မကင်း ” ဟူသော ရှေးပညာရှိကြီးတစ်ဦး၏ ဆိုရိုးစကား အတိုင်း ကျွန်တော်တို့၏ ခါးကြားက စစ်ရေဗူးအတွင်း ရေ အစား ခိုးထည့်လာသော အာမီရန်တို့၏ တန်ခိုးကြောင့်လည်း ပိုရ်ျ ပွဲဆူလေသည်။ ထိုအချိန်က ကားစီးနေစဉ်ဖြစ်ရာ ကျွန်တော်တို့၏ စစ်ဖိနပ်များကို ချွတ်ခွင့်ပြုထား သဖြင့် ကျွန်တော်တို့အားလုံး ခြေညှပ်ဖိနပ်များ၊ ကွင်းထိုးဖိနပ်များဖြင့်သာ ရှိလေသည်။ သို့သော် ထိုင်ခုံမပါသော ကုန်ကားကြီးပေါ်တွင် သေတ္တာများ၊ အိတ်များပေါ်တွင် ဖြစ်သလို ထိုင်လိုက်ကြရခြင်း ဖြစ်ရာ မည်သူမှ ဖိနပ်စီးမထားကြ။ တွေ့ကရာနေရာတွင် ချွတ်ထားကြလေသည်။ ကားရပ်ပြီဆိုမှ ကိုယ့်ဖိနပ်ကို သေတ္တာများ အိတ်များအောက်မှ အတင်း ဖြဲရွဲရှာကာ စီးပြီး ဆင်းကြလေ၏။ ကားပေါ်ပြန်တက်ပြီ ဆိုသည်နှင့် ဒီအတိုင်း ချွတ်ထားလိုက်ကြလေသည်။

ဤသို့ဖြင့် ကျွန်တော်တို့တတွေ အမိုးမပါသော ဖောကားကြီး၏ နောက်ခန်းတွင် အာမီရမ်လေး မော့လိုက်၊ စီးကရက်လေး ဖွာလိုက်၊ အချင်းချင်း ပြောင်လိုက် နောက်လိုက် ဖြင့် တပျော်တပါးကြီး စီးလာကြပြီးနောက် မန္တလေးမြို့ အ၀င်သို့ရောက်သောအခါ ဇိုလားမားက မပြောမဆိုဖြင့် သူ၏ ယိုးဒယားကွင်းထိုး ဖိနပ် ဘယ်ဖက် တစ်ဖက်ကို အောက်သို့ ပစ်ချလိုက်လေသည်။ “ ဟကောင်ရ .. ဘာလို့ ဖိနပ်တစ်ဖက် အလကား လွှင့်ပစ်နေတာတုန်းဟ ” ဟု အားလုံးက အံ့အားသင့်စွာ မေးကြလေသောအခါ အနှီ မစ္စတာဇိုလားမားက မိန့်မိန့်ကြီးပြုံးလျှက် “ ငါ့ဖိနပ် ညာဖက်တစ်ဖက် ရှာမတွေ့တော့ဘူးကွ၊ ကားပေါ်က ကျနေခဲ့ပြီထင်တယ် .. ဒါကြောင့် ဘယ်ဖက်ကို ချပစ်ခဲ့တာ .. အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ အကြောင်း မင်းတို့ မဖတ်ဖူးသေးဘူး ထင်တယ် .. သူရထားစီးရင်း ဖိနပ်တစ်ဖက် ကျသွားတော့ နောက်တစ်ဖက်ကိုပါ ပစ်ချ လိုက်တယ်လေကွာ .. ကောက်ရတဲ့သူ နှစ်ဖက်စလုံး ကောက်ရအောင်လို့တဲ့ကွ .. အခုငါလည်း ဂန္ဒီကြီးလို လုပ်လိုက်တာပဲ ” ဟု ဆိုလေသည်။ ကျွန်တော်တို့မှာ ဤမျှ စိတ်ထားမြင့်မြတ်လေသော မစ္စတာဇို အား အချီးကျူးကြီး ချီးကျူးမိကြလေသည်။ သူကား လွန်စွာ ကျိုးကြောင်း ဆင်ခြင်တတ်သူ မဟုတ်ပါလော။ အတုယူသင့်လှပေသည်ဟု တွေးမိကြလေသည်။

မန္တလေးမြို့ကို ကျော်ရ်ျ ကျောက်ဆည်မြို့နား မရောက်မီတွင် အပေါ့အပါးသွားရန်အတွက် ကားရပ်ပေးလေရာ ကျွန်တော်တို့တတွေ အလောတကြီး ဆင်းကြလေသည်။ တစ်လမ်းလုံး မော့လာခဲ့သော အာမီရန်နှင့် စီပလပ် တို့၏ တန်ခိုးကြောင့် ကိစ္စက ထိပ်ဝ ရောက်နေကြပြီဖြစ်သော်လည်း ကျွန်တော်တို့မှာ ကိုယ့်သဘောနှင့်ကိုယ် ထုတ်ပစ်လို့ မရ။ ကားရပ်ပေးမှသာ ရှင်းထုတ်ရလေသည်။ စစ်သားဖြစ်ရသော ဘ၀တွင် ရှုးရှုးပင် ကိုယ့်သဘောနှင့်ကိုယ် မစွန့်နိုင်ပါတကား။ ဆိုးလှပေစွ။ ဒါတောင် ကိုယ့်လူများက မည်မျှ နောက်ကြပြောင်ကြ သနည်းဆိုသော် လမ်းဘေးခြုံအကွယ်တွင် အေးအေးဆေးဆေး ကိုယ့်ကိစ္စကို ရှင်းသည်မဟုတ်။ “ ဘောင်းဘီ ဇစ်ဖြုတ် .. တစ် နှစ် သုံး .. တစ် ၊ ထုတ် .. တစ် .. နှစ် ၊ ပေါက် .. တစ် နှစ် သုံး လေး ငါး၊ အသင့် …… ရပ် .. တစ် နှစ် .. ”စသည်ဖြင့် အော်ဟစ် နေကြသည်ဖြစ်ရာ တ၀ါးဝါးတဟားဟားဖြင့် ရယ်နေရသဖြင့် ဘောင်းဘီတွေ စိုကုန်လို့စိုကုန်၊ လန့်ဖြန့်ပြီး မထွက်နိုင်သူက မထွက်နိုင် စသည်ဖြင့် ဖြစ်ကုန်ကြသေးလေသည်။ ကိစ္စများ ရှင်းပြီး ကားပေါ်ပြန်တက်ကြသောအခါ သေတ္တာများ၊ အိတ်များကို တွန်းထိုးပြီး တက်ကြရခြင်း ဖြစ်ရာ သေတ္တာ တစ်လုံး၏ အောက်မှ ဖိနပ်တစ်ဖက် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။ သေချာပါသည်။ မိတ်ဆွေကြီး ဆရာဇို၏ ယိုးဒယား ကွင်းထိုးဖိနပ် ညာဖက်ကြီးပင်တည်း။ ဖိနပ်ညာဖက်တစ်ဖက် ကျနေခဲ့သည်ဟု ထင်ပြီး ဘယ်ဖက်တစ်ဖက်ကို ကားအောက်သို့ပစ်ချခဲ့သူ ဆရာဇိုမှာ ကားပေါ်က သေတ္တာများအောက်တွင် သူ့ဖိနပ် ညာဖက်တစ်ဖက်ကို ပြန်တွေ့လိုက်ရသောအခါ တက်မတတ်၊ ချက်မတတ် ဖြစ်သွားရှာလေသတည်း။ ကျွန်တော်တို့မှာလည်း မဟတ္တမဂန္ဒီကြီး စတိုင်ဖမ်းခဲ့သူ ကိုဇိုအား တစ်လမ်းလုံး ပြောင်လို့လှောင်လို့ မဆုံး ရှိလေတော့သတည်း။
( အင်းတကော် စက်မှုလက်မှုတပ် အလုပ်ရုံ ( ၁ ) တွင် တာဝန်ထမ်းဆောင် နေသော သူငယ်ချင်း ဗိုလ်ကြီး ဇိုလားမား အတွက် အမှတ်တရ ) ………………………….. ကိုဥာဏ်(စက်မှု)

Read More...

Friday, September 26, 2008

ချယ်ရီတောသို့ လွမ်းချင်း တစ်ပုဒ်

“ နောင်တော်ကြီးများ ခင်ဗျား .. မနက်မိုးသောက် အလင်းရောက်ပါက တိုင်းခန်း လှည့်လည်ကြမည်လော၊ သမားတော်ကြီးနှင့် တွေ့ကြမည်လော၊ မကျေညက်သေးသော စစ်ရေးပြ သင်ခန်းစာများကို လေ့လာ ဆည်းပူးကြမည်လော ” ဟူသော အသံနှင့်အတူ အခန်းတွင်းသို့ ၀င်လာသော ပထမနှစ် ညီငယ်ဗိုလ်လောင်း တစ်ဦးအား တွေ့လိုက်ရသဖြင့် စနေနေ့ ညဦးပိုင်းအချိန် အခန်းတစ်ခုအတွင်း လေးငါးယောက်စုလျှက် ကော်ဖီသောက်ရင်း တော်ကီပွားနေကြသော ကျွန်တော်တို့ နောက်ဆုံးနှစ် ဗိုလ်လောင်းများ ရုတ်တရက် အသံတိတ်သွား ကြလေသည်။ ညီငယ်ဗိုလ်လောင်းကား ခပ်တည်တည်ပင်။ စာရွက်တစ်ရွက်နှင့် ဘောလ်ပင် တစ်ချောင်းကို လက်တွင်ကိုင်လျှက်မှ ကျွန်တော်တို့၏ အဖြေစကားကို စောင့်နေလေသည်။ သို့သော် စိတ်ထဲတွင်မတော့ ကျလိကျလိဖြင့် ရယ်ချင်နေပေလိမ့်မည်။ သူ့ခမျာ စီနီယာများရှေ့တွင် ရယ်ကျဲကျဲ မလုပ်ရဲသောကြောင့် လျှာကိုကိုက်လျှက် အတင်း ပါးစပ်စေ့ထားသည်ကို တွေ့ရလေသည်။

“ ဟ .. ကောင်လေး .. မင်းကို အဲဒီလို ဘယ်သူ ပြောခိုင်းလိုက်တာတုန်း ” ဟု မေးလိုက်ရာ “ နောက်ဆုံးနှစ်က ကိုရဲကြီး ပြောခိုင်းလိုက်တာပါ ” ဟု အဆိုပါ ပထမနှစ်ဗိုလ်လောင်းက ခပ်တည်တည် ပြန်ဖြေလေသည်။ အမှန်တကယ် မေးရမည်မှာ “ မနက်ဖြန်မနက် ( outpass ) တပ်ပြင်ထွက်မှာလား၊ ဆေးခန်းလိုက်မှာလား၊ အပိုစစ်ရေးပြဒဏ် ( CAD ) ဆွဲမှာလား ” ဟူရ်ျ ဖြစ်သော်လည်း ထိုကဲ့သို့ စီနီယာ လူနောက်များနှင့် တွေ့ပါက ပထမနှစ်ဗိုလ်လောင်းမှာ ပျားတုပ်လေတော့သည်။ မပြောဘဲလည်း မနေရဲသဖြင့် ရှေ့မျက်နှာနောက်ထားကာ ပါးစပ်ကို အနိုင်နိုင်စေ့လျှက် ပြောရလေတော့သည်။ တော်တော် အစအနောက်သန်သော စီနီယာများပင်တည်း။ ကျွန်တော်တို့ စကားဝိုင်းမှ မျိုးကြီးကလည်း “ အေး .. ဟိုဘက်ခန်းက ကိုကျော်စိုးကို မေးရင် ဘုန်းကြီးကျောင်း သို့သွားကာ တရားဘာဝနာ အားထုတ်မည်လော လို့ပါ ထည့်မေးနော် ” ဟု ခပ်တည်တည်ဖြင့် ထပ်ကြပ်လွှတ်လိုက် ချေသေး၏။ မကြာမီပင် အမြဲတမ်း တရားနာ ပုတီးစိတ်လေ့ရှိသူ ကျော်စိုး၏ အခန်းဘက်ဆီမှ “ ဘယ်ကောင်တွေ မဟုတ်ကဟုတ်က သင်ပေးလိုက်တာလဲ၊ ငါ့ဘာသာ ပုတီးစိတ်နေတာကို အာရုံပျက်အောင် လာလုပ်နေတာလား၊ အေး … တောထွက်မယ်လို့ပါ ထည့်ရေးလိုက်ဟေ့ ” ဟူသော အသံနက်ကြီးကို ကြားလိုက်ရလေသတည်း။

ကျွန်တော်တို့ကား တဟားဟားဖြင့် ရယ်ကြရပေတော့သည်။ စာရင်းလာကောက်သော ပထမနှစ်ဗိုလ်လောင်း လည်း သူတို့ပထမနှစ်ဟော အတွင်းပြန်ရောက်ပါက ထိုအကြောင်းများပြောကာ ရယ်မောနေပေလိမ့်မည်။ ကျွန်တော်တို့၏ ချယ်ရီတော အမိတက္ကသိုလ်တွင် ရန်ကုန်က ကံ့ကော်တောတက္ကသိုလ်၊ မန္တလေးက စိန်ပန်းတောတက္ကသိုလ်များမှာကဲ့သို့ ပျော်စရာများ များများစားစား မရှိဘဲ ရှားပါးလွန်းလှသည် ဖြစ်ရာ ဤသို့ဤပုံ ကြံဖန်ပျော်ရွှင်ကြရ လေသည်။ ပျော်ကြရပုံခြင်း ကွာခြားချင် ကွာခြားမည် ဖြစ်သော်လည်း သူ့နေရာနှင့်သူတော့ ပျော်စရာဟူသည် ရှိစမြဲပင် ဖြစ်ပေသည်။ နေရာတကာ ဟာသ လုပ်လျှက် ပျော်ပျော်နေတတ်သော အချို့ စီနီယာဗိုလ်လောင်းများ၊ အမြဲတမ်း ဂယောင်ဖတ်လျှက် ( ဗိုလ်လောင်းတပ်ရင်း စကားဖြစ်ပါသည်။ ပြန်ရှင်းမပြတတ်ပါ ) တလွဲလုပ်လေ့ ရှိသည့် အချို့သောဂျူနီယာ ဗိုလ်လောင်းများ၊ ကို့ရိုးကားယား လုပ်လေ့ရှိသူ အရာရှိများ စသည်ဖြင့် မြင်အောင် ကြည့်တတ်သူများအဖို့ ပါးစပ်ပင် မပိတ်နိုင်အောင် ရယ်မောစရာများ ပေါများလှပါသည်။

ဥပမာအားဖြင့် ကျွန်တော်တို့ တပ်ခွဲမှ သက်ဝင်း ကိုပဲကြည့်။ အမြဲတမ်း သီချင်းလေး တအေးအေး၊ ခေါင်းလေး တညိမ့်ညိမ့်ဖြင့် နေတတ်သူ။ မည်သည့် ဂျူနီယာကိုမျှ အပြစ်ပေးဖူးခြင်း မရှိ။ တခုခုအပြစ်တွေ့ပြီး သူစိတ်တိုရ်ျ ခေါ်ယူကြိမ်းမောင်းလျှင် ဂျူနီယာတို့ အလွန်ပျော်၏။ အဘယ့်ကြောင့် ဆိုသော် သူဆူပူသမျှမှာ ရယ်စရာတွေချည်း ဖြစ်နေလို့ပင်တည်း။ “ ငါ့ဘာသာ ကော်ရစ်တာမှာ လမ်းလျှောက်နေတာကို မင်းက ဘာလို့ အတင်း ၀င်တိုက်သွားတာလဲကွ ” ၊ “ မမြင်လို့ပါ ”၊ “ ဘာကွ .. မီးရောင် တထိန်ထိန်ကြီးမှာတောင် ငါ့ကို မမြင်ရဘူးဆိုတော့ ငါ့အသားအရေက ဒီလောက်တောင်မည်းနေလို့လား ”၊ “ မဟုတ် .. နည်းနည်းမှောင် ”၊ “ အာ … မှောင်တာနဲ့ မည်းတာ ဘာထူးသေးလို့တုန်း လဒရဲ့၊ ကျန်တာအကုန် သည်းခံပေးလို့ရတယ် .. ရူပါပိုင်း ဆိုင်ရာကိုတော့ မထိခိုက်နဲ့ .. ကြားလား .. သွားတော့ ” ဟူသတည်း။ တစ်ခါတစ်ရံ ဂျူနီယာဗိုလ်လောင်း တစ်ဦးဦးကို သူဆူပူနေစဉ် အနားသို့ သွားနားထောင်နေပါက အလွန်ရယ်ရလေသည်။ မည်မျှအထိ သူ့ကို ကြောက်ကြသလဲဆို …. “ ဒီမှာ ဖက်စ်ရီးယား ငါက မင်းကို ကြပ်နေတာနော်၊ ကြပ်နေတာ ၊ ခေါ်ပြီး ပုံပြင်ပြောနေတာ မဟုတ်ဘူး၊ ပြုံးဖြီးဖြီးနဲ့ နားထောင်မနေနဲ့ ” ဟုသူ စိတ်တိုရ်ျ ဆူပူ( ကြပ် ) နေခြင်းဖြစ်ကြောင်း တစ်ဖက်လူ သိအောင် ပြောယူရသည်အထိ ဖြစ်လေသည်။

အမြဲဂယောင်ဖတ်တတ်သူ ဂျူနီယာဗိုလ်လောင်း အချို့ကြောင့်လည်း ရယ်မောရလေသည်။ တတိယနှစ်ဘ၀ ကထင်သည်။ တစ်ညသားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် ပထမနှစ်ဗိုလ်လောင်းတစ်ဦး ဘေးနားလာပြီး “ အကို့ .. အကို့ .. မီးလောင်ပြီလားတဲ့ ..မီးလောင်ပြီလားတဲ့ ” ဟု ပါးစပ်မှပြောကာ အတင်းလှုပ်နိုးနေသဖြင့် လန့်ဖြန့်ပြီး ထထိုင်လိုက်မိသည်။ “ ဘယ်မှာတုန်း ဘယ်မှာ မီးလောင်နေတာတုန်း ” ဟု အမောတကော မေးမှ “ အောင်ဆန်းတပ်ခွဲက ကိုခိုင်မင်းက ပါရီမီးလောင်ပြီလား ဆိုတဲ့ ၀တ္ထုစာအုပ် တောင်းခိုင်း လိုက်လို့ပါ ” ဟု ဆိုချေ၏။ “ အောင်မလေးကွာ .. ဒါများ စောစောကတည်းက အကို့ဆီက စာအုပ်တောင်းခိုင်းလိုက်လို့ ဆိုရင် ပြီးရော အလန့်တကြား လုပ်တတ်ပလေကွာ ” ဟု ပြောမိကာ ရယ်နေလိုက်ရ လေသည်။ သူ့ခမျာ စာအုပ်နာမည်ကို မေ့မှာစိုးရ်ျ တစ်လမ်းလုံး ရွတ်ကြည့်လာသည် ထင်၏။ မမေ့ခင် အမြန်ပြောလေရာ အလန့်တကြား ဖြစ်ရလေသည်။ တစ်ချို့သော ဂျူနီယာဗိုလ်လောင်းများကား တစ်မျိုး။ “ ကျွန်တော်ကမေး၊ သူက မသိဟုပြော၊ ကျွန်တော် အကို့ကို လိုက်ရှာ၊ မတွေ့၊ ထို့ကြောင့် မပြော၊ ကိုယ့်ဘာသာ လုပ်လိုက်မိ၊ မှားသွား ” ဟု အဓိပါယ်ရှာမရသော စကားများဖြင့် ပြောတတ်ကြလေရာ အတော်ပင် ခေါင်းကုတ်စဉ်းစားပြီးမှ သူ၏ဆိုလိုရင်းကို ဖော်ထုတ် ယူရလေသည်။ ကျွန်တော်တို့ ပထမနှစ်ဗိုလ်လောင်းဘ၀ကလည်း ထိုသို့ပင် စီနီယာတို့ ခေါင်းကုတ်ခဲ့ရပေလိမ့်မည်။ ဤသည်ကား ကျွန်တော်တို့ ချယ်ရီတောက ဘ၀အမောများပင်တည်း။

အချို့သော ကို့ရိုးကားယား အရာရှိများ၏ ဟားကွက်များလည်း ရှိသေး၏။ ကျွန်တော်တို့ ဗိုလ်လောင်းဘ၀က တပ်ခွဲမှူးဖြစ်သူ ဗိုလ်မှူးကျော်လှိုင်က တစ်မျိုး။ သူသည် စကားပြောလျှင် မည်မျှ နီးနီးဝေးဝေး၊ နားထောင်သူ တစ်ယောက်တည်းပင် ဖြစ်စေ အသံဗြဲကြီးနှင့် တအား အော်အော်ပြီး ပြောတတ်လေသည်။ သူနှင့် စကားပြော ပြီးလျှင် နားများထူပူပြီး ကျန်ရစ်ခဲ့သည်အထိ အသံကား အောင်လှပေသည်။ ကျောင်းဆင်းပွဲ မကျင်းပမီ တစ်ရက် အလိုတွင် နောက်နေ့ ကျောင်းဆင်းပွဲစစ်ရေးပြ လုပ်နေစဉ် မူးမေ့လဲခြင်း မဖြစ်စေရန် ဗိုလ်လောင်းများအား စောစီးစွာ အိပ်ယာ ၀င်ခိုင်းထားလေသည်။ ထိုသို့ စောစောအိပ်ခိုင်းထားသော်လည်း ကျွန်တော်တို့မှာ စာမေးပွဲကြီးပြီးဆုံးနေပြီ ဖြစ်သောကြောင့် လည်းကောင်း၊ နောက်နေ့ ကျောင်းဆင်းပွဲပြီးလျှင် ခွင့်တစ်လ ပြန်ရတော့မည် ဖြစ်သဖြင့် လည်းကောင်း အပျော်လွန်ပြီး မအိပ်ကြသေးဘဲ စုထိုင်ကာ စကားပြောသူပြော၊ မုန့်စားသူစား၊ ခွင့်ပြန်ရန် အိတ်ပြင်သူပြင် စသည်ဖြင့်သာ ရှိလေသည်။ သို့သော် အချို့သော စည်းစနစ်ကျနသည့် ဗိုလ်လောင်းများကား အိပ်ယာဝင်နေလေပြီ။ ပထမနှစ်ဗိုလ်လောင်းများနှင့်တကွ ဂျူနီယာဗိုလ်လောင်း အများစုမှာလည်း ပင်ပန်းမှုဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလေသည်။ ဗိုလ်လောင်းများ စောစော အိပ်၊ မအိပ်ကို တပ်ခွဲမှူး အရာရှိများက မိမိသက်ဆိုင်ရာ တပ်ခွဲအလိုက် ည ၁၂ နာရီကျော်လောက်တွင် တစ်ခန်းချင်း လိုက်စစ်လေသည်။ ကျွန်တော်တို့၏ တပ်ခွဲမှူးအရာရှိဖြစ်သူ ဗိုလ်မှူးကျော်လှိုင်သည်လည်း ကျွန်တော်တို့ အဆောင်ပေါ်သို့ တက်ပြီး လိုက်စစ်လေရာ မအိပ်သေးသော ကျွန်တော်တို့ အဖွဲ့အား ပက်ပင်း မိလေတော့သည်။ သူကား စေတနာဒေါသဖြင့် “ ဟိုမောင်တွေ မအိပ်သေးဘဲ ဘာလုပ်နေတာတုန်း .. သွား အိပ်ယာထဲ အကုန်ဝင် .. စောစောအိပ်ပါဆိုတာကို မအိပ်ဘဲ ဘာလုပ်နေတာတုန်း .. ငါလုပ်လိုက်ရ မကောင်းရှိတော့မယ် ” စသည်ဖြင့် သူ၏ ကိုယ်ပိုင် စတိုင်ဖြစ်သော အသံဗြဲကြီးဖြင့် ကုန်းအော်လေတော့သည်။ ထိုအခါ သူ၏ အောင်မြင်ခံ့ညားလှကာ ဟိန်းထွက်နေသည့် အသံဗြဲကြီးကြောင့် တစ်ဆောင်လုံးရှိ အိပ်ပျော်နေသူများ အကုန် လန့်နိုးကုန်ပြီး “ ဟေ့ .. ဘယ်သူလဲကွ ၊ အသံဗြဲကြီးနဲ့ စွတ်အော်နေတာ၊ လူအိပ်ချိန်ဆိုတာ နားမလည်ဘူးလား ” စသည်ဖြင့် ထအော်ကြတော့သည်။ သူလည်း ထိုအခါကျမှ သူ့အမှားကိုသူ ရိပ်မိကာ မျက်နှာကြီး နီရဲလျှက် ဆင်းသွားလေတော့သတည်း။ သူ့ခမျာ အားလုံးကို အိပ်ခိုင်းဖို့လာကာမှ အားလုံးကို နှိုးလိုက်သလို ဖြစ်သွားရှာသဖြင့် ကျွန်တော်တို့မှာ စောင်ကို ခေါင်းမြီးခြုံလျှက်မှ တခွိခွိ ရယ်ကြရလေသည်။

အချို့သော လူပြောင် စီနီယာများကား တစ်မျိုး၊ ဂျူနီယာဗိုလ်လောင်းများ “ ရှိရင်း ( .. ) ယောက်၊ တန်းစီ ( .. ) ယောက်၊ ပျက်ကွက် ( .. ) ယောက် ” စသည်ဖြင့် အော်ကာ တန်းစီ တန်းအပ် သတင်းပို့နေလျှင် ဘေးနားက သွားပြီး “ ရှိရင်း မဖြစ်စလောက်၊ တန်းစီ တစ်ယောက်တစ်ပေါက်၊ ပျက်ကွက် ဟိုရောက် ဒီရောက် ” စသည်ဖြင့် ၀င်နောက်လေရာ သတင်းပို့နေသော ဂျူနီယာဗိုလ်လောင်းမှာ ရယ်ရအခက် ငိုရအခက် ဖြစ်ရလေသည်။ ကျွန်တော်တို့၏ အမိတက္ကသိုလ်က ချယ်ရီတောပုံပြင်များမှာ ပြောလျှင် ကုန်နိုင်ဖွယ်မရှိ။ ရယ်စရာများလည်းရှိ၊ မောစရာများလည်းပါ၊ စိတ်ညစ်စရာများလည်း မကင်း၊ စသည်ဖြင့် ရသစုံသော ဟင်းလေးအိုး ဘ၀ကြီး ဖြစ်လေသည်။ တစ်ချို့တစ်ချို့တွေ ထင်နေကြသလို၊ ယူဆနေကြသလို အိုက်ခမန်း၏ ငရဲခန်းများအလား ( သို့မဟုတ် ) ဟစ်တလာ၏ ဂျူးအကျဉ်းစခန်းများအလား မဟုတ်ရပါ။ ပျော်စရာလုံးဝ ကင်းမဲ့ပြီး အနှိပ်စက်ခံ၊ အဥာဉ်းဆဲခံ ဘ၀များသာ ဖြစ်သည်ဆိုပါက ဗိုလ်လောင်းတစ်ယောက်မှ ရှိတော့မည်မဟုတ်၊ အကုန်လုံး ကိုယ့်ကိုကိုယ် သတ်သေကုန်ကြမည်သာ ဖြစ်လေသည်။ ပျော်စရာကောင်းသော အောက်မေ့သတိရဖွယ်လေးများလည်း ရှိလေသဖြင့် ချယ်ရီတောအား အလွမ်းပြေ အဖြစ် ဤစာကို ရေးမိလေသတည်း။












Read More...

Wednesday, September 24, 2008

ကျောင်းဖွင့်ချိန်

ကျွန်တော်တို့ အတော်များများသည် ငယ်စဉ်ကတည်းက တက္ကသိုလ်နောက်ခံ ၀တ္ထုဇာတ်လမ်းများကို ဖတ်ကြပြီး နောက် စိတ်ကူးဖြင့် ရူးခဲ့ကြသူများသာ ဖြစ်ကြသည်ဟု ဆိုလျှင် လွန်အံ့မထင်။ တက္ကသိုလ်ရောက်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ် စသည်ဖြင့် စိတ်ကူးဖဲရိုက်ခဲ့ကြသူများချည်း ဖြစ်လေသည်။ တက္ကသိုလ်နောက်ခံ ၀တ္ထုများကို ဖတ်တိုင်း သတိထားမိခဲ့သည်မှာ ကျောင်းပိတ်ချိန်ကို ကြောက်ကြရ်ျ ကျောင်းဖွင့်ချိန်ကို မျှော်တတ်ကြသော ကျောင်းသူ၊ ကျောင်းသား လူငယ်များ အကြောင်းသာ ဖြစ်လေသည်။ ကျောင်းပိတ်ခါနီးပြီ ဆိုလျှင် လွမ်းကြ ဆွေးကြ၊ ကျောင်းပြန်ဖွင့်လျှင် ခဏတာ ခွဲခွာခဲ့ရခြင်းအတွက် အတိုးချ ပျော်ရွင်ကြ စသည်ဖြင့် စာအုပ်ထဲတွင်တော့ ဖတ်ရ်ျ ကောင်းလှပေသည်။ ကျွန်တော်တို့မှာလည်း ၀တ္ထုကို ဖတ်ရင်းမှ သူတို့နှင့်အတူ လိုက်ပျော်လိုက်ကြ လိုက်ဆွေးလိုက်ကြနှင့် ခံစားမှု ဒီဂရီ မြင့်တက်ခဲ့ဖူးကြလေသည်။ သို့သော် ကျွန်တော်တို့ တက္ကသိုလ် တက်ရသောအခါတွင်တော့ အဆိုပါ ၀တ္ထုဇာတ်လမ်းများနှင့် ဆန့်ကျင်လှစွာ ………… ။

ကျွန်တော်တို့၏ တက္ကသိုလ်ကျောင်းသား ဗိုလ်လောင်းများကတော့ နွေရာသီ ကျောင်းပိတ်ရ်ျ ခွင့်တစ်လ ပြန်ရတော့မည် ဆိုလျှင် သူမတူအောင် ပျော်ရွှင် ကြကုန်လေသည်။ ခွင့်ပြန်ရန် နီးလာလေလေ ပျော်ရွှင်မှုဒီဂရီ မြင့်တက်လေလေ ဖြစ်လေသည်။ ခွင့်ပြန်လျှင် ဘာလုပ်လိုက်မည်၊ ညာလုပ်လိုက်မည် စသည်ဖြင့် စိတ်ကူးတွေ တစ်သီကြီး ယဉ်ကြလေတော့သည်။ သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်ဖြင့် ခွင့်ပြန်ရက်ကို လက်ချိုးရေတွက်ရ်ျသာ နေကြကုန်လေသည်။ ထိုအချိန်ဝယ် အိမ်က မိဘများ ခမျာမှာတော့ စိုးတထိတ်ထိတ် ရှိနေပေလိမ့်မည်။ တစ်နှစ်ပတ်လုံး တင်းကြပ်သော စည်းမျဉ်း၊ စည်းကမ်းများ အောက်ဝယ် မွန်းကြပ်စွာနေခဲ့ရသော သားမောင်သည် ခွင့်တစ်လရရ်ျ အိမ်ပြန်ရောက်သည်နှင့် မျောက်ရှုံးအောင် သောင်းကျန်းတော့မည်ကို အထာနပ်နေကြပြီ ဖြစ်ရကား တစ်နှစ်လုံးခွဲခွာခဲ့ရသော သားနှင့် တွေ့ရသဖြင့် ၀မ်းသာရသည့်စိတ်ထက် “ ဘာတွေများ မွှေသွားဦးလေမလဲ .. ဟဲ့ ” ဟူသော စိုးရိမ် ထိတ်လန့်စိတ်ကသာ လွှမ်းမိုးကြကုန်လေသတည်း။

ခွင့်ရရ်ျ အိမ်ပြန်ရောက်သည်နှင့် အမေ့ထံပါး အသာကပ်ကာ ပိုက်ဆံ တိုးတိုးတိတ်တိတ် တောင်းလျှက် တနေကုန်၊ တညလုံး လျှောက်ပတ် လိမ့်ပေတော့သည်။ ညဘက် လျှောက်လည်ရာမှ အိမ်ပြန်ရောက်သော် တစ်အိမ်လုံး အိပ်ယာဝင်နေကြပေပြီ။ မနက်ဘက် အိပ်ယာက နိုးတော့ တစ်အိမ်လုံး ဆိုင်ရာ ဆိုင်ရာ ရုံးသို့၊ အလုပ်သို့၊ ကျောင်းသို့ သွားကုန်ကြလေပြီ။ သူတို့အိမ်ပြန်ရောက်ချိန်တွင် ကိုယ်က မရှိတော့။ ဘော်ဒါများနှင့် လက်ဖက်ရည်ဆိုင် ရောက်နေပေပြီ။ နောက်ဆုံးတော့ မိဘများက “ ခွင့်ရလို့ အိမ်ပြန်ရောက်တုန်း မင်းမျက်နှာလေးကို ၁၅ မိနစ်လောက် မြင်ပါရစေကွယ် ” ဟု စာရေးကာ အိပ်ယာဘေး လာကပ်သွားလေတော့ သတည်း။ အမေကတော့ ယုယ ကြင်နာစွာပြောရှာပေသည်။ “ မင်းတို့ ကျောင်းမှာ စီနီယာတွေ အပြစ်ပေးတာ ခံရတယ်လို့ သိရတော့ သနားနေမိတာ၊ အခုလိုပုံမျိုးနဲ့ ဆိုတော့ အပြစ်ပေးခံရတာတောင် နည်းသေးသကွယ် ” ဟူသတည်း။ အဖေကလည်း ဂရုဏာဖြင့် ပြောချေသေး၏။ “ မင်းတို့ကောင်တွေ တပ်ထဲမှာနေတာပဲ ကောင်းတယ်၊ အိမ်ပြန်မလာလေ ကောင်းလေပဲ ” ဟူလို။ ဤမျှအထိ မိဘတို့ အကြင်နာတွေ ပိုအောင်ပင် ကျွန်တော်တို့ကလည်း ခွင့်ရသခိုက် သောင်းကျန်းကြလေသတည်း။

ခွင့်ရက်စေ့ရ်ျ ကျောင်းဖွင့်ချိန် နီးလာသည်နှင့် ကျွန်တော်တို့ တတွေ ပူဆွေးကြကုန်လေသည်။ တမှိုင်မှိုင် တတွေတွေဖြင့် အိပ်မပျော်၊ စားမ၀င် ဖြစ်ကုန်ကြလေသည်။ ကျောင်းဖွင့်ချိန်ကို မျှော်တတ်ကြသည့် တက္ကသိုလ် နောက်ခံ ၀တ္ထုများထဲက ဇာတ်ကောင်များနှင့် ဆန့်ကျင်လှစွာ ကျောင်းဖွင့်ရက် နီးလေလေ စိတ်ညစ်လေလေ ဖြစ်ကြကုန်လေသည်။ အိပ်မက်ဆိုးများပင် မက်လိုက်သေးသည် ဟူလို။ ကျောင်းသို့ ပြန်သွားရန် ဘာကိုမှ ပြင်ဆင်လိုစိတ် မရှိဘဲ “ အမေ ကြိုက်သလိုသာ စီစဉ် ထည့်ပေးလိုက်တော့ဗျာ ” ဟု အမေ့ကို တာဝန်လွှဲကာ ချစ်သူကို နှုတ်ဆက်ခြင်း၊ လက်ဖက်ရည်ဆိုင် နှင့် အရက်ဆိုင်သို့ အကြွေးများ သွားဆပ်ခြင်း၊ ငှားထားသော ၀တ္ထုစာအုပ်များ သွားအပ်ရင်း စာအုပ်ဆိုင်ပိုင်ရှင် ကောင်မလေးထံမှ အဖြေကပ်တောင်းခြင်း စသော လေးနက်သော တာဝန်များဖြင့် အလုပ်ရှု့ပ်ရပေတော့သည်။ မိဘများကလည်း ခွင့်ရက်စေ့ရ်ျ သားပြန်ရတော့မည် ဆိုသဖြင့် ၀ဋ္ဋ်ကျွတ်ချေပြီဟု အောက်မေ့ကာ ၀မ်းသာအားရပင် ပြင်ဆင်ပေးကြကုန်လေသတည်း။ ကျောင်းသို့ပြန်ရတော့မည့် သားမောင်မှာ ပြန်မည့်ရက် နီးလာလေလေ တမှိုင်မှိုင်တတွေတွေ ဖြစ်နေသလောက် သူတို့က ပျော်တပြုံးပြုံး မော်မဆုံးတော့ချေသည် တကား။ စစ်ကျောင်းသားတို့ ဘ၀ကား ဤသို့ဤပုံ အကြင်နာ ပိုခြင်း ခံရလေတော့သတည်း။

ထိုကဲ့သို့ ကျောင်းပိတ်ချိန်ကို မျှော်ရ်ျ ကျောင်းဖွင့်ချိန်ကို ကြောက်တတ်သည့် စိတ်ဓာတ်မှာ ယခုလို မော်စကိုမှာ ကျောင်းတက်နေချိန်အထိ နောက်ကနေ ကပ်ပါလာလေသည်။ နွေရာသီသုံးလ ကျောင်းပိတ်ရက်ရှည်ကြီး ကုန်ဆုံးပြီး ကျောင်းဖွင့်ရန် နီးလာသည်နှင့် စိတ်က ကယောင်ခြောက်ခြား ဖြစ်လာတော့သည်။ ထိုင်ရမလိုလို၊ ထရမလိုလို၊ အိမ်သာပဲ ပြေးတက်ရတော့မလိုလိုနှင့်။ အနေခက်လှပေသည်။ မခက်ပဲ နေနိုင်ရိုးလား။ မော်စကိုတက္ကသိုလ် ကျောင်းသားဘ၀ ဆိုသော်လည်း ကံများ ဆိုးချင်တော့ ကိုယ့်အဖွဲ့မှာ ကျောင်းသူက တစ်ယောက်မှ မပါ။ မြန်မာကျောင်းသားကလည်း စုစုပေါင်းမှ သုံးယောက်တည်း။ ကျန်တာက ရုရှကျောင်းသား ဆယ်ယောက်၊ စုစုပေါင်း ၁၃ ယောက်။ လပ်ကီး ဂဏန်းပေတကား။ စစ်ကျောင်းမှာ ၅ နှစ်လုံးလုံး အထီးများချည်း သက်သက် သင်လာခဲ့ရသဖြင့် မော်စကိုမှာတော့ ကျောင်းသူလေးတွေနဲ့ ရောပြီး အတူတူ စာသင်ရချေသေးရဲ့ ဟု တွေးခဲ့မိသော စိတ်ကူးလေးများမှာ အတိတ်တွင်သာ အရိပ်ဖြစ်နေခဲ့လေပြီ။ တစ်ခါတစ်လေ ကွန်ပေါင်း အချိန်များတွင် ရုရှအယောက်သုံးဆယ်လောက်နှင့် ရောသင်ရလေရာ ကျောင်းသူလေးများ ပါလာသော်လည်း အားလုံးက မလွတ်မလပ်တွေချည်း။ ပိုင်ရှင်ရှိပြီးသားတွေချည်းသာ ဖြစ်နေလေသည်။ ကံတရားကား မျက်နှာသာ မပေးလိုက်လေ။

သြဂုတ်လ ကုန်ရ်ျ စက်တင်ဘာ တစ်ရက်မှ စတင်ရ်ျ မော်စကိုရှိ ကျောင်းများ ဖွင့်ကုန်ကြလေသည်။ ထိုအခါ ဘ၀တူ သူငယ်ချင်းများ၏ ကျောင်းဖွင့်ချိန် ရင်ဖွင့်သံများ စတင်ကြားရလေတော့သည်။ ဘော်ဒါကြီး အောင်မှူးကား “ စက်တင်ဘာ - ၁ ” ဟူသော ကဗျာကို သီကျူးလေသည်။ ထိုကဗျာမှာ -
စက်တင်ဘာ - ၁
“ စံပယ်တွေ ချုန်းချုန်းထစ်ထစ်
ကျောင်းတော်တံခါးကြီး ကားခနဲပြန်အဖွင့်၊
ခေါင်းလောင်းသံတွေပွင့်တဲ့ ဒီရာသီ
စာသင်ခန်းထဲက ခုံတန်းလေးဆီ
ငါ...... ပြန်လာပြီ။ ” ………. ဟူသတည်း….။

အချို့သော သူငယ်ချင်းများကလည်း gtalk custom message ပေါ်တွင် ပေကြောင်ကြောင်ဖြင့် စိတ်ကူးပေါက်ရာ ရေးသားကြလေသည်။ “ ကျောင်းကြီးဖွင့်ပြီ ” ဟူရ်ျ လည်းကောင်း၊ “ နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း ” စသည်ဖြင့် တစ်သွယ် ကျောင်းဖွင့်ချိန်ကို ကယောင်ကတမ်းဖြင့် ရေးဖွဲ့ကြကုန်လေသည်။ ကျွန်တော်ကား စိန့်ပီတာစဘတ်မြို့မှ ဘော်ဒါဖြစ်သူ ဘိုသူ၏ ရေးသားချက်ကို သဘောကျမိလေသည်။ ကျောင်းဖွင့်ချိန်ကို ရည်ညွှန်းလျှက် သူရေးထားသည်မှာ “ ဗရုတ်သုတ်ခ အချိန်တွေ ရောက်လာပြီဗျို့ ” ဟူသတည်း။

( စာကြွင်း။ ။ ဘလော့သို့ လာရောက် လည်ပတ်သွားသူ susu ဆိုသော ဧည့်သည်တစ်ဦးက စာရေးသူ ကိုဥာဏ်(စက်မှု)၏ ဓာတ်ပုံကို တင်ပေးပါဟု အရေးဆိုချေ၏။ တင်လိုက်မိပါက ဘလော့ဖတ်သူ ဘော်ဘော် အပေါင်းက ၀ိုင်းရ်ျ “ သူပဲ .. သူပဲ .. ရတနာပုံဈေး မီးဝင်ရှို့တာ ” ဟု ကောင်းချီးပေးကြမည်မှာ မလွဲပေ။ အလွယ်တကူ ခန့်မှန်းနိုင်အောင် ရည်ရွယ်လျှက် အရိပ်ပြမေးခွန်းအဖြစ် “ ဟားဗက် ဆိုတဲ့ ကိုရီးယားဇာတ်ကား ကြည့်ဖူးတယ် မဟုတ်လား ” ဟု ပြောလိုက်လျှင်လည်း မင်းသားဟု ထင်မည်မဟုတ်၊ မင်းသမီး အဖေကိုသာ ပြေးမြင်မိမည်မှာ မုချဖြစ်ပေသည်။ ရုရှရောက်ပြီးနောက် ဘီယာနှင့် ဗော့ဒ်ကာ တို့၏ ကောင်းမှုကြောင့် ပုံပျက်နေသော ကိုယ့်ကိုကိုယ်တောင် မမြင်လို၊ မကြည့်လိုသဖြင့် မှန်ရှိသော နေရာသို့ပင် ဖြတ်မလျှောက်သည် ဖြစ်လေရကား မိတ်ဆွေ susu လည်း မမြင်ဖူးလိုပါတော့နှင့်ဟု တောင်းပန်ပါရစေ ခင်ဗျား။ )


ဒါကတော့ မော်စကိုစတိတ်ယူနီဗာစီတီပေါ့
( ကျွန်တော့်ကျောင်း ဟုတ်ဘူးနော် အထင်မလွဲကြပါနဲ့ )































Read More...

Tuesday, September 23, 2008

ဒါချာတဲအိမ်အပြန်မှ နောက်ဆက်တွဲ ဓာတ်ပုံအချို့

နွေရာသီတဲအိမ်မှ အပြန်တွင် ရုရှကဗျာဆရာကြီး ဗာဆီလီဒရက်ဂူးနော့ ထံမှ သူကိုယ်တိုင် လက်မှတ် ထိုးထားသော ကဗျာစာအုပ် တစ်အုပ်ကို အချောင် ရခဲ့ပေသည်ဟု ရေးသားခဲ့မိလေရာ မိတ်ဆွေ အတော်များများက ထိုစာအုပ် နှင့်တကွ ထိုကဗျာဆရာကြီး၏ လက်မှတ်ကို မြင်လိုပါသည်ဟု ဆိုလာကြကုန်လေသည်။ ဂျပန်မလေး မီဂူမီ ဆိုသည့် ဘလော့ဂါ ညီမ ( အစ်မ ဖြစ်နေလျှင် တောင်းပန်ပါသည် .. မိန်းကလေးများက အသက်ငယ်သည်ဟု ထင်လျှင် လွန်စွာ နှစ်သက်တတ်သည် ဆိုသောကြောင့် ညီမဟုသာ သုံးမိသည် ) တစ်ဦးကလည်း ရုရှစာ ဖတ်တတ်သည် ထင်၏။ ကဗျာဆရာကြီး၏ လက်ရေးကို ဖတ်လိုကြောင်း အရေးဆိုလေ၏။

ထို့ကြောင့် ဤဓာတ်ပုံများကို တင်မိလေသတည်း။

ကျွန်တော်လက်ဆောင်ရခဲ့သော ကဗျာဆရာကြီး ဗာဆီလီဒရက်ဂူးနော့ ၏ ကဗျာစာအုပ်
( တိုက်ရိုက်မြန်မာလို ဘာသာပြန်ပါက “ ဒုတိယခေတ် ” ဟု အဓိပါယ်ရပြီး သူ၏ဆိုလိုရင်းအရ ဆီလျော်အောင် ဘာသာပြန်ပါက “ ဆိုဗီယက်ခေတ်အလွန် ” ဟု အဓိပါယ်ရပါသည်။ )
















ထိုဆရာကြီး၏ ဓာတ်ပုံနှင့် ဘေးက အော်တိုလက်မှတ်
















ဂျပန်မလေး မီဂူမီကြည့်လိုသည်ဆိုသော ကဗျာဆရာကြီး၏ လက်ရေး













Read More...

Saturday, September 20, 2008

နွေရာသီ တဲအိမ်များကအပြန်….( ဇာတ်သိမ်း )

နောက်နေ့မနက် မိုးလင်းသည်မှ စရ်ျ ကျွန်တော်တို့၏ ပြည်တော်သာ စစ်ဆင်ရေးကြီးဟု အမည်ပေးထားသော ဒါချာ ရှင်းလင်းရေး လုပ်ငန်း စတင်ပါတော့သည်။ အောင်မှူးကား ကျွန်တော်တို့ကို လိုက်ခဲ့ဖို့ စည်းရုံးစဉ်က မျက်နှာတစ်မျိုး၊ ခုကျတော့ မျက်နှာတစ်မျိုးဖြင့် “ ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား၊ ငါလည်း မလုပ်တတ်ဘူး ” စသည်ဖြင့် လောဆော်လျှက် ဖက်ထိပ်တာဝန် ခွဲဝေပေးပါတော့သည်။ မိုးလေးတစိမ့်စိမ့် အောက်ဝယ် ဘာအလုပ်မှ မလုပ်ဘဲ စောင်ခြုံရ်ျသာ ကွေးနေချင်လှသော်လည်း ကျောက်ဆင်းတု ကိုယ်တော်ပင် မျက်ရည် တောက်တောက် ကျလောက်အောင် ပြောနိုင်ပေသည့် ကိုအောင်မှူး၏ တော်ကီများကြောင့် ကျွန်တော်တို့မှာ ပေါက်တူး ပေါက်ပြားဆွဲလျှက် ခြံရှင်းကြရပေတော့သည်။ ပေါက်တူးသာ မကိုင်မိပါက အ၀ီစိကိုပဲ ချက်ချင်း ဆင်းရတော့ မလိုလို။ သူကား ဤမျှအထိ ခေါင်းဆောင်ပီသသူတည်း။

ညီငယ် မောင်ပိုင်ကား ပုဆိန်ကြီး တရမ်းရမ်းဖြင့် အပင်ကြီးများကို ခုတ်ချ၏။ ဘီစီနှင့်သားသား တို့ကား ခြံအ၀င်ဝမှ တဲအိမ်အထိ လမ်းဖောက်ကြလေသည်။ သူတို့ကား လမ်းကို ရိုးရိုးဖောက်သည် မဟုတ်။ လမ်းဘေး ဘယ်ညာတွင် တစ်ပေသာသာ မြင့်သော သစ်ငုတ်များကိုလည်း နှစ်ပေခန့်စီ ခြားလျှက် စိုက်ထားလေသည်။ “ အဲဒီ ငုတ်တွေက ဘာလုပ်တာတုန်း ” ဟု စပ်စုမိသောအခါ “ ဘာရယ်ဟုတ်ဘူး၊ အမြင်ကောင်းအောင်လို့ စိုက်ထားတာ၊ ရှိုးပေါ့ ” ဟူသတည်း။ ကောင်းပေစွ။ ဆရာမကြီး ညဘက် တပိုတပါး သွားလိုရ်ျ အပြင်ထွက်ခဲ့သည် ရှိသော် မမြင်မကန်းဖြင့် အဆိုပါ ငုတ်တိုင်များကို ၀င်တိုက်မိပြီး ကျွမ်းပစ်နေပေလိမ့်မည်။ အောင်မှူးနှင့် ချမ်းငြိမ်းကား တဲအိမ် အတွင်းပိုင်း လက်သမား အလုပ်များ လုပ်ကြလေသည်။ ဆရာမကြီးက အပေါ်ထပ်တွင် တံခါးတစ်ချပ် ဖောက်လိုသည်ဆို သဖြင့် သူတို့ နှစ်ယောက် တကုပ်ကုပ်ဖြင့် တံခါးဖောက်ကြ၏။ ဖောက်ပြီးသောအခါ တံခါးရွက် လုပ်ကြလေသည်။ သို့သော် တံခါးရွက်ကား ဖောက်ထားသော အပေါက်အတွင်း လျှောလျှောရှုရှု မ၀င်။ ဟိုဘက်က မ လိုက်၊ ဒီဘက်က တွန်းလိုက်နှင့်မှ ၀င်လေသည်။ မြန်မာအင်ဂျင်နီယာများ ပီသ လှချေသည်တကား။ နေရာတကာမှာ assume လုပ်ရချေ၏။ မည်သို့ပင်ဖြစ်စေ ဆရာမကြီး၏ ဆန္ဒတော့ ပြည့်ဝ သွားလေသည်။ သူရ၊ သီဟနှင့် ကျွန်တော်တို့က ပေါက်ပြားကိုယ်စီဆွဲလျှက် တဲအိမ်နောက်ပိုင်းကို ရှင်းလင်း ကြလေသည်။ ကျွန်တော်နှင့် ညီငယ်နှစ်ယောက်ကား အပင်စိမ်းစိမ်း မှန်သမျှ ခုတ်ချပစ်လေသည်။ သစ်ပင် သစ်တော ထူထပ်လှသည့် မြန်မာပြည်မှလာသူများ ဖြစ်ပေရာ တဲအိမ်နောက်ခြမ်းရှိ မြင်မြင်သမျှ သစ်ပင်တို့မှာ ကျွန်တော်တို့အတွက် အမှိုက်များသာတည်း။ တဗြုန်းဗြုန်းဖြင့် ခုတ်ချရ်ျ ကောင်းဆဲတွင် ဆရာမကြီး လာကြည့် ပြီးနောက် ရင်ကွဲပက်လက် ဖြစ်သွားလေသည်။ ကျွန်တော်တို့ ခြံရှင်းသည့်အနေဖြင့် ခုတ်ချ ထားသော အပင်များကို လွမ်းလွမ်းဆွေးဆွေးကြီး ကြည့်လျှက် နှမြောနေရှာ၏။ ထို့ကြောင့် ကျွန်တော်က ဖြောင့်ဖျသည့်အနေဖြင့် “ အသုံးဝင်တာလည်း မဟုတ်ဘဲနဲ့ နှမြောမနေပါနဲ့ နာဂျာ၊ ဒါတွေခုတ်ပစ်မှ ခြံရှင်းသွားမှာပေါ့ ” ဟု ပြောရလေသည်။ ထိုအခါ ဆရာမကြီးက သူတို့သည် သစ်ပင်များကို အလွန်ချစ်တတ်ကြကြောင်း၊ သစ်ပင်များမှာ တစ်နှစ်လုံးနေမှ လေးလသာလျှင် နေရောင်ခြည်နှင့် ထိတွေ့ရသည် ဖြစ်ရာ ကြီးထွားနှုန်းနှေးလှကြောင်း၊ ရှိသည့် အပင်လေးများကို လွန်စွာ ဂရုစိုက်လျှက် မွေးမြူရပါကြောင်း ပြောပြ လေသည်။ ဆရာမကြီး၏ စကားများကို နားထောင်နေရင်းမှ ဗိုလ်လောင်းဘ၀က စနေနေ့တိုင်း ရှင်းခဲ့ရသည့် သတ်လို့ မသေ၊ ခုတ်လို့ မနိုင်သော နေကြာရိုင်းပင်များကို ပြေးရ်ျ သတိရမိသေးတော့သည်။ နေကြာရိုင်းတို့ ဒီ ရုရှ မှာ လာဖြစ်ထွန်းလျှင် မည်မျှ ကောင်းမည်နည်း။ ယခုတော့ မြန်မာပြည်က နေကြာရိုင်းတို့မှာ ရန်သူတော် ဗိုလ်လောင်းများနှင့်သာ စစ်ခင်းနေကြရလေသည်။

ဤသို့ဤပုံ ကျွန်တော်တို့တတွေ ကိုယ်စီတာဝန်များဖြင့် အလုပ်လုပ်နေကြချိန်ဝယ် ညီငယ် ဘိုဘိုမှာလည်း သူ၏ ဗွက်ထနေသော မီးဖိုကြီးနှင့် နပန်းလုံးနေလေသည်။ ညက မိုးရွာထားသဖြင့် သူ၏ မီးဖိုမှာ ရေအိုင် သာသာ ဖြစ်နေလေပြီ။ သူကား ထိုမီးဖိုဖြင့်ပင် အားလုံးစားဖို့ ချက်ပြုတ်ပေးရှာ၏။ သူ၏ ၀ါးစရာမလိုသော ထမင်းနှင့် စိတ်ကူးတည့်ရာ ဟင်းလျာတို့ကား မကြာမှီ အသင့်ဖြစ်လာလေပြီ။ မည်သည့်အရသာဟု ပြောပြရန် ခက်ခဲလှသည့် ဟင်းများဖြစ်သော်လည်း မော်စကိုရောက်ပြီးနောက် ( ၃ ) နှစ်အတွင်း ပထမဆုံး မြိန်ရှက်စွာ စားခဲ့ရသော ထမင်းနှင့် ဟင်းတို့သာ ဖြစ်ကြောင်း ၀န်ခံရပေမည်။ ညနေ ၅ နာရီကျော်သည်နှင့် အလျှိုလျှို တန်းဖြုတ် ကုန်ကြလေသည်။ ရေချိုးတဘက်ဆွဲသူဆွဲ၊ ဆပ်ပြာခွက် ကိုင်သူကိုင်ဖြင့် ဟန်ရေးပြင်ကြလေပြီ။ မိုးတအေးအေး ဖြင့် တနေကုန် အနွေးထည် မချွတ်ခဲ့သူ အမောင်တို့ကား ရေချိုးရန်တော့ မပျင်းကြချေ။ ဘယ်ပျင်းလိမ့်မတုန်း။ ဘိုင်စကယ်စီး မဒီလေးနှစ်ယောက်က အချိန်မှန်ချေသည်ကိုး။ “ အပျိုလေးတွေ ရေခပ်ဆင်းကို ခြင်းခတ်လို့ ခြောင်း ” ဟူသော ကဗျာစာသားကို ကျွန်တော်တို့နှင့်ကျမှ “ အပျိုလေးတွေ ဘိုင်စကယ်စီးကို ခြင်းခတ်လို့ ခြောင်း ” ဟု ပြင်ရမလို ဖြစ်ရလေသည်။ ရေအိုင်ဘေးတွင် ခြင်းခတ်ရင်းမှ ဘေးနားတွင် စက်ဘီးစီးကျင့်နေကြသော ထိုမဒီလေးများကို ခပ်တည်တည် ရှိုးရလေသည်။ ထို မဒီများကား ရဲလှချည့်။ ယောက်ျားလေးတွေ ၆ ယောက်လောက် ၀ိုင်းပြီး ခြင်းခတ်နေသည့် ဘေးနားကို လာပြီး မကြောက်မရွံ့ လာရပ်ကြည့်နေလေသည်။ ခြင်းလုံးကလည်း တိုင်ပင်ကိုက်ထားသည့်အလား မြေပေါ်ကျလျှင် တခြားဘက်သို့ မကျ။ သူတို့ အနားသို့သာ ကျလေသည်။ ဤသို့ဖြင့် သူ့ဟာနှင့်သူတော့ စည်းဝါးကိုက်နေလေသည်။ မဒီလေးများကား ၅ မိနစ်ခန့် ရပ်ကြည့်ကြပြီးနောက် ပြန်သွားကြလေသည်။ ညအထိ ရပ်ကြည့်မနေတာ ကံကောင်း။ မဟုတ်လျှင် ကျွန်တော်တို့ တတွေ အအေးပတ်ကုန်ပေလိမ့်မည်။

ရေမိုးချိုး၊ ညနေစာ စားသောက်ပြီးသောအခါ ဆရာမကြီး၏ ဘော်ဒါ အိမ်မှ ကျွန်တော်တို့အား လက်ဖက်ရည် သောက်ရန် လာခေါ်လေသည်။ မြန်မာပြည် တောရွာများတွင် ဧည့်သည်လာပါက ရေနွေးသောက် ဖိတ်သည်နှင့် တူလှပေသည်ဟု တွေးမိပါသည်။ ၀ါးတီး အစီအစဉ်ဖြစ်ရာ မည်သူမျှ မငြင်းမိဘဲ ချီတက်ကြကုန်လေသည်။ ဆရာမကြီး၏ ဘော်ဒါမှာလည်း သမိုင်းပါမောက္ခကြီးတစ်ဦး ဖြစ်ခဲ့ပြီး ယခုတော့ ပင်စင်စားကြီး ဖြစ်နေလေသည်။ ထိုအဖွားကြီးကား သမိုင်းဆရာမကြီးပီပီ မြန်မာနိုင်ငံနှင့် ပတ်သက်ရ်ျ အတော်သိလေသည်။ ဟိုအကြောင်းမေး၊ ဒီအကြောင်းမေးနှင့် ရှိလေသည်။ ကျွန်တော်တို့ကား တည်ခင်းထားသော လက်ဖက်ရည်နှင့် မုန့်ကို ၀ါးလျှက်မှ တော်ကီ ပြန်ပွားရလေသည်။ ထိုအိမ်မှ ပြန်လာကြသောအခါ လမ်းတွင်တွေ့ရသော ဒါချာတဲအိမ် တစ်ခုတွင် လျှပ်စစ်မီးများ လင်းနေသည်ကို တွေ့ရသဖြင့် စနည်းနာလိုက်ရာ ဓာတ်ဆီမီးစက် အသေးလေးတစ်လုံး မောင်းထားကြောင်း တွေ့ရလေသည်။ ထိုတဲအိမ်ရှေ့တွင် အဘိုးကြီးတစ်ဦး ပက်လက်ကုလားထိုင်ဖြင့် ထိုင်လျှက် ရှိသည်ကို တွေ့ရသဖြင့် အနားသို့ အသာချဉ်းကပ်ကာ လက်ပ်တော့ အားသွင်းပါရစေဟု ကပ်ပြောမိလေသည်။ အဘိုးကြီးကား သဘောကောင်းပုံရလေသည်။ လာပါ လာပါဟု ကြိုဆိုရှာ၏။ လက်ပ်တော့ အားသွင်းနေစဉ် အဘိုးကြီးအနား သွားထိုင်ရင်း တော်ကီပွားမိလေသည်။ “ ဒီလက်ပ်တော့က ဘာလုပ်ဖို့လဲ ” ဟု မေးရာ ဗီဒီယိုကြည့်ဖို့ပါ ဟု ပြောရန် အားနာသဖြင့် စာရေးဖို့ပါ ဟု ပြောလိုက်ရလေသည်။ ထိုအခါ အဘိုးကြီးက “ မင်းက စာရေးတယ်လား၊ ဘာစာတွေ ရေးတာလဲ ” ဟု စတင် အစ်ပါတော့သည်။ ထို့ကြောင့် ကျွန်တော့်မှာ ကိုယ့်အတတ်ကိုယ်စူးလျှက် စာရေးဆရာ မဟုတ်ပါကြောင်း၊ ရုရှနိုင်ငံအကြောင်း သိသမျှ ဗဟုသုတလေးများကို ဘလော့ပေါ်တွင် ရေးသားနေပါကြောင်း စသည်ဖြင့် လှည့်ပတ်ပြောရလေသည်။ ထိုအခါ အဘိုးကြီးမှာ များစွာ သဘောကျသွားလျှက် ရုရှနိုင်ငံနှင့် ပတ်သက်သော သမိုင်းကြောင်းမှ စတင်ကာ လူနေမှု၊ အကျင့်စရိုက် အဆုံး အိတ်သွန်ဖာမှောက် ပြောပြလေတော့သည်။ ကျွန်တော်ကား လက်ပ်တော့ အားဖြည့်နေသည်ကိုပင် မေ့သွားလျှက် အဘိုးကြီး ပြောပြသော ဒုတိယကမ္ဘာစစ်ကြီး အကြောင်း၊ အိုက်ခမန်း၏ ငရဲခန်းများ အကြောင်း၊ အောက်တိုဘာတော်လှန်ရေးကြီး အကြောင်း၊ ဆိုဗီယက်ခေတ်အကြောင်း စသည်တို့တွင် မျောပါသွား ပါတော့သည်။ ဤသို့ စိတ်ဝင်တစား နားထောင်နေသည်ကို တွေ့ရသဖြင့် အဘိုးကြီးမှာ ပြောရင်းမှ ပိုမို စိတ်ပါလာဟန်ဖြင့် အိမ်အတွင်းသို့ ၀င်သွားပြီး စာအုပ်တစ်အုပ် ယူလာကာ ကျွန်တော့်အား လက်ဆောင်အဖြစ် ပေးလေတော့သည်။ ထိုစာအုပ်မှာ “ ဆိုဗီယက်ခေတ်အလွန် ” ဟု အမည်တပ်ထားသော ကဗျာ စာအုပ် ဖြစ်လေသည်။ ရှေ့ဆုံး စာမျက်နှာတွင် “ ရုရှနိုင်ငံအား အမှတ်ရစိမ့်သောငှာ မြန်မာကျောင်းသား ကိုဥာဏ်အား စာရေးသူကိုယ်တိုင် လက်ဆောင်ပေးသည် ” ဟူသော စာကို မြင်လိုက်ရသဖြင့် မျက်လုံးပြူးသွားရလေသည်။ ပေကြောင်ကြောင် အဘိုးကြီးပါဟု ထင်မိသည်မှာ မှားလေပြီ။ သူကား ရုရှ ကဗျာဆရာကြီး ဗာဆီလီဒရူးဂေါ့ ဖြစ်နေလေသည်။ ဤသို့ဖြင့် ကျွန်တော့်မှာ သူ့စာအုပ်တစ်အုပ် အလကား ရလိုက်လေသတည်း။ ထို့အပြင် အဆိုပါ ဆရာကြီး၏ ကျေးဇူးကြောင့် ထိုညက ကျွန်တော်တို့တတွေ မံမီဇာတ်ကား ကြည့်လိုက်ရလေသည်။

တနေ့ တနေ့ ခြံရှင်း ဖက်ထိပ်လုပ်လိုက်၊ အချိန်တန် ဗော့ဒ်ကာပုလင်းဖွင့်ပြီး ထမင်းစားလိုက်ဖြင့် လျှပ်စစ်မီးမရှိ၊ အင်တာနက် မရှိဖြင့် အနေကြာလာသောအခါ ကျွန်တော်တို့တတွေ ငြီးငွေ့လာလေပြီ။ လက်ချောင်းလေးများ ကလည်း ကီးဘုတ် ရိုက်လိုကြောင်း သွေးတောင်းလာလေပြီ။ နေ့စဉ်ရက်ဆက် ဖုန်းဖြင့် သတင်းပို့နေရရှာသော ညီငယ် ဘိုဘိုမှာလည်း ဖုန်း ဘတ္တရီကုန်လေပြီ။ တဲအိမ်ခေါင်မိုးပေါ် မရမက တွယ်တက်လျှက် “ အဲဒီဘက်က ကြားလား၊ ဒီဘက်က ကောင်းကောင်းမကြားရဘူး၊ ပြန်ပြောဦး ” စသည်ဖြင့် ခုနှစ်သံချီ အော်နေတတ်သော ချမ်းငြိမ်းလည်း မျက်နှာညှိလေပြီ။ ဂျီတော့ပေါ်မှ ပိုင်ရာဆိုင်ရာတို့ကလည်း ကြိမ်စင်္ကြာဖြင့် ရိုက်ခေါ် ကုန်ကြပြီ ဖြစ်ရာ ကျွန်တော်တို့တတွေ အထုပ်အပိုးပြင်ကြလေသည်။ ထိုအခါ ဆရာမကြီး မျက်နှာညှိုးလေတည်း။ သူ့ခမျာ ၀မ်းနည်းပက်လက်ဖြစ်လျှက် ကျွန်တော်တို့အား အတန်တန်တားရှာ၏။ ကျွန်တော်တို့မှာ ဆရာမကြီးကိုလည်း အားနာ၊ ဆက်နေရမည်မှာလည်း ငြီးငွေ့လာပြီဖြစ်ရ်ျ မနေနိုင်ဖြင့် အနေခက်ရပေတော့သည်။ ဆရာမကြီးခမျာ နည်းမျိုးစုံသုံးလျှက် တားရှာလေသည်။ နောက်ဆုံး သူ့ပိုက်ဆံအိတ် အစုတ်ကြီးထဲတွင် ဘယ်အချိန် ကတည်းက စုထားရှာသည်မသိသော ပိုက်ဆံလေးများကို ထုတ်ပေးလျှက် ကာလူးမနာမြို့ပေါ်ရှိ ဈေးသို့သွားရ်ျ စားစရာ သောက်စရာများ ၀ယ်ခိုင်းသည်အထိ စည်းရုံးလေသည်။ သူ့ခမျာ အဖော်မဲ့ အထီးကျန်နေရှာသူ ဖြစ်ရကား ကျွန်တော်တို့ကို မပြန်စေချင်ရှာပေ။ ကျွန်တော်တို့မှာ ဆရာမကြီးကို သနားလှသော်လည်း လုပ်စရာ အလုပ်များ လည်း လုပ်ကိုင်ပြီးပြီ ဖြစ်ရာ ဤတောထဲတွင် မနေလိုတော့ပေ။ ထို့ကြောင့် မျက်လုံး ဇွတ်မှိတ်လျှက် အတင်း ငြင်းရ ပေတော့သည်။ အကြောင်းအမျိုးမျိုးပြလျှက် ရုန်းထွက်ကြရလေသည်။ ဆရာမကြီးက ၁၀ ရက်တန်သည် ၁၅ ရက်တန်သည်တော့ နေပါဟု ပြောသော်လည်း ကျွန်တော်တို့မှာ ၁၀ မိနစ်တန်သည် ၁၅ မိနစ်တန်သည်ပင် ဆက်လက် မနေလိုတော့ရကား ဇွတ်မှိတ် ကန့်ကွက်ရလေတော့သည်။ နောက်ဆုံးတော့ ဆရာမကြီးမှာ မျက်ရည် အ၀ိုင်းသားဖြင့် ကျွန်တော်တို့ ဆန္ဒကို လိုက်လျောရရှာလေသည်။ ရုရှပြည်က အဖော်မဲ့ အဘွားကြီး တစ်ဦး၏ အဖြစ်မှာ ရင်နင့်ဖွယ် ကောင်းလှပေသည်။ ကျွန်တော်တို့ မြန်မာပြည်က အသက်အရွယ် ကြီးရင့်လာသော အဘိုး၊ အဘွားတို့ ကံကောင်းနေကြသေးသည်။ မည်သည့် ခေတ်ကာလတွင် ပြောင်းလဲ ကုန်ကြမည်လဲတော့ မသိ။ ယခုထိတော့ မြန်မာ့ လူနေမှု စရိုက်က သူတို့ကို ကယ်ထားသေးလေသည်။

တားမရသည့် အဆုံးဝယ် ဆရာမကြီးက ထိုတစ်ညတော့ နေပါဦး၊ ပါတီပွဲတစ်ခုတော့ လုပ်သွားပါဟု ဆိုကာ ကိတ်မုန့်နှင့် လက်ဖက်ရည်များ သူကိုယ်တိုင် သွားဝယ်လေသည်။ ညနေဘက်တွင် ကိတ်မုန့်ပေါ် ဖယောင်းတိုင် ထွန်းလျှက် နှုတ်ဆက်ပွဲ လုပ်ရလေသည်။ မည်သူမျှ မျက်နှာမရွှင်။ ဆရာမကြီး ၀မ်းနည်း နေသဖြင့် ကျွန်တော်တို့တတွေလည်း စိတ်မကောင်းဖြစ်ရလေသည်။ ညဘက်တွင် မီးပုံကြီးတစ်ပုံဖိုလျှက် အသားများကို တံစို့ထိုးကာ ကင်ကြလေသည်။ ဗော့ဒ်ကာ မသောက်သူများအတွက် ဘီယာဖြင့်၊ ဆရာမကြီး အပါအ၀င် ကျွန်တော်တို့ ဗော့ဒ်ကာမန်းများက ဗော့ဒ်ကာဖြင့် ထိုအသားကင်များကို စားသောက်ကြလေသည်။ ဆရာမကြီးလည်း ဗော့ဒ်ကာလေး ၀င်မှ လူမှန်နေရာမှန် ပြန်ရောက်လာကာ စကား ပြန်ပြောနိုင်လေသည်။ နောက်ဆုံးည အနေဖြင့် ညဥ့်အတော်နက်သည်အထိ ကျွန်တော်တို့တတွေ မီးပုံဘေးက မထကြပေ။ သီချင်းတွေ ဆိုလိုက်၊ ဓာတ်ပုံတွေ ရိုက်လိုက်ဖြင့် ရှိလေသည်။ ဆရာမကြီးမှာလည်း အလွမ်းဓာတ်များ ပြန်လည် နိုးကြားလာသလား မသိ။ စစ်ကြီးအတွင်းက သူတို့ စစ်ပြေးခဲ့ရသည့် အကြောင်းများ၊ သူ လေးနှစ်သမီး အရွယ်တွင် သူ့အဖေမှာ စစ်ကြီးအတွင်း ကျဆုံးသွားခဲ့သဖြင့် သားအမိတတွေ ဒုက္ခရောက်ကြရပုံများ၊ ရေခဲမှတ်အောက် ၄၀ ဒီဂရီလောက် ရောက်နေသော ရုရှဆောင်းတွင်းတွင် ခြေအိတ်မရှိ၊ ဖိနပ်မပါဘဲ ကျောင်းတက်ခဲ့ကြရပုံများ၊ ဆောင်းစရာ ခေါင်းစွပ်မရှိသဖြင့် သူ့အဖေ၏ စစ်ဂျာကင်ကြီးကို စုတ်ဖြဲလျှက် ခေါင်းပေါင်းခဲ့ကြရပုံများ၊ စစ်အတွင်း ရုရှတစ်နိုင်ငံလုံး စားစရာမရှိသဖြင့် သစ်ဥသစ်ဖုများ တူးစားခဲ့ရပုံများ၊ သူ့အမဖြစ်သူမှာ ထိုသစ်ဥသစ်ဖုတို့ကို စားရင်းမှ အစာအဆိပ်သင့်ရပုံများ စသည်တို့ကို ပုံပြင်သဖွယ် ပြောပြလေတော့သည်။ ကျွန်တော်တို့မှာ အဖွားပုံပြောသည်ကို နားထောင်နေကြသော မြေးများသဖွယ် ရှိလေတော့သတည်း။

နောက်နေ့မနက် မိုးသောက်သည်နင့် ကျွန်တော်တို့သည် တစ်ပတ်လုံးလုံး ရှင်းလင်းရေး လုပ်ခဲ့သော ဒါချာတဲအိမ်ကို နှုတ်ဆက်သည့် အနေဖြင့် ဓာတ်ပုံများရိုက်ကြပြီးနောက် ပြန်ရန် ပြင်ဆင်ကြလေသည်။ အထုပ်အပိုးများ လွယ်လျှက် ခြံတံခါးမှ ထွက်လာသောအခါ အနည်းငယ် လွမ်းမိသလိုလိုတော့ ဖြစ်မိလေသည်။ တောထဲ တောင်ထဲ အေးချမ်းသော နေရာလေးဖြစ်ရာ အနားယူရ်ျတော့ ကောင်းခဲ့ပါသည်။ ဆရာမကြီးကိုလည်း များစွာ ကူညီလုပ်ကိုင်ပေးနိုင်ခဲ့ပြီ ဖြစ်ရာ ကျွန်တော်တို့၏ နွေရာသီတဲအိမ်ခရီးမှာ အကျိုးအမြတ် များစွာ ရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။ သို့သော် စိမ့်ထဲမှ ရေကို တစ်ပတ်ခန့် သောက်ခဲ့ရသဖြင့် လည်းကောင်း၊ ညအိပ်သောအခါ ဗော့ဒ်ကာ မူးမူးဖြင့် စောင်ပါးကိုသာ ခြုံလျှက်ကွေးမိသောကြောင့် လည်းကောင်း သွားဖုံးများ ရောင်ကာ သွားကိုက်လာသည်ကတော့ ခြွင်းချက်ဟု ပြောရပါတော့မည်။ ဤသို့ဖြင့် ကျွန်တော်သည် ရုရှတို့၏ နွေရာသီတဲအိမ်များဆီသို့ တစ်ခါတစ်ခေါက် အလည်ရောက်ခဲ့လေသတည်း။

( အပြန်ခရီးတွင် ကိုအောင်မှူးကြီးဆီမှ ညာတာပါတေးဖြင့် ပိုက်ဆံ ၃၅၀ ချေးရ်ျရခဲ့သည်မှာလည်း အမြတ်ထဲ ထည့်တွက်ရပေလိမ့်မည်။ သို့သော် ဤပို့စ်များကို ဖတ်ပြီးသောအခါ သူ့အား မင်းသားနေရာ မထားဘဲ ဗီလိန်လုပ်ကာ အံ့ကျော်လိုလို၊ အောင်ခိုင်လိုလို လုပ်ထားပါသည်ဟု စွပ်စွဲကာ အဆိုပါ ချေးထားသော ပိုက်ဆံများကို အတင်းပြန်တောင်းသွားပါကြောင်း …… ) ကိုဥာဏ်(စက်မှု)

Read More...

Saturday, September 13, 2008

နွေရာသီ တဲအိမ်များကအပြန်….( ၄ )

ညီငယ် ဘိုဘိုနှင့်အတူ ကျွန်တော်တို့၏ မဟာဘုတ်တလုပ် ရေကန်တော်ကြီးသို့ ရေချိုးရန် အသွားတွင် စက်ဘီးစီး မဒီလေးများ အိမ်ပြန်အ၀င်နှင့် တိုးပါလေသည်။ မဒီလေးများကား အတောင်အလက် အတော် စုံလင်နေပြီဖြစ်ရာ လောကီသားဖြစ်သူ ကျွန်တော်လည်း မသိမသာရော သိသိသာသာပါ ရှိုးမိပါသည်။ ရုရှမလေးများကလည်း စောစောက ရေချိုးသွားသူ ကိုကိုမြန်မာတို့၏ ခြင်းဝိုင်းကို ကြည့်ခဲ့ရသည်ဖြစ်ရာ ယခု ရေချိုးထွက်လာသော ကျွန်တော်တို့ နှစ်ယောက်ကိုပါ စိတ်ဝင်တစား လှမ်းကြည့်နှေသည်ကို တွေ့ရပါသည်။ သူတို့က စိတ်ဝင်တစား လှမ်းကြည့်နေသဖြင့် “ သာယာသော ညနေခင်းပါ ” ဟု လှမ်းနှုတ်ဆက် လိုက်မိပါသည်။ ဤသည်ကို ဘေးမှ အရိပ်တကြည့်ကြည့် လုပ်နေသူ ညီငယ်ဘိုဘိုက “ အကိုကြီးက ဒါတွေလည်း လုပ်တတ်သကိုး ” ဟု အံ့သြဟန်ဖြင့် ဆိုချေ၏။ “ ဟ … ကောင်လေးရ .. ကိုယ့်ရုပ်က ဒါတွေ စိတ်မ၀င်စားတဲ့ တရားရနေတဲ့သူ ပုံပေါက်နေလို့လား၊ ဒါမှမဟုတ် ဂျော်တကီးပုံကြီး ပေါက်နေလို့လား ဟ ” ဟု အငေါ်တူးလိုက်မှ တဟီးဟီး တဟဲဟဲဖြင့် ရယ်လေတော့သည်။

ရေအိုင်ဘေးသို့ ရောက်သောအခါ ဘေးဘယ်ညာ အသာကြည့်လျှက် အ၀တ်အစားများ ချွှတ်ကာ ( အောက်ခံ ဘောင်းဘီတော့ ကျန်ပါသေးသည် ) နောက်ကျိနေသော ရေအိုင်ကို နတ်ရေကန်အလား သဘောထားလျှက် ခုန်ဆင်းရ၏။ တောတောင်ထဲ ဖြစ်သဖြင့် ရေကား သွေးခဲမတတ် အေးလှပေရာ ချက်ချင်း ပြန်တက်ပြေးမိ၏။ ပြီးလျှင် တစ်ခါ ထပ်ခုန်ချ၏။ ညီငယ် ဘိုဘိုကား ကျွန်တော် ဤသို့ ဆင်းလိုက် တက်လိုက် လုပ်နေသည်ကို ဘေးမှ ကြည့်လျှက် တဟားဟား သဘောကျနေလေသည်။ သူကတော့ ဟုတ်မှာပေါ့။ ရေဘေးနားမှာ မွေးလာသူ ( ဘိတ်သား ) ဖြစ်လေသည်ကိုး။ ရေကူးလိုက်၊ ရေစိမ်လိုက်နှင့် အထာကျနေ၏။ ကျွန်တော့်မှာတော့ ရေဆိုလျှင် ရေကူးကန်ထဲတောင် ကောင်းကောင်း ဆင်းခဲ့ဖူးသူ မဟုတ်လေရကား ကြာကြာ မစိမ်နိုင်။ ဆင်းလိုက် တက်လိုက်နှင့်ပင် ရေချိုးခြင်း အမှု ပြီးရလေသည်။ ဆပ်ပြာပင် ကောင်းကောင်း ပြောင်ဟန်မတူ။ မတတ်နိုင်။ ဆက်လက်လည်း မချိုးနိင်တော့သဖြင့် မြန်မြန် ပြန်တက် ပြေးရလေသည်။ ဘိုဘိုကား ဘာသားနှင့် ထုထားသလဲ မဆိုနိုင်။ တော်တော်နှင့် ပြန်တက်မလာချေ။ ခံနိုင်ရည် ရှိလှချေ၏။ ပြန်ရအောင်ဟု အတင်းခေါ်ယူရလေသည်။ ရေအိုင်ဘေးတွင် ခဏထိုင်နေခိုက် ရုရှအဘိုးကြီးတစ်ဦး ရေပုံးနှစ်ပုံးကိုင်ကာ ရေလာခပ်လေသည်။ ထို့ကြောင့် မြန်မာပီပီ ကူညီပေးမည်ဟု လက်ကမ်းလိုက်ရာ သူက ရေပုံးကို မပေးဘဲ လက်ဆွဲနှုတ်ဆက်ချေ၏။ ခက်တော့ နေပါပြီ။ လက်လှမ်းတာနဲ့ကို နှုတ်ဆက်တယ် ထင်တော့တာပဲ ဟု တွေးမိကာ “ မဟုတ်ဘူး၊ ကျွန်တော် အဘိုးကို ကူညီမလို့ပါ ” ဟု ပြန်ပြောကာ ရေပုံးကို အတင်းဆွဲယူရချေ၏။ ဒါတောင် သူက အင်တင်တင် လုပ်နေသဖြင့် ညီငယ်ဘိုဘိုက စိတ်မြန်သူပီပီ ဆတ်ခနဲ ဆွဲယူကာ ရေခပ်ပေးလေသည်။ ဤသည်ကိုပင် သူက မယုံသလိုဟန်ဖြင့် ကြည့်နေပေသေးသည်။ သူ့ရေပုံး အစုတ်နှစ်လုံးကို လုပြေးမည့် သူတွေများထင်နေသလား မသိ။ ကူညီတတ်သော မြန်မာ့စိတ်ရင်းအရ ကြည့်လျှင် တော်တော်တော့ အခံရခက်လေသည်။ ဧကန်န ဒီအဘိုးကြီး ဒီလိုလုပြေးတာ ခံခဲ့ရဖူးတယ် ထင်တယ် ဟုသာ ဖြေတွေး တွေးလိုက်ရလေသည်။

တဲအိမ်သို့ ပြန်ရောက်သောအခါ ညနေစာအတွက် ပြင်ဆင်နေကြသည်ကို တွေ့ရလေသည်။ ညီငယ် မောင်ပိုင်၊ သူရနှင့် သီဟတို့မှာ ထမင်းများကို တစ်ခါသုံး ပလက်စတစ် ပန်းကန်များဖြင့် ခူးခပ်နေလေသည်။ ချမ်းငြိမ်း၊ ဘီစီနှင့် သားသားတို့ကား ဟင်းအိုးကြီးများကို မနိင့်တနိုင် မလျှက် နေရာချနေလေသည်။ ဆရာမကြီးကတော့ စားပွဲထိပ်တွင် ထိုင်လျှက် သူ့တပည့်တွေ ခူးခတ်ပြင်ဆင်နေသည်ကို ပြုံးပြုံးကြီးလုပ်ကာ ကြည့်နေပေ၏။ ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်ကြီး ကိုအောင်မှူးကား ဗော့ဒ်ကာ ပုလင်းကြီးနှစ်လုံးကို တကိုင်ကိုင်နှင့် ရှိချေသည်။ “ ဟာ .. ဗော့ဒ်ကာ က နှစ်လုံးတောင် ” ဟု ဆိုလိုက်မိရာ “ ဘာလဲ … မင်းက ဖြတ်ထားလို့လား ” ဟု အလိုက်မသိ ပြန်ပြောချေ၏။ ထို့ကြောင့် ကျွန်တော်လည်း စိတ်ပေါက်ပေါက်နှင့် “ အာ .. ဒီလောက် ကောင်းတဲ့ဟာကို ဖြတ်စရာလားဟ .. ဖြတ်ခြင်းဖြတ် အလိုက်ကန်းဆိုး မသိတဲ့ မင်းလျှာကိုသာ ဖြတ်ပစ်ရမှာ ” ဟု ပြန်အော်လိုက်ရာ အောင်မှူးကား ကောင်းကောင်း မေတ္တာပို့ချေ၏။ ချက်ထားသော ဟင်းလျာများကား ဘာအရသာမှန်း မသိသော်လည်း လှပစွာ ပြင်ဆင်လိုက်သောအခါ စားချင်စဖွယ် ဖြစ်လာလေသည်။ အလယ်တွင် ငါးသေတ္တာနှင့်အာလူးကို ဆီပြန်ချက်ထားသော ဟင်းအိုးကြီးက ခန့်ထည်စွာ ရှိလေသည်။ ဗော့ဒ်ကာနှင့် အမြည်းအဖြစ် ခရမ်းချဉ်သီးများကို လေးစိတ်လှီးလျှက် မာရိုးနပ်ဟု ခေါ်သော ဒိန်ချဉ်ဖြင့် ဆမ်းထားလေရာ အတော် ကြည့်ကောင်းလေသည်။ သားသားက စီလော့ကာ ဟုခေါ်သော ငါးအစိမ်းကို ဆီစိမ်ထားသည့် ငါးဆီစိမ်ကို တစ်ယောက်လျှင် သုံးလေးတုံး လိုက်ထည့်ပေး၏။ ဆရာမကြီးအတွက် ပေါင်မုန့် အညိုကို လှီးပေးရာ လက်မခံ။ မြန်မာထမင်းသာ စားလိုသည် ဆိုသဖြင့် ထမင်း တစ်ပန်းကန်ထည့်ပြီး ဟင်းများ ပုံပေးရ၏။ ညီငယ် သူရက ဆရာမကြီးအား “ စပ်လို့ဆိုပြီး မအော်ရဘူးနော်၊ ကုန်အောင်စားရမယ် ” ဟု လှမ်းနောက်သည်ကိုပင် ပြုံးပြုံးကြီး လုပ်နေလေသည်။

တစ်ခါသုံး ပလက်စတစ်ခွက် အကြည်များဖြင့် ဗော့ဒ်ကာကို ထည့်လိုက်သောအခါ ကျွန်တော်တို့၏ မြန်မာနှင့် ရုရှစတိုင် ပေါင်းစပ်ထားသော ဖက်စပ် ထမင်းဝိုင်းကြီး တည်ခင်းခြင်း အမှုပြီးလေသည်။ ညီငယ် သီဟ ကား အရက်မသောက်တတ်သဖြင့် အအေးကိုသာ ထည့်ပေးရ၏။ အရက် သိပ်မကြိုက်တတ်ရှာသော သားသားမှာ ကိုအောင်မှူးအား ၀ယ်လာသော ခွက်များ ငယ်နေကြောင်း အပြစ်တင်နေသံကြားရ၏။ သူကား ပါးပါးလေးသာ သောက်တတ်သူတည်း ( လင်ဗန်းဖြင့် )။ အားလုံးနေရာယူပြီးသောအခါ ဆရာမကြီးနှင့်အတူ အရက်ခွက်ကိုယ်စီ မြှောက်လျှက် “ ကျန်းမာပျော်ရွင်ခြင်းဆီသို့ ” ဟု ဆုတောင်းကာ ထမင်းပွဲစလေတော့သည်။ ဆရာမကြီးကား မြန်မာထမင်း၊ ဟင်းကို အတော်ပင် ခံတွင်းတွေ့နေလေသည်။ သူလည်း မြန်မာတွေနှင့် လက်ပွန်းတနှီး နေပါများ လာရ်ျ ဇာတ်ပျက်လာလေပြီ။ ရုရှစတိုင် မပေါက်တော့ဘဲ မြန်မာနှင့် ရုရှပေါင်းလျှက် “ မြန်ရှားကြီး ” ဖြစ်လာလေသည်။ အသက်က ဇရာထောင်းနေသော်လည်း ကျွန်တော်တို့နှင့် အတူ လိုက်သောက် နိုင်လေ၏။ ဒါကြောင့်လည်း ရုရှတွေက အရက်သောက်တာ နာမည်ကြီးပေတာကိုးဟု တွေးမိချေ၏။ ဗော့ဒ်ကာ တစ်ခွက်မော့လိုက် ထမင်းတလုပ်စားလိုက်ဖြင့် ကျွန်တော်တို့၏ ထမင်းဝိုင်းကြီးကား မြိုင်မြိုင်ဆိုင်ဆိုင် ရှိချေသည်။ ဘိုဘိုမှာ အယ်လ်ကိုဟော အလက်ဂျစ်ရှိသဖြင့် မျက်နှာကြီး နီမြန်းနေသော်လည်း ခွက်ကိုတော့ မလွတ်ချေ။ ချမ်းငြိမ်းကား အရက်သောက်ခြင်းကို ချစ်သူကမကြိုက်ဟု တွင်တွင်အော်လျှက် တစ်ခွက်ပြီး တစ်ခွက် မော့ချေ၏။ ဟုတ်ပေသည်။ ချစ်သူမကြိုက်သော်လည်း သူကတော့ ကြိုက်ပေသည်ကိုး။ ဘီစီကား စကားတစ်လုံးမှ မပြောနိုင်။ ခေါင်းအတွင်သား ငုံ့လျှက် တွယ်ချေ၏။ ကျွန်တော်၊ အောင်မှူးနှင့် သားသားတို့ကား ဗော့ဒ်ကာ ပုလင်း လည်ပင်းကိုသာ တစ်လှည့်စီ လုကြရလေသည်။ ဗော့ဒ်ကာ ပုလင်းမှာ ကျွန်တော်တို့သုံးဦး လက်ထဲတွင် လွန်းထိုးနေသည့်အလား ဟိုပြေးလိုက်၊ ဒီပြေးလိုက်နှင့် ရှိချေ၏။ ညီငယ်မောင်ပိုင်မှာ ထမင်းကို ဖြောင့်ဖြောင့် မစားနိုင်။ ၀ဏခွာနီး ဒီဇိုင်းဖမ်းလျှက် သူ၏ အသံ တစ်ဂျစ်ဂျစ်မည်သော ကန်နွင်း ကင်မရာကြီးဖြင့် မှတ်တမ်းတင်ချေသည်။ သူကား ထမင်းသာ ဖြောင့်ဖြောင့် မစားနိုင်သော်လည်း အသောက်ကတော့ မပျက်ချေ။

ဤသို့ပျော်ရွင်စွာ ထမင်းလက်ဆုံ စားကြရသောအခါ နေ့လည်က ခြံရှင်းထားသဖြင့် ပင်ပန်းနေသည်များ ဘယ်ပျောက်သွားမှန်း မသိတော့ချေ။ ဟိုလူ့ကို စလိုက် ဒီလူ့ကို နောက်လိုက်ဖြင့် တ၀ါးဝါး တဟားဟား ရှိလေသည်။ ပျော်စရာ ကောင်းလှပေတောင်း။ ဆရာမကြီးမှာ သူ့တပည့်များနှင့် အတူ လိုက်ပျော်နေလေသည်။ ကျွန်တော်တို့ကလည်း ဆရာမကြီးအား သင်ဆရာအဖြစ်သာမက မိမိတို့၏ အဘွားအရင်း၊ အမေအရင်း ကဲ့သို့ ချစ်ကြလေသည် ဖြစ်ရကား သူပျော်သည်ကို တွေ့ရသောအခါ ကျေနပ်မိကြလေသည်။ ထမင်းစားကောင်းနေစဉ် ဆရာမကြီးက သီချင်းဆိုကြရန် ပြောပါလေတော့သည်။ ထမင်းစားရင်း သီချင်းဆိုကြစို့ ဟူသည်မှာ မြန်မာ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အရ ကြည့်လျှင် တော်တော်လေး ကို့ရို့ကားယား နိုင်သော အလုပ်ဖြစ်ပေသည်။ သို့သော် ဆရာမကြီး စိတ်ကျေနပ်စေရန်သာ အဓိကဖြစ်လေရကား ဆိုကြရကုန်လေသည်။ သီချင်းဆိုသည် ဆိုသော်လည်း ကျွန်တော်၊ သားသားနှင့် ချမ်းငြိမ်းတို့မှာ ထိုသူများ သီဆိုနေကြသော ရုရှသီချင်းများ မဆိုတတ်သဖြင့် ငေါင်စင်းစင်းသာ ရှိလေသည်။ ဤအခက်အခဲကို ကိုအောင်မှူးက ၀င်ကယ်သွား၏။ သူက ရုရှသီချင်း အတော်များများ ဆိုတတ်သည်ဖြစ်လေရာ တပင်တိုင် ဟဲပေးလေသည်။ သူ့ကြောင့်သာ ကျွန်တော်တို့မှာ အသက်ရှုချောင်ရပေသည်။ သို့မဟုတ်လျှင် ဘာလုပ်လို့ ဘာကိုင်ရမှန်း သိမည်မဟုတ်။ ဤတစ်ခါတွင်တော့ အောင်မှူးအား ကျေးဇူး မတင်စဖူးတင်မိလေသည်။ မချီးကျူးစဖူး ချီးကျူးမိလေသည်။ သူမို့ ပေါက်ပေါက်ရှာရှာ ဒီလို သီချင်းတွေ ဘယ်က ကျက်ထားသည်မသိ။ အသံနေအသံထားဖြင့် ဟဲလေတော့ရာ ဂီတကို ရူးသွပ်လေသူ ဆရာမကြီးမှာ သဘောခွေ့လေတော့သည်။ ကျွန်တော်ကား သူသီဆိုသော သီချင်းများ အားလုံးကို မမှတ်မိ။ ဘီရူဆာအပင်များ အကြောင်းလည်းပါ၏။ မဟာပြည်ချစ်စစ်ပွဲကြီး ( ဒုတိယကမ္ဘာစစ်ကို ရုရှတို့ခေါ်သောအမည် ) တွင် အသက်ပေးသွားသော စစ်သားများ အကြောင်းလည်းပါ၏။ စုံမှစုံပလေ။ ၄၈ က ညီငယ်များဖြစ်သော သူရ နှင့် သီဟကလည်း ရုရှ ခေတ်ပေါ်သီချင်းများ ဟဲကြ၏။ နားထောင်ရ်ျတော့ ကောင်းလှပေသည်။ ဆရာမကြီးသည် သူတို့ အဖွဲ့နှင့်အတူ ကာလူးမနာမြို့တွင် ပြုလုပ်သော ဂီတကွန်ဆက် တစ်ခုတွင်ပင် ဖျော်ဖြေဖူးသေးသည် ဆိုပဲ။ အာဂလူတွေပင်တည်း။ ကာလူးမနာမြို့က ကျောင်းသူလေးတွေကပင် အလုအယက် မိတ်ဆက်ကြသေးသည် ဟူ၏။ ကိုအောင်မှူးကြီးအား ကာလူးမနာမြို့သူလေး နှစ်ယောက်က ဖုန်းနံပါတ်များပေးနေပုံ ဓာတ်ပုံကိုလည်း ကြည့်လိုက်ရသေး၏။ သီချင်းဆိုကောင်းသူများ ဆော်ကြည်သည် ဆိုသည်ကို လက်ခံရပေတော့မည်။

ဗော့ဒ်ကာ ပုလင်းကြီးနှစ်လုံးလည်း တက်တက်ပြောင်၊ လူများလည်း သီချင်းဟစ်ရ်ျ မောဟိုက်မတတ် ရှိတော့မှ ကျွန်တော်တို့၏ မဟာ ထမင်းဝိုင်းကြီး လက်စသတ်လေတော့သည်။ ထမင်းဝိုင်း သိမ်းသောအခါ အတော်ပင် မှောင်နေပေပြီ။ ကျွန်တော်တို့၏ တစ်နပ်တည်းသော ထမင်းဝိုင်းကြီးမှာ အချိန် နှစ်နာရီလောက်ပင် ကြာမြင့်သွား လေသည်။ ရာသီဥတုကလည်း အအေးဓာတ်ပိုလာပြီဖြစ်ရာ အိပ်ယာသို့ ပြေးရန်သာ စိတ်စောကုန်ကြ လေသည်။ ဆရာမကြီးမှာ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် သောင်းကျန်းနိုင်ရန် ရှောင်ပေးသည့် အနေဖြင့် သူ့ ဘော်ဒါ အဘွားကြီးထံ သွားအိပ်၏။ ညမှောင်မှောင်တွင် ဗွက်ထူသော လမ်းများအတိုင်း လက်နှိပ်ဓာတ်မီးရောင် ခပ်မှိန်မှိန်လေးဖြင့် ဆရာမကြီးအား တပြုံကြီး လိုက်ပို့ကြလေသည်။ ဆရာမကြီးမှာလည်း ဗော့ဒ်ကာ တန်ခိုးဖြင့် အရှိန်ရလျှက်ရှိလေရကား ယိုင်ထိုးယိုင်ထိုးဖြင့် ချီတက်ချေ၏။ တတောလုံးကား ကျွန်တော်တို့ အသံများသာ ဖုံးလွမ်းနေပေသည်။ ဆရာမကြီးအား လိုက်ပို့ကြပြီးနောက် အောက်ထပ်အခန်းကျယ်ကြီးတွင် စုထိုင်ကြရင်း ပါလာသော လက်ပ်တော့ကို ဖွင့်လျှက် ထမင်းလုံးစီကြလေသည်။ အောင်မှူးက ရထားပေါ်တွင် ရောင်းသော ဒီဗီဒီခွေများ ၀ယ်လာပေးသဖြင့် ဂျက်လီ၏ မံမီဇာတ်ကားသစ်ကို ကြည့်ရလေသည်။ ကျွန်တော်တို့မှာ ယခုမှ ကွန်ပြူတာကို မြင်ဖူးသူများအလား လက်ပ်တော့ စကရင်အား မျက်လုံးများ ပြူးပြဲကာ ကြည့်ကြကုန်လေသည်။ သို့သော် ကျွန်တော်တို့အား ကံကြမ္မာက မျက်နှာသာ မပေးလေရကား ဇာတ်ကား ပြီးခါနီးတွင် လက်ပ်တော့ ဓာတ်ခဲအားကုန်လေသည်။ သို့နှင့် မြန်မာပြည်တွင်ရှိစဉ်က တီဗီမှလာသော ကိုရီးယားကားကြည့်ရင်း တစ်ဝက်တစ်ပျက်တွင် မီးပျက် သွားသကဲ့သို့ ဆန့်တငင်ငင်ဖြစ်လျှက် ကျန်ခဲ့လေသတည်း။ ထို့ကြောင့် ကျွန်တော့်အား ၀ိုင်းရ်ျ “ အကိုရေ .. နည်းနည်းလောက် ကြိုးစားကြည့်ပါဦးဗျ .. ဇာတ်လမ်းက ပြီးခါနီးမှ ရပ်သွားတော့ ဟတ်ဖီးလ်ကြီး ဖြစ်နေပြီ ” ဟု အရေးဆိုကြကုန်လေသည်။ မရနိုင်မှန်းသိပါလျှက်နှင့် သက်သက် ဂျစ်တိုက်ကြခြင်းပေတည်း။ ထို့ကြောင့် “ ဟာ မင်းတို့ကလည်း .. မီးနေသယ်ကို ကလေးအတင်းမွေးခိုင်းနေတာ ကျနေတာပဲ .. ငါလည်း လုပ်တတ်တော့ဘူးဟ ၊ အောင်မှူးကိုပြော၊ သူစီမံပေးလိမ့်မယ် ” ဟု ထမင်းရည်ပူ လျှာလွဲလိုက်ရလေသည်။ ညီငယ်များကား တဟီးဟီး တဟားဟားဖြင့် ပွဲကျကုန်လေသည်။

ဗီဒီယိုကြည့်ခြင်း အစီအစဉ်မှာလည်း ဇာတ်သိမ်းသွားလေသောအခါ ကျွန်တော်တို့ဘ၀သည် ဖယောင်းတိုင်မီး မှိတ်တုပ်မှိတ်တုပ် အောက်သို့ ပြန်ရောက် သွားလေတော့သည်။ ဒီအတိုင်း ငုတ်တုပ်ထိုင်နေရသည်မှာ အထာ မကျလှရ်ျ နောက်နေ့တွင် သောက်ရန်ဟု သိမ်းထားသော ဗော့ဒ်ကာ ပုလင်းများထဲမှ တစ်လုံးကို ထပ်ထုတ်ရန် ကိုအောင်မှူးအား တင်ပြရလေသည်။ နောက်တနေ့သောက်စရာ မရှိလျှင် သူပဲ ခေါင်းခံရှာဖွေ ရမည် ဖြစ်ရာ အောင်မှူးကား အင်တင်တင်။ သို့သော် သူ့အား ချစ်သူသဖွယ် သဘောထားလျှက် ဂျီတော့မှာ ချက်တက်သလို ၀ိုင်းကြူ လိုက်ကြရာ သူမနေနိုင်။ ထုတ်ပေးရှာ၏။ သားသားကား နောက်နေ့ စားရန် ရိက္ခာဖြစ်သော ကြက်ဥများကို အားတက်သရော သွားကြော်ကာ အမြည်းအတွက် ပြင်ဆင်ပေး၏။ အောင်မှူးကား နောက်နေ့ ထမင်း မငတ်စေရေး စဉ်းစားနေရှာ၏။ ကျွန်တော်တို့ကား ဘာမှ အပူအပင်မရှိ။ ပူစရာရှိလျှင် ကိုအောင်မှူးပူလိမ့်မည်ဟု သဘောထားကာ ပျော်ပျော်ကြီး စားသောက်ကြလေသည်။ စားသောက်ရင်းမှ နောက်နေ့အတွက် အစီအစဉ်များ ဆွဲကြရ၏။ ဆရာမကြီးက သူလုပ်ချင်သည်များကို အောင်မှူးအား မှာကြား ထားခဲ့လေရာ အောင်မှူးက မည်သူက မည်သည့်ခြုံကိုရှင်း၊ မည်သူက မည်သည့်နေရာ မြက်ပေါက်၊ မည်သူက ထမင်းဟင်းချက် စသည်ဖြင့် တာဝန်ခွဲဝေပေး၏။ ဤသို့တာဝန်ခွဲပေးနေစဉ်မှာလည်း ကျွန်တော်တို့က ကောင်းကောင်း မွန်မွန် နားထောင်ကြသည်မဟုတ်။ ချစ်သူက အလုပ်ကြမ်း မလုပ်နဲ့လို့ မှာထားတယ်၊ အမေက ပေါက်တူး မကိုင်နဲ့တဲ့ စသည်ဖြင့် နောက်ပြောင်နေကြသည်ဖြစ်ရာ ကိုအောင်မှူးမှာ အတော် စိတ်ဒုက္ခ ရောက်ရလေသည်။ သို့သော် အားလုံးကား စည်းစည်းလုံးလုံး ပျော်ပျော်ရွင်ရွင် ရှိနေသည်ဖြစ်ရာ အလုပ် အတွက် မပူရပါ။ ဤခရီးကို လိုက်ပါလာကြသည် မှာလည်း ဆရာမကြီး၏ တဲအိမ်ကို ရှင်းလင်းပြင်ဆင်ပေးဖို့ သာလျှင် အဓိက ထားရ်ျ လိုက်ပါလာကြခြင်း ဖြစ်လေရကား တက်ညီလက်ညီ ၀ိုင်းဝန်း လုပ်ကြမည်သာ ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ အာစရိယဂုဏော စိတ်ဓာတ်အရ ဘာသာခြား၊ လူမျိုးခြား ဆရာပင် ဖြစ်သော်လည်း ကိုယ်တတ်နိုင်သမျှ ကူညီ ရိုသေ လုပ်ဆောင်ပေးခြင်းပေတည်း။

……………………. ဇာတ်သိမ်းသို့…………….. ကိုဥာဏ်(စက်မှု)

( တောင်းပန်ခြင်း။ ။ ကျွန်တော်သည် ဤခရီးသွား ဆောင်းပါးကို ရေးရာတွင် အမှတ်တရ မှတ်တမ်း တစ်ခု အနေဖြင့်လည်းကောင်း၊ ရုရှတို့၏ ဓလေ့သဘာဝကို စိတ်ဝင်စားသူများအတွက် ဗဟုသုတ အဖြစ်သော် လည်းကောင်း ရည်ရွယ်လျှက် စာဖတ်သူများ မညီးငွေ့စေခြင်းငှာ ဟာသလေးများ နှောလျှက် ရေးသားထားခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော်နှင့် လွန်စွာ ရင်းနှီးသော ဘော်ဒါကြီးဖြစ်သည့် အောင်မှူး ( သူ့ထက်ရင်းတာ အနာကြီးရောဂါသည်ပဲ ကျန်တော့တယ် ) နှင့်တကွ အတူခရီးထွက်ခဲ့သည့် ဘော်ဒါများ၊ လိုက်ပါခဲ့ကြသည့် ညီငယ်များကို ခင်မင်စိတ် အစွဲဖြင့်သာ ရေးသားခြင်းဖြစ်ပါသည်။ မည်သူ တစ်ဦး တစ်ယောက်ကိုမျှ စော်ကားလိုစိတ် ( ၀ါ ) နှိမ့်ချလိုစိတ် အလျဉ်းမရှိပါ။ သို့ဖြစ်ပါရ်ျ အဆိုပါ ခရီးသွားဖော်များနှင့် သက်ဆိုင်သူ ချစ်သူရည်းစားများ အနေဖြင့် အပြစ်တင်စရာများ ရှိပါက ထိုသူများကို အပြစ်မဆိုပဲ ကျွန်တော် ကိုဥာဏ်(စက်မှု) ကိုသာ မေတ္တာပို့ကြပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။ )

ဒီလို ဒီလို ခြုံရှင်းရတာဗျို့ …..




















ကျွန်တော်တို့ ရေချိုးခဲ့သည့် ရေအိုင်ကြီး …

















တောခေါင်ခေါင်ထဲက ကျွန်တော်တို့၏ မဟာထမင်းဝိုင်း ….
















မြန်မာထမင်းကို ငုံ့တွယ်နေသည့် ဆရာမကြီး …



Read More...