ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Wednesday, February 20, 2008

မသေရင် နေပါစေတော့

မောလောစခန်း ကိုခေတ္တသွားရောက်ပူးပေါင်းပါ ဆိုတဲ့ တပ်မမှူးရဲ့ အမိန့်အရ ကျွန်တော်တို့ စစ်ကြောင်း(၁) ဗိုလ်မှူးအောင်တင်မိုး ဦးစီး တပ်ခွဲ(၁)ခွဲ နဲ့ ဝန်ဆောင်ထိန်း တပ်ခွဲကတပ်စု (၂)စု ဘော်စဲခိုတပ်မ စခန်းကုန်းရဲ့ တောင်ဘက်စူးစူးလောက်မှာရှိတဲ့ ကျွန်တော်တို့တပ်ရဲ့ စစ်ကြောင်း(၂)ကိုတိုးကြီး(ဗကတိုးမြင့်ကျော်)ဦးစီး စခန်းထိုင်နေတဲ့ မောလော စခန်းကြီး ဘက်ကိုထွက်ခဲ့ကြပါတယ်။

အမှန်အတိုင်းဝန်ခံရရင်တော့ အခုလိုမိုးတွင်း နေ့တိုင်း မိုးရွာနေတဲ့အချိန်မျိုးမှာ တဲနဲ့ယာနဲ့ အခြေတကျနေ နေရတဲ့အနေအထားကနေ ဘယ်ကိုမှ လှုပ်ရှားခရီး မသွားချင်ကြတာအမှန်ပါ။ ထုံးစံမဟုတ်တဲ့အချိန် ထမင်းစားချိန်နီးမှ ကပ်ပြီး ထွက်ခဲ့ကြပါတယ်။ ထွက်ကတည်းက မိုးကတစ်ဖျောက်ဖျောက်စိုစိုစိစိနဲ့ပါ။ လမ်းက စခန်းကုန်းငယ်လေးတွေကိုပါ မှာစရာရှိတာမှာ ရန်သူ့လှုပ်ရှားမှု သတင်းချပြ ဆက်ထွက် ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနဲဆုံး ခြေလှမ်း ၂၀ ခွာလျှောက်ကြဖို့ထွက် ကတည်းကတဖွဖွ မှားထားရပါတယ်။ဆွဲမိုင်းနဲ့ ခြုံခိုတိုက်တာမျိုးဖြစ်လာတဲ့အခါကြ လူစုပြုံနေရင် အကုန်လျှော မှာလေ။ခွါပြီးလျှောက်တော့ အကယ်၍ ဆွဲမိုင်းအဆွဲခံရတယ် ထားဦး ၁ ယောက်တစ်လေပဲထိနိုင်မှာမို့လို့ပါ။ ဒီလောက်မှာတာကို တစ်ယောက်ဖိနပ် တစ်ယေက်တက်နင်းမိအောင်အထိ ပူးရင်ပူသွားတတ်တာမျိုးပါ။ နန္ဒအောင်တို့လည်း ကျောပိုးအိပ်ကိုယ်စီနဲ့။ မယူလို့ကမဖြစ်ဘူး ဟိုရောက်မှ မြေပုံညွှန်းချပေးပြီး ဘယ်ကိုသွားပါ ရှင်းပါလင်းပါဆိုရင် ဘာမှမပါလာရင်ဒုက္ခ။

ဒီတော့ မဖြစ်မနေအသုံးအဆောင်လေးတွေ အဝတ်စားအနွမ်းလေးအပိုတစ်စုံ ဝါကျင့်ကျင့်ရောက်ယူနီဖောင်းလေးအပိုတစ်စုံနဲ့ ဘကြီးဘုန်းကြီးအဆောင်၊ အမေ့ထမီ ထက်ဆင်ကြိုးကအစ ထည့်ယူလာတယ်လေ။(စိတ်ချ ကောင်မလေး ဓါတ်ပုံတော့မပါ ပါဘူးဗျ..အဟဲ) မိုးကလည်းတဖွဲဖွဲနဲ့ ရွှဲနစ်အောင်ရွာပါတယ်။ လူတွေလည်း တဘုန်းဘုန်း ချော်လဲကျပါတယ်။ မိုးကာစ ကိုခြုံထား ပေမယ့်ကြာတော့လည်းတစ်ကိုယ်လုံးကတော့ ကြွက်စုတ်ဖြစ်နေပါတယ်။မိုးသံ ချောင်းရေကျသံအပြင် လမ်းဘေးဘယ်ညာကိုလည်း မျက်စိကစားသတိထားနေပါတယ်။ငပွေးကပြောရတာမဟုတ်ဘူးလေ။ မြေကြီးကို နင်းတာ အောက်ကိုကြည့်တာမျိုးတော့ မလုပ်နိုင်တော့ပါဘူး ရေတွေစီး ဗွက်တွေထနေတဲ့ ဒီမြေသားမှာ ချော်ပြီး မလဲအောင်သတိထားနေရချိန်မှာ နင်းမိုင်း(မြေမြှုပ်မိုင်း)ကတော့ ကမ္မသကာ လို့ပဲသဘောထားသွားနေကြရ တာပါ။တကယ်တမ်းတိုက်မယ်ဆို ရန်သူက အလစ်မှာ ဘေးကနေဒုတ်နဲ့ဝင်ရိုက်သွားရင်တောင်ခံရမယ့်အနေ အထားပါ။ ကိုယ့်မိုးကာပေါ်ကို ရေကျသံနဲ့ အပေါ်ကမိုးကျသံ သစ်ပင်ဝါးပင်ကြီးတွေပေါ်ရေကျသံတွေကရောထွေး ဆူညံနေပါတယ်။ ခြေထောက်ကဖိနပ်အပေါ်ခြေအိပ်နဲ့ ဘောင်းဘီလွတ်နေတဲ့ နေရာကိုလည်း လက်ကစမ်းရတာ အမောပါ။ကျွတ်က အသားကုန်တွယ်တယ်။အခုလိုမိုးစိုစိုနဲ့ ရေစီးကြောင်းငယ် ချောင်းငယ် ချောင်းကြီးကိုဖြတ်ပြီ ဆိုတာနဲ့ခြေသလုံးမှာ ၂ ကောင်လောက် ကတော့ကပ်ပါလာပြီးသားပါ။ယားလို့လက်ကစမ်းလိုက်မှာ အလားလား သကောင့်သားက ဖောင်းကြွဝဖီးနေပြီလေ။ခွါချလိုက်တာနဲ့အဲဒီနေရာအပေါက်လေးကနေ သွေးကမနားတမ်းယိုစီး ထွက်တာကအဆိုးဆုံးပါ။တကယ့်ကိုသွေးအားနဲစေပါတယ်။ကျွတ် သတ္တဝါပေးတဲ့ ဝေဒနာက အဲဒီမှာတင်မပြီးသေး ပါဘူးအခန့်မသင့်ရင် ယားနာလိုမျိုးအနာဖြစ်ကျန်ခဲ့စေတယ်။

အထူးသဖြင့်ရဲဘော်တွေ ကုပ်ရင်းကုပ်ရင်းနဲ့ အနာ ရင်းခြေထောက်ယောင်တဲ့အထိ ဖြစ်ကြပါတယ်။ နေ့လည် ၁ တစ်နာထိုးလောက်မှာတော့ ဆာလောင်မှုကိုမရပ် တန့်နိုင်ကြတော့တာနဲ့အညီ စစ်ကြောင်းကိုခနတန့် ဒီအတိုင်း ဘေးမထွက်ဘဲ ထမင်းစားမယ်။ နာရီဝက်ရမယ် ဆိုတာနဲ့ နန္ဒအောင်တို့လည်း ကျောပိုးအိပ်ကိုရေစီးကြောင်း လွတ်ရာလေးမှာချလို့ ဖင်ခုထိုင်ရင်းတပည့်ကျော် ပြင်ပေးတာကိုစောင့်နေမိပါတယ်။ တပည့်ကျော်က ပန်းကန်ပြားလေးကို မိုးရွာခံလို့ဆေးပြီးထမင်းဟင်းထည့်ပြီး ပေးလာပါတယ်။ ဇွန်းကဘယ်မှာထည့်မှန်းမသိတော့တာနဲ့ ဘေးကသစ်ပင်သစ်ခက်တွေကို လက်နဲ့မိတ်ဆက်ပြီး လက်ဆေးလိုက်တော့ သန့်ရှင်းသွားပါတယ်။ မြစ်ပြုတ်သုပ်၊အသားတုကို ငရုပ်သီးမှိုတက် လေးနဲ့ ရောကြော်ထား တဲ့ဟင်းက ဆာနေတော့လည်း စားလို့ကောင်းနေပါတယ်။ ပန်းကန်ထဲကို မိုးရေကျနေတာကို ခြုံထားတဲ့ မိုးကာနဲ့ ကွယ်ထားပေမယ့် ခေါင်းခန ငုံ့လိုက်တိုင်း ဆောင်းထားတဲ့ ဦးထုပ်ကနေမိုးရေတွေက ရေခွက်နဲ့ လောင်းထည့်သလို တစွက်စွက်ကျနေတော့ထမင်းဟင်းတွေကိုလက်ကအုပ်လို့ရေစစ်စစ်ချ ရတာက အလုပ် တစ်ခုပါ။ဟင်းချိုတို့အရေသောက်ဟင်းပါမှထမင်းမြိန်တဲ့နန္ဒအောင်တို့အတွက်ကတော့ထမင်းမိုးရေဆန်းလေးက တော်တော်အဆင်ပြေနေသား။ဆရာကြီးတစ်ယောက်ကသခွားသီးလိုပုံစံ အသီးလေးတွေလာပေးတယ်။ ဟုတ်ကောဟုတ်လို့လားဗျ လို့မေးတော့ ကောင်းတယ် ဗိုလ်ကြီးရ ဆိုတာနဲ့ အေး စားမယ်ဗျာ မာလကီးယားတော့လည်း တစ်ပျော်ကြီးပေါ့...လို့...

ရေသောက်ပြီး ကျောပိုးအိပ်ကောက်လွယ် ခြေသလုံးမှာ ကျွတ်ရှိ မရှိကြည့်ရင်း နောက်ကို ဆက်ပြောသွား အသင့်ပြင်ထားတော့လို့ မှာပြီး ခါးဆန့်လိုက်ချိန်မှာ နင်းထားတဲ့ ညာခြေ ထောက်အောက်ကနေ ဖောင်း ကနဲ ကပ်(အစပျိုးယမ်းပိုင်း Detonator)ပေါက်ကွဲသံ မီးခိုးနဲ့ညှော်နံ့က သင်းထွက်လာပါတယ်။ အနားက စစ်သည်တွေလည်း Alarm ဖြစ်သွားကြပြီး ချက်ချင်းပဲ မိုင်းရှာစူးနဲ့ ဖေါ်လိုက် ပါတယ်။ အားလားလား သေချာတာပေါ့ ။နန္ဒအောင် တစ်ယောက် မိုင်း ခလုပ်ကိုတက်နင်းမိတာပါ။မိုးရေကြောင့် မြေသားပျော့ပြီး အစပျိုးယမ်းပိုင်း ပေါက်ကွဲပြီး ဆက်ထားတဲ့ ပင်မမိုင်းကို မီးမကူးနိုင်တော့ဘူး။ လစ်ပိုပုလင်း နီညိုရောင် လိုမျိုးထဲကို ယမ်းပျော့(တပ်အခေါ် ဇီးယိုယမ်း)ထည့်လို့ မိုင်းအဖြစ်ဖန်တီးထားတဲ့ ကရင်ငပွေးတို့ရဲ့ လက်လုပ်ဒေသန္တရမိုင်းတစ်လုံးပါ။ စစ်ကြောင်းမှူးရောက်လာတော့ မိုးရွာနေတာပဲ မင်းကံကောင်းတယ်ပေါ့ကွာ တဲ့ ..သေချာတာပေါ့ ဗိုလ်မှူးရာ မဟုတ်ရင် နန္ဒအောင် တို့ ရန်ကုန် မင်္ဂလာဒုံ ကိုဒိုးရပြီ။ ကျွန်တော်က မိုင်းကို အောင်လိုက်စေချင်တာဗျာ အဲဒါမှ ဒီထဲက မြန်မြန်ထွက်ရမှာ ဆိုတော့ ......း ပါလား ..ခွေးသားတဲ့... ကျွန်တော့်ကို ကောင်းချီးပေးသွားပါတယ်။ စစ်သည်တစ်ချို့ကတော့ ဗိုလ်ကြီးကို ဘုရားကယ်တာပဲ တဲ့ ဗိုလ်ကြီး ဘယ်တော့မှ မိုင်းကြောင့်တော့ အသက်မသေတော့ဘူး ... ဆိုပဲ..... စိတ်ထဲကတော့ ပြန်ပြောလိုက်မိပါတယ် မသေရင်လည်း နေပါ့စေတော့ဗျာ...လို့ ကျွန်တော့် အတွက်ကတော့ ဘဝရဲ့ ဒိုင်ယာရီထဲ မှာ အမှတ်တရ နေ့စွဲတစ်ခုတိုးခဲ့ပြီပေါ့လေ...........
နေလွမ်းသူ

Read More...

Tuesday, February 12, 2008

တောထဲတောင်ထဲက City FM နားထောင်ခဲ့ရဖူးတဲ့ နေ့တစ်နေ့

ကာလက ကျွန်တော်တို့တပ် ဘော်စဲခိုမှာ တပ်မအရံတပ်အဖြစ်နေရတုန်းကအချိန်ပါ။ တပ်မအရံတပ်ဆိုတာက တပ်မဌာနချုပ်ဝန်းကျင်က စခန်းကုန်းတွေကိုရိက္ခာပို့ပေးတာမျိုး ဆေးရုံတက်၊မိုင်းထိလူနာများ၊သင်တန်းတက် ပြန်ရမယ့်သူများကို စစ်ကြောင်းစုဖွဲ့လို့ သွားကြို/ပို့လုပ်ပေးရတာပါ။တစ်ခါတစ်ခါမှာတော့ အင်အားနည်းလို့ လုံခြုံရေးစိုးရိမ်ရတဲ့ စခန်းကုန်းတွေဆီကိုသွားလို့ ခနတာပူးပေါင်းခြင်း၊လှုပ်ရှားခြင်းများလုပ်ပေးရတာမျိုးလည်းရှိ ပါတယ်။

အခုလည်း ပလက်ခိုစခန်းကြီးဘက်ကိုသွားဖို့အတွက် ရောက်ပြန်သဘောမျိုး သွားမှာဖြစ်လို့ ဘာ ဝန်စလွယ် ကျောပိုးအိပ်မှမပါဘဲ သေနက်၊Equipments နဲ့ Light dress သဘောမျိုးနဲ့ည (၁၀း၀၀)အသင့်ပါ။ ၁၀မိနစ်လောက်ကြာတော့ line up ထိုးတယ်။လရောင်ဝိုးတဝါးကိုအားပြုသွားမှာဖြစ်တဲ့အပြင် မိမိတို့အတွက် ပထမဆုံးခရီး(အရှေ့ဘက်ကကို)ဖြစ်လို့ Junior ဖြစ်တဲ့ နန္ဒအောင်တပ်ခွဲက နောက်ပိတ်ကလိုက်ပါတဲ့... လမ်းမှာ တစ်ဘုံးဘုံးနဲ့ ခနခနချော်လည်းကြပါတယ်။

ဖိုးသားကတော့ စထွက်ကတည်းက သမ္ဗုဒ္ဓေ တရစပ်ရွတ် မိမိစစ်သည် ရန်သူ အားလုံးကိုမေတ္တာပို့လို့ လိုက်ပါလာခဲ့တာလေ။အမေကပြောတယ် အခေါက်ရေ ၁၀၀၀ ထိ ပြည့်အောင်ရွတ်ပေး ငါ့သား..တဲ့။ စမ်းတဝါးဝါးသွားကြရတာဖြစ်လို့ ခရီးကမတွင်ပါဘူး။ ဗျက္ကောကွင်းကြီးကို ဖြတ် နေတဲ့အချိန်မှာ ကိုင်းပင်တွေကြားက ရှူးရှူးရှားရှား အသံတွေကြားလို့ သေချာကြည့်တော့ လား ..လား...ကျွဲတွေ အိပ်နေကြတာ။ မနက် (၂း၁၅)လောက်မှာ ညောင်ပင်ကုန်းစခန်းဘက်က တုံးခေါက်သံကြားရတော့ စိတ်ထဲမှာ နဲနဲတော့အေးသွားပါတယ်။အခုလည်းသွားနေရင်းက ဘယ်တော့များ နင်းမိုင်းကွဲသံ ဂျိမ်း ဆိုတာကြားရမလဲလို့ စိတ်က တစ်မမနဲ့ပါ။နောက်မှ ကျွန်တော့် Seniorတပ်ခွဲမှူး တစ်ယောက်ဖြစ်တဲ့ကိုဇော်နိုင်ဝင်း ပြောပြလို့သိရ တဲ့အသိတစ်ခုက "မှတ်ထားညီလေး အခုလို ဒီကောင်တွေရဲ့ကျွဲအုပ်တွေ ရှိနေတဲ့ နေရာ လမ်းကြောင်းနေရာ တစ်လျှောက်မှာ ဘယ်တော့မှ မိုင်းမရှိဘူး နင်းမိမှာ မပူနဲ့.... အေး...ဆွဲမိုင်းတော့ ကိုယ်လည်း တာဝန်မယူဘူး" တဲ့ ဆိုလို တာကတော့ နင်းမိုင်း ထောင်ခဲ့ရင် ငပွေးများက သူတို့ရဲ့ကျွဲတွေ ထိမှာစိုးလို့ပါ တဖြည်းဖြည်းတိုးရင်းတိုးရင်း မနက်(၃)နာရီမှာ ညောင်ပင်ကုန်းစခန်းကို စဝင်ပါတယ်။

စခန်းကလူတွေက တောင်ကုန်းထိပ်မှာ စခန်းနဲ့နေကြ တာပါ။ကုန်းအခြေမှာ တဲတွေထိုးထား ခြံစည်းရိုးစနစ်တကျကာရံထားပါတယ်။သူတို့တွေက အောက်ကိုဆင်းပြီး မီးဖိုတွေဖိုထားပေးပြီး ရေနွေးကြမ်းနဲ့ လ္ဘက်ရည်ချို ကျဲကျဲ(ထုံးစံအတိုင်း တပ်မတော်ရှေ့တန်း အချိုခြောက်က မှိုနဲ့လေးသင်းနေပါတယ်)တိုက်ပြီးကြိုပါတယ်။ခနနေတော့ဆက်ထွက် ချော်ရင်းလဲရင်း ဘေးဘယ်ညာကို သတိ ထားရင်းဆက်တက်လာကြတာ....မနက်(၄)နာရီခွဲလောက်မှာ ဂျိမ်း.... ဆိုတဲ့ အသံရှေ့နားကကြားလိုက်ရပါ တော့တယ်.. ခနတန့်သွားကြ အသံတွေ ထွက်လာကြတယ်..သေချာတယ် ကိုယ့်လူ တစ်ယောက်တော့ မိုင်းနင်း လိုက်ပြီဆိုတာ။တပ်စု ၂ စုကိုဘေးဘယ်ညာသေချာကြည့်ထားဖို့မှာရင်းရှေ့ကိုတိုးသွားကြည့်လိုက်တော့ ရှေ့က ပွိုင့်တပ်ခွဲရဲ့နောက်ပိတ်တပ်စုကစက်လက်သမားဒုတပ်ကြပ်အေးနိုင် နင်းမိတာပါ။ သွေးညှီနံ့ကတန်းရပါတယ်။ ဝေလီဝေလင်းမှာ တော်တော်တော့ အလုပ်ရှုပ်သွားတာ အမှန်ပါ။စစ်ကြောင်းမှူးဆုံးဖြတ်ချက်နဲ့အတူ ပလက်ခို စခန်းကိုအမြန်ဆုံးရောက်အောင် ဆက်သွားဖို့ချက်ချင်းလုပ်ကြပါတယ်။အသံကြားနေရတာနဲ့ စခန်းကလူတွေက စခန်းရှေ့ ထွက်လာကြိုစောင့်နေကြပါတယ်။အန္တရာယ်တော့များပါတယ်။အဲဒါမျိုးက တပ်ချင်းမှားပြီး ပစ်တတ်ကြ တာမျိုးဖြစ်တတ်လို့ပါ။ ဒါမျိုးကလည်းဖြစ်တတ်ပါတယ်.

(၁၅)မိနစ်လောက်သွားလိုက်တာနဲ့ စခန်းကြီးကိုရောက်ပါတယ် စခန်းနဲ့မနီးမဝေးရောက်ခါနီးမှ ကိုယ့်လူတစ်ယောက် မိုင်းထိခဲ့ရပြီလေ....တောင်ထိပ်ရာသီဥတုက တော်တော့်ကိုဆိုးရွားတာ အခုမှ လက်တွေ့ကြုံရပါတယ်။စစ်ကြောင်းမှူး(ဗိုလ်မှူး)ဦးစီး ထိုင်တဲ့စခန်းကြီးဖြစ်တာနဲ့အညီ တော်တော်ကြီးကိုကြီးတာတွေ့ရတယ်လေ။ထမင်းကြမ်းတွေကြော်၊ရေနွေးကြမ်း၊ နို့ဖျော် (အချိုခြောက်ချွေတာတဲ့အခါမျိုးမှာနို့ဆီနဲ့သကြားနဲ့ပဲဖျော်တဲ့လ္ဘက်ရည်ပေါ့)တွေစီစဉ်လို့ ဧည့်ခံကြရှာ ပါတယ်။တပည့်တွေကတော့တောက်တစ်ခေါက်ခေါက်နဲ့ဖြစ်ကုန်ကြပြီလေ။ စခန်းရောက်ခါနီးမှ ကိုယ့်ရဲဘော်တစ် ယောက်ခြေတစ်ဖက်ပေးလိုက်ရတဲ့အဖြစ် လူနာအတွက် မော်ဖိန်းထိုးဆေးနဲ့တစ်ခြားဆေးတွေကို ဟိုးဘက်က ယွန်းစလင်းဗျူဟာလက်အောက်ခံ တပ်ခွဲတစ်ခွဲက လာပို့ပေးပါတယ်။တပ်မဌာနချုပ်က မနက်(၉)နာရီအသင့်ပြင် ထွက်နိုင်အောင် လုပ်ထားပါဆိုတာနဲ့တပည့်တွေကိုခနအိပ်ခိုင်းထားလိုက်တော့ ကိုယ့်ဆရာတွေက သေနက်တွေ ခွလို့ ဖက်လို့ အိပ်ပျော်ကုန်ကြပြီ...၃ ရက်ဆက်တိုက်မနားတမ်းလှုပ်ရှား ထွက်ထားကြရတာ တစ်ညလုံးလည်း မအိပ်ရသေးဘူးလေ....နန္ဒဇော်တို့တစ်တွေကတော့ ရေဒီယိုတစ်လုံးနဲ့အလုပ်ရှုပ်နေကြတာ။မရှုပ်လို့ရမလား၊ ကြားဖူးနေတာကြာပြီအခုမှ ရောက်ရတဲ့ ဒီ ပလက်ခိုတောင်ထိပ်စခန်းက ရန်ကုန်က City FM မိတယ်ဆိုပြီးပြော ကြတာလေ.... ဝါယာကြိုးလေး (၁)ကိုက်လောက် အင်တင်နာတိုင်ထိပ်ကိုထပ်ဆက်၊ ထောင်ပေးလိုက်ပြီး လိုင်း ဖမ်းလိုက်တာနဲ့ ...အားလားလား ...တယ်ဟုတ်သွားပါလား....။

စိုင်းစိုင်း ဟုခေါ်သည်ဆိုတဲ့ စီးရီးစ် ကြော်ငြာတာ ကစကြားရပြီလေ ကျွန်တော့်ညီလေး တစ်ယောက်ကပြောလာပါတယ်... ဘာခွေတွေအသစ်ထွက်၊ဘာတွေဖြစ် ကုန်ပြီလဲ မသိဘူးနော်.. ရန်ကုန်ကိုတောင်သတိရလာပြီ အစ်ကိုကြီးရာ..တဲ့ ဟုတ်ပါတယ်လေ City FM ကအသံ လေးတွေစကြားလိုက်မိတာနဲ့ နန္ဒဇော် တစ်ယောက်ပါ ချက်ချင်းဆိုသလို ရန်ကုန်ရောက်သွားသလိုခံစားလိုက်ရ လို့ပါ...သြော်အခုချိန်မှာခု CityFM နားထောင်နေရတဲ့ ရန်ကုန်ကလူတွေနဲ့ ဒို့တွေနဲ့ ဒီ Frequency Modulation အောက်မှာအတူတူကြားနေ ရတာချင်းတူပေမယ့် ရင်ဆိုင်ကြုံတွေ့နေရတာတွေက တော်တော့်ကိုခြားနားသွား ပါလားလို့..
မိုင်းစနင်းမိခါစတုန်းက ခြေချောင်းလေးတွေ ပြတ်ထွက်လို့ခြေဖြားရှေ့ပိုင်းလောက်တာ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ ဆရာအေးနိုင်တစ်ယောက် အခုခြေကျင်းဝတ်ကစဖြတ်လိုက်ရပြီး ခြေတုပါတပ်ပြီးသွားပြီ ဆိုတဲ့သတင်းကို ဆက်သွယ်ရေးစက်ကြီးကနေတဆင့်နောက်တန်းက လှမ်းပြောပါတယ်ဆိုတဲ့သတင်းကို စစ်ကြောင်းမှူး၊တပ်ခွဲမှူး အရာရှိတွေစုပြီးမနက်စာ စားနေချိန်မှာ လာသတင်းပို့လာပါတယ်။ကျွန်တော်တို့တစ်တွေတစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ဖြစ်လိုက်ကြပါတယ်။ခနတာစကားဝိုင်းတိတ်ဆိတ်သွားမှုကို ကျွန်တော့်စကားသံကဖြိုခွင်း ထွက်ကြသွားပြီးချိန်မှာတော့ အစ်ကိုကြီးကိုဇော်နိုင်ဝင်း တစ်ယောက် မျက်ရည်စီးကျလာတာပါတော့တယ်။

အဲဒီနေ့က မိုင်းကွဲမယ့်နေရာမရောက်ခင်က ဆရာအေးနိုင်တစ်ယောက်လမ်းဘေးကိုလှည့်ပြီး အပေါ့သွားတာနဲ့ ဗိုလ်ကြီးအောင်နိုင်ဝင်းက ကျော်တက်သွားတာကို ဆရာအေးနိုင် တစ်ယောက် စက်လက်ကြီးကိုထမ်းလို့အပြေး တစ်ပိုင်းလိုက်လာပြီး ဗိုလ်ကြီး တပည့်နောက်ကပဲ စိတ်ချလက်ချလိုက်စမ်းပါ လို့ပြောပြီး ရှေ့ကိုကျော်အတက်မှာ မိုင်းကိုတက်နင်းမိတော့တာလေ မိုင်းကလမ်းပေါ်တည့်တည့်မှာထောင်းထားမဟုတ်ခဲ့ပါဘူး... ထမင်းဝိုင်းမှာ နန္ဒအောင် တစ်ယောက်ပြောလိုက်တဲ့စကားက "ကရင်တောထဲတောင်ထဲမှာ ကျွန်တော်တို့ တစ်တွေ City FM ဆိုတာကို ဆရာအေးနိုင်ရဲ့ ခြေထောက်တစ်ဖက်ရင်းပြီး နားထောင်မိလိုက်ကြသလိုကြီးပဲ ဗိုလ်မှူးရာ......." လို့
နေလွမ်းသူ

Read More...

Friday, February 8, 2008

အခိုက်အတန့်လေးများ

MSc ပြန်တက်ရမယ့် စစ်ဆေးက အစ်ကို(ဗျူဟာက ဆေးဗိုလ်ကြီး)နဲ့ မိုင်းထိလူနာထမ်း ၂ ထမ်းကို မူသဲရွာ(မူသဲဗျူဟာ) ဘက်ကနေ ကျွန်တော်တို့တပ် စစ်ကြောင်း ၁ က လက်ရှိ စခန်းချနေရာ ပဒါးချောင်းနားက ၁၆ မိုင်စခန်းထိလာပို့ပါတယ်။အဲဒါကိုကျွန်တော်တို့ စစ်ကြောင်း ၂ ကလက်ဆင့်ကမ်းလို့ ဟိုးအနောက် တပခတပ် စခန်းထိုင်တဲ့ကပ္ပါယ်စခန်း ကိုထပ်ပို့ရမယ်လေ။ အဲဒီကနေမှ ကျောက်ကြီးဗျူဟာကိုဆက်ပို့ကြမှာပါ။ မနက်စာကို ၁၀း၃၀ လောက်မှာအပြီးစားလို့ ကျောပိုးအိပ်မပါ သေနက်၊equipments နဲ့ပဲ နန္ဒအောင်တပ်ခွဲက point စထွက်ပါတယ်။ အောင်မင်းကျော် ကုန်း(သူတို့တွေ ဆွဲမိုင်းနဲ့ကျခဲ့တဲ့ကုန်း)ကဖြတ်တော့ ယမ်းနံ့ ညှော်နဲ့ ညှီစို့စို့အနံ့တွေကရနေဆဲပဲ။

ပွိုင့်ကခန တန့်နေတာနဲ့ တစ်ယောက်စီ ဆက် ဆက်မေးလိုက်တော့ ခွေး ၁ ကောင်တွေ့လိုက်လို့ သေချာရှင်းနေတာတဲ့။ခွေးတွေ့တာပဲ ဘာဆန်းလို့လဲ လို့ထင်စရာရှိမယ်။ ဒါပေမယ့် ဒီတောထဲတောင်ထဲမှာတော့ထူးဆန်း ပါတယ်၊ ဒါ ငပွေးလာချောင်းရင်းနဲ့သူတို့ခွေးပါ ပါလာတာပါ။ ခနတန့်တုန်း ကျွန်တော့်တပ်ခွဲ ဆက်သွယ်ရေးစက်ကိုင် ဆရာကြီးအုန်းမြင့်က မိုင်းကွဲပြီး မွစာကြဲနေတဲ့နေရာကို စူးနဲ့ လိုက်ဆွရင်း ဝါယာကြိုးအပိုင်းအပြက်တွေကို ယူနေပါတယ်။ ဝါယာကြိုးက ဖိနပ်ချုပ်မလား၊ ကျောပိုးခြင်းကို ချုပ်မလား(ကျောပိုးအိပ်တွေကကြာတော့ ကိုင်းပျက်တာနဲ့ ဝါးနဲ့ခြင်း၊ပလိုင်း ရက်ပြီးထည့်လွယ်ကြတာပါ) ရေဒီယို အင်တင်နာကြိုးလုပ်မလား.. အသုံးတည့်တယ်လေ။ နောက်တော့ဓါးထုပ်ပြီးသေချာကြည့်ပြီးမှ ကျွန်တော့်ကို ခေါ်ပါတယ်။သွားကြည့်တော့ အားလားလား... မကွဲဘဲကျန်နေတဲ့ မိုင်းတစ်လုံးပါ။ ပုံစံကကျွန်တော်တို့နဲ့မရင်းနီးပါဘူး။ (နောက်မှသိရတာက)ခုန်ပျံရှပ်ကွဲမိုင်းပါ။ အရွယ်က အချင်း ၅ လက်မလောက် သံဖြူရောင် ပူလီဘီးလုံးပုံ အမြင့် ၆ လက်မလောက်ရှိ Foreign Made(SOC) သူက ဓါတ်ခဲ(ဝါယာရှော့) တို့လိုက်တာနဲ့ ချက်ချင်းမကွဲပါဘူး အစပျိုးယမ်းပိုင်းပေါက်တာနဲ့ မြေပြင်ကနေအပေါ်ကို ၄ ပေလောက်ကို ကြွတက်သွားပြီးမှ လေပေါ်မှာထပ်ဆင့်(စက်ဝိုင်းပုံ)ပတ်လည်ကွဲပါတယ်။ တစ်ခြားမိုင်းတွေအရင်ကွဲပြီး သူ့ကို ဆက်တဲ့ဝါယာတွေကပြက်တောက်ကုန်လို့သူက အတိုင်းသားမြေသားဖွဖွထဲမှာကျန်နေခဲ့တာလေ။ မိုင်းဆိုတာမျိုးကလည်း အစပျိုးယမ်းပိုင်းကို မီးမကူးလို့ကတော့ သူမဟုတ်တဲ့အတိုင်းပဲနေတတ်ကြတာများတာကိုး။


ဒီလိုနဲ့ကပ္ပါယ်စခန်းကိုရောက်ကြပါတယ်။အေးဆေးနားပြီးလွှဲစရာရှိတာတွေလွှဲပေးလိုက်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေလည်းဈေးဆိုင်တန်းမှာဟင်းချက်စရာလေး စားစရာလေးတွေ၊ ဆေးပြင်းမှုန့်တို့၊ အုဌ်တွင်းက ကြယ်နီဆေးလိပ်တို့ဝယ်ကြပါတယ်။ ကျောက်ကြီးဝန်းကျင် ရွာတွေကဈေးဆိုင်လေးတွေဆောက်လို့ ဆိုင်လေးတွေနဲ့ ဈေးရောင်းကြတာပါ။ ကော်ဖီမစ်တို့ အအေးတို့လည်းရပါတယ်။ခနနေတော့ ပုသိုင်းမွှေး မုတ်ဆိပ်မွှေးတွေနဲ့ ကာဘိုင် ထမ်းပြီး ဗိုလ်မှူးငြိမ်းချမ်း(ယခင်က စစ်တက္ကသိုလ် နည်းပြ-ကျွန်တော်တို့ ဆရာ)ရောက်လာပြီး နှုတ်ဆက်ပါတယ်။သတင်းတစ်ချို့ပါပြောပြပါတယ်။

သံဘိုဘက်ကနေ သစ်ခေါက်ခွာ ထွက်လာတဲ့ ရွာသား သား ၃ ယောက်စခန်းကို သတင်းပို့ပြီး အရှေ့ဘက်ဆီထွက်သွားတာ ၂ ယောက်ကို ငပွေးလာဖမ်းသွားပါတယ် ကျန် ၁ ယောက်က သစ်ပင်ပေါ်မှာ အသံမထွက်ဘဲ ကြည့်နေတော့ ပျောက်ကျား ဘောင်းဘီဝတ် ၁ ယောက်၊ ဘောင်းဘီအတိုပုံစံ နဲ့ ၃ ယောက် သေနက် ၂ လက်ကိုင်ထားပါတယ်တဲ့။ အဲဒါနဲ့ သံဘို(ကျောက်ကြီး)ဘက်ကို မပြန်ရဲတော့ဘဲ အောက်ဈေးတန်းမှာပဲ ကပ်နေနေတဲ့ ကာယကံရှင်ရွာသားကို မေးကြည့်တော့ ကရင်ငပွေးတွေ ဖြစ်ကြောင်း ရွာသားကို ဘာလို့ဖမ်းရတာလဲမေးတော့ ဆောင်းအကုန် တောင်ယာသစ် ခုတ်ဖို့ အတွက် ဖမ်းတာဖြစ် နိုင်ကြောင်း၊ ဟိုးအရင်ကလည်းအဲလိုမျိုးအဖမ်းခံရသူတွေ တောင်ယာ အသစ် အတွက် သစ်ပင်တွေခုပ်လှဲ သစ်မြစ်တွေ တူးလို့ လုပ်ကွက်ပြီးမှ မျက်နှာကို အဝတ်နဲ့ စီးပြီး ပြန်လွှတ်ပေး တာမျိုးရှိကြောင်း သစ်လုံးကာ အချုပ်လိုမျိုးတွင် ထားပြီး မိုးလင်းက မိုးချုပ် တောင်ယာမနားတမ်း ခုပ် ရှင်းရကြောင်း ထမင်းနဲနဲ ဆား နဲ့ ငပိ နဲနဲထည့်ပေးတာကိုပဲ နေ့တိုင်း ကျွေးကြောင်း ပြောပြ ပါတယ်။ အခုတော့သူလည်း ဒီအဖွဲ့တွေနဲ့ပဲသံဘို၊ ကျောက်ကြီးကို ပြန်လိုက်ချင်ကြောင်းပြောပါတယ်။ ခနအကြာတော့ အနောက်ဖက်ဆီကနေ ဖောင်း..ဂျိုင်း .. ဆိုတဲ့ အသံကြားရပါတယ်။ ဗိုလ်မှူးငြိမ်းချမ်း မျက်နှာကိုကြည့်တော့ ငါ့ကောင်တွေဘက်ကပါတဲ့....ဆရာက Broken style နဲ့ အေးဆေးပြောလာပါတယ်။ သိပ်မကြာ ပါဘူး မိနစ်၂၀ လောက်ကြာတော့ စစ်ကားထဲက သူပုန်တွေလို ပုံစံတွေနဲ့ တပခ စစ်သားများဝင်လာပါတယ်။လှုပ်ရှား(သို့)ပျောက်ကျားတပ်ခွဲ ဒီအဖွဲ့တွေကို လက်ဆင့်ကမ်း ဆက်ပို့မယ့်အဖွဲ့ပါ။ တပ်ခွဲမှူးဆိုသူလာမှ သေချာ ကြည့်တော့ နန္ဒအောင်တို့ တစ်ပါတ်စဉ်ထဲ နဖူးပေါ်မှာ လေယဉ်ကွင်းဖောက်ထားတဲ့ ပြောင်ကြီး(nick name) ဖြစ်နေတာကိုး... ၂ ယေက်သား ဝမ်းသားအားရ ပွေ့ဖက်နှုတ်ဆက် ဖြစ်ပါတယ်။

ခနနားကြတုန်း ခနက အသံက ဘာလဲမေးကြည့်တော့ အေး မသင်္ကာလို့ ပစ်ရှင်း ရှင်းလာတဲ့ .. အမ်.. ဘာပစ်တာလည်းမေးတော့ MA-10ပစ်ထည့်လိုက်တာ..တဲ့။ အငယ်ကကျည် ချွေတာရပေါ့ကွာ..တဲ့(အမ်အေ ၁၀ ဆိုတာက ပုခုံးထမ်းဒုံးပစ်လောင်ချာ-RPG ကိုခေါ်တာပါ) ငါကဒီစခန်းနဲ့သံဘို(ကျောက်ကြီးဗျူဟာ)အကြားမှာလူနဲနဲလေးနဲ့ လှုပ်ရှား နေရတာလေ တဲ့။ သင်တန်းလေး ဘာလေးမတက်ဘူးလားမေးတော့ တော်ပါပြီကွာတဲ့ မဟာ(MSc,MA)တွေ ပြန်ခေါ်ကတည်းက စိတ်ဓါတ်ကျဆင်းခြင်းများစွာနဲ့ နေလိုက်တော့တာ...တဲ့။မင်းနေရာကရော အေးဆေးလားဆိုတော့ မအေးဆေး နေမလားကွာ .. သူတို့ ရွာပုန်းသား(အနီးအနားမှာမရှိဘဲ မထင်မှတ်တဲ့ တောတောင်ထဲမှာ ၄-၅-၁၀ အိမ်လောက်နဲ့ ရွာလုပ်ထားတာပါ) မိန်းမတွေ ကျောက်ကြီးဘက်ကိုဈေးဝယ် တက်တဲ့အခါ ငါ့ ဧရိယာထဲကပဲ ပေါ်တင်ဖြတ်သွားနေကြတာ၊ ငါတို့လည်း ဘာမှမလုပ်ဘူးလေ...အေး ဓါတ်ခဲတော့ သယ်ခွင့် မပြုဘူး..တဲ့ အဲဒါနဲ့ ကျွန်တော်ကလည်း ဟ အေးပေါ့ဟ လဒရ သူတို့ကိုဓါတ်ခဲ သယ်ခွင့်တာ ပြုလို့ကတော့ မင်း ကိုယ့်နားထင်ကို ဒီဟာလေးတာ တေ့ဖြုတ်လိုက် ဆိုပြီး နောက်မိပါတယ်။(ဒီဒေသမှာ ငပွေး မိုင်းထောင်တဲ့အခါ ဓါတ်ခဲက အသက်ပါ) ရွာပုန်းတွေ ရှိတဲ့ဘက် တောင်ယာခင်းရှိတဲ့ဘက် တောထဲကို မိမိလူများ သွားခွင့်မပြုပါဘူး။သွားလည်း မသွားကြပါဘူး။ တောင်ယာစိုက်ခင်းကို ကျွဲ နွားမဝင် နိုင်အောင် သစ်ချောင်း ဝါးလုံးများတန်း ကာထားပါတယ် လူတော့အလွယ်တကူ ကျော်ဝင်ဝင် ငုံ့ဝင်ဝင်ရတဲ့ အနေအထားပါ.. ဒါပေမယ့် ၇၅ % ကတော့ မိုင်း ကားထားပါတယ် .. အခုလာပို့တဲ့ လူနာထမ်း ၂ ထမ်းမှာ စကားပြောနိုင်တဲ့ တစ်ယောက်က တောကြက်ထောင်ဖို့ သွားရင်း တောင်ယာအဟာင်း ဘက်ကို သီးပင် စားပင်ရှိ မရှိသွားကြည့် စည်းရိုးနား အရောက်မှာ မိုင်းနင်းမိပါတယ်.. စဖြစ်တော့ ခြေဖဝါးတွေ ဖွာထွက်ကုန်ပါတယ် အခုတော့ တဖြည်းဖြည်းနဲ့ ဒီနေ့ရောက်တဲ့အထိ ခြေသလုံးက ဖြတ်ထားရပြီး ပတ်တီး အထပ်ထပ် စည်းထားတာပါ။ သူ့နားကဖြတ်သွားတာနဲ့ အနံ့တွေတောင်ထွက်နေပါတယ်။ အတူတူ ခရီးဆက်ထွက်ရမယ့် ဆေးဗိုလ်ကြီးက သူတို့တွေကိုအားပေးလို့ တစ်မျိုး ဆေးတိုက်လို့တစ်ဖုံ ပြုစုလို့ချော့မော့လို့။ ကျွန်တော်တို့ကတော့ ဖုန်းနံပါတ်ရေးပေးပြီး ဘယ်သူ့ကိုတော့ ဘာပြောပေးပါ၊ ဒီစာကိုထည့်ပေးပါ ဘာညာ မှာစရာလေးတွေကို ကျည်လွတ်မြေကို ပြန်တော့မယ့် အစ်ကို ကိုသေချာထပ်မှာကြပါတယ်။ နောက်ပြီးတော့ အစ်ကိုကြီးရေ Attention တွေအားလုံးကင်းလွတ်ပြီး ရန်ကုန်မြေကို ချေချမိတာနဲ့ ရွှေတိဂုံဘုရားကြီးမှာ ညီလေးတို့တစ်တွေအားလုံး အေးချမ်းစွာနဲ့ ဒီနေရာကြီးက အမြန်ဆုံးပြန်ရဖို့ ဆုတောင်းပေးဖို့ မမေ့ပါနဲ့ဗျာ.......လို့ နာရီပိုင်းအတွင်းမှာ အစ်ကိုကြီးတို့ထိတွေ့ခွင့်ရတော့မယ့်နေရာနဲ့ ဒီနေရာဒီဒေသ အခြေအနေချင်းက လုံးဝကို ကွာခြားသွားတော့မှာလေ....သိပ်မကြာတော့တဲ့ အခိုက်အတန့်လေးမှာပေါ့ ... တကယ်ကိုမကြာတော့ပါဘူး .....
နေလွမ်းသူ

Read More...

Saturday, January 5, 2008

ရောမမှာပဲ ရောမလိုကျင့်ပါရစေတော့ အမေ

ရှေးထုံးမပါယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ၊အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ် အစရှိတဲ့ လူကြီးသူမများမှာကြား ခဲ့တဲ့စကားပုံ တွေများစွာက တကယ်ကို လိုက်နာအပ်တဲ့ ဥပဒေသလေး တွေပါ။ အခုလို ရှေ့တန်း တောကြီးတောင်ကြီး ထဲမှာလည်း သတိချပ်လို့ သိအပ်ခဲ့တဲ့ ဆိုရိုးလေးတွေလည်း မေ့ထားလို့မရသလို ဘယ်နေရာကတော့ ဒီကောင်တွေ ဖြတ်သွားဖြတ်လာ လုပ်တယ်၊ ရေဆိပ်က နွေဆိုတစ်နေရာ မိုးဆိုတစ်နေရာ ဘာတွေတော့ သတိထားပါ၊ ဆိုတဲ့ ရှောင်ရန်ဆောင်ရန်လေးတွေကလည်း စခန်းတာဝန်ချိန်းပြောင်းရတဲ့ တပ်တွေ အဆက်ဆက် လက်ဆင့်ကမ်းမှာကြားထားခဲ့ကြရတာပါ။ကရင်မှာက အမိနန်းကရိုင်း၊တောင်ပိုင်ဘိုးဘိုးကြီး၊ အမိုးအပါးကြီး၊တောင်ပိုင် မောင်နှမ အစရှိတဲ့ ဒေသပိုင်စိုးတဲ့ နတ်တွေအကြောင်းလည်း ထည့်မှာခဲ့ကြရပါတယ်။

ကျွဲကိုပစ်ရင် အမေနန်းကရိုင်းမှောင့်တယ်လို့ ပြောကြပါတယ်။ လက်တွေ့ကတော့ ကျွဲသတ်စားဖို့နေနေသာသာ ချောက်လှန့်တဲ့ သဘောနဲ့ပစ်ရင်တောင် ငပွေးကမကြေနပ်ရင် မိုင်း လာထောင်တတ်လို့ မည်သူမှ ဒီဒေသမှာ ကျွဲမပစ်ရအမိန့် ထုတ်ထားပါတယ်၊ စစ်သည်တွေလည်း ဘယ်သူမှ ကိုယ့်ဒုက္ခကိုမရှာကြပါဘူး မရှိရင် ဆားနဲ့စားနိုင်ပါတယ်။ တောလည်လည်းမထွက်ရဲကြပါဘူး မိုင်းပေါလို့ပါ။ဒညင်းသီးပင်တွေ့လို့ ခူးမယ်ဆိုရင်တောင် အပင်ခြေမှာ မိုင်းရှိ မရှိ စူးနဲ့ထိုးပြီးမှ ခူးကြရတာပါ။ အစားတစ်လုပ်ကြောင့် ခြေထောက်ပေးလိုက်ရတဲ့ စစ်သည်ကမနဲပါ။ အစားမတော်လို့ တန်ဆေး လွန်ရင်ဘေး ဆိုတာနဲ့ ပက်သက်ပြီးပြောရဦးမယ်။ ခမရ(၁၁၉)ပုသိမ်ကြီးတပ်က ကျွန်တော်တို့ညီလေးတစ်ယောက် နာမည်တော့မပြော တော့ပါဘူး။ဒညင်းသီးပြုတ်တွေပဲအစားများပြီး ဝမ်းအရမ်းချုပ်ပြီး မေ့သလို မျောသလို သတိလစ်ပြီး တပ်မ(ဘောစဲခို)ဆေးခန်းကိုတင် ရတဲ့အထိဖြစ်ပါတယ်။ သူ့ကြောင့် တပ်မမှူးက အမိန့်ထုတ်ပါတော့တယ်။တပ်တွေကအရာရှိ စစ်သည်တိုင်း ဒညင်းသီးတစ်ခါစား ၃ လုံးထက်ပိုမစားရ ဆိုပြီး။အဲဒီနောက် ကစပြီးသူ့ကို စီနီယာတွေက ဗိုလ်ဒညင်းလို့ခေါ်တော့ တယ်လေ။နောက်အရေးပါတဲ့အချက်တစ်ခုလဲ ရှိပါသေးတယ်။

အဲဒါက ဒီဒေသမှာ စစ်သည်တွေ ရေချိုးရင် အတွင်းခံ အသားကပ်နဲ့ ရေလုံးဝ မချိုးရ ဆိုတာပါပဲ (တောင်ပိုင်မောင်နှမက အပျို လူပျို မောင်နှမ ဖြစ်တဲ့အတွက် သူတို့က ရှက်ပြီး အဲဒီလူ အဲဒီတပ်ကိုကျိန်ဆဲပါသတဲ့) ယုံတာ မယုံတာ အပထား လူတိုင်းတော့ လိုက်နာကြရပါတယ်။အဲလိုချိုးမိတဲ့သူ သို့မဟို့ အဲဒီတပ်က မိုင်းဖြစ်စဉ် တစ်ခုခုဖြစ် မဖြစ်ရင် အပစ်အခတ် လေးတော့ကြုံရတာပါပဲ။ နန္ဒအောင်တို့ကတော့ ဘောလုံးကန်ဘောင်းဘီတိုကို ဈေးပေါပေါ မန္တလေး ဈေးချိုထဲကသွားမွှေ ဝယ်လာပြီးသား။ ဘော်စဲခို၊ ပလက်ခို၊ဗျက္ကောကွင်း၊မောလော၊လွယ်မူပလော၊စောမူပလော တစ်ဝိုက်မှာက ရွာမပြောနဲ့ လူနဲ့သူနဲ့ တူတာကို လုံးဝကို မရှိချင်မရှိတာပါ ကျွဲတွေကတော့ ဥဒဟို သွားလာနေတာပါပဲ၊ တပည့်တွေ(ဟင်းလုပ်တဲ့) ကောက်ကောက်ညွန့်ကို ရေချောင်းစပ်စပ်တစ်လျှောက်တွေမှာ ခူးနေကြနေရာကို ဒင်းကျွဲအုပ်တွေ အရင်ဦးသွားလို့ကတော့ အရွက်ကြော်ကောင်းကောင်းလေးတောင် ငတ်ရတဲ့အဖြစ်လေ။ ခြောက်လှန့် မောင်း ထုတ်ရုံကလွဲလို့ ဘာမှမတတ် နိုင်ကြပါဘူး။ကရင်ငပွေးကိုကြောက်လို့တော့ မဟုတ်ပါဘူး။အမိန့်လည်းရှိနေတာရယ်၊ဘယ်သူမှလည်း ဖြစ်စဉ်တွေမကြုံတွေ့ကြစေချင်လို့ပါ။

နန္ဒအောင်အကြိုက်ကတော့ မှိုမျိုးစုံပါပဲ။ ခက်တာက တပ်မတော်မှာ မည်သူမှ မှိုမစားရ အမိန့်ထုတ်ထားပါတယ်၊ ဒါကလည်း မှိုဆိပ်သင့် အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေများလာလို့ပါ၊ မစားစေချင်လို့ ဗိုက်ဝမှာစိုးလို့မဟုတ်၊ ပလောင် တပည့်ကျော်လေးတစ်ကောင် က မှိုနဲ့ပက်သက်ရင် ဝါရှိ သဘာရှိ ဆရာကြီးတွေတောင် သူ့ကို လက်ဖြားခါရပါတယ် သစ်ပင် သစ်တုန်း မြေကြီးပေါ်က တွေ့တဲ့ မှိုတွေကို ယူလာပြီး ဆားရယ် ဘာမှန်းမသိတဲ့ အရွက်တွေနဲ့ ထည့်ပြုတ်ပြီးမှ သူ့အထက်က တပ်ကြပ်(ထမင်းချက်တာဝန်)ကိုချက်စေပါတယ်။ အရင်က စားလို့မရဘူးလို့ထင်ထားလှည့်တောင် မကြည့်ခဲ့တဲ့မှိုတွေ ငိုရပါတယ် ဒီကောင်နဲ့တွေ့တော့။ ကျွန်တော်တို့လူပျိုကောင်တွေက အကြော်အလှော်လည်း သိပ်ပါကြတာမဟုတ်ဘူးလေ။ ပါလာကြတဲ့ အိမ်ထောင်သည်တွေလည်း ကုန်ပြီလေ ဒီလောက်ကြာမှတော့။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကျွန်တော့်ညီလေး များ 47th ကတပ်စုမှူး ၃ ယောက်ကတော့ ပွတ်ချွန်းလိပ်တာ တော်တော်ကျွမ်းကျင် သွားကြပါတယ်။ LONDON လက်ကြားက မချခဲ့တဲ့ကောင်တွေ ပြက်လက်မှုစကြုံရတော့ တစ်ခြားဆရာ ရဲဘော်တွေဆီက အသင့်လိပ် ထားပြီးသားပွတ်ချွန်းလိပ် တောင်းသောက်ကြတာပါ။

အခုကြ အံမယ်သူတို့က ကိုယ်တိုင်လိပ်ပြီး သောက်ရတာက ပို feel ရှိတယ်ဆိုပဲ။ အခုလည်းစခန်းက ပဒါးချောင်း(ကားလမ်းကိုဖြတ်ဆင်းသွားတဲ့နေရာ)နားက ၁၆ မိုင်စခန်းမှာ စခန်းချ နေကြတာပါ။အောင်မင်းကျော်ကုန်း (ညီလေးအောင်မင်းကျော်တို့ကျခဲ့တဲ့ ကုန်းလေးကို အောင်မင်းကျော်ကုန်းလို့ ခေါ်ကြတာလေ) မလှမ်းမကမ်းမှာပါ။ ကိုယ့်နေရာစခန်းလေးကို အတတ်နိုင်ဆုံး လုံခြုံအောင်ဆိုပြီး ဝါး ကျားလန် လေးတွေထပ်ကာလို့ လမ်းကြောင်းလုံခြုံရေး လုပ်နေကြရတာပေါ့။ ညညအရမ်းအေးလည်း မီးမဖိုကြပါဘူး။ ရန်သူလာချောင်းပစ်ရင် အနေအစားပျက်လို့ပါ။ နန္ဒအောင်တို့တစ်တွေ ကတော့ဘယ်လောက်ပဲပင်ပင်ပန်းပန်းသွားရ လာရ ညတွေမှာတော့ အိပ်မပျော်ခဲ့တာအမှန်ပါပဲ။ အေးတာက တစ်ကြောင်း ကင်းသမား ရဲဘော်များကို စိတ်မချတာကတစ်ကြောင်း၊နောက်ပြီး ပဒါးချောင်းကြီးနဲ့လည်း နီးနေတော့... ဒီကောင်တွေက(ငပွေး)ချောင်းအောက်ကနေ အချိန်မရွေးတက်လာနိုင်တယ်လေ။ စစ်ကြောင်းမှူး တပ်ခွဲမှူး တပ်စုမှူး အရာရှိအားလုံးနဲ့ ဆရာကြီးတိုင်းကတော့ အိပ်မောကျတယ်ဆိုတာ ဗလာနတ္ထိ မရှိခဲ့ရိုးအမှန်ပါပဲ။

ကျွန်တော်တို့တွေဆို နောက်တန်းမှာနေရတုန်းက ညညဘောလုံးပွဲတွေကြည့် ။မိန်းရှေ့က friends တို့ game ဆိုင်တွေမှာတို့ သွားထိုင် တစ်ခါတစ်ခါ ကန်တော်ကြီးဘက်ထိ သွား Beer သွားသောက်ကြတာပါ။ အချိန်မရှိမှ ပြန်လာ ပြီးမနက်ဆိုတော်တော်နဲ့အိပ်ယာက မနိုးကြ တော့ပါဘူး။ သြော် ...အခုများကြတော့လည်း....... နေ့တိုင်းအစောကြီး ထတာနဲ့ နောက်ဆုံးကင်းသမားတောင် မနက်ခင်း တပ်မတော်လက်ဘက်ရည်ချိုကျဲတောက်တောက်လေး ဖျော်ဖို့ မီးမပျိုးသေးပါဘူး။ BBC ,VOA တို့တောင် နိုးတာနဲ့နားထောင်ရအောင်လို့ ရှေ့ကို ၁ နာရီခွဲလောက်စောပြီးလွှင့်ပေးဖို့တောင် အကြံပြုရင်ကောင်းမလားလို့။ ဒီလိုနဲ့ ဝေလီဝေလင်း ဘုရားဝတ်ပြု မေတ္တာပို့ အမျှတွေဝေရင်း မနက်ခင်းတိုင်း မိုးလင်းခဲ့ရပါပြီ အမေရေ........... သား လေ ရောမ ရောက်တုန်းပဲ ရောမ လို ကျင့် ပါတော့မယ်...
နေလွမ်းသူ

Read More...

Tuesday, December 18, 2007

ဗိုလ်ကြီးမစားခဲ့သော ငါးဟင်းတစ်ခွက်

ကျွန်တော်တို့ ခမရ(xx) စစ်ကြောင်း-၂ နဲ့ တပ်ခွဲ(၂)ခွဲ လမ်းကင်းတာဝန်ယူထားရတာ ဒီနေ့နဲ့ဆို ရက်(၂၀) နီးပါးရှိပြီပဲ။မနက် ၀၈း၀၀ နာရီကျော်ကပဲ နောက်တန်းပြန်ရမယ့် သင်တန်းတက် ဆေးရုံတက် အဖွဲ့တွေ ကိုယ် တာဝန်ယူထားရတဲ့ အပိုင်းတွေကနေ အေးဆေးပဲ ဖြတ်သွားတော့ လမ်းကင်း လုံခြံရေးတာဝန်က ပြီးပြီလေ။ မူသဲ(ကရင်ရွာ)နဲ့ကလည်း နဲနဲလေး ဝေးတဲ့အတွက် ဈေးဝယ်လို့ ကလဲမရတော့ထုံးစံအတိုင်း ငါးလေး၊ဖားလေး ရှာစားကြရတယ်လေ။ လမ်းကင်းကနေ ပြန်ရောက်တာနဲ့ ဗိုလ်နန္ဒအောင် တစ်ယောက် တပ်စုမှူး ညီငယ်(၂) ယောက်ကိုအခေါ်ခိုင်းပြီး ထမင်းစားပါတော့တယ်။ဆာဆာနဲ့ထမင်း နှစ်ပန်းကန်က အသာလေးကုန်ပါတယ်။

ထမင်းစားရင်း ညီငယ်(၂)ယောက်နဲ့ မန္တလေးရဲ့သတိရစရာလေးတွေနဲ့ ဘောလုံးပွဲလောင်းတိုင်း ရှုံးတာတွေပါ မကျန် ပြောရတာအရသာတစ်ခုလေ....ဘေးမှာ ရေဒီယိုလေး တစ်လုံးနဲ့ပေါ့....တပည့်ကျော် ပန်းကန်လာ သိမ်းမှ မေးဖို့ကြံရွယ်ထားတဲ့မေးခွန်းကို မေးလိုက်တယ်‘‘ဆရာကြီးမောင်ဆင့်ရောမတွေ့ပါလား. ဒီငါဟင်း ကရောဘယ်တုန်းက သွားရှာလိုက်တာလဲ‘‘ ဆိုတော့ ‘‘စစ်ကြောင်းမှူးရဲ့ တပည့်ကျော် တစ်ယောက်နဲ့ ခွဲရုံးက လှဦး ရယ် အခုနလေးကပဲ မနေ့က ငါးရတဲ့ ချောင်းအကွေ့လေးဘက်ကို သွားတယ်‘‘ တဲ့...တပ်ခွဲမှူး ဖြစ်ပေမယ့်စစ်ကြောင်းမှူးလည်း ဘာမှမပြောတာပဲဆိုပြီး ‘‘အေး ပြန်ရောက်ရင်တာ ငါ့ဆီလွှတ်လိုက်‘‘ လို့ ညီငယ်ဖြစ်တဲ့ ဒုဗိုလ်ရဲသူအောင် ကိုမှာပြီး ဆက်သွယ်ရေးစက်ရှိရာ တဲဘက်ကိုထွက်ခဲ့ပါတော့တယ်..
စက် သမားကို ‘‘ဘာထူးလဲ‘‘ လို့ မေးတော့‘‘၅၆(မထူး)ပါ ဗိုလ်ကြီး‘‘ဆိုတာနဲ့ နန္ဒ လည်း ရေဒီယိုလေး ကိုင်လို့ သဇင်(ပြင်ဦးလွင် အသံလွှင့်လိုင်း)ကလာတဲ့ သီချင်းလေးနားထောင်ရင်း စခန်းကိုတစ်ပတ် ပတ်ကြည့်တယ်။ အခုလို အချိန်မျိုးဆို တပည့်ကျော် ကင်းသမားတွေ ထမင်းလုံးစီပြီး အိပ်ငိုက်တတ် တယ်လေ.သွားနေလာနေကျ နေသားတကျ ဖြစ်သွား အေးဆေးသွားတာနဲ့ပေါ့ချင်ကြတာ စစ်သားတို့ သဘာဝကိုး .သဇင် ကလာနေတဲ့ အချစ်ရေပြန်ခဲ့တော့ ဆိုတဲ့ ရှင်ဖုန်း~ခင်ဘုန်း သီချင်းလေး နားထောင်လို့မှ မဆုံး သေးဘူး‘‘ဂျိမ်း‘‘ဆိုတဲ့အသံက လမ်းနဲ့ရေချောင်း ထိစပ်နေတဲ့ဟိုးဘက် ခပ်လှမ်းလှမ်းနေရာဘက်က ကြားလိုက်ရပါတော့တယ်‘‘ဆရာမျိုးထွန်း သွား ဗိုလ်ကြီးရဲသူအောင် ကိုသွားခေါ် ဒီ ဆက်သွယ်ရေး စက်နားမှာလာနေလို့ ပြောလိုက်.ကျွန်တော်လိုက်သွားပြီ စစ်ကြောင်းမှူး ကို တစ်ခါတည်း သတင်းဝင်ပို့သွားမယ် ..စစ်ကြောင်း (၁)က အဘတို့ကြားလို့ လှမ်းမေးရင် ဘာမှန်းတော့ မသိရသေးဘူး ကျွန်တော်ကိုယ်တိုင်သွားရှင်းနေတယ်လို့ပြောထားလို့ ပြော သေချာပြောနော် ကျွန်တော်ပြောတဲ့အတိုင်း‘‘ ဆိုပြီး ပြောလည်းပြောequipment ကို ကပျာကယာ ကောက်လွယ်ပြီး တပ်စု ၂ စုက စိတ်ချရတဲ့သူတွေခေါ်ပြီး အပြေးတစ်ပိုင်းနဲ့ သေနက်ဆွဲလို့ ထွက်ခဲ့ပါတော့တယ်.
ထင်တဲ့အတိုင်းပဲ တပည့်ကျော်တပ်သား လှဦး ရဲ့ ညာခြေသလုံး အောက်ပိုင်း သွေးအလိမ်းလိမ်းနဲ့ ခြေဖ၀ါးတစ်ခုလုံး ဖွာလန်ကြဲနေပြီလေ‘‘ဆရာကြီး‘‘ ဒေါသနဲ့ အော်ခေါ် မိတဲ့တစ်ပြိုင်နက် သတိဆွဲပြီးဘာမှ မပြောနိုင်ပဲ ကြောင်ကြည့်နေရှာတယ်။‘‘လုပ်မြန်မြန်ဝါးခုပ်မှာခုပ် ဟိုကောင် ခြေထောက်အပိုပါနေတာလား မင်းအဖေ မိုင်းကဘေးတစ်ဝိုက်မရှိတော့ဘူးမပြောနိုင်ဘူး လာတော့ဒီဘက်ကို အခုမှအဲဒီ မှာ ဘာမှလျှောက်ရှာမနေနဲ့ လာတဲ့အတိုင်းပြန်ပြီး မ ။ကျန်တဲ့သူတွေသွားလမ်းပေါ်ပြန်တက် ကင်းလည်းသေချာလုပ် မင်းအဖေတွေအသံကြားလို့ လာချောင်းချင်ချောင်းနိုင်တာပဲ သေချာကြည့်တွေ့တာနဲ့ ပစ်တာပစ် ‘‘ဆိုပြီး တပည့်ကို လက်တစ်ဖက်က ဆုပ်ကိုင်လို့. ‘‘ဟေ့ကောင် ဖိုးရှမ်း ဘာမှမဖြစ်ဘူးအားတင်းထား ကြားလား အေးဆေးပဲ နော် ဘာမှမဖြစ်ဘူး‘‘ ဆိုပြီး..လမ်းပေါ်ပြန်ခေါ် ၀ါးလုံးကို စောင်ကြားလေးနဲ့ ပုခက်လို လုပ်ပြီးတာနဲ့ စစ်ကြောင်းစခန်းကို အမြန်ချီရပါတော့တယ်...စစ်ကြောင်းရောက်တာနဲ့ ဆေးတပ်ကြပ် ဆေးတပ်သားတို့ ဒဏ်ရာကိုသန့်စင်ဖြတ်လှီးသင့်တာတွေဖြတ် ဗျူဟာဆေးခန်းကို ထပ်မံပို့ ဆောင်ရတော့တယ်လေ.ဆက်သွယ် ရေးစက်နားမှာ တပ်ရင်းမှူး(အဘ)ဆဲသမျှဆိုသမျှ နားထောင် ဖြစ်စဉ်တွေတင်...အလုပ်ကို ဇယ်ဆက်သွား ပါတော့တယ်. ညစာထမင်းစားတော့ ငါးဟင်းခွက်လေးလာချတယ်..အရင်စိတ်နဲ့တာဆို နန္ဒအောင် ဆွဲလွှင့် ယူပစ်မိမှာပါ။
အခုတော့ ဖြစ်ပြီးသွားမှတော့ဘာတတ်နိုင်မှာလဲလေ..ဆိုပြီး..တစ်ခြား ငှက်ပျောဖူးဟင်းလေး မြေပဲဆန်ကျော် စိုစိစိ ညိုမဲမဲ လေးနဲ့ပဲ နှစ်ပါးသွားလိုက်ပါတယ်..‘‘ညီလေး မင်းတို့ စဉ်းစားကြည့်လေ ကိုယ့် တပည့် ရဲဘော် တစ်ယောက်ရဲ့ ခြေဖ၀ါးတစ်ဖက်နဲ့ လဲပြီးရခဲ့တဲ့ အဲဒီငါးဟင်းကို စားလိုက်မယ့် (တစ်ခြားသည် အနေနဲ့တော့ထားပါ) မင်းတို့ ငါတို့ ဗိုလ်ကြီးဆိုတဲ့ စစ်ဗိုလ်တွေက အရာရှိ ပီသပါဦးမလား ...ကိုယ်ပြောတာသေချာ စဉ်းစားကြည့်နော် စားလိုက်လည်းဘာမှတော့ မဖြစ်ဘူး ပေါ့ကွာ..အေး မင်းတို့ငါတို့က….. ကိုယ့်အသိစိတ်နဲ့ကိုယ်ပေါ့ကွာ။မိုင်းထိသွားတဲ့ လှဦး ဆိုတဲ့ ရဲဘော်က ရှမ်းလေးပါ...နောက်တန်းမှာကတည်းက နန္ဒအောင် ကိုယ်တိုင် တပည့်အဖြစ် အရာရှိ ရိပ်သာမှာ ခေါ်ထားခဲ့တာလေ....အခုလည်းဒီရှေ့တန်းထွက်လာတော့လည်းသူ့ကို ခွဲရုံးမှာ တပ်ခွဲမှူးအနားမှာပဲ ခေါ်ထားလိုက်တယ် .. လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ‘‘ချောင်းဘက်က ခွေးဟောင်သံ လိုလိုဘာလိုလို ကြားတယ် အဲဒီဘက်ကို .တို့တပည့်တွေအကြောင်းမဲ့ ဘယ်သူမှ မသွားစေနဲ့ သေချာလိုက်မှာခိုင်း ညီလေး‘‘လို့ စစ်ကြောင်းမှူး ဗိုလ်မှူးအောင်ဇင်မိုး မှာတာကို နန္ဒအောင် နားထဲမှာ အခုထိ ပြန်ကြားနေမိပါတယ်....မသွားဖို့ အတန်တန်မှာထားခဲ့ပေမယ့် စစ်သားတို့ ထုံးစံအတိုင်း ဖြစ်ခါမှ ဖြစ်တော့ လက်တလော ၀မ်းစာအတွက် တစ်ခါတစ်လေလည်း အသားလေး ငါးလေးနဲ့ ကိုယ့်အရာရှိတွေ ဆရာတွေ ရဲဘော် တပည့်တပန်း တွေကို ရှာဖွေကျွေးမွေးချင်ကြတာ ဓမ္မတာပဲမို့ ....ဘယ်သူကိုမှလည်း အပြစ် မဆိုချင်တော့ပါဘူး.....

အဲဒီနေ့ကစလို့ နန္ဒအောင် တို့ ပုသိမ်ကြီးတပ်က အရာရှိရိပ်သာမှာ ဘယ်သောအခါမှ ငါးဟင်းမစားဖြစ်ကြ တော့ ဘူးလေ.....အယူသီးတာမဟုတ်ခဲ့ကြပေမယ့်လည်း ... တပ်သားလှဦး တစ်ယောက်ကတော့ ဒီနေ့အထိ အရာရှိရိပ်သာမှာ ချိုင်းထောက်တစ်ဖက်နဲ့ သူ့ဗိုလ်ကြီးတွေကို ထမင်းချက်ကျွေးနေတုန်းပဲလေ EA-1 (Enemy Action) ဘ၀ရောက်တာတောင် သူချစ်တဲ့ ဗိုလ်ကြီးတွေနဲ့အတူ လုပ်ပေးနိုင်တာကို လုပ်ပေး နေရှာတုန်းပဲ။ အခုဆိုသူ့ဆရာ ဗိုလ်ကြီးနန္ဒအောင် တစ်ယောက်ပင်လျင် ရှမ်းပြည်နယ် ကို အမြဲတမ်း ပြောင်းရွှေ့သွားခဲ့ပြီလေ...MS ဆိုတဲ့ Order လေး **…….သို့ပြောင်းရွှေ့တာဝန်ချထားလိုက်သည် *** ဆိုရင် သွားပေဦးတော့ သံယောဇဉ် အမျှင်တွေဖြတ် တစ်ခန်းရပ်လို့ ပိုင်ဆိုင်သမျှ သေတ္တာလေးတစ်လုံးအိပ်ယာလိပ်အိတ် တစ်လုံး မပြောင်းလဲတဲ့ပုံစံ အဖေအမေတို့ဆီ ပိုက်ဆံလေးမှာပြီး ခရီးနှင် သင်သွားလိုရာသို့…………..ပေါ့ဗျာ။
နေလွမ်းသူ

Read More...

Saturday, December 15, 2007

မန္တလေးဆေးရုံကြီးပေါ်မှ (အပိုင်း--၂)

သွေးသွင်းဖို့လုပ်တော့ သွေးဘဏ်ကနေ စစ်သား၊ရဲသား၊ဘုန်းကြီး free ပါဆိုတဲ့ နေရာမှာ လိုတဲ့ သွေးအတွက်အလှူငွေဆိုတဲ့ခေါင်းစဉ်အောက်ကို ပိုက်ဆံတွေ ပေးထားခဲ့ရတာကိုလည်း အံ့သြ မနေတော့ပါဘူးလေ.နေရာတိုင်းမှာ ပိုက်ဆံ ဆိုတာ ကလည်း ချောဆီတစ်ခုဖြစ်လို့နေတာကိုး...
စက်ဖွင့်ပြီး မိခင်တပ်ကို ဒုတိယအကြိမ်မြောက် သတင်းပို့ပြီးလို့ စက် ပိတ်လိုက်တဲ့အချိန်အထိ အခြေအနေက ထူးမလာသေးဘူး.အဲဒီအချိန်မှာပဲ စောစောက ပါရဂူကြီး နောက်မှာ Duty coat ဖြူဖြူတွေ မှတ်စု စာအုပ်တွေ ကလစ်ဖိုင်တွေ ကိုယ်စီ ကိုင်လာတဲ့ ဒေါက်တာ အလောင်းအလျာတွေ ပါလာကြတယ်.

ပါရဂူကြီးကခွင့်တောင်းတဲ့ အနေနဲ့ ‘‘ဗိုလ်ကြီး သူတို့ကို ဒီကေ့စ် အကြောင်း အခုတစ်ခါတည်း လက်တွေ့ ပြမလို့ပါ ‘‘တဲ့ .ဟုတ်ကဲ့ပါ ပေါ့..အဲဒီလိုပြောတုန်းပဲ ဆရာကြီးက ပါးစပ်ကနေ ငြီးငြူသံတွေထွက်လာတာနဲ့ ချက်ချင်းပဲ ဆေး အမ်အေ(MA) ကြီးကတစ်ဖက် သူကတစ်ဖက် လက်ကို ကိုယ်စီပြေးကိုင်ဆုပ်ချေပေးလိုက်ပါတယ်...စက်ထဲကလည်း ...ခေါ်သံ ထွက်ပေါ်လာတာက..‘‘နန္ဒ ရှိလား နန္ဒ..‘‘ တဲ့ ..တပ်ရင်းမှူး စက်နဲ့ခေါ်လာတဲ့အသံပဲ....‘‘အမိန့်ရှိပါ...‘‘ ဆိုတော့ ‘‘အောင်ခိုင်အောင်နိုင်‘‘တဲ့ ကျန်တဲ့အချိန်ဆို စိတ်ထဲမှာ နောက်ပြောင်နေမိမှာ ‘‘အောင်ခိုင် ရဲဖမ်းသွားပြီ.‘‘လို့ ။လက်ရှိအခြေအနေကို ပြန်ဖြေမလို့ ပါးစပ်ဟန်ပြင်နေတုန်း...ကျွန်တော် ဆုပ်ကိုင် ထားတဲ့ ဆရာကြီးရဲ့လက်ချောင်းလေးတွေကနေ ဆက်ကနဲ လှုပ်သွားလိုခံစားလိုက်ရလို့ ပြန်ငုံ့ အကြည့် မှာ ဆရာကြီး အမ်အေ က‘‘ဗိုလ်ကြီး သူ သွားပြီ‘‘..တဲ့..
ကျွန်တော် စက်ပြန် ခေါ်ဖို့ အားအင်တွေ တခဏချင်း ပျောက်သွားသလို ခံစားလိုက်ရတယ်... လူရှင်းတဲ့နေရာကို ထွက်ပြီး စက် ပြန်ခေါ်ဖို့ နေရာကနေ ထလိုက်တယ်။လူအုပ်ထဲကနေအထွက်မှာ ရှေ့တည့်တည့်ကနေဖယ် မလိုလို မဖယ်ချင်သလိုနဲ့ တစ်ယောက်ကို ဒီက မကျေမနပ်ဖြစ်နေတဲ့ မျက်နှာနဲ့ ဘုရှိုး ဒဲ့ရှိုးလိုက်တဲ့အချိန်မှာပဲ.....ထင်မှတ်မထားတဲ့ မျက်နှာလေး မျက်မှန်လေးအစုံ တက်ထားလျက်နဲ့လေ.......အံသြ မင်သက် နေတာပဲလားတောင်းပန်တိုးလျှိုးတဲ့ အကြည့်တွေလား ဆိုတာကို ‘‘နန္ဒအောင်‘‘တစ်ယောက် ဝေခွဲ ဆုံးဖြတ်ဖို့အချိန်မပေး နိုင်လှစွာပဲ အမြန်ဆုံးဖယ်ခွာခဲ့တယ် ‘‘နန္ဒ‘‘ မှ ‘‘ရန်နိုင် တယော‘‘ ..# % *^*^*^&*+*+*+*တပ်ရင်းက အခုပဲ တပ်မတော်ရဲ့ မြင့်မြင့်တင် ဝေးဝေးရှောင် ကားတစ်စီးလွှတ်ပေးလိုက်ပြီ ၊ဆရာကြီး ဆေးအမ်အေ နဲ့ မှာစရာရှိတာ မှာထားပြီး ချက်ချင်းပြန်လာခဲ့ပါ.ဆိုတဲ့အကြောင်းကို ပြောပြီး.. ပြန်ဖို့ပြင်ရတော့တယ် .ပါရဂူကြီးနဲ့ အတူ အနားမှာ ရှိနေကြတဲ့ ဆရာဝန်တွေသူနာပြုတွေကို နှုတ်ဆက်စကား ကျေးဇူး စကားတွေ အခါအခါ ဆိုလို့...ဆရာကြီး ရဲ့အသက်မဲ့ ခန္ဒာကိုတစ်ချက်ကြည့်ရင်း....စစ်သားတို့ မည်သည် ရှေ့တန်းထွက်မှရယ်မဟုတ်ဘဲ..ကျည်လွတ်မြေမှာလည်း သေချင်းတရားကို(အဖြစ်ဆိုးစွာ) ရင်ဆိုင်ရတာပါပဲလေ....လို့..။

အပြာနုရောင်ခန်းဆီးလိုက်ကာကို အဖွင့် ဆိုင်ကယ်ပြင်ဆိုင်မှာ ဒေါသတွေနဲ့ တောက်ခေါက်ခဲ့တဲ့ ဒေါက်တာလောင်းအလျာမမက တစ်စုံတစ်ယောက်ကို စောင့်နေတယ်ထင်ပါတယ် ..နန္ဒအောင် ကိုတွေ့တွေ့ချင်းမှာ တစ်ခုခုပြောမလို့ဟန်ပြင်ရင်း ပွင့်ဟ လာတော့မယ့်သယောင် နှုတ်ခမ်းနှစ်လွှာ..မျက်မှန်လေးအောက်က မျက်ဝန်းတစ်စုံကို တည့်တည့်ကြည့်ခါ.. ခေါင်းကို တစ်ချက် ဆက်ကနဲငြိမ့်လို့ ပြုံးပြနှုတ်ဆက်ရင်း ...နန္ဒအောင် .တစ်ယောက် မန္တလေးဆေးရုံကြီးပေါ်ကနေ အပြေးအလွှားကျောခိုင်းလိုက်မိပါတော့တယ်.....
မင်းပြောလာမယ့် စကား တစ်စုံတစ်ရာကို နားမထောင်ချင်လို့ စကားပြန်မပြောချင်လို့ မဟုတ်ပါဘူးကွာ.. ဖြစ်စဉ်တစ်ခုဖြစ်ပြီးတာနဲ့ နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် လုပ်ရမှာတွေ ဖြေရှင်း တင်ပြတာတွေ ဇယ်ဆက်သလို ဇက်တိုက်လာဦးမှာမို့ပါ နားလည်နိုင်ပါစေလို့ပဲ………………….
ဖြစ်စဉ်ပြန်တမ်း၊ စုံစမ်းစစ်စေးရေးခုံရုံးတွေ၊ (စုံခုံသပ်ချုပ်တွေပေါ့ဗျာ) ကြေးနန်းတွေ….တွေပို့ဖို့။
နေလွမ်းသူ

Read More...

Friday, December 14, 2007

မန္တလေးဆေးရုံကြီးပေါ်မှ

အရေးအကြောင်းဆို ဒီဆိုင်ကယ်က ဘီးပေါက်ပြီ ...ပုသိမ်ကြီး တပ် ကိုမြန်မြန်ပြန် လူနာအတွက်လိုတဲ့ မော်ဖိန်း ထိုးဆေး ရဖို့က အရေးကြီးနေပါတယ် ဆိုမှ ဆေးရုံကထွက်လို့ နှစ်ပြလောက်ပဲ ရောက်သေး ပြသနာကစပြီ..တော်သေးတယ် သိပ်မတွန်းလိုက်ရဘူးနီးနီးနားနားဆိုင်တွေ့လို့ ။ဆိုင်ကယ်ပြင်ဆိုင်က ကောင်လေးကို နဲနဲမြန်မြန်လေးလုပ်ပေးဖို့ပြောတုန်းရှိသေးမျက်မှန်းလေးနဲ့ချောချောလေး(၂)ယောက် ဆိုင်ကယ်တွန်းပြီး ရောက်လာတယ်။‘‘မောင်လေး အဲဒီဆိုင်ကယ် ဘာမှမဖြုတ်ရသေးတဲ့အတူတူ အစ်မတို့ဟာကို(ဆိုင်ကယ်) အရင်လုပ်ပေးပါလား‘‘တဲ့ ‘‘ဆေးရုံကိုသွားရမှာ မနေ့ကလည်းနောက်ကျ ဒီနေ့လည်း တအား နောက်ကျ နေလို့ပါ‘‘ တဲ့ ..အမ် ...လာသေးတယ် သူတို့ကပဲ..အဟား….. ဘယ်ရမလဲ ‘‘နန္ဒအောင်” ကွ မှန်လို့ကတော့ တပ်ရင်းမှူး ..သမီး တောင်ပြန်အော်တဲ့ကောင်လေ ..ဟားဟား..‘‘ညီလေး ကိုယ်လည်းအရေးကြီးတာပဲ ပြီးတော့ အရင်ရောက်တာ မင်း လုပ်မှာဆက်လုပ် ‘လို့ပြောလိုက်တော့ မျက်နှာတွေက မကြည်ကြည့်နဲ့ ရှိုးကြတယ်။

‘‘တောက်‘‘ဆိုတဲ့အသံလေးကိကြားဖြစ်အောင်ကြားလိုက်ရပါသေးတယ်.ဒေါသအကြည့်တွေနဲ့လေ.....ထားလိုက်အဲဒါတွေ ....တပ်ကိုရောက်တာနဲ့ အဘ(တပ်ရင်းမှူး)ကို အကြိုးအကြောင်းသေချာရှင်းပြ။သူ့ဆီက အမိန့်ရတာနဲ့ တပ်ရေှးဗိုလ်ကြီးနဲအတူ ဗဟိုကင်း အာမခံ သေတ္တာထဲကဆေးထုတ် (မော်ဖိန်းဆေးဆိုတာက တပ် တိုင်း ဗဟိုကင်း က မီးခံသေတ္တာထဲမှာထားရတာလေ) ယူနီဖောင်း မြန်မြန်ဝတ်(နဲနဲတော့ သ လိုက်သေး) ချက်ချင်း ပြန်ထွက်ခဲ့တယ်လေ။ဖြစ်စဉ်က မော်တော်ယဉ် ဂိုဒေါင်စတိုးခန်း အကန့်လေး မီးလောင်တယ်..မန္တလေး၊ မတ်လ ရဲ့နွေခေါင်ခါင်မှာ မီးလောင်တာလေ စဉ်းစားကြည့်။မော်တော်ယာဉ် အရာခံဗိုလ် ဆရာကြီး အထဲမှာ ဆေးလိပ်သောက်လက်စကို စားပွဲပေါ်တင်ရင်း အိပ်ပျော်သွားခဲ့တာ။ခန္ဒာကိုယ် အပေါ် အရေပြားတွေက သူ့ကို မလိုက်တာနဲ့ကို အရေတွေ လန်လာတယ်....အဓိကပြသနာက သူ့တစ်ယောက်ထဲ မီးကို ကျိတ်ငြှိမ်း နေတဲ့အချိန်မှာ တစ်ခန်းလုံး ပိန်းပိတ်အောင်မွှန်ထူနေတဲ့ မီးခိုးငွေ့တွေကို အဆုတ်အပြည့်ရှူသွင်းထားမိတာက အဓိက ဖြစ်နေခဲ့တယ်...တဲ့..ပါရဂူကြီးပြန်ပြောပြချက်အရပါ..အပြင်ထွက်ဖို့ပြင်နေတဲ့ ‘‘နန္ဒအောင်‘‘ ချက်ချင်းပဲ ဆေးရုံကြီးကို လိုက်ပေးခဲ့ရတာလေ....ဆေးရုံကို ပြန်ရောက်တော့လူနာစကားနဲနဲပြောလာနိုင်တာ တွေ့ရတယ် လက်ကအကြောရှာမရတော့တာမို့ ခြေသလုံးကနေ ရှာဖို့လုပ်ကြတယ်.မော်ဖိန်း ထိုးပေးပြီးမှ လုပ်လို့ရတယ်။

ဆရာဝန်ကြီးက ဗိုလ်ကြီး ခန လိုက်ခဲ့ပေးပါလို့ခေါ်လို့ သူနဲ့ ခန လိုက်သွားရတယ်။ အခန်းထဲ ရောက်တော့ ဆရာကြီးရဲ့အခြေအနေမှန်ကို သေချာ ရှင်းပြတယ်.. အပေါ်ယံအရေပြား တွေ မရှိတော့တဲ့အတွက် မွေးညှင်းပေါက်တွေ ကနေတဆင့် ပြင်ပကနေမမြင်ရတဲ့ site effect တွေ ၀င်သွားခဲ့ရတယ်...နောက်ထပ် ပြသနာက ခန့်မှန်းလို့မရတဲ့ မိနစ်တွေအတွင်း သူဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေအမြောက်အများရှူသွင်း ထားမိပြီးဖြစ်ခဲ့တယ်တဲ့....ဒါကို နန္ဒအောင် တို့ စိတ်မရှည် လိုက်ပုံများ ကဲပါ ပါရဂူကြီး ပွင့်ပွင့်လင်းလင်းပြောပါ၊ ကျွန်တော့်ကိုကျွန်တော့်ဆရာကြီးရဲ့အခြေအနေ .လို့ပြောဖြစ်အောင်ပြောလိုက်သေးတယ်...ဆရာဝန်ကြီးက အဲဒါ ဗိုလ်ကြီးလည်းအမြင်ပါ ကျွန်တော့်ဆီက ဒီ ကေ့စ် (case) ကိုတာဝန်ယူနေတဲ့ ဒေါက်တာတွေ သူနာပြုတွေ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်...တဲ့ ..ကောင်းပါပြီ ကျွန်တော်အခု သူ့နားကိုအခြေအနေသွား ပြန်ကြည့် လိုက်ပါဦးမယ်...ဆိုပြီ..ဆရာကြီး ကုတင်ဘေးကို ပြန်ရောက်လာတော့...ရင်နင့်ဖွယ်ရာ စိတ်မကောင်းဖွယ် မြင်ကွင်းတွေက ဆီးကြိုနေတယ်...ပါးစပ်မှာရော နှာခေါင်းတွေကပါ အောက်စီဂျင်ပိုက်(၃)ချောင်းအပြိုင်ထည့် ပေးထားတာကိုပဲ ဆရာကြီးတင်ထွန်းရဲ့အဆုပ် လှုပ်ရှားမှုက အား မရ စရာပဲလေ...ထုံးစံအတိုင်း လက်ထဲက Icom (လမ်းလျှောက်စကားပြောစက်) ကို မန္တလေး PKလိုင်းနှုံးကို(Dupe +) ပြောင်းပြီး တပ်ကို အကျိုး အကြောင်းသတင်းပို့ရပြီလေ...စက် ယူလာရင် အလုပ်ကို ဆက်တယ် လို့ မကြာခဏ ပြောဖြစ်ကြတာကို သတိရမိပါရဲ့...အခုတော့ ဒီစက်လေး ပါလာလို့ (ဆေးရုံ)သူများစားပွဲ ပေါ်က တယ်လီဖုန်းကို မျက်နှာငယ်လေးနဲ့ဖုန်း ဆက်ချင်လို့ ပါလို့ပြောနေစရာမလိုတော့တာတော့ အမှန်ပဲလေ၊ ခန္ဒာကိုယ်မှာ ညိုမဲပြီး အရေခွံ တစ်ချို့နီရဲထနေတဲ့ ဆရာကြီးရဲ့ခန္ဒာကိုယ်ကို ငေးကြည့်ရင်း ဆုတောင်းပေးရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့အခြေအနေပဲလေ။

၁၄.၁၂.၂၀၀၇
************************************(ဆက်လက်ဖော်ပြပါမည်)နေလွမ်းသူ

Read More...

Tuesday, December 11, 2007

''သတိ'' ဟူသည် ပိုသည်မရှိလေတော့...

ပွိုင့် 2204 (တပခ) ခလရ (၂၆၄) စခန်းရဲ့အောက် ကိုက် ၁၅၀၀ အကွာက DKBA စခန်းမှာ ကျွန်တော်တို့ တပ် စခန်းချထားပါတယ်။ DKBA က လူအင်အား ၃၀ လောက်နဲ့ ဗိုလ်အဆင့် ရှိတဲ့သူ(ဗိုလ် ၀ါပေါ)ဦးစီးပြီး သစ် စခန်းချပြီး သစ်ထုတ်နေတယ်လေ။ရိက္ခာ(၇)ရက်စာထုတ်လို့ လှုပ်ရှားဆိုပြီးထွက်လာရတာ။ (၇)ရက်မှာ (၆)ရက်နဲ့ (၁)မနက် တိုက်ပွဲငယ်များဖြစ်ပွား ခဲ့ပါတယ်။ နောက်ဆုံးနေ့မနက် DKBA စခန်းကို ရောက်တဲ့နေ့အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြ တယ်လေ။ သူတို့ကလည်း ကျောက်ကြီး ဗျူဟာရဲ့ ညွှန်ကြားချက်အရ သေချာနေရာချထား ပေးပြီး ဟင်းလျာတွေ လုပ်ထားပေးတော့ စားဖို့သောက်ဖို့က တော်တော်လေးကို တပည့်တွေ အတွက်အိုကေ စိုပြေစေပါတယ်။ ညစာကိုသူတို့လုပ်ပြီး ကျွန်တော်တို့ တပ်က အရာရှိတွေနဲ့ သူတို့ဆီက ခေါင်းဆောင်တွေစုပြီး လက်ဆုံစားမှပဲ သူတို့တွေရဲ့ (၅)ပါးသီလစောင့်ထိန်း နိုင်မှုကိုတွေ့ရပါတယ်။အသားငါး လုံးဝမစားကြပါဘူး အရက်လည်းမသောက်ဘူး။ ဘုရားရှင် မကြိုက်ဘူးလို့ဟောထားတယ်တဲ့။

မတတ်သာလို့ သူများအသက်ကို သက်ရရင်တောင်မှ အတ္တကင်းအောင်လုပ်ပါတယ်တဲ့။ ကျွန်တော်ကိုအတွက်ပဲ ငါးဟင်း တစ်ခြားအသား ဟင်းလျာတွေကို သီးသန့်စီစဉ်ထားပေး ကြတာပါတဲ့။ ကျွန်တော်တို့ကလည်း သိပ်တော့မကြိုက်ကြဘူးလေ..အဟဲဟဲ။ လာခဲ့ရတဲ့ (၇)ရက်မှာ (၅)ရက်က ငှက်ပျောခေါင်း(အမြစ်ဆုံတုန်းကို ခေါ်တာပါ)နဲ့ ငါးလေးခြောက် ၄-၅ ကောင် ရောချက်တဲ့ ဟင်းနဲ့ပဲ နှစ်ပါးသွားခဲ့ရတာက များခဲ့ကြကိုး။ ဒီစခန်းမှာရှိတဲ့ DKBA စစ်သည် တွေရဲ့စစ်ရေးသတိအမြဲရှိပုံကို မြင်တွေ့ပြီး မိမိစစ်သည်များကိုပါ ထပ်ဆင့်ပညာပေး စကားပြော စံနမူနာတစ်ခု အဖြစ်ပြသနိုင်ခဲ့ပါတယ်။ သူတို့တွေက ထမင်းစားနေကြတဲ့ အချိန် မှာလည်း ချပ်ဝတ်တန်ဆာ Equipments ကိုယောင်လို့မှ လုံးဝမချွတ်ကြပါဘူး။ ရေချိုးလည်း ယူနီဖောင်းအသင့် သေနတ်အသင့်တွေနဲ့ကြည့်ပါပဲ။ ကိုယ့်စစ်သားများကတော့ စခန်းချပြီဟေ့ ဆိုတာနဲ့ ကင်းသမားလောက် တာဝန်ကြပ်လောက်ပဲ ယူနီဖောင်း သေနတ် Equipments အသင့်ရှိတတ်တာမျိုးပါ။

အခုလို မိမိတပ်က စခန်းကြီး တစ်ခုခု အနားမှာ နေရလို့ ကတော့ အိုး..ပိုလို့တောင် အေးဆေး နေနိုင်ကြ နေတတ်ကြတာမျိုးပါ။ အခုလည်းကြည့်လေ ရေချောင်းထဲတပျော်တပါးဆင်းလို့ ပျော်ရွှင်စွာနဲ့ ငါးဖမ်းရေချိုးနေလိုက်ကြတာလေ ကျွန်တော်နဲ့ စစ်ကြောင်း(၂)ရဲ့ စစ်ကြောင်းမှူး ဖြစ်တဲ့ ဗိုလ်မှူးစိုင်းထွန်းထွန်း နှစ်ယောက်သား အိုင်ကွန်(Icom)ဖွင့်လို့ ငပွေး(ရန်သူ)တွေ စက်နဲ့ ပြောဆိုနေတာတွေကို Interception (inter) ဖမ်းနေကြပါတယ်..ဘေးမှာ DKBA တစ်ယောက်ကို ဘာသာ ပြန်ခိုင်းထားရတာပေါ့။ တစ်ခနလောက်မှာပဲ .တောက် ဖုန်း ၊တောက်..ဖုန်း ဆိုပြီး အမ်-၁၆ နဲ့ ဖန်း.ဖန်း ဖန်း ..ဖန်း နဲ့ ကာဘိုင် (Carbine) သေနက်သံတွေ ရေချောင်းရဲ့အပေါ်ဘက်ဆီကနေကြားလာရ ပါတယ်။ အဲဒီမှာပဲ DKBA တွေကထ အော်ပါ တော့တယ် ဟိုကောင်တွေ ငပွေးတွေလာပစ်တာ ပစ်ပေး ပြန်ပစ် ပစ် အဲဒီကောင်တွေ ဟို ခို(တောင်..တောင်ကုန်း ကိုသူတို့ သုံးနှုံးတာပါ)လေးပေါ်ကနေလာတာ အဲဒီဘက်ကို ပစ် ဗိုလ်ကြီး အဲဒီကို ပစ်ခိုင်းပါဟ စိန်ပြောင်းနဲ့သာ ပစ်ခိုင်းဟ ဆိုပြီး လုပ်ပါတော့တယ် ...တုံ ...တုံ ဆိုပြီး အမ်-၄၀ (ခေါက်ချိုးသေနတ်လည်း) ဂျိမ်း ဂျိမ်း ..ပေါက်ကွဲသံနဲ့အတူ ချောင်းထဲကို ကျရောက်ပေါက်ကွဲပါတော့တယ်။ ကိုယ့်ဆီက ကောင်းကောင်းမှ ပြန်ပစ်ချိန်မရသေးဘူး သေနက်ဆွဲ နေရာယူဖို့ ပြင်ကြတုန်းပဲ ရှိသေး ရန်သူ ငပွေးက ချက်ချင်း ပြန်လစ်သွားပါပြီ စစ်ကြောင်းမှူးက တပ်ခွဲ-၁ ခွဲ နဲ့လိုက်ခိုင်းဖို့ပြင်တော့ DKBAက မလုပ်နဲ့ အဲဒါ ငါတို့ဗိုလ်မှူးတို့ ကို လာသွေးကဲစမ်းတာ မိုင်းရှိတဲ့လမ်းကနေ ဒီကောင်တွေဆုတ်ပြေးသွားတာပေါ့ဟ..တဲ့
ကိုယ့်ဘက်က ဘာအထိအခိုက်မှ မရှိခဲ့ပေမယ့် အမ်အေ-၄ (MA-4) ၅ လုံးလောက်ပဲ ပြန်ပစ်နိုင်ခဲ့ပါတယ်....

မိမိစစ်သည် တပည့်ကျော်တွေကို အဲဒီနေ့ကစလို့ သေနတ် Equipments လုံးဝ ကိုယ်နဲ့မကွာဖို့ အမိန့် အတိ အကျ ထုတ်ပြန်လိုက်ပါတော့တယ်...စစ်သားဆိုတာမျိုးက နေရာတစ်ခုမှာ စခန်းချရလို့ အေးဆေးစွာနဲ့ ဘာမှ ထူးခြားမှု ဖြစ်စဉ်တွေ ရန်သူအရိပ်အယောင်တွေ မတွေ့ရတော့ဘူးဆိုတာနဲ့ အရမ်း စိတ်ချလက်ချနေနိုင်ကြ တဲ့လူစားမျိုးတွေပါ....အခုလည်း ကြည့်လေ ကင်းသမား နဲ့ ဆရာကြီး ၂ ယောက်လေက်ကပဲ ပြန်ပစ်နိုင်ခဲ့ တာပါ။ DKBA ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေအတွက်ကတော့ အတွေ့အကြုံ ဓလေ့စရိုက်ဆန်း လေးတွေ တန်ဖိုးရှိစွာ ရခဲ့တာက အကျိုးအမြတ်တစ်ခုပါပဲလေ....စစ်သားတို့မည်သည် သတိ အသိ ပိုတယ် မရှိပါပဲ ကိုယ်နဲ့မကွာ သတိပါနိုင်ကာမှ တော်ကာကြတာမျိုးဆိုတာကိုတော့ ကျွန်တော်တို့မငြင်းနိုင်ခဲ့ပါဘူး.....
နေလွမ်းသူ

Read More...