ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, February 20, 2009

မေ့မရသော နေ့စွဲများ

ဘယ်လူးညာလှိမ့်နဲ့ ညဥ့်နက်က တော်တော်ကို ရှည်လျားနေသလိုပဲ။ ဟိုးအဝေးဆီက ဂျီဟောက်သံတွေကြားနေရတယ်။ ကင်းတဲတွေက ကင်းသမားတွေရဲ့ အချိန်ခြား တုံးခေါက်သံတွေ ၃/၄ ကြိမ်လောက်ကြားရတဲ့အထိ အိပ်မပျော်သေးဘူး။ ည အချိန်မရှိတဲ့အထိ ဝဘ်ဆိုဒ် တွေအကြားမှာ ကမ္ဘာပတ် အသစ်အဆန်းတွေ စမ်းသပ်ရင်း သီချင်းတွေနားထောင်ပြီးး မိုးလင်းခဲ့ရတဲ့ ရုရှရဲ့ညတွေကို ပြန်သတိရမိသား။ ဗိုလ်ကြီး နိုးပြီလား ဆိုတဲ့အသံကြားမှ မိုးစင်စင်လင်းမှန်းသိရတော့တယ်။ အိုး ည အိပ်မပျော်တာနဲ့ အရင်လိုတောင် စောစောမနိုးမိဘူး။ တောတောင်အရိပ် တောင်ခိုးတောင်ငွေ့တွေ သစ်ခက်ပန်းနွယ်အနံ့တွေက နှင်းတွေနဲ့အပြိုင် ပျံ့လွင့်နေကြတယ်။ အေးမြ လပ်ဆက်တဲ့ မနက်ခင်းလေက မျက်နှာကိုထိခက်လို့။ တပည့်ကျော်က ရေအေးနဲ့နွေးစပ်ထားတဲ့ ဝါးကျည်တောက် တစ်ဗူးလာပေးတယ်။ အဲလိုမှ မစပ်ရင် မျက်နှာသစ်ဖို့က တော်တော်ခက် လှပါဘိ။ ကိုယ်လက်သန့်စင် ဘုရားဝတ်ပြု မေတ္တာပို့ အမျှတွေဝေအပြီး နဲ့ တပည့်ကျော်က ထမင်းကြမ်းကြော်(အိုးပူတိုက်)နဲ့ ArmyTea ညိုဖျော့ဖျော့ပူပူလေး လာအပေး ကွတ်တိပဲ။ ရှေ့တန်းရောက်ခါစက ဒီလ္ဘက်ရည်ကို တော့်တော့်ကို ကြိုးစားပြီး ကိုယ်နဲ့ fit ဖြစ်အောင် ကြိုးစားခဲ့ရတာ။ အခုတော့ မနက်လင်းပြီဆိုတာနဲ့ ထမင်းကြော်တွေ၊ ဆန်ပြုတ်တွေ မလာချင်နေ ArmyTea ပူပူလေးမှ မဆွဲလိုက်ရရင် ဘယ်လိုမှ လူက နေလို့မရသလိုပဲ။ ဟုတ်တယ်လေ ဒါကလည်း ရှေ့တန်းမြေ စစ်သားတို့ရဲ့ အလေ့အထတစ်ခုလို ဖြစ်နေပြီ။

ဗိုလ်ကြီး တပ်ခွဲကလူတွေ အသင့်ဖြစ်ပါပြီ ဆိုတဲ့အသံနဲ့အတူ ဆရာကြီး သတင်းလာပို့တာနဲ့ ကိုယ်တိုင် equipments ကိုသေချာပတ် လက်စွဲတော် သေနက်လေး ပြန်စစ် ကျော်ပိုးအိပ်ယူပြီး တဲအပြင်ထွက်လာခဲ့တော့တယ်။ တပ်ခွဲကို မှာစရာရှိတာမှာလိုက်တယ်။ (သစ္စာမော်ကွန်း ဇာတ်ကားထဲကသူထူးစံ တဖြစ်လဲ ဗိုလ်ကြီးနေဦး စတိုင်နဲ့ပေါ့….. ဟဲဟဲ) ခနနေတော့ ၄၉ ကဆင်းတဲ့ညီလေး အိုင်အို (Intelligence officer) က အစ်ကိုကြီး ကြိုက်တဲ့အချိန်ထွက်ပါ အားလုံးသတိဝီရိယသွားလာဖို့ လမ်းမှာ စက် အဆက်အသွယ်မပြက် ယူသွားပါလို့ မှာထားပါတယ်…တဲ့ သြော ဒါဆို အဘက ညကတည်းက အမိန့်အပြက်ပေးထားလိုက်တဲ့သဘောပဲ။ အိုကေ ဒါမျိုးက ပိုကောင်းတယ်။ တပ်ခွဲက သွားနေလာနေကြ ဆရာကြီးတွေခနစုပြီး ဘယ်လိုလုပ်ချင်ကြလဲ သူတို့တစ်တွေရဲ့ သဘောထားကို အရင် တင်ပြခိုင်းလိုက်တယ်။ အိုကေ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ လမ်းကြောင်းအစီအစဉ်ကို ရွေးလိုက်တယ်။ ကဲ ဘယ်တပ်စု ပွိုင့် ဆိုပြီး ရှေ့ပြေးတပ်စု တာဝန်ထုတ်လိုက်ပြီး အခုပဲထွက်……. ညီလေး အခု လေးလုံး (xx:00 နာရီ) ထွက်တယ် ပို့လိုက်တော့ ကိုတို့တော့ ဒိုးပြီကွာ..ဆိုတော့အစစအဆင်ပြေချောမွေ့ပါစေအစ်ကိုကြီး ဆိုပြီး လက်တင် အလေးပြုလို့ ကျန်ခဲ့တယ်…senior/junior များအကြား နှုတ်ဆက်နေကြ အလေ့အထလေးတွေထဲကတစ်ခုပဲ။

ချောင်းအကွေ့နဲ့ တောင်ကုန်းစောင်းတစ်ခု အခြေရောက်တော့ ရှေ့ပြေး ပွိုင့်က ဆက်မသွားပဲ တန့်နေတယ်။ ခနနေတော့ ပွိုင့် တပ်စိတ်မှူးဖြစ်တဲ့ ဒုတပ်ကြပ်ကျော်ဦး နောက်ကိုဆင်းလာပြီး သတင်းပို့တယ် အတက်ကွေ့လေးကနေ ခွေးတစ်ကောင် လှစ်ကနဲ ဆင်းပြေးသွားတဲ့အကြောင်း နောက်ကအဖွဲ့တွေကို သတိထားကြဖို့ သိပ် မသင်္ကာတဲ့ အကြောင်း…. အိုကေ မင်း အဖွဲ့ကိုပြော မြင်ပြီ တွေ့ပြီ ဆိုတာနဲ့ လက်မနှေးစေနဲ့ ပစ်လို့ တစ်ခါတည်း အမိန့်အပြတ်ပေးထားလိုက်တယ်။ အဲလို တစ်ခါတည်း အမိန့်မပေးလို့ကလည်း မဖြစ်ပါဘူး။ ဒါမှဖြစ်တာနဲ့ ကိုယ်ဘက်က မခံရဘဲ လက်ဦးမှု ရနိုင်မှာကိုး။ ဒီလိုရှေ့တန်း တောတောင်ထဲမှာ လူကို (အထူးသဖြင့်) စစ်သားကို မြင်တာနဲ့ လှစ်ကနဲ ပြေးတတ်တာက ဒေသခံ ရန်သူငပွေးတို့ လက်သပ်မွေးထားတဲ့ ခွေးမှလွဲလို့ တစ်ခြားမရှိ ပါဘူး။ သခင်က လမ်းခုလပ် လမ်းကျဉ်းကွေ့ တောင်ကမ်းပါးယံ တစ်ခုခုမှာ ကျင်းတူး မြေရှင်း မိုင်းခင်း မိုင်းထောင်တာမျိုး ၊ အခြေအနေ လမ်းပေါ် တက်ကြည့်တဲ့အခါမျိုး အဲဒီ ခွေးတွေက သိပ်ကို ပါးနပ် လိမ္မာကြပါတယ်။ လူနံ့ခံတာမျိုး ကင်းစောင့် ကင်းထောက်တာမျိုးတွေ လုပ်တတ် ကြပါတယ်။ တပ်ခွဲကိုခန တန့်ခိုင်းပြီး ဆရာကြီးတွေခနစုလိုက်တယ်။ ကဲ ဆရာကြီးတွေ ကျွန်တော့်အထင် ဒီတောင်ကုန်းအတက်ကို သိပ်မသင်္ကာဘူး။ စခန်းက ဘယ်လောက်လိုသေးလဲ.. ဆိုတော့ နောက် ၁ နာရီလောက်ဆို သွားပေါင်းရမယ့် တောင်ထိပ်စခန်းကုန်းကို ရောက်မယ်ဗိုလ်ကြီး..တဲ့။ ကဲဒါဆို အခု တပ်ခွဲကို နှစ်ကြောင်းခွဲပြီး လမ်းကိုဘယ်ညာ ခွ ဖြန့်ပြီး တက်မယ်။ ဘယ်လိုသဘောရကြလဲ.. ဆိုတော့ တစ်ယောက်က လူအင်အားကို မျှပစ်လိုက်ရင် လုပ်နိုင်ကိုင်နိုင်တဲ့သူနဲ့ အတွေ့အကြုံနုတဲ့သူ၊ လက်နက်ပစ်အားတွေ မမျှ မတ ဖြစ်သွားမှာတော့ သတိထားဖို့လိုကြောင်း..ပြောလာတယ်။

နောက် ၄၅ မိနစ်လောက်ဆို သွားပေါင်း ရမယ့် စခန်းကုန်းကိုရောက်မယ် ဗိုလ်ကြီးတဲ့၊ ရှေ့ဆို အတက်တွေကြည့်ပဲ ကြောကလည်းမတ်ပြီး ရှည်တက်သွားတာ ဗိုလ်ကြီး အဖွဲ့တွေဖြည်းဖြည်းပဲ တက်နိုင်ကြလိမ့်မယ်..တဲ့ သွားနေလာနေကြဖြစ်တဲ့ ဆရာကြီးအုန်းမြင့်က ပြောလာတယ်။ အင်းပေါ့လေ အဖွဲ့တွေမှာ ကျောပိုးအိတ်ကိုယ်စီ သေနက်ကိုယ်စီနဲ့ အထဲမှာ တစ်ပါတ်စာ ရိက္ခာတွေ ပစ္စည်းတွေ ခဲယမ်းတွေကိုယ်စီနဲ့ဆိုတော့လည်း အိပဲ့အိပဲ့နဲ့ တစ်ချို့ဆို ကျောပိုးခြင်း(ပလိုင်း)တွေနဲ့။ ဟုတ်တော့လည်းဟုတ်သား သွားလိုက်လာလိုက်များလာတော့ ကျောပိုးအိတ်တွေက ကိုင်းပျက်တာကပျက် ချိတ်ကွင်းဆက်ပြုတ်တာကပြုတ်နဲ့ ဆိုတော့ နောက်ပိုင်း စစ်သည်အများစုက ဝါးနဲ့ရက်ထားတဲ့ ပလိုင်းရှည်မျောမျော ကိုယ်စီနဲ့ ကျောပိုးအိတ်က ကိုင်းကို အဲဒီ ခြင်း၊ပလိုင်းမှာ ပြောင်းတပ်လိုက်ရုံပဲ အထဲမှာ ကျောပိုးအိတ်ထက်တောင် ပိုဝင်ဆန့်သေးတယ်။ တဖြေးဖြေးနဲ့ အတက်ကြီးက မော့မော့ပြီးတက်သွားလိုက်တာ အိုး လျှောက်ရင်းနဲ့ကို မောဟိုက်လာတယ်။ ရေကလည်း ဆာသေး၊ ဆာပေမယ့်လည်း ရေဗူးထဲကရေကို အားပါးတရ မသောက်ရဲသေးဘူး အတက်ရောက်မှ ရေကုန်သွားရင် ဒုက္ခ။ ထွက်လိုက်တဲ့ချွေးတွေကလည်း တစ်ကိုယ်လုံးနီးပါးရွှဲနစ်လို့ မျက်နှာမှာ တစ်ချက်တစ်ချက် ဆားပွေးတွေဖြစ်ကျန်ရလောက်တဲ့အထိပဲ။ အတက် တစ်ဝက်လောက်မှာ စစ်ကြောင်းက တစ်ခါထပ်တန့်နေတာနဲ့ မေးမယ်လို့ စိတ်ကူးတုန်း လက်ဆင့်ကမ်းပြောလာတယ်၊ ရှေ့စောင်းအတက်လေးက ငှက်ပျောရုံမှာ ငှက်ပျောဖူးတွေချိုးချင်လို့…ဆိုပဲ ခူးစရာရှိတာမြန်မြန်ခူး အောက်ခြေ မြေသားကိုလည်း သေချာစူးထိုးပြီးမှ နင်းဖို့ ထက်မှာလိုက်တယ်။ ငပွေးအကျင့်က ကောင်းတာမဟုတ်ဘူး၊ အခုလို သီးပင်၊စားပင်အခြေမှာ မိုင်းတွေခင်းထားတတ်တယ်။ ရေဆိပ်တို့ ဖားငါး ရှာတဲ့နေရာတို့ ဆိုလည်း ဒီလိုပဲ။ မခူးနေနဲ့ လို့ ပြောရအောင်လည်း ဒီတောဒီတောင်ထဲမှာ အခုလိုမျိုး ငှက်ပျောဖူး ငှက်ပျောပင်တို့ ကောက်ကောက်ညွန့် တို့ကိုပဲ အဓိက အသီးအရွက်ဟင်းအဖြစ် အားထားနေရတာမျိုးရယ်။ ငှက်ပျောဖူးဟင်းချိုလေးနဲ့ လည်းထမင်းကတော့ စားဝင်တာပဲ။ RU မှာတုန်းကတောင် ဒီလိုစားခွင့် ရခဲ့တာမဟုတ်ဘူး။ ဟုတ်တယ်နော်။

ကဲ ကျွန်တော်နဲ့ဆရာကြီး…..တပ်စု ဘယ်ကသွားမယ်။ ကျန် ဆရာကြီး….တို့တပ်စုနဲ့အကူပစ်က ညာကနေ ပမ်း… ပုံမှန်ပဲ တိုးကြ လမ်းဘက် အတွင်းကို သေနက်ဦးမလှည့်မိကြစေနဲ့….. ဟုတ်တယ်လေ အဲဒါမှ အချင်းချင်း အန္တရာယ်ကင်းမှာကိုး…… တိုးရင်းတိုးရင်းနဲ့ ချွေးက ပြိုက်ပြိုက်ကျလာတယ်။ လမ်းအတိုင်းသွားတာလောက်တော့ ဘယ်လွယ်မလဲလေ။ ကျောပေါ်က အလေးအပင်နဲ့ ကျည်ကပ် ခဲယမ်းတွေနဲ့… ဘေး/ဘယ်ညာ အပေါ်/အောက် ခြုံနွယ်တွေ ဆူးပင်တွေနဲ့ တကယ့်ကို မလွယ်ကူတဲ့ အဖြစ်ပါ။ မရှိမဲ့ ရှိမဲ့ ယူနီဖောင်း လေးလည်း ဆူးပင်ငြိလိုက် ခြုံတိုးလိုက်နဲ့ အစတွေဖွာလန်ကျဲနေပြီ။ အိုးးးးဟိုး ခြင် တွေကလည်း တွယ်သေး။ တောင်ဖြုတ်ကိုက်တာက အဆိုးဆုံး ဖြစ်မယ်ထင်တာပဲ။ ကိုက်ပြီးတဲ့နေရာ အရည်ကြည် လိုလို သွေးလိုလိုထွက် နောက်တော့ အနာဖြစ်ပြီးကျန်ခဲ့တယ်။ အပေါက်အပေါက်လေးတွေ များလာတော့ ပေါင်ရင်းမှာ မွေးသမခုပါလေရောလား… အဲဒီအခါမှ လမ်းလျှောက်ရ ပြသနာပဲ။ ညည တောအုပ်ထူထူတွေ သစ်ကြီးဝါးကြီးတောထဲ စခန်းချရင်ပိုဆိုးသေးတယ်။ ဝါးရွက်သစ်ရွက်အခြောက်တွေနဲ့ မီးခိုးအူအောင် လုပ်ပြီးမှ အိပ်နိုင်တာ။ အဲလိုမီးခိုးထွက်တော့ လုံခြုံရေးအနေနဲ့ကျ မကောင်းပြန်ဘူး။ ရန်သူကပ်လာမှ လာပေရော့ လာရင်တွယ်ကြရုံပေါ့။ လတ်တလော ဖြုတ်ကိုက်သက်သာဖို့က အရေးကြီးတယ်။ ရေစပ်စပ် ဗွက်နွံတွေနင်းရရင် ခြေသလုံးတစ်ဝက်လောက်က နစ်ဝင်သွားသလို ခြေထောက်ပြန်အနှုတ်မှာ ကျွတ်တွေကပ်ပါရင်ပါလာတတ်တယ်။ အဲဒါမျိုးဆို သွေးအလှူပြုလိုက်ရသလိုပဲ။

ဟာပစ်ပစ် ဟိုမှာ မင်းအဖေဟိုမှာ ပစ်ဟ ပစ် ဒိုင်းဒိုင်း ဖောင်းဖောင်း… စီကနဲ သေနက်သံတွေရော ကိုယ့်ဆီက အော်သံတွေ တောတိုး လှုပ်ရှားသွားသံတွေ ဆူညံထွက်လာတယ်။ တစ်ဖက်က ဘာသေနက်သံမှ ပြန်မကြားရဘူး လိုက်လိုက် အာပီဂျေ လွှတ်ကွာ…. ဆိုတာတွေကတစ်မျိုး။ ချက်ချင်းဆိုသလို စစ်ကြောင်းက ရှဲပြီး အသင့်အနေအထားတွေနဲ့ ထိုင်ပြီးသေနက်အသင့်နဲ့ သစ်ပင်ကွယ်ပြီး နေရာယူသူကယူပြီးသားတွေ ဖြစ်ကုန်တယ်။ ကိုယ်တိုင် ရှေ့ပွိုင့်တပ်စုကို တက်သွားတော့မှ ဝါးရုံအကွေ့လိုနေရာကနေ လူရိပ် ဖျက်ကနဲတွေ့လိုက်ရပြီး ပွိုင့်ကတစ်ယောက်နဲ့ တပ်စိတ်မှူးက ချက်ချင်း လှမ်းပစ်တာနဲ့ လှစ်ကနဲတိုးဝင်ပြီး လူ ၃ ယောက်လောက် ထွက်ပြေးသွားတာတွေ့လိုက်ရကြောင်း ၂ ယောက်က ကာဘိုင်သေနက်ကိုယ်စီကိုင်ထားပြီး ကျန်တစ်ယောက်က ပလိုင်းလိုလို ခြင်း တစ်လုံးကို လွယ်ထားကြောင်း ပစ်ကွင်းမြင်ကွင်း အရမ်းရှုပ်ထွေးနေတဲ့အတွက် သေနက်ကျည်က လိုရာကိုမရောက်ကြောင်း တပ်စု တပ်ကြပ်ကြီးဖြစ်တဲ့ ဆရာကြီးမြသွင်က ရှင်းပြလာပါတယ်။ ခနနေတော့ဆရာကြီးတွေပါ စုလာတော့ ဗိုလ်ကြီးအစီအစဉ် ရွေးချယ်တာ မှန်သွားတယ် လမ်းအတိုင်းသွားရင် သေချာပေါက် ဒီကောင်တွေ ချောင်းပစ်တာခံရနိုင်ကြောင်း… လို့ဆိုလာကြတယ်။ အစီအစဉ် မှန်သွားတာထက် ကိုယ်ကတော့ တစ်ယောက်တစ်လေနဲ့ သေနက်လေးဘာလေး မရလိုက်တာကို မကျေနပ်သလိုလို ဖြစ်ကျန်ခဲ့ပါတယ်။
ဟုတ်တယ်လေ အဲဒါမှလည်း ကျွန်တော်တို့ ရုရှ(RU) ပြန်တွေလည်း ရန်သူအလောင်းလက်နက်တော့ ရအောင်တိုက်နိုင် စွမ်းဆောင် နိုင်သေးသလို စစ်ပညာတွေလည်း မမေ့သေးပါဘူး ဆိုတာ လက်တွေ့ သက်သေပြနိုင်မှာကိုး…………. နောက်တစ်ပွဲပေါ့လေ….။ (နေလွမ်းသူ)

10 comments:

ကိုရင်ညိန်း said...

အစ်ကိုကြီးရေ...
အစ်ကိုကြီး ဘလော့ဂ်ရောက်တာနဲ့ အိပ်မက်ထဲက တန်းပြီး လန့်နိုးတော့တာပဲ ။ Army Tea ပူပူလေး ကိုလည်း အတော် သတိရ တယ်ဗျာ ။ နောက်ပြီး လက်စွဲတော် Para လေး ။ အချစ်ဆုံးလေး ။ နောက် ငှက်ပြောအူဟင်း ။ ပိန္နဲသီးဟင်း (ရှေ့တန်း အခေါ် ၀က်သားပေါ့ဗျာ အဟေးဟေး ) ၊ နောက် ကောက်ကောက်ညွှန့် .. အင်း .. တကယ့်ဘ၀တွေ ... ။ ကျောင်းက အပြန် ဗိုက်ဆာရင်
McDonalds တို့ KFC တို့ အတိတ်မေ့ပြီး ၀င်ဝင်နေတာ လေ ။ အဟေးဟေး ။ ကျောင်းလွယ်အိတ် ဆို Brand လေးမှ ကိုင်ချင်တာ ။ ရှေ့တန်းက ကြိမ်ပလိုင်းတော့ လွမ်း သား အစ်ကိုရာ ။ အဲဒါကြီးနဲ့သာဆို ကျောင်းကို ခုတင် တောင်ယူ သွားလို့ရမှာ :P အဟေးဟေး
တူဇီးရိုး(2.0) လေး နှမြော မနေနဲ့ အစ်ကိုကြီး ။ ချသာဝတ် ။ ဆူငြိတော့ သက်သာမှာပဲ ။

ရုရှားပြန် လည်း စစ်ပညာ မမေ့သေးပါဘူးဆိုပြီး နောက်တစ်ပွဲ မနွဲချင်နဲ့ဦး ... သတိထား အစ်ကိုကြီး
ကျွန်တော်တို့ ပြန်လာတော့မှ အဆင်ပြေရင် ရိပ်သာမှာ ဗော့ဒကာ လေးနဲ့ဝိုင်းဖွဲ့ ကြတာပေါ့ဗျာ ။ လောလော ဆယ် တော့ အစ်ကိုကြီး ရှေ့တန်းမှာ အန္တရယ်ကင်းပြီး နောက်တန်းမှာလည်း သက်မွန်မြင့်လို့ ဆရာမလေးနဲ့ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်တယ်ဗျာ ။ လေးစားလျက်

မီးငယ် said...

အစ်ကိုရေ..စာလာဖတ်သွားတယ်...
စာမရေးတာကြာတော့ စာတွေက သိပ်ပီးအသက်မ၀င်တော့ သလိုပဲ..
ဘလော့ကိုလည်း ကိုဥာဏ်တစ်ယောက်တည်းနဲ့ ပစ်မထားနဲ့ဦး...
ဘာတွေလုပ်နေလဲဆိုတာ...သိနေတယ်... :D

မီးမီးငယ် ရဲ့  ထည်ဝါချို said...

ဟိုးမှာ ပစ်ပစ်

ဘာလဲတော့မသိဘူး
း)

mayookhin said...

TWS

သတိရနေပါတယ်..အားလုံးအဆင်ပြေ
ပါစေ..ဘလော့လေးကိုအမြဲအားပေးနေ
ပါတယ်..စာတွေအမြဲမပြတ်ရေးနိုင်ပါစေ..

Anonymous said...

i uesd to do like that 20 years ago.Now,thats enought.whatever i do,i will do just for my life.i m not crazy.

မသက်ဇင် said...

ရသ ကောင်းလေးတပုဒ်ပါပဲ-
အစစအရာရာ အဆင်ပြေပါစေ--

Army Soul said...

အတွေ့အကြုံတွေအများကြီးထဲက တစ်ခုကို တင်ပြသွားတာဆိုတော့လည်း နောက်ထပ်လည်း ရှိသေးမယ်လို့ မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်မျှော်နေကြောင်း သတင်းပို့ပါသည်။

mgnge said...

ရောက်ရှိကြောင်းပါဗျာ..။
အကို ကြီး စာကိုဖတ်ရင်းနဲ့  ရုရှ မလာခင် ကရင်ပြည် နယ်
ကတိုင်တိ ဗျု ဟာကုန်းမှာ ထိုင်တုန်း ဆရာကြီး တွေ ချက် ကြွေးတဲ့  သဘောင်္သီးဟင်းလေးတောင် သတိရလိုက် သေး
ဗျာ..။ အဲ့တုန်း ကတော့ အိုးဘ၇န်ဒီ လေးနဲ့ ဆိုတော့ ငြိမ့်
နေတာပဲ...။
လွမ်းပါ့ဗျာ..။

ကြိုးမဲ့စွန် said...

ဘလော့ပိုင်ရှင်ကိုဥာဏ်နဲ့နေလွမ်းသူရေ..တစ်ခုလောက်တော့ခွင့်ပြုဗျာ...ကျွန်တော်ကြိုးမဲ့စွန်ဆိုတဲ့နာမည်လေးကခံစားမှုလေးနဲ့တိုက်ဆိုင်နေလို့

Anonymous said...

တစ်ကယ်မခံစားနိုင်တော့လို့ရေးလိုက်တာပါ။
စစ်သားဆိုတာအထက်ကပေးတဲ့အမိန့်ကိုနာခံရမှာဘဲ၊
စေရာသွားရမှာဘဲဆိုတာ၊နားလည်ထားပေမယ့်၊
တစ်ချို့ဟာတွေကျတော့လူကြီးတွေကိုဘယ်လို
နားလည်ရမှန်းမသိတော့ဘူးဗျ။
ရှရှားမှာပညာတွေအများကြီးသင်လာပြီးတော့မှ၊တတ်
ကျွမ်းလာတဲ့ပညာရပ်တွေကို၊တိုင်းပြည်အတွက်အကျိုး
ရှိအောင်အသုံးချခွင့်ရမယ့်၊နေရာတစ်ခုမှာ၊ဘာကြောင့်
များအလုပ်လုပ်ခွင့်မရှိရတာလဲဗျာ။
ရှေ့တန်းထွက်ပြီး၊ငပွေးတွေနဲ့ပစ်တာခတ်တာလောက်
လုပ်ဖို့ကတော့၊ဒီလိုအဆင့်မြင့်တဲ့ပညာတွေထပ်ပြီး
သင်စရာမလိုပါဘူး။ကျောင်းတော်ကြီးက၊သင်ကြား
ပို့ချချက်တွေက၊လိုအပ်တာထက်တောင်ပိုနေသေး
တယ်။

အဆင့်မြင့်ပညာတွေကိုတတ်မြောက်ဖို့အတွက်တပ်မ
တော်သားတစ်ယောက်ရဲ့ပေးဆပ်ခဲ့ရတဲ့အချိန်တွေ၊
နိုင်ငံတော်က၊အကုန်အကျခံထားရတဲ့နိုင်ငံခြားငွေ
တွေအတွက်၊နှမြောစရာကြီးဖြစ်မနေဘူးလား။

ငပွေးတစ်ထောင်နဲ့ရှရှားပြန်စစ်ဗိုလ်တစ်ယောက်
ကျွန်တော်ကတော့၊အလဲအလှယ်မလုပ်နိုင်ဘူးဗျာ။
ကိုနေရေ၊အစစအရာရာသတိထားပါ။ကျွန်တော့်
နာမည်ရင်းမထည့်ပေးနိုင်တာတော့၊နားလည်
ပေးလိမ့်မယ်လို့ထင်ပါတယ်။