ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Saturday, April 26, 2008

စားခဲ့ဖူးသော ဟင်းတစ်မျိုး

စာရေးဆရာဖိုးကျော့ရဲ့စာအုပ်တွေကို တော်တော်များများဖတ်ဖူးခဲ့ပါတယ်။ မှတ်မှတ်ရရ ရှိနေဆဲစာအုပ်လေးက အင်တွဲပွဲ့လျက်အရှာထွက် ဆိုတာလေးပါ။ အဲဒီထဲကတောတောင် သဘာဝ တောကောင်အလေ့အထများကို သိရပြီးအရမ်းသဘောကျခဲ့ပါတယ်။ အခုအဲဒီ စာအုပ်လေးကိုသွားသတိရမိတာက ကျွန်တော့်တပည့် ဖိုးရှမ်း(သူကရှမ်းမို့လို့ ဖိုးရှမ်း လို့ခေါ်တာပါ) ကြောင့်ပါ။

စစ်ကြောင်းမှူး မှူးတင်အောင်မိုး၊ တပ်ခွဲမှူးများ ညီငယ်တပ်စုမှူး တစ်ပျော်ကြီး ထမင်းစုစားနေကြချိန်မှာ ပန်းကန်ပြားတွေ ဟန်းကောအံတွေနဲ့ထည့်ပြီး ဝါဝါးဖွေးဖွေး လက်သန်း တစ်ဆစ်အရွယ်လုံးလုံးလေးများကို ကြော်ပြီးလာချပေးပါတယ်။ ဘာလဲဟ ဖိုးရှမ်း၊ CQ ကြီးဒါဘာကောင်တွေလဲ ဆိုပြီးဝိုင်းမေးကြတာပေါ့။ မြေအောင်းပဒူ (ပြားတူ)ပါ စားလို့အရမ်းကောင်းတယ် ဆိုတော့ မေဂျာကအရင်းမြည်း ကြည့်ပါတယ် အင်း သူကခေါင်းတငြိမ့်ငြိမ့်လုပ်တာနဲ့စစားကြတာပေါ့။ ဟာ အများကြီးပဲ CQ ကြီးရ ကျန်တဲ့အဖွဲ့ တွေရော ဆိုတော့ ဟုတ်တယ် အများကြီးရတာ ဗိုလ်ကြီးရ စကောအကြီး/ဘန်းတစ်ချက်စာ လောက်ကြီးကိုရတာ အုံကအကြီးကြီးရယ် အဖွဲ့တွေကို ညကတည်းက တပ်စိတ်လိုက်ခွဲပေး လိုက်ပါတယ် ..တဲ့။

ဖိုးရှမ်းကထပ်ပြောပြ လာပါတယ် ရှမ်းပြည်မှာဆိုဈေးကြီးနဲ့ ဝယ်စားရတယ်၊ ဈေးတွေမှာ တစ်ခါတစ်ခါရတတ်တယ် အားလည်းအရမ်း ရှိတယ်..တဲ့။ စားပြီးကြတာနဲ့ ဖိုးရှမ်းကို ဘယ်လို လုပ်တာလဲ ဝိုင်းမေးတာနဲ့ သူက သေချာရှင်းပြရှာပါတယ် သို့ ကလို သူပြောတာက ဝဲနေတော့ လိုရင်းမရောက်တာနဲ့ သူနဲ့ အကူလိုက်ပေးတဲ့ ဒုတပ်ကြပ်မောင်စိုး ကိုထပ်ခေါ် သူရှင်းပြပါ တော့တယ်။ နေ့ခင်းကတည်းက အကောင်တွေပျံဝဲဝင်ထွက်နေတဲ့ ပင်မအပေါက်ကို သေချာကြည့်ပြီး ဂယ်ပေါက်ကိုပါထပ်ရှာထားရပါတယ်၊ ညနေစောင်းအလင်းပျောက်တာနဲ့ အသင့်လုပ်ထားတဲ့ မြက်ခြောက်ထုံး တုတ်ရှည် သက်ကယ်ခြောက်ကိုထုံးတဲ့ တုတ်တွေနဲ့ လူက ငယ်ငယ်တုန်းက ပုဆိုးစီးပြီး နင်ဂျာလုပ်သလိုပုံစံနဲ့ (အလင်းရောက်ပျေက်မှ သွားရ တာက အကောင်တွေလူကိုမမြင်ရအောင်လို့ပါ) ဂယ်ပေါက်နေရာကို သစ်ရွက် မြက်ခြောက် မြေသားအစိုတွေနဲ့ ထိုးပြီးလုံအောင်အရင်ပိတ်ပါတယ်(မဟုတ်ရင် အဲဒီကနေထွက်လာပြီးတွယ် ကြမှာလေ) ပြီးတာနဲ့ယူလာတဲ့ တုတ်ကိုမီးရှို့ မီးခိုးအူအောင်လုပ်ပြီးတွင်းဝမှာ တေ့လို့ အထဲကို မီးခိုးတွေဝင်နိုင် သမျှဝင်အောင်မှုတ်သွင်းကြပါတော့တယ်။


တပည့်လုပ်သူရဲ့ အအော်အငေါက် အဆူခံရတာ ဒီတစ်ခါပထမဆုံး လို့ ဆရာမောင်စိုးက ဖြည့်ပြောပါတယ်၊ အကြောင်းက သူက နောက်လိုက်ဖြစ်တဲ့အတွက် ဖိုးရှမ်းအော်တာခံရ တာပေါ့လေ။ အဲဒါတော့ဟုတ်ပါလိမ့်မယ် နောက်တန်းမှာ ဘောလုံးကန်တုန်းက မကန်တတ်လို့ ဂိုးပဲဖမ်းရှာတဲ့ 2IC (ဒုရင်းမှူး)ကို ကျွန်တော်အော်ခဲ့တာလေ၊အဟီး တွယ်လို့ရတုန်းရောတွယ်တာ။(ကြော်ငြာကဖြတ်ဝင်တယ်) ဖိုးကျော့ရဲ့စာအုပ်ထဲကလိုပါပဲ သူတို့လည်း မီးခိုးမှိုင်းတွေ တွင်းထဲကိုရောက်နိုင်သမျှပို့တာပါ။ တွင်းဝမှာလည်း မီးတောက် မီးပူပေးထားရပါတယ်။မီးခိုးတွေမှိုင်းထနေအောင်သွင်းနေချိန် ဖိုးရှမ်းက အဝဘေး တစ်နေရာကို သူ့ နားကိုကပ်ပြီးခနခနနားထောင်ပါတယ်။တွင်းထဲမှာ တစီစီတဝီဝီ အော်မြည်သံတွေနဲ့ မြေအောင်းပဒူတို့ ကမ္ဘာပျက်နေကြတာပါ။ အဲဒီအသံတွေလုံးဝငြိမ်သွား တဲ့အထိ မီးခိုးမှိုင်းကုန်အောင်ထည့်ရပါတယ်။ အားလုံး လုံးဝ ငြိမ်သွား စိတ်ချရလောက်ပြီ ထင်မှ ပေါက်ပြားနဲ့မြေသားတွေကို ရှပ်ပြီးဖဲ့ထုတ်ရပါတယ်။ တွင်းပုံသဏ္ဍန် လှိုင်ခေါင်း လိုဖြစ်အောင် ဖိုးရှမ်းက အတွေ့အကြုံရှိသူပီပီ သပ်သပ်ရပ်ရပ်လုပ်ပါတယ်။ မြေသားပြိုသွားမှ အထဲ မှာ မှိုပွင့်ပုံစံ (ပြားအုံ၊ ပနီအုံ)လိုမျိုး ဘန်းအကြီး တစ်ချပ်စာပမာဏ အုံကြီးကို တွေ့ရ ပါတော့တယ်။ မီးခိုးကြောင့် ကောင်ကြီးတွေ(ပြားအကြီးစား၊ တုတ်ပနီအကြီးစား) တောင်ပံေ တွဆန့်ပြီးအတုံးအရုံး မူးလဲနေကြပါတယ်။


ဟာ ဆရာ ဘာကြည့်နေတာလဲ အစ်ဒီကောင်တွေကို တုတ်နဲ့ ဒီလိုဖယ်ချ အောက်က အုံကြီးကိုယူမှာ လို့ပြောမှ မောင်စိုးသဘောပေါက်ပါတော့တယ်။ ငယ်ငယ်တုန်းကပျားအုံဖွတ် ပြီး ပြားသလပ်ကိုယူတာမျိုးလုပ် တာပါလား ဆိုတာ။ မြန်မြန်ယူပြီး အမြန်ဆုံး စခန်းထဲပြန် လာခဲ့ကြရတာပါ။ မဟုတ်ရင် အကောင်တွေအမူးပြေပြီး ထဆော် လို့ကတော့ မချောင်ပါဘူး အဖျားဝင်နိုင်ပါတယ်၊ ဖိုးကျော့စာအုပ်ထဲမှာ ခြေလေးချောင်းသတ္တဝါတွေရဲ့ အရိုးတွေ နွား ကျွဲ ပေါက်စလား ခွေးလား(မမှတ်မိတော့ပါဘူး) လည်ပတ်ကြိုးကွင်း၊ ခြူ ခလောက်ပါ တွေ့ရတာကို ရေး ထားတာသတိရလို့ ကျွန်တော်ကမေးကြည့်ပါတယ် အခု ပဒူတွင်းထဲက ဘာတွေတွေ့သေးလည်းဆိုတော့ ဂျီ လိုလို ဆိတ်လိုလို အကောင်ရဲ့ ဦးခေါင်းရိုးခွံ နဲ့ တစ်ခြားအရိုးတွေရှိတယ် လို့ပြောပါတယ်။ တွင်းကို ပြန်ဖုံးပေး ခဲ့လားဆိုတော့ ဖိုးရှမ်းက မလိုဘူးဆိုလို့ ဒီအတိုင်းထားခဲ့တာတဲ့။ ဘာပဲပြောပြော အဲဒီနေ့က စားခဲ့ရတဲ့ဟာလေး တွေကတော့ နို့ခဲလိုလို အသားခဲလိုလို နဲ့ အရမ်းကြီး ဆိမ့်လွန်းနေတာတွေ့ရပါတယ်။ စားပြီးသွားမှ သုပ်ပြာပြာနဲ့ (ဆေးလက်ထောက်အရာခံဗိုလ်) MA ကြီးရောက်လာပြီး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတို့ သွေးတိုးရှိတဲ့သူ တစ်ကောင် နှစ်ကောင်လောက်ပဲ စားကြပါ ဒီကောင်က သွေးအားအရမ်းတိုးလိမ့်မယ် တဲ့ ခွဲ-၁ မှူး ကိုနိုင်ဝင်းကြီး ကတော့ ဟာဒါဆိုကျွန်တော် စားတာတော်တော်များတယ် အမ်အေကြီး ဆေးလေးဘာလေးလုပ်ဦးဗျို့ ဂန့်မလားမသိဘူး ဆိုပြီးလုပ်ပါတော့တယ်။


ဖိုးရှမ်းက အေးဆေးပါဗိုလ်ကြီးရ ဆိုပြီး သူလွယ်ထားတဲ့ ဘေးလွယ်အိပ်လေးထဲကနေ အနီရောင်သန်းနေတဲ့ အခေါက်လေးတွေထပ်ပေးပါတယ် အဲဒါရေနွေးထဲကို ထည့်သောက်ပြီး အိပ် ဘာမှမဖြစ် စေရဘူး တပည့်တာဝန်ယူတယ် ဆိုပဲ။ ဆီးဖြူပင်ကအခေါက်နဲ့ဆင်ပါတယ် သေချာကြည့်တော့မှ တောသင်္ဘော သဖန်းရိုင်းပင်ကအခေါက်တွေပါ။ အမ်အေကြီးကတော့ အဲဒါကောင်းလိမ့်မယ် ဖိုးရှမ်းဆီက ဗဟုသုတအသစ် ရတာပေါ့ ဗိုလ်ကြီးရာ.တဲ့ ရှေ့တန်းအပြီး နောက်တန်းတပ်ကနေ အိမ်ခနပြန်တော့ အဖေနဲ့အမေကို အဲဒီအကြောင်းပြောပြတော့ အမေက အဲဒါငရဲအရမ်းကြီးတယ် သားရဲ့ တဲ့ ကျွန်တော်ကလည်း ဟာ အမေကလည်း အမေပြောသလိုတပ်မက်မှုတွေ တဏှာတွေနဲ့ ဒါကိုစားချင်တယ် စားမှကိုဖြစ်မယ်လို့ စားတာ ဟုတ်ဘူးလေ တပည့်ကစေတနာနဲ့ မစားဖူးလောက် ကြတာလည်းသိလို့ သူလာကျွေးတာလေ၊ စိတ်ချပါအမေရဲ့ အမေပြောတဲ့အတိုင်း မြင်သား ကြားသား တွေကို သား လုံးဝမစားခဲ့ပါဘူး လို့ပြောပြမိပါတယ်(အဟီး စားစရာလည်းမရှိလို့လေ) ရှေ့တန်းမြေမှာတော့ စားခဲ့သမျှ စားရသော အစားအစာမှန်သမျှကို စွဲလန်းမှု တပ်မက်မှု တဏှာပါဖို့ မဆိုထားပါနဲ့ အမေရယ် တစ်တစ်ခါများ စားနာရီထိုးလို့ တာဝန်နဲ့ဝတ္တရားတစ်ခုပြီးသွားအောင် စားသာစားလိုက်ရတယ် ဘာမှန်းမသိလိုက်ပါဘူး။ စိတ် ကလည်း အစားထဲမှာကိုရှိမနေလို့ပါ......လို့ အခုအမေ ချက်ကျွေးသမျှကိုတော့ စိတ်ရောကိုယ်ပါနှစ်ပြီးတော့ကို စားဦးမှာပါ မပူပါနဲ့ အမေရယ် သားသမီးတွေကို အမေမိဘချက်ကျွေးတဲ့ ထမင်းဟင်းလေးကို တမ်းတခဲ့တာ နှစ်နဲ့ချီပြီး ကြာခဲ့တာ အမေရ...လို့
နေလွမ်းသူ

0 comments: