လွန်စွာငြီးငွေ့ဖွယ် ကောင်းလှသော ကျောင်းပိတ်ရက် တစ်ရက်တွင် ပုံမှန်လုပ်နေကျ မော်စကိုမြို့တစ်ပတ် ခြေရှည်လျှက် အပေါင်းအသင်း မိတ်ဆွေဘော်ဘော်တို့၏ အဆောင်ပေါ်သို့ ခေါ်ခေါ်၊ မခေါ်ခေါ် အတင်း တက်ရောက်ကာ ဗော့ဒ်ကာ တိုက်ခိုင်းခြင်းတည်း ဟူသော အလုပ်ကို မလုပ်ဖြစ်ဘဲ ကွန်ပြူတာရှေ့တွင် ငုတ်တုပ် ထိုင်လျှက် လူတစ်ပိုင်း ကွန်ပြူတာတစ်ပိုင်း ဘ၀ဖြင့် ဂူအောင်းကျင့်စဉ် ကျင့်နေစဉ် ဂျီတော့ပေါ်မှ ညီမငယ်တစ်ဦးက ရုတ်တရက် “ ကိုအောင်မှူးဆိုတာ တကယ်ရှိတာလား ” ဟု ထမေးလေတော့သည်။ မိတ်ဆွေကြီး အောင်မှူးကား မသေသေး။ သင်္ချိုင်းကို ခြေတစ်ဖက် နင်းမိရုံသာ ရှိသေးသည့် အရှင်လတ်လတ် ငုတ်တုပ်ကြီး ဖြစ်လေရကား ကျွန်တော့်မှာ ထိုညီမငယ်ကို မည်သို့ ပြန်ဖြေရမှန်း မသိတော့ချေ။ အဆိုပါ ညီမငယ်နှင့် စကားပြောနေရင်းမှ မိတ်ဆွေကြီး အောင်မှူးကို သတိရလိုက်မိသဖြင့် ဂျီတော့ပေါ်တွင် ရှာဖွေလျှက် လှမ်းခေါ်လိုက်မိရာ အောင်မှူးကား နာမည်နှင့်လိုက်ဖက်လှစွာ မူးနေလေပြီ။ သူကား မူးမူးနှင့် ရစ်နေလေ၏။ နောက်စနေတွင် ကျွန်တော့်ထံ လာရ်ျ နှိပ်စက်ဦးမည် ဆို၏။ လွန်ခဲ့သော နှစ်ပတ်ခန့်က နည်းပညာပြပွဲ တစ်ခုသို့ သွားရင်း လမ်းမကြုံ၊ ကြုံအောင် လုပ်ကာ သူ့အခန်းသို့ တက်ရောက်လျှက် ဘီယာ သောက်ခဲ့ခြင်းကို မကျေနပ်ရ်ျ လက်စားချေတော့မည့် ပုံတည်း။ လာမည့်စနေတွင် ထွက်စရာ လမ်းကြောင်းတစ်ခု အမြန်ရှာလျှက် ရှောင်တိမ်း ရဦးပေတော့မည်။
မိတ်ဆွေကြီး အောင်မှူးကား ဒိုင်ကြောင်များ လွန်စွာထွက်သော ဦးခေါင်းတစ်လုံးကို ပိုင်ဆိုင်လေသည်။ ကဗျာလိုလို စာလိုလို၊ တောမရောက် တောင်မရောက်များ လွန်စွာရေးနိုင်သူတည်း။ အလယ်တန်း ကျောင်းသား ဘ၀က ရည်းစားစာ တစ်စောင်လျှင် လက်ဖက်ရည် တစ်ခွက်နှုန်းဖြင့် အငှားရေးပေးခဲ့ဖူးသည် ဟူသော သတင်း စကားမှာ လက်ခံနိုင်ဖွယ် ရှိသည်ဟု ထင်မိလေသည်။ သူ့အခန်းသို့ ခဏရောက်ခိုက် သူရေးထားသော ကဗျာမပီ၊ စာမမည်များကို တွေ့ရသဖြင့် ကူးယူလာခဲ့လေရာ စာဖတ်သူ မိတ်ဆွေများထံ ဝေငှလိုက်ရလေသည်။ မိတ်ဆွေကြီး အောင်မှူးကား သူ့စာများကို “ နှလုံးသွေးဖြင့် ရေးထားသော စာများ ” ဟု ဆို၏။ ကျွန်တော်ကတော့ “ ပုလင်းနှစ်လုံးဖြင့် ရေးထားသော စာများ ” ဟုသာ အမွှန်းတင်လို၏။ ခံစားကြည့်ကြပါကုန်။ ကဗျာချစ်သူများ အနေဖြင့် နားလည်ခံစားရ်ျ ရသည်ဆိုပါက ကူးယူတင်ပြသော ကျွန်တော့်ကိုသာ ချီးကျူးကြပြီး အပြစ်ဆိုစရာများ ရှိပါက ရေးစပ်သူ အောင်မှူးကိုသာ အပြစ်ပြောကြပါကုန် .. ။
“ နှောင်းတေး …. ”
ဆီမီးလည်း ငြိမ်းလေပြီ
ပွဲတော်လည်း သိမ်းလေပြီတဲ့
အလင်းမဲ့ ညတို့ဝိုးဝါး
ငါ့ရင်ခွင်ကြားက
ကဗ္ဗည်းတင်ထားတဲ့ သစ္စာ
ကြယ်ကြွေညတိုင်းအတွက်
ဆုတောင်း အလင်္ကာပါ...။
စံပယ်တွေပဲ ပြုစားတာလား
မြူနှင်းတို့ပဲ နာဖျားတာလား
ဘာပဲဖြစ်ဖြစ်
လူသိမခံဝံ့တဲ့၊ ကျွန်တော့်ရဲ့
အုံ့ပုန်းအချစ် ဆိုတာ
ဆယ်စုနှစ် တခုစာ မပွင့်ပဲဖူးခဲ့တဲ့ ပန်းလေးပါ....။
အလင်းတို့ လဲ့ပြာတွန့်လိပ်
စက္ကူပင်ရိပ်အောက်က ညများ
ကျိန်စာ တစ်ထောင်သင့်သူရဲ့ နှုတ်ဖျားက
ချစ်တယ်ဆိုတာ...
ကမ္ဘာတစ်သန်းကြာမှ ပြန်ကြားရမယ့် အသံပဲဖြစ်တယ်။
ဝုန်းကနဲ ရုန်းကြွလာတဲ့
မီးငရဲ ရဲရဲတွေကို
ရင်ဘတ်ထဲ သိမ်းဆွဲ
ကျကွဲသွားတဲ့ နှလုံးသားရဲ့ ဈာပန
(ငါတစ်ယောက်တည်း)
တိတ်တိတ်လေးချမယ်... ။ (အောင်မှူး)
“ အလင်းနှစ် .. ”
ချွေးစစိုလူး
ကြောက်လန့်ဖွယ်အိပ်မက်ဦးတို့နဲ့
တိခနဲဖြတ်တဲ့ သံယောဇဉ်ဆိုတာ
ဥတ္တရနဲ့ ဒက္ခိဏလို ယာဉ်စွန်းတန်းမှမဟုတ်၊
တမြေထဲမှာလည်း
ကမ္ဘာခြားတာ မင်းနဲ့ငါ …. ။ (အောင်မှူး)
“ ဆေး ”
အသံထွက်ညံ့ကံကြမ္မာ
သစ်လွင်လာတဲ့ ဒါဏ်ရာတွေ
တနေ့ထက်တနေ့ ၊
မီးခိုးငွေ့နဲ့ ဘဝကို ပွတ်သပ်
လမ်းရွေးမှားတဲ့ မနက်၊
ကမ္ဘာကြီးအတွက် မောနင်းပက်ပေါ့ … ။ (အောင်မှူး)
“ မော်စကိုဆောင်း ”
လေကြမ်းရင့်ရင့်
ဝဲလွင့်သောနှင်းပွင့်များနှင့်
ရွက်ကြွေသစ်ကိုင်းတို့ ငြီးတွား
အသားတွေ ထုံရီသွေ့ခြောက်ရင်း
တွင်းအောင်း ဝက်ဝံတို့အိပ်စက်
ရေခဲမြစ်ရဲ့အိပ်မက်တွေ စီးဆင်းနေသတဲ့ …. ။ (အောင်မှူး)
Friday, November 7, 2008
ကိုအောင်မှူးကြီး၏ ထုတ်ကုန်များ
Posted by ကိုဥာဏ်(စက်မှု) at 2:40 PM
Subscribe to:
Post Comments (Atom)
4 comments:
အလဲ့၊ ကဗျာလေးတွေက ကောင်းသားပဲ။ မိုက်တယ်။ ကိုအောင်မှူးကြီးက။ “ မော်စကိုဆောင်း ”ကို ကြိုက်တယ်။ :P :P
စကားမစပ်၊ ကိုဉာဏ်( စက်မှု )အစား ကိုဉာဏ်(ဗော့ဒ်ကာ) လို့ ပြောင်းလိုက်ပါလား။ ပို့စ်တိုင်း ဗော့ဒ်ကာ ပါလို့။ :P :P
ကောင်းတယ်၊ ကဗျာတွေက
ကဗျာကောင်းလေးတွေကို ခံစားသွားပါတယ်။
ကိုအောင်မှုးရေ..
နှောင်းတေးကဗျာနဲ့ အလင်းနှစ်
ကဗျာလေးကိုကြိုက်နှစ်သက်တယ်..
ကိုဥာဏ်ရေ.. နောင်လည်းကိုအောင်
မှုးကြီးအကြောင်းရေးပါဦး..
လူချင်းမသိပေမယ့် စိတ်ဝင်စားစရာကောင်း
မယ်ထင်ပါရဲ့... စိတ်အပန်းပြေဟာသလေး
တွေရေးပေးပါဦး..
Post a Comment