ဘယ်လူးညာလှိမ့်နဲ့ ညဥ့်နက်က တော်တော်ကို ရှည်လျားနေသလိုပဲ။ ဟိုးအဝေးဆီက ဂျီဟောက်သံတွေကြားနေရတယ်။ ကင်းတဲတွေက ကင်းသမားတွေရဲ့ အချိန်ခြား တုံးခေါက်သံတွေ ၃/၄ ကြိမ်လောက်ကြားရတဲ့အထိ အိပ်မပျော်သေးဘူး။ ည အချိန်မရှိတဲ့အထိ ဝဘ်ဆိုဒ် တွေအကြားမှာ ကမ္ဘာပတ် အသစ်အဆန်းတွေ စမ်းသပ်ရင်း သီချင်းတွေနားထောင်ပြီးး မိုးလင်းခဲ့ရတဲ့ ရုရှရဲ့ညတွေကို ပြန်သတိရမိသား။ ဗိုလ်ကြီး နိုးပြီလား ဆိုတဲ့အသံကြားမှ မိုးစင်စင်လင်းမှန်းသိရတော့တယ်။ အိုး ည အိပ်မပျော်တာနဲ့ အရင်လိုတောင် စောစောမနိုးမိဘူး။ တောတောင်အရိပ် တောင်ခိုးတောင်ငွေ့တွေ သစ်ခက်ပန်းနွယ်အနံ့တွေက နှင်းတွေနဲ့အပြိုင် ပျံ့လွင့်နေကြတယ်။ အေးမြ လပ်ဆက်တဲ့ မနက်ခင်းလေက မျက်နှာကိုထိခက်လို့။ တပည့်ကျော်က ရေအေးနဲ့နွေးစပ်ထားတဲ့ ဝါးကျည်တောက် တစ်ဗူးလာပေးတယ်။ အဲလိုမှ မစပ်ရင် မျက်နှာသစ်ဖို့က တော်တော်ခက် လှပါဘိ။ ကိုယ်လက်သန့်စင် ဘုရားဝတ်ပြု မေတ္တာပို့ အမျှတွေဝေအပြီး နဲ့ တပည့်ကျော်က ထမင်းကြမ်းကြော်(အိုးပူတိုက်)နဲ့ ArmyTea ညိုဖျော့ဖျော့ပူပူလေး လာအပေး ကွတ်တိပဲ။ ရှေ့တန်းရောက်ခါစက ဒီလ္ဘက်ရည်ကို တော့်တော့်ကို ကြိုးစားပြီး ကိုယ်နဲ့ fit ဖြစ်အောင် ကြိုးစားခဲ့ရတာ။ အခုတော့ မနက်လင်းပြီဆိုတာနဲ့ ထမင်းကြော်တွေ၊ ဆန်ပြုတ်တွေ မလာချင်နေ ArmyTea ပူပူလေးမှ မဆွဲလိုက်ရရင် ဘယ်လိုမှ လူက နေလို့မရသလိုပဲ။ ဟုတ်တယ်လေ ဒါကလည်း ရှေ့တန်းမြေ စစ်သားတို့ရဲ့ အလေ့အထတစ်ခုလို ဖြစ်နေပြီ။
ဗိုလ်ကြီး တပ်ခွဲကလူတွေ အသင့်ဖြစ်ပါပြီ ဆိုတဲ့အသံနဲ့အတူ ဆရာကြီး သတင်းလာပို့တာနဲ့ ကိုယ်တိုင် equipments ကိုသေချာပတ် လက်စွဲတော် သေနက်လေး ပြန်စစ် ကျော်ပိုးအိပ်ယူပြီး တဲအပြင်ထွက်လာခဲ့တော့တယ်။ တပ်ခွဲကို မှာစရာရှိတာမှာလိုက်တယ်။ (သစ္စာမော်ကွန်း ဇာတ်ကားထဲကသူထူးစံ တဖြစ်လဲ ဗိုလ်ကြီးနေဦး စတိုင်နဲ့ပေါ့….. ဟဲဟဲ) ခနနေတော့ ၄၉ ကဆင်းတဲ့ညီလေး အိုင်အို (Intelligence officer) က အစ်ကိုကြီး ကြိုက်တဲ့အချိန်ထွက်ပါ အားလုံးသတိဝီရိယသွားလာဖို့ လမ်းမှာ စက် အဆက်အသွယ်မပြက် ယူသွားပါလို့ မှာထားပါတယ်…တဲ့ သြော ဒါဆို အဘက ညကတည်းက အမိန့်အပြက်ပေးထားလိုက်တဲ့သဘောပဲ။ အိုကေ ဒါမျိုးက ပိုကောင်းတယ်။ တပ်ခွဲက သွားနေလာနေကြ ဆရာကြီးတွေခနစုပြီး ဘယ်လိုလုပ်ချင်ကြလဲ သူတို့တစ်တွေရဲ့ သဘောထားကို အရင် တင်ပြခိုင်းလိုက်တယ်။ အိုကေ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ လမ်းကြောင်းအစီအစဉ်ကို ရွေးလိုက်တယ်။ ကဲ ဘယ်တပ်စု ပွိုင့် ဆိုပြီး ရှေ့ပြေးတပ်စု တာဝန်ထုတ်လိုက်ပြီး အခုပဲထွက်……. ညီလေး အခု လေးလုံး (xx:00 နာရီ) ထွက်တယ် ပို့လိုက်တော့ ကိုတို့တော့ ဒိုးပြီကွာ..ဆိုတော့အစစအဆင်ပြေချောမွေ့ပါစေအစ်ကိုကြီး ဆိုပြီး လက်တင် အလေးပြုလို့ ကျန်ခဲ့တယ်…senior/junior များအကြား နှုတ်ဆက်နေကြ အလေ့အထလေးတွေထဲကတစ်ခုပဲ။
ချောင်းအကွေ့နဲ့ တောင်ကုန်းစောင်းတစ်ခု အခြေရောက်တော့ ရှေ့ပြေး ပွိုင့်က ဆက်မသွားပဲ တန့်နေတယ်။ ခနနေတော့ ပွိုင့် တပ်စိတ်မှူးဖြစ်တဲ့ ဒုတပ်ကြပ်ကျော်ဦး နောက်ကိုဆင်းလာပြီး သတင်းပို့တယ် အတက်ကွေ့လေးကနေ ခွေးတစ်ကောင် လှစ်ကနဲ ဆင်းပြေးသွားတဲ့အကြောင်း နောက်ကအဖွဲ့တွေကို သတိထားကြဖို့ သိပ် မသင်္ကာတဲ့ အကြောင်း…. အိုကေ မင်း အဖွဲ့ကိုပြော မြင်ပြီ တွေ့ပြီ ဆိုတာနဲ့ လက်မနှေးစေနဲ့ ပစ်လို့ တစ်ခါတည်း အမိန့်အပြတ်ပေးထားလိုက်တယ်။ အဲလို တစ်ခါတည်း အမိန့်မပေးလို့ကလည်း မဖြစ်ပါဘူး။ ဒါမှဖြစ်တာနဲ့ ကိုယ်ဘက်က မခံရဘဲ လက်ဦးမှု ရနိုင်မှာကိုး။ ဒီလိုရှေ့တန်း တောတောင်ထဲမှာ လူကို (အထူးသဖြင့်) စစ်သားကို မြင်တာနဲ့ လှစ်ကနဲ ပြေးတတ်တာက ဒေသခံ ရန်သူငပွေးတို့ လက်သပ်မွေးထားတဲ့ ခွေးမှလွဲလို့ တစ်ခြားမရှိ ပါဘူး။ သခင်က လမ်းခုလပ် လမ်းကျဉ်းကွေ့ တောင်ကမ်းပါးယံ တစ်ခုခုမှာ ကျင်းတူး မြေရှင်း မိုင်းခင်း မိုင်းထောင်တာမျိုး ၊ အခြေအနေ လမ်းပေါ် တက်ကြည့်တဲ့အခါမျိုး အဲဒီ ခွေးတွေက သိပ်ကို ပါးနပ် လိမ္မာကြပါတယ်။ လူနံ့ခံတာမျိုး ကင်းစောင့် ကင်းထောက်တာမျိုးတွေ လုပ်တတ် ကြပါတယ်။ တပ်ခွဲကိုခန တန့်ခိုင်းပြီး ဆရာကြီးတွေခနစုလိုက်တယ်။ ကဲ ဆရာကြီးတွေ ကျွန်တော့်အထင် ဒီတောင်ကုန်းအတက်ကို သိပ်မသင်္ကာဘူး။ စခန်းက ဘယ်လောက်လိုသေးလဲ.. ဆိုတော့ နောက် ၁ နာရီလောက်ဆို သွားပေါင်းရမယ့် တောင်ထိပ်စခန်းကုန်းကို ရောက်မယ်ဗိုလ်ကြီး..တဲ့။ ကဲဒါဆို အခု တပ်ခွဲကို နှစ်ကြောင်းခွဲပြီး လမ်းကိုဘယ်ညာ ခွ ဖြန့်ပြီး တက်မယ်။ ဘယ်လိုသဘောရကြလဲ.. ဆိုတော့ တစ်ယောက်က လူအင်အားကို မျှပစ်လိုက်ရင် လုပ်နိုင်ကိုင်နိုင်တဲ့သူနဲ့ အတွေ့အကြုံနုတဲ့သူ၊ လက်နက်ပစ်အားတွေ မမျှ မတ ဖြစ်သွားမှာတော့ သတိထားဖို့လိုကြောင်း..ပြောလာတယ်။
နောက် ၄၅ မိနစ်လောက်ဆို သွားပေါင်း ရမယ့် စခန်းကုန်းကိုရောက်မယ် ဗိုလ်ကြီးတဲ့၊ ရှေ့ဆို အတက်တွေကြည့်ပဲ ကြောကလည်းမတ်ပြီး ရှည်တက်သွားတာ ဗိုလ်ကြီး အဖွဲ့တွေဖြည်းဖြည်းပဲ တက်နိုင်ကြလိမ့်မယ်..တဲ့ သွားနေလာနေကြဖြစ်တဲ့ ဆရာကြီးအုန်းမြင့်က ပြောလာတယ်။ အင်းပေါ့လေ အဖွဲ့တွေမှာ ကျောပိုးအိတ်ကိုယ်စီ သေနက်ကိုယ်စီနဲ့ အထဲမှာ တစ်ပါတ်စာ ရိက္ခာတွေ ပစ္စည်းတွေ ခဲယမ်းတွေကိုယ်စီနဲ့ဆိုတော့လည်း အိပဲ့အိပဲ့နဲ့ တစ်ချို့ဆို ကျောပိုးခြင်း(ပလိုင်း)တွေနဲ့။ ဟုတ်တော့လည်းဟုတ်သား သွားလိုက်လာလိုက်များလာတော့ ကျောပိုးအိတ်တွေက ကိုင်းပျက်တာကပျက် ချိတ်ကွင်းဆက်ပြုတ်တာကပြုတ်နဲ့ ဆိုတော့ နောက်ပိုင်း စစ်သည်အများစုက ဝါးနဲ့ရက်ထားတဲ့ ပလိုင်းရှည်မျောမျော ကိုယ်စီနဲ့ ကျောပိုးအိတ်က ကိုင်းကို အဲဒီ ခြင်း၊ပလိုင်းမှာ ပြောင်းတပ်လိုက်ရုံပဲ အထဲမှာ ကျောပိုးအိတ်ထက်တောင် ပိုဝင်ဆန့်သေးတယ်။ တဖြေးဖြေးနဲ့ အတက်ကြီးက မော့မော့ပြီးတက်သွားလိုက်တာ အိုး လျှောက်ရင်းနဲ့ကို မောဟိုက်လာတယ်။ ရေကလည်း ဆာသေး၊ ဆာပေမယ့်လည်း ရေဗူးထဲကရေကို အားပါးတရ မသောက်ရဲသေးဘူး အတက်ရောက်မှ ရေကုန်သွားရင် ဒုက္ခ။ ထွက်လိုက်တဲ့ချွေးတွေကလည်း တစ်ကိုယ်လုံးနီးပါးရွှဲနစ်လို့ မျက်နှာမှာ တစ်ချက်တစ်ချက် ဆားပွေးတွေဖြစ်ကျန်ရလောက်တဲ့အထိပဲ။ အတက် တစ်ဝက်လောက်မှာ စစ်ကြောင်းက တစ်ခါထပ်တန့်နေတာနဲ့ မေးမယ်လို့ စိတ်ကူးတုန်း လက်ဆင့်ကမ်းပြောလာတယ်၊ ရှေ့စောင်းအတက်လေးက ငှက်ပျောရုံမှာ ငှက်ပျောဖူးတွေချိုးချင်လို့…ဆိုပဲ ခူးစရာရှိတာမြန်မြန်ခူး အောက်ခြေ မြေသားကိုလည်း သေချာစူးထိုးပြီးမှ နင်းဖို့ ထက်မှာလိုက်တယ်။ ငပွေးအကျင့်က ကောင်းတာမဟုတ်ဘူး၊ အခုလို သီးပင်၊စားပင်အခြေမှာ မိုင်းတွေခင်းထားတတ်တယ်။ ရေဆိပ်တို့ ဖားငါး ရှာတဲ့နေရာတို့ ဆိုလည်း ဒီလိုပဲ။ မခူးနေနဲ့ လို့ ပြောရအောင်လည်း ဒီတောဒီတောင်ထဲမှာ အခုလိုမျိုး ငှက်ပျောဖူး ငှက်ပျောပင်တို့ ကောက်ကောက်ညွန့် တို့ကိုပဲ အဓိက အသီးအရွက်ဟင်းအဖြစ် အားထားနေရတာမျိုးရယ်။ ငှက်ပျောဖူးဟင်းချိုလေးနဲ့ လည်းထမင်းကတော့ စားဝင်တာပဲ။ RU မှာတုန်းကတောင် ဒီလိုစားခွင့် ရခဲ့တာမဟုတ်ဘူး။ ဟုတ်တယ်နော်။
ကဲ ကျွန်တော်နဲ့ဆရာကြီး…..တပ်စု ဘယ်ကသွားမယ်။ ကျန် ဆရာကြီး….တို့တပ်စုနဲ့အကူပစ်က ညာကနေ ပမ်း… ပုံမှန်ပဲ တိုးကြ လမ်းဘက် အတွင်းကို သေနက်ဦးမလှည့်မိကြစေနဲ့….. ဟုတ်တယ်လေ အဲဒါမှ အချင်းချင်း အန္တရာယ်ကင်းမှာကိုး…… တိုးရင်းတိုးရင်းနဲ့ ချွေးက ပြိုက်ပြိုက်ကျလာတယ်။ လမ်းအတိုင်းသွားတာလောက်တော့ ဘယ်လွယ်မလဲလေ။ ကျောပေါ်က အလေးအပင်နဲ့ ကျည်ကပ် ခဲယမ်းတွေနဲ့… ဘေး/ဘယ်ညာ အပေါ်/အောက် ခြုံနွယ်တွေ ဆူးပင်တွေနဲ့ တကယ့်ကို မလွယ်ကူတဲ့ အဖြစ်ပါ။ မရှိမဲ့ ရှိမဲ့ ယူနီဖောင်း လေးလည်း ဆူးပင်ငြိလိုက် ခြုံတိုးလိုက်နဲ့ အစတွေဖွာလန်ကျဲနေပြီ။ အိုးးးးဟိုး ခြင် တွေကလည်း တွယ်သေး။ တောင်ဖြုတ်ကိုက်တာက အဆိုးဆုံး ဖြစ်မယ်ထင်တာပဲ။ ကိုက်ပြီးတဲ့နေရာ အရည်ကြည် လိုလို သွေးလိုလိုထွက် နောက်တော့ အနာဖြစ်ပြီးကျန်ခဲ့တယ်။ အပေါက်အပေါက်လေးတွေ များလာတော့ ပေါင်ရင်းမှာ မွေးသမခုပါလေရောလား… အဲဒီအခါမှ လမ်းလျှောက်ရ ပြသနာပဲ။ ညည တောအုပ်ထူထူတွေ သစ်ကြီးဝါးကြီးတောထဲ စခန်းချရင်ပိုဆိုးသေးတယ်။ ဝါးရွက်သစ်ရွက်အခြောက်တွေနဲ့ မီးခိုးအူအောင် လုပ်ပြီးမှ အိပ်နိုင်တာ။ အဲလိုမီးခိုးထွက်တော့ လုံခြုံရေးအနေနဲ့ကျ မကောင်းပြန်ဘူး။ ရန်သူကပ်လာမှ လာပေရော့ လာရင်တွယ်ကြရုံပေါ့။ လတ်တလော ဖြုတ်ကိုက်သက်သာဖို့က အရေးကြီးတယ်။ ရေစပ်စပ် ဗွက်နွံတွေနင်းရရင် ခြေသလုံးတစ်ဝက်လောက်က နစ်ဝင်သွားသလို ခြေထောက်ပြန်အနှုတ်မှာ ကျွတ်တွေကပ်ပါရင်ပါလာတတ်တယ်။ အဲဒါမျိုးဆို သွေးအလှူပြုလိုက်ရသလိုပဲ။
ဟာပစ်ပစ် ဟိုမှာ မင်းအဖေဟိုမှာ ပစ်ဟ ပစ် ဒိုင်းဒိုင်း ဖောင်းဖောင်း… စီကနဲ သေနက်သံတွေရော ကိုယ့်ဆီက အော်သံတွေ တောတိုး လှုပ်ရှားသွားသံတွေ ဆူညံထွက်လာတယ်။ တစ်ဖက်က ဘာသေနက်သံမှ ပြန်မကြားရဘူး လိုက်လိုက် အာပီဂျေ လွှတ်ကွာ…. ဆိုတာတွေကတစ်မျိုး။ ချက်ချင်းဆိုသလို စစ်ကြောင်းက ရှဲပြီး အသင့်အနေအထားတွေနဲ့ ထိုင်ပြီးသေနက်အသင့်နဲ့ သစ်ပင်ကွယ်ပြီး နေရာယူသူကယူပြီးသားတွေ ဖြစ်ကုန်တယ်။ ကိုယ်တိုင် ရှေ့ပွိုင့်တပ်စုကို တက်သွားတော့မှ ဝါးရုံအကွေ့လိုနေရာကနေ လူရိပ် ဖျက်ကနဲတွေ့လိုက်ရပြီး ပွိုင့်ကတစ်ယောက်နဲ့ တပ်စိတ်မှူးက ချက်ချင်း လှမ်းပစ်တာနဲ့ လှစ်ကနဲတိုးဝင်ပြီး လူ ၃ ယောက်လောက် ထွက်ပြေးသွားတာတွေ့လိုက်ရကြောင်း ၂ ယောက်က ကာဘိုင်သေနက်ကိုယ်စီကိုင်ထားပြီး ကျန်တစ်ယောက်က ပလိုင်းလိုလို ခြင်း တစ်လုံးကို လွယ်ထားကြောင်း ပစ်ကွင်းမြင်ကွင်း အရမ်းရှုပ်ထွေးနေတဲ့အတွက် သေနက်ကျည်က လိုရာကိုမရောက်ကြောင်း တပ်စု တပ်ကြပ်ကြီးဖြစ်တဲ့ ဆရာကြီးမြသွင်က ရှင်းပြလာပါတယ်။ ခနနေတော့ဆရာကြီးတွေပါ စုလာတော့ ဗိုလ်ကြီးအစီအစဉ် ရွေးချယ်တာ မှန်သွားတယ် လမ်းအတိုင်းသွားရင် သေချာပေါက် ဒီကောင်တွေ ချောင်းပစ်တာခံရနိုင်ကြောင်း… လို့ဆိုလာကြတယ်။ အစီအစဉ် မှန်သွားတာထက် ကိုယ်ကတော့ တစ်ယောက်တစ်လေနဲ့ သေနက်လေးဘာလေး မရလိုက်တာကို မကျေနပ်သလိုလို ဖြစ်ကျန်ခဲ့ပါတယ်။
ဟုတ်တယ်လေ အဲဒါမှလည်း ကျွန်တော်တို့ ရုရှ(RU) ပြန်တွေလည်း ရန်သူအလောင်းလက်နက်တော့ ရအောင်တိုက်နိုင် စွမ်းဆောင် နိုင်သေးသလို စစ်ပညာတွေလည်း မမေ့သေးပါဘူး ဆိုတာ လက်တွေ့ သက်သေပြနိုင်မှာကိုး…………. နောက်တစ်ပွဲပေါ့လေ….။ (နေလွမ်းသူ)
Friday, February 20, 2009
မေ့မရသော နေ့စွဲများ
Posted by နေလွမ်းသူ at 6:51 AM 10 comments
Thursday, February 19, 2009
ဆောင်းအကုန် နွေအကူးမှ သင်္ခါရစိတ်ရူးများ
မြန်မာပြည်တွင် ဖေဖော်ဝါရီ လလယ်ကျော်သည်နှင့် ဆောင်းဥတုက တအိအိကုန်ဆုံးကာ ပူပြင်း ခြောက်သွေ့ ပျင်းရိဖွယ် နွေဘက်သို့ ယိမ်းလာပြီဖြစ်သော်လည်း ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ဆလပ်တို့၏ မြေမှာတော့ ယခုအချိန်ထိတိုင် လမ်းတစ်လျှောက်တွင် ဖွေးဖွေးဖြူသော နှင်းခဲကြီးများဖြင့် ပိတ်ဖုံးနေဆဲပင် ဖြစ်လေသည်။ အပူချိန်ကတော့ အနှုတ် ၂၄ ဒီဂရီ စင်တီဂရိတ်မှ အနှုတ် ၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာသဖြင့် အတော်ပင် နေသာထိုင်သာ ရှိသေးသည်ဟု ဆိုနိုင်လေသည်။ ဤသို့သော ကို့ရိုးကားယား ရာသီဥတု၏ ခွကျကျ နေ့တစ်နေ့တွင် ကျွန်တော်သည် မရှည် ရှည်အောင် ဆွဲဆန့်နေသော ကိုရီးယား ဇာတ်လမ်းတွဲများကဲ့သို့ မပြီးနိုင် မစီးနိုင် ဖြေဆိုနေရလေသော စာမေးပွဲများကို အဆုံးသတ် ဖြေဆိုခဲ့ပြီးနောက် စိတ်လက်ပေါ့ပါးစွာဖြင့် အဆောင်သို့ ပြန်လာခဲ့စဉ်…… ကျွန်တော်တို့၏ ခေါင်းကိုင်ဖခင် (ဂေါ့ဖားသား) အဖြစ် သတ်မှတ်ခြင်း ခံထားရသူ ကိုဟန်ကြီး ဆိုသည့် စီနီယာကြီးအား အဆောင်ထိပ်ဝတွင် ခန့်ခန့်ကြီး တွေ့လိုက်ရလေတည်း။
အဆိုပါ ကိုဟန်ကြီးကား အပတ်စဉ်(၄)မှ ကျောင်းဆင်းခဲ့သော စီနီယာ့စီနီယာ၊ စီနီယာ သက်ကြားအိုကြီး တစ်ဦး ဖြစ်လျှက် ယခုအချိန်ထိတိုင် ပြည်မြန်မာသို့ မပြန်သေးဘဲ ရောက်လာသမျှ ဂျူနီယာလေးများအား ဗော့ဒ်ကာ မင်းသားကလေးများ ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးရန် အလို့ငှာ ဆည်ဝမှစောင့်နေသော ဗျိုင်းကြီးကဲ့သို့ စိတ်ရှည်လက်ရှည် စောင့်နေလေသည့် မော်စကိုဘိုးဘိုးကြီးတစ်ဦး ဖြစ်လေသည်။ သူကား ကျွန်တော်တို့၏ ချစ်စွာသော စီနီယာကြီး တစ်ဦးဖြစ်သည့် အားလျော်စွာ “ မကောင်းမြစ်တာ ကောင်းရာညွှန်လက် ” ဆိုသည့် စီနီယာတို့၏ ၀တ္တရားအတိုင်း မည်သည့်အရက်ကတော့ အရသာကောင်းသည် သောက်သင့်သည်၊ မည်သည့် အရက်ကတော့ ခေါင်းကိုက်တတ်သည် မသောက်သင့်၊ စသည်ဖြင့် အစဉ်လမ်းညွှန်နေသူ ဂေါ့ဖားသားကြီး တစ်ယောက်ပေတည်း။ ယခုလည်း စာမေးပွဲဖြေပြီး ပြန်လာသော ကျွန်တော့်အား ဗော့ဒ်ကာပုလင်း နှစ်လုံးပြူးကြီးကို ကိုင်လျှက် မျက်နှာကြီး ပြုံးဖြီးဖြီးဖြင့် အဆောင်ထိပ်ဝတွင် စောင့်နေလေပြီ။ “ စီနီယာပါလျှင် သေရွာပင် သွားဝံ့သည် ” ဟူသော စစ်သားတို့၏ ဆိုရိုးစကားအတိုင်း ကျွန်တော်လည်း ကိုဟန်ကြီးနှင့်အတူ ခရီးနှင်ရန်အလို့ငှာ အဆောင်ပေါ်သို့ ပြေးတက်လျှက် ဖန်ခွက်များကို ကပျာကယာ ဆေးရချေတော့သည် တမုံ့။
“နေညိုလျှင် လေပြိုသည်” ဟူသော ယမကာလုလင်တို့၏ ဆိုရိုးစကားရှိသော်လည်း ကျွန်တော်တို့မှာ ညိုစရာ နေမရှိသော ဒေသရပ်ဝန်းတွင် ရောက်နေကြသူများပီပီ နှင်းခဲတို့ ဝေသီနေသည့် မော်စကိုညနေချမ်း အချိန်တွင် ဗော့ဒ်ကာခွက် ကိုယ်စီကိုင်ဆွဲလျှက် “အမေမြင်လျှင် ရင်ကျိုးပြီး၊ အဖေမြင်လျှင် ဆောင့်ကန်ချင်မည့်” စတိုင်ကို အမိအရ ဆုပ်ကိုင်ကာ ခပ်မိန့်မိန့် ရှိနေလေတော့သည် တကား။ ကိုဟန်ကြီးနှင့်အတူ ဗော့ဒ်ကာစုပ်ရင်းမှ သူ၏ ဒဿန၊ သူ၏ သင်္ခါရ စိတ်ရူးများကို သက်ကြီးစကား သက်ငယ်ကြား မှတ်သားရလေသဖြင့် ချစ်ဆွေများလည်း ခံစားနိုင်ရန် အလို့ငှာ အရင်းအတိုင်း ဖောက်သည်ချလိုက်ရပါသတည်း ….။
ဗော့ဒ်ကာတမ်းချင်း
ပုလင်းတွေက ရီ(ရေ)မရ
ခေါင်းကလည်း ငိုက်စိုက်ကျ….။
သောက်တော့လည်း ထပ်မရ
ဝိုင်းကလည်း ထမရ
စိတ်မှာတော့ သောက်မ၀....။
လည်ချောင်းထဲ လက်ညှိုး
အတင်းထိုး အန်ချ
ဟော … ဆက်သောက်တော့ သောက်မ၀…။ (ကိုဟန်ကြီး)
ကိုဥာဏ်(စက်မှု)သို့
လည်ချောင်းမှနာ ရင်တွင်းလှိုက်ပူ
ရေငတ်မဆုံး လူကနုံး၍
စစ်ရှုံးအသွင် ငါမနေချင်သောကြောင့် ….
ညနေပုံမှန် မနက်တန်ပြန်
လက်ကျန်ပြန်ရှင်း ရောဂါကင်းသည်
ဤခံယူချက် လက်ဝယ်စွဲလျှက်
ထိုစစ်တလင်း ငါပြန်ခင်းမည် …
ကိုဥာဏ် သာဓုခေါ်စေသော်ဝ် ….။ (ကိုဟန်ကြီး)
ဤသို့ဤပုံဖြင့် ကျွန်တော်သည် ကိုဟန်ကြီးနှင့်အတူ သုံးရက်ခန့်ဆက်တိုက် ဗော့ဒ်ကာအိုင်အတွင်း သက်ဆင်း ကူးခတ်နေဆဲခဏ၀ယ် မိတ်ဆွေကြီးအောင်မှူးသည် သူ၏ ဂျီတော့ ကာစတန်မက်ဆေ့ခ်ျ ဘောက်ထဲတွင် အောက်ပါကဗျာကို တင်ထားလျှက် ကျွန်တော့်အား ပမာမခန့် ပြုနေသည်ကို တွေ့လိုက်ရလေသည်…။
ကိုဥာဏ်(စက်မှု)အား ချယ်မှုန်းခြင်း
မီစီကျောင်းက ကိုရင်ဥာဏ်
ပျိုပျိုအိုအို အကုန်ကြံ
လူနဲ့လိုက်ကာ လေလုံးထွား
သက်မွန်မြင့်နဲ့ တစ်ရွာတည်းသား။
ဗော့ဒ်ကာပုလင်း မြင်ပါရင်
သရေများပင် တသွင်သွင်
အစားစုံကို အစုံစား
မြင်ရသူမှာ ရတက်ပွား…။ (အောင်မှူး)
မိတ်ဆွေကြီး အောင်မှူးကား မသေသေး။ အသက်ငင်နေဆဲခဏ၀ယ် ကျွန်တော့်အား အထက်ပါ ကဗျာဖြင့် စိန်ခေါ်နေလေသည်။ အောင်မှူး၏ ကဗျာကား ကျွန်တော့်ကို ချယ်မှုန်းခြင်းနှင့် မတူ၊ ချေမှုန်းခြင်းနှင့်သာ တူနေပေတော့သည်ဟု စိတ်ထဲတွင် တွေးလိုက်မိပါသည်။ အောင်မှူးကား ပွဲလန့်တုန်း ဖျာခင်း ရုံသာမက မီးပျက်တုန်း ဖိနပ်ပါ လဲစီးသွားမည်ဟူသော လူစားမျိုးပေတည်း။ လစ်ပြီဆိုသည်နှင့် ၀င်တွယ်လေပြီ။ ထို့ကြောင့် ကျွန်တော်လည်း သူ့အား အလုပ်ရှုပ်ပေးမှ ဖြစ်တော့မည်ဟု သဘောပိုက်လျှက် ကဗျာအတင်းစပ်ခိုင်းလေရာ အောင်မှူးလည်း မနေသာတော့ပဲ သူ၏ ဆောင်းအကုန် နွေအကူးမှ စိတ်ရူးများကို အောက်ပါအတိုင်း ရေးချပေးရလေတော့သဖြင့် ချစ်ဆွေများလည်း ခံစားနိုင်စေရန် အလို့ငှာ တင်ပေးလိုက်ရပါသတည်း။
မေ့မရတဲ့ အနာဟောင်း
ချစ်သူရဲ့ စက်ဘီးခြင်းထဲ
ထိုးစိုက်ခဲ့တဲ့ နှင်းဆီနီတပွင့်လို
တချိန်မှာ ကြွေလွင့်ရမယ့် ကိုယ့်အဖြစ်
အဲဒီအချိန်ကတည်းက
နည်းနည်းလောက်ဖြစ်ဖြစ် ရိပ်မိသင့်တယ်။
မှောင်နေရင် ည၊ လင်းမြရင် နေ့
အသက်ရှင်နေသမျှ
အသက်ရှုနေရတာကလွဲရင် ငါ၊
ငါ့ဒါဏ်ရာတွေ အနာဖေး မတတ်သေးသရွေ့
နင်ရယ်...
နင်စီးခဲ့တဲ့ စက်ဘီးအစိမ်းလေးရယ်...
မေ့မရဘူးကွယ်။
မှောင်နေရင် ည၊ လင်းမြရင် နေ့
အသက်ရှင်နေသမျှ
အသက်ရှုနေရတာကလွဲရင် ငါ၊
ငါ့ဒါဏ်ရာတွေ အနာဖေး မတတ်သေးသရွေ့
နင်ရယ်...
နင်ဝတ်တတ်တဲ့ အာကာထွန်းဘောင်းဘီတိုလေးရယ်...
မေ့မရဘူးကွယ်။
ဖြစ်နိုင်မယ်ဆိုရင်....
လွန်ခဲ့တဲ့ ဆယ်စုနှစ်များကလို၊
အရုဏ်ဦး ဆောင်းအရိပ်
နင် လှမ်းလာမယ့် လမ်းထိပ်မှာ
ငါ.... တိတ်တိတ်လေး
စောင့်နေပါရစေ..။
မြူနှင်းတို့ လင်းမြဖူးတဲ့
တရံရောအခါက
ဟေမန္တ နံနက်ခင်းတို့အကြောင်း
စာမျက်နှာတွေ ဟောင်းသွားလည်း
ညောင်ရမ်းလမ်းပဲ
သိနေမယ်။ (အောင်မှူး)
(ဆောင်းအကုန် နွေအကူး လေရူးများ တိုက်ခတ်တတ်သော အခါသမယတွင် ပေါ်ပေါက်လာပေသော ကျွန်တော့်ဘော်ဒါတို့၏ သင်္ခါရ စိတ်ရူးများကို ချစ်ဆွေများထံ လက်ဆင့်ကမ်းခြင်းသာ ဖြစ်ပါသည်။ လိုအပ်ချက် တစ်စုံတစ်ရာ ရှိခဲ့ပါက နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ ဤပို့စ်၏ ထူးခြားမှုတစ်ခု အနေဖြင့် အထက်ပါ “မေ့မရတဲ့အနာဟောင်း” ကဗျာကို ဖတ်ရှုပြီးနောက် မိတ်ဆွေကြီးအောင်မှူး၏ ကောင်မလေးက သူ အာကာထွန်းဘောင်းဘီတို ၀တ်လေ့ရှိသည်ကို အရှက်မရှိ၊ မြင်အောင် ကြည့်သွားရုံသာမက လူသိအောင် ဖော်ကောင်လုပ်ရပါမည်လားဟု ဆိုကာ ချော့မရအောင် စိတ်ကောက်နေလေသဖြင့် အောင်မှူးမှာ လဒကြီးကဲ့သို့ မှိုင်တွေနေရှာသည်ဟု အတွင်းသတင်းများ ကြားသိရခြင်း ဖြစ်ပါကြောင်း …..။) ကိုဥာဏ်(စက်မှု)
Posted by ကိုဥာဏ်(စက်မှု) at 4:30 PM 8 comments
Sunday, January 4, 2009
ကျွန်တော်နှင့် တခါက ချစ်သောကမ္ဘာမြေ
အပူချိန် အနုတ် ၂၀ ဒီဂရီအထိ ကျဆင်းနေသော ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ မှောင်စပျိုးအချိန် ၄ နာရီခန့်တွင် ကျွန်တော်သည် မော်စကိုတစ်မြို့လုံး အုန်းအုန်းကျွက်ကျွက်ညံအောင် ပစ်ဖောက်နေကြကုန်သော မီးရှုးမီးပန်း ဗျောက်အိုးများကို အခန်းပြတင်းပေါက်မှ ရှုစားနေခိုက် ….. “ ဟတ်ပီးနယူးရီးယားပါ မစ္စတာဥာဏ် ” ဟူသော အသံဆိုးကြီးဖြင့် အခန်းတွင်းသို့ ၀င်လာသော မိတ်ဆွေကြီး အောင်မှူးကို တွေ့လိုက်ရလေသည်။ အောင်မှူးကား မုဆိုးမအိမ်သို့ အလစ်ဝင်ပြီး ထမီသုတ်မည့် သူခိုးကဲ့သို့ ကုပ်ချောင်းချောင်း ပုံစံဖြင့် အခန်းထဲသို့ ရောက်လာပေ၏။ ဆိုင်းမဆင့် ဗုံမပါ ဗြုန်းစားကြီး ရောက်လာသောကြောင့် ကျွန်တော့်မှာ ငယ်ထိပ်မြွေပေါက် သကဲ့သို့ လန့်ဖြန့်သွားမိကာ “နွားရူးပဲ ရီးယား ရီးယား၊ နွားကောင်းပဲ ရီးယား ရီးယား၊ ကြိုက်တာသာ ရီးယားပေတော့ .. ဒါနဲ့မောင်ရင် ကျုပ်အခန်းထဲက သတိပေးစာကိုတော့ ဖတ်မိပါတယ်နော်” ဟု ပြန်ပြောလိုက်ကာ (ပုလင်းမပါ မလာရ၊ လူသာ မလာပါနှင့် ပုလင်းပါ ယူလာပါ) ဟူသော သတိပေးစာကို လက်ညိုးထိုးပြလိုက်မိလေသည်။ အောင်မှူးကား သူ့မူပိုင်ဖြစ်သော ပြီတီတီမျက်နှာပေးတွင် စပ်ဖြီးဖြီး အမူအရာကို ထပ်မံ ပေါင်းစပ်လျှက် သူ့လွယ်အိတ်ထဲက Red Lebel တစ်လီတာ ပုလင်းကို ထုတ်ပြလေမှ ကျွန်တော့်မှာ အလုံးကြီး ကျသွားလျှက် “အို …. မိတ်ဆွေကြီး သင့်အား မျှော်နေသည်မှာ ကြာပါပကော ” ဟု ပြောမိကာ ကဗျာကယာ နေရာထိုင်ခင်းပေးရလေသည်။ အောင်မှူးကား ပုလင်းသာမက သူရေးထားသည့် “ကျွန်တော်နှင့် တခါက ချစ်သောကမ္ဘာမြေ” ဆိုသည့် ပို့စ်တစ်ခုကိုပါ ကျွန်တော့်အား လက်ဆောင်အဖြစ် ပေးလေသဖြင့် မိတ်ဆွေကြီးအောင်မှူး၏ ကြောင်ကွက်များကို သဘောကျ နှစ်ခြိုက်နေကြကုန်သော ချစ်မိတ်ဆွေများ ခံစားနိုင်ရန် အလို့ငှာ တင်ပေးလိုက်ရပါသတည်း။ ခံစားကြည့်ကြပါကုန်။ ချီးကျူးစရာ ရှိပါက တင်ပေးသော ကျွန်တော့်ကိုသာ ချီးကျူးကြပြီး အပြစ်တင်စရာများ ရှိပါက စာရေးသူ မစ္စတာအောင်မှူးကိုသာ အားမနာတမ်း ဆူကြဆဲကြပါကုန်။ ကိုဥာဏ်(စက်မှု)
၁၉၉၉ ခုနှစ် ဇန်န၀ါရီလ ၂ ရက်၊ ၃ ရက်မှာ ပထမဆုံး ကျောင်းသား စုံညီပွဲတော် ဆိုတာကို လုပ်ကြတော့ ကျွန်တော်တို့က ဆယ်တန်းကျောင်းသားတွေပေါ့။ ဒီလိုပွဲက အခုမှ ပထမဆုံးဖြစ်တာရယ်၊ ဆယ်တန်းတွေမို့ ကျောင်းမှာ အကြီးဆုံးဖြစ်သလို အဲဒီ့အညာက တောကျောင်းမှာတော့ ကျွန်တော်က အသင်အပြကောင်းတဲ့ လူပျိုသိုးဆရာကြီး ( အပေါက်ဆိုးတာ၊ တပည့်တွေကို အသားကုန်တီးတာလည်း ပါတာပေါ့ ) ရဲ့ ကျောင်းသားတွေ အခန်းထဲ ရောက်သွားတာဆိုတော့ ဦးဆောင်ဦးရွက်နဲ့ စဖို့ ဖြစ်လာပါတယ်။
ဆိုတော့ … အတန်းအလိုက် အတန်းချုပ်တွေ ဆရာ၊ ဆရာမတွေ အပြင် ကျောင်းသားကြီးတွေ ညှိနှိုင်းကြပြီး ဘယ်အတန်ုးကတော့ ကြာဇံသုပ်ရောင်းမယ်၊ ဘယ်အတန်ုးကဖြင့် မုန့်ဟင်းခါး ရောင်းမယ် စသည်ဖြင့်ပေါ့။ နောက်ပြီး ကျောင်းသားတွေထဲက အိမ်က လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ လူတွေဆိုလည်း စားပွဲလေး နှစ်လုံးလောက်နဲ့ ကျောင်းထဲ ဆိုင်လာဖွင့်လို့။ ကျောင်းဝင်းထဲမှာလည်း စာသင်ခုံလေးတွေကို ချပြီး လုပ်ထားတဲ့ ဆိုင်လေးတွေက အစုံ။ ကျောင်းနံ့ မကင်းကြသေးတဲ့ ကျောင်းပြီးသွားကာစ နောင်တော် ကိုကို၊ မမများကလည်း အခုမှ ဒါမျိုးက ကြုံဖူးတာဆိုတော့ အထူးတလည်နဲ့ အားခဲပြီး လာကြမတဲ့ ပေါ့လေ။
ညှိနှိုင်းကြရင်းနဲ့ ဘယ်သူ တင်ပြလိုက်သလဲတော့ မသိဘူး။ ဖျော်ဖြေရေး ကိစ္စလုပ်ဖို့ပါ ဖြစ်လာကြပါရောဗျို့။ ကျောင်းမှာ ဂီတဆရာလုပ်တဲ့လူက အဆိုကောင်း အတီးကောင်း။ ဂီတချိန်ဆို အစပိုင်းတုန်းက ဆရာက မယ်ဒလင်တီး၊ ကျွန်တော်တို့ ကျောင်းသားတွေက ကိုထွန်းရွှေရဲ့ မြတ်ဘုရား ရွှေတိဂုံတွေ ဘာတွေကို လိုက်ဆိုရတာ။ နောက်ပိုင်းကျတော့ ကီးဘုတ်အသေးစား အော်ဂင်လေးနဲ့ ခြောက်လုံးပတ်လေး၊ လင်ကွင်းလေး စည်းးလေး ၀ါးလေး စုံလာပြီး ဂီတခန်းဆိုပြီး သတ်သတ်မှတ်မှတ် ဖြစ်လာတော့ ဆရာကလည်း ဟုတ်တယ် ခုလို စုံညီပွဲမျိုးမှာတော့ ဂီတပွဲလေး မပါရင်ဖြင့် လူရိုသေ ရှင်ရိုသေတောင် မဖြစ်တော့သယောင် ထလုပ်ရောဗျို့။ ဒီတော့ ကျောင်းအုပ်ဆရာကြီးကလည်း ဂီတဆရာကို “ ခင်ဗျားသာ ကြည့်စီစဉ်ပါ ” လို့ ဆိုတော့ ဆရာက သူ့လက်ရင်း လက်ရွှေးစဉ်တွေ ( ကျွန်တော် အပါအ၀င်နဲ့ပေါ့ ) နဲ့ ၀ိုင်းဝန်းပြီးး လုပ်ကြမယ် ဖြစ်လာပါရော။
ကျွန်တော်တို့က မြန်မာသံကို စိတ်မပါဘူး မဟုတ်ပေမယ့် ခုခေတ် ဆိုနေကြတဲ့ မြန်မာသံ ဆိုတာတော့ သိပ်ကြည့်ရကြတာ မဟုတ်ဘူးလေ။ ကြိုက်ချင်းကြိုက်ရင် ကိုမင်းနောင်တို့၊ စန္ဒယား လှထွဋ္ဋ်တို့၊ ကိုတင်လှိုင် ကိုသန်းလှိုင်တို့လောက်မှ ပြေးကြိုက်ကြတာကိုး။ ဆရာရဲ့ လက်ရင်း တပည့်ထဲ ထည့်ရတဲ့ အကြောင်းကလည်း တခါသားမယ် ကျွန်တော်က ကိုမင်းနောင်ရဲ့ ဂျင်မလေးဂျမ်း ကို စာရွက်နဲ့ရေးလာပြီး ဂီတချိန်မှာ ရွတ်တွတ်တွတ် ဆိုပြလိုက်တော့ ဆရာက “ မင်းက ဘယ်သံရော၊ ညာသံရော ဖြစ်တယ် ” ဆိုပြီး မြှောက်ပြောရင်းနဲ့ ဖြစ်လာတာလေ။ ( အတည်ပြောတာနော် )
ဆိုတော့ကာ ၀ိုင်းလေး ဘာလေးနဲ့ လုပ်တာထက် ကျွန်တော်တို့က မြန်မာသံရော၊ ခေတ်ပေါ် စတူဒီယိုပါ ဆိုလို့ရအောင်ဆိုပြီး ကာရာအိုကေ လုပ်ဖို့ အတွန့်တက်ကြရော။ ဆရာကတော့ သူ့အော်ဂင်လေးနဲ့တင် ဒူချက် ဒူချက်ရော၊ တခြား ဂရမ် ဘိလေးတွေ ထည့်ပြီး လုပ်ရင် ဖြစ်ပါတယ် ပြောနေသေးတာ။ ဒါပေမယ့် ကျွန်တော်တို့က ကာရာအိုကေမှ ကာရာအိုကေ ဖြစ်နေလေတော့ ဆရာခမျာ “ သံဃာအား ဘုရား မဆန်သာ ” ဆိုသလိုပဲ ကျောင်းအုပ်ဆရာကြီး ပြောထားတဲ့ ဖျော်ဖြေ၀ိုင်းလေးလည်း ဖြစ်အောင် သူလည်း စင်ပေါ်တက်ပြီး အော်ဂင်တီးရအောင် ကာရာအိုကေရော မြန်မာသံရော ဖြစ်အောင် စက်တွေ ဘာတွေ ငှားရတော့တာပေါ့။
ဒီလိုနဲ့ အဲဒီနေ့လည်း ရောက်ရော ကျောင်းရဲ့ စာသင်ဆောင်တွေနဲ့ ရေစင်ကြားက ပေ ၆၀ လောက် ရှိတဲ့ တမာပင် အုပ်အုပ်လေးရှိတဲ့ မြေကွက်လေးမှာ ပီပါစည်ပိုင်းလေး ၆ လုံးလောက်ထောင်၊ ပျဉ်ခင်းပြားတင်ပြီး ဘလက်ဘုတ်ပေါ်မှာ “ တို့ကျောင်းသာယာ ကာရာအိုကေ မြန်မာသံ ” ဆိုတဲ့ စာတန်းလေးနဲ့ စင်လေး ဖြစ်လာရော။ အဲဒီတုန်းက တီဗီကလာနေတဲ့ ဆိုကြမယ် ပျော်ကြမယ် ကလည်း ခေတ်စားနေတာကိုး။ သီချင်း ဆိုချင်ရင် ကာရာအိုကေ တစ်ပုဒ်ကို ၃၀၀ ကျပ်၊ မြန်မာသံဆိုရင် ၁၀၀ ကျပ်တဲ့။ မြန်မာသံ ဆိုရင် ဆရာက တီးပေမယ်။ ကာရာအိုကေဆို ကိုယ့်အခွေနဲ့ ကိုယ် လာဆို။ အဲဒီတုန်းက ကျွန်တော်တို့ တောမြို့မှာ တိပ်ခွေတွေ လောက်သာ ရှိသေးတာဆိုတော့ ကာရာအိုကေ သီချင်းခွေ ဆိုတာကလည်း အတော်ရှာယူရတာ။
ဒီကိစ္စမှာ ကျွန်တော်တို့ သူငယ်ချင်း တစ်စုကလည်း သိပ်ဆိုချင်ကြတဲ့ ဖိုးဆိုချင်တွေ ဆိုတော့ ငါ့ရှဉ့်ကို ဆားတို့ထားတဲ့အတိုင်း၊ ထွန့်ထွန့်ကို လူးလို့ပေါ့။ အရပ်ထဲမှာတော့ ကျွန်တော်တို့က ကောင်မလေးတွေ အိမ်ရှေ့မှာ ဂစ်တာ မပါရင်တောင် လက်ခုပ်တီးဆိုလာတဲ့ ကောင်တွေမို့၊ အခုလို စင်နဲ့ ဘာနဲ့ မိုက်ကိုင်ပြီး ဆိုရမယ့် အခွင့်အရေးကို ဘယ်လက်လွှတ်ခံချင်ပါ့မလဲ။ ခက်တာက တစ်ပုဒ်ကို ၃၀၀ ကျပ်ကိစ္စ။ အားလုံးက ဆိုတော့ ဆိုချင်ကြတယ်။ တစ်ယောက်တည်း ၁ ပုဒ်ကျတော့လည်း အကုန်အကျ မခံချင်ကြတာရယ်၊ ယုံကြည်မှုအားနည်းတာရယ်။ ( ကျောင်းမှာ သီချင်းဆိုဖို့ ၃၀၀ ကျပ်လောက် အိမ်ကို တောင်းရင် ဘယ်အိမ်က ပေးမလဲ၊ အဲဒီခေတ်က ပြောပါတယ် )
ဒါပေမယ့် ကံကောင်းချင်တော့ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်က စပွန်ဆာ လုပ်ပေးမယ် ဆိုပြီး ဖြစ်လာရော။ သူ့အဖေက ဘောစိ ဆိုတော့ ၃၀၀ ကျပ်လောက်ကို စာဖွဲ့စရာ မလိုဘူးလေ။ အဲဒီလို စပွန်ဆာ ရှိသွားပြီး နောက်တော့ ဒီက ကောင်တွေက သူငယ်ချင်း ၈ ယောက်မှာ ၈ ယောက်လုံး ဆိုမယ် လုပ်ကြပါရော။ သူငယ်ချင်းက ကျွန်တော့်မျက်နှာနဲ့ ငွေ ၃၀၀ ကျပ်ကြီးများတောင် ထုတ်ပေးတာဆိုတော့ ကျွန်တော်ကပဲ ဘယ်သူတော့ဆို၊ ဘယ်သူတော့ မဆိုနဲ့ ဆိုပြီး ဆုံးဖြတ်ပေးဖို့ ဖြစ်လာတယ်။ ( ကိုယ်တစ်ယောက်တည်း ဆိုတော့ အဲဒီအချိန်တုန်းက စင်ပေါ်ကို မတက်ရဲဘူးလေ။ အခုတော့ ရုရှားမှာ ရှေ့မျက်နှာ နောက်ထားပြီး တက်လာတဲ့ စင်ကို မနည်းတော့ဘူး )
ဆိုမယ့် လူကတော့ ဟုတ်ပါပြီ ဘာသီချင်း ဆိုကြမလဲ ဆိုတာက ကိစ္စရှိလာပြန်ရော။ ခုလို လူအများကြီးနဲ့ စင်ပေါ်တက်ဆိုဖို့ ဆိုတာကလည်း ကမ္ဘာမကြေ လောက်ပဲ ရှိတာ။ နောက် စောဘွဲ့မှူး အလွမ်းမပြေ ထဲက ဆိုတဲ့ မှားတဲ့ဘက်မှာ မျိုးပေါ့။ အဲဒီလို ရွေးကြတော့ အဲဒီခေတ်က ပေါက်နေတဲ့ ဘစ်ဖိုက် (BIG FIVE) ရဲ့ “ ချစ်သော ကမ္ဘာမြေ ” ကို ဆုံးဖြတ်ကြရော။ အဲဒီအခွေကလည်း ဟိုသူငယ်ချင်းဆီကပဲ ငှားရတာ။ အခွေနောက်ဆုံးမှာ တီးလုံးသံလေးတွေကို Instrumental တီးသလိုမျိုး ပါနေတော့ ဆိုလို့ရတာပေါ့။ ဒါနဲ့ မနက်ဖြန် ဆိုမယ်ဆို ဒီနေ့လို နေ့မျိုးမှာ တနေ့လုံး သူငယ်ချင်းတစ်ယောက် အိမ်မှာ သီချင်းတိုက်ကြရော။ တိုက်တယ်ဆိုတာကလည်း သီချင်းကို ကက်ဆက်နဲ့ ဖွင့်ပြီး နောက်ကနေ လိုက်ဆိုကြတာပါ။ ဒါပေမယ့် အ၀င်အထွက်ကလေးတွေ၊ အသံနေ အသံထားတွေက အစ လေ့ကျင့်ရတာပေါ့။ စပွန်ဆာ သူငယ်ချင်းကလည်း လာကြည့်ပြီး ပျော်တပြုံးပြုံးနဲ့။
နောက်နေ့ ကျောင်းသွားတော့ သူငယ်ချင်းတွေ စုပြီး အခွေလေး တကိုင်ကိုင်နဲ့ပေါ့။ ဟိုသူငယ်ချင်းကလည်း ကင်မရာပါ ယူလာတာ။ အမှန်အကန်သီဆို၊ အမှန်အကန် ဓာတ်ပုံရိုက်မယ် ဆိုတာချည့်ပဲ။ အဲဒီလောက် ကောင်းရှာတာ။ ဒီက ကောင်တွေကလည်း ဓာတ်ပုံဆိုတာ ရွာဘုရားပွဲရယ်၊ ဆွမ်းကြီးလောင်းပွဲနဲ့ မင်္ဂလာဆောင် လိုဟာမျိုးတွေရယ်သာ ကောင်းကောင်းကန်းကန်းလေး အရိုက်ခံရဖူးတာ။ အခုလို စင်နဲ့ဘာနဲ့ ဓာတ်ပုံ မရိုက်ဖူးကြလေတော့ အားလုံးက တိုင်ပင်ထားသလား မှတ်ရတယ်။ နေပူပူမှာ ဂျင်းဘောင်းဘီတွေ၊ အနွေးထည် ခပ်ကောင်းကောင်းတွေနဲ့ ဘာတွေနဲ့ပေါ့။
တကယ်တမ်း ပွဲစတော့ ဂီတဆရာက ပညာပြပါလေရော။ သူ့မြန်မာသံတွေကို သူအရင်တီးပေးမှာ ဖြစ်လို့ မြန်မာသံတွေနဲ့ ချည်းစနေတာ။ မြန်မာသံတော့ ကြိုက်သလောက် လာခဲ့၊ ဆရာက ဒိုင်ခံတီးပေးနေတာမို့ ဆိုကြတဲ့ သကောင့်သားတွေမှာ အဆင်ကို ပြေလို့။ ဆိုကြတော့လည်း တွံတေးစိုးအောင်ရဲ့ တစ်ရွာနဲ့ တစ်ရွာ တို့၊ ဟင်္သာတ ထွန်းရင်ရဲ့ အမေနဲ့ ရွာကို လွမ်းတယ်တို့၊ အခုမှ အသက်က ၁၆ နှစ်လောက်ပဲ ရှိသေးပေမယ့် ဆိုလိုက်တော့ တွံတေးသိန်းတန်ရဲ့ လေးဆယ်ကျော် ငါးနှစ်တွင်းမှ ပြန်ဆုံကြတဲ့ ငယ်ချစ်ဦးတို့။ ဘာတွေများ မျှော်မှန်းပြီး ဆိုကြတယ်တော့ မသိဘူး။ ကျွန်တော်တို့မှာက တိပ်ခွေလေး တကိုင်ကိုင်နဲ့ စောင့်နေရတယ်။ သီချင်းဆိုဖို့က စာရင်းပေးပြီးပြီ။ အလှည့်က ရောက်ကို မရောက်နိုင်သေးဘူး။ ကြွားထားတဲ့ သူငယ်ချင်းတွေကလည်း စင်ရှေ့မှာ အငြိမ်နေချင်တာ မဟုတ်ဘူး။ နားထောင်ကြမယ့် ကောင်မလေးတွေတောင် ကိုယ့်အစား စိတ်တိုပေးနေကြသေး။ :P
မိန်းကလေး ကျောင်းသူတွေက ဘယ်သူမှ မဆိုရဲကြတော့ ကိုကိုကာလသားများကလည်း စင်အောက်မှာ သိပ်ရှိတာ မဟုတ်။ ရေခဲချောင်းဝယ်စားရင်း အသံကြားလို့ ရပ်နားထောင်တဲ့ ကလေးတွေလောက်ရယ်၊ အရိပ်ကောင်းလို့ စိမ်ပြေးလိုက်တမ်း ကစားနေကြတဲ့ ကလေးတွေရယ်၊ ရေစင်အောက်က အုတ်ခုံလေးမှာ ထမင်းချိုင့် ဖွင့်စားရင်း တွတ်ထိုးပြီး စကားပြောနေကြတဲ့ ကျောင်းသူ ကောင်မလေးတွေလောက်ရယ် ပဲ ရှိတာ။ နာရီကြည့်မိတော့ နေ့လည် ၁၁ နာရီက ထိုးတော့မယ်။ အားလုံးက အသီးသီး အိမ်ပြန်ကြမယ့် အနေအထား။ ကျောင်းပေါက်က စက်ဘီးရပ်တဲ့ နားမှာတောင် ကျောင်းသူ ကျောင်းသားတွေက ရစ်သီသီ ဖြစ်လာကြပြီ။ သူတို့ကလည်း စင်ကို လှမ်းမြင်ရတယ် ဆိုရုံ၊ အသံကြားတယ် ဆိုရုံပါပဲ။ အပေါက်မှာ စောင့်နေတဲ့ ဆရာက အထွက်မခံသေးဘူး ဆိုလို့သာ ဘယ်သူမှ ထွက်မရတာ။ စင်ပေါ်က ဂီတဆရာကတော့ တစ်ရွာနဲ့ တစ်ရွာ ကို ဘယ်နှယောက် လာလာ တီးကောင်းတုန်း။ ကာရာအိုကေစက်ကလည်း ကိုယ့်အတွက်လို ဖြစ်နေတော့ ဒီက ကောင်တွေမှာ သီချင်းဆိုချင်နေတာ ပါးစပ်တွေယားပြီး အမြုပ်တွေ ထွက်မတတ်ပေါ့။
ကဲ … မထူးတော့ဘူး။ နည်းနည်းတော့ ကျုပ်ကျက်လိမှ ဖြစ်တော့မယ်လို့ စဉ်းစားမိပြီး စက်ကိုင်တဲ့ စက်ဆရာ ဆီ ချဉ်းကပ်ရတော့တယ်။ သူ့အနားရောက်တော့ သူ့စားပွဲပေါ်မှာက ကျွန်တော်တို့ဆိုမယ့် “ ချစ်သော ကမ္ဘာမြေ ” လေး တစ်ခွေတည်း ရှိတယ်။ စက်ဆရာအနားကပ်ပြီး “ အကိုကြီး … ထမင်းဆာနေပလား ” ပေါ့။ “ လိုအပ်ရင် ကျွန်တော်တို့ ကူညီပေးပါ့မယ် ” ပေါ့။ ကပ်ရောတော့တာ။ ဒီတော့မှ စက်ဆရာကလည်း “ အိမ်သာ သွားဦးမယ်ကွာ၊ မင်းတို့ ကြည့်ထားလိုက် ” ဆိုပြီး ထရော။ အင်္ဂလိပ်အခက် ဗမာ့အချက် တုန်းက ဗိုလ်ချုပ်တို့တော့ ဘယ်လိုနေမလဲ မသိဘူး။ ကျွန်တော်တို့ကတာ့ ချက်ချင်းကို မျက်နှာတွေ ၀င်းပသွားလိုက်တာ အသည်းရောင် အသားဝါရောဂါ ချက်ချင်းရလိုက်သလိုပဲ။ ဘာခက်တာမှတ်လို့၊ ကျွန်တော်တို့ ကြည့်ထားမှာပေါ့ ဆိုပြီးတော့ ဇွတ်ကို နှင်တော့တာ။ ဒါပေမယ့် သူမထခင်တော့ သေချာအောင် မေးရတာပေါ့။ ကာရာအိုကေ ဆိုချင်ရင် ဘယ်လိုလုပ်ရမလဲပေါ့။ သူကလည်း ဘယ်ထဲကို အခွေထည့်၊ ဘယ်ခလုပ်နှိပ်ပေါ့။ ရှင်းပြနေတုန်း ဒီက ကောင်တွေ နားထောင်နေတာများ လိမ္မာယဉ်ကျေးစွာနဲ့ လက်ကလေးတွေတောင် ပိုက်ထားလိုက်သေး။
စက်ဆရာ ထသွားတာနဲ့ ကျွန်တော်တို့က ကီးဘုတ်နဲ့အသံချဲ့စက် ဆက်ထားတဲ့ ကြိုးကိုရှာ၊ သီချင်းတစ်ပုဒ် ပြီးတာနဲ့ အဲဒီကြိုးကို ပလက်ဖြုတ်ထားလိုက်တယ်။ မြန်မာသံတွေကို မုဒ် အပြည့်နဲ့ တီးနေတဲ့ ဂီတဆရာခမျာ နောက်တစ်ပုဒ် မဆိုခင်လေး ကီးဘုတ်ကို စမ်းတဲ့ အနေနဲ့ လက်ကွက်တွေ နှိပ်ပေမယ့် အသံက မထွက်တော့ဘူး။ အောက်က ကလေးများကလည်း နဂိုကတည်းက နားဒုက္ခဆင်နေရတာ အခုလို အသံလည်း တိတ်သွားရော “ ဟေး ” ကနဲ့ အော်လိုက်တာမှ တစ်ကျောင်းလုံးကို ညံထွက်သွားတာ။ ဂီတဆရာလည်း ထိုင်မနေနိုင်တော့ဘူး။ ဘာဖြစ်သလဲ ဆိုပြီး ပြာပြာသလဲ ထလာတာ။ ဒါပေမယ့် သူလည်း ဘယ်ကြိုးတွေနဲ့ ဘယ်လို ဂျွိုင်းထားမှန်း သိမှ မသိတာ။ ဒီတော့ ကျွန်တော်တို့က “ စက်က ပျက်တာမဟုတ်ဘူး ဆရာ အတီးများလို့ ကီးဘုတ်က ပူပြီး ပျက်တာနေမှာ၊ မယုံရင် ကျွန်တော်တို့ ကာရာအိုကေ ဆိုပြမယ် ဆိုပြီး ပြောလည်းပြော အခွေလည်း ကက်ဆက်ထဲထည့် စင်ပေါ်လည်း အတင်းတက်ပေါ့။
မိုက်နှစ်လုံးနဲ့ လူငါးယောက်က စင်ပေါ်မှာ။ ကျန်တဲ့ သူငယ်ချင်း သုံးယောက်က စင်အောက်က စက်ကို အသက်နဲ့ လဲပြီး ကာကွယ်မယ့် ပုံစံတွေနဲ့ စက်ဘေးမှာ နေရာယူပြီး။ စင်ပေါ်တက်လာတဲ့ ကောင်တွေကို မြင်တာနဲ့ အောက်က ကျောင်းသူတွေက သဲသဲလှုပ်ကုန်ကြပြီ။ အားလုံးကလည်း လူဖြောင့်တွေချည်းကိုး ( ကိုယ့် ဘာသာ သတ်မှတ်ထားတာ )။ ဘောင်းဘီတွေ ဘာတွေနဲ့ ၊ ဆိုမယ့် သီချင်းတွေကလည်း ခုနက ဆိုသွားကြသလိုမျိုး “ သွားတိုက်ဆေးဘူးလေး ညှစ်ကြည့်ပါကွယ် ” တွေ ဘာတွေ မဖြစ်နိုင်ဘူးဆိုတာလည်း သိနေကြတာကိုး။ ဂီတဆရာလည်း သူပါရောပြီး စင်ပေါ်တက်ရမလိုလို၊ စင်အောက်ပဲ ဆင်းထိုင်ရမလိုလိုနဲ့ လှေကားခုံမှာ ကိုးလို့ကန့်လန့်ကြီး။ သီချင်းက အင်ထရို စနေပြီ။ မျိုးကျော့မြိုင် နေရာကနေ ဆိုမယ့် သူငယ်ချင်းက မိုက်တစ်လုံးကိုင်လို့။ ထူးအိမ်သင်နေရာက ဆိုမယ့် ကျွန်တော်ကလည်း မိုက်အဆင်သင့်။ တကယ်စဆိုတော့လည်း သူငယ်ချင်းက မျိုးကျော့မြိုင်စတိုင် မပွင့်တပွင့်လေးနဲ့တင် စဆိုတာ။ နောက် ထူးအိမ်သင် နေရာဆိုတဲ့ ကျွန်တော့်အလှည့်။ နောက် ဘိုဘိုနေရာဆိုတဲ့ သူငယ်ချင်း အလှည့်၊ နောက် စည်သူလွင်နေရာ စသည်ဖြင့် အမှားအယွင်းကို မရှိဘူး။
“ ကမ္ဘာကို ဆိုက်ကားနဲ့ ပတ်မယ် အာပုံတွေ ၀ယ်စားကြပါစို့ ” ဆိုတဲ့ ကောရက်စ်(Chorus) ပိုဒ်တောင် မရောက်သေးဘူး၊ ကလေးတွေရော ကောင်မလေးတွေရော တချို့ ခပ်ငယ်ငယ် ဆရာမလေးတွေပါ အပြေးတပိုင်း လာကြည့်ကြတာ။ စက်ဘီးစတင်း နားက ကျောင်းသားကျောင်းသူတွေလည်း ပြန်ဖို့ ခဏမေ့ပြီး စင်ရှေ့ပြန်ရောက်လာကြတယ်။ ပြေးလွှားနေတဲ့ ကလေးများကလည်း လာကြည့်လို့၊ နားထောင်လို့။ ရေစင်အောက်မှာ ထမင်းစားနေတဲ့ ကောင်မလေးတွေတောင် ဇွန်းတန်းလန်းနဲ့ (ထမင်းဗူးထဲမှာ ပြောပါတယ်)။ စပွန်ဆာ သူငယ်ချင်းကလည်း သီချင်းသာမဆိုတာ စင်ပေါ်တက်ပြီး ကင်မရာတကိုင်ကိုင်နဲ့ တဖြတ်ဖြတ် လုပ်လိုက်၊ စင်အောက်က ဆင်းရိုက်လိုက်၊ ဘေးနားက တမာပင်ပေါ်ပဲ မတက်တာ ကျန်တော့တယ်။ ခုလို သီချင်းဆိုရင်း ဓာတ်ပုံရိုက်တာဆိုလို့လည်း ဒီသကောင့်သားတွေပဲ ရှိတာဆိုတော့ အားလုံးက အထူးအဆန်းနဲ့ပေါ့။
အိုက်တင်တွေ အပြည့်နဲ့ အမှန်အကန်ကို သီချင်းတစ်ပုဒ်လုံး ဖျော်ဖြေသွားတာ။ အားလုံးကလည်း သဘောတွေ ကျလို့ပေါ့ (ကြိတ်ကြွေနေတဲ့ ကောင်မလေးတွေဆို လက်ခုပ်တီးတာ လက်တွေတောင် နာတယ်ဆိုပဲ)။ အတန်းပိုင်ဆရာ လူပျိုသိုးကြီးကတောင် “ ဒီကောင်တွေ ဒါလည်းဖြစ်တာပဲဟ ” ဆိုပြီး ပြုံးပြုံးကြီး ကြည့်နေသေးတာ။ စက်ဆရာလည်း အိမ်သာထဲကနေ ကိစ္စဘယ်လိုရှင်းပြီး ထွက်လာတယ် မပြောတတ်ဘူး၊ သူ့စက်ဘေးနားမှာ အူယားဖားယား ပြေးလာပြီး ထိုင်ရပါလေရော။ သီချင်းလည်း ဆိုပြီးရော ဆုတော်ငွေလာချ တာတွေကို ဖတ်တယ်။ အံမယ် .. “တကယ့်ကို အမည်မဖော်လိုသူက ဘယ်လောက်ပါ ဘာညာ” ဆိုပြီးတောင် ပါလာသေးတာ။ အမည်မဖော်လိုသူ ဆိုတာတောင် အမည်မဖော်လိုသူ ၁၊ အမည်မဖော်လိုသူ ၂ စသည်ဖြင့် စီနီယာအစဉ်လိုက် လာသေး။ စာရင်းချုပ်လိုက်တော့ ၂ ရက်စာလောက် လက်ဖက်ရည်ဖိုး ကျန်တယ်။ အဲဒီနေ့ကလည်း အိမ်ပြန်ထမင်းမစားကြဘဲ ကျောင်းထဲက ဆရာမတွေ ရောင်းတဲ့ ဆိုင်မှာ အားပေးပြီး ခုံတန်းတွေပေါ်မှာ တရေးတမော မှေးကြတာပေါ့။ အားလုံးကလည်း ပျော်နေကြတာ။ စက်ကိုင်တဲ့ စက်ဆရာကတောင် နောက်နေ့ အလကားဆို၊ ပိုက်ဆံမယူဘူး ဆိုပြီး ဖြစ်လာသေး။
ပြသနာက ဓာတ်ပုံကိစ္စမှာ တက်တာပဲ။ သီချင်းမဆိုခင်တုန်းက ဓာတ်ပုံရိုက်ထားတာတွေရယ်၊ ကျောင်းထဲက ကောင်မလေးချောချောတွေကို ခိုးရိုက်ထားတာရယ်နဲ့ တကယ်စင်ပေါ်မှာ ဆိုနေတဲ့ အချိန်ကျတော့ ဖလင်က ကုန်နေပြီ။ ရှားရှားပါးပါး တစ်ပုံစာပဲ ကျန်တာ။ ဓာတ်ပုံရိုက်ပေးတဲ့ သူငယ်ချင်းကလည်း အဲဒီတစ်ပုံတော့ ရိုက်လိုက်ပြီး ကျန်တာတွေတော့ သူငယ်ချင်းတွေ စိတ်မကောင်းမဖြစ်ရလေအောင် ဖလင်မပါဘဲ ဖလက်တွေချည်းပဲ ဖွင့်ပြီး ရိုက်ပေးလိုက်တာ။ ရိုက်ထားတဲ့ တစ်ပုံကျတော့လည်း ကာရာအိုကေ ဆိုတဲ့ ဆိုင်းဘုတ်လေးရှေ့မှာ သူငယ်ချင်း ၅ ယောက် ခေါင်းချင်းဆိုင်ပြီး တိုင်ပင်နေတာလား၊ မိုက်လုနေတာလား မပြောတတ်ဘူး။ အဲလို အနေအထားမျိုး။ ဘယ်သူမှ မျက်နှာတောင် ကောင်းကောင်းမပါဘူး။ နောက်နေ့ ဓာတ်ပုံတွေပြပြီး အိမ်က မိဘတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေကို ကြွားလိုက်မဟဲ့လို့ စိတ်ကူးတွေယဉ်ထားတဲ့ ကျွန်တော်တို့မှာ နေရာတင် ဗိုင်းကနဲ ပစ်လှဲပစ်ချင်စိတ် ပေါက်ကုန်ကြရောပေါ့။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံနဲ့ သက်သေပြစရာ မကျန်ပေမယ့် ပါးစပ်ရာဇ၀င်ထဲမှာတော့ သမိုင်းတွင် ကျန်ရစ်ခဲ့မယ်ထင်ပါတယ်။
တစ်ချိန်တစ်ခါက “ ကျွန်တော်နှင့် ချစ်သောကမ္ဘာမြေ ” ရယ်ပေါ့လေ။ ( အောင်မှူး )
Posted by ကိုဥာဏ်(စက်မှု) at 5:33 PM 4 comments
Friday, December 26, 2008
လေးနှစ်တာ အလွမ်း ….
နှင်းခဲတွေ တဖြုန်းဖြုန်း ကြွေကျနေသော ဒီဇင်ဘာလ၏ ညတစ်ညတွင် ကျွန်တော်သည် ဇာချော့ ( နှုတ်ဖြေ ) စာမေးပွဲ အောင်မြင်ကြောင်း လက်မှတ်ထိုးပေးရန် ရှိသည်ကို ထိုးမပေးသေးဘဲ အမျိုးမျိုး အိုက်တင်ခံနေသည့် ဆရာအား အောင်မြင်စွာ စည်းရုံးကာ လက်မှတ်ထိုးစေခဲ့ပြီးနောက် စိတ်လက်ပေါ့ပါးစွာဖြင့် အဆောင်သို့ ပြန်ရောက်လာခဲ့ကာ ဂျီတော့ ပေါ်သို့ ခဏတက်မိလေစဉ် ….. မိတ်ဆွေကြီး အောင်မှူးအား မိစ္ဆာကြီးတစ်ကောင် အလား ငုတ်တုပ်ကြီး တွေ့လိုက်ရလေသည်။ အောင်မှူးကား မသေသေး။ အသက်ငင်နေရုံသာ ရှိသေးသည် ဖြစ်ရကား သူ၏ ဂျီတော့ ကာစတန် မက်ဆေ့ခ်ျ ဘောက်ထဲတွင် အောက်ပါ အူကြောင်ကြောင် ကဗျာကို တင်ထားလျှက် ငေါင်စင်းစင်း ရှိနေလေသည် -
ပဲကိတ် တစ်ကိုက်၊
ကော်ဖီ တစ်ကြိုက်၊
လန်ဒန် တစ်ရှိုက်နဲ့
ငါးနှစ်စာ စာမျက်နှာတွေ
ရင်မှာ တည်နေမြဲ
ကျောင်းတော်ရေ …. ။ ( အောင်မှူး )
မိတ်ဆွေကြီးအောင်မှူးနှင့် စကား အချီအချ ပြောပြီးသည်၏ နောက်တွင် ကျွန်တော်၏ စိတ်အစဉ်တို့သည် လွန်လေပြီးသော အတိတ်ဆီသို့ ပြန်ရောက်သွားလေတော့သည်။ လွန်ခဲ့သော ၉ နှစ်ခန့်၏ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျွန်တော်တို့သည် အရပ်သားဘ၀မှ စစ်သားဘ၀သို့ စတင် ကူးပြောင်းခဲ့ကြလေသည်။ ကျောင်းသို့ ရောက်ရှိသတင်းပို့ပြီးသည်နှင့် ပထမဆုံးတွေ့ကြုံရသည်ကား ဆံပင်ညှပ်ခြင်းပေတည်း။ အပြင်အရပ်သား ကျောင်းသားဘ၀တုန်းက မှန်ရှေ့တွင် တသသလုပ်ခဲ့ကြသည့် ဆံပင်လေးများသည် လက်မောင်းတွင် သုံးရစ် တပ်ထားသော ဆံပင်ညှပ်ဆရာတပ်ကြပ်ကြီးများ၏ လက်ချက်ကြောင့် ကြွေကျ မြေခကုန်ရလေသည်။ ထိုစဉ်က ကျွန်တော်တို့သည် စစ်တပ် ရာထူး အခေါ်အဝေါ်တို့နှင့် မရင်းနှီးသေးသောအချိန်ဖြစ်ရာ တပ်ကြပ်ကြီးကို ဆရာကြီးဟု ခေါ်ရကောင်းမှန်း မသိသေးသည်ဖြစ်ရကား “ ဦးလေးကြီး ကျွန်တော့်ကို ထုံချိုင်းကေလေး ညှပ်ပေးပါ၊ ကျွန်တော့်ကို စည်သူလွင်ကေလေး လုပ်နော်၊ ကျွန်တော့် အလယ်ခွဲလေး မပျက်စေနဲ့နော် ” စသည်ဖြင့် ပြောခဲ့ကြသည်ကို အမှတ်ရမိလေသည်။ ထိုဆရာကြီးတို့ကား ကျွန်တော်တို့ပြောသမျှကို ခပ်ပြုံးပြုံး နားထောင်လျှက် “ ဟာ .. စိတ်ချ ဖြစ်စေရမယ် ” ဟု အာမဘန္ဒေခံပြီးနောက် အပတ်စဉ်တစ်ခုလုံးကို ညှပ်ချလိုက်ကြသည်ကား ရှေ့တစ်လက်မ နောက်ပြောင် ဟု ခေါ်သည့် ဖက်စ်ရီးယားကေများသာတည်း။ ဘ၀ တစ်သက်တာတွင် တစ်ခါမှ ခေါင်းပေါ်မရောက်ခဲ့ဖူးသည့် ထိုဆံပင်ကေ ပုံစံ အသစ်စက်စက်တို့ကြောင့် နဂိုကမှ ခပ်ပြောင်ပြောင် ရှိနေသည့် ကျွန်တော်တို့၏ ရုပ်ရည် ရူပကာများသည် ကာတွန်းရုပ်တွေ၊ ဟာသရုပ်တွေ ဖြစ်ကုန်ရချေသည် တမုံ့။
ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုအဖုံဖုံကို လွန်စွာလှပကြကုန်သော စစ်သူနာပြုမလေးများ၏ ရှေ့မှောက်တွင် လည်းကောင်း၊ ဆူသံဆဲသံ တညံညံဖြင့် လွန်စွာ သိမ်မွေ့ကြကုန်သော စစ်စတားကြီးများ၏ ရှေ့မှောက်တွင် လည်းကောင်း၊ ဒိုးကနဲ ဒေါက်ကနဲ ဇိုးကနဲ ဇက်ကနဲဖြင့် လွန်စွာ အကိုင်အတွယ် နူးညံ့လှကုန်သော အာရ်မီ ဒေါက်တာကြီးများ၏ လက်ထဲတွင်လည်းကောင်း အရှက်ကုန်အောင် အစစ်ခံကြရပြီးသည်၏ နောက်တွင် ကျွန်တော်တို့ ရှေ့တစ်လက်မ နောက်ပြောင်လေးများသည် ပုဆိုးနှင့် အင်္ကျီကို စွန့်ပယ်လျှက် အိုဂျီခေါ် လွန်စွာ နူးညံ့လှသည့် ဇင်စဖျင်ကြမ်း စစ်ဘောင်းဘီ၊ စစ်အကျီတို့ကို စတင်ဆင်မြန်းခဲ့ကြရလေသတည်း။ ထိုစဉ်အခါက ကျွန်တော်တို့ တစ်ဦးနှင့် တစ်ဦး စနောက်ကြသည်ကား “ နောက်ပြောင်ခြင်း သည်းခံပါ ” ဟူလို။ ကျွန်တော်တို့၏ လက်ဦးဆရာကား မည်းသော အသား၊ ကျဲသောသွားနှင့် ၀ဖိုင့်သော ခန္ဓာကိုယ်ပိုင်ရှင် ဆရာခင်အောင် ခေါ် တပ်ကြပ်ခင်အောင် ဖြစ်လေသည်။ ဆရာခင်ကား မျက်နှာထားကို ထာဝစဉ် ခပ်တင်းတင်းထားလျှက် လမ်းမတော်ဖိုးတုပ် စတိုင် ဖမ်းနေသူတစ်ယောက်တည်း။ သူ၏ အပြစ်ရှာနေသော မျက်လုံးပြူးကြီးများ အောက်ဝယ် ကျွန်တော်တို့သည် ကျွမ်းထိုးလိုက်၊ ဖားခုန်လိုက်ဖြင့် ရှိနေခဲ့ရလေသည်။ ကျွန်တော်တို့အား စစ်တပ်နှင့် စတင်မိတ်ဆက်ပေးခဲ့သူ လက်ဦးဆရာဖြစ်ရာ ကျွန်တော်တို့တတွေ ဘယ်သောအခါမျှ မမေ့နိုင်ပေ။ ဆရာခင်ကား အမိန့်ကို တိကျစွာနာခံတတ်သူ စစ်သည်တော်ကောင်းတစ်ဦး ပီသစွာပင် ကျွန်တော်တို့ တပည့်ဗိုလ်လောင်းများအား မခိုမကပ် ပြင်းထန်စွာ လေ့ကျင့်သင်ကြားပေးခဲ့သူ ဆရာကောင်းတစ်ဦးသာ ဖြစ်ပါတော့သည်။ နောက်ထပ် မမေ့နိုင်သူ ဆရာတစ်ဦးကား ကျွန်တော်တို့ အပတ်စဉ်၏ တာဝန်ခံအရာရှိ ဗိုလ်ကြီး အေးခိုင် ဖြစ်ပါသည်။ သူ့တွင် အံသြဖွယ်ကောင်းသော မှတ်ဥာဏ်ရှိလျှက် ယခုအထိ ကျွန်တော်တို့ တစ်ယောက်ချင်းစီကို မှတ်မိနေလေသည်။ သူသည် တရုတ်စစ်ပညာရှင်ကြီး စုန်ဇု အကြောင်းကို အမြဲလိုလို ပြောပြလေ့ရှိသဖြင့် ကျွန်တော်တို့က သူ့ကွယ်ရာတွင် စုန်ဇုဟု နာမည်ပြောင် ခေါ်ကြ၏။ သူတို့ကား စစ်ကျောင်းမှ ဆရာကောင်းများ ပီသစွာ ကျွန်တော်တို့ တပည့်ဗိုလ်လောင်းများအား တစ်စက်မှ ခိုကပ်မနေစေဘဲ ပညာကုန် သင်ကြားပေးခဲ့သူများ ဖြစ်လေသည်။
ဗိုလ်လောင်း အဆောင်အယောင်အပ်နှင်းပွဲ ခေါ် ဒေါက်တင်ပွဲမတိုင်မီအထိ သုံးလတာကာလသည် စစ်ပညာ အခြေခံ လေ့ကျင့်ရေး (under training) ကာလဖြစ်ပေရာ ထိုသုံးလအတွင်း ကျွန်တော်တို့သည် အဆိုပါ ဆရာသမားနှစ်ယောက်၏ လက်တွင်းသို့ သက်ဆင်းနေရလျှက် တပ်ပြင်ထွက်ခွင့် မရှိ၊ မိဘ ဆွေမျိုး ချစ်သူ ရည်းစားများနှင့် ဆက်သွယ်ခွင့်မရှိ၊ အပြင်မှ မုန့်ပဲသရေစာ ၀ယ်စားခွင့်မရှိ ဟူသော မရှိသုံးပါးနှင့် မိတ်ဆက် နေကြရကုန်လေသည်။ ကျွန်တော်တို့သည် ထိုဆရာနှစ်ဦးကိုသာ နာမည်ပြောင်ပေးကြသည် မဟုတ်ဘဲ စစ်ရေးပြ သင်သည့် ဆရာကြီးများကို နာမည်ပြောင် အမျိုးမျိုးပေးထားကြလေသည်။ ဥပမာအားဖြင့် အသံကျယ်ကျုယ် စူးစူးဖြင့် စစ်ရေးပြ သင်လေ့ရှိသူ၊ အရပ်ပုသလောက် လွန်စွာ အရစ်သန်လှသူ တပ်ကြပ်ကြီး သန်းငွေ ကို ပုရစ်၊ ရခိုင်သံဝဲ၀ဲဖြင့် စကားပြောတတ်သူ အရာခံဗိုလ် ဆရာကြီး ရွှေသာဖြူ အား ရခိုင်ကြီး စသည် ဖြင့် သူတို့ ကွယ်ရာတွင် နာမည်ပြောင် မျိုးစုံ ခေါ်ဝေါ်တတ်ကြလေသည်။ အဆိုပါ ဆရာကြီးတို့ကား ကျွန်တော်တို့ တတွေ ဗိုလ်လောင်းဘ၀တွင် တစ်စက်ကလေးမှ အလျှော့မပေးပဲ ပေါင်ကြား ချွေးယိုသည်အထိ စစ်ပညာကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးနောက် ကျွန်တော်တို့တတွေ ကျောင်းဆင်း၍ အရာရှိများ ဖြစ်လာကြသောအခါ သူတို့သင်ကြားပေးခဲ့သည့် တပည့် ဗိုလ်ကြီးများအား ခြေစုံရပ်ကာ သတိမတ်နေအောင် ဆွဲလျှက် အလေးပြုခဲ့ ကြသူများဖြစ်လေရာ ထိုကဲ့သို့သော အာစရိယကြီးတို့အား မည်သည့်အခါတွင် မေ့နိုင်အံ့နည်း။ ဆရာပုရစ်ကား စစ်ရေးပြ သင်ပြီဆိုလျှင် “ ဆရာကြီးကတော့ တစ်ပြားမှ မလျှော့ဘူး၊ တစ်ပြားမှ မလျှော့ဘူး ” ဟူသော သူ့လက်သုံးစကားကို တွင်တွင်သုံးလေသည်။ ဆရာစားမချန်၊ ပညာကုန်သင်ပေးမည်ဟု ဆိုလိုကြောင်း သိသော် လည်း ကျွန်တော်ကား လျှာအငြိမ်မနေနိုင်သူ ဖြစ်လေရာ သူ့စကား နောက်ကနေ လိုက်ပြီး “ ဒိုဘီဖိုး အကြွေးတွေကိုလား ဆရာကြီး ” ဟု နောက်ပြောင်မိသဖြင့် စစ်ရေးပြကွင်းကြီးကို ပတ်၍ ဂျွမ်းထိုးနေခဲ့ရ ဖူးလေသတည်း။
ထိုစဉ်ကာလက ဘ၀အမောများကို မိတ်ဆွေကြီး အောင်မှူးကား သူဝါသနာပါရာ ဖြစ်သော အောက်ပါ ကဗျာဖြင့် သရုပ်ဖော်၏။ ခံစားကြည့်ကြပါကုန် -
နံနက်ချိန်ခါ တေးသံသာ
ဆရာခင်ရဲ့ ခရာသံပါ၊
တန်းစီကာ PTပြေး
ဘယ်ညာ၊ဘယ်ညာ သူအော်ပေး။
PTအပြန်မှာ စားရိပ်သာ
ပျော့တူးမနပ် ထမင်းကြော်ပါ၊
ငုံးဥလိုလို ထိုကြက်ဥ
တနေ့တာအတွက် အားအင်စု။
စစ်ရေးပြ နဲ့ ဗျူဟာမှာ
ပုရစ်လေးသန်းငွေ အသံစွာ၊
စွန်ဇု လာရင်သတိထား
အပတ်ကြီးပြေးဖို့ ခြေထောက်တွေယား။
ညစာကြည့်ချိန် မီးပျက်သော်
ကျွန်တော်တို့တွေ အလွန်ပျော်၊
အိပ်ချင်မူးတူး ကင်းသမား
ကယောင်ကတမ်းနဲ့ စကားဝှက်မှား။
ဂျီသရီး(G 3)တလက် ငါးပိဿာ
အမေ့သားမောင် မမှု့ပါ၊
သေနတ်ထမ်းပြီး ဓါတ်ပုံရိုက်
ချစ်သူလေးက ဘဝင်တွေခိုက်
ကိုဥာဏ့်ခမျှာ လက်တွေကိုက်။ ………….(အောင်မှူး)
ဗိုလ်လောင်းဘ၀ အမှတ်တရများကို ရေးမည်ဆိုလျှင် ဗိုလ်လောင်းတပ်ရင်း၏ မင်းသမီးများကို ချန်လှပ် ထားခဲ့၍ မဖြစ်ပေ။ ဟယ် .. ဗိုလ်လောင်းတပ်ရင်းမှာ မင်းသမီးတွေလည်း ရှိသလားဟဲ့ ဟု အံ့သြမသွားကြစေလိုပါ။ အ၀တ်အစား လျှော်ဖွပ်ပြီး ဒိုဘီလာပို့သူ ဆရာကြီးများ၏ သမီးများ၊ ဆောက်လုပ်ဆဲ ဗိုလ်လောင်း အဆောင်များ တွင် အလုပ်လုပ်နေသူ ပန်းရံမလေးများ၊ ညနေဘက်နှင့် စနေ တနင်္ဂနွေ နေ့များတွင် ဈေးလာရောင်းသော ဈေးသည်မလေးများ စသည်တို့သည် မိန်းမ လွန်စွာ ရှားပါးလှသော ဗိုလ်လောင်းတပ်ရင်းတွင် မင်းသမီးများ ဖြစ်နေကြလေသတည်း။ နာမည်ပြောင် လွန်စွာပေးတတ်ကုန်သော ဗိုလ်လောင်းများ၏ စက်ကွင်းတွင် ထိုသူငယ်မလေးများသည်လည်း မလွတ်။ နာမည်အမျိုးမျိုး ရကြကုန်လေသည်။ ဗိုလ်လောင်းတို့၏ နာမည်ပေးကောင်းမှုကြောင့် မဆလာသယ်သူ ပန်းရံမလေးများသည်ပင် ပန်းရံဒေ၀ီ၊ မဆလာကေသီ စသည်တို့ ဖြစ်ကြကုန်လေသည်။ ဆရာကြီးကျော်တင့်၏သမီး ဒိုဘီသည် မည်းကြုပ်ကြုပ်လေးသည်လည်း သက်မွန်တင့်ဟု ကင်မွန်းတပ် ခံရပေ၏။ ဈေးသည်မလေးများမှာလည်း နာမည်ကိုယ်စီနှင့်။ ခုနှစ်မိုင်အေးချမ်းမေ ၊ နိုက်ဂျီးရီးယား သက်မွန်မြင့်၊ ဆယ်မိုင်ဂန္တ၀င် ဆိုတာမျိုးတွေတောင် ပါလိုက်သေးသည်။ သြော် ….. တတ်လည်း တတ်နိုင်ကြပါပေ့။ မိတ်ဆွေကြီး အောင်မှူးကား ပန်းရံဒေ၀ီများကို စပိုက်ဂဲလ်များဟု နာမည်ပေးပြန်၏။ သူကလည်း ခေသူမဟုတ်။ ညနေဘက် ရေချိုးဆင်းချိန်ဆိုလျှင် လေးထပ် အဆောင်များပေါ်က အဆိုပါ မဆလာသယ်နေသူ စပိုက်ဂဲလ်လေးများ မြင်သာအောင် သူ့လက်ဖျံရိုးနှစ်ချောင်းကို ဗလအတင်း ညှစ်ညှစ်ပြ နေတတ်ပေရာ တခါသော် ကျွန်တော်နှင့်ပင် ပက်ပင်းတိုး ခဲ့ဖူးလေသတည်း။
တစ်ချိန်သောအခါက ဤသို့သော ကိုးရို့ကားယား ရယ်စရာ မောစရာများ ပြည့်လျှမ်းလျှက် အပူအပင် အကြောင့်ကြမဲ့စွာ ပညာသင်ကြားခဲ့ရသော အချိန်များကို တစ်ခါတစ်ရံတော့ လွမ်းမိလေသည်။ ထိုစဉ်ကတော့ လွန်စွာ စိတ်ညစ်ညူးဖွယ် ကောင်းလှချည့်ဟု ထင်မှတ်ခဲ့ရသော်လည်း ယခုတော့ ထိုအချိန်များသည် အစားပြန် မရတော့သော လွမ်းမောဖွယ် အတိတ်က အရိပ်တို့ ဖြစ်ကုန်လေပြီ။ သြော် … ဘာလိုလိုနှင့် ထိုသို့သော ဘ၀ အရယ်အမောလေးများနှင့် ခွဲခွာခဲ့ရသည်မှာ လေးနှစ်တောင်ရှိခဲ့ပါပြီကော …..။
Posted by ကိုဥာဏ်(စက်မှု) at 12:43 AM 10 comments
Monday, December 15, 2008
ဆန့်ကျင်ပြောင်းလဲသွားသော ဒေသရပ်ဝန်း
ဗိုလ်ကြီး အဘခေါ်နေတယ်…. ဆရာကြီးတစ်ယောက်လာပြောတာနဲ့ သေချာလို့လား ကျွန်တော် တစ်ယောက်ထဲပဲလား တစ်ခြားတပ်ခွဲမှူးတွေရော မပါဘူးလား..ဆိုတော့ ဟုတ်တယ် မပါဘူး ဗိုလ်ကြီး တစ်ယောက်ထဲပဲခေါ်ခိုင်းလိုက်တာ…ဆိုတာနဲ့ ဟုတ်ပြီလေ အခုပဲလိုက်လာခဲ့မယ် …ပေါ့။ ပြောပြီးတာနဲ့ Equipment ကို သေချာချပ်ချပ်ရပ်ရပ်ဖြစ်အောင် ခါးပတ်ပြန်ပတ် လက်စွဲတော် ပစ္စတိုလေးထည့်လို့ တပ်ရင်းမှူးတဲ ရှိရာဘက်ကိုထွက်လာခဲ့တယ်။ ရောက်တာနဲ့ အလေးပြုပြီး တဲထဲဝင်တာနဲ့ အေး လာကွာ ကိုယ့်ညီကို ဘာလို့ခေါ်တာလဲဆိုတော့ မနေ့က ဗျူဟာ အစည်းအဝေးမှာ ကိုယ့်ကိုညွှန်ကြားလာခဲ့တာ တစ်ခုရှိတယ်။ ဒီ ဗျူဟာလက်အောက်ခံ နယ်မြေ အဆုံးဖြစ်တဲ့ အရိုးတောင်စခန်းကို တပ်ခွဲတစ်ခွဲလွှတ်ဖို့ ….. အဲဒါ ကိုယ့်ဆီမှာ စနစ်ကျကျသေသေ သပ်သပ်လုပ်ကိုင်တဲ့ တပ်ခွဲမှူး လူငယ်ဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာ။ မလွှတ်ချင်ပေမယ့် အခုလို ညွှန်ကြားချက်တစ်ခုအနေနဲ့ လုပ်ရပြီဆိုတော့လည်း မတတ်နိုင်ဘူးပေါ့ ညီလေးရာ။ ဒီတော့ မောနင်းစောစော ဒီကနေထွက်နိုင်အောင်လုပ် အလေးအပင်နဲ့ တစ်ခြားပစ္စည်းတွေထိန်းဖို့ လမ်း သိပ်မလျှောက်နိုင်တဲ့ ဆရာကြီးတစ်ယောက် စစ်သည်တစ်ယောက် ထားခဲ့လိုက်ပေါ့။ ရိက္ခာကို ဟို စခန်းမှာထုတ်လိုက်။ ဟိုရောက်တာနဲ့ ပုံမှန်ဆက်သွယ်မှုယူ။ သီးခြားညွှန်ကြားချက်ကို ဟိုရောက်မှ ကိုယ် ဒီကနေထပ်ပြောမယ်။ ဘာမရှင်းတာရှိလဲ… ဟုတ် မရှိပါဘူး တစ်ခုတော့မေးချင်ပါတယ် အဘ.. ဆိုတော့ အေး မေးပါ.. ကျွန်တော့်တပ်ခွဲ အများဆုံးဘယ်လောက် ဟိုမှာ ကြာနိုင်မလဲ … ဆိုတော့ အလွန်ဆုံးကြာမှ …….. ဒီလောက်ပေါ့ကွာ(လက်ထောင်ပြပါတယ်)။
အလေးပြုပြီး တပ်ရင်းမှူးရဲ့တဲကနေ ဗိုလ်ကြီးဝေလင်းစိုးတစ်ယောက်ပြန်ထွက်လာခဲ့တယ်။ စခန်းကုန်းတစ်ခုလုံး ရေခပ်၊ထင်းသယ်နေသူတွေ ဝါးခုတ်ဝါးသယ်နေသူတွေ ဝါးငုပ်ဝါးချွန်တွေ ချွန်တဲ့သူတွေကချွန်လို့ တစ်ယောက်မှအားမနေကြတာတွေ့ရတယ်။ ဟုတ်တော့လည်းဟုတ်သား ဒီဇင်ဘာလဲထဲကို ချဉ်းနင်းဝင်ရောက်လာပြီဆိုတာနဲ့ ပွင့်လင်းရာသီသတ်မှတ်ပြီပဲ။ စခန်းကုန်းတွေ ခြံစည်းရိုးတွေပြင် ဝါးငုတ်ဝါးချွန်တွေအသစ်ပြန်ခင်းပြီ။ ရန်သူလှုပ်ရှားမှုလည်း ရှိလာတတ်ပြီ။ ဝန်းကျင်တစ်ခွင်လည်း မြူမှုံတွေဆိုင်းတဲ့အခါဆိုင်း၊ နေရောင်ဖျော့ဖျော့လင်းတဲ့အခါလင်းလို့…….. ဟိုးအဝေးတွေကနေ တစ်ခါတစ်ခါ တောကောင်ကြီးတွေအော်သံကြားရတတ်တယ်။ စခန်းကုန်းနဲ့ သိပ်မလှမ်းမကမ်းတောင်စောင်းလျှိုထဲက မျောက်အုပ်တွေဆူညံသံလည်းကြားရတတ်တယ်။ ဒီဒေသကြီးတစ်ခွင်လုံးသာ အဖြူရောင်နယ်မြေကြီးဖြစ်သွားရင် တော်တော်ကို သာယာ ပျော်ရွှင်စရာကောင်းမှာပဲ.. မဟာဗျူဟာလမ်းကြီးက အနောက်ဘက် ကျောက်ကြီးမြို့ကနေ ဟိုးအရှေ့ဘက် ထီးထစောထဒေသ သံလွင်မြစ်က ထိုင်း-မြန်မာနယ်ခြားမျဉ်းအဖြစ်တည်ရှိရာ တစ်ဖက်နိုင်ငံအထိ သွယ်တန်းလို့ ကျောက်ခင်း၊ကတ္တရာလမ်းကြီးဖြစ်သွားရင် လက်နက်ကိုင်မှုတွေ မိုင်းတွေမရှိဘဲ clear ဖြစ်သွားရင် သဘာဝတောထွက်ပစ်စည်းတွေ ဈေးကွက်တစ်ခုရပြီး ဒေသခံ ရွာသူ/သားတွေ ဝင်ငွေကောင်းပြီး ဒေသဖွံ့ဖြိုးလာမှာအမှန်ပဲ လို့ ……. တွေးနေမိခဲ့တယ်။
အခုလိုကျတော့လည်း ရှေ့တန်းမြေက တကယ့်ကိုအေးချမ်းပြီး နေလို့ထိုင်လို့ကောင်းတာပဲ။ တစ်ခြားအပူအပင်တွေ ဘာမှမရှိတော့ဘူး။ တပ်က နောက်တန်းပြန်နားနေတဲ့အချိန် မိမိတို့တစ်တွေ မဟာဝိဇ္ဇာသိပ္ပံ ဘွဲ့လွန်သင်တန်းတွေပြီးလို့ မိခင်တပ်အသီးသီးကို ပြန်ရောက်သတင်းပို့ခဲ့ကြတယ်။ တပ်ရင်းမှူးကတော့ နားလည်ပေးပါတယ်။ တပ်နဲ့ သဟဇာတ ပြန်ကျအောင် နောက်တန်းမှာပဲ တပ်ရေးဗိုလ်ကြီးလုပ်ပြီး နားနားနေနေ နေခဲ့ဖို့ပြောတယ်။ မိမိကိုယ်တိုင်က တပ်နဲ့စစ်သည်တွေနဲ့ အဆက်ပြက်နေခဲ့တာ ၃ နှစ် ၃ မိုးတောင်ကြာခဲ့တာရယ် အခုလို အချိန်အတွင်းမှာ ရှေ့တန်းဆိုတာလည်း ကိုယ့်ဘဝအတွက်မှတ်ကျောက်တစ်ခုဖြစ်အောင် လိုက်ခဲ့မယ်လို့ တောင်းဆိုတာကြောင့် ရှေ့တန်းမြေကို ကျောင်းဆင်းစ ဒုဗိုလ်ဘဝကတည်းက တပ်စုမှူးအဖြစ်နေခဲ့ရတဲ့ မိမိတပ်ခွဲနဲ့ပဲ (အခုတော့) တပ်ခွဲမှူးအဖြစ်ဦးဆောင်ပြီးပါလာခဲ့တယ်။ တောထဲကိုစရောက်ခါစကတော့ တစ်မျိုးဖြစ်နေခဲ့ရတယ်။ ဒီအချိန်ဆို သူငယ်ချင်းတွေနဲ့ အခန်း တစ်ခန်းမှာစုပြီး ဘော့ဒ်ကာသောက်ချင်သောက် ဘောလုံးကန်တဲ့အခါကန် မြို့ထဲသွားတဲ့အခါသွား ကွန်ပျူတာရှေ့မှာထိုင်ပြီး ကမ္ဘာအနှံ့ကိုဖြန့်ကျက် သူငယ်ချင်းတွေနဲ့ချက်တင်တက် မြန်မာပြည်ထဲ ကနေ ချစ်သူတစ်ယောက် အွန်လိုင်းလာတဲ့အခါ ပြက်တောင်းပြက်တောင်းစကားတွေပြောကြနဲ့ ။ နိုင်ငံရပ်ခြားရောက်မြန်မာတို့ထုံးစံအတိုင်း အင်တာနက်တစ်ရက်အဆက်အသွယ် ပြက်သွားတာနဲ့ တစ်နေ့စာပဲ ခေတ်နောက်ကျသွားသလိုလို၊ အပြင်ကနေကိုယ့်နေရာ အခန်းပြန်ရောက်ကြတာနဲ့ ကွန်ပျူတာကိုပဲ တန်းဖွင့်တော့တာ၊ ကိုယ်ပေါ်အဝတ်စားက နောက်မှလဲတယ်ထင်တာပဲ ပြီးတာနဲ့ ကော်နက်ရှင်စယူပြီး ဖြန့်ကျက်ကမ္ဘာပတ်ပြီး ဘာဆော့ဝဲတွေ အသစ်ရောက်လို့ ဘယ်လို update ဖြစ်တဲ့သတင်းတွေများ အွန်လိုင်းမှာ ရောက် နေပြီလဲ……. Antivirus update တွေ download ဆွဲချဖို့တို့ တစ်နေ့တစ်နေ့စုံနေတာပဲ လုပ်စရာတွေကြည့်ပဲ တစ်ခါတစ်ခါ ရှားရှားပါးပါး အွန်လို်င်းတက်လာတဲ့ မြန်မာပြည်ကတို့ ဟိုးအဝေးတစ်နေရာရောက် သူငယ်ချင်းနဲ့တောင် အေးဆေးစကားမပြောဖြစ်ဘူး ………
အခုတော့လည်း အဲဒီ ခေါင်းရှုပ် လုပ်စရာတွေတစ်ခုမှ ခေါင်းထဲမှမရှိတော့ဘူး အချိန်ကျရင်ထမင်းစားကြ ရေချိုးပြီး ဘုရားရှိခိုးပြီး အိပ်ယာဝင် တစ်ခါတစ်လေ ကင်းသမားနားသွား စကားတွေပြော ရေနွေးကြမ်းလေးသောက်လို့ တစ်ခြားတပ်စုတွေဘက်ကို ကင်းတွေလိုက်စစ် နေ့ခင်းဘက်တွေ သီးခြားတပ်ရင်းမှူးခေါ်တာ ထူးခြားကြေးနန်းမရှိတာမျိုးဆို တပည့်တွေနဲ့ ခြံစည်းရိုးတွေကူကာ ဝါးတွေဖြတ်တောက် လက်တွေလည်း ရှပြီး အရေပြားအစင်းတွေ ထင်းလို့။ ရန်သူလှုပ်ရှားမှုသတင်းမရသရွေ့အေးချမ်းလို့။ တကယ်ကို စိတ်အေးချမ်းလိုက်တဲ့ဖြစ်ခြင်း။ ဒုဗိုလ်ဘဝတုန်းကပြောရဆိုရတာထက် ဟော အခု Captain ဘဝ တပ်ခွဲမှူးအဖြစ်ပြောရဆိုရတာက ပိုပြီးလေးနက်လာတယ်။ ပိုပြီးလည်းလေးစားလာကြသလိုပဲ။ ကိုယ့်ထက်အသက်ရော ဝါရော အတွေ့အကြုံရော အများကြီးတဲ့ ဆရာကြီးတွေ ဆရာတွေ ကိုယ်တိုင်ကလည်း တလေးတစား ညှိနှိုင်းတိုင်ပင်လို့ မေးမြန်းလို့ ပြောပြလို့ ကိုယ့်တပ်ခွဲက ရဲဘော်ရဲဘက်တွေကို ပျော်အောင် စိတ်အပူကင်းအောင် ဝိုင်းဝန်းအကြံပေးကြ ဆွေးနွေးကြနဲ့။ သူတို့တွေ့ရဲ့ စစ်သက်တစ်လျှောက် တိုက်ပွဲတွေ ပင်ပန်းဆင်းရဲမှုတွေ ကြမ်းတမ်းမှုတွေ ပြောပြကြ တကယ်ကို စစ်သားဘဝအနှစ်သာရတွေ လေးလေးနက်နက်ရလာခဲ့ပြီလေ…………………………..။ ညည တစ်ခါတစ်ခါလည်း အွန်လိုင်းကနေ ဟိုဘက်ခန်း ဒီဘက်အခန်း စကြနောက်ကြတဲ့ အချိန်အခါလေးတွေ ဖျက်ခနဲသတိတော့ရမိသား။ မိမိနဲ့ စကားအခြေအတင်များပြီး ပျဉ်းမနားရဲ့ ရေဆင်းတက္ကသိုလ်မှာ camp ဝင်နေရင်း ကျန်ခဲ့တဲ့ ချစ်သူကိုလည်း သတိတော့ရမိသား။ အင်းလေ.. သတိရတာအသာထားလို့ ဆရာကြီးခေါ်ပြီး မနက်ဖြန် ခရီးတစ်ခေါက်အတွက် လူလေး လက်နက်လေး ထုတ်နှုတ်ပြင်ဆင်ပြီး တိုင်ပင်စရာ ရှိတာလေးတွေတိုင်ပင်လို့ ကြိုတင်ပြင်ဆင်ဦးမှ ပါလေ….
(ဆက်လက်ဖော်ပြပါမည်….. အချိန်ကန့်သက်ချက်ကြောင့် နားလည်ပေးနိုင်ကြပါစေ)
@@@ နေလွမ်းသူ
Posted by ကိုဥာဏ်(စက်မှု) at 12:14 PM 4 comments
Tuesday, December 9, 2008
အံချော်သွားသော ဇစ်တစ်ချောင်း၏ ရာဇ၀င်
နိုဝင်ဘာ လလယ်ကျော်သည်နှင့် ဇိမာ ဟု ခေါ်သော ဆိုးဝါးပြင်းထန်သည့် ရုရှဆောင်းရာသီ စတင်လေပြီ။ ရေခဲမှတ်အောက် ၄၀ ဒီဂရီ နီးပါးအထိ အေးတော့မည့် ရုရှဆောင်းဥတု၏ ရှေ့ပြေး နိမိတ် အဖြစ် ဆီးနှင်းတို့ အခဲလိုက် အပြွတ်လိုက် တစ်ပတ်ခန့် ကျဆင်းပြီးနောက် ထူးဆန်းစွာ ပြန်လည် ခြောက်သွေ့သွားပြန်သည်။ နှင်းခဲတွေ လမ်းပေါ်ဖုံးနေစဉ်ကတော့ လက်တွေထုံကျင် ကိုက်ခဲနေလောက်အောင် ချမ်းအေးလှပြီး နှင်းခဲတွေ ရုတ်တရက် ပျော်ဆင်းသွားတော့ အနည်းငယ် အချမ်းပေါ့သွားပြန်သည်။ လူသားများနှင့် လိုက်တုပြီး ရာသီဥတုကလည်း တဖြည်းဖြည်း ပေါသွပ်သွပ် ဖြစ်လာဟန်တူ၏။ ၂၀၁၂ တွင် ကမ္ဘာပျက်မည်ဆိုသည့် သတင်းကို သူလည်း ခပ်သဲ့သဲ့ ကြားထားပြီ ထင်သည်။ တော်ကြာ နှင်းကျလိုက် တော်ကြာ မိုးရွာလိုက်နှင့် အမျိုးမျိုး မျက်လှည့် ပြနေပေတော့ရာ ဘယ်လို အနွေးထည်မျိုး ၀တ်ပြီး ကျောင်းသွားရမည် ဆိုသည်ကိုပင် အတော် စဉ်းစား ယူရသည့် အခြေအနေ ဖြစ်နေလေသည်။ အနွေးထည် ခပ်ထူထူ ၀တ်သွားသည့် နေ့ဆိုလျှင် အချမ်းပေါ့ နေသည်နှင့် တိုးပြီး ချွှေးတွေပြန်လာတတ်သကဲ့သို့ ခပ်ပါးပါး ၀တ်သွားသည့်နေ့ဆိုလျှင် လက်တွေ ထုံကျင်၊ နားရွက်တွေ ထူပူ၊ နှာခေါင်းတွေ နီရဲ စသည်ဖြင့် အအေး ပြင်းထန်သည့် နေ့မျိုးနှင့် ကြုံတွေ့ရပေရာ အတော်လေးတော့ ကိုးရို့ကားယား နိုင်လှသည်ဟု ထင်မိလေသည်
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်နှစ်ရက် ဘယ်မှ မသွားဖြစ်ဘဲ အခန်းအောင်းပြီးနောက် ရုရှတွေပြောသော ကျီရှောလီးဂျိန်း ( လေးလံသောနေ့ ) ဟူသည့် တနင်္လာနေ့တွင် အဓိက လုပ်ငန်းတာဝန်ဖြစ်သည့် ကျောင်းတက် စာသင်ရန် အလို့ငှာ အိပ်ယာမှ အတင်းလူးလဲ ထရလေသည်။ အခန်းထဲက ဟီတာက ကောင်းကောင်း အလုပ် မလုပ်သဖြင့် မော်စကိုဆောင်းသည် ကျွန်တော့်အတွက် ပြင်ဦးလွင် မနက်ခင်း ကဲ့သို့ ဖြစ်နေလေရာ ချမ်းချမ်း စီးစီးဖြင့် အိပ်ယာထဲတွင် ကွေးရ်ျ အလွန်ဇိမ်ရှိလှသော်လည်း မသွားလျှင်လည်း မဖြစ်သောကြောင့် မျက်စိ တစ်ဖက်က ပိတ် မျက်စိတစ်ဖက်က ဖွင့်ဖြင့် ကျောင်းသွားရန် ပြင်ဆင်ရလေသည်။ ပြင်ဆင်သည်ဟု လူကြား ကောင်းအောင် ဆိုရသော်လည်း အထူးတလည် ဘာမှ လုပ်စရာ လိုသည်မဟုတ်။ အ၀တ်အစား ကောက်လျှိုပြီး မှတ်စုစာအုပ် နှင့် ဘောလ်ပင်ကို ကဗျာကယာ ဆွဲလျှက် ထွက်ရုံသာ ဖြစ်လေသည်။ မနက်စာလား ……။ မစားရတာ ကြာလို့ စာလုံးပေါင်းတောင် မေ့တေ့တေ့ ဖြစ်နေလေပြီ။ တစ်ပိသာလောက် လေးမည့် ဂျာကင် အထူကြီးကို ကောက်လျှိုပြီး အခန်းထဲက ထွက်တော့မည် ဆိုမှ သတိရသည်။ ဒီနေ့ ဓာတ်လှေကားဘာသာရပ် ဇာချော့ ( နှုတ်ဖြေ ) ရှိသည်ပဲ။ လုပ်ထားသည့် ပရောဂျက် ပုံကြီးနှစ်ပုံကို ရှေ့ချပြီး ဆရာမေးသမျှ ကြိုးစားဖြီး အဲလေ ကြိုးစားဖြေ ရဦးပေတော့မည်။ နာရီကိုကြည့်လိုက်မိတော့ ကျောင်းတက်ရန် ၁၅ မိနစ်လောက်သာ လိုတော့သဖြင့် ပုံဆွဲစက္ကူကြီးနှစ်ရွက်ကို ကဗျာကယာ လိပ်ကာ ချိုင်းကြား ညှပ်လျှက် ဖို့ရိုးဖားရား စတိုင်ဖြင့် အပြေးတပိုင်း ထွက်ရလေသည်။
အဆောင်အောက်ဆုံးထပ်သို့ ရောက်သောအခါ ဘေးလွယ်အိတ်က တရွတ်တိုက်ဆွဲလျှက်၊ လက်ထဲမှာလည်း မှတ်စုစာအုပ်က တစ်ဖက်၊ ကျောင်းသားကဒ်က တစ်ဖက်ဖြင့် ပုံဆွဲစက္ကူလိပ်ကြီးကို ချိုင်းကြား ညှပ်ထားသော ကျွန်တော်၏ ဖို့ရိုးဖားရား စတိုင်ကို ကြည့်ပြီး စက်ကျူရတီ အဖိုးကြီးပင် ပြုံးဖြီးဖြီး ဖြစ်သွားလေသည်။ အဆောင်တံခါးမကြီးကို ဆွဲဖွင့်ပြီး အပြင်သို့ ခြေချမိတော့ ကိုးရို့ကားယား ရာသီဥတုက ဆီးကြိုလေသဖြင့် ငိုချင်စိတ် ပေါက်သွားမိလေသည်။ ဘယ့်နှယ် …. ရေခဲမှတ်အောက် ရောက်နေသည့် ဆောင်းရာသီကြီးမှာ မိုးက သည်းသည်းမည်းမည်း ရွာနေရတယ်လို့။ အပေါ်ပြန်တက်ပြီး ထီးယူလျှင်လည်း အချိန်က မမှီတော့ သဖြင့် မိုးရွာထဲမှာပဲ ဇွတ်တိုးသွားရန် ဆုံးဖြတ်လိုက်ပြီး စက္ကူလိပ်ကြီးကို ရင်ဘတ်ထဲ ထိုးထည့်လျှက် ဂျာကင်အကျီဇစ် ကို ဆွဲပိတ်လိုက်သည်။ “ ဗြိ … ” ဟာ … သွားပြီ။ အရေးအကြောင်းဆို မိတ်အင်ချိုင်းနားတို့ ဒုက္ခပေးလေပြီ။ ဇစ်က အံချော်သွားပြီး ဘယ်လိုမှ ဆွဲပိတ်လို့ မရ။ ဆွဲပိတ်လိုက် အပေါ်နားရောက်ခါနီးလျှင် ပြန်ပွင့်သွားလိုက်နှင့် တစ်ယောက်တည်း ရွာလည်နေသည်မှာ ဘယ်ဘ၀က အကုသိုလ်မှန်းတော့ မသိ။ အတော်လေးတော့ ပျားတုပ်လေ၏။ မတတ်နိုင်။ ရပ်ပြီး ကြိုးစားလို့မရရင် လမ်းလျှောက်ရင်း ကြိုးစားကြည့်မည်ဟု စိတ်ပိုင်းဖြတ်ကာ မိုးရေတွေထဲ တိုးဝင်လျှက် လမ်းလျှောက်ရင်းမှ အံချော်သွားသော ဇစ်ကို ပြန်ကောင်းလာနိုးနိုးဖြင့် ဆွဲစိလိုက် ပြန်ဖွင့်လိုက်လုပ်ရင်း ငိုက်စိုက် ငိုက်စိုက်ဖြင့် ချီတက်နေစဉ် ဘေးနားမှ ပန်းလေးတစ်ပွင့် ကျွန်တော့်ကို ဖြတ်ကျော် သွားသည်ကို တွေ့လိုက်ရလေသည်။
အံချော်သွားသော ဇစ်ကို ကြိုးစားတပ်နေရင်းမှ စက္ကူလိပ်ကြီးကိုလည်း ရေစိုမသွားစေရန် ရင်ဘတ်နှင့် အတင်းဖိကပ်ထားရသဖြင့် ကိုယ့်ဒုက္ခနှင့်ကိုယ် ပျားတုပ်နေသော်လည်း ဗီဇက ဖျောက်မရသည်ဖြစ်ရာ မျက်လုံး အသာလှန်လျှက် ကျော်တက်သွားသော ပန်းပွင့်ကလေးအား လှမ်းရှိုးလိုက်မိလေသည်။ ဒူးဆစ်အထိ ရှည်သည့် သားရေ ဖိနပ်ရှည်ကြီးကို စီးထားကာ ဂျင်းဘောင်းဘီ ခပ်ကျပ်ကျပ်ကို ဖိနပ်အပေါ်နားတွင် ခေါက်တင်ထားပြီး ခေါင်းစွပ်ပါသည့် သားရေဂျာကင်ကို ၀တ်ထားသော လှပျိုဖြူ ကျောင်းသူလေး တစ်ဦးပါတကား။ တကိုယ်လုံး ရှိသမျှ အကုန်လှုပ်ခါပြီး ဘောက်ဆတ် ဘောက်ဆတ်ဖြင့် လျှောက်လှမ်းနေသည်မှာ လေထဲတွင် လွင့်မြူး နေသော စက္ကူဖဲပြားလေးနှင့်ပင် တူနေပေသေးတော့သည်။ သို့သော် ကျွန်တော် စိတ်ဝင်စားသွားမိတာက ပန်းပွင့်လေး၏ အလှတရားကို မဟုတ်။ ရော့ကတ်လိုလို၊ လောင်ချာလိုလို စတိုင်ဖြင့် သူကလေး၏ ကျောတွင် ကပ်လွယ်ထားသော ပုံဆွဲစက္ကူလိပ် ထည့်သည့် ပလက်စတစ် ဗူးကိုသာ ဖြစ်လေသည်။ သူလည်း ဒီနေ့ ဇာချော့ ရှိဟန်တူ၏။ ဇာချော့ ဖြေရမည့်သူ အချင်းချင်းပဲ .. အကူအညီတောင်းကြည့်ဦးမှပဲလေ ဟု တွေးမိကာ ကျော်တက်သွားသော သူမကို အမှီလိုက်ရန် လမ်းလျှောက်နှုန်းကို မြှင့်လိုက်ပြီး ခပ်သွက်သွက်ဖြင့် နောက်ကနေ လိုက်မိလေသည်။
ရှေ့က လျှောက်နေသော သူမကို မှီရန်အတွက် ခပ်သွက်သွက် လျှောက်လာသော ကျွန်တော့်ခြေသံများကို ကြားရရ်ျ ထင့်။ ဘောက်ဆတ်မလေးက တစ်ချက်လှည့်ကြည့်လေသည်။ အကူအညီတောင်းလို့ကောင်းအောင် ဟူသော သဘောဖြင့် ဟီးကနဲ ပြုံးပြမိသည်။ ဤသို့ လောကွတ်သဘောဖြင့် ပြုံးပြသည်ကိုပင် သူကလေးက ဘယ်လို အတွေးပေါက်သွားသလဲ မသိ။ ခေါင်းကို ချာကနဲ ပြန်လှည့်သွားကာ အမြန်နှုန်းကို ပိုတင်လျှက် ခပ်သွက်သွက် လျှောက်လေတော့သည်။ ကျွန်တော်က နောက်ကနေ အတင်းလိုက်လေ၊ သူက ခပ်သွက်သွက် ပိုလျှောက်လေဖြင့် မိုးရွာထဲတွင် ပြေးတန်းလိုက်တန်း ကစားနေသကဲ့သို့ ရှိနေပေတော့ရာ ကျွန်တော့်မှာ ရယ်ချင်သလိုလို ငိုချင်သလိုလို ဖြစ်ရလေသည်။ မနက်အစောပိုင်း ဖြစ်သဖြင့် လမ်းသွာလမ်းလာလည်း မရှိသလောက် ရှင်းနေသည်ဖြစ်ရာ တစ်မျိုးထင်လျှင်လည်း ထင်ချင်စရာတည်း။ ဒီလိုသာ ပြေးတန်းလိုက်တန်း ကစားနေရရင် ရင်ဘတ်ကြားထဲက ပုံဆွဲစာရွက်တွေတော့ မိုးရေစိုကုန်တော့မှာပဲ … မဖြစ်သေးပါဘူး .. ပါးစပ်က လှမ်းအော်မှဖြစ်တော့မယ်ဟု စိတ်ပိုင်းဖြတ်လိုက်ကာ နောက်ကနေ အပြေးတပိုင်း လိုက်ရင်းမှ “ ဂျယ်ဘူရှကာ .. ဂျယ်ဘူရှကာ ( မိန်းကလေး .. မိန်းကလေး ) ” ဟု အတင်း အော်ခေါ်ရလေသည်။ ထိုအခါကျမှ မချောက ရုတ်တရက် ရပ်လိုက်ပြီး “ ဘာလဲ ” ဟု ပြန်မေးလေတော့သည်။ ကျွန်တော့်မှာ ဒီလိုလည်း တစ်ခါမှ မဖြစ်ဖူး၊ တစ်ခါမှလည်း အကူအညီမတောင်းဖူးသဖြင့် မြန်မာပီပီ အားနာစိတ်ကလည်း မွှန်ထူလျှက်ရှိရာ စကားကို လိမ့်ပတ်လည်အောင် မပြောနိုင်တော့ပဲ ရင်ဘတ်ကြားထဲက စာရွက်လိပ်ကို ဆွဲထုတ်လျှက် “ ကျေးဇူးပြုပြီး ဒါလေးကို မင်းရဲ့ စာရွက်လိပ်ထည့်တဲ့ ဗူးထဲမှာ ထည့်ခဲ့ပေးလို့ ရမလား၊ ငါလည်း ဇာချော့ သွားဖြေမလို့ ” ဟု သာပြောလိုက်ရလေသည်။
ဒါတောင် ကောင်မလေးက ကျွန်တော်လှမ်းပေးလိုက်သော စာရွက်လိပ်ကို ချက်ချင်း မယူသေးဘဲ စဉ်းစား သလိုလို ဘာလိုလို အထာကိုင်နေသေးသည်။ သူ့ကို အကူအညီတောင်းမှပဲ စာရွက်လိပ်က မိုးရေ စိုရတော့မည့် ပုံတည်း။ ထို့ကြောင့် မျက်နှာကို သနားစရာအကောင်းဆုံး ဖြစ်အောင် ဒီဂရီ တင်လိုက်ပြီး “ ပတ်ရှာလူစတာ ” ဟူသော စကားလုံးကို ဆယ်ခါလောက် ပစ်သွင်းလိုက်ရလေသည်။ ထိုစကားလုံးကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရလျှင် ( ကျေးဇူးပြုရ်ျ ) သို့မဟုတ် ( ကယ်တော်မူပါ ) ပေါ့။ ယခု ကျွန်တော့် အဖြစ်ကတော့ ဒုတိယ အဓိပါယ်နှင့် ပိုသင့်တော်မည်ထင်၏။ နောက်ဆုံးတော့ ကောင်မလေးက သနားသွားသလား မသိ။ ကျွန်တော့်ကို gangster တစ်ယောက်အား ကြည့်သည့် အကြည့်မျိုးဖြင့် ကူလီကူမာ တစ်ချက် ကြည့်လိုက်ပြီး “ ပေး .. စာရွက်လိပ် ” ဟု ဆိုကာ ကျွန်တော့်လက်ထဲက စာရွက်လိပ်အား ဆွဲယူကာ သူမ၏ စာရွက်လိပ်များ ထည့်ထားသော ကျောပေါ်က ဗူးထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် ဘာမှ ဆက်မပြောတော့ပဲ နှုတ်ခမ်းကို ရှေ့သို့ တစ်တောင်လောက် ချွှန်လိုက်ကာ ဘောက်ဆတ် ဘောက်ဆတ်ဖြင့် ဆက်လျှောက်သွားလေသည်။ ကျွန်တော်လည်း ထိုအခါကျမှ သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး သူမ၏ ဘေးမှအသာ ခပ်ကုပ်ကုပ်ကလေး ကပ်လိုက်သွားရလေသည်။
မဒီလေး၏ ဘေးမှ ကပ်လျှောက်လာရင်းမှ ကျွန်တော်သည် ပိုက်ဆံ မပေးရသော အလုပ်ကို လုပ်မိလေသည်။ တလွဲတချော် မတွေးကြပါကုန်နှင့်။ ပိုက်ဆံမပေးရသော အလုပ်ဆိုသည်မှာ စိတ်ကူးယဉ်ကြည့်မိခြင်း ကိုသာ ဆိုလိုပါသည်။ ဘေးတိုက်မြင်နေရသော ကောင်မလေး၏ မျက်နှာလှလှလေးကို ခိုးခိုး ငေးမိရင်းမှ စိတ်ကူးတွေ တစ်သီကြီး ယဉ်ပစ်လိုက်လေသည်။ ကောင်မလေးက တော်တော်လည်း လှပါသည်။ ( ရုရှမတွေကိုကြည့်ပြီး ဟိုကောင်မလေးက လှတယ် ဒီကောင်မလေးက မိုက်တယ် စသည်ဖြင့် ပြောမိလျှင် ပြောသူကိုသာ ၀ိုင်းရ်ျ အပြစ် တင်ကြပေလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် အားလုံးလိုလိုက လှနေကြသောကြောင့် ပင်တည်း။ ဤကား စကားချပ် ) ဖတ်ဖူးသမျှ တက္ကသိုလ်နောက်ခံ ၀တ္ထုများထဲက မင်းသမီးနေရာတွင် ထိုကောင်မလေးကို ထားလျှက် ကိုယ့်ကိုကိုယ် မင်းသားနေရာ အတင်းတင်ကာ စိတ်ကူးယဉ်ကြည့်မိရင်းမှ “ တော်တော် ပေါရဲတာပဲ ” ဟု တွေးမိကာ “ ဟိ ” ခနဲ အသံထွက်ပြီး ရယ်လိုက်မိသဖြင့် ကောင်မလေး၏ ဘုရှိုး ရှိုးခြင်းကိုပင် ခံလိုက်ရ လေသည်။
ဤသို့ဖြင့် စာရွက်လိပ် တစ်လိပ်၏ ကျေးဇူးကြောင့် မသိလျှင် စုံတွဲခုတ်လာသလိုလို ဘာလိုလို လူအထင်ကြီးခံရ နည်းလား ဟူသော စတိုင်ဖြင့် ကောင်မလေး ဘေးမှ ကပ်လျှောက်လာရင်းမှ ကျောင်းသို့ ရောက်လာလေသည်။ ကျောင်းအ၀င်ဝက သံတန်းများရှေ့တွင် မဂ္ဂနက်တစ်ကဒ်ဖြင့် ဖြတ်နေစဉ်မှာပင် ကျောင်းတက်သော ဘဲလ် သံကြီးကို ငှက်ဆိုးထိုးသံကြီးသဖွယ် ကြားလိုက်ရလေသည်။ ထိုအခါကျမှ ကောင်မလေးလည်း ပြူးပြူးပြာပြာ ဖြစ်သွားကာ သူ့ကျောပေါ်က ဗူးကို ကဗျာကယာ ဖွင့်လျှက် စာရွက်လိပ် တစ်လိပ်ဆွဲထုတ်ပြီး “ ရော့ ရော့ .. ရှင့်စာရွက်လိပ် မြန်မြန်ယူ ကျမ နောက်ကျနေပြီ ” ဟု ကမူးရှုးထိုး ပြောကာ လှေကားကို အပြေးတက်သွား လေသည်။ ကျွန်တော်လည်း သူမ ထိုးပေးလိုက်သော စာရွက်လိပ်ကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်လျှက် စာသင်ခန်းရှိရာ ခြောက်ထပ်သို့ တက်ရန်အတွက် ဓာတ်လှေကား ဆီသို့ အသော့နှင်ရလေသည်။ လစ်ဖ် သင်သော ဆရာက နောက်ကျလျှင် ပြသနာလွန်စွာ ရှာတတ်ပေရာ သူ့အချိန်ဆိုလျှင် အမြဲတမ်း အပြေးအလွှား ချီတက်ရသည်သာ များလေသည်။ နောက်ကျနေပါသည်ဆိုမှ ဓာတ်လှေကားကလည်း ရန်ကုန်ဘတ်စ်ကား စတိုင်ဖြင့် အထပ်တိုင်းတွင် ရပ်ရပ်နေပေတော့ရာ ကျွန်တော့်မှာ မော်စကိုဆောင်းရာသီ မနက်ခင်းကြီးတွင် ချွေသီးရလေတော့သတည်း။
စာသင်ခန်းရှေ့သို့ ရောက်တော့ ၁၀ မိနစ်နီးပါး နောက်ကျနေပြီ။ ဒီဆရာက သူ့အချိန် ကျောင်းနောက်ကျလျှင် လွန်စွာ စိတ်တိုတတ်သလောက် ကျွန်တော်ကလည်း တစ်ခါမှ စောရောက်တာ မရှိ။ အမြဲနောက်ကျ နေတတ်ပေရာ သူကလည်း ကျွန်တော့်ကို ဆိုလျှင် လွန်စွာ ချစ်လေသတည်း။ ဆူသံ ဆဲသံ တညံညံဖြင့် အမြဲ ကြိုဆိုလေ့ ရှိတတ်ပေရာ ယခုလည်း နောက်ကျနေပြန်လေပြီ။ သို့သော် ဟန်ကိုယ့်ဖို့ ဟူသော သဘောဖြင့် တံခါးကို အသာဆွဲဖွင့်ကာ အပြစ်ကင်းစင်သော အင်နိုးဆန့် ဖေ့စ်လေးထားလျှက် “ ရာ့စ်ရီရှီးကျယ် ဘိုင်ဂျီး ( ၀င်ခွင့်ပြုပါ ခင်ဗျာ ) ” ဟု ခွင့်တောင်းလိုက်ရလေသည်။ ဆရာကား လမ်းမတော်ဖိုးတုပ် ရှုံးလောက်သည့် မျက်နှာထားမျိုးဖြင့် မျက်မှန်ပေါ်က မျက်လုံး တစ်ဝက်၊ မျက်မှန်ထဲက မျက်လုံး တစ်ဝက်ဖြင့် ဘုရှိုး လှမ်းရှိုးပြီးမှ ခေါင်းကို မငြိမ့်ချင် ငြိမ့်ချင် ငြိမ့်ပြလေမှ ကျွန်တော်လည်း စာသင်ခန်းထဲသို့ ခပ်ကုပ်ကုပ် ၀င်ရလေသည်။ ဆရာ အဆူခံရမှာစိုးလို့ အသာလေး ခပ်ကုပ်ကုပ် ၀င်ပါသည်ဆိုမှ အခန်းထဲတွင် ရောက်နှင့်နေသော ဘော်ဘော် ရုရှများက “ ပရိဗျက် ” လာလုပ်နေလေသဖြင့် ပြန်ပြီး လက်ဆွဲ နှုတ်ဆက်လိုက်ရပြန်ရာ “ နောက်ကျနေတာကို သူငယ်ချင်းတွေနဲ့ နှုတ်ဆက်နေသေးတယ် …. နောက်မှ နှုတ်ဆက် .. မြန်မြန် ၀င်ထိုင် ” ဟု လှမ်းအော်သည်ကို ခံလိုက်ရပေသေး၏။ ဆရာကား သူ၏သင်ရိုးညွှန်းတန်းထဲတွင် ကျွန်တော့်အား ဆူပူရန်ကိုပါ တစ်ခါတည်း ထည့်ဆွဲထားသလား မဆိုနိုင်။ တစ်ရက်လျှင် တစ်ခါလောက်တော့ အော်ဟစ် ဆူပူပြီးမှ စာသင်တတ်သူတည်း။
ဇာချော့ ဖြေမည့်သူများ ကိုယ့်အလှည့်နှင့်ကို အသီးသီးဖြေကြရာ ကျွန်တော့်အလှည့်သို့ ရောက်သည်နှင့် ပုံဆွဲထားသော စာရွက်လိပ်ကို ဆရာ့ စားပွဲပေါ်သို့ လှမ်းတင်လိုက်ပြီးနောက် သူမေးမည့် မေးခွန်းများကို ဖြေနိုင်ရန် စိတ်ထဲတွင် စဉ်းစားနေလိုက်လေသည်။ ဆရာကား ဘာမှ မမေးသေးဘဲ မျက်နှာရှုသိုးသိုးဖြင့် ကျွန်တော် တင်ထားသော စာရွက်လိပ်ကို ဖြည်ပြီး စစ်နေလေသည်။ ကျွှန်တော့်မှာ ဆရာ ဘယ်လို မေးခွန်းများ မေးမလဲ ဆိုသည်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်နေရင်းမှ တတ်သမျှ မှတ်သမျှ ဘုရားစာတွေ ရွတ်ကြည့်နေမိလေသည်။ ဆရာက ပုံဆွဲစာရွက်ကို သေသေချာချာ ကြည့်ပြီးနောက် ကျွန်တော့်အား စိမ်းစိမ်းကြီးစိုက်ကြည့်ကာ “ မင်းက ယောက်ျားကြီးပါနော် ” ဟု မေးလေသဖြင့် ကျွန်တော့်မှာ ဆံပင်များ ရုတ်တရက် ထောင်သွားပြီး “ ဒါး သော့ခ်ျနာ ဆာ ( ဟုတ်ကဲ့ အစစ်ကြီးပါ ဆရာ ) ” ဟု ဇဝေဇ၀ါဖြင့် ပြန်ပြောလိုက်ရလေသည်။ ဆရာသည် နှုတ်ခမ်းကို ခပ်မဲ့မဲ့ ပြုံးလျှက်မှ ကျွှန်တော့်အား တရားခံ ၀က်ခြံအတွင်းမှ တရားခံအား တရားသူကြီးက လှမ်းရှိုးသည့် စတိုင်ဖြင့် စိုက်ကြည့်ကာ “ ဒါဆို ပုံဆွဲသူ၏အမည် ဆိုတဲ့ နေရာမှာ နာတာရှာ ဆိုတဲ့ မိန်းမနာမည်ကြီးက ဘယ်ကနေ ဘယ်လို ရောက်နေတာတုန်း ” ဟု ပြန်ပြောလေသဖြင့် ကျွန်တော့်မှာ လန့်ဖြန့်သွားလျှက် ဆရာ့ဘေးသို့ ပြေးကပ်ပြီး ကြည့်လိုက်လေရာ “ ဟိုက် သေပြီ .. ဟို ဂန်းမလေး ငါ့ကို ချောက်ချသွားပြီ ” ဟု လန့်အော်လိုက်မိလေသည်။ ဆရာကား ကျွန်တော်လန့်အော်လိုက်သော မြန်မာစကားကို နားမလည်သော်လည်း ကျွန်တော်၏ ပြူးပြူးပြာပြာ စတိုင်ကို အသေအချာ ရှိုးကာ တရားခံမိသွားသော ဆားပုလင်းနှင်းမောင် စတိုင်ဖမ်းလျှက် ခပ်မိန့်မိန့်ကြီး တစ်ချက်ပြုံးလိုက်ပြီးနောက် မျက်နှာထားကို အတင်းဆုံးသို့ ထားလိုက်ပြီး “ သူများဆီက ကူးဆွဲတာဆိုလည်း နာမည်လေးလောက်တော့ ပြင်မှပေါ့ .. အခုတော့ နာမည်ကအစ ကော်ပီကူးထားတယ် ” ဟု အစချီလျှက် ကောပေတော့ရာ ကျွန်တော့်မှာ ဘယ်လို ပြန်ရှင်းပြရမှန်းလည်း မသိ၊ ရှင်းပြနေလည်း ယုံမှာ မဟုတ်သဖြင့် အောင့်သက်သက်ဖြင့် အဆူခံနေရလေတော့သတည်း။
၁၅ မိနစ်ခန့် ဆရာ၏ ကောင်းချီးထောပနာပြုမှုကို ညာဘက်နားက၀င် ဘယ်ဘက်နားက ထွက်ဖြင့် သောတ ဆင်ပြီးသောအခါ ထိုသို့ ချောက်ချသွားလေသော ဂန်းမလေးအား လိုက်ရှာရန် အလို့ငှာ ထွက်လာခဲ့လေသည်။ မေဂျာတစ်ခုတည်း ဌာနတစ်ခုတည်း ဖြစ်သဖြင့် ရှာရမည်မှာ သိပ်မခဲယဉ်းရ်ျသာ တော်တော့သည်။ မဟုတ်လျှင်တော့ ပြာကိုင်ပေလိမ့်မည်။ ရှပ်ပြာရှပ်ပြာဖြင့် လွဲသွားသည်လား၊ သက်သက်မဲ့ ချောက်ချ သွားသည်လား မသိသော်လည်း ထိုမဒီလေး၏ ရိုက်ချက်ကတော့ မိုက်တီးထက်ပင် ပြင်းလေသည်။ မျက်လုံးများ ကျီးကန်းတောင်းမှောက်ဖြင့် အဆိုပါ ကောင်မလေးအား လိုက်ရှာနေရင်းမှ “ နောက်အပတ် ဇာချော့ ထပ်ဖြေရဦးတော့မှာပါလား … အော် နာတာရှာ နာတာရှာ မင်းက နာတာ တင်မက ပြသနာကိုပါ ရှာသွားတာကိုး ”.. ဟု တွေးလိုက်မိလေသတည်း။
( ပို့စ်မရေးမှီ မိတ်ဆွေကြီးအောင်မှူးအား ထိုအကြောင်း ပြောပြမိသောအခါ “ တဏှာကျော ထလို့ ခံလိုက်ရတာ နည်းတောင် နည်းသေး ” ဟု ထောပနာပြုလေသတည်း။ )
Posted by ကိုဥာဏ်(စက်မှု) at 4:14 PM 7 comments
Tuesday, November 18, 2008
ကာတွန်းဆရာ ကိုအောင်မှူး
မိတ်ဆွေကြီး အောင်မှူးကား နောက်စနေတွင် ကျွန်တော့်ထံသို့ လာရောက် နှိပ်စက်ဦးမည်ဟု ဓားကြိမ်း ကြိမ်းထားသည့် အတိုင်း ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်လာလေသည်။ ပြသဒါး၊ ရက်ရာဇာလေး ရွေးပြီးမှ ခေါ်ပါရစေဟု တောင်းပန်သော်လည်း မရ။ ကြာကြာသောက်ရ်ျ ရအောင် သောကြာနေ့တွင် လာမည်ဟုပင် စဉ်းစားမိသေးသည် ဆို၏။ နောက်မှ ကျွန်တော့်အား သနားညှာတာသော အားဖြင့် စရ်ျ နေသော စနေတွင်သာ လာခြင်း ဖြစ်ကြောင်း ငါးသလဲထိုး အပြုံးဖြင့် ပြောချေသေး၏။ သူကား ဤမျှ အလိုက်မသိ ဆိုးရွားလှသူတည်း။ မတတ်နိုင်။ ရောက်လာပြီ ဆိုမှတော့ ပန်းခွေ အဲလေ ပန်းကုံးဖြင့် မကြိုနိုင်စေကာမူ ဗော့ဒ်ကာ တစ်လုံး ပြေးဝယ် လျှက် ကြိုဆိုရပေတော့သည်။ ကျွန်တော်၏ မရှိမဲ့ ရှိမဲ့ ငွေဒင်္ဂါးလေးဖြင့် ခြစ်ခြုပ် ကုပ်ကပ်ကာ ၀ယ်ထားရသော ဗော့ဒ်ကာ ပုလင်းကို မြင်မှ မိတ်ဆွေကြီးအောင်မှူးမှာ ပုတ်သင်ညိုကို ကွန်ဒုံးစွပ်ပေးထားသည့် စတိုင်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လျှက် အဆောင်ပေါ်သို့ ခန့်ခန့်ကြီး တက်လေသတည်း။
မိတ်ဆွေကြီး အောင်မှူးကား အနုပညာသမား လွန်စွာပီသသူတည်း။ ရှုလော့။ ၀မ်းလီတာဆန့် ဗော့ဒ်ကာ ပုလင်းကြီးကိုပင် ငယ်နေသေးသည်ဟု ဆိုချေ၏။ ထို့ကြောင့် စိတ်ပေါက်ပေါက်နှင့် “ ဆိုင်မှာတော့ ဒီ့ထက် ကြီးတဲ့ ပုလင်း မရှိတော့ဘူး .. ဒီလောက်သောက်ချင်ရင် မြန်မာပြည်ရောက်မှ ဆရာဦးဘိုကြီး ဆေးပုလင်း အခွံ တစ်လုံးရှာပြီး ဘီအီး ထည့်တိုက်မယ် ” ဟု အငေါ်တူးလိုက်မှ ငြိမ်သွားလေ၏။ အောင်မှူးကား ဆရာကြီး ပီမိုးနင်း၊ ဆရာကြီး ရွှေဥဒေါင်း အစရှိသော စာရေးဆရာကြီးများကို လွန်စွာ လေးစား အားကျသူဖြစ်သော်လည်း ထိုဆရာကြီးတို့၏ ပြောင်မြောက်လှသော အတွေးအခေါ်၊ အရေးအသားများကို အတုမခိုးဘဲ အသောက်ကို သာ အတုခိုးထားဟန်တူ၏။ ကျွန်တော့်ထံ ရောက်သည်နှင့် သောက်လိုသူတည်း။ သူ့အား ထမင်းကျွေးရန် အလို့ငှာ ဟင်းအဖြစ် ပြေးဆွဲထားသော ကြက်ကင် တစ်ကောင်မှာလည်း ဗော့ဒ်ကာ တစ်ပုလင်းလုံးနှင့် အတူ မိတ်ဆွေကြီး အောင်မှူး၏ ၀မ်းခေါင်းထဲသို့ သက်ဆင်း သွားရရှာလေသည်။ သူကား ထိုမျှနှင့် အားမရသေး။ ဗော့ဒ်ကာ ကုန်သောအခါ ထမင်းကျွေးရန် အရေးဆိုပြန်၏။ အောင်မှူးကား အိမ်ရှင်ကျွန်တော့်မှာ ရှိ၏ မရှိ၏ လုံးဝမတွေးဘဲ မြန်မာဗီဒီယို ဇာတ်ကားများထဲက ဗီလိန်တို့၏ စတိုင်ဖမ်းကာ အမြင်ကပ်ချင်စဖွယ် သွားအဖြဲသားဖြင့် “ ထူးထူးထွေထွေ လုပ်မနေပါနဲ့၊ ကြက်ဥလေး ငါးလုံးလောက် ကြော်လိုက်တာပေါ့ ” ဟု သူပိုင် ပစ္စည်းသဖွယ် ပြောပြန်သေးလေသည်။ ထို့ကြောင့် ကျွန်တော်၏ အရေးပေါ် ရိက္ခာအဖြစ် သိုမှီးထားရလေသော ကြက်ဥ တစ်ကဒ်သည်လည်း ကိစ္စချောရပြန်လေသည်။ သူကား တစ်ခေါက်ဆို တစ်ခေါက်၊ မှတ်လောက်အောင် ပညာပေးတတ်သူတည်း။ အလကားရရင် ကြေးပုလွေတောင် အသေကွဲအောင် မှုတ်မည် ဆိုသည့် လူစားမျိုးပေ တကား။
သူတောင်းဆိုသမျှ လုပ်ပေးပြီးနောက် “ ကဲ .. ငါ့ကို တစ်ခုခုတော့ ပြန်ပေးခဲ့ဦး ကဗျာဖြစ်ဖြစ်၊ စာဖြစ်ဖြစ်ပေါ့ ” ဟု ပြန်လည် တောင်းဆိုရလေသည်။ မိတ်ဆွေကြီး အောင်မှူးကား လက်ကျန် ကြက်ရိုးတစ်ချောင်းကို ကိုက်လျှက်မှ “ ကဗျာရေးပြီးသားက မရှိဘူးကွ၊ မင်း ဒီလောက် လိုချင်ရင်တော့ ကာတွန်းဆွဲပေးခဲ့မယ် ” ဟု ဆိုလေသည်။ သူကား လိုင်းပေါင်းစုံသည့် မထသ ပင် အဖေခေါ်ရလောက်အောင် ဤသို့ ဤပုံ ဘက်စုံ ရသူတည်း။ ထို့ကြောင့် ဗော့ဒ်ကာမူးမူးဖြင့် မိတ်ဆွေကြီး အောင်မှူး ဆွဲပေးခဲ့သော ကာတွန်းလက်ရာများကို မိတ်ဆွေများအား ဝေမျှ လိုက်ရပါသတည်း။
( အကြီးချဲ့လိုလျှင် ပုံပေါ်တွင် ကလစ်ပေးပါ )
မြန်မာကျောင်းသားများ အတွက် ရန်သူတော် သုံးပါးဖြစ်သည့် VCG – ( vodka , chatting, games ) ကို အောင်မှူး သရုပ်ဖော်ထားပုံ
ဒါက နောက်တစ်ခု
ကိုအောင်မှူး ဗိုလ်လောင်းဘ၀က
ဒါက နောက်ဆုံး တစ်ခု
( စာကြွင်း။ ။ အယ်လ်ကိုဟော ဆိုလျှင် ဘီယာတောင် ကောင်းကောင်း မသောက်တတ်ရှာသော ဘော်ဒါကြီး နေလွမ်းသူ၏ ဘလော့မှာလည်း ကျွန်တော့် လက်ချက်ဖြင့် အရက်သမားဘလော့ ဖြစ်ပေတော့မည်။ နေလွမ်းသူ ခရီးလွန်နေဆဲခဏ သူ့ဘလော့ကို အသက်ဆက်ပေးသည့် အနေဖြင့် ပြတ်တောင်း ပြတ်တောင်း တင်ပေးနေ ရသည်ဖြစ်ရာ နေလွမ်းသူ၏ ချစ်မိတ်ဆွေများအား နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ )
Posted by ကိုဥာဏ်(စက်မှု) at 7:56 PM 6 comments
Saturday, November 15, 2008
နေလွမ်းသူ ထံမှ ပေးစာတစ်စောင်
ဤဘလော့၏ မူလ ပိုင်ရှင်အစစ်ကြီးဖြစ်ပေသော နေလွမ်းသူမှာ မြန်မာပြည် ပြန်သွားကတည်းက ပေါ်မလာ အတော်ကြာ လုပ်နေလေရာ ကျွန်တော့်မှာ နေ့စဉ် ရက်ဆက် သူ့အား မေတ္တာကောင်းကောင်း ပို့နေမိလေသည်။ စာဖတ်သူ မိတ်ဆွေတို့က ပို့စ် အသစ်တင်ရန် နားပူနားဆာ လုပ်ကြလေတိုင်း ဘလော့ကို ပစ်ထားလေသော အဆိုပါ သကောင့်သားကိုသာ ပြေးပြေးပြီး ပိတ်ကန်လိုလှပေသည်။ သူကား ယောက်ျားချင်းတော့ ခပ်ပါးပါး ပေါ့ ဟူသည့် အတိုင်း ကျွန်တော့်ထံ သတင်းလေးတောင် အကြောင်းမကြားသည်မှာ ကြာလှပေပြီ။ ယခုတော့ ဘာစိတ်ကူးပေါက်သည် မသိ။ မေးလ် တစ်စောင်ပို့လိုက်လေသည်။ သတင်းပို့စာလိုလို၊ မေတ္တာစာလိုလို ဘာမှန်းမသိရသော ထိုစာအား နေလွမ်းသူ၏ ချစ်မိတ်ဆွေများလည်း ဝေငှ ခံစားနိုင်ရန် အလို့ငှာ တင်ပေးလိုက် ရပါသတည်း။
“ ကိုဥာဏ်ရေ ကျွန်တော်တို့မြို့လေးမှာတော့ လျှပ်စစ်မီးတွေအမြဲရတယ်။ ခင်ဗျားတို့ ကျုပ်တို့ ကျောင်းသားဘဝကလို ဖယောင်းတိုင်တွေ ဘတ္ထရီအိုးတွေ အားကိုးစရာမလိုတာတော့ အမှန်ပဲဗျာ။ ဆိုင်ကယ်တွေတော့ တော်တော်သောင်းကျန်းတယ်။ မိုး ကတော့ အရင်လို ခေါင်ဆဲပဲပေါ့။ တောင်သူတွေ အခြေအနေ မလီကြဘူး။ ဟိုးအရှေ့ဘက်ဒေသက ကျောက်တွင်းတွေကြောင့် အဲဒီရွာကလူတွေ ထောတဲ့သူတွေထောကုန်ကြပြီ။ ရဲတွေ အခြေ အနေကောင်းသလိုပဲ။ အင်ကြင်းကျောက် လေဗျာ ကိုဥာဏ်တို့လည်း ကြားမှာပေါ့။ ဆိပ်လူးကန်ထန်းတောကို ရောက်တော့ ထန်းရေခါးအိုးတွေမြင်ပြီး အဟီးဟီး သတိရလိုက်တာ ကိုဥာဏ်ရာ ပြောမနေနဲ့။ ဂေါက်ကွင်း ကိုတော်တော်လေး ပြင်ဆင်ထားတယ်။ အံမယ် သူက ဟိုအရင်ကလို အလေ့ကျ မြက်မဟုတ်တော့ဘူး။ နိုင်ငံခြားဖြစ်မှ လူတွေအလေးထားလာကြ လို့လားမသိဘူး နိုင်ငံခြားမြက်တွေ စိုက် ရေတွေအမြဲပေးလို့။ ကျောက်လုံးကြီးအတက်ကနေ ဆင်းလာလာချင်း ဂေါက်ကွင်းကိုမြင်ပြီး သြတွေအံ့မိသွားတယ်။ မြို့အနောက်ထိပ်မှာလည်း များလိုက်တဲ့ ဓါတ်ဆီဆိုင်တွေဗျာ။
နာဂစ်ဖြစ်ခဲ့တဲ့ဒေသတွေလည်းရောက်ပါ့။ ရန်ကုန်-ပုသိမ် ကားလမ်းကြီးတော့ နာဂစ်ကို ပြန်လည် ထူထောင်ရေးအတွက် လိုသမျှပို့တဲ့ကားကြီးတွေကြောင့် ချိုင့်တွေထကုန်တာ။ အရင်က ရန်ကုန်-ပုသိမ်က ၄ နာရီဝန်းကျင်က အမလေးဗျာ ၉ နာရီလောက်မောင်းယူ ရတယ်။ ခါးတွေလည်းညောင်းလို့ ကားစီးရတာ။ အခုတော့ပြန်ပြင်နေပြီ။ လပွတ္တာက အောင်ချမ်းသာ ။ ၄ မိုင် အစရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေလည်း ပြန်ရုတ်သိမ်းသွားပြီ။ ကိုယ့်အိမ်လေးတွေ စားစရာတွေနဲ့ဖြစ်ကုန်ပြီ။ တန်ဖိုးနည်းအိမ်ယာလေးတွေ မိုက်တယ်ဗျ။
ဧရာဝတီတိုင်းမှာ စပါးခင်းတွေကောင်းလွန်းလို့။ စပါးဈေးတွေလည်း တော်တော်ကျတယ်။ ပုသိမ်ကနေ မြောင်းမြကို ဆိုင်ကယ်နဲ့ လစ်တာ။ မြောင်းမြကြိုးတံတားကြီးလည်း အရင်လို ပါပဲ။ မြစိမ်းတောင်ဆရာတော်ကြီး မေတ္တာကြောင့် မြောင်းမြမြို့ ဘာမှမဖြစ်တာလို့ ပြောကြ တာပဲ။ မော်ကျွန်း ဝန်းကျင်းကရွာတွေ၊ ဘိုကလေးဘက်ကရွာတွေ၊ လပွတ္တာခရိုင်ထဲက ရွာတွေနေရာခပ်များများ CDMA တွေက လယ်ကွင်းထဲ စပါးစိုက်နေရင်းကို ဖုန်းပြောနေကြ တာဗျာ။ ကျွန်တော်လည်း ပုသိမ်ရောက်တာနဲ့ (၀၉၈၅၅၉xxx ) လေးနဲ့မှ ဆက်သွယ်မှုဧရိယာ ပြင်ပ မရောက်တော့တာ။ ပိုးလောင်း ၊ ဟိုင်းကြီး တို့မှာလည်း စီဒီအမ်အေ တွေပြောလို့……. သြော် ပြောရဦးမယ် ဧရာဝတီတိုင်းမှာ အရင်က လပွတ္တာက မြောင်းမြခရိုင်လက်အောက်ခံလေ၊ အခု သူက လပွတ္တာခရိုင် ဆိုပြီး မော်လမြိုင်ကျွန်း၊ ဟိုင်းကြီး၊ပြင်စလူမြို့နယ်ခွဲ တွေနဲ့ အသစ်ဖွင့် ပစ်လိုက်ပြီ…ဆိုတော့ အနော်တို့ ဧရာဝတီတိုင်းမှာ ခရိုင် ၆ ခုဖြစ်သွားပြီဗျ။ ဟဲဟဲ
ပုသိမ် ဟာလဝါ လုပ်ငန်းတွေ အေးဆေး။ ပုသိမ်ထီးလေးတွေရော အရင်လိုလှဆဲပါဗျ။ မြောင်းမြ ဒေါ်ချိုမုန့်ဟင်းခါး လည်း ဥပုသ်နေ့တစ်ရက်ပဲ ဈေးပြင်ထွက်ရောင်းတယ်။ ကျန်ဈေးဖွင့်ရက် အတွင်းထဲမှာရောင်းတာပေါ့။ Overseaက မြန်မာတွေစားတဲ့ မြောင်းမြ ဒေါ်ချို အသင့်စား အထုပ်လေးတွေကတော့ ရန်ကုန် လက်ခွဲ ကနေထုတ်တာပေါ့ဗျာ။ ကိုဥာဏ်တို့ စားရအောင် မြောင်းမြပုဇွန်ချဉ် နဲ့ ဝက်အူချောင်းကို အိမ်တွေကိုပို့ပေးထားမယ်သိလား။ ( ယုံရခက်ကြီးပါကွယ် … (ကိုဥာဏ်(စက်မှု))…)
ဥာဏ်ကြီးရေ အချိန်မရလို့ ဒီလောက်ပဲ ရေးထားလိုက်ဦးမယ် နော…. တာ့တာဗျာ အားလုံးလိုအင်ဆန္ဒ ပြည့်ဝပြီး ကိုယ်စိတ်အေးချမ်းကြပါစေသား……………………………( နေလွမ်းသူ )”
Posted by ကိုဥာဏ်(စက်မှု) at 3:23 AM 4 comments
Friday, November 7, 2008
ကိုအောင်မှူးကြီး၏ ထုတ်ကုန်များ
လွန်စွာငြီးငွေ့ဖွယ် ကောင်းလှသော ကျောင်းပိတ်ရက် တစ်ရက်တွင် ပုံမှန်လုပ်နေကျ မော်စကိုမြို့တစ်ပတ် ခြေရှည်လျှက် အပေါင်းအသင်း မိတ်ဆွေဘော်ဘော်တို့၏ အဆောင်ပေါ်သို့ ခေါ်ခေါ်၊ မခေါ်ခေါ် အတင်း တက်ရောက်ကာ ဗော့ဒ်ကာ တိုက်ခိုင်းခြင်းတည်း ဟူသော အလုပ်ကို မလုပ်ဖြစ်ဘဲ ကွန်ပြူတာရှေ့တွင် ငုတ်တုပ် ထိုင်လျှက် လူတစ်ပိုင်း ကွန်ပြူတာတစ်ပိုင်း ဘ၀ဖြင့် ဂူအောင်းကျင့်စဉ် ကျင့်နေစဉ် ဂျီတော့ပေါ်မှ ညီမငယ်တစ်ဦးက ရုတ်တရက် “ ကိုအောင်မှူးဆိုတာ တကယ်ရှိတာလား ” ဟု ထမေးလေတော့သည်။ မိတ်ဆွေကြီး အောင်မှူးကား မသေသေး။ သင်္ချိုင်းကို ခြေတစ်ဖက် နင်းမိရုံသာ ရှိသေးသည့် အရှင်လတ်လတ် ငုတ်တုပ်ကြီး ဖြစ်လေရကား ကျွန်တော့်မှာ ထိုညီမငယ်ကို မည်သို့ ပြန်ဖြေရမှန်း မသိတော့ချေ။ အဆိုပါ ညီမငယ်နှင့် စကားပြောနေရင်းမှ မိတ်ဆွေကြီး အောင်မှူးကို သတိရလိုက်မိသဖြင့် ဂျီတော့ပေါ်တွင် ရှာဖွေလျှက် လှမ်းခေါ်လိုက်မိရာ အောင်မှူးကား နာမည်နှင့်လိုက်ဖက်လှစွာ မူးနေလေပြီ။ သူကား မူးမူးနှင့် ရစ်နေလေ၏။ နောက်စနေတွင် ကျွန်တော့်ထံ လာရ်ျ နှိပ်စက်ဦးမည် ဆို၏။ လွန်ခဲ့သော နှစ်ပတ်ခန့်က နည်းပညာပြပွဲ တစ်ခုသို့ သွားရင်း လမ်းမကြုံ၊ ကြုံအောင် လုပ်ကာ သူ့အခန်းသို့ တက်ရောက်လျှက် ဘီယာ သောက်ခဲ့ခြင်းကို မကျေနပ်ရ်ျ လက်စားချေတော့မည့် ပုံတည်း။ လာမည့်စနေတွင် ထွက်စရာ လမ်းကြောင်းတစ်ခု အမြန်ရှာလျှက် ရှောင်တိမ်း ရဦးပေတော့မည်။
မိတ်ဆွေကြီး အောင်မှူးကား ဒိုင်ကြောင်များ လွန်စွာထွက်သော ဦးခေါင်းတစ်လုံးကို ပိုင်ဆိုင်လေသည်။ ကဗျာလိုလို စာလိုလို၊ တောမရောက် တောင်မရောက်များ လွန်စွာရေးနိုင်သူတည်း။ အလယ်တန်း ကျောင်းသား ဘ၀က ရည်းစားစာ တစ်စောင်လျှင် လက်ဖက်ရည် တစ်ခွက်နှုန်းဖြင့် အငှားရေးပေးခဲ့ဖူးသည် ဟူသော သတင်း စကားမှာ လက်ခံနိုင်ဖွယ် ရှိသည်ဟု ထင်မိလေသည်။ သူ့အခန်းသို့ ခဏရောက်ခိုက် သူရေးထားသော ကဗျာမပီ၊ စာမမည်များကို တွေ့ရသဖြင့် ကူးယူလာခဲ့လေရာ စာဖတ်သူ မိတ်ဆွေများထံ ဝေငှလိုက်ရလေသည်။ မိတ်ဆွေကြီး အောင်မှူးကား သူ့စာများကို “ နှလုံးသွေးဖြင့် ရေးထားသော စာများ ” ဟု ဆို၏။ ကျွန်တော်ကတော့ “ ပုလင်းနှစ်လုံးဖြင့် ရေးထားသော စာများ ” ဟုသာ အမွှန်းတင်လို၏။ ခံစားကြည့်ကြပါကုန်။ ကဗျာချစ်သူများ အနေဖြင့် နားလည်ခံစားရ်ျ ရသည်ဆိုပါက ကူးယူတင်ပြသော ကျွန်တော့်ကိုသာ ချီးကျူးကြပြီး အပြစ်ဆိုစရာများ ရှိပါက ရေးစပ်သူ အောင်မှူးကိုသာ အပြစ်ပြောကြပါကုန် .. ။
“ နှောင်းတေး …. ”
ဆီမီးလည်း ငြိမ်းလေပြီ
ပွဲတော်လည်း သိမ်းလေပြီတဲ့
အလင်းမဲ့ ညတို့ဝိုးဝါး
ငါ့ရင်ခွင်ကြားက
ကဗ္ဗည်းတင်ထားတဲ့ သစ္စာ
ကြယ်ကြွေညတိုင်းအတွက်
ဆုတောင်း အလင်္ကာပါ...။
စံပယ်တွေပဲ ပြုစားတာလား
မြူနှင်းတို့ပဲ နာဖျားတာလား
ဘာပဲဖြစ်ဖြစ်
လူသိမခံဝံ့တဲ့၊ ကျွန်တော့်ရဲ့
အုံ့ပုန်းအချစ် ဆိုတာ
ဆယ်စုနှစ် တခုစာ မပွင့်ပဲဖူးခဲ့တဲ့ ပန်းလေးပါ....။
အလင်းတို့ လဲ့ပြာတွန့်လိပ်
စက္ကူပင်ရိပ်အောက်က ညများ
ကျိန်စာ တစ်ထောင်သင့်သူရဲ့ နှုတ်ဖျားက
ချစ်တယ်ဆိုတာ...
ကမ္ဘာတစ်သန်းကြာမှ ပြန်ကြားရမယ့် အသံပဲဖြစ်တယ်။
ဝုန်းကနဲ ရုန်းကြွလာတဲ့
မီးငရဲ ရဲရဲတွေကို
ရင်ဘတ်ထဲ သိမ်းဆွဲ
ကျကွဲသွားတဲ့ နှလုံးသားရဲ့ ဈာပန
(ငါတစ်ယောက်တည်း)
တိတ်တိတ်လေးချမယ်... ။ (အောင်မှူး)
“ အလင်းနှစ် .. ”
ချွေးစစိုလူး
ကြောက်လန့်ဖွယ်အိပ်မက်ဦးတို့နဲ့
တိခနဲဖြတ်တဲ့ သံယောဇဉ်ဆိုတာ
ဥတ္တရနဲ့ ဒက္ခိဏလို ယာဉ်စွန်းတန်းမှမဟုတ်၊
တမြေထဲမှာလည်း
ကမ္ဘာခြားတာ မင်းနဲ့ငါ …. ။ (အောင်မှူး)
“ ဆေး ”
အသံထွက်ညံ့ကံကြမ္မာ
သစ်လွင်လာတဲ့ ဒါဏ်ရာတွေ
တနေ့ထက်တနေ့ ၊
မီးခိုးငွေ့နဲ့ ဘဝကို ပွတ်သပ်
လမ်းရွေးမှားတဲ့ မနက်၊
ကမ္ဘာကြီးအတွက် မောနင်းပက်ပေါ့ … ။ (အောင်မှူး)
“ မော်စကိုဆောင်း ”
လေကြမ်းရင့်ရင့်
ဝဲလွင့်သောနှင်းပွင့်များနှင့်
ရွက်ကြွေသစ်ကိုင်းတို့ ငြီးတွား
အသားတွေ ထုံရီသွေ့ခြောက်ရင်း
တွင်းအောင်း ဝက်ဝံတို့အိပ်စက်
ရေခဲမြစ်ရဲ့အိပ်မက်တွေ စီးဆင်းနေသတဲ့ …. ။ (အောင်မှူး)
Posted by ကိုဥာဏ်(စက်မှု) at 2:40 PM 4 comments
Wednesday, November 5, 2008
ကိုဥာဏ်(စက်မှု) ဆားချက်ခြင်း
ကျောင်းဆက်တိုက် ( ၆ ) ရက်ပိတ်သော ဤသီတင်းပတ်တွင် လက်ဖက်ခြောက်ရိုးလည်း မထောင်၊ ဧည့်လာဂမုံးလည်း မစိုက်မိပါဘဲနှင့် ချီတက်လာကြကုန်သော ဧည့်သည်ဘော်ဘော် အပေါင်းတို့နှင့်အတူ ဗော့ဒ်ကာအိုင်ထဲ ခေါင်းမြုပ်နေမိလေသဖြင့် ဘလော့ကို ဖွင့်မကြည့်ဖြစ်သည်ပင် ကြာလေပြီ။ ရွှေဧည့်သည် ဘော်ဘော်အပေါင်းတို့ အဆောင်ပေါ်က ပြန်ဆင်းသွားပြီးနောက် ၂၅လီတာဆန့် အမှိုက်ပုံးတွင် ပြည့်လျှံ ဖောင်းကြွနေကြကုန်သော ဗော့ဒ်ကာ ပုလင်းအခွံများနှင့် အအေးဗူးအခွံများကို သွားရောက်စွန့်ပစ်ပြီး သကာလ ဘလော့သို့ ခဏ၀င်ကြည့်မိသောခါ အမြောက်သံ၊ ဗုံးသံ စီစီညံအောင် တိုက်ပွဲဝင်နေကြသည်ကို တွေ့လိုက်ရလေသတည်း။ သူမရှိခိုက် သူ့ဘလော့ကို ကျွှန်တော့်အား ယုံကြည်စွာ အပ်နှံခဲ့မိလေသော ရောင်းရင်းကြီး နေလွမ်းသူ ခမျာတော့ နောင်တတွေ တသီကြီး ရနေလောက်ပေပြီ။ နေလွမ်းသူ ကလည်း ပေါ်မလာ အတော်ကြာ လုပ်နေလေရာ “ အိမ်ကို …. ပြန်ခဲ့တော့ …. ဟေ့ညီလေး အရောက်ပြန်ခဲ့ ..” ဟု မျိုးကြီးစတိုင်ဖြင့်သာ ဟဲလိုက်ချင်ပေတော့သည်။ ရွှေဧည့်သည် အပေါင်း ပြန်ကာဂျောင်းသွားကြသော်လည်း အရက်နာ သာမက ဧည့်နာပါ ကျနေသည် ဖြစ်လေရကား ကျွန်တော့်မှာ ပျော်ရွှင်ရယ်မောစရာ ပို့စ်လေးများ ရေးရန် မည်သို့မျှ ကြိုးစားရ်ျ မရသည့် အဆုံး အောက်ပါအတိုင်း ဆားချက်မိလေသတည်း။
ကျွန်တော်သည် “ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ယန္တယားများ” ဟူသော အထူးပြု ဘာသာရပ်ဖြင့် မော်စကို ဆောက်လုပ်ရေးတက္ကသိုလ်တွင် တက်ရောက်နေပေရာ ဓာတ်လှေကား ( Lifts ) များအကြောင်းကို အများဆုံး သင်ရလေသည်။ စာမေးပွဲတွင် ဒုက္ခအပေးဆုံး ဘာသာရပ်မှာလည်း အဆိုပါ ဘာသာရပ်ပင်ဖြစ်လေရာ စိတ်နာနာဖြင့် “ ဓာတ်လှေကားများအကြောင်း တစေ့တစောင်း ” ဟု ခေါင်းစဉ်တပ်ကာ ပို့စ် တစ်ခုရေးလျှက် မြန်မာအင်ဂျင်နီယာဖိုရမ်တွင် တင်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံတွင် ဓာတ်လှေကားများထက် အယ်လီဗေတာ ခေါ် စက်လှေကားများကိုသာ ပေါများစွာတွေ့ရလေရာ ရွှေတိဂုံဘုရားသို့ တက်သောအခါနှင့် မန္တလေးတောင်ပေါ် တက်သောအခါ တို့တွင်သာ ဓာတ်လှေကားကို စီးခဲ့ဖူးသော်လည်း ယခုတော့ လက်တွေ့ခန်းထဲက မြေကြီးပေါ်တွင် တစ်စစီ ဖြုတ်ချထားသော ဓာတ်လှေကား အိမ်ကြီးအတွင်း ၀င်ထိုင်လျှက် တနေကုန် တနေခန်း Assignment ရေးလိုက် defence လုပ်လိုက်နှင့် ဘ၀က ခါးနေလေရာ စိတ်ပေါက်ပေါက် ရှိသည်နှင့် မြန်မာလို ဘာသာပြန်ကာ ရေးသားခဲ့မိသော ပို့စ် တစ်ခုဖြစ်ပါသည်။ နေလွမ်းသူ ဘလော့၏ ရသ လမ်းကြောင်းပေါ်မှ သွေဖည်နေသော်လည်း ဗဟုသုတ တစ်ခုအနေဖြင့် တင်ပေးလိုက်ပါသည်။ ရွှင်မြူးစရာ ဇာတ်လမ်းလေးများကို မျှော်လင့်နေသူ မိတ်ဆွေများအနေဖြင့် နားလည် ခွင့်လွှတ်ပေးကြပါကုန်။
(တလက်စတည်း ဤနေလွမ်းသူ ဘလော့ကို ကျားတက်ထိုးနေသူ မိတ်ဆွေများကို တောင်းပန်လိုသည်မှာ - ဤဘလော့သည် နိုင်ငံရေး အညှီအဟောက် ကင်းရှင်းပြီး အရာရှိငယ် တစ်ယောက်၏ ဘ၀ အတွေ့အကြုံလေးများကို ရသနှောလျှက် မည်သည့် ရည်ရွယ်ချက် တစ်စုံတစ်ရာမှ မပါဘဲ ရိုးသားစွာ ရေးသားနေသော ဘလော့တစ်ခုသာ ဖြစ်ပါသည်။ သို့ဖြစ်ပါရ်ျ တော်ရာသင့်ရာသို့သာ ဆက်လက်ချီတက်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံ အပ်ပါသည်။ )
Lifts (ဓာတ်လှေကား) တို့ အကြောင်း တစေ့တစောင်း
အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်လာပုံသမိုင်း
သမိုင်းဦးဘုံမြေခေတ်မှ စရ်ျ လူသားတို့၏ ယဉ်ကျေးမှု အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာသကဲ့သို့ပင် နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည့် နည်းပညာများလည်း ပြောင်းလဲ တိုးတက်လာအောင် တဖြည်းဖြည်း တီထွင်ဆန်းသစ်လာခဲ့ကြပါသည်။
Lifts များကို အစောဆုံး အားဖြင့် ရောမခေတ် ဗိသုကာ ပညာရှင်များက စတင်ရ်ျ အသုံးပြုခဲ့ ကြောင်း တွေ့ရပါသည်။ ဘီစီ 236 တွင် အာခိမိဒိ က ၀ိတ်( weight ) ကို အသုံးပြု ရ်ျအပေါ်သို့ မ တင်နိုင်သော စက်ကိရိယာ တစ်မျိုးကို တီထွင်ခဲ့သည်။ မူလအစက ထိုစနစ်ကို အခြေခံရ်ျ လောက်လွဲလက်နက် ဟုခေါ်သော လက်နက်ကြီးများဖြင့် ရန်သူ၏ အုတ်တံတိုင်းများကို ဖြိုဖျက်ရာတွင် အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင်မှသာ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြီးမားလေးလံသော ကျောက်တုံးကြီးများကို အမြင့်သို့ မ တင်နိုင်ရန် အတွက် အဆိုပါ နည်းပညာကို စတင်သုံးစွဲခဲ့ကြသည်။ ထိုကြောင့် အပေါ်သို့ပင့်တင်ခြင်း ဟူသော အဓိပာယ်ဖြင့် (Lift ) ဟုခေါ်တွင် သော စက်ကိရိယာ စတင်ပေါ်ပေါက်လာခဲ့ပေသည်။ ထိုစက်ကိရိယာတွင် ပစ္စည်း များ တင်ဆောင်ရန် အခန်းပါရှိသော်လည်း မောင်းနှင်ရန် အင်ဂျင်မပါရှိသေးပေ။ အထက်သို့ မ တင်ရန်အတွက် ထိုခေတ်က ကျွန် တို့၏ လုပ်အားဖြင့် သော်လည်းကောင်း၊ ခွန်အားကြီးမားသော တိရိစ္ဆာန်များ၏ ခွန်အားဖြင့် သော်လည်းကောင်း ဆွဲတင်ခဲ့ ကြရသည်။
အေဒီ( ၆ )ရာစု အလယ်ပိုင်း အီဂျစ်နိုင်ငံ ဘုရားကျောင်းများ ဆောက်လုပ်ရာတွင် ကျောက်တုံးကျောက်ခဲများကို အပေါ်သို့ ပို့ဆောင်ရန် အစွန်းတစ်ဖက်တွင် ၀ိတ်တုံးကြီးများ တပ်ဆင် ထားသော တိရိစ္ဆာန် ဆွဲ Lifts များ စတင် အသုံးပြုခဲ့ကြသည်။ အေဒီ ( ၁၃ ) ရာစု တွင် ပြင်သစ် နိုင်ငံရှိ နန်းတော်ကြီးများနှင့် ဘုရားကျောင်းများတွင် လူအားဖြင့် ဆွဲတင်သော Lifts များ စတင် တပ်ဆင် အသုံးပြုခဲ့ကြောင်း တွေ့ရပါသည်။ အေဒီ ( ၁၈ ) ရာစု အလယ်ပိုင်းတွင် ရုရှနိုင်ငံ ဇာဘုရင့်  နန်းတော် အဆောက်အအုံတွင်း Lifts များ စတင်တပ်ဆင်ခဲ့သည်။ ၁၇၉၅ ခုနှစ်တွင် စက်မှုအင်ဂျင်နီယာ ပညာရှင် ကူလ်ဗင် ဆိုသူက စိန့်ပီတာစဘတ်မြို့ရှိ ဇာ ဘုရင်၏ ဆောင်းရာသီ နန်းတော်တွင် ပတ္တားကြိုးများ အသုံးပြုသော Liftကို စတင်တပ်ဆင်ပေး ခဲ့သည်။ ၁၈၁၆ ခုနှစ်တွင် မော်စကို မြို့ အစွန်ရှိ ခရစ်တော်ဘုရားကျောင်းတွင် Lifts များ စမ်းသပ် တပ်ဆင်ခဲ့သည်။
အထက်ဖော်ပြပါ စက်ကိရိယာများသည် ကုန်ပစ္စည်းများနှင့် ထမ်းပိုးသယ်ဆောင်ရန် ခက်ခဲသော ဆောက်လုပ်ရေး ကိရိယာ တန်ဆာပလာများ ကို အမြင့်သို့ ရွေ့လျားပို့ဆောင်ရန်သာ ရည်ရွယ်တည်ဆောက်ခဲ့သော စက်ကိရိယာများ ဖြစ်ကြပါသည်။ ယနေ့ခေတ်သုံး လူနှင့် ပစ္စည်း တင် ဆောင်နိုင်သော Lifts များကိုမူ ( ၁၉ )ရာစု နှောင်းပိုင်းနှင့် ( ၂၀ ) ရာစု အစတွင်မှသာ ဥရောပနှင့် မြောက်အမေရိက တွင် စတင်တီထွင်နိုင်ခဲ့ကြပါသည်။ အဆိုပါဒေသများရှိ မြို့ကြီးများသည် လူဦးရေ လွန်မင်းစွာ ထူထပ်များပြား လာခဲ့ပြီး မြေနေရာ မလုံလောက်မှုကြောင့် အထပ်မြင့် အဆောက်အအုံ ကြီးများ ဆောက်လုပ်ခဲ့ရာ အတွင်းဘက် လှေကားတစ်ခု အရေးပေါ်လိုအပ်ချက်အရ Lifts များကို မဖြစ်မနေ တည်ဆောက်ခဲ့ကြရသည်။ ထိုအချိန်တွင် စွမ်းအင် အသုံးပြု စက်မှုလုပ်ငန်း များ စတင် ပေါ်ထွက်လာခဲ့ ကြပြီဖြစ်သည်။ ရေအားဖြင့် လည်ပတ်သော အင်ဂျင်များ၊ ရေနွေးငွေ့အင်ဂျင်များ၊ အတွင်း မီးလောင်ပေါက်ကွဲ ( I.C ) အင်ဂျင်များ(ဓာတ်ဆီ၊ ဒီဇာယ်အင်ဂျင်များ) တွင်ကျယ် လာခဲ့ပေသည်။
သတ္တုဗေဒ ပညာရပ်တွင်လည်း များစွာတိုးတက်လာခဲ့ပြီး စတီးလ် ချောင်းများနှင့် စတီးလ် ကြိုးများ စတင်ထုတ်လုပ်နိုင်ခဲ့ကြသည်။ လျှပ်စစ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြသဖြင့် စကားပြော ကြေးနန်း နည်းပညာစတင်ပေါ်ပေါက်လာပြီး ရွေ့လျားနေသော ဓာတ်လှေကား အတွင်းနှင့် ထိန်းသိမ်းရေးခန်းတို့ အောင်မြင်စွာ ဆက်သွယ်နိုင်လာခဲ့သည်။
ကမ္ဘာ့ပထမဦးဆုံးသော လူစီး ဓာတ်လှေကားသည် ၁၈၅၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ၌ စတင် ပေါ်ထွက်လာခဲ့သည်။ ၁၈၅၂ ခုနှစ်တွင် Safety system တပ်ဆင်ထားသော ဓာတ်လှေကားအိမ်ကို တီထွင် နိုင်ခဲ့သည်။ သို့သော် အဆိုပါ ဓာတ်လှေကားကို ရွေ့လျား ရန် အတွက် ကိုမူ ရေနွေးငွေ့ အင်ဂျင်ကိုသာ အသုံးပြုခဲ့သည်။ ၁၈၆၇ တွင် ဟိုက်ဒြောလစ် စနစ်ကို စတင် လုပ်ဆောင်နိုင်ပြီး ဓာတ်လှေကားအိမ်ကို ရွေ့လျား နိုင်ရန် ဟိုက်ဒြောလစ် ဆလင်ဒါ ကို တပ်ဆင်နိုင်ခဲ့သည်။ အဆိုပါစနစ်တွင် ဓာတ်လှေကားအိမ်၏ အခြား တစ်ဖက်တွင် ၀ိတ်တုံးခံစရာ မလိုတော့သော်လည်း အချို့သော ထုတ်လုပ်သူများက ၀ိတ်တုံးများ ထည့်သွင်းတည်ဆောက်ခဲ့ကြသည်။ သို့သော် က်ျစနစ်သုံး ဓာတ်လှေကားများမှာ လွန်စွာ မြင့်သော အဆောက်အအုံများတွင် တပ်ဆင် ရန် မဖြစ်နိုင်သဖြင့် မတွင်ကျယ်ခဲ့ပေ။ ထို့ကြောင့် စက်မှုလုပ်ငန်းများတွင်သာ လေးလံသော စက်အစိတ်အပိုင်းကြီးများ ရွေ့ပြောင်းရန် အသုံးပြုခဲ့ ပေသည်။
အစဦးဆုံးသော ဓာတ်လှေကားများတွင် တပ်ဆင်ထားသော သံမဏိကြိုးများ၏ အရည် အသွေး မထိန်းညှိနိုင်သေးသဖြင့် မကြာခဏ ပျက်ကျခြင်းများနှင့် ကြုံရပြီးနောက် ဓာတ်လှေကား ၏ အရှိန်ကို ထိန်းညှိပေးနိုင်မည့် Mechanism ကို စဉ်းစားရှာဖွေလာခဲ့ကြသည်။ ၁၈၇၈ ခုနှစ်တွင် ဓာတ်လှေကား အရှိန်ကို ထိန်းညှိပေးနိုင်မည့် အော်တိုမတ်တစ် ခလုတ်ပိတ် စနစ်ကို တီထွင် နိုင်လာ ခဲ့သည်။ ထိုစနစ်တွင် အကယ်ရ်ျ ဓာတ်လှေကား ရုတ်တရက် အရှိန်မြင့်တက်လာပါက ဓာတ်လှေကား အိမ်ကို အလိုအလျောက် ဆွဲဖမ်းပေးထားမည့် ဘရိတ်များ ပါဝင်သည်။
ပထမဆုံး လျှပ်စစ်မော်တာ စွမ်းအင်သုံး ဓာတ်လှေကားကို ၁၈၈၀ ခုနှစ်တွင် ဂျာမနီနိုင်ငံ မှ Semann ကုမဏီ က စတင်ထုတ်လုပ် ရောင်းချခဲ့သည်။ က်ျသို့ဖြင့် အိမ်သုံး ဓာတ်လှေကားများ စတင် တွင်ကျယ်လာခဲ့ ကြပြီး (၂၀) ရာစု အစပိုင်းမှ စရ်ျ ဓာတ်လှေကားများကို လျှပ်စစ်စွမ်းအင်ဖြင့် သာ မောင်းနှင်လာခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး နောက်ပိုင်းမှ စရ်ျ ကမ္ဘာ့မြို့ကြီးများတွင် လွန်စွာ မြင့်မားသော အထပ်မြင့် အဆောက်အအုံကြီးများ ခေတ်စားလာခဲ့ပြီး ဓာတ်လှေကားတို့၏ အရေးပါမှုလည်း ပိုမို မြင့်မားလာခဲ့ပေသည်။
Posted by ကိုဥာဏ်(စက်မှု) at 5:50 PM 3 comments