ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Wednesday, March 26, 2008

ဒို့တစ်တွေ မြူးမယ်...ဒီသင်္ကြန်ပွဲ......

သင်္ကြန်နီးလာတာနဲ့ ကျွန်တော်တို့ ပုသိမ်ကြီးသားတွေလည်း မန္တလေးသားတွေနည်းတူ ဆိုင်ကယ်တွေကိုပြင်ကြ ချယ်သကြပါတော့တယ်။ ပြင်ဆင်မှုစရိတ်ကတော့ မကုန်ဘူးလေ။ ဆရာကြီး ယာဉ်ပြင်(တပ်မတော်ယာဉ်ပြင် တပ်ကြပ်ကြီး) ကို နဲနဲပါးပါးစစ်ခိုင်းလိုက်တာနဲ့ ပြီးပါတယ်။ တစ်ချို့ကြလည်း သိပ်တော့နားမလည်ပါဘူး ကားနဲ့ ဆိုင်ကယ် တူမှ မတူတာကိုး။ ကျုံးအရှေ့ခြမ်း ၅၉ လမ်း တောင်ဖက်အခြမ်း ၂၆ ဘီလမ်းတို့ကနေဆိုင်ကယ်ဖြတ် စီးတိုင်း ရေပက် မဏ္ဋပ်တွေဆောက်လုပ်ခြယ်သပြင်ဆင်နေကြတာကိုတွေ့မြင်ရလေ သင်္ကြန်ပိုးလို့ ခေါ်ကြတဲ့ ဘယ်လိုခံစားချက်မှန်းမသိတဲ့ ရွစိရွစိစိတ်ကတဖွားဖွားပေါ်လာတတ်ပါတယ်။

ဒါကိုက ကျွန်တော်တို့ မြန်မာ့ အတာသင်္ကြန်ရဲ့ ထူးခြားတဲ့ ဝိသေသတစ်ခုပါ။ မနှစ်က သင်္ကြန် တုန်းက ဗထူး တပ်စုမှူးသင်တန်း(PC)တန်းခွဲ ၃ခုလုံး Outdoor သင်ခန်းစာဆိုပြီးတောထဲ ထည့်ထား ခံခဲ့ရတာလေ။ ဟာဟ ဒီနှစ်တော့မောင်ကြီးတို့ လက်က အသင် ဘယ်ပြေးမလဲ ရွှေမန်းသင်္ကြန်ရယ်... တပ်မှာလဲ စစ်ကိုင်းကိုသွားပြီး ယိမ်းအက ဒိုးပတ်အက တွေပြိုင်ဖို့ အတွက်လေ့ကျင့်နေကြပါတယ်။ တပ်ရင်းမှူး။သူ့ဇနီးနဲ့အရာရှိအိမ်ထောင်သည်များ သူတို့ အမျိုးသ္မီးများပါ ဦးစီး ကြပ်မတ်နေကြပါတယ်။ ကြားထဲကလွတ်နေတာက နန္ဒအောင်ဦးစီးဝေလေလေ ရိပ်သာကအဖွဲ့များပါ။ သိတဲ့ အတိုင်းပဲ။ ညနေဆိုဘောလုံးကန်။


ညစာစားပြီးတာနဲ့ အောင်တော်မူနားကCafeBlue တို့ မိန်းရှေ့ကFriends O2 တို့မှာရောက်နေတတ်ကြတာလေ(ရုံးအလုပ်မရှိရင်ပေါ့)။ ဒီလိုနဲ့သင်္ကြန်က ၅ ရက်ပဲ လိုတော့တယ်. ..ပိတောက်တစ်ချို့လည်းပွင့်နေကြပြီလေ။ အဲဒီနေ့က မန္တလေး လမ်း ၃၀ က Leo မှာတပ်ကရုံးစာတစ်ချို့ကို ကွန်ပျူတာစီ ပရင့်ထုတ်ဖို့ လုပ်နေတုန်း ဆိုင်ကဖုန်းကို တပ်ရေးဗိုလ်ကြီးက အခုချက်ချင်းတပ်ပြန်လာခဲ့ပါတဲ့ ထုံးစံအတိုင်း ကျွန်တော်က နောက်ဖြစ်အောင်နောက်လိုက်ပါသေးတယ် ဘာလဲအစ်ကိုကြီး အမေရိကန် ကလာ တိုက်နေပြီလား ... လို့ ... ဆိုင်ကယ်ကို ပုံမှန်ထက်အနည်းငယ်အရှိန်မြှင့်လို့ပြန်လာခဲ့ တော့တယ် တပ်ကိုစဝင် ဘောလုံးကွင်းထဲမှာ တပ်မတော် Faw ကားကြီး ၆ စီးစီလို့ထိုးထားတာကိုလှမ်းမြင်တွေ့နေရကတည်းကသိလိုက် ပါပြီ... မှတပါးအခြားမရှိ.... လုံခြုံရေး ထွက်ရပါလိမ့်မယ်.....လို့ အရာရှိတွေ အရာခံဆရာကြီးတွေပါ အစည်း အဝေးခန်းမထဲမှာ အင်အားညှိနှိုင်းလိုအပ်တာတွေ တပ်ရင်းမှူးကမှာနေပြီလေ နန္ဒအောင်က ထုံစံအတိုင်း Junior အကျဆုံးတပ်ခွဲမှူးဖြစ်တာနဲ့အညီ ထောက်လှမ်းရေးအရာရှိ IO ပါလုပ်ရပါဦးမယ် ဒီတော့ အင်အားအတိ အကျမလာခင်ကတည်းက စစ်ကြောင်း တပ်ခွဲ ခွဲ ဆက်သွယ်ရေးစက် 4051,Icom တွေပါဖြန့်ခွဲစာရင်းလုပ်ရပြီ ။ မမှားပါဘူး ကျွန်တော်တို့ တပ်စစ်ကြောင်း(၁)တပ်ရင်းမှူးဦးစီး တပ်ခွဲ (၂)ခွဲက မန္တလေး ဆီဒိုးနား ဟိုတယ်ကို ဗဟိုပြုလို့ Asean သင်္ကြန်မဏ္ဋပ် လုံခြုံရေးပါ... စစ်ကြောင်း(၂)ဒုရင်းမှူးနဲ့တပ်ခွဲ(၂)ခွဲက တောင်ခြေနဲ့ ကျုံးကြီးရဲ့ မြောက်ဖက်အခြမ်းလုံခြုံရေး...ပါ...တဲ့... ညစာစားပြီးတာနဲ့ သတ်မှတ်နေရာတွေကိုစထွက်ခဲ့ကြရတာပါ။


အီကို တို့လူပျိုအရာရှိတွေ ပွဲစပျက်ပါတယ် ထမင်းစားဖို့ ပန်းကန်ခွက်ယောက် အဝတ်စားသေတ္တာပြင်ဆင်ထည့်ပေး မယ့်သူမရှိ။အိပ်ယာကိုဖြစ်သလိုဆွဲသိမ်း ထိုးထည့်။ဆိုင်ကယ်တွေကို အဘမသိအောင် လာပို့ပေးဖို့တပ်မှာကျန်ခဲ့ မယ်သူကိုမှာရ... လစ်တာနဲ့ ခိုးလည်မလို့လေ... အိုး သင်္ကြန် ၅ ရက်(၂၀၀၄)တာပြီးသွားတယ် သူများတွေ ပျော် ကခုန်ကြ ရေတွေစိုရွှဲ ယူနီဖောင်းကို မချွတ်လိုက်ရပါဘူး.... ရန်ဖြစ်ပြီးခေါင်းကွဲ မူးပြီးလဲတဲ့သူတွေကိုတာ ခေါ်ယူ ဆေးခန်းလိုက်ပို့ပေးလို့ ရေစိုခဲ့ရတာ 26 B လမ်းပေါ်က Alpine စတိတ်စင်ပေါ်မှာ No,တို့ Yes တို့ 59 Rd ပေါ် Premier မှာ ဖြူဖြူကျော်သိန်း တွေ ဇော်ဝင်းထွဋ်တွေ ကြားပဲကြားလိုက်ရတာပါ သူများပြောလို့ ။..Asean state စင်ကိုမိုင်းကွဲရင် တစ်ခါတည်းထွက်တာပြေးဖို့ပြင်ပါ. တဲ့..အဘက အားပေးတာလေ... လူကြီးတွေ ရေကစားချိန် အတွင်းစည်းမှာ ကျွန်တော် အရပ်ဝတ်နဲ့ အနီးကပ်လုံခြုံရေးလုပ်ပါမယ်ဆိုတာကို အဘက ရတယ် ယူနီဖောင်းနဲ့ ပဲအတွင်းရောအပြင်စောင်ခြုံပါ..တဲ့.. ဘယ်လိုမှကို အကြံက မအောင်မြင်ဘူးလေ ကိုယ်နဲ့ရွယ်တူ ငယ်လူမဟူ ရေတွေစိုရွှဲကဲလိုက်သဲလိုက်ကြတာ သီချင်းတွေကြားပြီး ကိုယ်ခန္ဒာအောက်ပိုင်းကရွပိုးထိုးနေတာယူနီဖောင်းက ကချင်စိတ်ကို ချုပ်ထားလို့နော်...ညကျတော့ ပုဆိုးနဲ့ စတစ်ဝတ်ပြီး မြို့တော်စည်ပင်ရှေ့က ဗဟိုလ်မဏ္ဋပ်မှာ အရိပ်ယောင်ပြရမယ်ဆိုပဲ.... ဒို့တစ်တွေမြူးမယ် ဒီသင်္ကြန်ပွဲ.... ဟာ ပိုက်လေးစုတ်တယ်ကွာ တဲ့ သီချင်းက စိတ်ထဲကလိုက်ဆိုနေမိတယ် ဟာ.. သေနက်လေး ရှုပ်တယ်ကွာ..လို့ ခါးက ကျည်ဆန်ထည့်မထားတဲ့ လက်စွဲ 9 mm Pistol လေးကိုလက်ကစမ်းပြီး....


မြင်တာမြင် မကြင်ရ ဆိုတာဒါကိုပြောတာလား အမေရဲ့....လို့ ၊ အားခဲပြီး လည်မယ်လို့ ကြံရွယ်ပြီးခါမှ ယူနီဖောင်းဝတ်ပြီး သူများတွေပျော်နေကြတာကို ရပ်ပြီးကြည့်နေရတဲ့ဘဝ၊ အဆိုးဆုံးကတော့ မူးပြီးရန်ဖြစ်တဲ့သူတွေပါပဲ၊ အမြင်မတော်တော့လည်းခေါ်ပြီးဆေးထည့်ပေး အရမ်းဆိုးနေရင် ဆေးရုံကိုပို့ပေးလိုက်ရပါသေးတယ်၊ နောက်တန်းတပ်မှာ ကျန်ခဲ့ တပ်ခွဲ လစာကြပ်က ဆိုင်ကယ်ကို အဘမသိအောင် လာပို့ပေးတယ်လေ.... အင်း ဆရာမြင့်သိန်း ကတော့ မှာထားတဲ့အတိုင်း လာပို့ပေးတာ ဒီမှာက မတ်တပ်မေ့ ငုတ်တုတ်မေ့ နေရပြီ၊ အဘမသိအောင်ခိုးလည်ပေါ့ ဗိုလ်ကြီးရ..တဲ့.. ဟ ဆရာ့အဖေက Icom နဲ့ သတိရတိုင်း ခေါ်နေတာလေ.. တစ်ခါတစ်လေ ..အေး ဒီဘက်ကိုခနလောက်လျှောက်ခဲ့ပါဦးဆိုတာက ရှိသေး .. အဲဒီအခါ ကျုပ်ကရှိမနေရင် ကွိမှာလေ.. တပ်မှာ အစည်းဝေးမှာ ကျွန်တော့်ကိုပါ မိတ္တူပေးတာမကြား ဘူးလား၊ အေးနော်လုံခြုံရေးနေရာကနေ ငါလာစစ်လို့မရှိလို့ ခိုးလည်တဲ့ကောင်တော့ ဘယ်သူဖြစ်ဖြစ် အချုပ်ထဲ ထည့်မှာ... ဆိုတာက အဲဒါ ကျွန်တော်ပါ ပါတယ်လေ...လို့.... သင်္ကြန်ရက်တွေအတွင်း တပည့်တွေကတော့ ကောင်းပါတယ် လည်ချင်တဲ့သူတွေ အထူးသဖြင့်လူပျိုတွေကို တစ်လှည့်စီ အရပ်ဝတ်လဲပြီး လည်ခွင့်ပေးတာ လောက်ကတော့ အဘမသိအောင်လုပ်ပေးလိုက်နိုင်ခဲ့ပါတယ်... နန္ဒအောင်တို့ကတော့ သူများပျော်လို့မပျော်နိုင် ရည်းစားပျောက်လို့ မှိုင်... ဆိုတာထက်ကို ဆိုးခဲ့ရတဲ့အဖြစ်ပါ။ ကျွန်တော့်ဆက်သွယ်ရေးသမား ဒုတပ်ကြပ် သန်းထွန်း မကြာခန ပြောတာကြားနေရပါတယ်.. တောထဲတောင်ထဲရောက်နေလို့ ဘာမှ မမြင်ရမကြားရရင် ထားပါတော့ ခံသာပါသေးတယ် ဗေဒါကမာ ရာ အခုတော့ ကိုယ့်ရှေ့မှာတင် သင်္ကြန်ထုပ်ကြီးက ပြုတ်ကျ နေတာ....တဲ့...... အေးပေါ့ကွာ မကောက်ဘဲ ကျော်တာ သွားလိုက်ပေါ့ ....လို့ ပြန်ပြောဖြစ်လိုက်ပါတယ်။
နေလွမ်းသူ

1 comments:

အရူးတစ်ယောက် said...

ကျွန်တော်တို့လဲသင်္ကြထုပ်ကြီးကျော်ခဲ့ရပေါ့အကိုရေ...