ဖြစ်ပါ့မလားညီလေး... စိုးရိမ်မကင်းတဲ့လေသံနဲ့ စီနီယာဖြစ်တဲ့ ကိုတိုးကြီးကမေးလာပါတယ် ကျွန်တော်ကလည်း အေးဆေးအစ်ကိုကြီးစိတ်ချ ... ပါလို့.. ဒီတောဒီတောင်ထဲလမ်းမရှိ ဘာမရှိကို အရင်တစ်ခေါက်က မြေပုံ၊သံလိုက် အိမ်မြောင်၊GPS (ကိုယ့်ဟာတော့ဟုတ်ပါဘူး) တွေကိုင်လို့ တိုးထားဘူးတဲ့အတွေ့အကြုံအရ ဒီတစ်ကြိမ်တော့ အေးဆေးတိုးမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားပြီးသားလေ။တပ်မဌာနချုပ်ကလည်း အပေါင်းနီလာ(+2)မှာ ဗျူဟာနဲ့ အရောက်ပြန်ပေါင်းပါလို့ ဆိုလာတာကိုး။
ဂျူနီယာအကျဆုံးတပ်ခွဲမှူး အတွေ့ကြုံလည်း ရစေချင်လို့ စစ်ကြောင်း-၂ မှူးက မင်းတပ်ခွဲနဲ့ ပွိုင့် တိုးဖို့ပြောလာပါတယ်။ မနက်ဖြန် သင်္ကြန်အကြိုနေ့ ၊အကျနေ့ မူသဲ(ရွာ)ဗျူဟာစခန်းကို အရောက်တိုးမယ်....သင်္ကြန်အကျနေ့မှာ လူသူရှိတဲ့နေရာကိုအရောက် အဖွဲ့တွေလူသူလေးပါးရှိတဲ့နေရာမှာ အတာ သင်္ကြန်ဆိုတာလေး နွှဲကိုနွှဲ စေရမယ်..လို့ အားခဲထားလိုက်ပါတယ်။
သင်္ကြန်လက်ဆေးမိုးကဖွဲဖွဲစကျပါတယ်...နင်းရတဲ့မြေသားနဲနဲတော့နူးညံ့သွားတော့ ခြေထောက်သက်သာတယ် အချင်းချင်းပြောလာကြတယ်..မိုးလေးက မနက်ဖြန် ပိတောက်ပွင့်အောင်ဖြန်းပေးတာ...ဆိုပဲ..ဆရာကြီးတစ်ဦး နောက်တာထပ်ကြားရပါတယ် အေးနော် သေချာလည်းကြည့် သတိလေးလည်းထားကြဦး ပိတောက်ပွင့်မှာက နောက်မှ မင်းတို့အတွက် မိုင်းပွင့်နေဦးမယ်...တဲ့..အင်းဟုတ်တော့လည်းဟုတ်သား..ဝါးပိုးဝါး သစ်ပင်ကြီးတွေ ထူထပ်နေတဲ့ကရင်တောထဲမှာ ပိတောက်တော့မတွေ့ပါဘူး သစ်ခွတွေအရောင်အသွေးမျိုးစုံ ပုံစံအရွယ်အစား အဆန်းအပြားတွေမျိုးစုံနဲ့ လှတာတော့တော်တော်ကိုလှပါတယ်။အချိန်ကန့်သက်ချက်တာမရှိခဲ့ရင် ကျွန်တော် တပည့်တွေကိုတက်ခူးခိုင်းမိမှာပါ။သစ်ခွ အရိုင်းတွေအယဉ်တွေမသိပါဘူး လှပြီးအရောင်သွေး စုံတာကတော့ မြင်တွေ့ဘူးသမျှထဲမှာ တီဗွီထဲမှာထက် ဒီတစ်ခါအလှဆုံးဖြစ်မယ်ထင်ပါတယ်။
သွားနေရင်းနဲ့ပွိုင့်ကခနတန့်ပြီး လက်ဆင့်ကမ်းပြောလာပါတယ် ရှေ့ညာဘက်က ကြက်တွန်သံ ကလေးငိုသံ ကြားနေရတယ် ဗိုလ်ကြီး ဆက်တိုးရမလား..တဲ့..ဗိုလ်မှူးမှာတာနားထဲမှာ ပြန်ကြားယောင်လာပါတယ်..လူနေတဲ အစုတွေ ရွာလို့ထင်ရတဲ့နေရာကိုရအောင်ရှောင်ကြ။ ဝင်တာနဲ့ဖြစ်မှာ ကိုယ်လူတွေလည်းထိမှာ သူတို့လည်းနာမှာ သေနက်တော့ရမှာမဟုတ်ဘူး မိုင်းပဲရမှာ ကိုယ်အကျိုးမရှိ အထိနာ သူတို့လည်းဖွာ မှာ... သင်္ကြန်တွင်းဘာ အကုသိုလ်မှ မပွားချင်ဘူးကွာ အေး...ထိပ်တိုက်တွေ့ရင်တော့ လက်မနှေးစေနဲ့ မင်းလူထိပြီဆိုတာနဲ့ ....ဒါကို ကြည့်ထား...တဲ့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ဘယ်ကိုစောင်းတိုး ဘာသံမှ မထွက်စေနဲ့ ...လို့ မိုးနံ့မြေသင်းနဲ့က သင်းနေပါတယ် တောထဲတောင်ထဲရောက်နေစေကာမူ သင်္ကြန်ရဲ့ အရိပ်အငွေ့တွေကိုတော့ ထိတွေ့ခံစား နေရပါတယ်။စိတ်ကူးအတွေးကို အတင်းစုစည်းနေတဲ့ကြားက သင်္ကြန်သီချင်းတွေကို ကြားနေသလိုခံစားနေကြ ရပါတယ်။ တောင်ယာဖြစ်ခဲ့ဘူးတဲ့တောင်ကုန်းလျှိုစောင်း ဝါးတောအောက်ကမှာသွားနေရတာ ဖြစ်လို့ ခြေချော်ပြီး လျှောမဆင်းအောင်သိထားနေရပါတယ်... မိုးရေစိုထားတဲ့မြေသားက နင်းလို့မမြဲပါဘူး။
ဒီလိုနဲ့ညနေ(၅)နာရီကျော်လောက်မှာ ကုန်းနေရာကောင်းတစ်ခုကိုရွေးပြီးညအိပ် နားဖို့ပြင်ပါ ဆိုတာနဲ့ ဝန်းကျင် လွှမ်းမိုးမှုကင်းလွတ်တဲ့ကုန်းတစ်ခုမှာပတ်နေရာ ယူလိုက် ကြပါတယ်။ ကျွန်တော်နဲ့ဗိုလ်မှူးစိုင်းကတော့ အမြဲတူညီ နေတတ်တဲ့အကျင့်အရ ရေအရင်ဆုံးရအောင် ပြေးချိုးပါတယ်။ပြီးတာနဲ့ တစ်နေ့တာမှတ်စုလေးရေး။အိပ်ယာခင်း သေချာပြင်ပြီး ရေဒီယို လေးကိုဖွင့်လို့ ကမ္ဘာကြီးနဲ့အဆက်သွယ်စယူပါတယ်။တပည့်ကျော်ကရေချိုးပြီးပြီးချင်း သောက်ဖို့ ရေနွေးကြမ်းကိုရေဘူးအန် နဲ့ထည့်ယူလာပေးပါတယ်။ည(၈)နာရီကျော်မှာ သဇင်(ပြင်ဦးလွင် အသံ) က သင်္ကြန်သီချင်းလေးတွေစကြားရတာနဲ့ချက်ချင်းဆိုသလို စိတ်ကနောက်တန်းမြေကိုရောက်သွားပါတယ်။(ကောင်မလေးတွေမပါဘူးနော်..အတွေးမှာ..)အခုချိန်ဆို ၅၉ လမ်းပေါ်ကမဏ္ဍပ်တွေကဆိုင်ကယ်တွေကိုရေ မထိတထိနဲ့ လှမ်းပတ် နေလောက်ပြီ....၇၃ လမ်းအတိုင်းမိန်းရှေ့ကိုဆိုင်ကယ်စီးသွားရင် လမ်းမှာဆိုင်ကယ်ချင်း ကပ်ရှောင်တာနဲ့ရေသန့်ဘူးနဲ့ရေပတ်နေကြပြီ....ဟူး..ဝူး...
ဒိုင်း ဒိုင်း...ကိုယ့်ဆီကသေနက်သံ ခွဲ(၃)နေရာကထွက်လာတာပါ...ခနကြာတော့စကားသံတွေ ကြားရတယ်။ အားလုံးကိုယ့်ရှေ့ပတ်လည်ကိုသေချာကြည့်ထားကြ.တဲ့.. အင်..မြင်မှ မမြင်ရတာ.. တောတိုးသံနားထောင်ရမှာ ပေါ့လေ..လူလာကပ်တာတဲ့၊ နောက်တော့ အဝေးကနေ ဖန်း ဖန်း ဆိုပြီးကာဘိုင်သံကြားရတယ်..ငပွေးဆီကပါ တုံ တုံ... ဟာဆော်ပဟ 40mm(ခေါက်ချိုးသေနက်)နဲ့လှမ်းထုလာပါတယ်..သူလည်းထုံးစံအတိုင်းပါပဲ။ အဝေး ကိုကျော်ကျ ပါတယ်...ဂျိမ်း ဆိုပြီး တစ်ချက်ပဲကွဲပါတယ်။ဆက်သားကလိုက်ပြောပါတယ် ဘယ်သူမှမအိပ်ပါနဲ့ ကိုယ့်ရှေ့လှုပ်ရှားမှုတွေ့တာနဲ့ပစ်..စစ်ကြောင်းမှူးကမှာပါတယ်..မနက် ၅ နာရီအသင့် ခွဲ(၁)ကပွိုင့်ထွက်မယ်.. ဆိုလာတာနဲ့ အဲဒီညက မအိပ်ရဘဲမိုးလင်းခဲ့ရပါတယ် သင်္ကြန် feeling လေးကိုပြန်ခေါ်တာကိုမရတော့ပါဘူး သူလည်းသေနက်သံကြောင့် လန့်ပြေးပြီထင်ပါ့.... အကြိုနေ့က ဒီလိုကြိုဆိုခဲ့တာပါ....
နောက်နေ့မနက်(၅)နာရီခွဲစထွက်တော့ စမ်းတဝါးဝါးနဲ့ တဘုန်းဘုန်းချော်လဲတာကြားနေရ ပါတယ် ကိုယ်လည်း လဲတာပဲ..အောက်ကိုကောင်းကောင်းမှ မမြင်ရတာလေ.. လင်းတော့လည်း ဘာတိမ်မှမရှိ ပူလိုက်တဲ့နေ ဒီနေ့ ပင်မလမ်းမကြီးပေါ်ကို နေ့ခင်း (၁)နာရီခွဲကျော်လောက်စတင်ခြေချမိတော့မှပဲ စိတ်အေးကြတော့တယ်.. ထမင်းစားနားမယ်...တဲ့ ..အေး ဒီအသံကြားချင်နေတာ..ဆရာ သူလည်းဆာနေမှာပဲ.. ကျွန်တော်တို့ စစ်သား တော်တော်များများ အစာအိမ်ဝေဒနာခံစားကြရတာ မဆန်းတော့ ဘူးလေ ..တစ်ယောက်နဲ့တစ်ယောက် ဗိုက်က ဆာချိန်မတူပေမယ့် သွားနေ့တဲ့အချိန် နားရင်တောင် ထမင်းစားမယ်ဆိုတဲ့အမိန့်ကို အကြီးဆုံးဆီက မရမချင်း စားလို့မှ မရတာလေ...မောင်ကြီးတို့ကတော့ ရေချောင်းကြည်ကြည်လေးတွေ့ရင်ရေကိုပဲ အဝသောက် မျက်နှာရေဆွတ် အဆာဖြေလို့တင်းခဲ့တာ...လမ်းမပေါ်မြေသားမာတော့လည်း ခြေထောက်တွေကကျိန်းစပ်နေပါတယ်။
မူသဲရွာကိုစဝင်တယ်။ကလေးနဲ့အမေတွေ၊သက်ကြီးရွယ်အိုတွေပဲရှိကြပါတယ်... ဗျူဟာမှူးဆီတက်ပြီးသတင်းပို့ တာနဲ့ ဒီနေ့တော့နားကြပေါ့ကွာ..မနက်ဖြန်ကနေ နှစ်ဆန်းတစ်ရက်နေ့ထိ ဘုန်းကြီးကျောင်းမှာ စတုဒီသာတစ်ဝ ကျွေးဖို့စီစဉ်ထားတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ သက်ကြီးရွယ်အိုတွေကို ဒို့မြန်မာဓလေ့အတိုင်း ကုသိုလ်ပြု ရေချိုးခေါင်းလျှော်ပေါ့ကွာ၊ရွာထဲကိုဆင်းရင်သေနက်လုံးဝမယူပါနဲ့ သူတို့ဆီကိုလည်း သေချာပြောထားတယ် ယူမလာကြဖို့၊ ထောက်ပို့ဆွယ်က ဆရာကြီးနဲ့ဆက်လုပ်ကြပေါ့ ငါပြောထားပြီးသား..ကဲ ဘာသတင်းပို့စရာရှိလဲ မရှိရင်နားကြတော့...ဆိုတာနဲ့ ပြန်ဆင်းလာကြတယ်။ နားထဲမှာတော့ နည်းဗျူဟာမှူး မှာတာလေးတစ်ခုစွဲကျန် နေပါတယ်...
အေး သင်္ကြန်ဆိုတာကတော့ လူတိုင်းခံစားကြရတာပါပဲကွာ...ပျော်တာမပျော်တာက လူအပေါ်ပဲ မူတည်တယ်။ကိုယ်ပျော်ရွင်ကျေနပ်ရင် အဲဒီသင်္ကြန်ကလည်းပျော်စရာ သင်္ကြန်ပဲ၊နေရာဒေသက အဓိကမဟုတ် ပါဘူးကွာ...ဒို့ဆရာသမားတွေမှာသလိုပေါ့ ..နေတတ်ရင်တော့ကျေနပ်စရာပေါ့ကွာ......တဲ့
နေလွမ်းသူ
Wednesday, March 26, 2008
နေတတ်ရင်တော့ ကျေနပ်စရာပေါ့ကွာ
Posted by နေလွမ်းသူ at 8:13 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment