ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, May 2, 2008

ဝေဒနာအပိုင်းအစလေးများ-၂

အစည်းဝေးလည်းပြီးရော လူလည်းအူတွေတွန့်လိမ်နေပါပြီ။ နောက်တန်းပြန်နားလို့ တစ်လဆိုတဲ့ကာလကလည်း ဘာမှမကြာလိုက်ဘူး၊ ဟောအခုပြန်ထွက်ရတော့မယ် သို့အတွက် လူ၊လက်နက်၊သီးခြားယူရမယ့် ဟာတွေ ခွဲခြမ်းစိတ်ဖြာဖို့အတွက် ရင်းမှူးဦးစီး ဦး/ရေး/ထောက် အစည်းအဝေးလုပ်တာပါ။ ထမင်းစားချိန်နီးမှကပ်လုပ်တာ ဖြစ်တဲ့တော့ ဗိုက်ဆာတာနဲ့ခွေခေါက်နေပြီ။ ကိုနန္ဒက junior အကျဆုံးတပ်ခွဲမှူး ဆိုပေမယ့် တပ်စုမှူးတင်ပဲ ၃ ယောက်ရပါတယ်.. ၄၇ ကညီငယ်တွေပေါ့။

ရိပ်သာရောက်တာနဲ့ စားမယ်ဟေ့ ဝါးမယ်ဟေ့ အော်ဟစ်ကြပါပြီ။ ထမင်းလာချပေးတဲ့ တပည့်ကို ဘာဟင်းလဲဟ ဆိုတော့ ဘဲဥ ကြော်ချက်၊ သီးစုံချဉ်ဟင်း(အိမ်ထောင်သည်လိုင်း တစ်ပါတ်ပတ်ပြီးရလာတဲ့ အသီးပေါင်းစုံနဲ့ ချက်ထားတာ free) ဆည်တော်ကြီးရေမြောင်းဘေးကခူးထားတဲ့ ခရမ်း ကစော့သီး၊မြင်းခွါရွက်ပြုတ်တို့စရာ ဘယ်တော့မှမရိုးနိုင်တဲ့ဟင်းတွေပေါ့။ အကြီးဆုံးဖြစ်တဲ့ ကိုနိုင်ဝင်း(မိန်းမက လိုက်မလာ နိုင်သေးလို့ သူကရိပ်သာမှာ လူပျိုလာလုပ်နေတဲ့သူ) ထဲကို ဟင်းတွေ ဦးခပ်ထည့်ပေးပြီး စစားကြဖို့ လုပ်တုန်း တပ်ရင်းမှူးကားသမား စတီးချိုင့်ကြီးဆွဲပြီးရောက်လာပါတယ်.. ဟာဟ သိလိုက်ပြီ ဒီမောင်များစိုစို ပြေပြေစားရအောင်လို့ပါ။ဒီလိုမှလည်း အချဉ်အစပ်စုံအောင် စားရတာလေ။


တပ်ခွဲကတပည့်တွေစစ်ထွက်ပစ္စည်း စစ်ဝတ် စုံ/မစုံ စစ်ဖို့ စိတ်ဓါတ်မကျအောင် အားပေးစကား ပြောဖို့ လက်နက် တိုက်က လက်နက်တွေ ရှေ့တန်းယူမယ့်အဓိက အကူပစ်လက်နက်ကြီးတွေ တိုက်ချွတ်ပြီး ready ဖြစ်/မဖြစ် တပ်စု/တပ်စိတ်ခွဲရင် လူမျှအောင်ခွဲဖို့ ကိုယ်တိုင်က ဘာတွေယူ ဘာတွေဝယ်ရ သယ်ရမလဲဆိုတာတွေ အိမ်ကို ဖုန်းဆက်ဖို့ ကောင်မလေးကိုနှုတ်ဆက်ဖို့ ...အို.. စုံနေတာပဲ ခေါင်းထဲမှာတော့ ဘာကနေ စလုပ်လို့လုပ်ရမလဲကို မသိဘူး။ အိမ်ထောင်သည်တွေကတော့ သူတို့အိမ်သူသက်ထားများက ကြော်လှော် လျှော်ဖွတ် ပြင်ဆင်ပေးနေ နိုင်တော့ သိပ်မပူရပါဘူး။ မောင်တို့လူပျိုများကတော့ ကိုယ့်အုပ်ချုပ်မှုကိုယ် စဉ်းစားရ တပ်ခွဲအတွက်စဉ်းစားရနဲ့ ဝယ်ရမှာတွေကလည်းများသား လက်ထဲမှာက ၅၀၀၀/ တောင်မပြည့်တော့ဘူး၊ ညီငယ်တွေလည်းအိမ်တွေကို မှာတဲ့သူကမှာ နီးနီးနားနား မန္တလေးသားတွေက ရွှတ်ဆို ဆိုင်ကယ်လေးနဲ့လစ်ပြီး ပြန် အိမ်ကလူတွေ ဈေးချို ထဲကိုခေါ်သွားပြီး လိုချင်တာလက်ညှိုးထိုး အဆင်ကိုပြေလို့။ အနည်းဆုံး ၃-၄ လလောက တာကလ တောထဲမှာ နေရမယ့်ဆိုတော့ နေ့စဉ်သုံးတွေထဲက မသုံးဘဲနေလို့ရမယ့်ဟာကို စာရင်းကပါယ်ကျန်တာကိုတွက်......


တစ်လကုန်တစ်ခါ နောက်တန်းကနေ လစာပေး၊အင်အားဖြည့်အဖွဲ့တော့လာတာပေါ့။ လူပျိုစစ်သည်တွေကိုပဲ လစာလာတာ၊အနော်တို့က ချက်လက်မှတ်ကြီးနဲ့ အင်းဝ ကိုသွားမှ လစာဆိုတာကရတာမျိုးဆိုတော့ ဝေးသေး။ ဒီလိုပဲအိမ်ထောင်သည်တွေအတွက် သူတို့ မိန်းမတွေက စာတွေ၊အကြော်အခြမ်းလေးတွေထုပ်ပိုးထည့်ပေးကြ ဆိုတော့ ငတ်ပြတ် သမျှခံသာသေးတယ်။ အဲလိုပဲ စစ်သည်လူပျိုတွေကလည်း လာစာတွေသယ်လာသူ ကိုစုပြီး သူတို့လစာထဲက ဘာဝယ်ပေးပါ ညာဝယ်ပေးပါမှာလို့ရကြတာပေါ့။ ဝဲကိုက်တာက ကိုနန္ဒတို့ အဖွဲ့တွေပါပဲ၊ဘာလေးဝယ်ခဲ့ပါပြောရအောင်ကိုယ့်လစာဆိုတာကမပါ၊ မှာလည်း တစ်ယောက် တလေဆို ဟိုလူကစိုက်ပေးလို့ ရသေး၊အခုဟာက တကယ်ပါ ၄၇ ကညီလေးတင် ၈ ယောက် ဒါတောင်လျှော့ပြောထားတာ။ ကော်ဖီမစ်လည်း သယ်ချင်၊ ဓါတ်ဆားထုပ်၊ ဆပ်ပြာခဲ၊ လက်နှိပ်ဓါတ်မီး ဓါတ်ခဲ၊ အိုင်ကွန် icom သုံးဖို့ဓါတ်ခဲ၊ ဖယောင်းတိုင်က မပါ မဖြစ်၊ ဘောလုံးဂျာနယ်အဟောင်းတွေ(သူလည်း အရေးပါတယ်.. tissue အစား) ဖျားနာကိုက်ခဲ ဆေးမျိုးစုံ..အင်း ဆေးက ဒေါက်တာမမဆီပြေးရင် အိုကေမယ်.. မဟုတ်ရင်ဝယ်ပေါ့ဗျာ (ကိုယ့်ကုသိုလ်နဲ့ကိုယ်နော်ဟဲဟဲ)


စားစရာအတွက် အကောင်းဆုံးက ဆိတ်သားခြောက် မန္တလေးသူ/သားတွေသိပါတယ် ဟိုဟာလေ AK ဆိုလား အာကာ ဆိုလား မမှတ်မိတော့ဘူး သူကတော့ တကယ် အဆင်ပြေတယ် နဲနဲကိုငှက်ပြောဖူး/ ငှက်ပြောအူ နဲ့ ရောရောပြီးချက်စားသွား မကုန်လွယ်ဘူး ကောင်းလည်းကောင်းတယ်။ ယူနီဖောင်းက ဝါကျင့်ကျင့်လေးရယ် သိပ်မကောင်းတော့ တာလေးရယ် ရှိတာအကုန်ပဲ ၂ စုံထည့်၊ အရပ်ဝတ်..က အင်း ပုဆိုး၂ထည် အင်္ကျီ ၂ ထည် စစ်ဆွယ်တာ၊ တဘက်ကြီး၊ ချွေးသုတ်တဘက် ဈေးချိုထဲမှာ အကုန်ရှိပါ့ ပိုက်ဆံပဲ လိုတာ။ဒန်အိုးဒန်ခွက်က နိုး ပြသနာ ဆရာတွေသူတို့မိန်းမတွေဆီကအမွေခွဲမှာ ဒါကထုံးစံ သူ့တပ်စိတ်လိုက် ခွဲထားတဲ့အတိုင်းထမင်းဟင်း အတူချက်စားရမှာ တပ်စုမှူးဗိုလ်ကြီး တွေလည်း go အဲဒီတပ်စုလိုက်ပဲ၊တဲထိုးဖို့ ပလက်စတစ်မိုးကာပါးစ၂ထည်၊ ဖိုက်ဘာ သို့ မယ်လမီး ပန်းကန်ပြားလေးတော့ထည့်မှ ထမင်းစားဖို့၊ဇွန်းတိုလေးရယ်၊စတီးချိုင့်တစ်လုံးကလဲ လို သေးဗျာ၊ ခွဲရုံးက ဆရာကြီး၊တပ်စုကဆရာကြီးတွေက အဲဒီ ပန်းကန်ခွက်ရောက်ချိုင့် လာသယ်သွားပြီးသား သူ့ ဟာသူခွဲပေးမှာ။ ဖတ်စရာ ဘုရားစာအုပ် ကျွန်တော်သယ်နေကြက ပရိတ်ကြီး ၁၁ သုတ်စာအုပ်လေး။နောက် ဖတ်စရာ စာအုပ်လေးတစ်အုပ်၊ eng dictionary၊ diary တစ်အုပ်။


တပ်မတော်ဂွင်းစောင်ပါးလေးနဲ့ စောင်ကြားလေးလည်းထည့်လိုက်ရော ကျောပိုးအိပ်က လျှံထွက်သွားပြီ ဘာမှ ဆက်ထည့်လို့ကိုမရတော့ဘူး။ အဲ... အရေးကြီးဆုံး အရာလေး.. ရှာရှာ ခေါင်းအုံးအောက်မှာ.. တွေ့ပြီ အဓိက မွေးသမိခင်ကြီးရဲ့ ထမီထပ်ဆင်စ ၇ ထုံး ထုံးထားရင် အန္တရာယ်ပိုကင်းတယ်ဆိုပြီး အမေက အထုံးလေးတွေ ၇ ခု ထုံးပြီးပေးလိုက်ပြီးသား လည်မှာ ဆွဲဆွဲ လက်မောင်းမှာချည်ချည်၊ ဘုရားစင်ပေါ်က မြတ်စွာဘုရားရှင်ရဲ့ပုံတော် မြကျောက် ဆရာတော်ဘုရားကြီးပုရိတ်ကြိုး၊ အိုကေပြီ.. သွားတိုက်ဆေးက လေဆာ ဘူးကြီးဆိုသုံးပါလိမ့် ၃ လ ဟိုဘက်အခန်းတွေကညီငယ်တွေလည်း ပွက်လောတွေရိုက်နေပါတယ် ဟေ့ကောင် အဲဒါငါ့ ကျည်ဘောက်စ် ဟိုပစ္စတိုအိပ်က သူ့ဟာ ယူနီဖောင်းက မင်းဘောင်းဘီနဲ့ ငါ့အင်္ကျီ ဖြစ်နေတယ်.. ရေဘူးပေါက်တာကြီးကို မင်းနော် လာမလဲနဲ့ ခြေအိပ်လျှော်ပြီးသားတွေက ဘယ်အတောင်ပေါက်ပျံသွားတာလဲ များနေပြီ နဲနေပြီတွေ အော်လို့ အသံကြားမှသတိရတယ် ကိုယ်လည်းလျှော်ထားတဲ့ခြေအိပ်လေးတွေသွားယူဦးမှ ဟော... ကဲကြည့်။ လွဲကုန်ပြီ


အရေးထဲ တပ်ခွဲမှူးတွေ အဘခေါ်နေတယ်..လုပ်ပြီ အလုပ်ရှုပ်နေတာကို (ဗိုလ်လောင်း စကားနဲ့ပြောရရင်တော့ ရက်ထွက်နေပါတယ်ဆိုမှ...)မသွားလို့မှ မရတာ သွားရပြန်သေး။ မှာတာတွေကအများကြီးပါ။ ထုံးစံအတိုင်း ကို ကလည်း၊ တစ်ပါတ်လုံးလုံးဝတ်ထားတဲ့ ဂျင်းပင်န်တွေ တီရှပ်တွေ ပုဆိုးအင်္ကျီတွေက ....ဘယ်သူ့ကိုလျှော်ခိုင်းရ ပါ့မလဲ အခုမှ ကပ်လျှော်မခြောက်တော့ဘူး သိမ်းထားခဲ့ဖို့ပါ။ အပေတွေကို သေတ္တာထဲ ဒီတိုင်း ထိုးထည့် ခဲ့လို့လည်း မဖြစ်၊ တောက်..! မိန်းမမရှိတာ နာတာပဲကွာ.. တွေးမိတာပါ။ ပုဆိုးနဲ့ထုတ် ရွှေဝါတစ်တောင့်ဝယ်ပြီး လိုင်းခန်းထဲ ပြေးရတာပါပဲ၊ ပြန်လာမှလာယူတော့မယ်ပေါ့... အမှန်က တပ်ခွဲမှူးဆိုတာ ရုံးပုံးလို့ခေါ်တဲ့ စတုရန်းပုံသံသေတ္တာ တစ်ပေခွဲ နှစ်ပေနီနီး (အနံအမြင့် အလျားတူ)တစ်လုံးယူရတာပါ။ စစ်ဆင်ရေးနယ်မြေအခြေအနေအရ အဲဒါသာ သယ်လို့ ကတော့ ... သံဘို(ကျောက်ကြီးမြို့နားက)ရွာကနေစပြီး ဘော်စဲခို ထိ ၂ နေကုန် လမ်း လျှောက်ရတဲ့ တောလမ်းခရီးကြမ်းကို ကိုယ့်ကျောပိုးအိပ်ကို အနိုင်နိုင်လွယ် အိပဲ့အိပဲ့သွားနေ ရတာကို... သံလိုက်အိမ်မြှောင်နဲ့ မှန်ပြောင်း။ မြေပုံအိပ်က မြေပုံတစ်ချပ်တည်းနဲ့ကို ပြည့်နေပြီ.....၆၀မမ ဗုံးသီး ၂ လုံးခွဲယူပြီ ကျောပိုးအိပ်ထဲကို ထည့်ရမယ်။ မထည့်လို့မဖြစ်ဘူး ....ခွဲရုံးမှာကအကြီးများတယ်လေ(လက်နက်ကြီး)


ဗိုလ်ကြီး ဘယ်သူ.. ဖုန်း... ဆိုပြီး ရုံးကလည်း ဖုန်း လာတိုင်းအော်ပေးပါတယ် တစ်ယောက်ပြီး တစ်ယောက် ညီ ငယ်တွေပေါ့.. မိဘ၊ ဘာညာ မတော်ရသေးတဲ့ ယောက္ခမ အို စုံနေတာပဲ မနက်ဖြန်ရှေ့တန်းထွက်မှာဆိုတော့ မှာစရာလေးတွေကများသား.. အလှည့်မရောက်သေးလို့ စောင့်ပြီးမှ ကိုယ့်အလှည့်ကျပါတယ် အိမ်ကိုဖုန်းခေါ်ပေါ့ မာတာမိခင်ကြီးကတဖွဖွမှာရှာပါတယ် သားနော် ဘုရားတရားမမေ့နဲ့ အနန္တောအနန္တ ၅ ပါးညတိုင်းဦးချပြီးမှအိပ် အားလုံးကိုမေတ္တာပို့ ရန်သူလည်းပို့နော် အမေလည်း အဲဒီဒေသက လူတွေအကုန်မေတ္တာပို့ပေးနေမယ်။ အချိန်ရ ရင် သံဗုဒ္ဒေ အခေါက် ၁၀၀၀ ပြည့်အောင်ရွက်ပေး ဂုဏ်တော်ကွန်ချာလည်း ရွတ်နော် ငါ့သား....အပေါ့သွားတာ လာတကအစ ကန်တော့ကန်တော့လို့ပြော.. ဟုတ်ဟုတ်ဟုတ် နဲ့ပေါ့ အမေခနနားသွားမှ .. အမေအိမ်မှာလေ သားဓါတ်ပုံတွေ ချိတ်ထားရင်ခန ပြန်သိမ်း ထားပါလား.. ဘာလို့လဲ သားရယ်.. ဆိုတော့ သြော်မတော်တဆ လေတိုက်လို့ ချိတ်မခိုင်လို့ ကျကွဲခဲ့ရင် အဖေနဲ့အမေ အလကားနေစိတ်ထင့်နေရမှာစိုးလို့ပါ.. လို့ သိမ်းထားတဲ့ အထဲကမှ မှန်တွေဘာတွေကွဲလည်း ဆွမ်းချိုင့်ပို့ပေးပေါ့ အမေရယ် လို့ နောက်လိုက်တာကို မွေးမေက ဟဲ့သားဆိုပြီးငိုပါလေရော....


မနက် ၄း၀၀နာရီဆိုတာနဲ့ စစ်ခရာနဲ့ တပ်ရင်းတစ်ရင်းလုံးကို နှိုးပါတယ် ၅ နာရီကားပေါ် တက်ပြီး အစုံအလင် အသင့်ထွက်နိုင်ရမယ် ဆိုတာကိုး။ မီးကမှိန်မှိန် သေနက်တွေထုတ် သေချာစစ်ခိုင်းရ လူစုံအောင်လုပ်ခိုင်းရ ကိုယ့် ပစ္စည်းကို စုံအောင်လုပ်တာတစ်မျိုး ၊ ကားပေါ် အလေးအပင်တွေတင် ကလေးငိုသံ အော်ခေါ်သံ အစ်ကို မောင်ခေါ်တာတွေ ငေါက်ငမ်း သံတွေနဲ့ ရောက်ယတ်ကိုခတ်နေတာပါပဲ တပ်ရင်းမိခင်နှင့်ကလေးက မနက်စာ ဆိုပြီး အကြော် ကောက်ညှင်းပေါင်းထုပ်လေးတွေဝေလို့ တော်သေးတယ် မဟုတ်ရင် မံမံက တူတူပုန်းမှာ အသေ အချာပဲ၊ တန်းစီလူစစ်တော့မှ ပေတူး ဆိုတဲ့ တကယ့်ငပေတူး လိုနေပါတယ် ပြသနာကစပြီ တပ်စုတပ်ကြပ်ကြီး လုပ်သူကို နဲနဲဆူပေးလိုက်ပြီး သွားအခုရှာ သူ့ပစ္စည်းတွေ သယ်လာပြီးချထားပေး ဆိုပြီး .. တပ်ရင်းမှူးစစ်ထွက် မိန့်ခွန်းနာခံပြီးတဲ့အထိပေါ်မလာပါဘူး ခနကြာမှ ကြက်ခြံကဆရာက ခေါ်လာပါတယ် ညကတည်းက မူးပြီးလာ အိပ်နေတာ အကုန်ပြင်ပြီးသားဆိုလို့ သိပ်ထားလိုက်တာဆိုပဲ သူ့ဆရာကြီးလုပ်သူက နားရင်း တစ်ချက်လောက် ပြင်းပြင်းအုပ်ပေးလိုက်မှအိပ်ချင်ပြေသွားပါတယ် ဒီလောက်ဆို နန္ဒအောင် မလိုတော့ဘူး ကဲ..။


ကားပေါ်တက်ကြ အိမ်ထောင်သည်များ မိန်းမတွေက တတွတ်တွတ်နဲ့ မှာလို့ကို မပြီးပါဘူး တအိအိနဲ့ ငိုတဲ့သူကရှိသေး .. ကောင်းတယ် မောင်ကြီးတို့ ငဖွတ်ကြားများ တတွတ်တွတ် မှာမယ့်သူလည်းမရှိဘူး ချွဲစရာလူလည်းမလာဘူး တဖွဲ့လုံးပဲ .. ကားတွေစထွက်ပါပြီ ဟော ကြည့် ၃ စီးပဲထွက်ရသေး နောက်အစီးက ဆင်းတွန်းပြီးနှိုးနေရသေး အခုမှသေချာ ကြည့် လိုက်မိတယ် ငါ့စီးတဲ့ကားက ရှေ့မီးလည်းထွန်းတာမတွေ့ပါလား .. သေချာအောင် ကား ဆရာကို ဆရာကား .. ကားမီးက.. ဆိုတော့ ဟုတ်တယ်ဗိုလ်ကြီးရေ ဂန့်သွားလို့ နောက်က ကားမီးရောင်နဲ့ မှေးမောင်းလို့ ရပါတယ် မပူပါနဲ့ ဗိုလ်ကြီးရာ မြို့ထဲမှာ လင်းလင်းချင်းချင်းပါ.. ခနနေရင်လည်း အလင်းရောင်လာတော့မှာပါ ဆိုပဲ.. ကဲ...... ရှိစေတော့ သူကလည်းဒါမှ ရိုးရာမပျက်မှာကိုး။

1 comments:

Anonymous said...

ဖတ်လို့ကောင်းပါ၏