ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Sunday, May 18, 2008

အလာကောင်းလို့ အခါနှောင်းခဲ့လေသလား

ဟာ..! အစ်ကိုကြီး ဘယ်လဲ သင်တန်းပါလို့လား မျက်နှာလည်းမကောင်းဘူး ဘာဖြစ်...? မေးခွန်းပေါင်းများစွာနဲ့ ကျွန်တော်က စတင်နှုတ်ဆက်တော့ အလုပ်သင်(၂၈)က အစ်ကိုကြီးကိုဇော်သက်ဦး မဖြေချင်ဖြေချင်ပုံစံနဲ့ပြန် ဖြေလာပါတယ်။ သင်တန်းကိုအကြောင်းပြ အဘ(တပ်ရင်းမှူး)ကိုအကျိုးအကြောင်းပြောပြီး ကိုယ် မရရအောင် ပြန်ဖို့လုပ်တာ ဟိုနေ့ကပေးအဖွဲ့လာတော့ နောက်တန်းက တပ်ရေးဗိုလ်ကြီးစာရေးလိုက်တာ ကိုယ့်အမေ အခု မန္တလေးဆေးရုံကြီးမှာ ရင်သားကင်ဆာတဲ့ကွာ အခြေအနေကနဲနဲဆိုးတယ် ကိုယ့်ကိုပဲတနေ ကိုယ်လာမှအစား ကောင်းကောင်းစားမယ်ဆေးသောက်မယ်လုပ်နေလို့ ညီမလေးတော့အနားမှာရှိတယ် သူလည်းသိပ်မလုပ်တတ် မကိုင်တတ်လေ....တဲ့။ ဟာ ရင်သားကင်ဆာဟုတ်လားအစ်ကိုကြီး .... အရင်ကဖြစ်ဖူးလားလို့ ကျွန်တော်က မေးတော့ မကြားမိဘူး တဲ့ သူက။ ကျွန်တော် ပြောသင့်မပြောသင့် စဉ်းစားနေမိတယ်... ပြောရကောင်းမလားးးး မပြောဘဲနေမလား...တော်ပါပြီပြောတော့ဘူး....

သူ့ကိုမပြောပေမယ့် စစ်ကြောင်းမှူး ဗိုလ်မှူးအောင်တင်မိုး ကိုတော့ပြောပြမိပါတယ်။ အခုကိုနန္ဒတို့ရှေ့တန်း တပ်စစ်ကြောင်းနှစ်ကြောင်း(၁နဲ့၂)ခွဲပြီး မူသဲအရှေ့ဘက် ချောင်းနှစ်ခွထိ အနောက်ဘက်ဘီအီးကုန်းအထိက ဒုရင်းမှူးဦးစီးတဲ့ စစ်ကြောင်း(၁)နဲ့ တပ်ခွဲနှစ်ခွဲ။ မိမိတပ်ခွဲပါတဲ့ စစ်ကြောင်း(၂)နဲ့ နှစ်ခွဲက ဘီအီးကုန်းအစပ်ကနေ ကပ္ပါယ်စခန်းထိ ကြားပင်မလမ်းကြောင်းကိုထိန်းလို့ အပို့အကြိုလုပ်ပေးလမ်းကင်းယူပေးထားရပါတယ် အခုက သင်တန်းပြန်တက် ဆေးရုံတက် ဒဏ်ရာရစစ်သည် အစုအဖွဲ့ကိုလက်ဆင့်ကမ်းလို့ တပခ တိုင်းတပ်တာဝန်ယူ ထားရာ ကပ္ပါယ်စခန်းဘက်ထိသွားပို့ပေးရမှာပါ။ မူသဲဗျူဟာမှာ ရိက္ခာထုတ်သွားတုန်းကခနတွေ့ခဲ့သေးတဲ့ ကိုဇော်သက်ဦး ကိုအခုဒီအဖွဲ့နဲ့နောက်တန်းပြန်မယ့်ပုံစံနဲ့ပြန်တွေ့မိတော့ နဲနဲအံ့သြလို့မေးမိတဲ့အမေးပါ။ သူနဲ့က နောက်တန်းမှာ တပ်ချင်း အလုပ်ချင်းဆက်စပ် ဘောလုံးလည်းအတူကန် အဆူအဆဲလည်းအတူခံခဲ့ဘူးတော့ အကြောင်းသိခင်မင်နေတာလေ။



ဗိုလ်မှူးကြားတယ်မို့လား အခုနကပြောတဲ့ ရင်သားကင်ဆာဆိုတာလေ.... ဆိုတော့ အေးဘာဖြစ်တုန်းမင်းက? ဟုတ်ဘူးမေဂျာရ(သူကမှူးဗကလည်းဖြစ် ရိပ်သာမှာလည်းအတူနေတော့ကျွန်တော်ကအဲလိုပဲခေါ်ချင်ခေါ်တာ) ကျွန်တော်အဲဒီရောဂါအကြောင်းကောင်းကောင်းသိတယ် ကိုယ်တွေ့မို့လို့ ဆိုတော့သူက အမ် မင်းဖြစ်ဘူးတယ် ဟုတ်လား..? တဲ့.. အာ ဘယ်ကလာ ကျွန်တော့်အဖွား(အမေ့အမေ)အဲဒီရောဂါနဲ့ဆုံးတာ နေမကောင်းဖြစ်လို့ ဆေးတော့ကုတာပေါ့လေ ဒါပေမယ့် ဆုံးပြီး မြေချတဲ့နေ့မှာ နောက်ဆုံးကန်တော့ကြတော့ ကျွန်တော့်ဦးလေးက အလောင်းကိုခနစောင်းကြည့်တာ သူကသိလို့လားမသိဘူး အဲဒီမှာနောက်ကျော လက်ပြင်နေရာကနေ သွေးနဲ့ ပြည်စလိုလိုတွေစိမ့်ထွက်နေတာ အိမ်မှာတုန်းကဘယ်သူမှ မသိကြဘူးထင်တာပဲ သူကလည်းအပေါက်လို့လုံးဝ မထင်ရဘဲစိမ့်ထွက်နေတာ။အိမ်သားးတွေကရှေ့ကအနာပဲမဲနေကြတာလေ။


ပြောဦးမယ်မပြီးသေးဘူး အဲဒါက ဖြစ်တာက ကျွန်တော် ၄ တန်းနှစ်လောက်က။ နောက်တစ်ခု အဲဒီအဖွားရဲ့ ညီမအရင်း ကျွန်တော့်အဖွားလေး သူလည်းဒီလိုပဲ အဲဒီရင်သားကင်ဆာဖြစ်ပါလေရောလား ။ အမျိုးတွေသိတော့ ချက်ချင်းကုကြပါတယ် ဒါပေမယ့် အဲဒီတုန်းက သိပ်လည်းပိုက်ဆံမတတ်နိုင်ခဲ့ဘူး(အခုလည်းမရှိပါဘူး) ဆရာဝန် ခေါ်ပြီးအိမ်မှာဆေးထိုးဆေးစားပေါ့ မကြာပါဘူးရင့်ရင့်လာပြီး အိုး တကယ်ကျွန်တော် PC မတက်ခင်ခနလေး အိမ်ကိုပြန်တော့သွားကြည့်တယ် မြင်မကောင်းတော့ဘူး ဒီရင်သားတစ်ခုလုံး အနာကလှိုက်စားပြီး ပြည်တည်နာ ဖြစ်ပြီး မီးတောင်ဝလိုကြီးဖြစ်နေတာ ပြည်တွေသွေးတွေကတော့ ချော်ရည်ပူချော်ခဲတွေလိုပေါ့(မျက်လုံးထဲမှာ မြင်အောင်ဥပမာပေးတာပါ) ကျွန်တော် ဗထူးမှာ စုမှူးတက်နေတုန်း ၂ ပါတ်မြောက်တော့ အဖွားလေးဆုံးပြီ ဒါတောင်အိမ်ကိုဖုန်းဆက်မှ ၃ ရက်နောက်ကျပြီးကျွန်တော်သိရတာ။အခုလည်း ကိုဇော်သက်ဦးအမေအခြေနေ ဘယ်လိုနေလဲကျွန်တော်မသိပါဘူး ဟိုရောက်ရင် သေချာဂရုစိုက်ဖို့တော့ ဗိုလ်မှူးထပ်မှာပေးပါလား...ဆိုတော့ အေးပါ မင်းကဘာလဲ သူ့ညီမကြိုက်နေတော့ ပူနေတာလား..တဲ့ ကဲမှတ်ကရောဗျာ...


ပွိုင့်တပ်စိတ်သေချာရှင်း မသင်္ကရင်ခနတန့်ချက်ချင်းသတင်းပို့ ကြော(စောင်း)ခုပ်။ အောက်ကိုသေချာကြည့် ကဲထွက်မယ်..ဆိုပြီး တိုးခဲ့ကြပါတယ် ဟိုရောက်တာနဲ့ လွှဲပြောင်းပေးပြီး မနားပါဘူး ချက်ချင်းပြန်ခေါက်လာခဲ့ကြ တာပေါ့။ဟုတ်ပါတယ် ကိုယ်လက်လက်ဆက်ဆက်သွားထားတာမှစိတ်ချရမှာလေ။ အပြန်တော့ပွိုင့်တပ်စိတ်ကို စောင်းမခုပ်ဘဲ လမ်းတိုင်းသွားခိုင်းပါတယ်။(စောင်းခုပ်တယ်ဆိုတာ လမ်းကိုစိုးမိုးထားတဲ့တောင်ကမ်းပါးယံလေး ကုန်းစောင်းလေးပေါ်ကနေပွိုင့်ရှင်းသွားတာပါ နဲနဲတော့ခရီးဖင့်တယ် ဒါမှလည်း အကယ်၍ရန်သူက ဆွဲမိုင်းနဲ့ စောင့်နေခဲ့သည်ရှိသော် ထိပ်တိုက်တိုးချင်တိုး သူပစ်ကိုယ်ပစ် ကစ်ကြမယ်လေ ဟိုလိုမျိုး ခြုံခို (ဟုတ်ပါဘူး) ကုန်းစောင်းဝါးတောခို ကိုယ်တို့လာတဲ့အခါ လူစုစု တစ်ဖွဲ့ထဲပြတ်နေတဲ့အခါမှာ ဆွဲ..အင်း ဆွဲတာထက် ဝါယာ ရှော့တို့လိုက်တာ အုံး ကနဲ ဂျိမ်းကနဲပေါက်ကွဲ မီးခိုးလုံးတွေဖုံးလွှမ်း .......


၆ ထပ်ကွေ့ကျော်လာလို့အမောဖြေမယ်ရှိသေး ဒိုင်း ဆိုပွိုင့်ကပစ်တဲ့အသံကြောင့်နေရာယူကြတော့ရှေ့ကပြော လာပါတယ် ရပြီရပြီကွ.. ဘာတုန်းဟ ဆိုတော့ ဂျီ.. ဆိုပဲ ဟာဟုတ်လို့လားကွာ ခွေးဖြစ်နေပါဦးမယ်ဆိုပြီး ရှေ့ကိုတက်သွားတော့မှာ လားလား တယ်ဟုတ်ပါ့လား သမင် လိုလို ဒရယ်လိုလို ခန္ဒာနဲ့ ထမ်းပြီးသယ်လာခဲ့ကြ ပါတယ်။အဲဒီညက ထမင်းစားလို့ကောင်းလိုက်တာများ(စိတ်ထဲကနေ အမေ့ကိုပြောသေး မြင်သား ၊ ကြားသား မဟုတ်ဘူးနော် လို့... ဟုတ်တယ်လေ မြင်သားဆိုတာ ကိုယ့်ရှေ့မှာထုသတ်နေတာ၊ ကြားသားဆိုတာက အဲဒီ စားမယ့်အသားကို သတ်ပုတ်ထုချေလို့ သတ္တဝါရဲ့အော်သံကိုကြားတာ .... ဆိုတော့ လွတ်မယ်ပေါ့နော်..ဟဲဟဲ)
ကျွန်တော့်တပ်ခွဲကရတာဆိုတော့ အဲဒီဆရာကြီးက အသားခြောက်လေးနဲနဲချန်ပြီးလှမ်းထားဖို့ တိုင်ပင်တာနဲ့ good ကောင်း၏ လုပ်ပေါ့။ အသားစိုတွေလည်း စစ်ကြောင်း(၁)မှူးအဖွဲ့တွေကိုနဲနဲစီဝေငှပို့ပေးကြပါတယ်။


ရိက္ခာလာထုတ်ပါဆိုလို့ မူသဲဘက်ကိုလည်း ဒိုးရသေး။ လှုပ်လှုပ်ရှားရှားကနေနားတာ ၂ ရက်မပြည့်သေးဘူး ကွာကွာမားမားရှိတယ်ကြားရပြန်ပြီ တပ်မဌာနချုပ်ပစ္စည်းတွေနဲ့အဖွဲ့တစ်ဖွဲ့ထပ်သွားပြန်ဆင်းခေါ်ပါ...ဆိုလို့ လစ်ကြတာပေါ့ ကပ္ပါယ်စခန်း ကို ဟိုရောက်ပြီးမကြာဘူး တစ်ဖက်ကအဖွဲ့ရောက်လာပြီ ဟောကြည့်စမ်းပါဦး ဟိုတစ်ခါကပြန်ဆင်းသွားတဲ့ အစ်ကိုကြီး ကိုဇော်သက်ဦး ပြန်တက်လာပြီ။ အစ်ကိုကြီး ..လို့ခေါ်ပြီးအနားကပ် သွားတုန်းရှိသေး ကို တို့အဖွဲ့တွေ တိုင်းက အမိန့်မရလို့ ကျောက်ကြီးဗျူဟာ(သံဘို)မှာ ၂ ရက်သောင်တင်တယ် ကို မန္တလေးဆေးရုံကြီးကို ရောက်သွားတော့ ဦးလေးတွေအစ်ကိုဝမ်းကွဲတွေက အမေ့အလောင်းကို နယ်ပြန် သယ်ဖို့လုပ်နေကြပြီလေ.. (ပြောရင်းနဲ့ သူ မျက်ရည်တွေစီးကျလာပါတယ်.. သူတို့အဖက ငယ်ငယ်ကတည်းက ဆုံးပါးခဲ့တာ အစ်ကိုဖြစ်သူကတပ်ထဲ ညီမလေးနဲ့ မိခင်ဖြစ်သူပဲရှိကြတော့တာလေ)

ကိုယ့်အမေကွာ သေခါနီး သူ့သားကြီးကိုတသွားတာ ကိုယ်တို့ အဲဒီနေ့ကသာ ကားထွက်ခွင့်ရခဲ့ကြည့် ကိုယ်လေ အမေ့ကို သေခါနီးအသိရှိချိန်နောက်ဆုံးအချိန်လေးထိ မှီလိုက်ဦးမှာ ညီလေးရာ.....တဲ့ ငိုသံကြီးနဲ့ပြောနေရှာတဲ့ ကျွန်တော့်အစ်ကိုကြီးကိုကြည့်ပြီး အရမ်းစိတ်ထိခိုက်မိပါတယ်။ဗိုလ်မှူးကတော့ အကြီးပီပီ တရားနဲ့ပဲဖြေလိုက်ပါ ညီလေးရာ...လိုဆိုတော့ ကျွန်တော်ဖြေပါတယ် ဗိုလ်မှူးရာ မဖြေနိုင်တာက ကံကြမ္မာကမျက်နှာသာမပေးခဲ့တာ ကိုပါ မီနိုင်လျက်နဲ့ မမှီခဲ့တာကိုပါ လမ်းကြောင်း Clear မရတော့ ကားမထွက်ရဘူး အခုတော့ကျွန်တော့်ဘဝမှာ မိဘအိမ်ဆိုတာ မရှိတော့ဘူး အမေ့ကိုတွေ့ချင်လို့ မရ ရအောင်စီစဉ်ပြီးရှေ့တန်းကနေ တကူးတက ပြန်သွား ပါတယ်ဆိုမှ ဒီအမေ အသက်မမှီမယ့်အတူတူ ကျွန်တော်လည်း အမေမရှိတော့တဲ့နေရာမှာ မနေချင်တော့ဘူး။ ကျွန်တော်သွားရမယ့် အတူတူ ဒီနေရာကိုပဲ အစောဆုံးပြန်လာခဲ့တာပါ။ ဟိုမှာဆက်နေလည်း ဘာလုပ်ရမှာလဲ.. တဲ့... ကျွန်တော်နဲ့ ဗိုလ်မှူးကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ အဓိပ္ပါယ်ကိုယ်စီနဲ့လေ........ အလာ(ဒါကအပြန်ဖြစ်မယ်)ကောင်းပေမယ့် အခါနှောင်းခဲ့လေသလား ။ ရင်သားကင်ဆာကပဲအခေါ်ကောင်း ခဲ့လေသလားဆိုတာ...........................ကိုနန္ဒလည်း မဆီမဆိုင် အဖွားတွေကိုသွားသတိရလိုက်မိသေး။

သား သမီးများအားလုံး မိဘ မသေခင်အခိုက်အတန့် အခွင့်သာတုန်းကာလမှာ မိမိ မိဘအပေါ် သိတတ်ရိုသေပြီး စိတ်ချမ်းသာအောင်ထားနိုင်ကြပြီး အတတ်နိုင်ဆုံး အလုပ်အကျွေး ပြုနိုင် ကြပါစေသား.....................

0 comments: