ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Saturday, May 31, 2008

မိုင်းနှုံး နှီးဘုရားကြီး

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နှီးဘုရားကြီးတွေ အကြောင်းကို တော်တော်များများ ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော်သိသလောက်ဆို ရန်ကုန်(ထောက်ကြံ့မှာဆိုလားပဲ --သိရင်ပြောပေးကြပါလား)တစ်ဆူ၊ ကလောမှာ တစ်ဆူ၊ ပြင်ဦးလွင် မရောက်ခင်နားမှာတစ်ဆူ (ကျွန်တော်ရောက်တုန်းကကို နောက်တစ်ဆူ ထပ်ပြီး ရက်လုပ် ပူဇော်နေတာတွေ့မြင်ခဲ့ပါတယ်)၊ နောက် တစ်ဆူကတော့ မိုင်းခတ်(မိုင်းနှုံး)နှီးဘုရားကြီးပါ။ နောက်ဘယ်တွေမှာ ရှိသေးလဲ မသိဘူးနော်၊ ဒါက ကျွန်တော်သိသလောက်ပါ။ အဓိက ဖော်ပြချင်တာက မိုင်းခတ်မြို့နယ်၊ မိုင်းနှုံးဆိုတဲ့ ရွာမှာ စံပါယ်တော်မူနေတဲ့ နှီးဘုရားကြီးအကြောင်း ကျွန်တော်သိထားသလောက် မဖြစ်စလောက်လေးကို မျှဝေချင်တဲ့ဆန္ဒကြောင့်ဒီပို့စ်ကိုရေးလိုက်တာပါ။

မိုင်းခတ်မြို့အနောက်ဘက် မိုင်းနှုံးဆိုတဲ့ရွာလေးကို ဆိုင်ကယ်သွားရင် ခရီးကနီးနီးလေးပါ တောင်ကုန်းတွေ ချိုင့်တွေဖြတ်၊ ရေချောင်းလေးတွေပါ ဖြတ်ဖြတ်ဆင်းရတော့ ၁၀မိနစ် လောက်နီးပါးကြာတတ်ပါတယ်။ ရွာကိုဝင်တာနဲ့ ကျောင်းဆောင်ကြီးကိုထီးထီးတွေ့နိုင်ပါတယ်။ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုထဲမှရှိတဲ့ စံကျောင်းတော်မှာ ကိန်းဝပ်တော်မူပါတယ်။ နှစ်စဉ်ပဌာန်းရွတ်ပွဲနဲ့ ဘုရားပွဲတော်အမြဲကျင်းပလေ့ရှိပါတယ်။ ရှမ်း၊အခါ၊လားဟူ တောင်ပေါ်ဒေသနေ တိုင်းရင်းသားတို့ပါဝင်ဆင်နွဲကြပါတယ်။ အခုနောက်ပိုင်းတော့ နီးစပ်ရာမိုင်းခတ် မိုင်းယန်း အပြင် ကျိုင်းတုံကပါလာရောက် ဆိုင်တွေဖွင့်လှစ်လို့ ပိုမိုစည်ကားစွာ ကျင်းပလျက်ရှိပါတယ်။

ဘုရားကြီးသက်တမ်းဟာ နှစ်ပေါင်း ၇၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဘုရားသမိုင်းစာအုပ်နဲ့ လက်ကမ်းစာစောင် လေးတွေထုတ်ဝေပြုစုထားပါတယ်။ ဘုရားသမိုင်းအသေးစိတ်ကို ကျိုင်းတုံမြို့နှစ်ပတ်လည် မဂ္ဂဇင်းစာစောင် တွေမှာ ရှာဖွေဖတ်ရှုနိုင်ကြပါတယ်။ (ကျွန်တော်က မှတ်မိသလောက်ကို မျှဝေပေးရုံသပ်သပ်သာဖြစ်ပါတယ်)စတင်ရက်လုပ်ပူဇော်ဖို့အတွက် လူပျို မိန်းမပျို တို့ကနေ ဝါးကောင်းဝါးမျိုးသန့်တွေကို ခုတ်ပေးကြပါတယ်။ ဒီလိုနဲ့ဝါးလုံးအဆင့်ကနေ နှီးဖြာ နှီးသပ် စတင်ရက်လုပ်လာလိုက်ကြတာ ခေါင်းတော်ရက်လုပ်ဖို့ အခက်အခဲ စတင်တွေ့ကြုံကြရပါတယ်..တဲ့ ။ လူတွေဒီလိုနဲ့ အခက်ကြုံနေတုန်း နောက်ရက်မှာ အနီးနား ခြုံနွယ်တောအုပ် ထဲကနေ အဝတ်အစား နွမ်းပါးစွာ ဝတ်ဆင်ထားတဲ့ အဖိုးအိုတစ်ဦး ထွက်လာပြီးသူ ရက်လုပ်ကုသိုလ်ပါဝင် ပါရစေဆိုပြီး စတင်ရက်လုပ်ပါတယ်...တဲ့။

အဲဒီနေ့မှာပဲ အဖိုးအိုက ဦးခေါင်းတော်ကိုအပြီးရက်လုပ်လို့ ခန္ဒာကိုယ်တော်နဲ့ ဆက်စက်ပြီးစီးနိုင်ခဲ့ပါတယ်။ ပြီးတာနဲ့ နေမဝင်ခင်သူပြန်ရမှာဖြစ်လို့ ကဲအခုတော့အားလုံးပြီးပြီဖြစ် လို့ သူပြန်ပါဦးမယ်လို့ အားလုံးကို နှုတ်ဆက်ပြီး အနီးအနား မလှမ်းမကမ်းသစ်ပင်ခြုံနွယ်ထဲကို ဝင်ရောက်သွားပါတယ်။ နောက်နေ့မနက်မှာ ရွာကလူရွယ်တွေက အဖိုးအိုကိုတွေ့ချင် ပြုစုနှိပ်နယ်ပေးချင်ကြတာနဲ့ တောနင်းရှာဖွေကြပါသော်လည်း အဲဒီနေ့ကစပြီးနောင် ဘယ်တော့မှ အဖိုးအိုကို မတွေ့ရတော့ပါဘူး။ နောက်မှ ရွာက ဆရာတော်ကို သကြားမင်းကအိမ်မက်ပေးပါတယ် လူတွေနဲ့အတူ သူလည်းကုသိုလ်ပါဝင် လှူဒါန်းတယ်ဆိုတဲ့အကြောင်းပါ။ အဲဒီနောက်တော့ ဘုရားဘွဲ့တော်ကို ရှမ်းဘာသာနဲ့ သကြားမင်းရက်လုပ်ပူဇော်တယ်ဆိုတဲ့အဓိပ္ပါယ်ပါအောင် ဘွဲ့တော်ဆက်ကပ်ခဲ့တယ် လို့ သိရပါတယ်။

နှစ်ကာလတွေကြညောင်း ရွာတွေလဲ ခေတ်ပျက်စနစ်ပျက်တွေကြုံရတော့ လူတွေရွှေ့ ရွာတွေနေရာတွေပါ ပြောင်းလဲလာလိုက်တာ အခု လက်ရှိမိုင်းနှုံးရွာမှာ မတည်ထားခင် တောမီးကြီး အကြီးအကျယ်လောင်ကျွမ်း ပါတယ်။ တစ်တောတစ်တောင်တစ်ဒေသလုံးကို တက်တက်စင်ပြောင်လောင်ကျွမ်းပါတယ်...တဲ့။ ဒီလိုနဲ့နောက်နေ့ ထင်းခုတ် တောလည်သွားတဲ့သူတွေက မီးလောင်ပြာဖုံးတောကြီးမှာ ဝါးရုံပင်ခြောက်တစ်စု မဆိုစလောက်လေးက ထီးထီးကွက်ပြီး မီးမလောင်ဘဲကျန်နေတာတွေ့တာနဲ့ အထူးအဆန်းဖြစ်ပြီး အနားကို သွားသေချာကြည့်တော့မှ အခုလက်ရှိနေရာမှာတည်ထားကိုးကွယ်တဲ့ နှီးဘုရားကြီးကို အံ့ချီးဖွယ် မီးကွင်း မီးမဝါးမြိုနိုင်ဘဲ ဘုရားတန်ခိုတော်စွမ်းဖြင့် ကျန်ရစ်တာဖြစ်တယ်။ ရွာကိုသယ်မပင့်ဆောင်လို့ အခုလက်ရှိနေရာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာ ပြုပြင်မွမ်းမံ တည်ထားကိုးကွယ်လာလိုက်တာ ဒီနေ့အထိပင် ဖြစ်ပါတယ်။

အခုဆို မိုင်းနှုံးနှီးဘုရားကြီးမှာ နှစ်ပေါင်း (၇၀၀)ကြာမြင့်လာခဲ့သော်လည်း ရွေသင်္ကန်းရောင်တပြောင်ပြောင်ဖြင့် အထူးကြည့်ညိုသဒ္ဒါပွားဖွယ်ရာ ဖူးတွေ့နိုင်ကြပါတယ်။ ဒေါက်တိုင်တစ်ချို့ဖြင့်ကို မက်မတော်ထောက်ကူ ထားတာလည်းတွေ့နိုင်ပါတယ်။ ဒီနေ့ခေတ်လူတို့အကြားမှာ ရေပန်းအစားဆုံးကတော့ အကုသိုလ်တွေ အရမ်းများနေတဲ့သူတွေ ဘုရားကြီးရှေ့တော်မှောက်ရောက်လို့ ဒူးထောက်ဦးချတာတောင် ဘုရားကြီးကို လုံးဝ ဖူးတွေ့မြင်ရချင်းမရှိပါဘူးလို့ ပြောစမှတ်ပြုကြပါတယ်။ ကိုယ်တွေ့ကြုံရတယ်ဆိုတဲ့သူကတော့ ဒီနေ့အထိ မိုင်းခတ်မြို့ထဲမှာ နေထိုင်တဲ့ ဒေါ်xxxxxx ဖြစ်ပါတယ်။ ဒီနေ့အထိသူရှိနေဆဲပါခင်ဗျား။ ပုဂ္ဂိုလ်ရေးအရ လူနံမည်ကိုဖော်ပြခြင်းမပြုသည်ကို နားလည်နိုင်ကြပါစေ။

နောက်တစ်ခုကတော့ ကျွန်တော်တို့လို တပ်က ပြောင်းရွှေ့တာဝန်ထမ်းရသူတွေ အစိုးရဝန်ထမ်းများအားလုံး ပါစပ်ဖျားမှာရေပန်းစားတာလေးပါ ။ အဲဒါကတော့ မိုင်းနှုံး နှီးဘုရားကြီးကို ဖူးရင် ၃ ကြိမ်ရောက်အောင် သွားရောက် ဖူးမျှော် ဦးခိုက်ရပါတယ်..တဲ့ ။ ၃ ကြိမ်မပြည့်ခဲ့ဘူးဆိုရင် အဲဒီလူဟာ မိုင်းခတ်ကနေ တစ်ခြားကို ပြောင်းရွှေ့တာဝန်ကျတယ်ထားဦး နောက်တစ်ချိန်မှာ မိုင်းခတ်ကို ထပ်ပြီးတာဝန်ကျတယ်...ဆိုတာပါပဲ.. ဒါကြောင့်လေ ကိုနန္ဒတို့ကတော့ ဆိုင်ကယ်နဲ့က ၂ ခါ။ တပ်က ကားနဲ့ လုပ်အားပေးသွားတုန်းကတစ်ခါ၊ လမ်းကင်းဆိုပြီး လမ်းလျှောက်သွားရတာက တစ်ခါ။ ကြက်ဥတောင်စခန်း(တစ်ချိန်က ဗကပ တို့ သိမ်းပိုက် ထားခဲ့တဲ့ စခန်းပါ.. ဆရာသောင်းဝေဦးစာအုပ်ထဲမှာ ပါခဲ့ဖူးပါတယ်.. ဒီစခန်းကို ကျွန်တော် စခန်းထိုင်ခဲ့ရတဲ့ အကြောင်းနဲ့ ပြသနာလေးတွေ မြင်တွေ့ခဲ့ရတာလေးကို နောက်ပိုင်းမှာ တင်ပြပေးပါဦးမယ်) မှာ စခန်းထိုင် ရတော့ ၂ ကြိမ်ထပ်ဖူးရတယ်လေ...

ဘုရားကြီးကိုသပ္ပါယ်ကြည်ညိုလွန်းလို့ ဖူးခွင့်ကြုံရခဲ အခွင့်အရေးရခဲလှခြင်း တို့ကြောင်း သွားခွင့်သင့်အောင် သွားရောက်ဖူးမျှော်ခဲ့သလို ..ဟဲဟဲ သူများတွေပြောလို့ မိုင်းခတ်ကိုပြန်မလာချင်လို့(လျှပ်စစ်မီးနဲ့ ဖုန်းမရတာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကလွဲရင်ကျန်တာအကုန်ကောင်း.. ပီနန်း တို့ နောင်ရင်း တို့လည်း သဘောထားကောင်း...) အခါခါအခေါခေါက်သွားရောက်ဖူးမျှော်ခဲ့ပါကြောင်း မြန်မာနိုင်ငံတွင် ရှိရှိသမျှသော နှီးဘုရားကြီးများတွင် သက်တော်သက်တမ်း ကာလအကြာမြင့်ဆုံး (ကျွန်တော်တို့စကားနဲ့ဆိုရင် စီနီယာ အကျဆုံး..) ဖြစ်တဲ့ မိုင်းခတ်မြို့ အနီးအနားက မိုင်းနှုံး နှီးဘုရားကြီးအကြောင်း တင်ပြလိုက်ရပါသည်။

0 comments: