ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Sunday, June 1, 2008

ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့

ဟော လာပြန်ပြီရှေ့တန်း ။ ပြင်ကြဆင်ကြ နဲ့ ထုံးစံအတိုင်း အရာရှိလူပျိုရိပ်သာမှာတော့ ပွဲတွေပျက်လို့ ဒန်အိုး ဒန်ခွက်တွေ အိမ်ထောင်သည်လိုင်းပြန်အပ်လိုက်လို့ ချက်စရာ ဆန်၊ဆီ၊ဆား ကျန်တဲ့ဟာတွေ အကုန်ရှိနေပြီး ချက်စားဖို့အိုးမရှိတော့ဘူးဆိုပြီး လာသတင်းပို့ပါလေရော။ မနက်ဖြန်ရှေ့တန်းထွက်မယ်ဆို ဒီနေ့လိုနေ့က အမှန် အကန်ကို ဖွဲ့စည်းပုံပျက်တာပါ။တော်သေးတယ် လူပျိုစစ်သည် မီးဖိုကြီးက ချိုင့်တွေနဲ့လာပို့လို့အဲဒီနေ့က ကျွန်တော်တို့အဖွဲ့တွေ အိုကေသွားတာ။

မိုင်းခတ်ကနေ ကျိုင်းတုံ၊ ကျိုင်းတုံကနေ ဆက်ထွက်တော့ အိုး နိုင်လွန် ကတ္တာရာလမ်းကြီးကတော်တော်ကို ကောင်းပါတယ်။ မြေကာနံရံတွေလုပ်ပြီး ရေစီးမြောင်းတွေနဲ့ လမ်းပျက်စီးမှု မှသေချာစနစ်တကျ ကွာကွယ်ထားတာကိုတွေ့ရပါတယ်။ မိုင်းဖြတ်၊ တာလေ စတဲ့မြို့တွေကို ဖြတ်ပြီးမှ တာချီလိတ် အခြေချစစ်ဗျူဟာကိုသတင်းပို့ရပါတယ်။ တာလေမြို့ကိုကျော်တာနဲ့ မြန်မာပိုက်ဆံကမျက်နှာငယ် လာရပါပြီ။ တာလေမြို့မှာတင်ကို ထိုင်း ဘတ်ငွေအသုံးများနေတာတွေ့ရပါတယ်။

တာချီလိတ်..ကိုကြားဖူးနေတာကြာပြီ အခုမှပဲ နဖူးတွေ့ဒူးတွေ့ရောက်ရတော့တယ်။ တကယ်ကိုလှပ သာယာ နေချင်စဖွယ်နယ်စပ်မြို့ကြီးပါ။ ထိုင်း အငွေ့အသက်တွေရောယှက်နေတာကိုတွေ့ရပါတယ်။ ချစ်ကြည်ရေး တံတားအမှတ်-၁ နဲ့ -၂ ကတော့အထင်ကရနေရာတွေထဲ အပါအဝင်တွေပေါ့။ စိတ်မကောင်းဖွယ် အဓိက ရင်ဆိုင်ကြုံတွေ့ရတာက ဆိုင်တော်တော်များများက မြန်မာငွေဆို မယူချင်ကြ နှာခေါင်းရှုံ့ကြပါတယ်။ ပါလာတဲ့မြန်မာငွေလေးတွေ ဘတ် နဲ့သွားလဲရတာပေါ့။ အဆင်ပြေဖို့အရေး။ မြန်မာကျပ်ငွေ ၂၈ ကျပ်မှာ ထိုင်းဘတ် ၁ ဘတ်ပါ ။(အခုတော့မသိတော့ဘူး ဒါက ကိုနန္ဒအောင်တို့ ရောက်ခဲ့စဉ်ကာလာကပါ) မြန်မာငွေ ကနေဘတ်ကိုလဲတော့တာလဲ အမြတ်စားခံရသလို ဘတ်ကနေ မြန်မာငွေကိုပြန်လဲရင်လည်း ပေါက်ဈေးထက် နဲနဲတော့ အဖြတ်ခံရတာပါပဲ။ အိမ်ကနေ ပိုက်ဆံထပ်လွှဲခိုင်းပြီးတာနဲ့ တစ်ခါတည်း တံတား-၁ အောက်နားမှာ ဘတ်လဲကြပေါ့။ လ္ဘက်ရည်ဆိုင်ထိုင် လိုင်းကားစီး ဆိုင်ကယ်တက္ကစီ စီးတာကအစ ဘတ် မှ ဘတ်နဲ့ပဲရှင်းရ ပါတယ်။ညဆို တံတား-၂ ကြီးကမီးတွေထိန်လင်းနေတာပဲ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ နှစ်ဘက်လုံးမြင်တွေ့ပြီး နှိုင်းယှဉ်နေမိပါတယ်။

တာချီလိတ်မှာ တစ်ပါတ်လောက်နေပြီးတာနဲ့ စစ်ကြောင်း(၂)ကြောင်းလုံးကို ဖြန့်ခွဲပစ်ပါတယ်။ ကိုနန္ဒကက ဟိုးဘက် ဖားအိ ရွာအလွန် ယခင်ပြည်သူ့စစ်ကုန်း အဟောင်းပေါ်မှာနေကြတာပေါ့။ နေတာကမခက်ပါဘူး အဲဒီနေရာကနေ ဟိုသွားပါ ဒီဘက်ကိုရွှေ့ပါလို့ ဗျူဟာက အမိန့်လာတာနဲ့ တပည့်တွေပင်ပန်းကြသလို ကိုယ်တိုင်ကလည်း စိတ်ပင်ပန်းပါတယ်။ အခုမှရောက်လာတဲ့ဒေသဖြစ်တာနဲ့အညီ ဘယ်နေရာက စိတ်ချရတယ် ဘယ်နေရာက အာရုံစူးစိုက်ရမယ်ဆိုတာတွေကို ဟိုမေးဒီစမ်းလုပ်ပြီး နေရာရွှေ့ပြန်တယ်။ ဒီလောက် ခရီးမိုင် အဝေးကြီးတွေကို ဘာကားမှ စီစဉ်မပေးပါဘူး။ ထုံးစံအရ ကိုယ့်ဟာကို အဆင်ပြေသလို အမြန်ဆုံးရောက်စခန်း ချနိုင်အောင်ကြံကြဖန်ကြရပါသတဲ့။ တာချီလိတ် မိုင်းဆက် လမ်းတစ်လျှောက် 4WD ၊ Doublecub တွေအရမ်း သုံးတာတွေ့ရပါတယ်။ ပြည်သူ့စစ်ဆိုတာတွေရော အထူးအဖွဲ့ဆိုတာတွေရော ရှုတ်ရှပ်ကိုခပ်နေတာပါပဲ။ 4wheels cubs တွေစီး သေနက်တွေနဲ့။ မျက်စိထဲမှာ ကိုယ့်အတွက်တော့ဆန်းနေတာကိုး။

တစ်ချို့ကားလေးတွေကတော့ ရပ်ပြီးတင်ပေးပါတယ်။တစ်ချို့ကျလည်း လုံးဝကိုရပ်မပေးပါဘူး။ ရပ်မပေးတော့ ဘာလုပ်မလဲ ဘာမှမလုပ်ပါဘူး။ အားလုံးက စာတတ်ပေတတ်တွေပါ။ အနည်းဆုံး ဗျူဟာမှူးအဆင့်လောက်နဲ့မှ စကားပြောကြတာဆိုပဲ။ ကိုနန္ဒအောင်တို့တော့ ကြည့်နေရုံပဲပေါ့။ ပစ္စည်းတွေ တပ်ခွဲလက်နက်ကြီးတွေနဲ့ မရ ရအောင်ခွဲဝေပြီး walking ပေးကြပေါ့။ ကားနဲ့ခရီးစဉ်ကိုမှန်းပြီး သယ်လာတော့ ပစ္စည်းတွေက လိုတာထက် ပိုများနေတာတော့အမှန်ပါပဲ။ ကျွန်တော်ကိုယ်တိုင်က ရုံးပုံးလို့ခေါ်တဲ့ သံသေတ္တာအသေးစားလေး ယူလာရ ပါတယ်။မယူလို့လဲမရဘူး။ ဒီဘက်ဒေသက သူ့ပုံစံနဲ့သူကိုး ကရင်ပြည်နယ်ဘက်မှာတော့ ပေါ့နိုင်သမျှ ကိုယ့် ပစ္စည်းတောင် လျှော့ယူနေကြရတာ။ မြေပုံစာရွက်စာတမ်းတွေကို အတိအကျသယ်ရ ရုံးပုံးမဖြစ်မနေသယ်ရ မယ်ဆိုတော့လည်း.. အခုတော့ တပည့်တွေခမျာ ကျောပိုးအိပ်တွေကလေး သေနက်နဲ့ ဗုံးသီးအပိုဆောင်း မိမိကိုယ်ပေါ်က ကျည် တွေနဲ့ ရိက္ခာခွဲတမ်းနဲ့ အီစိမ့်နေကြပါတယ်။ ကရင်ပြည်နယ်တောထဲက ရှေ့တန်းသွား စစ်သည်အရာရှိတွေက စစ်ဝတ်စစ်စားက တောထဲရောက်တာနဲ့ အဆင်ပြေသလိုဝတ်သလို ရေမြေဝန်းကျင်နဲ့ အလိုက်ထိုက်ဝတ်တော့ ဘာမှပြသနာမရှိဘူး။

အခုဒီမှာက ရှေ့တန်းစခန်းရယ်လို့တာမရောက်သေးတာ အခုလို လမ်းကြောင်းတစ်လျှောက်နေကြရ လှုပ်ရှား သွားလာနေတဲ့ စစ်သည်တိုင်း ယူနီဖောင်းကို အတတ်နိုင်ဆုံး ရှိတာလေးကို သပ်သပ်ရပ်ရပ်ဝတ်ဆင်လို့ ချပ်ဝတ်တန်ဆာလည်းအသေအချာပတ်ထားကြတာကိုတွေ့ရပါတယ်။ ဟုတ်တော့လည်း ဟုတ်သား။ လမ်း တစ်လျှောက် ဥဒဟိုသွားလာနေတဲ့အထဲမှာ တစ်ဖတ်နိုင်ငံသားတွေ၊ ရန်သူအဖွဲ့စည်းတွေ၊ ပြည်သူ့စစ်ဆိုတဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ၊ ဝအထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့တွေအများဆုံးဆိုတော့ ကိုယ့်စစ်သားက သစ်လွင်တောက်ပြောင် ခန့်ထည်မနေတောင် သပ်သပ်ရပ်ရပ် စနစ်တကျ စည်းကမ်းတရှိဝတ်ဆင်နေထားကြ တာကို တွေ့ရပါတယ်။ တစ်ခါတစ်ခါ နေရာပြောင်းပြောင်းဆိုလို့ လမ်းမှာလာတဲ့ ထော်လာဂျီ နေရာလွတ်ရင် ထော်လာဂျီနဲ့ ရသမျှတင်ပြီး အကြုံခရီးနဲ့လည်း ချီတက်ရပါသေးတယ်။ အဲဒီအချိန်မှာ ဘာမှမဟုတ်တဲ့ သူများက ခါးကြားမှာ သေနက်အတိုထိုးပြီး 4whees စီးလို့ ဥဒဟိုသွားလာနေတာကိုလည်း တွေ့ရပါသေးတယ်။ ဒို့စစ်သား အားလုံးက လာမယ့်ကားကြုံ ယာဉ်ကြုံချောင်ချောင်ချိချိလေးစောင့်မျှော်လို့ ။ တစ်ချို့ကားတွေရှိသေးတယ် နောက်မှာလည်းဘာမှမပါတာ ဂုံနီအိတ်လို ဆာလာအိတ်လို အခွံထုတ် ၁ ထုတ် ၂ ထုတ်တင်ထားပြီး ကားက weight မနိုင်တော့လို့ပါ ဆိုပြီး မတင်ချင်လို့ထားခဲ့တာလည်း ခနခန၊အဲဒီ ကားနံပါတ်တွေကတော့ SW-1..2. .3.. 4 တွေနဲ့ ယိုးဒယားအက္ခရာပါ ကားနံပါတ်တွေအများဆုံးပါပဲ။
ဆက်လက်ဖော်ပြပါမည်။

0 comments: