ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Wednesday, June 18, 2008

နေရစ်ခဲ့တော့ ဆလပ်သူရေ(၃)…..


ဟင်းချက်စရာထည့်ထားသော ကျောပိုးအိတ်ကို လွယ်လျက် mild seven တစ်လိပ်ကို ဖွာရင်းမှ ဖြေးဖြေးချင်း ကျွှန်တော် လမ်းလျောက် လာခဲ့ပါသည်။ လမ်းလျှောက်ရင်း လည်း အတွေးများက ဟိုတစ်စ ဒီတစ်စ ဖြင့်။ မြန်မာနှိင်ငံ မှာ မြန်မာမလေး တစ်ယောက် ဒီလိုအခက်အခဲနှင့် ရုတ်တရက် ကြုံလိုက်ရင်ရော ငါတို့ရဲ့ စိတ်ထားဖြူစင်လှ ပါသည်ဆိုသော ကိုရွှေမြန်မာ တို့က ကိုယ့်လူမျိုး အချင်းချင်း နားလည်မှုရှိစွာ အလွယ်တကူ ကူညီကြ ပါ့မလား။ နှိင်ငံခြားမှာ ရောက်နေသော မြန်မာမလေး တစ်ယောက် ဆိုရင်ရော နိုင်ငံခြားသား တစ်ယောက်က အလွယ်တကူ ကူညီပါ့ မလား စသည့် လားပေါင်း များစွာကို စိတ်ထဲမှာ မေးမြန်းရင်း ဘာလို့များ တို့လူသားတွေမှာ စေတနာတရားတွေ၊ အကြင်နာတရားတွေ တစ်ဖြေးဖြေး နည်းပါး လာကြတာ ပါလိမ့် ဟု သက်ပြင်းတစ်ချက် ကို ဖြေးလေးစွာ ချလိုက်မိ ပါသည်။ စဉ်းစားရင်း စဉ်းစားရင်းမှ တရား ပဲ ရလာသလိုလို အသိတရားပဲ ဝင်လာသလိုလို ဖြစ်လာသဖြင့် တွေးလက်စအတွေး များကို ဖြတ်တောက်လိုက်ရ ပါသည်။ ဘာသာမဲ့ တို့ တိုင်းပြည်မှာ နေရင်း တရားပေါက်သွားရ်ျ မဖြစ်သေး။ ရှေ့၊ နောက်၊ ဘယ်၊ ညာ ကလည်း သတိ ထားရသေး သည် မဟုတ်လော

အဆောင်သို့ ပြန်ရောက်ပြီး ကွန်ပြူတာရှေ့ ရောက်သွားသောအခါတွင် ကြုံခဲ့ရသော အဖြစ်အပျက်တို့က ဘယ် ရောက်သွားမှန်း မသိတော့။ ရုရှ NO အဖွဲ့ ဟု လူသိများသော Viagra သီချင်းတစ်ပှဒ်ကို အသံကုန် ဆူညံစေလျက် ရုရှ ရောက် မြန်မာ ကျောင်းသားများ၏ လုပ်ငန်းခွင်သို့ ဝင်ရပြန်၏။ ထိုလုပ်ငန်းခွင်ကား ထမင်း၊ ဟင်း ချက်ပြုတ် ရခြင်းပေ တည်း။ လူ့ဘဝတွင် ခက်ခဲ ပါသည်ဆိုသော လှုပ်ငန်းများ သို့မဟုတ် အသက်စွန့်ရမည့် တိုက်ပွဲကြီးများကို ဆင်နွဲမည်လော၊ ထမင်း ဟင်းချက်ရန် မီးဖိုချောင် ဝင်မည်လော ဟု ရွေးချယ်ခိုင်းပါက ဒုတိယမြောက် အရာကို ငါငြင်းပယ်မည် ဟူသော စာရေးဆရာ တာရာမင်းဝေ ၏ စာသားကို ပင်ရွတ်ပြရ ပါလိမ့်မည်။ က်ျမျှအထိ ချက်ပြုတ်ခြင်း အလုပ်ကို ကြောက်ရွံ့ မုန်းတီး ပါသော်ငြားလည်း ငါ့ဝမ်းပူဆာ မနေသာ ဆိုသည့် အတိုင်း မည်သည့် အရသာ ဟုပြောပြရန် ခက်ခဲသော ဝက်စာလိုလို၊ စွပ်ပြုတ်လိုလို ဟင်းများကို ကြိုးစား ချက်ပြုတ်စားသောက်ရင်း ဖြင့်ပင် တစ်နေ့တာ ကှန်ဆုံး စေရတော့သည်။ ထမင်း၊ ဟင်း ချက် မီးဖိုချောင်ဝင်ရသော အလုပ်ကို မိန်းကလေးတို့ ၏ တာဝန်ဟု တရားဝင် သတ်မှတ်ပေးခဲ့ လေသော ရှေးမြန်မာ လူကြီးများ ကိုပင် ကျေးဇူးတင်မိသေးတော့သည်။ ( မှတ်ချက်။ တာဝန်သိ မြန်မာ အမျိုးသမီးများ အား လေးစားဂုဏ်ယူပါ ကြောင်း က်ျနေရာမှ နေရ်ျ မှတ်တမ်း တင်အပ်ပါသည် )။

ဒီလိုနှင့် ပဲ ကျွှန်တော်တို့၏ ပုံမှန် ဘဝသံသရာ ကြီးက ဆက်လက် လည်ပတ် ရပါတော့သည်။ နေ့စဉ် ကျောင်း တက်၊ စာသင်ခန်းထဲဝင်၊ ဆရာသင်သမျှ သိသိ မသိသိ လိုက်မှတ်၊ အချိန်တန် ကျောင်းဆင်း၊ ကွန်ပြူတာရှေ့ ရောက်၊ chat လေးတက်၊ ဘာညာ ဘာညာ လျှောက်ပြော စသည်ဖြင့် နိုင်ငံခြား ပညာတော်သင် တို့၏ ပြုမြဲ တာဝန်များ ကို ပြုလုပ်နေရင်း ဖြင့် ပင် နှစ်ပတ် ဟူသော အချိန်က ကုန်သွားပါတော့သည်။ အချိန်တွေ ကှုန်လာသကဲ့သို့ ကျွှန်တော်တို့ ၏ အမိမြေကို လွမ်း တတ်သည့် စိတ်များကလည်း ကြာလေ နည်းလေ ဖြစ်ရမည့် အစား ပိုပိုပြီး ရင့်သန်လာနေ သည်မှာ သဘာဝ တရားကို ဆန့် ကျင်နေသည့်အလား။ အလွန်လှသည်ဟု ထင်ခဲ့မိလေသော နှင်း (snow) တို့ကို လည်း လမ်းလျှောက်ရခက်လိုက်တာ ဟု အပြစ်မြင်လာ ခဲ့ရပြီ။ ချစ်စရာကောင်း လှသည်ဟု မှတ်ယူခဲ့လေသော ရုရှမတွေကို လည်း မြင်ပါများတော့ ရိုးလာခဲ့ပြီ။ တနေ့ တနေ့ ကွန်ပြူတာရှေ့ ထိုင်ထိုင် ပြီး အချိန်ကုန်နေရသော လူတစ်ပိုင်း ကွန်ပြူတာ တစ်ပိုင်း တွေလည်း ဖြစ်မှန်း မသိ ဖြစ်လာ ခဲ့ရသည်။ ထိုကဲ့သို့ ပျင်းရိငြီးငွေ့ ဖွယ် တစ်နေ့ပြီး တစ်နေ့ ကျော်ဖြတ်နေရသော ကျွှန်တော်တို့ အတွက် ပျော်စရာ၊ ချစ်စရာကောင်းသော နေ့တစ်နေ့တော့ ရှိပါသည်။ ထိုနေ့မှာ လကုန်ရ်ျ လခ ထုတ်သော နေ့ပင်တည်း။

ရှိသမျှ အကြွေး ဆပ်ရတော့မည်။ အိမ်ကို ဖုန်းဆက်ရတော့မည်။ လတစ်ဝက်လောက်က စပြီး ပြတ်လပ်ခဲ့သမျှ အတိုးချ စားသောက်ရတော့မည် စသော အိပ်မက် ကိုယ်စီ ဖြင့် ကျွှန်တော်တို့ တက်ကြွလေ့ ရှိသော နေ့တစ်နေ့ လည်းဖြစ် ပါ၏။ ယခုလည်း လစာထုတ် ပြီးကာစ ဖြစ်သဖြင့် အိမ်သို့ ဖုန်းဆက်ရန် ဖုန်းကို ထုတ်ပြီး balance ခေါ်လိုက်တော့ ဖုန်းထဲ မှာ No money ပြနေသည်။ ဖုန်းကလေးကသာ လူလို စကားပြော တတ်မည် ဆိုလျှင် “ခင်ဗျားကြီး မတရားဘူး …ကျုပ် ကို ကုမဏီ က ထုတ်ထားတာ ဖုန်းဆက်ဖို့၊ အချင်းချင်း ဆက်သွယ်ဖို့ ထုတ်ထား တာဗျ …ခုတော့ ခင်ဗျားက ဖုန်းထဲကို ငွေ မထည့်ပဲ နှိုးစက်ပေးဖို့၊ နာရီကြည့်ဖို့ လောက်ပဲ သုံးနေတာ ကျုပ်သိက္ခာ ကျတယ်ဗျ..” ဟု ပြောနေလောက်ပြီ ဟု စဉ်းစား မိရင်း ဖုန်းပိုက်ဆံ ထည့်ရန် စာသင်ဆောင် ဒုတိယထပ်ရှိ ဖုန်းပိုက်ဆံ ထည့်သော နေရာသို့ တက်လာခဲ့ မိသည်။ စက်ရှေ့ မှာ လူတွေ များလှချည်လား။ ကျောင်းသူတွေရော ကျောင်းသားတွေပါ စက်ရှေ့ မှာကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေ့လိုက်ရသည်။ ဒီကောင်တွေ အားအားယားယား ဖုန်းပဲ ဆက်နေကြတဲ့ ကောင်တွေ ပါလား ဟုတွေးရင်း ၀င်ရောက် တန်းစီ လိုက်ရသည်။ ကွန်မြူနစ်နိုင်ငံဟောင်း ဆိုတော့ လည်း နေရာတကာ တန်းစီနေရတော့ တာပဲလေ။ တရွေ့ရွေ့ နဲ့ ကျွှန်တော့် အလှည့်ရောက်လို့ ဖုန်းနံပါတ်တွေကို စက်ထဲမှာ ရိုက်ပြီး ပိုက်ဆံကို ထိုးထည့်လိုက်ပါသည်။ စက်ထဲ ပိုက်ဆံ ၀င်သွားသည်နှင့် နောက်လူများကိုအားနာသဖြင့် ဘောင်ချာဖြတ်ပိုင်း ထွက်လာသည် အထိ စောင့်မနေတော့ပဲ လှည့်ထွက် လိုက်စဉ် “ ဒီမှာ ရှင့် ဘောင်ချာ မယူတော့ဘူးလား..” ဟူသော မိန်းကလေး အသံတစ်ခုကို ကြားလိုက်ရသည်။ တော်တော် လျှာရှည်တဲ့ ကောင်မလေးပဲ..ကိုယ်ဘာသာ မယူချင်လို့ မယူတာကို..” ဟု စိတ်ထဲက ပြောလိုက်မိရင်း ခပ်စွာစွာ အသံရှင် လေးကို လှည့်ကြည့်မိတော့..“ ဟင်….မာရီယာ…”….
…..ဆက်ရန်…. ကိုဥာဏ်(စက်မှု)

Read More...

Tuesday, June 17, 2008

မြေထိုးစက် တစ်စင်း၏ တန်ဖိုး ဘယ်လောက်လဲ


“ စက်တန်ဖိုး အမေရိကန်ဒေါ်လာ(……) ” ဟူသော စာတန်းကို ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော မြေထိုး မြေကော်စက်များ တွင် လည်းကောင်း၊ မြေသယ်ယာဉ်ကြီးများတွင် လည်းကောင်း ရေးထားသည် ကို တွေ့ဖူးကြပါလိမ့််မည်။ အဆိုပါ စက်ကြီးများ၏ တန်ဖိုးသည် က်ျမျှသာလော။ ပြင်ပ လုပ်ငန်းခွင်တွင် အသုံးပြု ကြသူများ အတွက် မှန်ပါလိမ့်မည်။ စစ်မြေပြင်အင်ဂျင်နီယာ စစ်သည်များအတွက်တော့ အဆိုပါ စက်ကြီးတစ်စီး၏ တန်ဖိုးသည်……………

ကျွန်တော်တို့ တစ်တွေ အမိကျောင်းတော်ကြီးတွင် ( ၅ ) နှစ်တာ ပညာရည်နို့သောက်စို့ ပြီးနောက် ကျောင်းသားဘ၀ ကုန်ဆုံးရ်ျ လုပ်ငန်းခွင်သို့ ၀င်ကြရသော အခါ လက်ရုံးတပ် အသီးသီးသို့ တာဝန်ချထားခြင်း ခံကြရသည်။ တစ်ချို့က စက်မှုလက်မှုတပ်( EME )၊ တစ်ချို့က ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်( DI )၊ တစ်ချို့က စစ်လက်နက်ပစ္စည်းတပ်( COD )၊ တစ်ချို့က ဆောက်လုပ်ရေးတပ် GE ( သနားစရာ အကောင်းဆုံး…..) ၊ တစ်ချို့က စစ်မြေပြင်အင်ဂျင်နီယာတပ်( BE )….စသည် စသည်ဖြင့်…။ ဒီအထဲကမှ ကျွန်တော်နှင့် မေဂျာတူ သူငယ်ချင်း ဇေယျက စစ်မြေပြင်အင်ဂျင်နီယာတပ်။ သူတို့တပ်ရဲ့ တာဝန်က ယခင် ဗကပတို့ ခေတ်ကောင်းစဉ်ကတော့ ရိုးမတစ်ကြောကို မိုင်းထောင် မိုင်းရှင်း၊ ယခုတော့ ဗကပ ကျဆုံးသွားပြီး ကရင်တို့ မိုင်းလက်သံပြောင်လာတော့ ခြေလျင် စစ်ကြောင်းများ အတွက် မိုင်းရှင်း၊ မိုင်းကာဗာပေါ့။ ပျံကျ မိုင်းကွင်းတွေ၊ စနစ်တကျ မိုင်းကွင်းတွေ၊ သမားရိုးကျ မိုင်းကွင်းတွေ စသည်ဖြင့် နိုင်ငံတကာ အဆင့်မှီ ထောင်ထားခဲ့သော ဗကပ မိုင်းကွင်းတွေကို ထူးချွန်ပြောင်မြောက်စွာ ရှင်းလင်း နိုင်ခဲ့သော ၀ါရင့် စစ်မြေပြင် အင်ဂျင်နီယာ စစ်သည်ကြီးတွေ ကရင်ငပွေး၏ ၀ါးဆစ်မိုင်း၊ လက်လုပ်မိုင်းများကြောင့် တိုတစ်၊ ရှည်တစ် ဖြစ်ကုန်ကြရသော အခါသမယတွင် ဗိုလ်ဇေယျတို့ ကျောင်းဆင်းပြီး တပ်ကို ရောက်လာသည်။

တပ်ရောက်ပြီး အရာရှိငယ်ဘ၀ ဖြင့် ယောင်ခြောက်ဆယ် လုပ်နေချိန်ဝယ် ကရင်တို့ဌာနေ ဖာပွန်ဘက် ခြမ်းတွင် စစ်မြေပြင် ဗျူဟာလမ်းဖောက်ရန် မြေထိုးစက်တစ်စီး၊ စစ်သည် တပ်စိတ် တစ်စိတ်ဖြင့် တာဝန်ပေးခြင်း ခံရသည်။ လမ်းဖောက်ရမည်က ရန်သူ့နယ်မြေ၊ မိုင်းပညာရှင် ပရော်ဖက်ဆာတို့ဒေသဆိုတော့ တပ်မှုးကလည်း အထပ်ထပ်မှာသည်…မိုင်းကို ဂရုစိုက်၊ မြေထိုးစက်မိုင်းမထိစေနှင့်၊ မကြာမီရောက်လာတော့မည့် ဒန်ပိန်ကာလ (ရိက္ခာစုပုံသောကာလ) အမှီ ဗျူဟာလမ်း အပြီးဖောက်နိုင်အောင် ကြိုးစား…စသည် စသည်ဖြင့်။ ရှေ့တန်းဗျူဟာ ကလည်း လမ်းဖောက်အဖွဲ့ လုံခြုံရေး အတွက် ခြေလျင်တပ်စု တစ်စုကို ထည့်ပေးသည်။ ဒါပေမယ့် သိတဲ့ အတိုင်း ကျောင်းဆင်းကာစ အရာရှိငယ် တစ်ဦးအနေဖြင့် စစ်မြေပြင် အတွေ့အကြုံက သုည၊ အတွေ့အကြုံက ဇီးရိုးဆိုတော့ အေးဆေး၊ ကြောက်ရမှန်း လန့်ရမှန်း မသိသေး။ လုံခြုံရေး ယူပေးထားသော ခြေလျင်တပ်က အရာရှိကတော့ သတိပေးသည်..“သူငယ်ချင်း..မိုင်းတော့ ဂရုစိုက်ဗျ..ခြုံခိုတာတွေ၊ ရင်ဆိုင်တိုက်တာတွေတော့ တို့က ကာကွယ်ပေးမယ်၊ မိုင်းကတော့ တို့လည်း မကယ်နိုင်ဘူးဗျ”..။ ဒါပေမယ့် သိပ်တော့ မပူမိ၊ ခပ်အေးအေးပဲ ကာဘိုင်တစ်လက်ကို လွယ်ရင်း မြေထိုးစက် ဘေးနားကနေ လမ်းလျှောက်ရင်း တရွေ့ရွေ့ဖြင့် လမ်းဖောက် လာခဲ့ သည်။ အခုထိတော့ ဘာမှ မဖြစ်သေး။

နောက် နှစ်ရက်လောက်ဆို သတ်မှတ်ထားသော လမ်းကြော ပြီးတော့မည်။ ဒီလမ်းပြီးလို့ တပ်ကို ပြန်ရောက်ရင်တော့ တပ်မှူးကို ခွင့်တောင်းပြီး အမေ့ဆီ ခဏပြန်ဦးမှပဲ၊ ညီမလေး ဘွဲ့ယူဖို့ကလည်း နီးလာပြီ၊ သူဘွဲ့ယူပြီးရင် တို့မောင်နှမနှစ်ယောက် ဘွဲ့ ၀တ်စုံကိုယ်စီနဲ့ အဖေ အမေ ဘေးမှာထားပြီး ဓာတ်ပုံရိုက်ရဦးမယ် စသည်ဖြင့် စိတ်ကူးတွေ ယဉ်ရင်း မှ တစ်ဖြည်းဖြည်း လမ်းလျှောက် လာခဲ့စဉ်…. ဟာ ဒါ…ဘာပါလိမ့်.. ဆိုပြီး လမ်းကြောဘေးနားက သစ်ပင်မှာအမှတ်အသားလိုလို ဟာလေးကို အမှတ်တမဲ့ တွေ့မိသဖြင့် အတူပါလာသော ခြေလျင်တပ်က အရာရှိကို ပြမိသည်။ “ ဟာ.. ဒါ မိုင်းထောင်ထားတဲ့ အမှတ်အသားပဲ ဒီကောင်တွေ သူတို့ အချင်းချင်း သိအောင် နေရာပြထားတာ..ဒီနားတ၀ိုက်ကို လမ်းဖောက်ဖို့ လမ်းကြောရှင်းကြတုန်းက ဒီကောင်တွေသိသွားပြီး ထောင်ထားတာနေမှာ..” ဟုဆိုသဖြင့် မိုင်းရှာဖို့ အတူပါလာသည့်ဆရာကြီးကို အမိန့်ပေးလိုက်ပြီး လှည့်ကြည့်လိုက်တော့ မြေထိုးစက်က ရှေ့ခပ်လှမ်းလှမ်းကို ရောက်နေပြီ။ ရိက္ခာစုပုံချိန် အမှီလမ်းဖောက်ဖို့ အတွက် ဒီမြေထိုးစက် မိုင်းထိလို့ မဖြစ်ဟူသော စိတ်ဖြင့် “ ရှေ့ဆက်မသွားနဲ့ ၊ မိုင်း.. မိုင်း ” ဟု လှမ်းအော်သော်လည်း ဆူညံနေသည့် စက်သံကြောင့် စက်သမားက မကြားပဲ ဆက်ထိုးနေသည်ကို တွေ့လိုက်ရသည်။

မြေထိုးစက် မိုင်းနင်းမိသော် ဟူသော စိုးရိမ်စိတ်ဖြင့် ဘေးနားက ဆရာကြီးတွေ သတိပေးသည်ကို မကြားတော့ပဲ စက်သမားကို ရပ်ခိုင်းရန် ဗိုလ်ဇေယျ ပြေးထွက်သွားသည်။ စက်ကြီးဘေးနားကို ရောက်သည်နှင့် ဘေးက ချိန်းကြိုး ဘားတန်းပေါ်တက်ပြီး စက်သမားကို အော်ပြောနေစဉ် “… ဂျိမ်း ..” ဟူသော ကြောက်မက်ဖွယ် အသံကြီးကို ကြားလိုက်ရပြီး မြေထိုးစက်က တစ်ဖက်သို့ စောင်းကျသွားသည်။ ချိန်းကြိုးက မိုင်းကို တည့်တည့်မနင်းမိပဲ ဒီတိုနေတာ ကိုသာ တိုက်မိသွားဟန်တူသည်။ ချိန်းပြတ်ထွက်မသွား။ မြေထိုးစက် ဘာမှ မဖြစ်။ သို့သော် မိုင်းစတွေက အရှိန်ပြင်းပြင်းဖြင့် ဗိုလ်ဇေယျ ၀မ်းဗိုက်တည့်တည့်သို့ ပြေးဝင်သွားပြီး စက်ကြီး ၏ ဘေးသို့ ဒလိမ့်ကောက်ကွေး လိမ့်ကျသွားတော့သည်။

သြော်… အခုတော့ အဖြစ်အပျက်တွေက တစ်နှစ်တောင် ကျော်ခဲ့ပြီ။ အပတ်စဉ်တူ သူငယ်ချင်းတွေတောင် ဗိုလ်ဘ၀ မှ ဗိုလ်ကြီးတွေ ဖြစ်လာခဲ့ကြပြီ။ ကရင်ဒေသ က ဗျူဟာလမ်းဘေး တောကြီး မျက်မည်း ထဲမှာ မိုင်းဒဏ်ရာဖြင့် ကျဆုံးသွားခဲ့ရှာလေသော သူငယ်ချင်း ဗိုလ်ဇေယျမှာတော့………

တစ်ခါတစ်ရံ လမ်းသွားရင်း၊ ခရီးသွားရင်း အမှတ်မထင် တွေ့ရသော မြေထိုး၊မြေသယ်စက်ကြီးများတွင် စက်တန်ဖိုး အမေရိကန်ဒေါ်လာ(……) ဟူသော စာတမ်းများကို မြင်ရတိုင်း ရန်သူ့နယ်မြေတွင် မြေထိုးစက်တစ်စင်းအတွက် အသက်ပေးသွားခဲ့ရသော သူငယ်ချင်း ဗိုလ်ဇေယျ၏ မျက်နှာကိုသာ ပြေးရ်ျ မြင်ယောင်မိပါတော့သည်..မြေထိုးစက် တစ်စင်းရဲ့ တန်ဖိုး ဘယ်လောက်လဲ သူငယ်ချင်းရယ်

( ကရင်ပြည်နယ်တစ်နေရာတွင် လမ်းဖောက်ရင်းမှ မိုင်းထိကျဆုံးသွားရှာသော သူငယ်ချင်း ကျော်ဇေယျ အတွက် အမှတ်တရ.. ) ကိုဥာဏ်(စက်မှု)

Read More...

Monday, June 16, 2008

နေရစ်ခဲ့တော့ ဆလပ်သူရေ(၂)…..


ဘေးဘီကို လှည့်ကြည့် လိုက်တော့ ဘယ်သူမှ မရှိ။ ဒါဆို ကျွှန်တော့်ကို ပြောတာ သေချာ ပြီပေါ့။ ဘုရားဘုရား…. ငါထင်သလိုများ ဖြစ်နေပြီလား ဟူသော စိုးရိမ်စိတ်ဖြင့် သေချာစူးစိုက်ကြည့်လိုက် မိသည်။ .. “ရှင့်မှာ အဖော် မရှိရင် ဒီည ကျွှန်မ အဖော်လုပ်ပေးမယ် ရှင့်အခန်းကို လိုက်ခဲ့မယ်လေ ရူဘယ် ၂၀၀ ပဲပေးပေါ့”..လို့များပြောလိုက် မလား။ ( မြေအောက် ဘူတာ အထွက်များတွင် ထိုကဲ့သို့ မိန်းကလေးများ နှင့် တွေ့ရတတ်ပါသည်။ ကျွှန်တော် တစ်ခါ တွေ့ခဲ့ရသည့် ကောင်မလေး တစ်ယောက်ဆိုလျင် တော်တော်လေးကို လှပြီး ချစ်စရာ ကောင်းပါသည်။ ထိုစဉ်က ကျွှန်တော် ခေါင်းခါ ပြလိုက် သဖြင့် ထိုကောင်မလေး မျက်ရည်လေး ၀ဲကာ မချိပြုံး ပြုံးပြီးထွက်သွားပုံလေးကို ကျွှန်တော် ယခုထိ မေ့လို့မရ နိုင်သေးပါ။ ကျွှန်မ ညနေစာ မစားရသေးလို့ ပါရှင် ဟုပင် ပြောသွားခဲ့ ပါသည်။ ) ကောင်မလေး၏ အပြစ်ကင်းစင် သောမျက်နှာလေးကို ကြည့် လိုက်မိပြန်တော့ ဒီလိုလည်းမဟုတ်လောက်ပါဘူးလေ ဟုတွေးမိပြန်သည်။

ဒါဆိုဘာပါလိမ့်။ စူးစမ်းသောအကြည့်ဖြင့် ကြည့် ရင်း ..“ ဟုတ်ကဲ့ ပြောပါ .” .. ကျွှန်တော် ခွင့်ပြုလိုက်တော့ ကောင်မလေး မျက်နှာက ကျေနပ်သွားဟန်ဖြင့် ..“ ဟိုလေ... အကူအညီ တစ်ခုလောက်…” ဟုပြောပြီး အားတုံ့အားနာ ဖြစ်နေဟန်ဖြင့် လက်ကလေး နှစ်ဘက်ကို အကြောင်းမဲ့ ဆုပ်လိုက် ဖြန့်လိုက် လုပ်နေပြန်သည်။ အနားကပ်လာမှ သေချာပြန်ကြည့် မိတော့ ကောင်မလေး မျက်နှာက ဥရောပရုပ် ထက် အာရှဘက်ကို ပိုကဲနေမှန်း သိလိုက်ရသည်။

၅ ပေ ၁၁ လက်မ ရှိသော ကျွှန်တော်နှင့် ရင်ဘောင်တန်း ပြောနေသဖြင့် ကောင်မလေး ၏အရပ်မှာ ၅ ပေ ၈ လက်မ အောက်တော့ လျော့မည် မဟုတ်မှန်း ကျွှန်တော်ခန့်မှန်းမိပါသည်။ မျက်တောင်တွေက ကော့ညွတ်နေသော်လည်း ကြည့်ရဆိုးလောက်အောင်တော့ မတရားသဖြင့် ရှည်နေတာမျိုး မဟုတ်ပါ။ မျက်လုံးလေးတွေက အရည်လည့်နေသော စိမ်းပြာရောင် လေးတွေ။ သူမကို ကြည့်ရင်း ရုရှားမ ၁၀ ယောက်မှာ ၈ ယောက်ကလှပြီး ၂ ယောက်က ချောတယ် ဟူသော စကားလေးကိုပင် သတိရလိုက်မိသည်။ ပြောရမှာ ခက်နေသော ကောင်မလေးကို ကြည့်ရင်း ..“ ပြောပါ ..ကျွှန်တော် ဘာကူညီရ မလဲ ” ဟုပြောလိုက်မိသည်။ “ဟိုလေ.. ကျွှန်မ ခရစ်စမတ် အတွက် လက်ဆောင်တွေဝယ်ရင်း နည်းနည်း များသွားလို့…အဲဒါ..” ကောင်မလေးက စကားတပိုင်းတစဖြင့် ရပ်ထားရင်း ကျွှန်တော့်ကို တစ်ချက် အားနာဟန်ဖြင့် ကြည့်နေ ပြန်သည်။ ဒုက္ခပါပဲ ငါတော့ အခမဲ့ ကူလီထမ်းရတော့မယ်ထင်ပါရဲ့ ဟုတွေးရင်း ကောင်မလေး ဘေးနား ကကြွပ်ကြွပ်အိပ် နှစ်လုံးကိုကြည့်ရင်း နည်းနည်းတော့ ရင်မောသွားသည်။ “ ဆက်ပြောလေ..ရပါတယ် ” ပြောရင်း ဘေးက အိပ်တွေကို ကြည့်လိုက် မိပြန်သည်။ တော်တော်တော့ လေးမယ့် ပုံပဲဟုတွေးရင်း ကိုယ်ကိုကိုယ် နည်းနည်းတော့ သနား သွားမိသည်။ ဒီလောက်လှတဲ့ ကောင်မလေးက သယ်ခိုင်းရင် လည်း ကူပြီးသယ်ပေးရမှာပေါ့လေ ဟုတွေးရင်း သူမဘာပြော မလဲ စောင့်နေလိုက်သည်။ “ ဟိုလေ..ဈေးဝယ်ရင်း လက်လွန်သွားလို့ အိမ်ပြန်စရာ ကားခ မရှိတော့ဘူး.. ဘတ်စကားခ ရူဘယ် ၂၀ လောက် ကူညီပါလားရှင် ”..ပြောရင်း ကောင်မလေး မျက်နှာက နီရဲသွားသည်။ ရှက်ရှာလွန်းလို့ ထင်ပါရဲ့။ “အော်…ဒါလား ရပါတယ်..ရော့ရော့ ဒီလိုပဲ ဖြစ်တတ်ပါတယ် စိတ်မကောင်းမဖြစ်ပါနဲ့ ”.. ဟု အားပေးလိုက်ရင်း ရူဘယ် ၁၀ တန် ၂ ရွက် ထုတ်ပေးလိုက်ပါသည်။ “ ကျေးဇူးတင်လိုက်တာရှင်.. ကျွှန်မ အိမ်က မျှော်နေတော့ မုာရှင့် ဒါနဲ့ ရှင်က ဘယ်နိုင်ငံကလဲဟင်.” ကောင်မလေးက ပျားရည်ဆမ်းသော အပြုံးမျက်နှာလေးဖြင့် ချစ်စရာ ကောင်းစွာ မေးနေပြန်သဖြင့် “မြန်မာနိုင်ငံ ကပါ ”..ဟုပြန်ဖြေ လိုက်ပါသည်။ “ မြန်မာ.. ဟုတ်လား ဘယ်နားမှာလဲဟင်...ကျွှန်မက ရှင့်ကို ဗီယက်နမ် ထင်နေမိတာ ” ကောင်မလေး မျက်နှာက ဝေခွဲ မရနိုင်ဟန်ဖြင့် ပြန်မေးနေသဖြင့် “ ထိုင်လန် ကိုသိလား ” ဟုပြန်မေး လိုက်မိ သည်။ ကောင်မလေး ခေါင်းညိမ့်ပြ သဖြင့် “ အင်ဒီးရားကိုရော..”ဟုပြန်မေးလိုက်မိပါသည်။ “ သိတယ် ” ဟုပြန်ဖြေ သဖြင့် “အေး အဲဒီနှစ်နိုင်ငံ ကြားကပဲ..” ဟုပြောလိုက်ပါသည်။

ထိုအခါကျမှ ကောင်မလေး မျက်နှာ ဝင်းကနဲ လက်သွားပြီး “ သိပြီ သိပြီ …ဘင်းဂလားဒေ့ရှ်ကိုး..” ဟုထအော် လိုက်ပါတော့သည်။ ကျွှန်တော့်ရင်ထဲ ကျင်ကနဲ ခံစားလိုက်ရရင်း “ မဟုတ်ပါဘူးကွာ .. ဘင်းဂလားဒေ့ရှ် နဲ့ ထိုင်း ကြားထဲ မှာ ငါတို့ နိုင်ငံ ရှိပါသေးတယ်ကွ…အရင်က ဘားမား လို့ခေါ်တယ်လေကွာ..” ဟု ဒေါသသံ ဖြင့် ပြောလိုက်မိပါသည်။ ကောင်မလေး မျက်နှာလေး ပျက်သွားရင်း “ ဆောရီးပါရှင် ကျွှန်မက ပထ၀ီ ကောင်းကောင်း မသိလို့ပါ..ဒါနဲ့ ရှင်နာမည် ဘယ်လိုခေါ်လဲဟင်..ကျွှန်မ နာမည်က မာရီယာ ပီသရိုဗနာ ပါ .. ရင်းနှီးတဲ့လူတွေကတော့ မာရီယာ လို့ပဲခေါ်ကြတယ်” ဟု မိတ်ဆက် နေသောကြောင့် “ ကျွှန်တော့် နာမည် ကိုဥာဏ် ပါ..ရုရှ သူငယ်ချင်းတွေ ကတော့ ခေါ်ရခက် လို့ ကော်လ်လျာ လို့ ပဲခေါ် ကြတယ်..” ဟု ပြန်ပြော လိုက်မိပါသည်။ “ဟှတ်ကဲ့ မှတ်ထားပါ့ မယ်..ကျွှန်မကို လည်း မာရီယာ လို့ပဲ မှတ်ထား ပေါ့..သွားလိုက်ပါအုံးမယ်..ရှင့်ရဲ့ ကူညီမှု ကိုမမေ့ပါဘူးရှင်..” ဟုပြောရင်း ကျွှန်တော့် အပါးမှ ထွက်ခွာ သွားပါသည်။ ဥရောပ သူလေး ပီပီ သွက်သွက် လက်လက်လေး ထွက်သွားသော သူမ၏ နောက်ကျောကို ကြည့်ရင်း “ မာရီယာ..မာရီယာ..လူလှ သလောက် နာမည်လေး ကလဲလှ လိုက်တာ မိန်းကလေးရယ် ” ဟု ကျွှန်တော် တစ်ယောက်တည်း တိုးတိုးလေး ပြောလိုက် မိပါတော့သည်။
…..ဆက်ရန်….
ကိုဥာဏ်(စက်မှု)

Read More...

Sunday, June 15, 2008

နေရစ်ခဲ့တော့ ဆလပ်သူရေ(၁)….


ကျွှန်တော်တို့ ငယ်ငယ် သမိုင်းဘာသာရပ်ကို သင်ရစဉ်က ပထမကမ္ဘာစစ် ဖြစ်ရသော အကြောင်းရင်း များတွင် ဆလပ် လူမျိုးများ လွတ်မြောက်လာခြင်း ဆိုသော အချက်တစ်ချက် ပါသည်ကို မှတ်မိကြမည်ထင်ပါသည်။ ဆလပ်လူမျိုးများ ဆိုသည်မှာ ယခှ ရုရှ၊ ပိုလန်နှင့် ဟန်ဂေရီလူမျိုးများ အဖြစ် ပြောင်းလဲကုန်ကြပြီ ဖြစ်ပါသည်။ ယခု ကျွှန်တော်သည် ရုရှနိုင်ငံ မော်စကို တွင်နေထိုင်လျှက်ရှိရာ ကျွှန်တော်၏ ဆလပ်သူလေးမှာ မည်သည့်လူမျိုးဆိုသည်ကို ပြောရန်လိုမည် မထင်တော့ ပါ။ မြန်မာမလေး မဟှတ်တာတော့ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလို လုံးဝ နားမလည်သောကြောင့်ပေတည်း။

သူမနှင့် စတင်ဆုံတွေ့ခဲ့ရသည်က လုံးဝကဗျာမဆန်ပါ။ ကျွှန်တော်သည် ကျောင်းသား တစ်ယောက်ဖြစ်သလို သူမ သည်လည်းကျောင်းသူတစ်ယောက်ပင်ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသား အချင်းချင်း တွေ့ဆုံရင်းနှီးသွားကြရန် အတွက် စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းလေးတွေ ကျွှန်တော် ကြားဖူးပါသည်။ ကော်ရစ်တာ အကွေ့တွင် တစ် ယောက်နှင့် တစ်ယောက်ဝင်တိုက်မိ၊ ကောင်မလေးလက်ထဲက စာအုပ်တွေလွတ်ကျ၊ ကောင်လေးက ကူညီပြီးကောက်ပေး၊ စာအုပ်တစ်အုပ်က ကျန်ခဲ့၊ နောက်နေ့မှာ ကောင်လေးက ကောင်မလေးကိုတွေ့အောင်ရှာပြီးလိုက်ပေး၊ ကောင်မလေးက ကျေးဇူးတွေတင်၊ ခင်မင်ရင်းနှီးသွားကြ၊ နောက်တော့ ဇာတ်လမ်းလေးတွေဖြစ်ကြ စသောလွမ်းမောရင်ခုန်စရာ ဇာတ်လမ်း လည်းမဟုတ်။ ကောင်လေးက ကျောင်းလစ်၊ ပြီးတော့မှ ကောင်မလေးဆီကနေlecture စာအုပ်သွားငှား၊ စာအုပ်ထဲတွင် ကောင်မလေးကို သူဘယ်လောက်ချစ်ကြောင်း မြတ်နိုးကြောင်းတွေရေးပြီးပြန်ပေး၊ ကောင်မလေးက ဆရာကိုသွားတိုင်၊ ကောင်လေးအဆူခံရ၊ အပြစ်ပေးခံရ၊ ကောင်မလေးက သနားသွား၊ နောက်တော့ ခင်သွားကြ ဇာတ်လမ်းလေးတွေဖြစ်ကြ စသော ပျော်စရာဇာတ်လမ်းလည်း မဟုတ်။ ကဲ ဒါဆို ဘယ်လိုဇာတ်လမ်းလဲ။ ပြောပြပါမည်။

ဒီဇင်ဘာလ၏ နှင်းတဖွေးဖွေးကျနေသော နေ့တစ်နေ့တွင် ဈေးဝယ်ရန် ကျောင်းနှင့် မနီးမဝေးရှိ super market သို့ ကျွှန်တော်ထွက်လာခဲ့ ပါသည်။ မ၀ယ်လို့ကလည်း မဖြစ်တော့။ အဆောင်က အခန်းထဲမှာ စားစရာက ဘာမှမရှိ။ ရေခဲ သတÅာကလည်း အခွံဖြစ်နေပြီ။ တစ်ယောက်ယောက်ကများ အထင်ကြီးပြီး လာဖွင့်ကြည့်ရင်တောင် ရှက်စရာ တော်တော် ကောင်းနေပြီ။ စာသင်ချိန်ပြီးမှ ထွက်လာခဲ့ရသဖြင့် ဗိုက်ကလည်း တကြုပ်ကြုပ် ဆာနေသည်။ ဈေးဝယ်ပြီးမှ တခုခုစားတော့ မည်ဟု ဆုံးဖြတ်ကာ စီးကရက်တစ်လိပ်ကိုဖွာရင်း ခပ်သွက်ခပ်သွက် လျှောက်လာခဲ့ပါသည်။ ဟင်းချက်စရာနှင့် တခြားလို တာလေးတွေဝယ်ပြီးနောက် တလက်စတည်း ပေါင်မုန့်တန်းဘက်သို့ သွားကာ အမြန်စားနိုင်မည့် မုန့် တစ်ဗူးနှင့် ice tea တစ်ဗူးယူလိုက်ပြီးနောက် အပြင်ဘက်သို့ ထွက်လာခဲ့ သည်။ လမ်းမပေါ်မှာတော့ နှင်းများက သည်းထန်စွာကျလျှက်ရှိပြီး မှောင်ပြပြ ဖြစ်နေပါသည်။ ဗိုက်ဆာတာ ဘယ်လိုမှ အောင့်အည်းသည်းခံ မရတော့သဖြင့် ဆိုင်အထွက်က ဆေးလိပ် သောက်သည့်နေရာမှာတင် ၀ယ်လာသည့် ပေါင်မှန့်ဗူးကိုဖွင့်ပြီး ပေါင်မုန့်တစ်ခုကို ice tea နှင့် ဗိုက်ထဲ အမြန်မျောချလိုက် မိပါသည်။ နောက်ထပ်ပေါင်မုန့်တစ်ခုကို ယူလိုက်ရင်း လမ်းဘက်ကို လှမ်းကြည့်လိုက်မိရာ ကျွှန်တော့်ကို စူးစိုက်ကြည့်နေ သည့် မျက်ဝန်းပြာပြာတစ်စုံနှင့် ရင်ဆိုင်လိုက်ရပါသည်။ ခြေစုံရပ်ပြီး စူးစူးစိုက်စိုက်ကို ကြည့်နေပါလေသော မချောလေး တစ်ယောက်။ ငါဗိုက်ဆာဆာနဲ့ ပေါင်မုန့် ကို ပလုပ်ပလောင်းစားတာကိုများစိုက်ကြည့်နေတာလားဟု တွေးလိုက်မိပြီး အရှက်တရားက ငယ်ထိပ်ကိုတက်ဆောင့်သွား၏။ သေသေချာချာပြန်ကြည့်လိုက်တော့ ကောင်မလေးမျက်နှာမှာ လှောင် ပြောင်သရော်ဟန်မတွေ့ရ။ တော်ပါသေးရဲ့ လို့တွေးလိုက်မိပြီး ကျန်တဲ့ပေါင်မှန့်တစ်ခုကိုစိမ်ပြေနပြေ၀ါးရင်း ကောင်မလေးကို နောက်တစ်ခေါက် အကဲခပ်လိုက်မိသည်။

နှင်းမှုန်မှုန်ကြားက ပန်းချီကားလေးတစ်ချပ်ပါလားဟု တွေးမိပြီး ပြုံးလိုက်မိပါသည်။ ၀တ်ထားတာကတော့ ရုရှရဲ့ နာမည်ကြီးတံဆိပ်ဖြစ်သော addidas ကိုယ်ကျပ်ဂျာကင်နှင့် ဂျင်းဘောင်းဘီအပြာနုနု။ လည်ပင်းမှာ သိုးမွေးတဘက်အဖြူ ရောင်သေးသေးလေးပတ်လို့။ဖြူနုနုလက်ကလေးနှစ်ဘက်ကို ရှေ့မှာစုပြီးကိုင်ထားပုံက တခုခုကိုတောင်းဆိုနေသလိုလို။ ကျောလယ် မရှိတရှိ ရွှေရောင်ဆံနွယ်တွေက ခေါင်းပေါ်မှာဘာမှဆောင်းမထားလို့ နှင်းမှုန်လေးတွေသီးပြီး ဟိုဘက်ဒီဘက် ခေါင်းလှည့်လိုက်တိုင်း ဖွာကနဲ ဖွာကနဲ။ မျက်နှာလေးက လေးထောင့်မကျတကျနှင့် နှုတ်ခမ်းထူထူလေးတွေက ဘာမှဆိုးမ ထားဘဲနဲ့ကို နီရဲနေသည်။ သူတို့လူမျိုးက ယောက်ျားလေးရော မိန်းကလေးပါ နှုတ်ခမ်းရဲကြသော လူမျိုးမို့ မဆန်းလှသော် လည်း သူမ၏မျက်နှာလေးနှင့်တော့ လိုက်ဖက်လွန်းလှပါသည်။ နှုတ်ခမ်းလေးတွေမပွင့်တပွင့်နှင့် တစ်ခုခုကို ငံ့လင့်နေဟန် ရှိသည်။ ဒီလောက်လှတဲ့ ကောင်မလေးက ကျွှန်တော့်ကို ဘာ့ကြောင့် ဒီလောက်စိုက်ကြည့်နေပါလိမ့်လို့တွေးရင်း ပေါင်မုန့် နှင့် ice tea ကိုလက်စသတ်လိုက်ပြီး ကျောပိုးအိတ်ကိုကောက်လွယ်လိုက်သည်။ ကောင်မလေးမျက်နှာလက်ခနဲဖြစ်သွား သည်ကိုတွေ့လိုက်ရသည်။အင်း တစ်ခုခုတော့ တစ်ခုခုပဲဟုတွေးမိရင်း စထွက်ရန်ခြေလှမ်းပြင်လိုက်သည်နှင့် ... " ဒီမှာရှင့် ဒီမှာ တဆိတ်လောက်…."
…..ဆက်ရန်….
ကိုဥာဏ်(စက်မှု)

Read More...

ဗော့ဒ်ကာ တစ်လုံးနှင့် အတူ သကြန်ကျခြင်း

( သူငယ်ချင်း နေလွမ်းသူ အတွက် လက်ဆောင် အဖြစ် ကလောင်ဝင်သွေး ထားပါသည်….သည်းခံဖတ်ရှုကြပါကုန်..)
“ ဂျပန်မှာ ဆာကေး၊ ပြင်သစ်မှာ ၀ိုင်၊ စကော့တလန်မှာ ၀ီစကီ၊ ရုရှမှာ ဗော့ဒ်ကာ၊ မြန်မာမှာ ဘီအီး ” ဟု ဒရင့်ကာ မောင်မောင်တို့ ပြောကြသည်ကို ကြားဖူးကြပါလိမ့်မည်။ မှန်ပါသည်။ ရုရှသည် ဗော့ဒ်ကာ ဖြင့် နာမည် ကြီးပေ၏။ နာမည် ကြီးသလောက် လည်း ကောင်းလှပါသည်။ ဈေးကလည်း ချိုပါသည်။ ထို့ကြောင့် ရုရှရောက် ကျွှန်တော်လည်း ဗော့ဒ်ကာ ကို မှန်မှန် မှီဝဲ မိပါသည်။ အမှန်ကတော့ ကျွှန်တော်သည် ဒရင့်ကာမန်း မဟုတ်ရပါ။ ပါးပါးလေးသာ သောက်လေ့ ရှိပါသည် ( လင်ဗန်းဖြင့်..)။ ဒီနေ့လည်း ကမ္ဘာကျော် ဗော့ဒ်ကာ တစ်လုံးကို တဖြည်းဖြည်း မြိုရင်း စိတ်ညစ်သမျှ ကို ချရေးနေ မိပါသည်။

စိတ်ညစ်စရာတွေ စရမည် ဆိုလျှင် သကြန်ကို (၈) နှစ် တာ ဝေးခဲ့ရခြင်းက စရမည်ဖြစ်သည်။ သကြန်ဆိုသည်မှာ မြန်မာ လူမျိုးတို့ အတွက် သဘာဝ က ပေးထားသော ဆုလဒ် ဖြစ်ပါသည်။ မြန်မာ မှန်လျှင် ပြည်တွင်းမှာသာ ရှိနေပါက သကြန်ပွဲတော်ကို မဖြစ်မနေ ဆင်နွဲ ကြကုန်၏။ သို့ဆိုလျှင် ကျွှန်တော် တို့က အဘယ့်ကြောင့် သကြန်နှင့် ၈ နှစ်ကျော်ဝေး ခဲ့ရသနည်း။ စစ်အင်ဂျင်နီယာ ဆိုသော ဘ၀ ကို ခုံမင်မိသဖြင့် သဘာဝက ဒဏ်ခတ်ခြင်း ပေတည်း။

၁၉၉၉ ခုနှစ် သကြန်သည် ကျွှန်တော်တို့၏ နောက်ဆုံး သကြန်သာဖြစ်ပါသည်။ ၂၀၀၀ခုနှစ် က စရ်ျ သကြန်ဆိုသည် မှာ တီဗွီ ဖန်သားပြင်ပေါ် မှာသာ ရှိပါတော့သည်။ အပြင်မှာ လူငယ်လူရွုယ်တို့ သကြန်ပျော်ကြ ချိန်ဝယ် ကျွှန်တော်တို့ မှာ ကမ္ဘာကျော် ဂျီသရီးသေနတ်ကို ထမ်းလျှက် လမ်းလျှောက်နေခဲ့ရပါသည်။ သကြန်မလည်ရရ်ျ စိတ်ညစ်ပါသည် ဆိုမှ ဒင်းက ပုခုံးပေါ်မှာ အငြိမ် မနေ။ တဖြည်းဖြည်း လေးလာပါ၏။ ဒီလိုနှင့် ၅ နှစ်ကုန်သွားပြန်တော့ အရာရှိ ဖြစ်ပြီ သကြန်လည်ရတော့မည် ဟု ပျော်မည် ကြံကာရှိသေး ။ ကရင် သူပုန်တို့ ကြီးစိုးရာ သံတောင်ကြီး ဘုရင့်နောင် တပ်မြို့တွင် သင်တန်းတက်ရင်း ကာဘိုင် လွယ်ရင်း သကြန်ကျ ခဲ့ရပြန်ပါ၏။ ဆိုးလိုက်တဲ့ ကံနှယ်။ အော် သင်တန်းတွေပြီးသွားရင်တော့ သကြန်ကျလို့ ပျော်လို့ ရပြီဟု တွေးမိ ကာရှိသေး ။ လာပြန်ပြီ။ လုံခြုံရေး ယူရမည်ဆိုပဲ။ ဒီလိုနှင့်ပဲ ပစ္စတို တစ်လက် ခါးထိုးရင်း သကြန်ကျခဲ့ ရပြန်ပါသည်။

အော် ဆိုးလိုက်တဲ့ ကံနှယ် … အတိတ်က အကုသိုလ် တွေ တော်တော် လုပ်ခဲ့မိသည် ထင်ပါသည်။ ပျော်ရွင်ခြင်း နှင့် အစီး မကပ်လိုက်လေခြင်း။ အခုတော့ ဆာဗီးယားတို့ ပျော်ရာမြေ ရုရှမှာ ရောက်နေပြန်ပါသည်။ မြန်မာ သကြန်ကို မြန်မာ လူမျိုး တစ်ယောက် အနေဖြင့် ဘယ်တော့ မှ ပျော်ရမှာပါလိမ့် ဟုတွေးလိုက်မိတိုင်း စိတ်ထိခိုက်မိပါသည်။ အတိုးတက်ဆုံး ဆိုသော နိုင်ငံ များကို သွားလည်း သကြန်ဆိုတာ ရှိသည် မဟုတ်ပါ။ ထို့ကြောင့် ပြည်ပတွင် ပျော်ရန်တော့ စဉ်းစားရ်ျ မရပါ။ သို့ဆိုလျှင် ကိုယ့်မြေကိုယ့်ရေ မှာဆိုလျှင်ရော။ ပျော်ကြရမည်လား။ မထင်ပါ။ နည်းနည်းလေးမှ မထင်ပါ။ သကြန်မှာ ခွင့် ရသဖြင့် လည်ကြ ပတ်ကြသည် ဆိုသည်မှာ ဦးတို့ ငယ်ငယ်တုန်းကလေ ဖြစ်နေပါပြီ။ သာမန်ရဲဘော်တွေ သာ ခွင့်ပြန်ဖို့ လွယ်သော်လည်း အရာရှိက ရှိတာမှ ၂ ယောက် ၁ ပိုင်း ။ ဒီရှိတာလေး တွေတောင် ရုရှရောက်လို့ရောက်၊ ယူကရိန်းရောက်လို့ ရောက်၊ တရုတ်ရောက်လို့ ရောက် တပ်မှာ လူက ရှိတာမဟုတ်။ ခွင့်ဆိုသည်မှာ ပေးလျှင်တောင် ယူရက်စရာ မရှိ။ ဖြစ်သမျှ ပြသနာ တပ်ရင်းမှုး ခေါင်းပေါ် ပုံချလို့ ဖြစ်တာမဟုတ်။ သကြန်တွင်းဆိုပြီး ရန်သူက သကြန်ကျ နေမှာ မဟုတ်သဖြင့် လုံခြုံရေးဆို တာ ရှိရပြန်ပါသည်။ တခါတလေတော့ လည်း ဘောင်းဘီ အစိမ်းကို ချွှတ်ပြီး ဂျင်း ဘောင်းဘီလေး ၀တ်ချင်၏။ ခါးက ပစ္စတို နေရာမှာ ဘီယာဘူးလေး ထိုးချင်မိ၏။ ရင်ခွင်ထဲက မောင်းပြန်ရိုင်ဖယ် ကို ချစ်သူ လေးနှင့် လဲထားလိုပါ၏။ သို့ပေမယ့် မဖြစ်နိုင်သော၊ ဘယ်သော အခါမှ ပြန်မရနိုင်တော့ သော စိတ်ကူးယဉ် အိပ်မက်တွေ ဖြစ်နေပါ၏။ ပုံပြင်တွေမဟုတ် ဖြစ်ရပ်မှန်တွေ ဖြစ်ပါ၏။ ဒီလို ပျော်စရာ မရှိသော ဘ၀ ရင်ခွင်ကို ၀င်လာချင်နေသော မိန်းကလေးများက ရှိသေး၏။ လွန်စွာရဲရင့် ကြကုန် လေသည်။ သူတို့ အတွက် ဂုဏ်ယူပါသည်။ ဂုဏ်မယူရ်ျလည်း မရပါ။ မဟုတ်လျှင် လူပျိုကြီး လုပ်ရန်သာ ရှိတော့၏။

စာရေးနေရင်းမှ သူငယ်ချင်း တစ်ယောက်က သကြန်သီချင်းခွေ ထဖွင့်ပြန်၏။ ဆိုးလုပါတကား။ ရေပင် အနွေးခံပြီး ချိုးနေရသော ရုရှမြေနှင့် မြန်မာ တူပို့တူပို့ သီချင်းက မလိုက်ဖက်လိုက်လေ။ သို့သော် လုပ်နိုင်တာကလည်း ဒါပဲ ရှိလေသဖြင့် သကြန်သီချင်းကို အမြီးလုပ်ရင်း ဗော့ဒ်ကာနှင့် ကြိုတ်ချရလေသည်။ ပျော်ရွှင်စွာ ကနေကြကုန်သော ယိမ်းသမလေးများကို ကြည့်ရင်း မှ ဗော့ဒ်ကာပင် ပိုပြင်းလာသယောင်ထင်ချေ၏။ အော် ပျော်စရာကောင်းလိုက်တာ ဟု စိတ်ကူးယဉ်ရင်း ဗော့ဒ်ကာ ပုလင်းကား တဖြည်းဖြည်း ပေါ့လာလေပြီ။ လူလည်း တော်တော် လည်လာ၏။ ကနေသော သကြန်မယ်လေး များ၏ ပုံရိပ်များကား နှစ်ထပ်ဖြစ်လာလိုက် ၀ါးသွားလိုက် ရှိနေလေသည်။ အင်း ဒီအချိန်ဆိုလျှင် မြန်မာ ပြည်က ချစ်သူလေးရော ဘာလုပ်နေပြီနည်း ဟု စဉ်းစားမိလိုက်ရင်း ရင်မောမိပါ၏။ ရေပက်ခံရင်း ပျော်နေပြီလား။ သို့မဟုတ် သူငယ်ချင်းများ နှင့် ပျော်ပျော်ရွင်ရွင် မုန့်သွားစားနေပြီလား။ ဘုရားသွား ကျောင်းတက်နှင့် ဥပုသ် သည်မလေး ဖြစ်နေလေသလား ( မထင်ပါ…)။ အော် ဒီလို လူမျိုးကို ချစ်မိလေသော သူလေး အတွက် ချစ်သူနှင့် အတူတူ မလည်ရ ခြင်းအတွက် သနားမိပါသည်။ အတွေးများတွင် စီးမျောနေရင်းမှ ဗော့ဒ်ကာ ကား ပြောင်ချေပြီ။ အိပ်စက်ရင်း သကြန်အိပ်မက်များ မက်လိုက်ပါဦးမည်။ ချစ်သူရေ ခွင့်လွတ်ပါတော့ ဟု မိဘများက ဆဲချင်လာအောင် ကြွေးကြော်ရင်းမှ အိပ်ရာဝင်ခဲ့ရလေသတည်း။ ကိုဥာဏ်(စက်မှု)

Read More...

ကလောင်ရှင်သစ်အား ကြိုဆိုခြင်း

ရသသစ် တစ်မျိုး ပေးစွမ်းနိုင်ဘို့ ကျွန်တော့် သူငယ်ချင်းက အားဖြည့် ကူညီပေးမယ် ကလောင်သွေးမယ် ဆိုတော့ ကျွန်တော် တကယ် အားတက် ဝမ်းသာစွာ ကြိုဆိုလိုက်ပါတယ်။ ပြောရရင်သူနဲ့က ငယ်ငယ်လေးကတည်းက သူငယ်တန်းကနေ ဆယ်တန်းထိ တစ်ကျောင်းထဲ အတူတူ တက်ခဲ့ကြတဲ့ နယ်သား (မြို့ငယ်လေးတစ်မြို့ထဲက)ပါ။

ဝါသနာလည်း တူခဲ့တယ်။ ဓါတ်ခဲကားတွေ ပျက် ဖျက် မော်တာလေးတွေ ဖြုတ်ပြီး တီထွင်မှု လုပ်တယ်ဆိုလို့ ကျန်သူငယ်ချင်းတွေ အလှောင်တောင်ခံခဲ့ရတဲ့ ၂ ယောက်ပါ။ သူက စာစီစာကုန်း 1st နေရာယူထားသလို ။ ကျွန်တော်ကလည်း ကဗျာပြိုင်ပွဲတိုင်းမှာ 1st နေရာမှာ ဗိုလ်မထားခဲ့ပါဘူး(ကြွားတာလားမသိ) ဟဲဟဲ တကယ်ဗျ၊ ဆယ်တန်းအောင်မှပဲ ကျောင်းကွဲသွားတာ ကွဲမှာပေါ့ သူက DSTA တက်(ပိုတော်လို့) အနော်က DSA တက်။ ပြောရဦးမယ် ဒီဘလော့လေးစလုပ်ခါစက အဲဒီက သူအပါအဝင်နယ်သားတွေကို ပြခဲ့တော့ ဖောင့်တွေက ကောင်းကောင်းမပေါ် ပို့စ်တွေလည်း မသပ်မရပ် ဒီလောက်လည်းမရေးဖြစ်ခဲ့တော့ သမန်ကာရှန်ကာပဲ နေခဲ့ ကြတာပါ။ တစ်နေ့ကမှ တရုတ်မှာ၊ တပ်ကပုသိမ်ကြီး ရေးတော့ စစ်သားဘဝသီးသီး မင်း အဲဒီဘလော့ကိုများ သိလားတဲ့...ကဲ မေးလိုက်ပုံက ... သိဘူးလေကွာ မင်းဘလော့ငါတို့စသိတုန်းက စုတ်တိစုတ်ချာ(အခုလည်း မစုတ်ဘူးမဟုတ်ပါဘူး) စာဖတ်သူလည်းမရှိကိုး။ မင်းဒီလောက်ဆက်လုပ်လိမ့်မယ်လို့ကို မထင်ထားတာဟတဲ့။ အခုတော့ဘာပဲဖြစ်ဖြစ် စာဖတ်သူတွေလည်း အာဘော်တစ်မျိုးထဲမဟုတ်အောင် ခံစားနိုင်ကြပါတော့မယ်။ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း ကြီးတော့လည်း ယူနီဖောင်းအစိမ်းချင်းပါလာတူနေတဲ့ ကိုဥာဏ်(စက်မှု) ကို ဒီနေရာကပဲ စတင်ချပြမိတ်ဆက်ပေးလိုက်ပါတယ်(လူကောင်ကတော့ ၅ ပေ ၁၁ ရှိပါတယ်ခင်ဗျာ)......နေလွမ်းသူ

Read More...

Saturday, June 14, 2008

ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့ - ၅

အောင်လောင်းရွာ ကြီးကိုရောက်ပြီ။ စာသင်ကျောင်းမှာ ရှေ့တပ်က နေရာချပေးတယ်။ ထင်းတွေကို တပ်စိတ် တစ်စုလိုက် ပုံပြီးသားလုပ်ပေးတော့ ည မှောင်မဲမဲနဲ့ရောက်သွားလည်း တပည့်တွေထမင်းဟင်းကို အလွယ်တကူ ချက်လို့ရကြတယ်။ မနက်မှာ တပ်ခွဲလိုက်က heavy weight ဖြစ်မယ့် ဟာတွေကို ထားပြီး တကယ် လိုအပ်မယ့်ပစ္စည်းတွေ အရင်သယ်ပြီး ဆက်တက်ဖို့ ပြောတယ်။ အောင်လောင်းရွာကြီးက လီရှောလူမျိုးတွေပါ။ အားလုံးက ဗမာစကားရတယ်။ စစ်ကြောင်း-၁ နဲ့ တစ်စုကဒီမှာကျန်ခဲ့ပြီး ရှေ့တပ်နဲ့ချိန်းပါတယ်။ စစ်ကြောင်း-၂မှူးဦးစီး တပ်ခွဲ(၄)ခွဲကဆက်တက်ခဲ့ရပါတယ်။ပါချီး စခန်းကုန်းတွေဘက်ဆီကိုပါ။

ပါချီး ဆိုတဲ့ အသံကြားရင် ဗိုလ်လောင်း ဘဝက ဗိုလ်မှူးကြီးအောင်မျိုးမင်း(အခုပညာရေးဒုဝန်ကြီး) ကိုသွား သတိရမိတယ်။ အဲဒီတုန်းက ဘွဲ့နှင်းဟော ထဲ ထည့်ပြီး ပြောတယ် တစ်ကျောင်းလုံးကို မင်းတို့တွေ ကိုယ်လုပ်ရတာတွေကို စိတ်ပါလက်ပါ လုပ်ကြ အခု တပ်က စခန်းကြီးတစ်ခုဖြစ်တဲ့ ပါချီး စခန်းကျသွားပြီ။ မင်းတို့ သေချာလုပ်ကြ။ ပါချီး ပါချီး ဆိုတဲ့အသံ အခုတော့ အဲဒီ စခန်းကိုရောက် စခန်းထိုင်ရပါတော့မယ်ဗျာ။

ရွာကနေ တစ်မိုင်လောက် လွန်တာနဲ့ ပျဉ်းကတိုးပင်ကြီးတွေ တစ်ခြားသစ်ပင်ကြီးတွေ ထူထပ်ပြီး တောင် စတက် ရပါပြီ။ လေးလိုက်တဲ့ ကျောပိုးအိတ် သေနက်။ တပည့်တွေဆို နင့်နေကြတာပဲ။ ခွဲရုံးမှာ များလိုက်တဲ့ ဝိတ်တွေ နောက်တော့ထမင်းအိုး ဒန်အိုးခြင်းထမ်းတဲ့ တပည့်ဆီက MA-2 ဆွဲယူလိုက်တော့ ကိုယ့်ဆီမှာ သေနက်က ၂ လက်ဖြစ်သွားပြီ။ စခန်းကလည်း အစဉ်အလာရှိထားလေတော့ သယ်ရတဲ့ လက်နက်ကြီးနဲ့ ဗုံးသီးကတော်တော် တာသွားတယ်လေ။ လမ်းကြောင်းကတော့ အေးဆေး clear မို့လို့တော်သေးတယ်။ ရန်သူကိုစိတ်ပူစရာသိပ် မရှိဘူး စိတ်က ၆၀ မမ ဗုံးသီး ၂ လုံးသယ်လာတဲ့ ကျောပိုးအိပ်ဆီပဲရောက်နေတယ်။ ရှေ့နောက်ကစစ်သည် အားလုံးလည်း ဘာသံမှကို မထွက်နိုင်ကြတော့ဘူး။ ဆရာကြီးတစ်ယောက်ဆို အမောဆို့လို့ နှာနှပ်နေရတယ်။ တောင်ကျစမ်းရေလေးတွေက တောင်ကြိုတောင်ကြားကုန်းကို တက်နေလည်း ရှိနေလို့။ ရေလေးဆွတ်လိုက် ရေလေးသောက်လိုက်နဲ့ ဒီလောက်မောနေတာကို ဆေးလိပ်သောက်ရမှ အမောပြေတဲ့သူကရှိသေး။

တက်လာတက်လာ လိုက်တာ စခန်းနားရောက်မှ ရွာလိုက်တဲ့မိုးဗျာ။ လေးကလေး မောကလည်းမော မိုးရေက ရွှဲရွှဲ ခြေထောက်တွေ ကုပ်အားကို မရှိတော့ဘူး။ ဒီဒုက္ခကို အကြောက်ဆုံးပဲ။ အဖွဲ့တွေလည်း တက်ရင်းတက်ရင်း ပြက်ပြက်ကျန်ခဲ့တယ် မိုးရွာထဲမှာထိုင်နားတဲ့သူကနားပေါ့။ ကျွန်တော်လည်း ကိုယ့်ဟာကိုအားတင်းပြီး ပါချီး ပင်မကုန်းစခန်းပေါ် တက်လာခဲ့တယ်။ ရှေ့တပ်က အဖွဲ့တွေကနေရာ လိုက်ချပေးတယ်။ ဓမ္မာရုံထဲမှာပါ။ သေချာ ကြည့်မိတယ် ပူဇော်ထားတဲ့ ကြေးသွန်းဘုရားကိုယ်တော်။ ထိုင်းစာတွေနဲ့ ရေးထားတယ်။ ရှေးဟောင်း ကြေးသွန်း တစ်ဆူဖြစ်ပါတယ်။ အဖွဲ့တွေလည်း တဖွဲဖွဲနဲ့ ရောက်လာကြ တက်လာကြတုန်းပဲ ညနေ ၆ နာရီခွဲကျော်တဲ့အထိ လူမစုံသေးဘူး။ အရင်ရောက်တဲ့ သူတွေက သွားပြန်ကြိုမှပဲ လူစုံရောက်တော့တယ်။ ဒုရင်းမှူးက တပ်ရင်းမှူးဆီ စုံကြောင်း လှမ်းပြောပါဆိုတာနဲ့ အောင်လောင်းရွာ အမြောက်ကုန်း မှာကျန်ခဲ့တဲ့ စစ်ကြောင်း-၁ ကို Icom (လမ်းလျှောက်စကားပြောစက်)နဲ့ပဲ သတင်းပို့လိုက်တယ်။ ဟိုဘက်က ထိုင်းစခန်းမှာ လျှပ်စစ်မီးတွေမြင်ရတော့ စိတ်ထဲမှာတော့။ ဖုန်း ဧရိယာမိတာနဲ့ ဖုန်းဖွင့်ပြီး တာချီလိတ်က ညီငယ်တစ်ယောက်ဆီ ဖုန်းခေါ်ပြီး အိမ်ကိုထပ် ဆက်ခိုင်းလိုက်တယ်...ဖုန်း က သိတဲ့အတိုင်းပဲ ထိုင်းဖုန်းကဒ်(12call)ပါ။ ကဲညတော့ စောစောအိပ်မှ ဒီနေ့ တော်တော်အီစိမ့်သွားတာ။ မနက်ဖြန် စောစောထရမယ် စခန်းချိန်းဖို့ သိချင်တာတွေ ရှေ့တပ်ကနေ မေးရ မြန်းရ စပ်စု ရဦးမှာပဲ.. .............................။ နေလွမ်းသူ

Read More...

Thursday, June 12, 2008

ဝေဒနာအပိုင်းအစလေးများ-၆

ပန်းတင်တောင်စခန်း။
ညီလေး ဆီနီဂေါ(47th)နဲ့ ၄ ယောက် ရန်သူ့ဆွဲမိုင်းနဲ့ မရှုမလှ ကျခဲ့ရတဲ့ ၂၀၀၄ ဒီဇင်ဘာ-၂၃ အပြီး ၂ ပါတ် အကြာမှာ အဲဒီစခန်းကို ရွှေ့ပါဆိုတာနဲ့ နန္ဒအောင်တို့ ရောက်ရပြန်တယ်။ ကပ္ပါယ်စခန်း အထက် ၆ ထပ်ကွေ့ အလွန်က လမ်းဘေးကုန်း စခန်းတစ်ခုပေါ့။ အရင်က တပခ တပ်တွေ လမ်းကင်းယူတဲ့အခါလောက်ပဲ လာထိုင် နေရာယူကြတာ။ အခုစွန့်ထားတာကြာပေါ့။ စီနီယာတပ်ခွဲဖြစ်တဲ့ ကိုတိုးကြီး "ဗကမြင့်ကျော်တိုး” တို့က နောက်က ကုန်းမှာ ကျန်ခဲ့တော့ စစ်ကြောင်း-၂ မှူး အဖွဲ့တွေနဲ့ မိမိတပ်ခွဲပေါ့။

ရောက်တာနဲ့ ညီလေး တပည့်တွေကို သေချာရှင်ခိုင်း နေရာကုန်ရှင်းတာကို မင်းလိုက်ကြည့် ပြီးမှကျန်တဲ့သူနေရာချပေးကွာ...ဆိုတာနဲ့ BE ဒုတပ်ကြပ် (ဒါက တပ်မတော်အင်ဂျင်နီယာတပ်ခွဲကနေ မိုင်းအတွက်တွဲဖက်ပေးထားတဲ့ စစ်သည်ပါ စစ်လက်ရုံးကွဲပေမယ့် ဒီရှေ့တန်းမှာတော့ သူလည်းကိုယ့်တပ်လူဖြစ်နေတာပေါ့။)ရယ်စိတ်ချရတဲ့ဆရာကြီးအချို့နဲ့ဆရာတစ်ချို့ကိုခေါ်သေချာ မှာလိုက်တယ်။ ကိုယ်စီ မိုင်းရှာကိရိယာလေးတွေနဲ့ ပေါ့။ မထူးပါဘူး ကိုယ်ပါလိုက်ကြည့်ကြပ်ရမယ့် အတူတူ တပည့်တစ်ယောက် ဆီက ဆွဲယူပြီး အတူတူတက်လာခဲ့တယ်။

မိုင်းရှာကိရိယာ ဆိုလို့ BE တာဝန်ကတော့ သူ့ စက်ကြီးပါတာပဲရှိတာ ဘတ္ထရီမရှိတော့ ဘယ်မိုင်းကိုသူက အသံ ပေးအော်မြည်နိုင်တော့မလဲ။ ဒီတော့ အထက်မှာပြောခဲ့တဲ့ကိရိယာနဲ့ပဲပေါ့။ ခက်ရင်းခွပုံသံချွန်စူး ဘေးမှာအဲဒီလို အချွန်လေးတွေကို ကောက်ဆွပုံထပ်ကော်ထားပြီး ၅-ပေ၊၆-ပေလောက် ဝါးလုံးသေးမာမာမှာတပ်ထားတာပါ။ မြေသားခပ်ပွပွနဲ့ မူလအနေထားပျက်ယွင်းနေတယ်လို့ သံသယရှိတဲ့ မြေပြင်ကို ၄၅ံ ရှပ်ထိုးပြီးရင် ချိတ်ကောက် လေးတွေနဲ့နောက်ပြန်ဆွဲယူကြည့်ပေါ့။ သဘောကတော့ မိုင်းကြိုးဝါယာစမြေထဲမှာရှိနေခဲ့ရင်ငြိပြီးပါလာအောင် လို့ပါ။ မိုင်းရှာစက် ဆိုလို့ သူက မိုင်းတွေရဲ့ သတ္ထုကိုယ်ထည်အပူကိုစမ်းပြီး အသံမြည်အချက်ပြစနစ်နဲ့ပါ။ သို့ပေမယ့်က ဒီကရင်ပြည်နယ်တစ်လွှားက ပုလင်းတို့ ဝါးဆစ်ဗူးတို့ကို ယမ်းထည့် တစ်ဖက်က ဓါတ်ခဲအိမ်နဲ့ ဆက်သွယ်လို့ လူနင်းမယ့်နေရာမှာ လျှပ်စီးကြိုးစ အဖိုအမသံပြားလေး ၂ ခုကိုဟပေးပြီး နင်းတာနဲ့ အစပြား ၂ခု ထိမိပြီး ပေါက်ကွဲအောင်လုပ်ထားတာပါ။ ဒီလိုလက်ဖြစ် ဒေသန္တရမိုင်းကို ခေတ်မီ သတ္ထုကိုယ်ထည် မိုင်းရှာ ကိရိယာရဲ့ sensor က ဘယ်လိုလုပ်ပြီး အတိအကျဖော်ပြပါတော့မလဲနော်။

စခန်း တစ်ခုလုံး clear ပါလို့သတင်းပို့ပြီးတာနဲ့နေရာချကြပေါ့။ တစ်ဖက်မှာထိစပ်နေတဲ့ တောင်ကုန်းထိပ်ပိုင်း ကနေရေစီးတစ်ခုကို ဝါးပိုးဝါးထွင်းရေသရောက်ထိုးခံထားတော့ စခန်းထဲမှာပဲ ရေကအဆက်မပျက် ၂၄ နာရီ။ စခန်းဝန်းကျင်မှာ မြောက်ဥပင်တွေပေါတော့ နေ့လည်စာထမင်းက မျောက်ဥဟင်းလှိုင်လှိုင်နဲ့ ကုလားပဲပိုးထိုး နဲနဲ ငှက်ပျောဖူးဖက်လေးတွေလှီးထည့်ထားတဲ့ဟင်းချိုလေးရယ်၊ ငြုပ်သီးခြောက်မှိုနဲ့သင်းလှော်လေးနဲ့ အိုး အလွန်မြိန်ကြသဗျာ။ မျောက်ဥ ဆိုတာမြေကြီးထဲကို ၃-၄ ပေတူးရတဲ့ အရောင်ကအာလူးသီးနဲ့ဆင်တယ် မာကျောမှုလဲအတူတူပဲ အရသာကပိန်းဥပြုတ်နဲ့ တူတယ်ဗျာ။ ဒါဆိုစာဖတ်သူ မြင်ယောင်ပြီနော်။ တပည့်တွေက လျှိုထဲဆင်းပြီး ငှက်ပျေဖူးခိုင်တွေခုပ်လာကြ အတွင်းသားနုနုကိုပါးပါးလှီးပြီး ဝါးဆစ်ဗူးပိတ်မှာ အချဉ်သိပ်တာ။ နောက်ရက်ဆို စားလို့ရပြီ ချက်စရာမလိုဘူးဒီတိုင်းထုတ်စားရုံပဲ။ ဝါးတွေခုပ် စည်းရိုးတွေထပ်ပြင်။ တစ်ချို့ကို သေနက်တိုက်ခိုင်းရတယ်။ နှင်းငွေ့ရေငွေ့ မြေငွေ့တွေထိပြီး ပြောင်းဝမှာ ယမ်းချေး(ဂျီး)တက်ပြီလေ။ စားလို့ ကောင်းကောင်းနဲ့ ညကျအိပ်တာပေါ့။ အိုး အေးလိုက်တာများ ခိုက်ခိုက်ကိုတုန်လို့ စိမ့်ပြီးတက်လာတာ။ တဲထဲကို ဝင်တဲ့လေပေါက်မှန်သမျှ ဝါးဖတ်ပြားတွေနဲ့ကာ မိုးကာစနဲ့ပိတ်ပြီးအိပ်တာကို မရပါဘူးဗျာ...အင်း ငါတောင် တဲထဲမှာ ဒီလောက်အေးနေတာ အပြင်ကကင်းသမားတွေ... ထွက်ပြီးလိုက်ကြည့်တယ် မြေခင်းလေးချခင်းပြီး စောင်စိမ်းအနွမ်းလေးတွေ သီးသီးခြုံလို့ လက်ထဲကသေနက်တွေဆို အေးခဲနေတာပါပဲလား............... နေလွမ်းသူ

Read More...

ကျွန်တော့်ရင်ထဲက ပေါက်ကွဲထွက်ပေါ်လာသော

စာဖတ်သူတွေ သိချင်တာလေးတွေ မေးလ်ပို့ပြီး မေးလာတာလေးတွေ များလာလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ပထမဆုံး ပြောပြချင်တာက ပို့စ်ခေါင်းစဉ်နဲ့ အမှတ်စဉ် ခွဲထားတာလေးတွေ။ ဟုတ်ပြီ။ ဝေဒနာအပိုင်းအစလေးများ က ပထမဆုံး ဝေဒနာတစ်ပိုင်းတစ်စများ နဲ့စခဲ့တာပါ။ အဲဒါကနေ ၂-၃ -၄ တပ်လာလိုက်တာ အခုဟာက ၆ ထိရှိ လာခဲ့တာပါ။ ခေါင်းစဉ်ကွဲသလို နေရာဒေသလည်း တစ်ခြားစီပါခင်ဗျာ။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ကိုအစွဲပြု ကျောက်ကြီးဂွင်လို့ ခေါ်တွင်ပြီး သံဘိုရွာ အရှေ့ဘက်စူးစူးကို ဆက်ထွက်လို့ ဂရစ်ကွက်ပေါင်း ၂၀ မကကျော်မှာ နယ်ခြားတောင်ဆိုတာခြားလို့ ကရင်ပြည်နယ် ဖြစ်သွားပြန်ပါတယ်။

ဘော်စဲခိုဒေသဆိုတာက ရှေ့တန်းတပ်မ ဌာနပ်ချုပ်စခန်းကြီးဖြစ်ပြီး အရှေ့ဘက်တိုးတိုးသွားလိုက်ရင် ထီးထ၊စောထ မြန်မာ-ထိုင်းနယ်စပ်ကိုပေါက်သွား ပြန်ပါတယ်။ အဲဒီခေါင်းစဉ်နဲ့ဆက်စပ်ပြီး ရေးတော့ အဲဒီတုန်းက ကျွန်တော်က တပ်မ(၃၃)လက်အောက်ခံ တပ် တစ်တပ်ဖြစ်တဲ့ မန္တလေး ၊ပုသိမ်ကြီးမြို့အရှေ့ဘက် ဆည်တော်ကြီးရေမြောင်းဘေးက တပ်-၃ တပ်ရှိတဲ့အထဲက အလယ်ကျကျတပ်ကပါ ခင်ဗျာ။ ပြောရဦးမယ်။ ဝေလည်းမွှေးကြွေလည်းမွှေးက ဒီတပ်-၃ တပ်မှာပတ်ပြီးရိုက်ခဲ့ တာပါဗျာ။ ကြုံရင်တော့ ဒီအကြောင်းလေးတွေထပ်ရေးပါဦးမယ်။ အပါစဉ်လည်းမေးကြတယ်ဆိုတော့ မထူးပါဘူး ပြောလိုက်ပါ့မယ် အနော်က စစ်တက္ကသိုလ်(၄၅)ကပါခင်ဗျာ။

အခု ဒုတိယဌာနေမှ ပထမဆုံးရှေ့တန်းမြေ ဆိုတာက နံပါတ်-၄ ထိရောက်လာပြီ ဟုတ်ကဲ့သူက ခေါင်းစဉ် ကို သေချာကြည့်လိုက်ရင် ဒုတိယဌာနေ ဆိုတာတွေ့ရမယ်။ ဒါ ကျွန်တော် တစ်ယောက် ကျောက်ကြီးဂွင်ရဲ့ ကရင်ပြည်နယ်ရှေ့တန်း ဆိုတာကြီးကို တပ်မ-၃၃ နဲ့အတူလိုက်ပါပြီး စစ်ဆင်ရေးကာလပြီး နောက်တပ်မတစ်ခု ချိန်းလို့ ပြန်နား ရည်းစားလေးနဲ့တောင် မတွေ့ရသေးဘူး သံလွင်မြစ်အရှေ့ဘက်က ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်(ကျိုင်းတုံမြို့)လက်အောက်ခံ မိုင်းခတ်မြို့လေးက ခလရ-၂၂၇ ကိုပြောင်းရွှေ့မိန့် ကျပြီး ရောက်သွားတဲ့ ဒေသ..therefore ဒုတိယဌာနေ လို့အမည်ပေးလိုက်ပြီး အဲဒီတပ်နဲ့ပဲ နယ်စပ်စခန်း နယ်ခြားစခန်းများရှိရာ ရှေ့တန်းဆိုတာ ထပ်ပါလာခဲ့ရလို့ အဲဒီဒေသရောက်တဲ့ ပထမဆုံး ရှေ့တန်းမြေလို့ မှည့်တွင်စေလိုက်တာပါ။ ဒုတိယရှေ့တန်းမြေ က မကြာမီလာမည် မျှော်ပေါ့ဗျာ။ ဗိုလ်အဆင့်နဲ့ပဲပြောင်းရွှေ့ခဲ့ ရတာပါ။ အတွင်းရေးတွေပြောရရင် ၁၉၉၉ ခုနှစ် မတ်လ-၁၅ ရက်နေ့မှာ ချစ်သူဖြစ်ခဲ့ရတဲ့ အချစ်ဦး ရည်းစားဦး ကောင်မလေးနဲ့ အဲဒီပြောင်းခဲ့ရတဲ့ နှစ် ၂၀၀၆ ခုနှစ် မတ်လ ကုန်မှာ ပြက်စဲခဲ့ရသလို စစ်သည်အဆင့်အားလုံး အရာရှိအားလုံး မန္တလေးရဲ့အထင်ကရနေရာများ ထိုင်နေကျ လက္ဘက်ရည်ဆိုင် ဘီယာဆိုင်(ပိုက်ဆံရှိမှပါ)များ အားလုံးကို တိကနဲ သံယောဇဉ်ဖြတ်ပြီး ဒုတိယဌာနေဆိုတာကို ရင်နာနာနဲ့ရောက်ခဲ့ပြီး ဒီပို့စ်လေးတွေ ပေါက်ကွဲ ထွက်ပေါ်လာရင်ခြင်းပါခင်ဗျာ။

ဒုတိယဌာနေ ရှမ်းတို့မြေမှာ တစ်နှစ် တာဝန်ထမ်းဆောင်လို့နေသားကျမယ်လို့ Captain တင်ပြီး အပွင့်တောင် အသစ်မဝယ်နိုင်သေးဘူး နန္ဒအောင် တဖြစ်လဲ ကျွန်တော်အမေ့သား မောင်နေလွမ်းသူတစ်ယောက် နောက် တတိယဌာနေကို ထပ်မံပြောင်းရွှေ့သွားရပြန်ပြီလေ။ မြန်မာပြည်အလယ်ပိုင်းကနေ အရှေ့ဘက်စူးစူး ကိုထွက် ညာရစ်ပတ်ပြီး မြေပြန့်ကို ဆင်းသွားရပြန်တာပါ။ ကျွန်တော့်ကို ရှမ်းမ လှလှလေးတွေနဲ့ ရေစက်မဆုံစေချင်တဲ့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့လိုက်ကြတာပေါ့ နော..... အိမ်ကိုပြန်တော့ အမေက ငါ့သားလေး အရွယ်နဲ့မမျှ စိတ် ဖိစီးပင်ပန်းနေပြီလားကွယ်...တဲ့....အမေရယ် သားထက်ဆိုးတဲ့သူတွေ တစ်ပုံကြီးပါ။ စစ်တပ်ထဲမှာမှ မဟုတ် ပါဘူး။ အရပ်သားဝန်ထမ်းလောကသားတွေ စီးပွားရှာ ပညာရှာထွက် ကမ္ဘာပတ်နေတဲ့သူတွေရှိသေးတယ်လေ...ဆိုတော့ အမေကလေ...................ထပ်ပြောသေးတယ်............ နေလွမ်းသူ

Read More...

ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့ - ၎

မိုင်းတုံမြို့ကို ဖြတ်လာပြီးတဲ့နောက် တောင်တန်းကုန်းမြင့်တွေ လျှိုတွေပတ်တက် ပတ်ဆင်းပြီး ပြန့်ပြူးနေတဲ့ လွင်ပြင်လိုနေရာကို တွေ့လိုက်ရတယ်။ နားကောင်းမူ ဒေသ ။ ဟိုးအရင် ဝ တပ်ဖွဲ့များ ငြိမ်းချမ်းရေး မယူခင်က နာမည်ကြီး နေရာဒေသတစ်ခုပါ။ ဈေးတိုက်တန်းတွေ ကား၊ ဆိုင်ကယ် အပိုပစ္စည်းဆိုင်များ ဓါတ်ဆီ အနီ၊ အဝါ အရောင်းဆိုင်များ၊ တစ်ခြား လူသုံးကုန်ပစ္စည်းဆိုင်တွေ တော်တော်များများနဲ့ စည်ကားဖွယ်ပါ။ မှန်အမည်းတွေပဲ သီးသီး ကာရံဆောက်ထားပြီး အခုတော့ လူမနေတော့ဟန်ရှိတဲ့ တစ်ထပ်တိုက်တန်းရှည်တစ်ခုကို အမြင်မှာထူး နေလို့ ကားဆရာကိုမေးကြည့်မိတော့

အနှိပ်ခန်းဇိမ်ခန်းတွေပေါ့ ဗိုလ်ကြီးရာ၊ ဟိုတစ်ခေတ်တစ်ခါ ဘိန်း၊ရာမတို့ စိတ်ကြိုက် ရောင်းဝယ် ဖောက်ကား ခဲ့ဖူးတဲ့ နေရာဆိုတော့လည်း ဒီထဲကတင်မကဘူး နိုင်ငံပေါင်းစုံက ဝိသမ စီးပွားရှင်တွေပါလာပြီး ခြေရှုပ်စည်ကားခဲ့တာပေါ့။ အခုတော့ မြင်တဲ့အတိုင်းပဲ ငြိမ်းချမ်းရေးရပြီးတဲ့နောက်ပိုင်း တိုင်းမှူးအမိန့်နဲ့ ပိတ်ပစ်ခဲ့တာ ကြာခဲ့ပြီကောလေ...တဲ့။ ဟိုးကုန်းခပ်ပြေပြေမှာ နားကောင်းမူ တပ်။ သြော်ဒီလို နေရာက တပ်မှာ တာဝန်ကျတဲ့ စစ်သည်အရာရှိတွေကို တကယ်ပဲ ကိုယ်ချင်းစာမိပါတယ်။ စစ်သားချင်းအတူ လုပ်ရတာချင်းအတူတူ ရေမီးမပြည့်စုံ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲနဲ့ ဟိုးအဝေးမြေပြန့်က မိဘဆွေမျိုး သားချင်းတွေနဲ့ ဘယ်လိုများဆက်သွယ်နေကြပါသလဲ.....လို့ ။ {43rd က နယ်သား ကိုအောင်အောင် တာဝန် ကျရာတပ်ဖြစ်ပါတယ် }

ကားတွေ ဆက်ထွက်လာတယ်။ လမ်းမှာ မိုးရွာထားတော့ ဗွက်တအားထူပါတယ်။ ဗွက်နစ်ပြီဆိုတာနဲ့ လူတွေ အောက်ကိုဆင်း ကျောက်တုံးတွေမထည့် တုံးတွေခုပ်ထည့်နဲ့ ခရီးမတွင်ပါဘူ။ ကျွန်းစိုက်ခင်းတွေ အများအပြားက ယခင်ကစည်းမဲ့ကမ်းမဲ့ ခုတ်လှဲခံခဲ့ရတဲ့ နေရာတွေကို အစားဖြည့်ဖို့အတွက် အားသစ် ယူနေကြသဖွယ်။ ဒီနေရာ တွေဆိုလည်း ဒါအရင်က ကျွန်း၊ ပျဉ်းကတိုး ၊သစ်မာ တောကြီးတွေပေါ့။ ဒီကောင်တွေကြီးစိုးစဉ် အခါက လုပ်ချင် သလိုလုပ် ခုတ်ထုတ်ရောင်းစားခဲ့လို့ အခုတောင်ကတုန်းတွေဖြစ်ပြီး လမ်းဘေးဘယ်ညာ ဘာပင်မှကြီးကြီးမားမား မရှိတော့တာပေါ့ ဗိုလ်ကြီးရာ..အခုတော့ကိုယ့်ဆီက သစ်တောဌာနက တာဝန်ယူ ထိန်းသိမ်း ထားတာပေါ့။ ဒီဝန်ထမ်းတွေနဲ့ တပ်က လုံခြုံရေးတစ်ဖွဲ့ အမြဲ တွဲပေးထားရတယ်။ သူတို့တွေလည်း အနေအစား ဒုက္ခတွေနဲ့ ပါ မြို့ပေါ်ကနေ ပြောင်းလာရသူတွေပေါ့.....တဲ့။ ညနေစောင်းတော့ ပုံပါကျင် မြို့လေးကို စ ဝင်တယ်။ ဒီနံမည်လေး ကိုလည်း ပုံပါကျင် ဘီပီ-ဝမ်း (Border Point-1) တွဲပြီးကြာဖူးနေခဲ့တာ။ အခုမှကွဲကွဲပြားပြားသိရတော့တယ်။ မြို့ကမြို့သပ်သပ်။ ဘီပီ-ဝမ်းက မိမိဘက်ကနယ်စောင့်တပ်စခန်းနံမည်ကိုး.... ဒီမြို့လေးကလည်း အထက်တန်း ကျောင်း၊ဈေး၊ ဆေးရုံတွေနဲ့ မြို့နယ်ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနဲ့ စနစ်တကျပုံဖော်ထားပါတယ်။ လူမျိုးကအများ စုကတော့ရှမ်း ပါ။ ဗမာကတော့ စီးပွားရှာသူတစ်ချို့နဲ့ဝန်ထမ်းတွေပေါ့။ နေလည်းဝင်မြို့လမ်းမီးတိုင်လေးတွေက မီးချောင်းလေးတွေ မီးလင်းလာပြီဆိုတော့ ဒီမှာပဲ ခေါင်းအုံး(ညအိပ်ရပ်နား) ရပြီလို့တွက်လိုက်တာ။ ဘယ်ရမလဲ တိုင်းက အခုချက်ချင်း ဆက်ထွက်ခိုင်းတယ် ဆိုပြီး ပုံပါကျင်ဗျူဟာက အခုထွက်ပါ...ဆိုတော့လည်းဆက်ထွက်ပေါ့။

မြို့အလွန် ဝ ရွာကြီးတစ်ရွာရောက်တော့ ဗမာစကားတတ်တဲ့ ဝ ဆက်ဆံရေးမှူးဆိုသူ နောက်က M-16 လွယ် ကိုယ်ရံတော်နဲ့ တပ်ရင်းမှူးကိုလာတွေ့ပါတယ်။ သူပြောတဲ့ဗမာစကား နန္ဒအောင်ကတော့ ဘယ်လိုမှကို နား မလည်ဘူးဗျာ။ နောက်တော့ ရှမ်းလိုပြောကြပါရော ။ အခုမှ ကိုယ့် တပ်ရင်းမှူး ရှမ်းစကားကို 2nd language လုပ်ပြောနိုင်ပါလားဆိုတာ တအံ့တသြတွေ့လိုက်ရတယ်။နောက်မှသိရတယ် အဘက အင်းသားကိုး။ အဖွဲ့တွေ ချောင်းဘက်ကို အိုးခွက်တွေ သယ်ပြီး ထမင်းသွားချက်ဖို့ လွှတ်လိုက်တော့မှ ဗျူဟာက ရှေ့က အောင်လောင်းရွာ မှာ ခလရ(--)စောင့်နေတယ် ရောက်အောင်သွား..ဆိုပြီးထပ် မိန့်ပြန်တယ်။ ဟော အဖွဲ့တွေက ထမင်းအိုးပွက် နှပ်လို့ ဟင်းချက်သူကတောင် ချက်နေပြီ...ကားတွေအခုထွက်ဘာညာနဲ့ အထက်ဌာနပီပီ အော်ပါလေရော။ ကဲ ဆရာကြီးဘယ်သူသွား အဖွဲ့တွေပြန်ခေါ်ဆိုတော့။ ဟိုမှာတန်းလန်းတွေဖြစ်ကုန်မှာ ဗိုလ်ကြီး..တဲ့ တန်းလန်းတာ မတန်းလန်းတာထားခဲ့ကွာ အကုန်အခုပြန်လာ သွား ငါပြောခိုင်းတာကွာ..တဲ့ တပ်ရင်းမှူးကလည်း..အင်းလေ ဟုတ်တော့ဟုတ်သား..အဲဒီနေ့ကချက်ပြီးသား ကျက်လုနီးပါးတွေ သွန်ခဲ့ရတာ နှမြောစရာကြီး..ကားထွက်တာနဲ့ မိုးဖွဲဖွဲကလုပ်လာပါရော..မှောင်ကလည်းမှောင် ကား ၆ စီးမှာ တပ်ရင်းမှူး အဖွဲ့ကားကတစ်စီးပဲ မီးရတယ်တဲ့ဗျာ ကဲ အံ့ရော..အဖွဲ့တွေပါသမျှ လက်နှိပ်ဓါတ်မီးတွေ ကားရှေ့ထိုး ကိုယ်တိုင်လည်း လက်ကိုရေစိုခံအပြင်ထုတ်ပြီး ကားသမားကို မီးပြပေးရတော့တယ်..အဲဒီလို ဗမာ့တပ်မတော်ကားများနဲ့ စစ်သားများပါဗျာ..ဒီပုံစံနဲ့ ကရင်ဂွင် ထဲမှာဆိုရင်တော့ မလွယ်ဘူး........လို့ နန္ဒအောင် တစ်ယောက်တော့ သက်ပြင်းတွေအခါခါချလို့...


နေလွမ်းသူ

Read More...