ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Sunday, June 15, 2008

နေရစ်ခဲ့တော့ ဆလပ်သူရေ(၁)….


ကျွှန်တော်တို့ ငယ်ငယ် သမိုင်းဘာသာရပ်ကို သင်ရစဉ်က ပထမကမ္ဘာစစ် ဖြစ်ရသော အကြောင်းရင်း များတွင် ဆလပ် လူမျိုးများ လွတ်မြောက်လာခြင်း ဆိုသော အချက်တစ်ချက် ပါသည်ကို မှတ်မိကြမည်ထင်ပါသည်။ ဆလပ်လူမျိုးများ ဆိုသည်မှာ ယခှ ရုရှ၊ ပိုလန်နှင့် ဟန်ဂေရီလူမျိုးများ အဖြစ် ပြောင်းလဲကုန်ကြပြီ ဖြစ်ပါသည်။ ယခု ကျွှန်တော်သည် ရုရှနိုင်ငံ မော်စကို တွင်နေထိုင်လျှက်ရှိရာ ကျွှန်တော်၏ ဆလပ်သူလေးမှာ မည်သည့်လူမျိုးဆိုသည်ကို ပြောရန်လိုမည် မထင်တော့ ပါ။ မြန်မာမလေး မဟှတ်တာတော့ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလို လုံးဝ နားမလည်သောကြောင့်ပေတည်း။

သူမနှင့် စတင်ဆုံတွေ့ခဲ့ရသည်က လုံးဝကဗျာမဆန်ပါ။ ကျွှန်တော်သည် ကျောင်းသား တစ်ယောက်ဖြစ်သလို သူမ သည်လည်းကျောင်းသူတစ်ယောက်ပင်ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသား အချင်းချင်း တွေ့ဆုံရင်းနှီးသွားကြရန် အတွက် စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းလေးတွေ ကျွှန်တော် ကြားဖူးပါသည်။ ကော်ရစ်တာ အကွေ့တွင် တစ် ယောက်နှင့် တစ်ယောက်ဝင်တိုက်မိ၊ ကောင်မလေးလက်ထဲက စာအုပ်တွေလွတ်ကျ၊ ကောင်လေးက ကူညီပြီးကောက်ပေး၊ စာအုပ်တစ်အုပ်က ကျန်ခဲ့၊ နောက်နေ့မှာ ကောင်လေးက ကောင်မလေးကိုတွေ့အောင်ရှာပြီးလိုက်ပေး၊ ကောင်မလေးက ကျေးဇူးတွေတင်၊ ခင်မင်ရင်းနှီးသွားကြ၊ နောက်တော့ ဇာတ်လမ်းလေးတွေဖြစ်ကြ စသောလွမ်းမောရင်ခုန်စရာ ဇာတ်လမ်း လည်းမဟုတ်။ ကောင်လေးက ကျောင်းလစ်၊ ပြီးတော့မှ ကောင်မလေးဆီကနေlecture စာအုပ်သွားငှား၊ စာအုပ်ထဲတွင် ကောင်မလေးကို သူဘယ်လောက်ချစ်ကြောင်း မြတ်နိုးကြောင်းတွေရေးပြီးပြန်ပေး၊ ကောင်မလေးက ဆရာကိုသွားတိုင်၊ ကောင်လေးအဆူခံရ၊ အပြစ်ပေးခံရ၊ ကောင်မလေးက သနားသွား၊ နောက်တော့ ခင်သွားကြ ဇာတ်လမ်းလေးတွေဖြစ်ကြ စသော ပျော်စရာဇာတ်လမ်းလည်း မဟုတ်။ ကဲ ဒါဆို ဘယ်လိုဇာတ်လမ်းလဲ။ ပြောပြပါမည်။

ဒီဇင်ဘာလ၏ နှင်းတဖွေးဖွေးကျနေသော နေ့တစ်နေ့တွင် ဈေးဝယ်ရန် ကျောင်းနှင့် မနီးမဝေးရှိ super market သို့ ကျွှန်တော်ထွက်လာခဲ့ ပါသည်။ မ၀ယ်လို့ကလည်း မဖြစ်တော့။ အဆောင်က အခန်းထဲမှာ စားစရာက ဘာမှမရှိ။ ရေခဲ သတÅာကလည်း အခွံဖြစ်နေပြီ။ တစ်ယောက်ယောက်ကများ အထင်ကြီးပြီး လာဖွင့်ကြည့်ရင်တောင် ရှက်စရာ တော်တော် ကောင်းနေပြီ။ စာသင်ချိန်ပြီးမှ ထွက်လာခဲ့ရသဖြင့် ဗိုက်ကလည်း တကြုပ်ကြုပ် ဆာနေသည်။ ဈေးဝယ်ပြီးမှ တခုခုစားတော့ မည်ဟု ဆုံးဖြတ်ကာ စီးကရက်တစ်လိပ်ကိုဖွာရင်း ခပ်သွက်ခပ်သွက် လျှောက်လာခဲ့ပါသည်။ ဟင်းချက်စရာနှင့် တခြားလို တာလေးတွေဝယ်ပြီးနောက် တလက်စတည်း ပေါင်မုန့်တန်းဘက်သို့ သွားကာ အမြန်စားနိုင်မည့် မုန့် တစ်ဗူးနှင့် ice tea တစ်ဗူးယူလိုက်ပြီးနောက် အပြင်ဘက်သို့ ထွက်လာခဲ့ သည်။ လမ်းမပေါ်မှာတော့ နှင်းများက သည်းထန်စွာကျလျှက်ရှိပြီး မှောင်ပြပြ ဖြစ်နေပါသည်။ ဗိုက်ဆာတာ ဘယ်လိုမှ အောင့်အည်းသည်းခံ မရတော့သဖြင့် ဆိုင်အထွက်က ဆေးလိပ် သောက်သည့်နေရာမှာတင် ၀ယ်လာသည့် ပေါင်မှန့်ဗူးကိုဖွင့်ပြီး ပေါင်မုန့်တစ်ခုကို ice tea နှင့် ဗိုက်ထဲ အမြန်မျောချလိုက် မိပါသည်။ နောက်ထပ်ပေါင်မုန့်တစ်ခုကို ယူလိုက်ရင်း လမ်းဘက်ကို လှမ်းကြည့်လိုက်မိရာ ကျွှန်တော့်ကို စူးစိုက်ကြည့်နေ သည့် မျက်ဝန်းပြာပြာတစ်စုံနှင့် ရင်ဆိုင်လိုက်ရပါသည်။ ခြေစုံရပ်ပြီး စူးစူးစိုက်စိုက်ကို ကြည့်နေပါလေသော မချောလေး တစ်ယောက်။ ငါဗိုက်ဆာဆာနဲ့ ပေါင်မုန့် ကို ပလုပ်ပလောင်းစားတာကိုများစိုက်ကြည့်နေတာလားဟု တွေးလိုက်မိပြီး အရှက်တရားက ငယ်ထိပ်ကိုတက်ဆောင့်သွား၏။ သေသေချာချာပြန်ကြည့်လိုက်တော့ ကောင်မလေးမျက်နှာမှာ လှောင် ပြောင်သရော်ဟန်မတွေ့ရ။ တော်ပါသေးရဲ့ လို့တွေးလိုက်မိပြီး ကျန်တဲ့ပေါင်မှန့်တစ်ခုကိုစိမ်ပြေနပြေ၀ါးရင်း ကောင်မလေးကို နောက်တစ်ခေါက် အကဲခပ်လိုက်မိသည်။

နှင်းမှုန်မှုန်ကြားက ပန်းချီကားလေးတစ်ချပ်ပါလားဟု တွေးမိပြီး ပြုံးလိုက်မိပါသည်။ ၀တ်ထားတာကတော့ ရုရှရဲ့ နာမည်ကြီးတံဆိပ်ဖြစ်သော addidas ကိုယ်ကျပ်ဂျာကင်နှင့် ဂျင်းဘောင်းဘီအပြာနုနု။ လည်ပင်းမှာ သိုးမွေးတဘက်အဖြူ ရောင်သေးသေးလေးပတ်လို့။ဖြူနုနုလက်ကလေးနှစ်ဘက်ကို ရှေ့မှာစုပြီးကိုင်ထားပုံက တခုခုကိုတောင်းဆိုနေသလိုလို။ ကျောလယ် မရှိတရှိ ရွှေရောင်ဆံနွယ်တွေက ခေါင်းပေါ်မှာဘာမှဆောင်းမထားလို့ နှင်းမှုန်လေးတွေသီးပြီး ဟိုဘက်ဒီဘက် ခေါင်းလှည့်လိုက်တိုင်း ဖွာကနဲ ဖွာကနဲ။ မျက်နှာလေးက လေးထောင့်မကျတကျနှင့် နှုတ်ခမ်းထူထူလေးတွေက ဘာမှဆိုးမ ထားဘဲနဲ့ကို နီရဲနေသည်။ သူတို့လူမျိုးက ယောက်ျားလေးရော မိန်းကလေးပါ နှုတ်ခမ်းရဲကြသော လူမျိုးမို့ မဆန်းလှသော် လည်း သူမ၏မျက်နှာလေးနှင့်တော့ လိုက်ဖက်လွန်းလှပါသည်။ နှုတ်ခမ်းလေးတွေမပွင့်တပွင့်နှင့် တစ်ခုခုကို ငံ့လင့်နေဟန် ရှိသည်။ ဒီလောက်လှတဲ့ ကောင်မလေးက ကျွှန်တော့်ကို ဘာ့ကြောင့် ဒီလောက်စိုက်ကြည့်နေပါလိမ့်လို့တွေးရင်း ပေါင်မုန့် နှင့် ice tea ကိုလက်စသတ်လိုက်ပြီး ကျောပိုးအိတ်ကိုကောက်လွယ်လိုက်သည်။ ကောင်မလေးမျက်နှာလက်ခနဲဖြစ်သွား သည်ကိုတွေ့လိုက်ရသည်။အင်း တစ်ခုခုတော့ တစ်ခုခုပဲဟုတွေးမိရင်း စထွက်ရန်ခြေလှမ်းပြင်လိုက်သည်နှင့် ... " ဒီမှာရှင့် ဒီမှာ တဆိတ်လောက်…."
…..ဆက်ရန်….
ကိုဥာဏ်(စက်မှု)

0 comments: