ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Thursday, June 12, 2008

ဝေဒနာအပိုင်းအစလေးများ-၆

ပန်းတင်တောင်စခန်း။
ညီလေး ဆီနီဂေါ(47th)နဲ့ ၄ ယောက် ရန်သူ့ဆွဲမိုင်းနဲ့ မရှုမလှ ကျခဲ့ရတဲ့ ၂၀၀၄ ဒီဇင်ဘာ-၂၃ အပြီး ၂ ပါတ် အကြာမှာ အဲဒီစခန်းကို ရွှေ့ပါဆိုတာနဲ့ နန္ဒအောင်တို့ ရောက်ရပြန်တယ်။ ကပ္ပါယ်စခန်း အထက် ၆ ထပ်ကွေ့ အလွန်က လမ်းဘေးကုန်း စခန်းတစ်ခုပေါ့။ အရင်က တပခ တပ်တွေ လမ်းကင်းယူတဲ့အခါလောက်ပဲ လာထိုင် နေရာယူကြတာ။ အခုစွန့်ထားတာကြာပေါ့။ စီနီယာတပ်ခွဲဖြစ်တဲ့ ကိုတိုးကြီး "ဗကမြင့်ကျော်တိုး” တို့က နောက်က ကုန်းမှာ ကျန်ခဲ့တော့ စစ်ကြောင်း-၂ မှူး အဖွဲ့တွေနဲ့ မိမိတပ်ခွဲပေါ့။

ရောက်တာနဲ့ ညီလေး တပည့်တွေကို သေချာရှင်ခိုင်း နေရာကုန်ရှင်းတာကို မင်းလိုက်ကြည့် ပြီးမှကျန်တဲ့သူနေရာချပေးကွာ...ဆိုတာနဲ့ BE ဒုတပ်ကြပ် (ဒါက တပ်မတော်အင်ဂျင်နီယာတပ်ခွဲကနေ မိုင်းအတွက်တွဲဖက်ပေးထားတဲ့ စစ်သည်ပါ စစ်လက်ရုံးကွဲပေမယ့် ဒီရှေ့တန်းမှာတော့ သူလည်းကိုယ့်တပ်လူဖြစ်နေတာပေါ့။)ရယ်စိတ်ချရတဲ့ဆရာကြီးအချို့နဲ့ဆရာတစ်ချို့ကိုခေါ်သေချာ မှာလိုက်တယ်။ ကိုယ်စီ မိုင်းရှာကိရိယာလေးတွေနဲ့ ပေါ့။ မထူးပါဘူး ကိုယ်ပါလိုက်ကြည့်ကြပ်ရမယ့် အတူတူ တပည့်တစ်ယောက် ဆီက ဆွဲယူပြီး အတူတူတက်လာခဲ့တယ်။

မိုင်းရှာကိရိယာ ဆိုလို့ BE တာဝန်ကတော့ သူ့ စက်ကြီးပါတာပဲရှိတာ ဘတ္ထရီမရှိတော့ ဘယ်မိုင်းကိုသူက အသံ ပေးအော်မြည်နိုင်တော့မလဲ။ ဒီတော့ အထက်မှာပြောခဲ့တဲ့ကိရိယာနဲ့ပဲပေါ့။ ခက်ရင်းခွပုံသံချွန်စူး ဘေးမှာအဲဒီလို အချွန်လေးတွေကို ကောက်ဆွပုံထပ်ကော်ထားပြီး ၅-ပေ၊၆-ပေလောက် ဝါးလုံးသေးမာမာမှာတပ်ထားတာပါ။ မြေသားခပ်ပွပွနဲ့ မူလအနေထားပျက်ယွင်းနေတယ်လို့ သံသယရှိတဲ့ မြေပြင်ကို ၄၅ံ ရှပ်ထိုးပြီးရင် ချိတ်ကောက် လေးတွေနဲ့နောက်ပြန်ဆွဲယူကြည့်ပေါ့။ သဘောကတော့ မိုင်းကြိုးဝါယာစမြေထဲမှာရှိနေခဲ့ရင်ငြိပြီးပါလာအောင် လို့ပါ။ မိုင်းရှာစက် ဆိုလို့ သူက မိုင်းတွေရဲ့ သတ္ထုကိုယ်ထည်အပူကိုစမ်းပြီး အသံမြည်အချက်ပြစနစ်နဲ့ပါ။ သို့ပေမယ့်က ဒီကရင်ပြည်နယ်တစ်လွှားက ပုလင်းတို့ ဝါးဆစ်ဗူးတို့ကို ယမ်းထည့် တစ်ဖက်က ဓါတ်ခဲအိမ်နဲ့ ဆက်သွယ်လို့ လူနင်းမယ့်နေရာမှာ လျှပ်စီးကြိုးစ အဖိုအမသံပြားလေး ၂ ခုကိုဟပေးပြီး နင်းတာနဲ့ အစပြား ၂ခု ထိမိပြီး ပေါက်ကွဲအောင်လုပ်ထားတာပါ။ ဒီလိုလက်ဖြစ် ဒေသန္တရမိုင်းကို ခေတ်မီ သတ္ထုကိုယ်ထည် မိုင်းရှာ ကိရိယာရဲ့ sensor က ဘယ်လိုလုပ်ပြီး အတိအကျဖော်ပြပါတော့မလဲနော်။

စခန်း တစ်ခုလုံး clear ပါလို့သတင်းပို့ပြီးတာနဲ့နေရာချကြပေါ့။ တစ်ဖက်မှာထိစပ်နေတဲ့ တောင်ကုန်းထိပ်ပိုင်း ကနေရေစီးတစ်ခုကို ဝါးပိုးဝါးထွင်းရေသရောက်ထိုးခံထားတော့ စခန်းထဲမှာပဲ ရေကအဆက်မပျက် ၂၄ နာရီ။ စခန်းဝန်းကျင်မှာ မြောက်ဥပင်တွေပေါတော့ နေ့လည်စာထမင်းက မျောက်ဥဟင်းလှိုင်လှိုင်နဲ့ ကုလားပဲပိုးထိုး နဲနဲ ငှက်ပျောဖူးဖက်လေးတွေလှီးထည့်ထားတဲ့ဟင်းချိုလေးရယ်၊ ငြုပ်သီးခြောက်မှိုနဲ့သင်းလှော်လေးနဲ့ အိုး အလွန်မြိန်ကြသဗျာ။ မျောက်ဥ ဆိုတာမြေကြီးထဲကို ၃-၄ ပေတူးရတဲ့ အရောင်ကအာလူးသီးနဲ့ဆင်တယ် မာကျောမှုလဲအတူတူပဲ အရသာကပိန်းဥပြုတ်နဲ့ တူတယ်ဗျာ။ ဒါဆိုစာဖတ်သူ မြင်ယောင်ပြီနော်။ တပည့်တွေက လျှိုထဲဆင်းပြီး ငှက်ပျေဖူးခိုင်တွေခုပ်လာကြ အတွင်းသားနုနုကိုပါးပါးလှီးပြီး ဝါးဆစ်ဗူးပိတ်မှာ အချဉ်သိပ်တာ။ နောက်ရက်ဆို စားလို့ရပြီ ချက်စရာမလိုဘူးဒီတိုင်းထုတ်စားရုံပဲ။ ဝါးတွေခုပ် စည်းရိုးတွေထပ်ပြင်။ တစ်ချို့ကို သေနက်တိုက်ခိုင်းရတယ်။ နှင်းငွေ့ရေငွေ့ မြေငွေ့တွေထိပြီး ပြောင်းဝမှာ ယမ်းချေး(ဂျီး)တက်ပြီလေ။ စားလို့ ကောင်းကောင်းနဲ့ ညကျအိပ်တာပေါ့။ အိုး အေးလိုက်တာများ ခိုက်ခိုက်ကိုတုန်လို့ စိမ့်ပြီးတက်လာတာ။ တဲထဲကို ဝင်တဲ့လေပေါက်မှန်သမျှ ဝါးဖတ်ပြားတွေနဲ့ကာ မိုးကာစနဲ့ပိတ်ပြီးအိပ်တာကို မရပါဘူးဗျာ...အင်း ငါတောင် တဲထဲမှာ ဒီလောက်အေးနေတာ အပြင်ကကင်းသမားတွေ... ထွက်ပြီးလိုက်ကြည့်တယ် မြေခင်းလေးချခင်းပြီး စောင်စိမ်းအနွမ်းလေးတွေ သီးသီးခြုံလို့ လက်ထဲကသေနက်တွေဆို အေးခဲနေတာပါပဲလား............... နေလွမ်းသူ

0 comments: