ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Tuesday, June 17, 2008

မြေထိုးစက် တစ်စင်း၏ တန်ဖိုး ဘယ်လောက်လဲ


“ စက်တန်ဖိုး အမေရိကန်ဒေါ်လာ(……) ” ဟူသော စာတန်းကို ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော မြေထိုး မြေကော်စက်များ တွင် လည်းကောင်း၊ မြေသယ်ယာဉ်ကြီးများတွင် လည်းကောင်း ရေးထားသည် ကို တွေ့ဖူးကြပါလိမ့််မည်။ အဆိုပါ စက်ကြီးများ၏ တန်ဖိုးသည် က်ျမျှသာလော။ ပြင်ပ လုပ်ငန်းခွင်တွင် အသုံးပြု ကြသူများ အတွက် မှန်ပါလိမ့်မည်။ စစ်မြေပြင်အင်ဂျင်နီယာ စစ်သည်များအတွက်တော့ အဆိုပါ စက်ကြီးတစ်စီး၏ တန်ဖိုးသည်……………

ကျွန်တော်တို့ တစ်တွေ အမိကျောင်းတော်ကြီးတွင် ( ၅ ) နှစ်တာ ပညာရည်နို့သောက်စို့ ပြီးနောက် ကျောင်းသားဘ၀ ကုန်ဆုံးရ်ျ လုပ်ငန်းခွင်သို့ ၀င်ကြရသော အခါ လက်ရုံးတပ် အသီးသီးသို့ တာဝန်ချထားခြင်း ခံကြရသည်။ တစ်ချို့က စက်မှုလက်မှုတပ်( EME )၊ တစ်ချို့က ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်( DI )၊ တစ်ချို့က စစ်လက်နက်ပစ္စည်းတပ်( COD )၊ တစ်ချို့က ဆောက်လုပ်ရေးတပ် GE ( သနားစရာ အကောင်းဆုံး…..) ၊ တစ်ချို့က စစ်မြေပြင်အင်ဂျင်နီယာတပ်( BE )….စသည် စသည်ဖြင့်…။ ဒီအထဲကမှ ကျွန်တော်နှင့် မေဂျာတူ သူငယ်ချင်း ဇေယျက စစ်မြေပြင်အင်ဂျင်နီယာတပ်။ သူတို့တပ်ရဲ့ တာဝန်က ယခင် ဗကပတို့ ခေတ်ကောင်းစဉ်ကတော့ ရိုးမတစ်ကြောကို မိုင်းထောင် မိုင်းရှင်း၊ ယခုတော့ ဗကပ ကျဆုံးသွားပြီး ကရင်တို့ မိုင်းလက်သံပြောင်လာတော့ ခြေလျင် စစ်ကြောင်းများ အတွက် မိုင်းရှင်း၊ မိုင်းကာဗာပေါ့။ ပျံကျ မိုင်းကွင်းတွေ၊ စနစ်တကျ မိုင်းကွင်းတွေ၊ သမားရိုးကျ မိုင်းကွင်းတွေ စသည်ဖြင့် နိုင်ငံတကာ အဆင့်မှီ ထောင်ထားခဲ့သော ဗကပ မိုင်းကွင်းတွေကို ထူးချွန်ပြောင်မြောက်စွာ ရှင်းလင်း နိုင်ခဲ့သော ၀ါရင့် စစ်မြေပြင် အင်ဂျင်နီယာ စစ်သည်ကြီးတွေ ကရင်ငပွေး၏ ၀ါးဆစ်မိုင်း၊ လက်လုပ်မိုင်းများကြောင့် တိုတစ်၊ ရှည်တစ် ဖြစ်ကုန်ကြရသော အခါသမယတွင် ဗိုလ်ဇေယျတို့ ကျောင်းဆင်းပြီး တပ်ကို ရောက်လာသည်။

တပ်ရောက်ပြီး အရာရှိငယ်ဘ၀ ဖြင့် ယောင်ခြောက်ဆယ် လုပ်နေချိန်ဝယ် ကရင်တို့ဌာနေ ဖာပွန်ဘက် ခြမ်းတွင် စစ်မြေပြင် ဗျူဟာလမ်းဖောက်ရန် မြေထိုးစက်တစ်စီး၊ စစ်သည် တပ်စိတ် တစ်စိတ်ဖြင့် တာဝန်ပေးခြင်း ခံရသည်။ လမ်းဖောက်ရမည်က ရန်သူ့နယ်မြေ၊ မိုင်းပညာရှင် ပရော်ဖက်ဆာတို့ဒေသဆိုတော့ တပ်မှုးကလည်း အထပ်ထပ်မှာသည်…မိုင်းကို ဂရုစိုက်၊ မြေထိုးစက်မိုင်းမထိစေနှင့်၊ မကြာမီရောက်လာတော့မည့် ဒန်ပိန်ကာလ (ရိက္ခာစုပုံသောကာလ) အမှီ ဗျူဟာလမ်း အပြီးဖောက်နိုင်အောင် ကြိုးစား…စသည် စသည်ဖြင့်။ ရှေ့တန်းဗျူဟာ ကလည်း လမ်းဖောက်အဖွဲ့ လုံခြုံရေး အတွက် ခြေလျင်တပ်စု တစ်စုကို ထည့်ပေးသည်။ ဒါပေမယ့် သိတဲ့ အတိုင်း ကျောင်းဆင်းကာစ အရာရှိငယ် တစ်ဦးအနေဖြင့် စစ်မြေပြင် အတွေ့အကြုံက သုည၊ အတွေ့အကြုံက ဇီးရိုးဆိုတော့ အေးဆေး၊ ကြောက်ရမှန်း လန့်ရမှန်း မသိသေး။ လုံခြုံရေး ယူပေးထားသော ခြေလျင်တပ်က အရာရှိကတော့ သတိပေးသည်..“သူငယ်ချင်း..မိုင်းတော့ ဂရုစိုက်ဗျ..ခြုံခိုတာတွေ၊ ရင်ဆိုင်တိုက်တာတွေတော့ တို့က ကာကွယ်ပေးမယ်၊ မိုင်းကတော့ တို့လည်း မကယ်နိုင်ဘူးဗျ”..။ ဒါပေမယ့် သိပ်တော့ မပူမိ၊ ခပ်အေးအေးပဲ ကာဘိုင်တစ်လက်ကို လွယ်ရင်း မြေထိုးစက် ဘေးနားကနေ လမ်းလျှောက်ရင်း တရွေ့ရွေ့ဖြင့် လမ်းဖောက် လာခဲ့ သည်။ အခုထိတော့ ဘာမှ မဖြစ်သေး။

နောက် နှစ်ရက်လောက်ဆို သတ်မှတ်ထားသော လမ်းကြော ပြီးတော့မည်။ ဒီလမ်းပြီးလို့ တပ်ကို ပြန်ရောက်ရင်တော့ တပ်မှူးကို ခွင့်တောင်းပြီး အမေ့ဆီ ခဏပြန်ဦးမှပဲ၊ ညီမလေး ဘွဲ့ယူဖို့ကလည်း နီးလာပြီ၊ သူဘွဲ့ယူပြီးရင် တို့မောင်နှမနှစ်ယောက် ဘွဲ့ ၀တ်စုံကိုယ်စီနဲ့ အဖေ အမေ ဘေးမှာထားပြီး ဓာတ်ပုံရိုက်ရဦးမယ် စသည်ဖြင့် စိတ်ကူးတွေ ယဉ်ရင်း မှ တစ်ဖြည်းဖြည်း လမ်းလျှောက် လာခဲ့စဉ်…. ဟာ ဒါ…ဘာပါလိမ့်.. ဆိုပြီး လမ်းကြောဘေးနားက သစ်ပင်မှာအမှတ်အသားလိုလို ဟာလေးကို အမှတ်တမဲ့ တွေ့မိသဖြင့် အတူပါလာသော ခြေလျင်တပ်က အရာရှိကို ပြမိသည်။ “ ဟာ.. ဒါ မိုင်းထောင်ထားတဲ့ အမှတ်အသားပဲ ဒီကောင်တွေ သူတို့ အချင်းချင်း သိအောင် နေရာပြထားတာ..ဒီနားတ၀ိုက်ကို လမ်းဖောက်ဖို့ လမ်းကြောရှင်းကြတုန်းက ဒီကောင်တွေသိသွားပြီး ထောင်ထားတာနေမှာ..” ဟုဆိုသဖြင့် မိုင်းရှာဖို့ အတူပါလာသည့်ဆရာကြီးကို အမိန့်ပေးလိုက်ပြီး လှည့်ကြည့်လိုက်တော့ မြေထိုးစက်က ရှေ့ခပ်လှမ်းလှမ်းကို ရောက်နေပြီ။ ရိက္ခာစုပုံချိန် အမှီလမ်းဖောက်ဖို့ အတွက် ဒီမြေထိုးစက် မိုင်းထိလို့ မဖြစ်ဟူသော စိတ်ဖြင့် “ ရှေ့ဆက်မသွားနဲ့ ၊ မိုင်း.. မိုင်း ” ဟု လှမ်းအော်သော်လည်း ဆူညံနေသည့် စက်သံကြောင့် စက်သမားက မကြားပဲ ဆက်ထိုးနေသည်ကို တွေ့လိုက်ရသည်။

မြေထိုးစက် မိုင်းနင်းမိသော် ဟူသော စိုးရိမ်စိတ်ဖြင့် ဘေးနားက ဆရာကြီးတွေ သတိပေးသည်ကို မကြားတော့ပဲ စက်သမားကို ရပ်ခိုင်းရန် ဗိုလ်ဇေယျ ပြေးထွက်သွားသည်။ စက်ကြီးဘေးနားကို ရောက်သည်နှင့် ဘေးက ချိန်းကြိုး ဘားတန်းပေါ်တက်ပြီး စက်သမားကို အော်ပြောနေစဉ် “… ဂျိမ်း ..” ဟူသော ကြောက်မက်ဖွယ် အသံကြီးကို ကြားလိုက်ရပြီး မြေထိုးစက်က တစ်ဖက်သို့ စောင်းကျသွားသည်။ ချိန်းကြိုးက မိုင်းကို တည့်တည့်မနင်းမိပဲ ဒီတိုနေတာ ကိုသာ တိုက်မိသွားဟန်တူသည်။ ချိန်းပြတ်ထွက်မသွား။ မြေထိုးစက် ဘာမှ မဖြစ်။ သို့သော် မိုင်းစတွေက အရှိန်ပြင်းပြင်းဖြင့် ဗိုလ်ဇေယျ ၀မ်းဗိုက်တည့်တည့်သို့ ပြေးဝင်သွားပြီး စက်ကြီး ၏ ဘေးသို့ ဒလိမ့်ကောက်ကွေး လိမ့်ကျသွားတော့သည်။

သြော်… အခုတော့ အဖြစ်အပျက်တွေက တစ်နှစ်တောင် ကျော်ခဲ့ပြီ။ အပတ်စဉ်တူ သူငယ်ချင်းတွေတောင် ဗိုလ်ဘ၀ မှ ဗိုလ်ကြီးတွေ ဖြစ်လာခဲ့ကြပြီ။ ကရင်ဒေသ က ဗျူဟာလမ်းဘေး တောကြီး မျက်မည်း ထဲမှာ မိုင်းဒဏ်ရာဖြင့် ကျဆုံးသွားခဲ့ရှာလေသော သူငယ်ချင်း ဗိုလ်ဇေယျမှာတော့………

တစ်ခါတစ်ရံ လမ်းသွားရင်း၊ ခရီးသွားရင်း အမှတ်မထင် တွေ့ရသော မြေထိုး၊မြေသယ်စက်ကြီးများတွင် စက်တန်ဖိုး အမေရိကန်ဒေါ်လာ(……) ဟူသော စာတမ်းများကို မြင်ရတိုင်း ရန်သူ့နယ်မြေတွင် မြေထိုးစက်တစ်စင်းအတွက် အသက်ပေးသွားခဲ့ရသော သူငယ်ချင်း ဗိုလ်ဇေယျ၏ မျက်နှာကိုသာ ပြေးရ်ျ မြင်ယောင်မိပါတော့သည်..မြေထိုးစက် တစ်စင်းရဲ့ တန်ဖိုး ဘယ်လောက်လဲ သူငယ်ချင်းရယ်

( ကရင်ပြည်နယ်တစ်နေရာတွင် လမ်းဖောက်ရင်းမှ မိုင်းထိကျဆုံးသွားရှာသော သူငယ်ချင်း ကျော်ဇေယျ အတွက် အမှတ်တရ.. ) ကိုဥာဏ်(စက်မှု)

0 comments: