ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, September 26, 2008

ချယ်ရီတောသို့ လွမ်းချင်း တစ်ပုဒ်

“ နောင်တော်ကြီးများ ခင်ဗျား .. မနက်မိုးသောက် အလင်းရောက်ပါက တိုင်းခန်း လှည့်လည်ကြမည်လော၊ သမားတော်ကြီးနှင့် တွေ့ကြမည်လော၊ မကျေညက်သေးသော စစ်ရေးပြ သင်ခန်းစာများကို လေ့လာ ဆည်းပူးကြမည်လော ” ဟူသော အသံနှင့်အတူ အခန်းတွင်းသို့ ၀င်လာသော ပထမနှစ် ညီငယ်ဗိုလ်လောင်း တစ်ဦးအား တွေ့လိုက်ရသဖြင့် စနေနေ့ ညဦးပိုင်းအချိန် အခန်းတစ်ခုအတွင်း လေးငါးယောက်စုလျှက် ကော်ဖီသောက်ရင်း တော်ကီပွားနေကြသော ကျွန်တော်တို့ နောက်ဆုံးနှစ် ဗိုလ်လောင်းများ ရုတ်တရက် အသံတိတ်သွား ကြလေသည်။ ညီငယ်ဗိုလ်လောင်းကား ခပ်တည်တည်ပင်။ စာရွက်တစ်ရွက်နှင့် ဘောလ်ပင် တစ်ချောင်းကို လက်တွင်ကိုင်လျှက်မှ ကျွန်တော်တို့၏ အဖြေစကားကို စောင့်နေလေသည်။ သို့သော် စိတ်ထဲတွင်မတော့ ကျလိကျလိဖြင့် ရယ်ချင်နေပေလိမ့်မည်။ သူ့ခမျာ စီနီယာများရှေ့တွင် ရယ်ကျဲကျဲ မလုပ်ရဲသောကြောင့် လျှာကိုကိုက်လျှက် အတင်း ပါးစပ်စေ့ထားသည်ကို တွေ့ရလေသည်။

“ ဟ .. ကောင်လေး .. မင်းကို အဲဒီလို ဘယ်သူ ပြောခိုင်းလိုက်တာတုန်း ” ဟု မေးလိုက်ရာ “ နောက်ဆုံးနှစ်က ကိုရဲကြီး ပြောခိုင်းလိုက်တာပါ ” ဟု အဆိုပါ ပထမနှစ်ဗိုလ်လောင်းက ခပ်တည်တည် ပြန်ဖြေလေသည်။ အမှန်တကယ် မေးရမည်မှာ “ မနက်ဖြန်မနက် ( outpass ) တပ်ပြင်ထွက်မှာလား၊ ဆေးခန်းလိုက်မှာလား၊ အပိုစစ်ရေးပြဒဏ် ( CAD ) ဆွဲမှာလား ” ဟူရ်ျ ဖြစ်သော်လည်း ထိုကဲ့သို့ စီနီယာ လူနောက်များနှင့် တွေ့ပါက ပထမနှစ်ဗိုလ်လောင်းမှာ ပျားတုပ်လေတော့သည်။ မပြောဘဲလည်း မနေရဲသဖြင့် ရှေ့မျက်နှာနောက်ထားကာ ပါးစပ်ကို အနိုင်နိုင်စေ့လျှက် ပြောရလေတော့သည်။ တော်တော် အစအနောက်သန်သော စီနီယာများပင်တည်း။ ကျွန်တော်တို့ စကားဝိုင်းမှ မျိုးကြီးကလည်း “ အေး .. ဟိုဘက်ခန်းက ကိုကျော်စိုးကို မေးရင် ဘုန်းကြီးကျောင်း သို့သွားကာ တရားဘာဝနာ အားထုတ်မည်လော လို့ပါ ထည့်မေးနော် ” ဟု ခပ်တည်တည်ဖြင့် ထပ်ကြပ်လွှတ်လိုက် ချေသေး၏။ မကြာမီပင် အမြဲတမ်း တရားနာ ပုတီးစိတ်လေ့ရှိသူ ကျော်စိုး၏ အခန်းဘက်ဆီမှ “ ဘယ်ကောင်တွေ မဟုတ်ကဟုတ်က သင်ပေးလိုက်တာလဲ၊ ငါ့ဘာသာ ပုတီးစိတ်နေတာကို အာရုံပျက်အောင် လာလုပ်နေတာလား၊ အေး … တောထွက်မယ်လို့ပါ ထည့်ရေးလိုက်ဟေ့ ” ဟူသော အသံနက်ကြီးကို ကြားလိုက်ရလေသတည်း။

ကျွန်တော်တို့ကား တဟားဟားဖြင့် ရယ်ကြရပေတော့သည်။ စာရင်းလာကောက်သော ပထမနှစ်ဗိုလ်လောင်း လည်း သူတို့ပထမနှစ်ဟော အတွင်းပြန်ရောက်ပါက ထိုအကြောင်းများပြောကာ ရယ်မောနေပေလိမ့်မည်။ ကျွန်တော်တို့၏ ချယ်ရီတော အမိတက္ကသိုလ်တွင် ရန်ကုန်က ကံ့ကော်တောတက္ကသိုလ်၊ မန္တလေးက စိန်ပန်းတောတက္ကသိုလ်များမှာကဲ့သို့ ပျော်စရာများ များများစားစား မရှိဘဲ ရှားပါးလွန်းလှသည် ဖြစ်ရာ ဤသို့ဤပုံ ကြံဖန်ပျော်ရွှင်ကြရ လေသည်။ ပျော်ကြရပုံခြင်း ကွာခြားချင် ကွာခြားမည် ဖြစ်သော်လည်း သူ့နေရာနှင့်သူတော့ ပျော်စရာဟူသည် ရှိစမြဲပင် ဖြစ်ပေသည်။ နေရာတကာ ဟာသ လုပ်လျှက် ပျော်ပျော်နေတတ်သော အချို့ စီနီယာဗိုလ်လောင်းများ၊ အမြဲတမ်း ဂယောင်ဖတ်လျှက် ( ဗိုလ်လောင်းတပ်ရင်း စကားဖြစ်ပါသည်။ ပြန်ရှင်းမပြတတ်ပါ ) တလွဲလုပ်လေ့ ရှိသည့် အချို့သောဂျူနီယာ ဗိုလ်လောင်းများ၊ ကို့ရိုးကားယား လုပ်လေ့ရှိသူ အရာရှိများ စသည်ဖြင့် မြင်အောင် ကြည့်တတ်သူများအဖို့ ပါးစပ်ပင် မပိတ်နိုင်အောင် ရယ်မောစရာများ ပေါများလှပါသည်။

ဥပမာအားဖြင့် ကျွန်တော်တို့ တပ်ခွဲမှ သက်ဝင်း ကိုပဲကြည့်။ အမြဲတမ်း သီချင်းလေး တအေးအေး၊ ခေါင်းလေး တညိမ့်ညိမ့်ဖြင့် နေတတ်သူ။ မည်သည့် ဂျူနီယာကိုမျှ အပြစ်ပေးဖူးခြင်း မရှိ။ တခုခုအပြစ်တွေ့ပြီး သူစိတ်တိုရ်ျ ခေါ်ယူကြိမ်းမောင်းလျှင် ဂျူနီယာတို့ အလွန်ပျော်၏။ အဘယ့်ကြောင့် ဆိုသော် သူဆူပူသမျှမှာ ရယ်စရာတွေချည်း ဖြစ်နေလို့ပင်တည်း။ “ ငါ့ဘာသာ ကော်ရစ်တာမှာ လမ်းလျှောက်နေတာကို မင်းက ဘာလို့ အတင်း ၀င်တိုက်သွားတာလဲကွ ” ၊ “ မမြင်လို့ပါ ”၊ “ ဘာကွ .. မီးရောင် တထိန်ထိန်ကြီးမှာတောင် ငါ့ကို မမြင်ရဘူးဆိုတော့ ငါ့အသားအရေက ဒီလောက်တောင်မည်းနေလို့လား ”၊ “ မဟုတ် .. နည်းနည်းမှောင် ”၊ “ အာ … မှောင်တာနဲ့ မည်းတာ ဘာထူးသေးလို့တုန်း လဒရဲ့၊ ကျန်တာအကုန် သည်းခံပေးလို့ရတယ် .. ရူပါပိုင်း ဆိုင်ရာကိုတော့ မထိခိုက်နဲ့ .. ကြားလား .. သွားတော့ ” ဟူသတည်း။ တစ်ခါတစ်ရံ ဂျူနီယာဗိုလ်လောင်း တစ်ဦးဦးကို သူဆူပူနေစဉ် အနားသို့ သွားနားထောင်နေပါက အလွန်ရယ်ရလေသည်။ မည်မျှအထိ သူ့ကို ကြောက်ကြသလဲဆို …. “ ဒီမှာ ဖက်စ်ရီးယား ငါက မင်းကို ကြပ်နေတာနော်၊ ကြပ်နေတာ ၊ ခေါ်ပြီး ပုံပြင်ပြောနေတာ မဟုတ်ဘူး၊ ပြုံးဖြီးဖြီးနဲ့ နားထောင်မနေနဲ့ ” ဟုသူ စိတ်တိုရ်ျ ဆူပူ( ကြပ် ) နေခြင်းဖြစ်ကြောင်း တစ်ဖက်လူ သိအောင် ပြောယူရသည်အထိ ဖြစ်လေသည်။

အမြဲဂယောင်ဖတ်တတ်သူ ဂျူနီယာဗိုလ်လောင်း အချို့ကြောင့်လည်း ရယ်မောရလေသည်။ တတိယနှစ်ဘ၀ ကထင်သည်။ တစ်ညသားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် ပထမနှစ်ဗိုလ်လောင်းတစ်ဦး ဘေးနားလာပြီး “ အကို့ .. အကို့ .. မီးလောင်ပြီလားတဲ့ ..မီးလောင်ပြီလားတဲ့ ” ဟု ပါးစပ်မှပြောကာ အတင်းလှုပ်နိုးနေသဖြင့် လန့်ဖြန့်ပြီး ထထိုင်လိုက်မိသည်။ “ ဘယ်မှာတုန်း ဘယ်မှာ မီးလောင်နေတာတုန်း ” ဟု အမောတကော မေးမှ “ အောင်ဆန်းတပ်ခွဲက ကိုခိုင်မင်းက ပါရီမီးလောင်ပြီလား ဆိုတဲ့ ၀တ္ထုစာအုပ် တောင်းခိုင်း လိုက်လို့ပါ ” ဟု ဆိုချေ၏။ “ အောင်မလေးကွာ .. ဒါများ စောစောကတည်းက အကို့ဆီက စာအုပ်တောင်းခိုင်းလိုက်လို့ ဆိုရင် ပြီးရော အလန့်တကြား လုပ်တတ်ပလေကွာ ” ဟု ပြောမိကာ ရယ်နေလိုက်ရ လေသည်။ သူ့ခမျာ စာအုပ်နာမည်ကို မေ့မှာစိုးရ်ျ တစ်လမ်းလုံး ရွတ်ကြည့်လာသည် ထင်၏။ မမေ့ခင် အမြန်ပြောလေရာ အလန့်တကြား ဖြစ်ရလေသည်။ တစ်ချို့သော ဂျူနီယာဗိုလ်လောင်းများကား တစ်မျိုး။ “ ကျွန်တော်ကမေး၊ သူက မသိဟုပြော၊ ကျွန်တော် အကို့ကို လိုက်ရှာ၊ မတွေ့၊ ထို့ကြောင့် မပြော၊ ကိုယ့်ဘာသာ လုပ်လိုက်မိ၊ မှားသွား ” ဟု အဓိပါယ်ရှာမရသော စကားများဖြင့် ပြောတတ်ကြလေရာ အတော်ပင် ခေါင်းကုတ်စဉ်းစားပြီးမှ သူ၏ဆိုလိုရင်းကို ဖော်ထုတ် ယူရလေသည်။ ကျွန်တော်တို့ ပထမနှစ်ဗိုလ်လောင်းဘ၀ကလည်း ထိုသို့ပင် စီနီယာတို့ ခေါင်းကုတ်ခဲ့ရပေလိမ့်မည်။ ဤသည်ကား ကျွန်တော်တို့ ချယ်ရီတောက ဘ၀အမောများပင်တည်း။

အချို့သော ကို့ရိုးကားယား အရာရှိများ၏ ဟားကွက်များလည်း ရှိသေး၏။ ကျွန်တော်တို့ ဗိုလ်လောင်းဘ၀က တပ်ခွဲမှူးဖြစ်သူ ဗိုလ်မှူးကျော်လှိုင်က တစ်မျိုး။ သူသည် စကားပြောလျှင် မည်မျှ နီးနီးဝေးဝေး၊ နားထောင်သူ တစ်ယောက်တည်းပင် ဖြစ်စေ အသံဗြဲကြီးနှင့် တအား အော်အော်ပြီး ပြောတတ်လေသည်။ သူနှင့် စကားပြော ပြီးလျှင် နားများထူပူပြီး ကျန်ရစ်ခဲ့သည်အထိ အသံကား အောင်လှပေသည်။ ကျောင်းဆင်းပွဲ မကျင်းပမီ တစ်ရက် အလိုတွင် နောက်နေ့ ကျောင်းဆင်းပွဲစစ်ရေးပြ လုပ်နေစဉ် မူးမေ့လဲခြင်း မဖြစ်စေရန် ဗိုလ်လောင်းများအား စောစီးစွာ အိပ်ယာ ၀င်ခိုင်းထားလေသည်။ ထိုသို့ စောစောအိပ်ခိုင်းထားသော်လည်း ကျွန်တော်တို့မှာ စာမေးပွဲကြီးပြီးဆုံးနေပြီ ဖြစ်သောကြောင့် လည်းကောင်း၊ နောက်နေ့ ကျောင်းဆင်းပွဲပြီးလျှင် ခွင့်တစ်လ ပြန်ရတော့မည် ဖြစ်သဖြင့် လည်းကောင်း အပျော်လွန်ပြီး မအိပ်ကြသေးဘဲ စုထိုင်ကာ စကားပြောသူပြော၊ မုန့်စားသူစား၊ ခွင့်ပြန်ရန် အိတ်ပြင်သူပြင် စသည်ဖြင့်သာ ရှိလေသည်။ သို့သော် အချို့သော စည်းစနစ်ကျနသည့် ဗိုလ်လောင်းများကား အိပ်ယာဝင်နေလေပြီ။ ပထမနှစ်ဗိုလ်လောင်းများနှင့်တကွ ဂျူနီယာဗိုလ်လောင်း အများစုမှာလည်း ပင်ပန်းမှုဒဏ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြလေသည်။ ဗိုလ်လောင်းများ စောစော အိပ်၊ မအိပ်ကို တပ်ခွဲမှူး အရာရှိများက မိမိသက်ဆိုင်ရာ တပ်ခွဲအလိုက် ည ၁၂ နာရီကျော်လောက်တွင် တစ်ခန်းချင်း လိုက်စစ်လေသည်။ ကျွန်တော်တို့၏ တပ်ခွဲမှူးအရာရှိဖြစ်သူ ဗိုလ်မှူးကျော်လှိုင်သည်လည်း ကျွန်တော်တို့ အဆောင်ပေါ်သို့ တက်ပြီး လိုက်စစ်လေရာ မအိပ်သေးသော ကျွန်တော်တို့ အဖွဲ့အား ပက်ပင်း မိလေတော့သည်။ သူကား စေတနာဒေါသဖြင့် “ ဟိုမောင်တွေ မအိပ်သေးဘဲ ဘာလုပ်နေတာတုန်း .. သွား အိပ်ယာထဲ အကုန်ဝင် .. စောစောအိပ်ပါဆိုတာကို မအိပ်ဘဲ ဘာလုပ်နေတာတုန်း .. ငါလုပ်လိုက်ရ မကောင်းရှိတော့မယ် ” စသည်ဖြင့် သူ၏ ကိုယ်ပိုင် စတိုင်ဖြစ်သော အသံဗြဲကြီးဖြင့် ကုန်းအော်လေတော့သည်။ ထိုအခါ သူ၏ အောင်မြင်ခံ့ညားလှကာ ဟိန်းထွက်နေသည့် အသံဗြဲကြီးကြောင့် တစ်ဆောင်လုံးရှိ အိပ်ပျော်နေသူများ အကုန် လန့်နိုးကုန်ပြီး “ ဟေ့ .. ဘယ်သူလဲကွ ၊ အသံဗြဲကြီးနဲ့ စွတ်အော်နေတာ၊ လူအိပ်ချိန်ဆိုတာ နားမလည်ဘူးလား ” စသည်ဖြင့် ထအော်ကြတော့သည်။ သူလည်း ထိုအခါကျမှ သူ့အမှားကိုသူ ရိပ်မိကာ မျက်နှာကြီး နီရဲလျှက် ဆင်းသွားလေတော့သတည်း။ သူ့ခမျာ အားလုံးကို အိပ်ခိုင်းဖို့လာကာမှ အားလုံးကို နှိုးလိုက်သလို ဖြစ်သွားရှာသဖြင့် ကျွန်တော်တို့မှာ စောင်ကို ခေါင်းမြီးခြုံလျှက်မှ တခွိခွိ ရယ်ကြရလေသည်။

အချို့သော လူပြောင် စီနီယာများကား တစ်မျိုး၊ ဂျူနီယာဗိုလ်လောင်းများ “ ရှိရင်း ( .. ) ယောက်၊ တန်းစီ ( .. ) ယောက်၊ ပျက်ကွက် ( .. ) ယောက် ” စသည်ဖြင့် အော်ကာ တန်းစီ တန်းအပ် သတင်းပို့နေလျှင် ဘေးနားက သွားပြီး “ ရှိရင်း မဖြစ်စလောက်၊ တန်းစီ တစ်ယောက်တစ်ပေါက်၊ ပျက်ကွက် ဟိုရောက် ဒီရောက် ” စသည်ဖြင့် ၀င်နောက်လေရာ သတင်းပို့နေသော ဂျူနီယာဗိုလ်လောင်းမှာ ရယ်ရအခက် ငိုရအခက် ဖြစ်ရလေသည်။ ကျွန်တော်တို့၏ အမိတက္ကသိုလ်က ချယ်ရီတောပုံပြင်များမှာ ပြောလျှင် ကုန်နိုင်ဖွယ်မရှိ။ ရယ်စရာများလည်းရှိ၊ မောစရာများလည်းပါ၊ စိတ်ညစ်စရာများလည်း မကင်း၊ စသည်ဖြင့် ရသစုံသော ဟင်းလေးအိုး ဘ၀ကြီး ဖြစ်လေသည်။ တစ်ချို့တစ်ချို့တွေ ထင်နေကြသလို၊ ယူဆနေကြသလို အိုက်ခမန်း၏ ငရဲခန်းများအလား ( သို့မဟုတ် ) ဟစ်တလာ၏ ဂျူးအကျဉ်းစခန်းများအလား မဟုတ်ရပါ။ ပျော်စရာလုံးဝ ကင်းမဲ့ပြီး အနှိပ်စက်ခံ၊ အဥာဉ်းဆဲခံ ဘ၀များသာ ဖြစ်သည်ဆိုပါက ဗိုလ်လောင်းတစ်ယောက်မှ ရှိတော့မည်မဟုတ်၊ အကုန်လုံး ကိုယ့်ကိုကိုယ် သတ်သေကုန်ကြမည်သာ ဖြစ်လေသည်။ ပျော်စရာကောင်းသော အောက်မေ့သတိရဖွယ်လေးများလည်း ရှိလေသဖြင့် ချယ်ရီတောအား အလွမ်းပြေ အဖြစ် ဤစာကို ရေးမိလေသတည်း။












8 comments:

မီးငယ် said...

ရယ်ရတာ..ဖတ်ဖတ်ကိုမောသွားတာပဲ...
မျက်ရယ်တောင်ထွက်တယ်... :D
ကိုအောင်မှုးကြီးအကြောင်းလည်းပါဘူး....

Anonymous said...

ိ့ဖိုးသားကြီးရဲ့ ကလောင်ချက်ကတော့လန်းတယ်ဟေ့...တို့နေခဲ့တဲ့ ဘ၀အမောလေးတွေက အခုအချိန်မှာတကယ့်ကိုပြန်စဉ်းစားရင် အနစ်တွေတွချည်းပဲ။ကိုသက်ကတော့တကယ်မင်းသားဖြစ်သွားပြီ။
မင်းရဲ့ ဗိုလ်လောင်းတုန်းက တွေ့ရာညာညှိတတ်တဲ့ အကြောင်းလေးကို လုပ်ပါဦး။ကိုသက်နဲ့ မင်းနဲ့ ဖြစ်နေကျပြသနာလေ..:P

Anonymous said...

တခါတုန်းကပေါ့ဗျာ..
ဗိုလ်လောင်းဝင်ခွင့်အတွက် တပ်မတော်ဗိုလ်ရွေးအဖွဲ့(OTT) ညချမ်းမှာ
ညကြီးမင်းကြီးကျမှ(မှတ်မှတ်ရရ အားလုံးအိပ်နေကျလောက်ပြီ) ထတန်းစီတယ်။တန်းစီရင် အားလုံး ရာဘာဖိနပ် စီးခဲ့ရမယ်လို့လဲ မှာကြားသေးသဗျ။ အကြောင်းအရင်းက တော့ ကျွန်တော်တို့နဲ့အတူတူ ဖြေနေတဲ့ထဲက ကျောင်းသားတစ်ယောက် ရာဘာဖိနပ်ပျောက်လို့တဲ့၊ အမှုက အဲလောက်ကြီးတာ။ ခြင်ကိုက်ဖြုတ်ကိုက် ကြားမှာ ဖြေဆိုသူတွေ အားလုံးတန်းစီရပြီး ဖိနပ်ပျောက်ကျောင်းသားက တာဝန်ခံအရာရှိနဲ့ အတူတူ တန်းစီနေတဲ့ လူတွေ ခြေထောက်ကို ဓါတ်မီးကြီး တဝင်းဝင်းထိုးလို့ သူ့ဖိနပ်လားလိုက်စစ်ရော။မှောင်မှောင်မဲမဲ အိပ်ချင်မူးတူးမှာ ကိုယ့်ဖိနပ်ကို ဓါတ်မီးထိုးပြီး ဟုတ်မဟုတ် အစစ်ဆေးခံရမယ့် အချိန်ကို စောင့်ရတာများ စိတ်ပျက်စရာကြီး။ တန်းစီနေတဲ့ လူတွေထဲမှာ ရာဘာဖိနပ်အဝါလေးများစီမိရင် သူ့ဖိနပ် လားထင်ပြီး ကောက်စွပ်တာ။မဟုတ်ရင်တော့ ပြန်ပေးပါတယ်။ ဒါပေမယ့် သူ့ခြေထောက် ဗျက်ပြဲကြီးနဲ့ အလျှိုခံလိုက်ရတဲ့ ဖိနပ်တွေခမျာ သဲကြိုးတွေ ချောင်ကုန်လို့ ပိုင်ရှင်များမှာ ပုံပျက်ပန်းပျက် ဖိနပ်လေးတွေနဲ့။သူနဲ့ အတူတူ ဖြေမိတာကိုက ကိုယ့်အမှား ပေါ့ကွယ်။

ခုတော့လည်း ဖိနပ်ပျောက်ကျောင်းသားက သူများအကြောင်းတွေကို ရေးတတ်နေပါလားလို့။

Anonymous said...

ရယ်တော့ရယ်ရတယ်နော်.. :)
ကောင်မလေးတောင် ဘာကိုလွမ်းမှန်းမသိ လွမ်းသွားတယ်.. ရေးစရာအကြောင်းအရာတွေ ကျန်သေးတယ်ထင်တယ်.. ဆက်ရေးပါဦး..

megumi said...

တော်တော် ရယ်ရတယ်နော်။ ဗရုတ်တွေချည်းပဲ။
ကိုဉာဏ်ကော အဲလို ဗရုတ်ကျတယ်မလား။ :P :P

မသက်ဇင် said...

ကိုဥာဏ်
စာတွေဖတ်ရင်းစာဖတ်သူကို ပြင်ဦးလွင်ဆီ ဆွဲခေါ်သွားပါတယ်--- ကျမရောက်ဘူးတယ်--
ကိုဥာဏ်တို့ကျောင်းကို--အရာရှိတွေ ထမင်းစားတဲ့ ခန်းမထဲမှာ ကျမထမင်းစားဘူးတယ်--
ကျမအစ်ကိုကြီးကစစ်တပ်ကပေါ့ လားရှိးမှာတာဝန်ကျလို့ ကျမတို့ အစ်ကြီးဆီသွားလည်တာလေ--အဲဒီမှာ တပ်မတော်ဇာတ်ကားလာရိုက်လို့ အစ်ကိုက လုံခြုံရေး တာဝန်ယူပြီး ပြင်ဦးလွင်အထိ ဇာတ်ဆောင်တွေကိုလိုက်ပို့ရင်း ကျမတို့လည်း ပြန်လာကြတာ ပြင်ဦးလွင် အင်ဂျင်နီယာတပ်မှာတည်းခိုရတယ် ထမင်းစားခန်းနားက ရိပ်သာမှာတည်းတာပါ။
ညကျတော့ တပ်ကပြတဲ့ဗွီဒီယို ရုံမှာဝင်ကြည့်သေးတယ်--ကိုဥာဏ်ရေးတဲ့ စာတွေဖတ်ပြီးသတိရသွားလို့ပါ-- အဲဒီတုံးက ကျမက ၁၈ နှစ်ပဲရှိသေးတာ--

ဆက်ရေးပါ အားပေးနေပါတယ်--
ခင်မင်လျက်
မသက်ဇင်

ဟိန်းညီ said...

ကိုဥာဏ်ရေ....
ချယ်ရီတောမှာမျောသွားတယ်ဟေ့......
သူများကိုဖော်ကောင်လုပ်သမျှအောင်မှူးနဲ့တွေမှပဲ
လစ်တာပဲ...အောင်မှူးရေ တွယ်တွယ်။အားပေးတယ်...
ဟဟ
ဒီကောင့်ကိုတွယ်မဲ့သူမရှိဘူးဖြစ်နေတာ....
ကိုအောင်မှူးလည်း ဘလော့ဒ်လေးလုပ်ပါဗျို့
ကိုဥာဏ်ရေ.....
у меня к тебе просьба ကွာ။
ဟီး စပြီ....
တွေ့ရကြုံရကျွန်တော့်ဘ၀ ဆိုတာမျိုးလေး လုပ်စမ်းပါ။
ဗိုလ်လောင်းဘ၀ဟာသလေးတွေပေါ့
မင်းသားက မင်းတစ်ယောက်ထဲနော်။ ဟဲဟဲ။
စောင့်ဖတ်မယ်နော်... :)

ရန်နိုင်ဗစ်တာ said...

ဒီဘလော့ကိုတစ်ခါမှမရောက်ဖူးဘူး
ခုမှရောက်တာ
ကျွန်တော်ကDSA-41ကဆင်းတာပါ
ဘဝရေစက်ကုန်လေတော့အခုအရပ်သားဖြစ်နေပါပြီ
ကျောင်းတုန်းကပျော်စရာတွေကိုတွေးမိတိုင်းဝမ်းနည်းရတယ်
အချစ်ဆုံးသူငယ်ချင်းတွေပြန်မတွေ့ဖြစ်တော့တာကြာပါပြီ
တစ်ချို့လဲလေယာဉ်မတော်တဆထိခိုက်ပြီးသေသူသေ
ခြေလက်အင်္ဂါစွန့်သူစွန့်
ကျွန်တော့လိုအရပ်သားပြန်ဖြစ်သူဖြစ်ပေါ့
တပ်ထဲကျန်ခဲ့တဲ့သူငယ်ချင်းတစ်ချို့ယာယီတပ်ခွဲမှူးဖြစ်တာသိရတော့ဝမ်းသာရသလို
ကျွန်တော်သိပ်မြတ်နိုးခဲ့တဲ့လေယာဉ်မောင်းဝတ်စုံကိုပြန်ဝတ်ခွင့်မရတော့တာကိုတွေးမိတိုင်း
မျက်ရည်ကျလုနီးနီးဝမ်းနည်းမိတယ်
အနာဂါတ်လေသူရဲလောင်းတွေမွေးထုတ်ပေးခဲ့တဲ့ကျွန်တော့အတွက်
ကျွန်တော့တပည့်တွေလေထဲမှာပျံသန်းနေကြတာသိရတော့ဝမ်းသာမိပြန်ပါတယ်
http://yannaingvictor.blogspot.com ကိုလာလည်ကြပါဦး