ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, July 4, 2008

လားဟူ ထမင်းဟင်းနဲ့ ခံတွင်းတွေ့ခဲ့သောနေ့

မနက် ၇း၃၀ စခန်းတစ်ခုလုံး တန်းစီ နိုင်ငံတော်အလံ အလေးပြု သစ္စာဆိုပြီး ခံစစ်ပြင်ဆင်ဖို့ တာဝန်ခွဲဝေဘာညာ ဆရာကြီးတွေ ဆက်လုပ်ကြတယ်။ မိမိကတော့ စခန်းပတ်လည် ဘာတွေ လုပ်ဖို့ရှိတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာ လိုက်ပတ်ကြည့်တာပေါ့။ အေးစက်နေတဲ့ လက်စွဲတော် ပစ်စရာ အတိုလေးကို ကျည်ကဒ်တပ်ပြီး ထွက်ခဲ့တယ်။ စခန်းဝရောက်တာနဲ့ ကင်းသမားနဲ့ ရွာသား ၄ ယောက်စကားပြောနေတာတွေ့တော့ မကြာဘူး သတင်းလာပို့တယ် အောက်ရွာက ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ရွာအတွင်းရေးမှူးတို့ လာတွေ့တာပါဆိုတာနဲ့ စခန်း အဝင်(ဟိုးအရင်က လူနေတဲဟောင်း) ဧည့်တဲလေးမှာ စကားပြောကြပါတယ်။ ပြည်သူ့စစ် ခေါင်းဆောင်က ရွာ သူကြီးလည်းဖြစ်ပါတယ်။ သူကလည်း ခါးမှာ ပစ္စတို ပုံပျက် ဂျီကေ- ၁၁(GK-11) လေးထိုးထားတယ်။ ကျည်ဆံကတော့ ကိုနန္ဒအောင်တို့ 9mm ကျည်နဲ့အတူတူပဲ။ လာရင်းအကြောင်းက သူတို့ရွာထိပ်ပိုင်းခေါင်တွေ စုပြီး စားပွဲသောက်ပွဲလုပ်မှာမို့ ဒီည အောက် ရွာထဲကိုဆင်းလာဖို့ လာဖိတ်တာပါ။ ကောင်းပါပြီပေါ့။ မိတ်မပျက်ဖို့လည်း ကြည့်ရတယ်။

အဲဒီနောက် စခန်းပတ်လည် မီးတာလမ်း ကိုလျှောက်ကြည့်နေတုန်း အောက်ကိုဆင်းမယ့် မိမိ
တပည့်တွေ ဆရာတွေနဲ့အတူ ဝါးခုပ်လိုက်သွားမိတယ်။ ကိုယ်က အပေါ်ကနေ ဒီနေ့တော့ ဝါးဘယ်လောက်ရအောင် ခုပ်ပါ။ တုန်း ဘယ်လောက်ကြီးတာကို ဘယ်လောက်ရအောင် ခုပ်ပါနဲ့ အမိန့်ပေးရတာ လွယ်သလောက် တောင်အောက် သစ်အုပ်ဝါးတောထဲမှာ ဖြုတ်တွေ မှတ်တွေက ကိုက်သေး ။ သူတို့ကိုက်ခံရတဲ့နေရာမှ သွေးပေါက်လေးကျန်ခဲ့တာ။ နောက်ကျ အနာဖြစ်လာပါတယ်။ ဝါးခုပ်ရတာ မလွယ်သလို အပေါ်က အမှုံတွေကျပြီး ယားလည်း ယား လူတွေလည်း ပေပွကုန်တယ်။ ဆရာကြီးက သူ့တပည့် ဝါးခုပ်တာ ပုံစံမကျတာကို သူကိုယ်တိုင် သေချာ ဓါးလွယ်ခုပ် ခုပ်ပြတယ်။ သစ်တုန်းကိုတော့ လိုချင်တဲ့ အနေထား ကို လွှနဲ့တိုက်ဆွဲပြီး ဖြတ်တောက်ရတယ်။ ဒါက ခံစစ်ကတုတ်၊ ဘန်ကာတွေပြန်ပြင်ဆင်ဖို့ပါ။ ဝါးကို အစီးတွေစီးပြီး ထမ်း စခန်းကုန်းပေါ်ပြန်တက်ကြတယ်။ တုန်း သမားတွေကတော့ ပေါင်လုံး သာသာက တစ်ယောက် ၁ တုန်းပဲ။ ပိုကြီးတာကို ၂ ယောက် ၁ တုန်းထမ်းကြတာပေါ့။

ကျွန်တော်လည်း တုန်း- ၁ တုန်းတော့ ထမ်းတာပေါ့ ။ သူတို့တွေ တားတဲ့ကြားက။ ဘယ်ကောင်းမလဲ နော်။ ဒီလောက်တော့ အေးဆေးပါ ငယ်ငယ်က ထန်းတောထဲမှာ အိုး ကောက်ခဲ့သေးတာ။ (အညာမြေသားလေ၊ ဆိပ်လူးကန်ထန်းတောဆို မောင်ဥာဏ်(စက်မှု) ကောင်းကောင်းသိတယ်)။ စ တက်မလို့ရှိသေး ချွေးက နစ်နေပြီ။ မောလိုက်တာလည်း အိုး ပြောမနေနဲ့ အခုမှ ကိုယ်ချင်းပိုစာမိတယ်။ လေးကလည်းလေး ပခုံးတွေ ကျိန်းစပ်နေတာပဲ။ စခန်း ခြံစည်းရိုး ခပ်လှမ်းလှမ်းမရောက်ခင် အပေါ်က ကင်းသမားက ဆင်းပြီး လာထမ်း သွားတယ်။ ဟူး မောဟိုက်နေတာပဲ ။ ရေစောစောချိုးဖြစ်သွားတယ်။ နေ့လည်စာ ထမင်း ကတော့ စားလို့ပိုဝင်တယ်။ ဟင်းကတော့ ကုလားပဲဟင်းရေကျဲ ရွှေပဲသီးရွက်ကြော် ကျောက်ချဉ်ပေါင် (တောင်ပေါ် ကျောက်တုံးကြားမှာ ပေါက်တဲ့ ချဉ်ပေါင်ရွက်နဲ့တူပြီး အရသာလည်း ဆင်လို့ အဲလိုပဲခေါ်ကြတာ)။ ညနေကျတော့ ဆရာ တစ်ယောက်နဲ့ တပည့် ၃ ယောက် အသင့်ဖြစ်တာနဲ့ အောက်ရွာထဲကိုဆင်းခဲ့ကြတယ်။ ရွာသူကြီး(ပြည်သူ့စစ်) အိမ်ပေါ် မှာ ထမင်းဝိုင်း ၂ ဝိုင်းပြင်ထားတယ်။ ဆရာက ဘေးနားမှာ လာထိုင်ပေးတယ်။ ဟုတ်တယ်လေ သူတို့ပြောတဲ့ ဗမာစကားကို မနဲ ကျားကန်ပြီးနားထောင် နေရတာ။

ရိုးရာအရက်နဲ့ စ ဖွင့်ကြတယ်။ အမြည်းတွေက ဝက်သားတစ်မျိုးထဲကို ပေါင်းစုံအောင်လုပ်ထား ပါတယ်။ ကြွေရည်သုတ်ပန်းကန်လုံးလေးတွေနဲ့ တူလေးတွေနဲ့။ တူကိုတွင်တွင်သုံးကြပါတယ်။ တပည့်တွေအတွက် ဟိုဘက်မှာတစ်ဝိုင်း။ ပြည်သူ့စစ်ရွာသားတွေက အရက်ထည့်ပေးတော့ ကျွန်တော့် မျက်နှာလှမ်းရှိုးလာကြတယ်။ လားဟူ လူမျိုးတွေက သူတို့ကျွေးတာတိုက်တာ မစားရင် သူတို့ကို မနှစ်သက်လို့ ဆိုတဲ့အယူ ရှိထားတော့လည်း တပည့်တွေကို အေး ငါ့နံမည် ထက်မပိုစေနဲ့လို့ စကားဝှက်နဲ့ပြောလိုက်တယ်။ စားပွဲဝိုင်းအပြည့် ချက်ပြုတ်ပြီး ချထားပေးတဲ့ ဟင်းလျာတွေကို ကြည့်ဦး။ ဝက်အစိမ်းသုပ်တဲ့ဗျာ ၊ သွေးစိမ်းသုပ်၊ အထူး ချက်ထားတဲ့ ဟင်းမယ်စုံ(ကျားစွယ်စိမ် အရက်ပါတယ်)။ အသားဆုတ်လုံးတွေ၊ အကြော် အပြုတ် အိုး ဝက်သားကို တော်တော်ကို နိုင်နင်းတဲ့သဘောမှာရှိပါတယ်။ ကျွန်တော့်ထဲကို ဝိုင်းပြီး ထည့်ပေးတာနဲ့တင် နှိုက်စရာမလိုတော့ဘူး။ အစိမ်းသုပ်က မွှေးနေတယ် သစ်ရွက်မွှေးနဲ့ လိုလို မဆလာ လုံးဝမပါဘဲ မညှီအောင်လုပ်ထားနိုင်တာများ ။ အစိမ်းသုပ်ဆိုတာလည်း စခန်းကိုပြန် ရောက်မှ ကျွန်တော့် ဆရာက ပြောပြတာ။ ဟိုမှာပြောလိုက်လို့ ဗိုလ်ကြီးမစားရင် အားနာစရာ ဖြစ်မှာစိုးလို့ပါတဲ့။ အေးပေါ့ကွာ ငါကတော့ ချက်ပြုတ်ထားတာမှတ်နေတာဟ အရာသာက လုံးဝကို အစိမ်းနံ့ မရတာဟ..။ ဝက်သားတုံးလေးတွေကို တူနဲ့ညှပ်ပြီး တို့စားရတဲ့ အမှုံ့တစ်မျိုး ကတော့ ကျွန်တော် ခံတွင်းတော်တော်တွေ့တယ်။ လားဟူ ငရုပ်သီးဆားထောင်း ပါပဲဗျာ။

လားဟူ လူမျိုးတို့ထမင်းစားတိုင်း တစ်ခြားဘာဟင်းမှ မပါရင်တာ မပါတာ။ အဲဒီက ငရုပ်သီး ဆားထောင်းလို့ခေါ်တဲ့ ငရုပ်သီးခြောက်နီနီနဲ့ ဆားရောပြီး ထောင်းတာနဲ့ ဟာကတော့ ပင်တိုင် မပါဖြစ်အစားအစာပါတဲ့ဗျာ။ ကျွန်တော်လည်း စားလိုက်တာပြောမနေနဲ့ ဝက်သားတုံး ဖက် လေးတွေ တူနဲ့ညှပ်ပြီး အဲဒါနဲ့တို့ ထမင်းပူပူ စွပ်ပြုတ်လိုဟင်းမွှေးမွှေး ပူပူနဲ့ အိုး ပြောမနေနဲ့ တရှူးရှူးတရှဲရှဲ ချွေးတောင်ပြန်တယ်။ အပြန်ကျ စခန်းကို ပြည်သူ့စစ် ၈ ယောက်က လိုက်ပို့ ပေးတယ်။ အဲဒီနေ့က အိပ်လို့ကောင်းချက်ကတော့ နေ့ခင်းက အိုဗာဟတ် တုံး ထမ်းထားတဲ့ ဓါတ်ခံလေးရယ် လားဟူထမင်းဟင်း ကျားစွယ်စိမ်အရက်လေး ၂ ခွက်ရယ်…တကယ်တမ်း အိပ်ပျော်လေတော့ မက်နေကြ အသဲကွဲအိပ်မက်တွေတောင် ဘယ်ဆီရောက်ကုန်လဲမသိ။ ကင်းသမားတွေ စခန်းလုံခြုံရေး စိတ်မချမှုကတော့ သိပ်မပူပင်ရတာကိုး။ ကိုယ်အိပ်မောကျလည်း ဆရာကြီး ဌေးအောင် ကတော့ တစ်ညလုံးမအိပ်ပါဘူး။ နောက်နေ့မနက် စောစောနိုးလာတော့ အလဲ့ အားအင်တွေများ တိုးနေသလားလို့……… ကျားစွယ်စိမ်ထားတဲ့ အရက်ကြောင့်လားလို့။ ဟားဟား မဆိုင်ဘူးထင်တာပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ရလို့ပဲနေမှာပါ။ ဟုတ်တယ်လေ ရက်တိုင်း ညညဆို စိတ်မှာ attention တွေ စိတ်မချခြင်းတွေ ချမ်းအေးလွန်းခြင်းတွေ ဖိစီးပြီး အိပ်ပျောက်တစ်ချက် နိုးတစ်ချက်နဲ့ အိပ်တစ်ဝက် နိုးတစ်ဝက် ရက်တွေများခဲ့တာကိုး။။။။။။။။
@@@ နေလွမ်းသူ

0 comments: