ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Saturday, July 19, 2008

အသံတစ်ခု အကြောင်း

“ ရွှီး…..”
ဤအသံသည် မည်သည့် အသံနည်း။ ကလေးက စ ခွေးက စ သိပါသည်။ ၀ီစီသံခေါ် ခရာသံတည်း။ စစ်သားမှန်သမျှ ထိုအသံကို ရင်းနှီးရသည်။ တပ်ထဲစရောက်ပြီး စစ်ယူနီဖောင်း အစိမ်းကို မ၀တ်ရသေးခင် ကတည်းကပင် ထိုအသံနှင့် စတင်မိတ်ဆက်ကြရသည်။ ထိုအသံသည် ကျွှန်တော်တို့အား တပ်မတော်တည်း ဟူသော မိခင်ကြီးက ကြိုဆိုလိုက်သံပေတည်း။ ဗိုလ်ရွေး အဖွဲ့တွင် ၀င်ရောက် ဖြေဆိုကြစဉ်ကတည်းက တန်းစီ တန်းဖြုတ် ခရာသံကို စတင်ကြားခဲ့ရသည်။ သို့သော် ထိုစဉ်ကတော့ ၎င်းအသံ၏ အာနိသင်ကို သေချာစွာ မပိုင်းခြားတတ်သေး။ မကြောက်ရွံ့တတ်သေး။ အမေ့နို့နံ့ မပြယ်သေးသည့် ကလေးငယ်လေးများ သဖွယ် ပြေးလိုက် လွှားလိုက်ဖြင့် ပျော်ရွှင်မြူးထူးစွာ လှုပ်ရှားကြ ကုန်လေသည်။ သို့သော်……..မကြာမီ။

ဗိုလ်ရွေးအောင်ပြီး ဗိုလ်လောင်းဘ၀ စတင်ရောက်ရှိသည်နှင့် ထိုအသံ၏ အာနိသင်ကို ကောင်းကောင်းကြီး သိရလေတော့သည်။ မနက် ၅ နာရီထိုးသည်နှင့် အိပ်ရာထချိန် ခရာသံမှစတင်ကာ ခရာသံ တရွှီးရွီးဖြင့် နေ့တနေ့ စတင်လည်ပတ်တော့သည်။ အိပ်ရာထချိန် ခရာသံ၊ ကြံ့ခိုင်ရေး PT ခရာသံ၊ မနက် ရ နာရီ နိုင်ငံတော် အလံ အလေးပြု တန်းစီ ခရာသံ၊ ကျောင်းသွား Academic တန်းစီခရာသံ၊ နေ့လည် ထမင်းစားပြန် တန်းစီ ခရာသံ၊ ထမင်းစားပြီး ကျောင်းပြန်သွားရန် တန်းစီ ခရာသံ၊ ညနေ ကျောင်းဆင်းချိန် အဆောင်ပြန်ရန် တန်းစီ ခရာသံ၊ ညနေပိုင်း ကိုယ်လက် ကြံ့ခိုင်ရေး PT ခရာသံ၊ ညနေ ၅ နာရီခွဲ နိုင်ငံတော် အလံ အလေးပြု တန်းစီ ခရာသံ၊ ညနေ ရ နာရီ Study ၀င်ရန် တန်းစီ ခရာသံ၊ ည ၉ နာရီခွဲ Study တန်းဖြုတ် ခရာသံ၊ ည ၁၀ နာရီ မီးပိတ် အိပ်ချိန် ခရာသံ ( ဟူး…..မောတောင်မောတယ် ) စသည်ဖြင့် ခရာသံများကား တနေကုန် ဆူပွက်လျှက်။ ကျွန်တော်တို့မှာ သံပတ်ပေးထားသည့် စက်ရုပ်ကလေးများ အလား ခရာသံကို မချစ်သော်လည်း အောင့်ကာ နမ်းလျှက် တနေ့တာ ကုန်ဆုံးစေရတော့သည်။

ဗိုလ်လောင်းများကား မနက် အိပ်ရာထချိန် ခရာသံကို ငှက်ဆိုးထိုးသံ အဖြစ် လည်းကောင်း၊ မီးပိတ် အိပ်ချိန် ခရာသံကို ကြိုးကြာသံ အဖြစ် လည်းကောင်း တင်စား ကြကုန်လေသည်။ ခရာသံသည် ကျွန်တော်တို့၏ အရပ်သား စိတ်ဓာတ်များကို စစ်သား စိတ်ဓာတ်များ အဖြစ် အရောင်ပြောင်းပေး လေတော့သည်။ ခရာသံကို ကြောက်ရသည်။ လန့်ရသည်။ မကြောက်ရ်ျ မလန့်ရ်ျ မဖြစ်။ တန်းစီခရာသံ နောက်မှ ပြေးဝင်လာသူများ လူစင်စစ်က ဖားဖြစ်ကုန်သောကြောင့် ပေတည်း။ တစ်ခါတစ်ရံ ကျွမ်းထိုးဝင်ရသဖြင့် မျောက်ဖြစ်ရသော အခါများ လည်း ရှိကုန်လေသည်။ ခရာသံကို ကြောက်လန့်ရသကဲ့သို့ ချစ်ရသော အချိန်များလည်း ရှိကုန်လေသည်။ ထိုအချိန်များမှာ တနင်္ဂနွေ တပ်ပြင်ထွက် Out pass တန်းစီခရာသံ၊ လူမှုဝန်ထမ်း ဖက်ထိပ် တန်းဖြုတ် ခရာသံ နှင့် တစ်နှစ်တစ်ခါ ခွင့်ပြန်ရန် တန်းစီသော ခွင့်ပြန်ခရာသံ တို့ပေတည်း။ ပုံမှန်တန်းစီချိန်များတွင် နောက်ကျ တတ်သူများမှာ ထိုအခါမျိုးများတွင် လွန်စွာ ၀ီရိယ ကောင်းကြလျှက် ညာထိပ်စီးချည်း ဖြစ်ကုန်လေသည်။ သို့ဖြစ်ရ်ျ ဗိုလ်လောင်းများမှာ ခရာသံကို မချစ်သော်လည်း အောင့်ကာနမ်း ဆိုသကဲ့သို့ ချစ်ကြောက်ကြီး ဖြစ်ကြ ရလေသတည်း။

ခွင့်ပြန်ဗိုလ်လောင်းတို့ ပထမဆုံး ကြုံရသည်မှာ ပြင်ဦးလွင်မှ ဆင်းရ်ျ မန္တလေးမြို့သို့ စ၀င်သည်နှင့် ထုံးပေသီး ခေါ် ကိုကို မော်တော်ပီကယ်တို့၏ ခရာသံကို ကြားရချိန်တွင် နားရွက်ကလေးများ အလိုလို ထောင်သွားတတ်ခြင်း ပေတည်း။ ဤမျှအထိ ၀ီစီသံ တန်ခိုးကား ကြီးမားလှချေလေသည်။ ပထမနှစ် ဗိုလ်လောင်း ဘ၀ ခွင့်ပြန်စဉ် အမှတ်တရ ဖြစ်ရသည်မှာ မနက်မိုးလင်း အိပ်ရာထရ်ျ မနက်စာစားရန် အမေ လာနှိုးစဉ် “ ဟုတ်.. ရှိ ” ဆိုပြီး ခုန်ထလိုက်မိခြင်း ဖြစ်လေသည်။ မိခင်ဖြစ်သူမှာ ရုတ်တရက် လန့်ဖြန့်သွားလျှက် “ ဟဲ့ ပလုပ်တုတ်” ဟု မြည်တမ်းမိပြီးမှ သားကို ကြည့်ကာ မျက်ရည်ဝဲရလေ သတည်း။ အမေ့အိမ်တွင် မနက် အိပ်ရာနှိုးတိုင်း မိခင်နှင့် ရန်တကျက်ကျက် ဖြစ်အောင်ပင် အိပ်ယာထ ပျင်းတတ်လှသော သားမောင်သည် တစ်နှစ်တာဟူသော အချိန်တိုလေး အတွင်း အိပ်ရာထချိန် ခရာသံကို ၃၆၅ ခါလောက် နာခံလိုက်ရသော အခါ ရုတ်ခြည်း ပြောင်းလဲ သွားလေသဖြင့် အမေမှာ ဂရုဏာသက်မိလေသည်။ မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝိုင်းလာသည်ကို သားဖြစ်သူ မမြင်အောင် သိမ်းဆည်းလျှက် မနက်စာ အသင့်ဖြစ်ကြောင်း ပြောကာ အခန်းတွင်းမှ အမြန်ထွက် သွားလေတော့သည်။

ခွင့်ပြန်ကာလ ချစ်သူနှင့် လျှောက်လည်စဉ်တွင်လည်း ခရာသံကို လန့်နေတတ်သည့် စိတ်က ပျောက်မသွား။ မော်တော်ပီကယ် ခရာမှုတ်တိုင်း လန့်ဖြန့်ကာ ပြူးပြူးပြာပြာ ဖြစ်ရလေသည်။ ထိုအခါများတွင် ချစ်သူက ဘေးက နေရ်ျ တခစ်ခစ် ရယ်လေသတည်း။ ကောင်မလေးနှင့် အကြည်ဆိုက်နေခိုက် အနမ်းမိုးများ ရွာချရန် အားယူ လိုက်စဉ် အဝေးတနေရာမှ ခရာသံ တစ်ခုခု ကြားလိုက်ရလျှင် လူက ရုတ်တရက် လန့်ဖြန့်သွားလျှက် ယူထားသော ဖီးလ် လေးများ ပျောက်ထွက် ကုန်လေတော့သည်။ ကိုယ်နှင့် မဆိုင်မှန်းသိပါလျှက် လန့်နေမိ သဖြင့် ကိုယ့်ကိုကိုယ် ဒေါသ ထွက်ရသလို ခရာကို စတင်တီထွင်ခဲ့သူကိုပါ မေတ္တာ ကောင်းကောင်းပို့ မိလေသည်။ ဤမျှ အထိ ခရာသံ ဘုန်းတန်ခိုးကား စစ်သားတို့ အပေါ် ကြီးမားလှချေသည်။

ကျောင်းဆင်းရ်ျ အရာရှိငယ် ဘ၀ဖြင့် တပ်သို့ ရောက်တော့လည်း ခရာသံများက ပျောက်မသွား။ တန်းစီ၊ တန်းဖြုတ် ခရာသံများကား သံယောဇဉ် မပြတ် နောက်ကနေ တောက်လျှောက် လိုက်လာလေသည်။ သင်တန်း တက်ရပြီ ဆိုတော့လည်း အဆိုပါ မိတ်ဆွေကြီးတို့ကား နောက်မှ တကောက်ကောက်နှင့်။ ရှေးဘ၀က ခေါင်းလောင်းတို့ တူရိယာတို့များ လှူခဲ့ဖူးလေသလား မသိ။ ကုသိုလ်ကား ကြီးမားလှချေသည်။ တပ်မှာနေစဉ် လက်အောက်မှ တပ်ကြပ်ကြီးများ၏ လက်မောင်းတွင် တပ်ဆင်ထားသော ခရာကြိုးနှင့် ခရာကို မြင်တိုင်း ဒေါသမျက်လုံးဖြင့် ကြည့်တတ်သဖြင့် ဆရာကြီးများမှာ ဘုမသိ ဘမသိဖြင့် ခရာလေးများကို အသာနောက်ပို့ ထားရလေသည်။ ဤသို့ဤပုံ ခရာသံကို ရွံကြောက်ကြီး ဖြစ်နေသော ကျွန်တော်မှာ မဟာသင်တန်း တက်ရန် ရုရှသို့ သွားရတော့မည်ဟု သိရချိန်တွင် အတိုင်းမသိ ပျော်မိလေသည်။ ခရာသံဖြင့် နိုးထရသော ဘ၀မှ ခဏတာ ကင်းလွတ်ခွင့်ရပြီ။ ခရာသံနှင့် ဝေးရာသို့ ပြေးရတော့မည်ဟု စိတ်ကူးဖြင့် ရူးမိလေတော့သတည်း။

မော်စကို ဆောက်လုပ်ရေး တက္ကသိုလ် သို့ ရောက်ရှိပြီး ကျောင်းသား အဆောင်ပေါ် စတက်ရသော အခါ ကျောင်းသားဘ၀ကို တစ်ခါမှ မကြုံခဲ့ရသူများပီပီ စိတ်လှုပ်ရှားခဲ့ရလေသည်။ ငယ်ငယ်ကတည်းက စိတ်ကူးယဉ် ခဲ့ကြသော တက္ကသိုလ် ကျောင်းသားဘ၀ကို မခံစားခဲ့ကြရသော်လည်း ယခုတော့ အတိုးချပြီး ကျောင်းသားလေး လုပ်လိုက်ဦးမည်။ ဗိုလ်လောင်းဘ၀ သက်တမ်း တစ်လျှောက် တနေ့လာလည်း ဒီမျက်နာ တနေ့လာလည်း ဒီလူ ဘ၀ဖြင့် ငြီးငွေ့စွာ စာသင်ခဲ့ရသော အခြေအနေမှ ကျောင်းသူလေးတွေ တပြုံကြီးရှိသော စာသင်ခန်းများအတွင်း ၀င်ရ်ျ တက္ကသိုလ်ကျောင်းသား လုပ်လိုက်ဦးမည် ဟူသော စိတ်ကူးတသီကြီးဖြင့် အဆောင်ပေါ်သို့ တက်ကြွစွာ တက်ခဲ့လေသတည်း။ ကိုယ်နေရမည့် အခန်းကို ရောက်ရ်ျ ခဏနား၊ ရေမိုးချိုးပြီး ခရီးကလည်း ပန်းလာသဖြင့် အနားယူရန် အိပ်ယာပေါ် ခေါင်းချလိုက်မိစဉ် ………။

“ ရွှီး……”၊ ဟူသော မိတ်ဆွေကြီး အသံကို ရုတ်တရက် ကြားလိုက်မိသဖြင့် ရုတ်တရက် ခေါင်းထောင်ထကာ ခေါင်းရင်း မှန်ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်မိလိုက်တော့ လား..လား..၊ ဘောလုံးကွင်း တစ်ဝက်လောက် အကွာအဝေး၌ ဘားတိုက်များ၊ အုတ်အဆောက်အဦ ဖြူဖြူလေးများကို တွေ့လိုက်ရသဖြင့် ခေါင်းနပန်း ကြီးသွားကာ သေချာထကြည့်လိုက်မိတော့ ….။ အ၀င်ဂိတ်ဝတွင် လက်နက်ကိုင် စစ်သားများ၊ ဂိတ် အဖွင့် အပိတ် မောင်းတံ၊ အဆောက်အဦများ ယူနီဖောင်းဖြစ်နေမှု၊ ဟိုက် …သေချာပြီ။ ဒါ စစ်တပ်ရဲ့ သင်္ကေတတွေ။ နောက်များမကြာမီပင် ကျွန်တော်တို့ အဆောင်နှင့် မလှမ်းမကမ်းတွင် တပ်စွဲ ထားသော အင်ဂျင်နီယာ တပ်ရင်း တစ်ရင်း ဖြစ်ကြောင်း သိလိုက်ရပေသတည်း။

ဤသို့ဖြင့် ခရာသံကို ကြောက်ရွံ့ခဲ့သော ကျွန်တော်၊ ခရာသံနှင့် ဝေးရာသို့ ပြေးထွက်ခဲ့သော ကျွန်တော်၊ ခရာသံ ကင်းမဲ့ဇုံအဖြစ် စိတ်ကူးယဉ် ခဲ့သော ကျွန်တော်မှာ မော်စကိုတွင် ကျောင်းသားဘ၀ လာဖြစ်နေရသော်လည်း မနက် ၅ နာရီထိုးသည်နှင့် အဆောင်ဘေးက ရုရှ စစ်တပ်၏ အိပ်ယာထချိန် ခရာသံဖြင့် နေ့စဉ် နိုးထ နေရပေ သတည်း။ ကိုဥာဏ်(စက်မှု)

1 comments:

မီးငယ် said...

အဲဒါအစ်ကို အရင်ဘ၀က ထုံးပေသီးလုပ်ခဲ့လို့ ခုဘဝ
ဝတ်လည်တာ... :D