ကရင်ပြည်နယ် ရှေ့တန်းဂွင်တွေမှာ အဓိက ပြသနာက သွားရင်လာရင် မြေသားလမ်းပေါ်က ဒေသန္တရ လက်လုပ်မိုင်းတွေပါ။ နောက်အဆိုးရွားဆုံးက တောင်ကမ်းပါးယံ လူ့ ရင်ဘတ် အမြင့်လောက်မှာ ရှေ့ထွက်မိုင်း (ပေါက်ကွဲတာနဲ့ ရှေ့မျက်နှာကို အထူးပြု ကွဲထွက် ထိခိုက် စေတဲ့မိုင်း)၊ ခုန်ပြန်ရှပ်ကွဲမိုင်း (အစပျိုးယမ်းပိုင်း လျှပ်ကူးတာနဲ့ ဖောင်း ကနဲ့ မြေပြင်ကနေ အပေါ်ကို ၄ ပေ ၅ ပေထိ မြောက်တက်ပြီးမှ လေပေါ်မှာပဲ ၃၆၀ဒီဂရီကို နေရာမလွတ်စေရ ပြန့်ကျဲပေါက်ကွဲမိုင်း) တွေ မြှုပ်ကပ်လို့ စစ်ကြောင်းလာချိန် လူစုစု (သို့) အထင်ကရ ပုဂ္ဂုလ် အရာရှိနေရာ လောက်မှာ ဟိုးနောက်ကွယ် နေရာကနေ ဝါယာကြိုးစကို ဓါတ်ခဲအိမ်နဲ့ တို့ ထိ လိုက်ခြင်းအားဖြင့် အုန်းကနဲ ဂျိမ်းကနဲ ပေါက်ကွဲ မီးခိုးတွေ အူထွက် နားတွေလည်း အူထွက်။ ဆိုတော့ ကျွန်တော်တို့ အရာရှိတွေကိုယ်တိုင် ဝတ်စားဆင်ယင်မှု သတိပြုရပါတယ်။ ရမ်ဘို-4 ထဲကလို (ပေါက်ကရ)ရွှေပွင့်တွေ မပြောနဲ့ အနက်ရောင် Operation ပွင့်တွေကို မတပ်တာပါ။ သူတင်ကိုယ်တင် ပစ်ကြခတ်ကြဆို တော်သေးတယ်။ အခုဟာက လူကိုကောင်းကောင်း မမြင်ရဘဲ ထိခိုက်လွင့်ကြွေရတာပါ။ မိုင်းတွေအားလုံးက SOC American made တွေကြည့် ဖြစ်လို့နေပါတယ်။
ဒီတော့လည်း မိုင်းပေါတဲ့ ကရင်ပြည်နယ် ရှေ့တန်းဆိုတာကို ထွက်လာခဲ့ရတဲ့ အရာရှိ စစ်သည် အိမ်ထောင်သည်တွေရဲ့ စိတ်ထဲမှာ သွားလာလှုပ်ရှား ရပြီဆိုတာနဲ့ ဘယ်တော့များ ဒုက္ခိတဖြစ်မလဲ။ ဇနီး မုဆိုးမဖြစ်ပြီး ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အဖေမဲ့လေမလဲ ဆိုတဲ့ နောက်ဆံတင်း သံယောဇဉ် အတွေးတွေ ပူပင်သောက ဗျာပါဒတွေကိုယ်စီ ခေါင်းထဲမှာ အပြည့်နဲ့။ ကရင်ပြည်နယ်မှ မဟုတ်ဘူး ကားပြည်နယ်တွင်းက ဆိုးဝါးသော ရှေ့တန်း ဒေသ၊ တစ်ခြား တောတောင်အတိထဲက ရှေ့တန်းမြေဒေသများ… ဘာမှပြည့်စုံမှု မရှိနိုင်တဲ့ တောထဲ၊ အသက်အန္တရာယ် safe မဖြစ်၊ စားရတာက တောထွက် ပစ္စည်း ပေါက်ကရ အသီးအရွက်များ ရိက္ခာတော့ရပါတယ် ဟင်းတစ်ခွက်ဖြစ်ဖို့ အထောက်ကူပြု အကူပံ့တွေ၊ စည်သွပ်ဘူးများ ၊ ဒါကလည်း အစားမခံဘူးလေ။ ဒီတော့စိမ်းစိမ်း စိုစို အသီးအရွက် လက်ဆက်တဲ့ အသားငါး လူတို့သဘာဝအရ စားချင်ကြရှာသကိုး။ ချောင်းကြို အုံကြား ငါးမိုင်းခွဲပြီး လက်ပြက် မျက်စိ အလင်းကွယ်ရသူတွေလည်း ရှိသေး။ ကျွန်တော်ကျင်လည် ဇယ်ဆက်ခဲ့တဲ့ ကရင်ပြည်နယ် တောထဲကတော့ ဒညင်းသီးပင် တွေ့လို့သွားခူးရင် ကံမကောင်းရင် မိုင်းနင်းပြီး ခြေပြက်ရတာ တွေက ရှိနေဆဲရယ်ပါ။
သို့ကလို စစ်သားဘဝမှာ အမိန့်နဲ့တာဝန်က သွေဖယ်လို့မရလေတော့ ဒီဝေဒနာ နေ့စွဲများကို အလှည့်ကျလို့ သွားရပြီဆိုတဲ့ စစ်သားတိုင်း ကြေနပ်စွာပျော်မွေ့ကြရစမြဲပါ။ အခုမှ မဟုတ်ဘူး ဟိုးပဝေသနီ ချီကြာခဲ့သော နှစ်ချို့ရက်ဟောင်းများစွာ။ ကိုယ့်ဟာကို ရှာကြံအဆင်ပြေ သာမွေ့အောင်နေလို့ ကိုယ့်ထက်အငယ် ရာထူးငယ်သူ အသက်ငယ်သူ အချင်းအချင်း ဖေးမ စိတ်ဖိစီးမှုတွေ လျှော့ချပေး အေးခဲတဲ့ရာသီ ဥတုတွေမှာ နွေးထွေးစေလို့ သူလိုကိုယ်လို အားလုံး နေအိမ်လွမ်းစိတ် တမ်းတစိတ်တွေ ဖျော့စေပျော့စေ အမေအဖေထက် သေနက်ကို ယုယခင်တွယ် (ကိုယ်နဲ့မကွာ ကိုယ့်အသက်ကို ကယ်နိုင်တာက ဒီလိုနေရာမျိုးမှာ ဒီ သေနက် ကအသက်သခင်ကိုး) မြတ်နိုး၊ အဆိုးရွားဆုံးသော ငှက်ဖျားရန်သူလက်ဖျား အသက်တွေ ပါမသွားအောင်က တစ်ဖုံ ဂရုဏာတွေထားကြ။ မတတ်သာလို့ ထွက်လာရပြီ ဒီတောတောင်ထဲ ခံယူချက်မတူ အယူတွေလွဲ မူတွေကွဲ တစ်နိုင်ငံထဲသားချင်းတွေ သွေးတွေမြေခ ပေပွစုတ်နစ်၊ မြို့ပေါ်က ရေ၊မီး၊လျှပ်စစ် ပြည့်စုံတဲ့ တပ်တွေက မပြောနဲ့ ယာယီတဲမှာ မိုးမလုံ နေစရာ ဘားတိုက်၊ ရိပ်သာက ဆောက်လုပ်ဆဲ၊ အဖေမေဆီ ဖုန်းခေါ်လို့မရ သဘာဝကျကျ တောင်ကုန်း ပေါ် တပ်ကသူတွေတောင် စိတ်အေးလက်အေး နားအေးပါးအေး အိပ်ရတဲ့ မြေကိုစွန့်ခွါပြီး ဘယ်သူက လာချင်မှာလဲ။
နေပူထီးထီး ကျောပိုးအိပ်တွေလွယ် သေနက်သယ်ပြီး ချွေးဒီးဒီးကျ မျက်နှာမှာတောင် ဆားပွင့် ဆားပွေးတွေတက်လို့။ ရေကငတ်သေးတယ်။ အသက်ကြီးကြီး ဆရာကြီးတွေ ဇရာကို အံတု မမှုလေဟန် ခြေကုန်လက်ပန်းကျနေတဲ့ တပည့်သားတွေကိုတောင် နှစ်သိမ့်လိုက်သေး။ တပ်ရင်းမှူးနဲ့အထက် အရာရှိကြီးများ ဟိုးနုစဉ်စစ်သားဘဝကတည်းက ထွက်ခဲ့ရတဲ့ ရှေ့တန်း အခုအသက်ရွယ်ရောက်တဲ့ထိ ပင်ပန်းနေကြဆဲ။ ကျောင်းဆင်း အလုပ်ပြန် မောမောနဲ့ အပြင်ကပြန်လာ ရေအိုးထဲမှာ ရေကမရှိ ၊ water cooler က မအေး၊ ရေခဲသေတ္တာက မီးမလာ … ဒီလိုအခါမှာတောင် ကိုယ့်ဟာကိုရေဆာပြီး ဒေါကန်ကြသူများ။ ညည တစ်ခါတစ်ခါ မီးမလာလို့ တီဗွီမကြည့်ရ၊ အိပ်မောတော့ ကျခဲ့ကြပါတယ်… ကျွန်တော်တို့ အရပ်သား ဘဝကလေ။ အခုနေခါ အဲဒီလို နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်ပျော်ချင်စမ်းပါဘိ။ ကြည့်စမ်းပါဦး အမေချက်တဲ့ ဟင်း ဆီတဝင်းဝင်း သင်းတပျံ့ပျံ့ … ကိုယ့်ဟာကို ခံတွင်းမတွေ့တိုင်း နှာခေါင်းရှုံ့ခဲ့လေသော သားသမီးများ။ ခရမ်းချဉ်သီး မပါ အချိုမှုန့်ဗလာ မဆလာကင်း ရှေ့တန်းမြေ တောထဲက ထမင်းဟင်း ပင်ပန်းတာအကြောင်းပြ ခေါင်းမချအောင် တဝ စားနေလိုက်တာများ အမေမြင် ရင်ကျိုးရချေရဲ့နော်။ အိမ်ဘေးဝန်းကျင် ရပ်ကွက်ထဲက ခင်ရာမင်ရာများ မလေးကိုတက် စင်္ကာပူထွက် နိုင်ငံရပ်ခြားမှာ ပင်ပန်းကြ ပြန်ရောက်လာ ငွေတွေပိုက် အမိုက်စားတွေဖြစ်ကုန်ကြတယ် (သူတို့ကြိုးစားမှုပေါ့)။ အမေ့သားများကတော့ နှစ်လတွေ အလီလီပြောင်း ခေါင်းကဆံပင်တွေ နီမွဲမွဲ အင်တာနက်လည်း မသိ အီးမေးလ်မရှိ သည့်တိုင်အောင် ဆေးစက်ကျရာမှာ အသီးသီးမှာ ပျော်နေကြလျက်ပါ။
Tuesday, July 8, 2008
ရင်နှင့်ရေးသော ကဗျာတစ်ပုဒ်
Posted by နေလွမ်းသူ at 2:57 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment