ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Friday, July 25, 2008

စစ်သားကိုမှ ချစ်အားရက်သူ….သို့

ဒီနေ့တော့ဘာမှလည်း လုပ်စရာသိပ်မရှိတာနဲ့ ညီကိုတစ်တွေ တပ်ရေးဗိုလ်ကြီးအိမ်ဘက် ထွက်ခဲ့ကြတယ်။ ညစာစားပြီး အချိုလေးဘာလေး ကပ်တွယ်ရလည်း နဲသလားလို့။ ဒီလိုပဲလူပျိုဘဝက ဟိုဆိုက်ကားတွဲ ဒီဆိုက်ကားတွဲနဲ့ အဆင်ပြေအောင်နေရတာ။ အိမ်ရှေ့ကို ရောက်မယ်မလို့ရှိသေး မငိုနဲ့လေကွာ အခုကျမှ သူဇာကလည်းကွာ …တဲ့ ငိုမှာပဲ ငိုတော့ဘာဖြစ်လဲ..တဲ့ မသူဇာ(တပ်ရေးဗိုလ်ကြီးကတော်က)က သူ့ယောက်ျားကို ပြန်အော်တယ်။ လိုက်မလာပါနဲ့ ကိုယ့်ဟာကို ရန်ကုန်မှာ ကိုယ့်စာကိုသင်နေပါလို့ ကို ဖုန်းဆက် ကတည်းက သူဇာ့ကို ပြောခဲ့တာပဲလေ .. သူဇာ့ဘာသာသူဇာ အတင်းလာတာကိုး။ ဘာဖြစ်လဲ လာတော့ ကိုယ့်ယောက်ျားနောက်ကိုယ်လိုက်တာတာပဲ.. အင်းလိုက်လာတော့ အခုသိပြီမဟုတ်လား…တဲ့ ကိုသက်နောင်(တပ်ရေးဗိုလ်ကြီး)ကလည်း ပြန်ပြောပါတယ်။

ဖြစ်ပုံကဒီလိုပါ။ အိမ်ထောင်ကျတာသိပ်မကြာသေးတဲ့ ကျွန်တော်တို့ တပ်ရေးဗိုလ်ကြီးအသစ် ကိုသက်နောင် ရှိရာ တပ်ကို သူ့ဇနီးဖြစ်တဲ့ ကျူတာအစ်မ မသူဇာက လိုက်လာပါတယ်။ ကျောင်းပိတ်ရက်ရှည်ရတုန်း။ အဲဒီထိကို ဘာမှ ပြသနာမတက်သေးပါဘူး။ ပြသနာက မနက်က တပ်ရင်းအဝင်လမ်းတစ်လျှောက်က လယ်တွေ ကောက်စိုက်ပွဲ အကြီးအကျယ်လုပ် ရှိသမျှစစ်သည် ရဲမေတွေ ယောက်ျားမိန်းမ အတွဲတွေလိုက် လယ်ထဲဆင်းကြ ကောက်စိုက်ကြ လူပျိုတွေအားလုံးလည်း ပျိုးထုံးသယ်ကြ စိုက်ကြနဲ့ တအုံးအုံး ပျော်စရာကြီး။ တပ်တွေမှာက ကိုယ့်တပ်က လယ်စပါးကိုကိုယ်တိုင်စိုက်ကြပျိုးကြ အားလုံးကိုယ့်တပ်အင်အားတွေနဲ့ ရသမျှ စက်ပစစည်းကိရိယာတွေနဲ့လုပ်ကြကိုင်ကြတာပေါ့။ ပြသနာကအဲဒီမှာစတာပါ။

တပ်ရင်းမှူးနဲ့ ဒုရင်းမှူးအပြင် သူတို့ဇနီးတွေပါ လယ်ထဲဆင်းပျိုးထုံးတွေဖြေ စိုက်ကြပျိုးကြလုပ်တော့ အရာရှိ အငယ်တွေနဲ့သူတို့ ဇနီးတွေပါလိုက်ဆင်းကြရတာပေါ့။ ဒီတော့ တပ်ရေးဗိုလ်ကြီးကတော် ခနရောက်လာတဲ့ ကျူတာမမလည်း ထမီကိုရေမစွပ်အောင်ပ ဒူးအထက်ခပ်တိုတို…ဆိုပြီး ဆင်းရတော့တာပေါ့။ ထုံးစံပဲဒါက။ဖိုးသားတို့ကတော့ သိတဲ့အတိုင်းပဲ ပွဲဆူအောင် ကက်ဆက်နဲ့ လူပျိုရိပ်သာက amplifier တွဲပြီးသီချင်း ကောင်းကောင်းတွေနဲ့ မြူးထူးတက်ကြွ သထက်မြူးအောင်ဖွင့်လိုက် လယ်ထဲဆင်းလိုက် တစွပ်စွပ်နဲ့ဝင်စိုက်လိုက်၊ ကန်သင်းရိုးပေါ် ပြန်တက် လဖက်စားလိုက် ရေနွေးကြမ်းသောက်လိုက်နဲ့။ အတော်ကိုဟုတ်နေတာပဲ။ မဟုတ်တာက ညနေရေချိုးပြီး ခန္ဓာကိုယ် လက်တွေနာကျင်ကိုက်ခဲကုန်တာပဲ။ ဖြစ်မှာပေါ့ တစ်ခါမှမ အဲလို ကုန်းကုန်းကွကွ ကောက်မစိုက်ခဲ့ဘူးတာလေ။ အဲဒီလိုပဲပေါ့။

ရန်ကုန်မှာ စာသင်တာလောက်လုပ်ခဲ့ရတဲ့ ကျူတာ မသူဇာ ခမျာ မနေ့တစ်နေ့ကမှ တပ်ထဲကို ရောက်ဖူး တယ်ရှိအောင် ကျောင်းလေးခနပိတ်တုန်းလိုက်လာပါတယ်။ တပ်ရင်း တစ်ရင်းလုံးကျွတ် ထွန်တုန်းဖွင့်ပွဲ ကောက်စိုက်ပွဲတော်ကြီးနဲ့လာတိုးနေရတယ်။ တိုးတာထက် အကြီးတွေရဲ့ ဇနီးတွေ ရဲမေ(စစ်သည်ဇနီး)တွေနဲ့ သူလိုကိုယ်လို လယ်ထဲဆင်း ပျော်ပျော်ပါးပါး အပြိုင်ကောက်ဝင်စိုက်တော့ ကျူတာလည်းမရဘူး။ တပ်ရေးဗိုလ်ကြီးဆီ အလည်တွေ ဘာတွေဘေးချိတ် စစ်တပ်ထုံးစံအတိုင်း သူများတန်းတူလုပ် ကိုယ်လည်းလိုက်ပါလုပ်ဆောင် ရတဲ့ ရိုးရာအတိုင်း ကိုသက်နောင် ကိုယ်တိုင်ကလည်း ကဲ သူဇာ လုပ်မင်းပါ ဆင်းဖို့ပြင် ဆိုပြီး ဇွတ်….လယ်ထဲကို တွန်းမချရုံတမယ် ခိုင်းတော့တာဆိုတော့ မသူဇာတို့ ပွဲပျက်တာပေါ့။ သူ မပြောနဲ့ ဒီမောင်တို့တောင် တစ်သက်နဲ့တစ်ကိုယ် ဒီလိုမျိုး တစ်ခါမှ ကောက်စိုက်ခဲ့ရတာမှ မဟုတ်တာ။ ဟော အခုညရောက်တော့ ကိုယ်လက်တွေ ကိုက်ခဲနာကျင် သူများတွေထက် အတွေ့အကြုံမရှိ နေပူလည်းမိရှာ အောက်ကရေ ဘောင်လွှာလွှာမှာ … ခမျာမှာ မငိုပဲ ခံနိုင်ရိုးလား အခုတော့ သူ့ချစ်မောင် တပ်ရေးဗိုလ်ကြီး ကိုသက်နောင်ကိုပဲ အပြစ်လုပ်လို့ တဟီးဟီးတရွှတ်ရွှတ် ငိုနေပါရောလား။

အနော်တို့လည်း သဘောပေါက်လိုက်ပါတယ်။ အိမ် ဝန်းထဲကိုမဝင်တော့ဘဲ လှည့်ပြန်လာခဲ့ကြတော့တယ်။ တိတ်ပါကွာ ကိုယ်ဆေးလိမ်းပြီး သက်သာအောင် နှိပ်ပေးပါ့မယ်နော်။ ကဲကဲ မငိုနဲ့နော်။ မကြီးမငယ်နဲ့ကွာ ကြည့်စမ်း ရန်ကုန်က သူဇာ့တပည့်တွေများ မြင်ရင်နော် ရှက်စရာကြီး နော် မငိုနဲ့…ဘာညာ…နဲ့ပေါ့ဗျာ ။ ကျွန်တော်တို့ အစ်ကိုကြီးတစ်ယောက် ဟိုအရင်နေ့တွေက ဟိုသူ့ကိုဟောက် ဒီသူ့ကိုခြောက်နဲ့ အခုများတော့ အသံလေးကိုချိုလို့…. အင်း ကျွန်တော်တို့လူပျိုတွေပဲအေးပါတယ်။ အဲဒီလို အခြေအနေမျိုးကြတော့လည်း…အဟဲဟဲ ဟုတ်တယ်လေ။ အနော်တို့ မိန်းမယူခဲ့ရင်လည်း သူ ခမျာ ဒေါ်သူဇာလိုပဲ နေရှာမှာ…. ဆိုတော့ မယူသေးတာပဲ ကောင်းပါတယ်ဗျာ …နော်။


မှတ်ချက်။ ။ဒီလိုမျိုးတွေကြောင့် ကျွန်တော့်ညီမလေးဖြစ်တဲ့ အာမီဆိုးလ် ကတော့ သူ့ဘလော့ထဲမှာ ပို့စ်တစ်ခုအနေနဲ့ကို ထည့်ရေးမှာကြားထားရှာပါတယ်ဗျာ။ သက်ဆိုင်သူ မမ ညီမများ အဲဒီမှာလည်း သွားဖတ်နိုင်ကြပါတယ်ခင်ဗျား။ @နေလွမ်းသူ

( နေလွမ်းသူ ခရီးလွန်နေသဖြင့် ကျွန်တော့် နာမည်ဖြင့် ပင် တင်ပေးလိုက်ပါသည်။ နေလွမ်းသူ အား သတိရ လွမ်းဆွတ်နေကြကုန်သော ပရိသတ် အပေါင်း ကျေနပ်နိုင်ကြပါစေ.. ကိုဥာဏ်(စက်မှု) )

6 comments:

yuyamoon said...

အင်း..
ဒါကြောင့်စစ်ဗိုလ်တွေကိုဘယ်လောက်ချစ်ချစ်
ယူဘို့စိတ်မကူးရဲတာပေါ့.. ဘ၀ကြီးကဆိုးပါ့နော်.
ဟီးဟီး

၀ဿန်ဦး said...

အနော်တို့ မိန်းမယူခဲ့ရင်လည်း သူ ခမျာ ဒေါ်သူဇာလိုပဲ နေရှာမှာ…. ဆိုတော့ မယူသေးတာ.. ဟတ်ဟတ် :P

လေလှိုင်းထဲက လွမ်းနေသူ said...

So bad na.... he he.... but this post is so nice that can show the life before we do...

ကိုရင်ညိန်း said...

ဟုတ်ပ အစ်ကိုရေ ကျွန်တော်တို့ တပ်ရေးဗိုလ်ကြီး ကတော်လည်း ကြက်ဆူနဲ့ သွားတိုးတာ အဟေးဟေး ခွင့် ၁၀ ရက်ယူပြီးလာတာ ခမျာ ၃ ရက်ပဲနေပြီး ရန်ကုန်ပြန်သွားလေရဲ့ ။ အဟေးဟေး

ငယ်လေး said...

ချစ်မိပြီဆိုမှတော..
ကြိုးစားပြီး ပါရမီဖြည့်ပေးရမှာပေါ့...
မေ့မသွားဖို့ကိုပဲ ဆုတောင်းနေပါတယ်...

GreenGirl said...

အမလေး..ဂယ်ကြီး အဲ့လိုလုပ်ရမှာလားးးးး ဒွတ်ခနဲ့ GreenGirlတော့ တွေ့တော့မှာပဲ :(