ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Wednesday, July 16, 2008

ဝေဒနာ အပိုင်းအစလေးများ (အပိုင်း-၈)

ရှေ့တန်းမြေကနေ တပ်တစ်တပ်ကို သတ်မှတ်ကာလ ပြည့်တာနဲ့ နောက်တန်း ဌာနချုပ် တွေကနေ တက်လာတဲ့ တပ်နဲ့ တာဝန်လဲလှယ် စခန်းချိန်း ပြီဆိုတာနဲ့ အလားလုံးက နဲနဲ တက်ကြွနေ ကြပါတယ်။ ဘာလို့နဲနဲ ရတာလဲ မေးစရာရှိတယ်။ လဲပြီးမှ မြေပုံညွှန်း မပည တွေချပေးပြီး သွားရှင်းရတာမျိုးဆိုရင် ဝန်စည်စလွယ် အလေး အပင်တွေနဲ့ တပည့်တွေပင်ပန်းစွာနဲ့ တောတိုးပေဦးတော့။ ချိန်းပြီဆိုရင် ရှေ့တပ်က နောက်တပ်ကို ဘယ်နေရာကတော့ ထူးခြားတယ်။ စားစရာဘယ်မှာ ရှာ ရေက ဘယ်လိုခပ်၊ မိုင်းက ဘယ်လိုနေရာတွေမှာ၊ ရံဖန်ရံခါ လုပ်တတ်တဲ့ အလေ့အထတွေ၊ ရန်သူ့သတင်း၊ မိမိ တပ်တွေ သတင်း၊ အကုန်အစုံပဲ ပြောပြထားခဲ့ရတာ။ အဲဒီလိုပြီး တပ်မဌာနချုပ်ကို ဘယ်အချိန် ထွက်ပါ့မယ် ဆိုတာနဲ့ အဲဒီအချိန် ဒိုး တော့။ ဒီလိုအခါမျိုးကျ အထူးတလယ် သတိထားရပြီ။ ဘာလို့လဲဆိုတော့ အားလုံးက နောက်တန်း ခဏ ပြန်နားရပြီကွ ဆိုပြီး စိတ်တွေက ပေါ့ပါး သတိတွေပါ လျှော်သွားတတ်တာ မျိုးပါ။ မတော် လမ်းမှာ ရန်သူ စောင့်ကြို ဆွဲမိုင်းနဲ့ မိမှ ဂေါ်သလိဂဲ့ ရတတ်တယ်။ တပ်မတော်မှာ ဒါမျိုးတွေက ဖြစ်တတ်ခဲ့ကြလို့။ ဒီတော့ တပည့်တွေ မှာနေကျအတိုင်း ပါးစပ်တွေ ပွစိပွစိ အသံမထွက် ခြေလှမ်း ၁၅ လှမ်းထက် ပိုပြီး ကပ်မနေဖို့၊ ကလုံဂွမ် ဒုံဂွမ် အသံဗလံတွေ လုံနေစေဖို့ ထပ်တလဲလဲ ဒါပဲ အာပေါက်အောင်မှာ နေရတယ်။

အရမ်းတွေ တက်ကြွပြီး ပွိုင့်(ရှေ့ပြေး) တပ်ခွဲက လှိမ့်ဆင်းနေရင်လည်း အလယ်မှာ အတန်း စစ်ကြောင်းကြီးက ပြက်ထွက်ပြီး ရှေ့နောက် မဆက်မိတော့ပါဘူး။ ဒါမျိုး မတော်လို့ ရန်သူက ဆွဲမိုင်းနဲ့ စောင့်နေခဲ့ရင် အဲဒီလို အဆက်ပြက် အစုအဖွဲ့နေရာ ရွေးပြီး တွယ်တတ်ပါတယ်။ ကိုယ်တိုင်လည်း MA-3 ကို အသင့်အနေ အထားနဲ့၊ မသင့်လို့ကမရဘူး၊ ပစ်ဟဲ့ခတ်ဟဲ့ ဆို ပစ်စရာအတို (ချစ်စနိုးအခေါ်) ပစ္စတိုလေးက ဘာမှ အလုပ်မဖြစ်ပါဘူး။ တကယ်တမ်း အံကျပါးကျ သူတင်ကိုယ်တင် ဆော်လို့ရတာက ဒီ သေနက်အရှည် MA-3 ပဲလေ။ ဆိုတော့။ ခရီးတော့ အတော်ပေါက်တယ်၊ မြန်တယ်၊ အေးလေမြန်ပေ မကိုး အပြန်ခရီးပဲဟာကို။ ဒီလိုနဲ့ သံဘိုရွာ ဗျူဟာကိုရောက် အုပ်ချုပ်မှုလုပ် ပြီးတာနဲ့ ဖင်ပူအောင် မနားဘူး ချက်ချင်း ကားတွေ အသင့်ပြင် တင် ထွက်ကြတာ။ ဟော ညနေစောင်း ပဲနွယ်ကုန်းကိုရောက်တယ်။ ထုံးစံအတိုင်း တပ်မတော် စစ်ရထားက အသင့်စောင့်လို့။ ပဲနွယ်ကုန်းဘူတာမှာ ပစ္စည်းတွေ ကားပေါ်ကနေ ရထားပေါ်ပြောင်းတင်ရ စုံမစုံက သေချာစစ်ရတယ်။ တစ်ခုပျောက်တာနဲ့ အလျော်ပေးလို့လဲ ရတာမျိုးမဟုတ်။ ပျောက် ပြုတ်ကျ ကျန်ခဲ့လို့ ကွိုင်တက်ရင် ကို(တပ်ခွဲမှူး)တွေပဲ problem ကိုက်မှာ။ ဒီတော့ လူရော လက်နက်ရော စုံမစုံထပ်စစ်။ နေရာသေချာချရတယ်။ ပြီးမှ ထမင်း ဟင်းချက် ရေခပ်တာလုပ်ကြတယ်။ ကျက်တာနဲ့ ချိုင့်လေးနဲ့ထည့် ပန်ကန်ပြားလေးကိုင် (ဒီတစ်ခါတော့) ပန်းကန်ပြားလေး ကိုင်ပါတယ်။ အဟဲ မြို့ပေါ်ရောက်ပြီ လူတော သူတော မသင့်တော်ဘူးပေါ့နော….

ထုံးစံအတိုင်း အငယ်တွေစုပြီး အကြော်လေး နဲနဲဝယ်လို့ စားကြပေါ့။ အားလုံးပြီးပြီး ဆိုတာနဲ့ နေလည်းဝင်စပြုပြီ။ ကျွန်တော်တို့ရဲ့ စစ်ရထားလည်း ပဲနွယ်ကုန်းကနေ ဟိုဘက် မန္တလေးကို ဦးတည် ဘီးစလှိမ့်တယ်။ ဒီတော့မှ ဟူး ဝူး ဆိုသက်ပြင်းချ လိုက်မိတော့တယ်။ တင်းထားတဲ့ attentions တွေ လျှော့ပစ်လိုက်ပြီ…. အခုမှပဲ ကလေးလူကြီး ကျားမ လူလူသူသူတွေ ပြန်မြင် ရတဲ့အဖြစ်လေ။ တောထဲမှာ ဒီမျက်နှာနဲ့ ဒီမျက်နှာ နေ့ရှိသရွေ့။ လျှပ်စစ်မီးရောင်လက်လက် ကားမီးလက်လက်တွေ မြင်ရပြန်တော့ စိတ်မှာတစ်မျိုးကြီးပဲ။ ကိုယ့်တပ်ခွဲလိုက်အတွဲမှာ အရာရှိတပ်ခွဲမှူးတွေ ကိုယ်စီ ခုံမရှည်တရှည်လေးမှာ ပုဆိုးနွမ်းလေး ဖြန့်ခင်း ကျောဆန့် ဒူးကွေးလို့။ ဆရာ ၁ ယောက်စီက အပေါ်နားမှာ ကင်းသမားနဲ့အတူ စကားတစ်ပြောပြောနဲ့။ လူတို့ ပစ္စည်းဘာညာ ပြုတ်ကျမှာစိုးလို့ ကင်းထားရတာ။ အိပ်တဲ့သူက အိပ်ပြီ။ သီချင်းလေး ငြီးတဲ့သူက ငြီးလို့။ တောင်ငူဘူတာကို ည (၁၂)နာရီ လောက် ဝင်တော့ ခနရပ်ထားပါဦး လို့ တိုင်း(တပခ) အမိန့်နဲ့ ကျောက်ချထားရတယ်။ ဒါနဲ့ပဲ ကိုယ့်အတွဲကိုယ့်တပ်ခွဲက ဆရာတွေ အောက်ဆင်းမယ့်သူ သေနက်လုံးဝ မယူဖို့၊ ကင်းသမားတွေနဲ့ ဆရာ-၂ ယောက် အစောင့် နေဖို့ပြောပြီး ကိုနန္ဒတို့ လည်း စုစု စုစုနဲ့။ ဘူတာထဲက အလင်းဆိုင်ကြီးတွေမှာ လူတွေနဲ့ စည်ကားလို့။ အားလုံးပိုက်ဆံတွေစုလိုက်တယ်။ ကျွန်တော်က ၈၀၀ ၊ ကိုတိုးကြီးက ၁၅၀၀ ကိုနိုင်ဝင်းက တစ်ကျပ်မှကို မရှိတော့တာ။ ညီငယ်တွေကိုတော့ ကင်းလွတ်ပေးလိုက်တယ်။ ကင်းလွတ်ခွင့် မပေးလဲ မရှိကြတော့ဘူး။ သိနေတယ်။

ဗိုလ်မှူးစိုးခိုင် ဦးဆောင်ပြီး လက္ဘရည် ဆိုင်ကြီးဘက်ကို ထွက်ခဲ့တယ်။ အံမယ် တပည့် လူပျို စစ်သည်တွေ စားလို့သောက်လို့ ။ အင်းပေါ့လေ သူတို့က လကုန်တုန်းက နောက်တန်းက လစာပေးနဲ့ လစာကိုယ်စီပါလာကြတာကိုး။ ဒီမောင်များက ဘယ်က လစာပါမလဲ။ အင်းဝ ဘဏ်ကြီး ရှေ့တန်းမှာ ဘဏ်ခွဲလာဖွင့်ပေးရင်တော့ အိုကေမှာ။ ဒါတောင် လက်မှတ်က နဲနဲလွဲနေပါတယ် မောင်လေး ဆိုရင် ဒုက္ခ။ (အဲဒီပြသနာကလည်း ခနခန ကြုံကြရတယ်) ဆိုင်နားရောက်တော့ ခနကွာ ဆိုပြီး ဗိုလ်မှူးကငြိမ်ပြီး စဉ်းစားနေတယ်။ ရော့ ညီလေးနန္ဒ မင်းနဲ့ နောက် အငယ် ၁ ယောက်ပဲသွားပြီး ကိုယ်တို့မှာသမျှ ကိုယ်စီကို ပါဆယ်ဆွဲလာ ခဲ့လိုက် တော့ကွာ..တဲ့။ ကျွန်တော်လည်း အမ်… ဘယ်လိုဖြစ်တာလဲပေါ့။ ဗိုလ်မှူးဆီက အသံထွက် လာတယ်။ မင်းတို့ ငါတို့ ပုံစံတွေလည်းကြည့်ဦး ဆံပင်တွေက ဖရိုဖရဲ ယူနီဖောင်းအရောင်က လွင့်လို့ အရာရှိတွေ ဆိုင်ထိုင်ပြီး တပည့်တွေကျတော့ မထိုင်ရဘူးလား… ဒို့ပဲ ဝယ်စားနိုင် သောက်နိုင်လား ဒီလိုပုံစံတွေလား ဆိုပြီး အရပ်သားတွေ တစ်မျိုးမြင်ကြလိမ့်မယ်။ တစ်ချို့ လစာမပါ နောက်တန်းက ငွေမလာတဲ့ တပည့်တွေလည်း ငါတို့ထိုင်ကြ အုပ်စုလိုက် စားကြ သောက်ကြတာကို မြင်ပြီး အားငယ် စိုးရွံ့စိတ်တွေ ဝင်ကုန်လိမ့်မယ်ကွ ဒီတော့ ညီလေးပဲ သွားဆွဲလာခဲ့ကွာ ဒို့ ညီကိုတစ်တွေ တွဲပေါ်မှာ ဖရောင်တိုင်လေးထွန်းပြီး ပျော်ပျော်ပါးပါး လ္ဘက်ရည်လေးနဲ့ ပါလာတာလေး မုန့်လေး ခဲကြတာပေါ့ မဟုတ်ဘူးလား ကိုတိုးကြီးရာ နှော ဆိုတော့ သိပ်ကောင်းတာပေါ့ ဗိုလ်မှူးရာ… တဲ့ ။ ကိုတိုးကြီးကလည်း….။ အဲဒီညက ဘာလို့လဲ မသိ တောင်ငူဘူတာမှာ တိုင်း(တပခ)က ဆက်ထွက်မိန့် စောင့်နေရင်း ကိုနန္ဒအောင်တို့ အသဲစွဲ ပေါ့စိမ့်လေးနဲ့ ဆိတ်သား ချပါတီလေးနဲ့ ရထားတွဲ မှောင်မှောင်ပေါ်မှာ ဖရောင်တိုင်မီး မှိန်မှိန်လေးထွန်းလို့ ညီကိုတစ်တွေ စကားပြောလိုက် စလိုက်နောက်လိုက်နဲ့ အိုး တကယ်ကို ဘဝအမောတွေ မေ့သွားပြေပျောက်သွားတော့တာပါပဲ။

0 comments: