ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Sunday, June 8, 2008

ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့ - ၃

မိုင်းဆက်မြို့....ခရိုင်မြို့ဖြစ်တာနဲ့ အညီ တကယ်ကို သပ်ရှင်း သာယာပါတယ်။ လမ်းကြောင်း အနေနဲ့ ဒီဘက်ကို တာချီလိတ်၊ တစ်ဖက်ကလည်း တောင်ကြီးဘက်ကို ဆက်သွယ် သွားလာနိုင်တဲ့လမ်း ရှိတယ်လို့သိရပါတယ်။ ဒီမြို့မှာကျ ထိုင်းဘတ် လုံးဝမသုံးပါဘူး။ purely မြန်မာကျပ်ပဲ သုံးကြပါတယ်။ လျှပ်စစ်မီး အမြဲရတော့ ဖွံ့ဖြိုး တိုးတက်မှု ကောင်းပါတယ်။ အဲဒီကနေ ထွက်ပြီဆိုတာနဲ့ ဟိုဘက်လမ်းက မြေသားလမ်းဖြစ်သွားပြီ။ လမ်းမှာ ဝ ရွာတွေပိုစိပ်လာပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလည်း တွေ့နေရတယ်။ လမ်းတစ်လျှောက် သစ်လုံး တင်လာတဲ့ကားတွေပဲ များပါတယ်။

နောက်မြို့လေးက မိုင်းတုံ သူကျတော့မြို့အဝင်ကစပြီးကျောက်တုံးခင်း လမ်းနဲ့ဝင်ပါတယ်။ လျှပ်စစ်မီးကတော့ စက်မောင်းပြီး ဖြန့်ဝေပေးတဲ့ စနစ်ပါ။ မြို့အင်္ဂါရပ်နဲ့တော့ ညီညွတ်တာကို တွေ့ရပါတယ်။ မိုင်းတုံဗျူဟာကို ဝင်သတင်းပို့ရပါတယ်။ ဝယ်စရာတွေဒီကနေအပြီးဝယ်ကျတော့ ဟိုဘက်ဆို ဒီလိုဝယ်ဖို့မလွယ်တော့ဘူး အချိန် ၁ နာရီပေးလိုက် ကားအလိုက်လူစုံရင်မင်းဆီ သတင်းပို့ခိုင်း နန္ဒအောင် လို့ပြောလာတာနဲ့ အဖွဲ့တွေဆင်းပြီးဈေးဝယ်ဖို့ပြောရတယ်။ သေနက်တွေကားပေါ်ထားခဲ့။ အကုန်မဆင်းနဲ့ ပေါ့။

ဆက်ထွက်လာလမ်းကြားစခန်းတစ်ခုဖြတ်တော့ နေစောင်းနေပြီ။ ကားတွေရပ်ချောင်းတစ်ခုဘေးမှာ စခန်းချကြ ပြင်ဆင်တော့ အိပ်စရာနေရာအရင်ရှာရတယ်။ တပ်ရင်းမှူးနဲ့ ဒုရင်းမှူးအတွက်တော့ အိမ်တစ်စီမှာ နေရာချပေး ကြပါတယ်။ ဈေးဆိုင်အစုလေးတွေပါ။သစ်ကားတွေကိုဈေးရောင်းကြတာ။ ရှမ်း-ဗမာတွေ။ ဆိုင်အပျက်လိုနေရာ လေးတစ်ခုမှာ တို့တွေဒီမှာ စုအိပ်တာပေါ့ဆိုပြီး တပ်ခွဲမှူး-၄ယောက် နေလိုက်ကြတယ်။အဖွဲ့တွေကတော့ ချက် ပြုတ်ရေခတ်။ရေချိုး ဆူညံနေပါတယ်။ ညစာစားဖို့လုပ်တော့ ဆရာကြီးတစ်ယောက်လာခေါ်တယ် အဘခေါ်ခိုင်း လိုက်လို့ ဗိုလ်ကြီးအားလုံး ဆိုတာနဲ့ လိုက်သွားတော့ ထမင်းဝိုင်းပြင်ပြီးသား အသင့်နဲ့ ကဲလာ ဒါကကျွန်တော့် ဗိုလ်ကြီး တပ်ခွဲမှူးတွေပဲဆိုပြီး ထမင်းတည်ခင်းဧည့်ခံတဲ့ အိမ်ရှင်ဖြစ်ပုံရတဲ့ လင်မယားကဖော်ဖော်ရွေရွေပါပဲ။ ဆက်သားအစိုချက်တွေငြုပ်သီးစပ်စပ်နဲ့ တကယ်စားလို့ကောင်းတယ်။ တောင်ပေါ်ရွာတွေကရတာလို့သိရတယ်။ ည မိုးမရွာပါစေနဲ့လို့ဆုတောင်းနေရတယ်။ တပည့်တွေတစ်ချို့က ထိုင်းမြက်ဖျာလေးခင်း ပြီး ဒီလိုပဲ အစုလိုက် အိပ်ကြတယ်။ သစ်ထုတ်စခန်းတွေက သစ်လုံးကားကြီးတွေက ရပ်နားညအိပ်နေရာဖြစ်တော့ သူတို့ က ကားက မီးလေးတွေထွန်းလို့ စုပြီး အရပ်ဝိုင်းဖွဲ့ နေကြတာကိုတွေ့ရတယ်။ ကိုယ်တွေကတော့ ငေးပေါ့။

အဖွဲ့တွေထမင်းစားပြီးတာနဲ့အိုးခွက်တွေဆေးပြီး နောက်နေ့ နေ့ခင်းစာ(lunch) ပြန်ချက်ကြတယ်။ ဒါကလည်း တပ်မတော်ရဲ့ထုံးစံပါ။ စားချက် ဆိုတာဒါကိုခေါ်တာပေါ့။ စားပြီးချက်ချင်းပြန်ချက်ရတာလေ။ ကျွန်တော့် စိတ်ထဲမှာတော့ တကယ်ကို စိတ်ချမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ကိုသွားခဲ့ရတဲ့ ရှေ့တန်းခရီး တောထဲမှာ ဒီလိုအေးဆေးခေါင်းပြားအောင်မအိပ်ရ ပါးဖောင်းအောင်မစားခဲ့ရဘူးလေ။ ဒီဘက်ဒေသကြီး အခုလိုငြိမ်းချမ်း သွားတာတကယ်ကို ကျေနပ်စရာပါပဲ။ ရွာတွေ့တာနဲ့အတင်းဝင်အိမ်ပေါ်တက် ဆွဲရမ်းယူငင် လုပ်ချင်ရာလုပ် ဆိုတာ ကိုယ်တိုင်ဒီစစ်သားဘဝ ရှေ့တန်းမြေဒီလိုနေရာမှာ စိတ်ကူးတောင်မယဉ်နိုင်ပါဘူး။ ဒီနေ့ခေတ်မှာပေါ့။ အများပြောဆိုခံလက်ညှိုးထိုးစရာအဖြစ်တွေ ရှိခဲ့မယ်ဆိုရင်တောင် ဒါတော်တော်ကိုကြာခဲ့ပါပြီ။ အဲဒီအရိပ်မည်း တွေကို ဒီနေ့တပ်မတော်သားတွေက ဘာမှမလုပ်ရပါဘဲ စွဲချက်တင်ကျန်ပြီး အလာကားနေရင်း အမုန်းခံဘဝ ရောက်နေရတာတော့ တကယ့်ကို ရင်နင့်စရာပါဗျာ။ အခုရွာတွေများ ရောက်တာနဲ့ သူကြီးက တပ်ရင်းမှူးကို လာခေါ် သူ့အိမ်မှာ သူ့ဆန် သူ့ဟင်းလျာနဲ့ သူချက်တဲ့ စပါးအရက်လေးနဲ့ စကားတပြောပြောလုပ်ကြတာ။ ဟုတ်ကဲ့ ကျွန်တော် နန္ဒအောင် က ငါတွေ့ကွ လို့ပြောပါမယ်ဗျာ။

တပည့်တွေပိုဆိုးသေး ရှမ်းစကားမွတ်နေအောင်ပြောတတ်တယ်။ အိပေါ့အိမေ တို့က ပယ်ရီဇင်း(ငှက်ဖျားဆေး) အလွန်သဘောကျတာ။ ဆရာများက သူတို့ ဥထားတာလေး ထုတ်ပေး အိပေါ့(အဖေ) က စပါး(ရှမ်းပြည်ရဲ့ ပင်တိုင်ချက်အရက်)အိမ်တွင်းဖြစ်ပုလင်းလေးတွေထုတ်ပေးတယ်။ အိမေ(အမေ)ကြီးက အသီးခြောက်၊ အသား ခြောက်လေးတွေထုတ်ပေးတာလေ။ နောင်ရင်း တို့ ပီနန်းတို့က ကျောင်းတက် ထိုင်းထွက် အလုပ်လုပ်ကြတာ များပါတယ်။ ဘယ်ရွာမှာဘယ်တပ်က ရန်ဖြစ်လို့ ကျည်ထွက်လို့ ဆိုတာလေး ရွာက နေဖြစ်ဖြစ် ပြည်သူ့စစ်က ဖြစ်ဖြစ် သက်ဆိုင်ရာ ကွပ်ကဲမှု(တိုင်း၊တပ်မ၊ဗျူဟာ)သိသွားလို့ကတော့ အဲဒီတပ် သေဖို့သာပြင်ထား။ မြေပုံညွှန်း တွေချပေးပြီး သွားရှင်းပါ။ လက်ချင်းချိတ်ပါ။ မွှေပါနှောက်ပါဆိုပြီး လူသူမရှိ တောခေါင်ခေါင်တကယ့် တောင် ထူသစ်တောထဲ ဒိုး ပေဦးတော့။ ဝန်စည်စလွယ်အလေးအပင်တွေ မနိုင်မနင်းနဲ့လေ။ ဟိုအရင်က သူများတွေ ပြောသလိုသာ ရွာဝင်ကြက်ဆွဲ၊ ဝက်ဆွဲ အိမ်ပေါ်တက် မဟားဒယားယူငင် မတရားပြုကျင့်ဖို့မပြောနဲ့ ရွာသား တစ်ယောက်ယောက် ထိုးကျိတ် လိုက်တာနဲ့ အဲဒီ စစ်သည်၊ သူ့တပ်ခွဲမှူး သေဖို့သာပြင်။ တပ်မှူးလုပ်သူပါ ခေါင်းကျိန်းဖို့ပြင်ထား..... ပြောထားပြီးသားပဲ အေးနော် ပေးမှယူ ကျွေးမှစား အိမ်ပေါ်ကိုယ့်သဘောနဲ့ကိုယ် တက်သွားလို့ကတော့ လက်ထိပ်ခက် ထိပ်တုံးခပ်ပြီး ဗျူဟာ အပို့ခံရမယ် .... ဒါအမိန့်ပဲ..တဲ့ တပ်မှူးများက။ နေလွမ်းသူ

0 comments: