ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Monday, June 30, 2008

ယဉ်ကျေးမှု ပန်းခြံသို့ တစ်ခေါက်


လကုန်ခါနီး ကာလ ဆိုတော့ သိတဲ့ အတိုင်း ဖွဲ့စည်းပုံက လုံးဝ ပျက်နေသည့် အချိန်ပေါ့။ ပြတ်တုန်း လပ်တုန်း ၂၃ ဆိုသော်လည်း ကိုယ်က စည်းကမ်းရှိရှိ သိပ်သုံးစွဲတတ်သူ ဆိုတော့ ရက် ၂၀ ကျော်သည်နှင့် ဘ၀ က မှောင်လာတော့သည်။ ဘ၀ က မှောင်၊ ကံကြမ္မာ က ခါး၊ အကြွေးက ထူ၊ ဆော်က မကြည်၊ ဆိုသော မှောင်၊ခါး၊ ထူ၊ မကြည် ဘ၀ကြီးက လစဉ် ၂၀ရက် လောက်ရောက်သည်နှင့် ကြုံနေကြ။ မုန့်လုံးစက္ကူကပ်နေသည့် သံသရာ ကြီးလို ဖြစ်နေသည်။ ပြင်မည် ပြင်မည် ကြိုးစားသော်လည်း မရ။ ရာသီမှန်သော မိန်းမပျိုလေးသဖွယ် လစဉ် အဲဒီ အပြတ် အလပ် ကာလ ကြီးက ရောက်ရောက်လာသည်။ အော် ဗော့ဒ်ကာ လေးတောင် နပ်မှန် မသောက်နိုင်ပါလားကွယ် ဟု ညည်းမိလေတိုင်း ဘေးက အကြွေးရှင် သူငယ်ချင်းက မျက်စောင်း တထိုးထိုးနှင့် ဘုရှိုး ရှိုးခြင်းကို ခံရ၏။ က်ျသို့ က်ျပုံ ပြတ်လပ်နေသော ကာလတွင် မြန်မာပြည်ပြန်တော့မည့် စီနီယာ အကို တစ်ယောက်က လှမ်းခေါ်၏။ မပြန်ခင် ကျွှေးမွေးပြုစုသွားလိုသည် ဆိုပဲ။ ဟိုက် နိပ်ဟ။ သူကလည်း မပြန်ခင် ကျွှေးမွေးလိုသည်ဆိုတော့ ကိုယ်ကလည်း သူ့ကို နှုတ်ဆက် အနမ်းလေး သဘောဖြင့် အပြတ် ၀ါးပစ် လိုက်မည် ဟူသော ခံယူချက်ဖြင့် ချီတက်ခဲ့တော့သည်။

သူ့ဆီရောက်တော့ စစ်တပ်ထုံးစံ အတိုင်း စီနီယာ ဆိုတော့ သူကျွှေးသမျှ အလကား အခန့်သား အဆင်သင့် စားလို့ က မကောင်း။ ဒီတော့ မီးဖိုထဲဝင်။ သူ့ကို ကူညီလုပ်ကိုင်ပေးရင်း ဟင်းချက်ရ၏။ စားလို့ သောက်လို့ ကောင်းအောင် ဘာညာသာရကာ နည်းနည်း ပွားရင်း ဟင်းကူချက်၊ ဟင်းကျက်တော့ ရေမိုးချိုးပြီး စားပွဲ ထိုင်ရ၏။ ငါးကျော်နှင့် ကြက်ခြေထောက်စွပ်ပြုတ် ကို သောက်လိုက် ဘီယာလေး စုပ်လိုက်ဖြင့် အကိုတို့ ပြန်တော့မယ်ဆိုတော့ ဘယ်လောက် အားငယ်ရပါကြောင်း၊ အပြန်စောရ်ျ နှမျောမိပါကြောင်း၊ ရွာက ထွေးညို တို့ စာအုတို့ကို သတိရကြောင်းပြောလိုက်ပါ ဟု အမှတ်တရ မှာလိုက်ရပါကြောင်း စသည် စသည်ဖြင့် ဇရက်မင်း စည်းစိမ်ရော၊ ၀က်မင်း စည်းစိမ်ရော ခံပြီးသကာလ လူက ရေချိန်လေး နည်းနည်း တက်လာတော့သည်။ ဒီတော့ အစားအသောက် ကိစ္စပြီးတော့ ဟိုကိစ္စဘက် ဦးလှည့်လာပြန်၏။ အထင်တော် မလွဲလိုက်ကြပါနှင့်။ ဟိုကိစ္စ ဆိုသည်မှာ လျှောက်လည်ကြဖို့ ဖြစ်ပါသည်။ သူက တိရိစ္ဆာန်ရုံ သွားမည်ဟု အဆိုတင်သွင်း၏။ ကျွှန်တော်က တိရိစ္ဆာန်ရုံသွားဖို့ဆိုသည်မှာ မိမိတို့မှာ ကလေးလည်း မဟုတ်၊ ကလားလည်း မဟုတ်၊ အတွဲလည်း မဟုတ် သဖြင့် တခြားနေရာသွားကြဖို့ အယူခံဝင်၏။ သူကလည်း အသက်အရွယ်ကိုမှ မထောက်။ တိရိစ္ဆာန်ရုံမှာ ဘာကောင်ကြီးတွေ ရှိတယ်၊ ညာကောင်ကြီးတွေ ရှိတယ် စသည်ဖြင့် မဲဆွယ်ပြန်၏။ ကျွှန်တော်ကလည်း မလျှော့။ အတင်း ကန့်ကွက်၏။ က်ျသို့ က်ျပုံ အကြိတ်အနယ် ဆွေးနွေးကြ ပြီးသည့်နောက် ယဉ်ကျေးမှု ပန်းခြံ သို့ ချီတက်ကြရန် သဘောတူညီချက် ရသဖြင့် ထောက်ခံမဲ နှစ်မဲ၊ ကန့်ကွက်မဲ မရှိဖြင့် ဆုံးဖြတ်လိုက် ကြလေသည်။

က်ျသို့ ဖြင့် ရုရှလို ပက်ခ်ကူသူရီး မြန်မာလို ကိုယ့်ဘာသာ ဘာသာပြန်လိုက်တော့ ယဉ်ကျေးမှု ပန်းခြံသို့ ရောက် ခဲ့ရလေသည်။ မြေအောက် ရထားဘူတာက ထွက်ပြီး ပန်းခြံ မရောက်ခင် မော်စကို မြစ်ကို ဖြတ်ရ်ျ ဆောက်ထား သော တံတားကြီးကို အရင် တွေ့ရ၏။ သည်မှာတင် ကျွှန်တော်တို့ ရှုတင် မင်းသားတွေ ရိုက်ကွင်း စတော့သည်။ တံတားကြီး လက်ရန်းပေါ်ထိုင်လိုက်၊ တံတားဘောင်ပေါ် ရပ်လိုက်၊ တံတား ဘေးက မြစ်ပြင်ကို ရှုစားလိုက် စသည်ဖြင့် မြင်မြင်သမျှ လူအပေါင်းက ပြေးရိုက်ချင်လာအောင် စတိုင် အမျိုးမျိုးပေးကာ ဓာတ်ပုံ တစ်ဖျတ်ဖျတ် ရိုက်ကြတော့သည်။ လမ်းလျှောက်လာသော ရုရှ လှပျိုဖြူလေးများကို လည်း မလွတ်စေရ။ ကိုယ့်ဟာကို ရိုက်သလိုလို၊ နောက်ခံ ရှုခင်းကို ရိုက်သလိုလိုဖြင့် အကုန် မှတ်တမ်းတင် လေတော့သည်။ မော်စကို မြစ်ကို မြင်ရတော့ အမိမြေက ဧရာဝတီကို သတိရမိ၏။ သို့သော် သူတို့မြစ်က မြစ်ဆိုသော်လည်း သိပ် အကြီး ကြီး မဟုတ်။ ပြီးတော့ ကမ်းပါး နှစ်ဖက်ကိုလည်း ကျောက်တွေ စီပြီး အင်္ဂတေ ဖြင့် ကိုင်ထားပြီးသား။ အလှအပ ပြုပြင်ထားပြီးသည်ကို ကြည့်ရင်း ဒို့နိုင်ငံလို သဘာဝ ကို မထိန်းသိမ်းတတ်ကြပဲကိုး ဟု အိဒြေကြီး တစ်ခွဲသား ဖြင့် တွေးလိုက်မိသေးသည်။ ကြာကြာနေရင် တံတားပေါ်မှာတင် ကင်မရာ ဓာတ်ခဲ ကုန်ရချည်ရဲ့ဟု တွေးမိရင်း ပန်းခြံထဲ ရောက်မှ ထပ်ရိုက်ကြဖို့ အတင်းတိုက်တွန်းရင်း ဆွဲခေါ်ရ၏။

ပန်းခြံဝင်ခက ရူဘယ် ၈၀ တောင်ပေးလိုက်ရ၏။ ကိုယ်က အတင်းတိုက်တွန်းတာဆိုတော့လည်း ဘာမှ ပြောလို့ မဖြစ်။ သူသွားချင်သည်ဆိုသော တိရိစ္ဆာန်ရုံက ကျောင်းသားကဒ် ပြလျှင် ဖရီး ရ၏။ က်ျမှာက မရ။ ကျောင်းသား မကလို့ ကျောင်းအုပ်ကြီး ပဲလာလာ ပိုက်ဆံတောင်းမည် ဆိုပဲ။ မတတ်နိုင်၊ ကိုယ့် အတတ်ကိုယ်စူး ပြီး ကုတ်ကုတ် လေး နောက်ကနေ လိုက်ရ၏။ သူက စီနီယာ ဆိုတော့ သူစိတ်မကောင်း ဖြစ်မှာစိုးသဖြင့် သူ့ကို ပိုက်ဆံစိုက်ရှင်းခိုင်းလိုက်၏။ အကြံ မပိုင်လား။ စစ်တပ်မှာတော့ အသက်တွေ ဘယ်လောက် ကြီးကြီး စီနီယာ နှင့်တွေ့လျှင် ဂျူနီယာက ကလေး သာ ပြန်ဖြစ်သွားတတ်သည်မှာ ထုံးစံလေ။ ကိုယ့်ထက်ငယ်သော ဂျူနီယာ နှင့်တွေ့လျှင်လည်း သူတို့ နှိပ်စက်သမျှ ကောင်းကောင်းခံပေတော့။ မဟုတ်လျှင် သမိုင်း တရားခံ ဖြစ်သွားမည်။ က်ျချစ်စရာ ဓလေ့ လေးကတော့ ဘယ်တော့ မှ ပျောက်ပျက်သွားမည် မထင်။

ပန်းခြံထဲ ၀င်မိကြတော့မှ သတိထားမိသည်။ ဒီနေ့ လူငယ်များနေ့ ဆိုပဲ။ အထဲမှာ စတိတ်ရှိုးပွဲ နှင့် သွားတွေ့၏။ ဟန်ကျသဟ ဆိုပြီး လဟာပြင် ရှိုးပွဲ ကို ကင်မရာ တစ်ကိုင်ကိုင် ဖြင့် တိုးရစ် စတိုင် ၀င်ဟဲလေသည်။ စင်ပေါ်က အဆိုတော်ကို ရိုက်သလိုလို ဖြင့် စင်အောက်ကနေ လိုက်နန့်နေကြသော ရုရှမလေးတွေကိုချည်း လှိမ့်ပိတ် ဗီဒီယို ရိုက်လေ၏။ သူတို့က လှည့်ကြည့်လျှင် ဗဲရီးဂွတ် ဗဲရီးနိုက်စ် ရာရှန် စသည်ဖြင့် ရုရှ စကား မတတ်သော၊ ခုမှ ရုရှကို ရောက်လာသော တိုးရစ်များ စတိုင်ဖြင့် မြှောက်ပင့်ပေးရာ အကျေနပ်ကြီး ကျေနပ်ကြပြီး ကောက်ကွေး နေအောင် ကကြလေ၏။ စိတ်ထဲက ကြိတ်ပြုံးရင်း သူတို့ကို ကွက်ကွက်ကွင်းကွင်း ရိုက်ရလေ သည်။ က်ျသို့ က်ျပုံ ရသည့် အကွက်မှာ လူလည်ကျပြီးသည့်နောက် ပန်းခြံ တစ်လျှောက်လှည့်ပတ် ရှိုးလေသည်။ တွေ့သမျှ အကင်ဆိုင်တွေ၊ စည်ဘီယာဆိုင်တွေကို အနံ့ခံရုံ ဖြင့် အာသာပြေကြသည့် နတ်ပြည်မှ စုတေ လာသူများအလား အနံ့လေးတွေပဲ ခံကာ ကျေနပ်စွာ ဖြတ်ကျော်ခဲ့ပြီးသည့်နောက် ကလေးများရော လူကြီးများပါ ပျော်ရွင်စွာ စီးနင်း ဆော့ကစားနေကြသည့် ရိုလာကိုစတာလို ဟာမျိုးများဆီ ရောက်သွား လေသည်။ လှေလိုဟာကြီး မျိုးဖြင့် ဆောက်ထိုး ပြောင်းပြန် စသည်ဖြင့် ဆူညံစွာ အော်ဟစ်ရင်း စီးနင်းနေကြ သည်ကို ဘေးမှ အသာကပ်ကြည့်ရင်း သူတို့ အစား ရင်ခုန်ရ၏။ ကိုယ်တိုင် ၀င်စီးဖို့တော့ မတတ်နိုင်။ အဖိုးအခ က ကြက်တစ်ကောင်ဖိုးလောက် ရှိသဖြင့် မြန်မာပီပီ ရိက္ခာကို သာ ဦးစားပေးရ၏။

ဆက်လျှောက်လာပြန်တော့ အရုပ်ကလေးတွေကို သေနတ်ဖြင့် ပစ်နေကြသော နေရာများဆီ ရောက်လာပြန်၏။ မိန်းမတွေရော၊ ကလေးတွေပါ ၀င်ပစ်နေကြသည်ကို တွေ့ရသည်။ ကိုယ်က လှလေးစိန် အဆင့်သာသာ ဆိုတော့ ၀င်ပစ်လို့က မဖြစ်။ တော်ကြာ အရှက်ကွဲနေမှ ဒုက္ခ။ နောက်တစ်နေရာမှာ အေကေ 47 ပုံစံ သေနတ် များချိတ်ထားသဖြင့် ကိုယ့် ဆီက အမ်အေ စီးရီးကို သတိရမိပြီး ၀င်စနည်းနာကြည့်မိ၏။ ၃၂ ချက်ပါသော ကျည်တစ်ကပ်ပစ်လျှင် ရူဘယ် ၂၀၀ ဆိုပဲ။ ဘုရား ဘုရား။ တပ်မှာတုန်းက ရှေ့တန်းပြန် လက်နက်တွေ ပြုပြင် ရင်း တစ်ရက်ကို အမ်အေ၀မ်း အလက် ၆၀၀ ကျော်၊ တစ်လက်ကို ကျည် ၁၃ တောင့်နူန်းဖြင့် တနေကုန် နားကွဲ မတတ် ပစ်ပေးခဲ့ရသည်ကို အမှတ်ရမိ၏။ အင်း တပ်ကို ပြန်ရောက်ရင်တော့ ဒီက ဈေးနူန်းကို စိတ်ထဲ မှတ်ထားပြီး တန်အောင် ပစ်လိုက်ဦးမယ်ဟု တေးထားလိုက်မိ၏။ သေနတ်ပစ်နေကြသည်၏ ဘေးနားမှာ ရေကန်လေး တစ်ကန်။ လှော်ကားဥယျာဉ်ထဲက ကန်လိုဟာမျိုးထဲမှာ ခြေဖြင့်နင်းရသော ဘုတ်ကလေးတွေ စီးနေကြသည်ကို မြင်ရ၏။ တစ်ချို့က အတွဲနှင့်။ တစ်ချို့ က မိသားစု။ ပျော်စရာကောင်းလှပေတောင်း။ ကိုယ်တိုင် တော့ မစီးနိုင်။ ကန်ဘောင်ပေါ်ထိုင်ရင်း အဝေး မှ သရေကျရ၏။ ဘီယာဗူးလေး လက်ကကိုင်ပြီး စီးကရက် လေး တစ်ဖွာဖွာဖြင့် စကားပြောရင်း ဘုတ် စီးနေကြသော အတွဲများကို အားကျမိလေသည်။ ကြာကြာနေလျှင် ကိုယ့်ဘ၀ ကို ရင်နာပြီး ကန်ထဲ ခုန်ဆင်းမိမှာ စိုးသဖြင့် မြန်မြန်ဆက်လျှောက်ခဲ့ရ၏။

ထိုနေရာများကို ကျော်လာတော့ မော်စကို မြစ်ကမ်းကို ရောက်လာ၏။ မြစ်ကမ်းနဖူးတွင် ဟိုတယ်ကြီးများ နှင့် ရက်စတော့ရင့်များ ဆောက်ထားသည်မှာ ကြည်နူးစရာ ကောင်းလှသည်။ မော်စကို မြစ်ထဲမှာလည်း အပျော်စီး သင်္ဘောများ ခေါက်တုန့် ခေါက်ပြန် သွားနေကြသည်ကို တွေ့ရ၏။ သင်္ဘောပေါ်မှာ ကတဲ့သူက က၊ ခုန်တဲ့လူက ခုန်ဖြင့် ပျော်စရာ့ ပျော်စရာကြီးဖြစ်လေသည်။ သင်္ဘော နောက်မြီးတွင် အသားကင်သော မီးဖိုက ပါလိုက်သေး။ အဝေးက မြင်ရုံဖြင့် သရေကျချင်စရာ။ ကိုယ်လို ဖွတ်ကြားများကတော့ ကမ်းဘေးက လှေကားထစ်လို လုပ်ထားသည့် နေရာမှ အသာ လှမ်းငေးနေသည်ကိုလည်း တွေ့ရသည်။ ကျွှန်တော်တို့လည်း ကင်မရာတစ်ဖျတ် ဖျတ်ဖြင့် အလကားရ နည်းလား ဟူသော သဘောဖြင့် ဓာတ်ပုံ ရိုက်ရ၏။ က်ျသို့ ကမ်းဘေးတွင်ထိုင်ရင်း ဓာတ်ပုံ ရိုက်နေစဉ် ရုရှမ ၆ ယောက်လောက်ပါသော အုပ်စု တစ်စု ဆူဆူညံညံ ဖြင့် အနားရောက်လာပြီး ဓာတ်ပုံတွေ ရိုက်ကြလေတော့သည်။ ကျောင်းသူလေးတွေ အရွယ် ၁၇၊ ၁၈ လေးတွေ။ လှတပတ လေးတွေ ဖြစ်သဖြင့် အသာလေး ကြိတ်ပြီး ရှိုးမိလေသည်။ အင်း အဘတို့က ဒါမျိုးဆို လက်ဖက်ထက် ကြိုက်သေး ဆိုသကဲ့သို့ သူတို့ တစ်တွေ ဆူညံ ပွက်လောရိုက်ပြီး အတင်းတိုးခွေ့ဓာတ်ပုံ ရိုက်နေကြသည်ကို လူကြီးမင်းများ စတိုင်ဖြင့် ခိုးခိုး ငေးရ၏။ ငေးရင်း ငေးရင်း အနက်ရောင် ၀မ်းဆက်ဖြင့် အလှဆုံးထင်ရသော ကောင်မလေးဖြင့် မျက်လုံးချင်း ဆုံမိလေသည်။ အင်း ဘော်ဒီစထရက်ချာကတော့ နန္ဒာလှိုင် မျက်ရည်ကျရမည့် ဘော်ဒီမျိုးပါလားဟု သတိပြုမိ လေသည်။ ရုပ်ကလည်း သက်မွန်မြင့် နှစ်ထပ်ကွင်းလောက် ဆိုတော့ ကိုဥာဏ် တို့ အကြိုက် မွန်းလိုက် ဖြစ်ချေသည် တမုံ့။

က်ျသို့ က်ျပုံ လူကြီးရှိုးလေး ရှိုးကောင်းနေသည်ကို မနာလိုသည့် အလား မိုးက ရွာချလိုက်ရာ သမစဉ် ပျက်လေ တော့သည်။ သူတို့လည်း အူရားဖားယား အော်ကာ ဟစ်ကာဖြင့် အနားရှိ အလှပြထားသော အာကာသ လွန်းပျံယာဉ် ကြီးအောက်သို့ ပြေးဝင်ကုန်ကြလေသည်။ ကျွှန်တော်တို့လည်း ဖွဲ့စည်းပုံပျက်ပြီး သကာလ မြစ်ကမ်းပေါ်သို့ တက်ပြေးကြရကုန်၏။ ထိုမျှနှင့် မိုးက မစဲသေးသဖြင့် အနားမှာ မိုးခိုစရာ ရှာတော့ ဘာမျှ မတွေ့ ရသဖြင့် အနှီကောင်မလေးတို့ ပြေးဝင်ခိုလုံရာ အာကာသ လွန်းပျံယာဉ်ကြီးအောက်သို့သာ ပြေးရ လေတော့ သည်။ သည်းသည်းမဲမဲ ရွာနေသော မိုးရေတို့ကြားမှ ကင်မရာ ရေမစိုအောင် လက်တစ်ဖက်ဖြင့် ဖုံးအုပ်ရင်း ညာ ဘက်လက်က ရှေ့လူကို ၀င်တိုက်မိမှာ စိုးသဖြင့် ရှေ့မှာ ကားယား ကားယား ဝှေ့ယမ်းရင်း ခပ်လှမ်းလှမ်းရှိ အဆိုပါ လွန်းပျံယာဉ် ရှိရာ ပြေးရ၏။ အလင်းထဲမှ အမှောင်ထဲသို့ ပြေးဝင်ရခြင်းဖြစ်ရာ အထဲတွင် ရောက်ပြီးသူ များကို ရုတ်တရက် မမြင်ရ။ ဒီတော့ ရှေ့ကနေ ကားယားကားယား လုပ်လာသည့် ညာဘက်လက်က ခပ်အိအိ တစ်စုံတစ်ရာကို ရုတ်တရက် ကိုင်မိသွား၏။ ဟိုက်သေပဟ ဆိုပြီး မော့ကြည့် လိုက်တော့ စောစောက အနက် ရောင် ၀မ်းဆက်လေးပါလား။ လက်ထဲစမ်းမိထားသော အရာကို ကြည့်လိုက်တော့ ရုတ်တရက် ခေါင်းနပန်း ကြီးသွားလေသည်။ မြန်မာပြည်မှာဆိုလျှင်တော့ ပါးပေါ်လက်ရောက်နေလောက်ပြီ။ ဖို့ရိုးဖားရားဖြင့် ရုတ်တရက် ဘာပြောရမှန်းမသိတော့။ လူက ပူထူပြီး လည်ချောင်းထဲ တံတွေးမျိုချမရတော့။

“ ရှင် ဘယ်လို လုပ်လိုက်တာလဲ ” ကောင်မလေးက မျက်နှာလေး နီရဲလျှက် ဒေါသဖြင့် ဆိုလေတော့သည်။ ကျွှန်တော်လည်း ရှက်စိတ်က ငယ်ထိပ် ရောက်သွးပြီး “ မတော်လို့ပါဗျာ၊ ရုတ်တရက် အလင်းထဲက လာရတာ ဆိုတော့ အမှောင်ထဲကို မမြင်လိုက်လို့ပါ၊ ဘယ်လို စိတ်နဲ့မှ ကိုင်မိတာ မဟုတ်ပါဘူးဗျာ၊ ယုံပါဗျာ ကျွှန်တော့်မှာ ဒီလို စိတ်ထား မရှိပါဘူး၊ ဘုရားသခင်ကို တိုင်တည်ပြီး ပြောပါတယ်ဗျာ၊ တကယ်ပါဗျာ” စသည်ဖြင့် ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောရင်း တောင်းပန်ရလေသည်။ ထိုအခါ ကောင်မလေးမျက်နှာမှာ ဒေါသရိပ် ပိုသန်းလာပြီး “ ရှင်ဘာတွေ လာပြောနေတာလဲ၊ ကျွှန်မ ဒေါသထွက်တာ အဲဒီ ကိစ္စ မဟုတ်ဘူးရှင့်၊ ရှင့်ခြေထောက် ကျွှန်မ ဖိနပ်ဦးကို တက်နင်းသွားလို့ စိတ်တိုတာ၊ ဒီဖိနပ်က မနေ့ကမှ ၀ယ်လာတဲ့ အသစ်ရှင့် ” ဟု ပြန်တွယ်လေ တော့သည်။ ကျွှန်တော်လည်း ဒီတော့မှ ရင်ထဲက အလုံးကြီး ကျသွားပြီး တော်ပါသေးရဲ့ ဖိနပ်ကို နင်းမိတာကို မကျေမနပ်ဖြစ်နေတာကိုး ဟု သိလိုက်ရပါတော့သည်။ အော် ရင်ဘတ်ထက် ဖိနပ်ကို ပိုတန်ဖိုးထားတဲ့ ရုရှမ တွေပါလား စောစောကတည်း က ပြောလိုက်ရင် ပြီးရော ဟု စိတ်ထဲကနေ မကျေမနပ် ပြောနေမိတော့ သတည်း။ ကိုဥာဏ်(စက်မှု)

( မှတ်ချက်။ ပန်းခြံထဲက အမှတ်တရ ဓာတ်ပုံလေးများ တင်ပေးလိုသော်လည်း ပုံတိုင်းလိုလိုမှာ ကိုယ့်ပုံက ပါနေသဖြင့် မတော်တင်မိရင် ဟို နေလွမ်းသူ ဆိုတဲ့ ငနဲသားက ဘေးကနေပြီး “ရတနာပုံ ဈေး မီးဝင်ရှို့ပြီး ထွက်ပြေး သွားတာ ဒီလူပေါ့ဗျာ” ဟု စာတန်းဝင်ထိုးသွားမည် စိုးမိပါသဖြင့် က်ျပုံလေးကို သာတွဲတင်လိုက်ရ ပါကြောင်း…..)

0 comments: