ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Thursday, June 12, 2008

ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့ - ၎

မိုင်းတုံမြို့ကို ဖြတ်လာပြီးတဲ့နောက် တောင်တန်းကုန်းမြင့်တွေ လျှိုတွေပတ်တက် ပတ်ဆင်းပြီး ပြန့်ပြူးနေတဲ့ လွင်ပြင်လိုနေရာကို တွေ့လိုက်ရတယ်။ နားကောင်းမူ ဒေသ ။ ဟိုးအရင် ဝ တပ်ဖွဲ့များ ငြိမ်းချမ်းရေး မယူခင်က နာမည်ကြီး နေရာဒေသတစ်ခုပါ။ ဈေးတိုက်တန်းတွေ ကား၊ ဆိုင်ကယ် အပိုပစ္စည်းဆိုင်များ ဓါတ်ဆီ အနီ၊ အဝါ အရောင်းဆိုင်များ၊ တစ်ခြား လူသုံးကုန်ပစ္စည်းဆိုင်တွေ တော်တော်များများနဲ့ စည်ကားဖွယ်ပါ။ မှန်အမည်းတွေပဲ သီးသီး ကာရံဆောက်ထားပြီး အခုတော့ လူမနေတော့ဟန်ရှိတဲ့ တစ်ထပ်တိုက်တန်းရှည်တစ်ခုကို အမြင်မှာထူး နေလို့ ကားဆရာကိုမေးကြည့်မိတော့

အနှိပ်ခန်းဇိမ်ခန်းတွေပေါ့ ဗိုလ်ကြီးရာ၊ ဟိုတစ်ခေတ်တစ်ခါ ဘိန်း၊ရာမတို့ စိတ်ကြိုက် ရောင်းဝယ် ဖောက်ကား ခဲ့ဖူးတဲ့ နေရာဆိုတော့လည်း ဒီထဲကတင်မကဘူး နိုင်ငံပေါင်းစုံက ဝိသမ စီးပွားရှင်တွေပါလာပြီး ခြေရှုပ်စည်ကားခဲ့တာပေါ့။ အခုတော့ မြင်တဲ့အတိုင်းပဲ ငြိမ်းချမ်းရေးရပြီးတဲ့နောက်ပိုင်း တိုင်းမှူးအမိန့်နဲ့ ပိတ်ပစ်ခဲ့တာ ကြာခဲ့ပြီကောလေ...တဲ့။ ဟိုးကုန်းခပ်ပြေပြေမှာ နားကောင်းမူ တပ်။ သြော်ဒီလို နေရာက တပ်မှာ တာဝန်ကျတဲ့ စစ်သည်အရာရှိတွေကို တကယ်ပဲ ကိုယ်ချင်းစာမိပါတယ်။ စစ်သားချင်းအတူ လုပ်ရတာချင်းအတူတူ ရေမီးမပြည့်စုံ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲနဲ့ ဟိုးအဝေးမြေပြန့်က မိဘဆွေမျိုး သားချင်းတွေနဲ့ ဘယ်လိုများဆက်သွယ်နေကြပါသလဲ.....လို့ ။ {43rd က နယ်သား ကိုအောင်အောင် တာဝန် ကျရာတပ်ဖြစ်ပါတယ် }

ကားတွေ ဆက်ထွက်လာတယ်။ လမ်းမှာ မိုးရွာထားတော့ ဗွက်တအားထူပါတယ်။ ဗွက်နစ်ပြီဆိုတာနဲ့ လူတွေ အောက်ကိုဆင်း ကျောက်တုံးတွေမထည့် တုံးတွေခုပ်ထည့်နဲ့ ခရီးမတွင်ပါဘူ။ ကျွန်းစိုက်ခင်းတွေ အများအပြားက ယခင်ကစည်းမဲ့ကမ်းမဲ့ ခုတ်လှဲခံခဲ့ရတဲ့ နေရာတွေကို အစားဖြည့်ဖို့အတွက် အားသစ် ယူနေကြသဖွယ်။ ဒီနေရာ တွေဆိုလည်း ဒါအရင်က ကျွန်း၊ ပျဉ်းကတိုး ၊သစ်မာ တောကြီးတွေပေါ့။ ဒီကောင်တွေကြီးစိုးစဉ် အခါက လုပ်ချင် သလိုလုပ် ခုတ်ထုတ်ရောင်းစားခဲ့လို့ အခုတောင်ကတုန်းတွေဖြစ်ပြီး လမ်းဘေးဘယ်ညာ ဘာပင်မှကြီးကြီးမားမား မရှိတော့တာပေါ့ ဗိုလ်ကြီးရာ..အခုတော့ကိုယ့်ဆီက သစ်တောဌာနက တာဝန်ယူ ထိန်းသိမ်း ထားတာပေါ့။ ဒီဝန်ထမ်းတွေနဲ့ တပ်က လုံခြုံရေးတစ်ဖွဲ့ အမြဲ တွဲပေးထားရတယ်။ သူတို့တွေလည်း အနေအစား ဒုက္ခတွေနဲ့ ပါ မြို့ပေါ်ကနေ ပြောင်းလာရသူတွေပေါ့.....တဲ့။ ညနေစောင်းတော့ ပုံပါကျင် မြို့လေးကို စ ဝင်တယ်။ ဒီနံမည်လေး ကိုလည်း ပုံပါကျင် ဘီပီ-ဝမ်း (Border Point-1) တွဲပြီးကြာဖူးနေခဲ့တာ။ အခုမှကွဲကွဲပြားပြားသိရတော့တယ်။ မြို့ကမြို့သပ်သပ်။ ဘီပီ-ဝမ်းက မိမိဘက်ကနယ်စောင့်တပ်စခန်းနံမည်ကိုး.... ဒီမြို့လေးကလည်း အထက်တန်း ကျောင်း၊ဈေး၊ ဆေးရုံတွေနဲ့ မြို့နယ်ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနဲ့ စနစ်တကျပုံဖော်ထားပါတယ်။ လူမျိုးကအများ စုကတော့ရှမ်း ပါ။ ဗမာကတော့ စီးပွားရှာသူတစ်ချို့နဲ့ဝန်ထမ်းတွေပေါ့။ နေလည်းဝင်မြို့လမ်းမီးတိုင်လေးတွေက မီးချောင်းလေးတွေ မီးလင်းလာပြီဆိုတော့ ဒီမှာပဲ ခေါင်းအုံး(ညအိပ်ရပ်နား) ရပြီလို့တွက်လိုက်တာ။ ဘယ်ရမလဲ တိုင်းက အခုချက်ချင်း ဆက်ထွက်ခိုင်းတယ် ဆိုပြီး ပုံပါကျင်ဗျူဟာက အခုထွက်ပါ...ဆိုတော့လည်းဆက်ထွက်ပေါ့။

မြို့အလွန် ဝ ရွာကြီးတစ်ရွာရောက်တော့ ဗမာစကားတတ်တဲ့ ဝ ဆက်ဆံရေးမှူးဆိုသူ နောက်က M-16 လွယ် ကိုယ်ရံတော်နဲ့ တပ်ရင်းမှူးကိုလာတွေ့ပါတယ်။ သူပြောတဲ့ဗမာစကား နန္ဒအောင်ကတော့ ဘယ်လိုမှကို နား မလည်ဘူးဗျာ။ နောက်တော့ ရှမ်းလိုပြောကြပါရော ။ အခုမှ ကိုယ့် တပ်ရင်းမှူး ရှမ်းစကားကို 2nd language လုပ်ပြောနိုင်ပါလားဆိုတာ တအံ့တသြတွေ့လိုက်ရတယ်။နောက်မှသိရတယ် အဘက အင်းသားကိုး။ အဖွဲ့တွေ ချောင်းဘက်ကို အိုးခွက်တွေ သယ်ပြီး ထမင်းသွားချက်ဖို့ လွှတ်လိုက်တော့မှ ဗျူဟာက ရှေ့က အောင်လောင်းရွာ မှာ ခလရ(--)စောင့်နေတယ် ရောက်အောင်သွား..ဆိုပြီးထပ် မိန့်ပြန်တယ်။ ဟော အဖွဲ့တွေက ထမင်းအိုးပွက် နှပ်လို့ ဟင်းချက်သူကတောင် ချက်နေပြီ...ကားတွေအခုထွက်ဘာညာနဲ့ အထက်ဌာနပီပီ အော်ပါလေရော။ ကဲ ဆရာကြီးဘယ်သူသွား အဖွဲ့တွေပြန်ခေါ်ဆိုတော့။ ဟိုမှာတန်းလန်းတွေဖြစ်ကုန်မှာ ဗိုလ်ကြီး..တဲ့ တန်းလန်းတာ မတန်းလန်းတာထားခဲ့ကွာ အကုန်အခုပြန်လာ သွား ငါပြောခိုင်းတာကွာ..တဲ့ တပ်ရင်းမှူးကလည်း..အင်းလေ ဟုတ်တော့ဟုတ်သား..အဲဒီနေ့ကချက်ပြီးသား ကျက်လုနီးပါးတွေ သွန်ခဲ့ရတာ နှမြောစရာကြီး..ကားထွက်တာနဲ့ မိုးဖွဲဖွဲကလုပ်လာပါရော..မှောင်ကလည်းမှောင် ကား ၆ စီးမှာ တပ်ရင်းမှူး အဖွဲ့ကားကတစ်စီးပဲ မီးရတယ်တဲ့ဗျာ ကဲ အံ့ရော..အဖွဲ့တွေပါသမျှ လက်နှိပ်ဓါတ်မီးတွေ ကားရှေ့ထိုး ကိုယ်တိုင်လည်း လက်ကိုရေစိုခံအပြင်ထုတ်ပြီး ကားသမားကို မီးပြပေးရတော့တယ်..အဲဒီလို ဗမာ့တပ်မတော်ကားများနဲ့ စစ်သားများပါဗျာ..ဒီပုံစံနဲ့ ကရင်ဂွင် ထဲမှာဆိုရင်တော့ မလွယ်ဘူး........လို့ နန္ဒအောင် တစ်ယောက်တော့ သက်ပြင်းတွေအခါခါချလို့...


နေလွမ်းသူ

0 comments: