ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Thursday, June 19, 2008

လက်သီးတစ်ချက်က ပေးခဲ့သော အသိတစ်သက်

ခွပ် ကနဲ ထိုးထည့်လိုက်မိတယ်။ အထိုးခံရတဲ့ သူတော့ ဘယ်လို နေလဲမသိ။ ကျွန်တော့် လက် တော့တော်တော် အီစိမ့် သွားပါတယ်။ ဒေါသ ထွက်လွန်းလို့ နှုတ်ခမ်းတွေ တဆက်ဆက် တုံပြီး မျက်ရည်တောင် ဝိုင်းလာတယ်။ ဂျောကန့်လန့် စခန်းကုန်း တပ်စု တစ်စုလုံး တန်းစီပြီး ကျွန်တော် ဒေါကန် နေတာပါ။ စစ်ကြောင်းမှူးဆီ ခွင့်တောင်းပြီး ဘောစဲခို တပ်မစခန်းနဲ့ ၂ မိုင် အကွာခန့်က ကျွန်တော့် တပ်ခွဲက တပ်စု စခန်းကို ထွက်ခဲ့တာ။ ဟိုနေ့ကဒီစခန်းက ၄ ယောက် ဈေး လာဝယ်ပြီး ရဲဘော် တစ်ယောက် ဖျားလို့ပါ ဆိုပြီ ဆေးအရာခံဗိုလ်ကြီး ဆီကနေ ဆေး တောင်း သွားတယ်ဆိုတာ အဲဒီ MA(Medical Assistant) ဆရာကြီးပြောမှ ခွဲမှူး ဖြစ်တဲ့ ကျွန်တော်က တဆင့်သိရတယ်။ စခန်းမှာ ဒုတိယ အကြီးဆုံး ဒုတပ်ကြပ်မောင်ဦး သူက လူပျိုဆောင် အင်ချက်လည်းဖြစ်နေ လူပျိုစစ်သည်တွေလည်းအကုန် သိနေသူပါ။

“ဆရာမောင်ဦး မင်းတပ်ခွဲမှူးက ငါလေကွာ ငါ့တောင်အသိမပေးဘူး။ ဒီမှာဖျားနေတဲ့ကောင်ကို မင်းတို့က ဆေးလေးတိုက်လိုက် ဆန်ပြုတ်လေးတိုက်လိုက်တာနဲ့ တာဝန်ကျေရောလား ဟင်.. ဆရာကြီးက အကုန်လိုက်ပြောမနေနိုင်တောင် မင်းက ဒုတိယတာဝန်အရှိဆုံး။ အခုဖျားနေတဲ့ အာနူး(ကချင်ရဲဘော်လေး)ဆိုတာ တပ်ခွဲမှာလည်း အငယ်ဆုံး အခုဖျားနေတာများ တုံလို့ ငါလာတော့ ဗိုလ်ကြီး တပည့် သေချင်လိုက်တော့တယ် ဆိုပြီး ငိုပြောနေရှာတယ်။ မင်းတို့ကို ငါအမြဲမှာခဲ့တာပဲ။ ဟေ့ကောင်တွေ စစ်တပ်ထဲက စစ်သားတွေကြည့်ပဲ အေး သစာရှိဖို့ဆိုတာ အထူးမှာစရာမလိုဘူး။ ဒီလိုပဲ လူချင်း စကားမပြောဖြစ်စေဦးတော့ အနေကြာလာရင် သူ့ အလိုလို သံယောဇဉ်ဆိုတာ တွယ်လာတာပဲ။ ဆိုတော့ဒါတွေက လုပ်ယူနေစရာမလိုဘူး လို့။ အေး အဓိက မင်းတို့ထားရမှာ ဒီထက်နဲနဲလေးပိုပြီး တစ်ယောက်အပေါ်တစ်ယောက် စာနာမှု အကြင်နာတရားလေးပဲဆိုတာလေ။ ဟင် ဒီစခန်းကို မင်းတို့ကို ခွဲမထုတ်လိုက်ခင် တပ်ချိန်းပြီး တစ်ရက်သားက တန်းစီပြီးတော့ငါ ထပ်မှာတယ်လေကွာ။ ဘာလဲမင်းတို့က ငါနဲ့ဝေးပြီဆိုပြီး လုပ်ချင်ရာလုပ်တဲ့သဘောလား ကဲ ပြောစမ်းပါဦး”…ဆိုတော့ “မဟုတ်ပါဘူး ဗိုလ်ကြီး” တဲ့ ။

“အခု ဒီကောင်လေးကို မင်းတို့ တစ်ခြား ဘာလုပ်ပေးလဲ ကဲပြောပါဦး ဘယ်သူရှိလဲကွာ ကဲ ဖြေ” ဘာသံမှထွက်မလာဘူး “ဟိုတပည့်လေးက စိတ်ဓါတ်ကျပြီး သူ့ကိုယ်သူ ဒါလုပ်သွား (နားထင်ကို လက်နဲ့တေ့ပြလျက်)ရင် ဘယ်လောက် နှမျောစရာ ကောင်းမလဲ။ အေး မလုပ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးကွ။ အေးလာခဲ့အကုန် တဘက်တစ်ထည်နဲ့ ရေအေးအေး ယူလာခဲ့ကြ ငါလုပ်တာ သေချာ ကြည့်ထားကြ” ဆိုပြီး တပည့်လေး အာနူးကို ဘောင်းဘီတိုနဲ့ နေခိုင်းပြီး ကျွန်တော်က စိတ်ရှည်လက်ရှည် ရေဖက် တိုက်ပေး ပြပေး လိုက် ပါတော့တယ် (ဗိုလ်လောင်းဘဝ ကျွန်တော် ဖျားတုန်းက guardian ညီငယ် ၄၆ နဲ့ ၄၇ က အဲလို လုပ်ပေးတာ သတိရနေသေးတယ်) သကြားနဲ့ ဆားနဲနဲ ရေဘူးအံ တစ်ခွက်စာ အခုဖျော်လာပေး ဆိုပြီး တပည့်ကိုတိုက်ရတယ်။ “သွား ဒီ ဖိနပ်နဲ့ ခြေအိပ် အကုန် သွားလှမ်းထား မိုးရွာရင် ထင်းတဲထဲမှာထားပေးလိုက်။ စောင်တွေနေပူလှမ်း။” တပ်မက ထောက်ပို့ဆွယ်ကတောင်းလာတဲ့ ဘီစကစ်ထုတ်(ဒါက ဆေးရုံတက်လူနာစာပါ) ဆေးရုံတက်စစ်သည်ကိုပဲပေးတာ။ ကျွန်တော်တို့ ကဒီလိုပဲ ပြောဆိုပြီး ရအောင်ယူရတာ။

တပည့်ကို စားဆိုတော့ “တပည့်ဘာမှ မစားချင်ဘူး ဗိုလ်ကြီး”..တဲ့ “ကဲ လာကွာ ငါနဲ့အတူ စားမယ်လေကွာ ဒီမယ်ဆရာကြီးရော ငါတို့ ရေနွေး ပူပူလေးနဲ့ သောက်ရင်း စားမယ် ညနေစာ မင်းနဲ့ ဆန်ပြုတ် အတူသောက်ပြီးမှ ဗိုလ်ကြီးပြန်မယ်သိလား ကဲလာ ဒါလေး စားရအောင်” ဆိုပြီး ချော့မော့ကျွေး ထိုးလိုက်တဲ့ ဆရာမောင်ဦး ကို “မင်းကိုယ်တိုင် ညအိပ်ခါနီးမှာ အဝတ်တွေလဲပေးပြီး ငါလုပ်တဲ့ အတိုင်းရေဖက်ထပ်တိုက်ပေး ကြားလား။ မသက်သာရင် မနက်ဖြန် တပ်မကုန်းကို ခေါ်လာခဲ့ ငါ့ကိုတော့ အိုင်ကွန်နဲ့ လှမ်းပြောပေး”…ဆိုပြီး…။ ဘော်စဲခို ကုန်းပြန်ရောက်တော့ အခြေနေ..? လို့လှမ်းမေးတော့ အပူကျသွားပြီ ထမင်းပူပူကို ဆီနဲ့ဆားလေး နယ်ပြီးသား စားချင်တယ်ဆိုလို့ ဆရာမောင်ဦးနဲ့ ဆရာကြီး ကိုယ်တိုင် လုပ်ပေး နေတယ်…တဲ့။ နောက်နေ့မနက်ကျ ထူထူထောင်ထောင်နဲ့ ထနိုင် သွားနိုင်ပြီး အဖျား လုံးဝ ကျသွားပြီဆိုတာကြားရတယ်။ ထိုးလိုက်ရတာက အကြီးဆုံး ဆရာကြီးကို မဆူချင်လို့ ဒုတိယအကြီးဆုံး ဆီ ပေါက်ခွဲလိုက်ရတာ။ နောက်ပြီး လူပျိုအချင်းချင်း ဆရာဖြစ်နေပြီး တာဝန်ကျေ ပစ်ထားလို့။ နောက်တစ်ချက်က သူ ကိုယ်တိုင် ဒီထိရောက်လာပြီးမှ တပ်ခွဲမှူး ဖြစ်တဲ့ ကျွန်တော့်ကို သတင်းမပို့တဲ့ ပေါ့ဆမှု…တွေကြောင့်ပါ။

နောက်တစ်ပါတ်လောက် ဆရာမောင်ဦးတို့ ရိကာ လာထုတ်တော့ ဗိုလ်ကြီး ဆိုပြီး အလေးပြုရင်း တဲထဲကိုဝင်လာတယ်။ “အေးလာ ဆရာမောင်ဦး ဘာသတင်းပို့ စရာရှိလဲ ပြောစေဗျာ” ..ဆိုတာနဲ့ သူက “တပည့်ကို အုပ်ချုပ်မှုစနစ်နဲ့ အသိလေး တစ်ခုပေးခဲ့တာ တကယ်ကျေးဇူးတင် လေးစားပါတယ် တပည့်ကို ဗွေမယူပါနဲ့” ဆိုပြီး လာတောင်းပန်ပါတယ်။
ဒီတော့ ကိုယ်က “မလိုပါဘူးဆရာမောင်ဦး မင်းတို့ငါတို့တွေ အထူးသဖြင့်လူပျိုတွေပေါ့ကွာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘအရိပ်ကနေခွာပြီး စစ်တပ်ကြီးထဲကိုရောက်လာခဲ့ကြတယ်။ မိဘရဲ့ အတုနှိုင်းမဲ့သော နွေးထွေးသော တကယ့်မေတ္တာတရားကိုလက်တွေ့သိလိုက်ရချိန်မှာ တို့တွေက စစ်သားဖြစ်ပြီး အိမ်ဆိုတာနဲ့ဝေးခဲ့ကြပြီ။ မင်းတို့ဆို စစ်သက်တွေအများကြီး ငါ့ထက်ကြီးတာပဲ ပိုသိမှာပါ။ အေးဒီလိုပဲ မိဘအိမ်ကို စွန့်လို့ စီးပွားရှာ ပညာရှာ သူတွေက ရည်မှန်းချက်တွေပြည့် ပညာတွေရ ပိုက်ဆံတွေရတာနဲ့ သူတို့သဘောတိုင်း မိဘရင်ခွင်ပြန်ခို စိတ်ကြိုက် ဘဝလေးမှာ ပျော်စရာတွေဖန်တီးနေနိုင်ကြပြီ။ ဘယ်မှာလဲ မင်းတို့ ငါတို့မှာ အဲဒီအခွင့်လေးတွေ အေး ဒီလိုပြောလို့ စစ်သားဘဝကို ငြီးငွေ့လားလို့အထင်မရှိနဲ့ သဘောကိုပြောပြတာ။ မိဘရင်ငွေ့ကင်းရလို့ အကြင်နာပေးနိုင်မယ့် အိမ်ထောင်ရက်သား ဇနီးမယားဆိုတာလည်း တို့တွေ မရှိ။ ပင်ပန်း တာခြင်းတူတောင် အိမ်ထောင်သည်က သားသမီး ဇနီးကြင်ယာနဲ့ အပန်းပြေစေတယ်လေ။ တို့မှာက ဘယ်မလဲ.. ဖျားရင်နာရင်တောင် မိဘပြီးရင်ဇနီးရဲ့အပြုအစု။ပြီးရင် သားသမီးတို့ရဲ့ အပြုအစုနဲ့ သူတို့တွေ အေးဆေးတယ်။
တို့ ငဖွက်ကြားများဘယ်ကရမလဲကွာ…ဒါကြောင့် လူပျိုအချင်းချင်း ကြင်နာကြဖေးမကြလို့ ငါအမြဲမှာတာကွ။”

ကျွန်တော့်စကားဆုံးတော့ ရှိုက်သံ ထွက်လာတယ် “ဟောဗျာ ဟ ဆရာမောင်ဦး ဘာဖြစ်တာလဲကွာ”…ဆိုတော့ “ဗိုလ်ကြီးပြောမှ ကျွန်တော် အဖေနဲ့အမေ့ကို ပြေးပြီး သတိရလာလို့ပါ”… တဲ့။ “ကဲကဲထားထား မျက်ရည်မကျနဲ့” ဆိုတော့ “ကျွန်တော် ကြည်နူးမှုလေးလည်း ရလိုက်လို့ပါ ” တဲ့ “ဟာ အထူးဆန်းပါလားဟ မင်းက လာပြန်ပြီ လုပ်ပါဦးဘာလဲ” ဆိုတော့ “တပည့်လေး အာနူး ကို ဗိုလ်ကြီးခိုင်းတဲ့ အတိုင်း ဟိုနေ့က ပြထားခဲ့တဲ့ အတိုင်း လုပ်ပေးသလို သေချာ စိတ်ပါလက်ပါနဲ့လုပ်ပေးပြီး ဒီကောင်လေး နေကောင်းသွားတယ် နောက်ပိုင်း ကျွန်တော်နား နေချိန်တောင်လာလာပြီး ဆရာ ဆရာ့ကို တပည့် နှိပ်ပေးရမလား လို့ အမြဲမေးတတ်လို့ပါ အရင်က ကျွန်တော့်နား ကပ်တဲ့ ကောင်တွေမဟုတ်ဘူး ဗိုလ်ကြီးရ ဒါတွေရဲ့ အဓိက ဇစ်မြစ်က ဗိုလ်ကြီး ကျွန်တော့်ကို တစ်သက်လုံးစာအတွက် သင်ပေးလိုက်တာပဲ။ တပည့် ဘယ်တော့မှ ဒီတစ်သက် မမေ့တော့ဘူး” .. .တဲ့ မျက်ရည်တွေစီးကျလို့။

မိဘအစား အချင်းချင်း ဖေးမမှုလေးတွေနဲ့ ဖြေဖျောက်နေခဲ့ရတာ တော်တော့်ကို ကာလတွေ ရှည်လျားခဲ့ပြီပဲလေ။ သူ့ကိုထိုးခဲ့တာ လက်ခလည်လက်ချောင်းက အခုထိကို ကောင်းကောင်း ကွေးလို့မရသေးဘူး။

@@@ နေလွမ်းသူ ။

0 comments: