ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Saturday, June 14, 2008

ဒုတိယဌာနေမှ ပထမဆုံး ရှေ့တန်းမြေသို့ - ၅

အောင်လောင်းရွာ ကြီးကိုရောက်ပြီ။ စာသင်ကျောင်းမှာ ရှေ့တပ်က နေရာချပေးတယ်။ ထင်းတွေကို တပ်စိတ် တစ်စုလိုက် ပုံပြီးသားလုပ်ပေးတော့ ည မှောင်မဲမဲနဲ့ရောက်သွားလည်း တပည့်တွေထမင်းဟင်းကို အလွယ်တကူ ချက်လို့ရကြတယ်။ မနက်မှာ တပ်ခွဲလိုက်က heavy weight ဖြစ်မယ့် ဟာတွေကို ထားပြီး တကယ် လိုအပ်မယ့်ပစ္စည်းတွေ အရင်သယ်ပြီး ဆက်တက်ဖို့ ပြောတယ်။ အောင်လောင်းရွာကြီးက လီရှောလူမျိုးတွေပါ။ အားလုံးက ဗမာစကားရတယ်။ စစ်ကြောင်း-၁ နဲ့ တစ်စုကဒီမှာကျန်ခဲ့ပြီး ရှေ့တပ်နဲ့ချိန်းပါတယ်။ စစ်ကြောင်း-၂မှူးဦးစီး တပ်ခွဲ(၄)ခွဲကဆက်တက်ခဲ့ရပါတယ်။ပါချီး စခန်းကုန်းတွေဘက်ဆီကိုပါ။

ပါချီး ဆိုတဲ့ အသံကြားရင် ဗိုလ်လောင်း ဘဝက ဗိုလ်မှူးကြီးအောင်မျိုးမင်း(အခုပညာရေးဒုဝန်ကြီး) ကိုသွား သတိရမိတယ်။ အဲဒီတုန်းက ဘွဲ့နှင်းဟော ထဲ ထည့်ပြီး ပြောတယ် တစ်ကျောင်းလုံးကို မင်းတို့တွေ ကိုယ်လုပ်ရတာတွေကို စိတ်ပါလက်ပါ လုပ်ကြ အခု တပ်က စခန်းကြီးတစ်ခုဖြစ်တဲ့ ပါချီး စခန်းကျသွားပြီ။ မင်းတို့ သေချာလုပ်ကြ။ ပါချီး ပါချီး ဆိုတဲ့အသံ အခုတော့ အဲဒီ စခန်းကိုရောက် စခန်းထိုင်ရပါတော့မယ်ဗျာ။

ရွာကနေ တစ်မိုင်လောက် လွန်တာနဲ့ ပျဉ်းကတိုးပင်ကြီးတွေ တစ်ခြားသစ်ပင်ကြီးတွေ ထူထပ်ပြီး တောင် စတက် ရပါပြီ။ လေးလိုက်တဲ့ ကျောပိုးအိတ် သေနက်။ တပည့်တွေဆို နင့်နေကြတာပဲ။ ခွဲရုံးမှာ များလိုက်တဲ့ ဝိတ်တွေ နောက်တော့ထမင်းအိုး ဒန်အိုးခြင်းထမ်းတဲ့ တပည့်ဆီက MA-2 ဆွဲယူလိုက်တော့ ကိုယ့်ဆီမှာ သေနက်က ၂ လက်ဖြစ်သွားပြီ။ စခန်းကလည်း အစဉ်အလာရှိထားလေတော့ သယ်ရတဲ့ လက်နက်ကြီးနဲ့ ဗုံးသီးကတော်တော် တာသွားတယ်လေ။ လမ်းကြောင်းကတော့ အေးဆေး clear မို့လို့တော်သေးတယ်။ ရန်သူကိုစိတ်ပူစရာသိပ် မရှိဘူး စိတ်က ၆၀ မမ ဗုံးသီး ၂ လုံးသယ်လာတဲ့ ကျောပိုးအိပ်ဆီပဲရောက်နေတယ်။ ရှေ့နောက်ကစစ်သည် အားလုံးလည်း ဘာသံမှကို မထွက်နိုင်ကြတော့ဘူး။ ဆရာကြီးတစ်ယောက်ဆို အမောဆို့လို့ နှာနှပ်နေရတယ်။ တောင်ကျစမ်းရေလေးတွေက တောင်ကြိုတောင်ကြားကုန်းကို တက်နေလည်း ရှိနေလို့။ ရေလေးဆွတ်လိုက် ရေလေးသောက်လိုက်နဲ့ ဒီလောက်မောနေတာကို ဆေးလိပ်သောက်ရမှ အမောပြေတဲ့သူကရှိသေး။

တက်လာတက်လာ လိုက်တာ စခန်းနားရောက်မှ ရွာလိုက်တဲ့မိုးဗျာ။ လေးကလေး မောကလည်းမော မိုးရေက ရွှဲရွှဲ ခြေထောက်တွေ ကုပ်အားကို မရှိတော့ဘူး။ ဒီဒုက္ခကို အကြောက်ဆုံးပဲ။ အဖွဲ့တွေလည်း တက်ရင်းတက်ရင်း ပြက်ပြက်ကျန်ခဲ့တယ် မိုးရွာထဲမှာထိုင်နားတဲ့သူကနားပေါ့။ ကျွန်တော်လည်း ကိုယ့်ဟာကိုအားတင်းပြီး ပါချီး ပင်မကုန်းစခန်းပေါ် တက်လာခဲ့တယ်။ ရှေ့တပ်က အဖွဲ့တွေကနေရာ လိုက်ချပေးတယ်။ ဓမ္မာရုံထဲမှာပါ။ သေချာ ကြည့်မိတယ် ပူဇော်ထားတဲ့ ကြေးသွန်းဘုရားကိုယ်တော်။ ထိုင်းစာတွေနဲ့ ရေးထားတယ်။ ရှေးဟောင်း ကြေးသွန်း တစ်ဆူဖြစ်ပါတယ်။ အဖွဲ့တွေလည်း တဖွဲဖွဲနဲ့ ရောက်လာကြ တက်လာကြတုန်းပဲ ညနေ ၆ နာရီခွဲကျော်တဲ့အထိ လူမစုံသေးဘူး။ အရင်ရောက်တဲ့ သူတွေက သွားပြန်ကြိုမှပဲ လူစုံရောက်တော့တယ်။ ဒုရင်းမှူးက တပ်ရင်းမှူးဆီ စုံကြောင်း လှမ်းပြောပါဆိုတာနဲ့ အောင်လောင်းရွာ အမြောက်ကုန်း မှာကျန်ခဲ့တဲ့ စစ်ကြောင်း-၁ ကို Icom (လမ်းလျှောက်စကားပြောစက်)နဲ့ပဲ သတင်းပို့လိုက်တယ်။ ဟိုဘက်က ထိုင်းစခန်းမှာ လျှပ်စစ်မီးတွေမြင်ရတော့ စိတ်ထဲမှာတော့။ ဖုန်း ဧရိယာမိတာနဲ့ ဖုန်းဖွင့်ပြီး တာချီလိတ်က ညီငယ်တစ်ယောက်ဆီ ဖုန်းခေါ်ပြီး အိမ်ကိုထပ် ဆက်ခိုင်းလိုက်တယ်...ဖုန်း က သိတဲ့အတိုင်းပဲ ထိုင်းဖုန်းကဒ်(12call)ပါ။ ကဲညတော့ စောစောအိပ်မှ ဒီနေ့ တော်တော်အီစိမ့်သွားတာ။ မနက်ဖြန် စောစောထရမယ် စခန်းချိန်းဖို့ သိချင်တာတွေ ရှေ့တပ်ကနေ မေးရ မြန်းရ စပ်စု ရဦးမှာပဲ.. .............................။ နေလွမ်းသူ

0 comments: