ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Sunday, June 15, 2008

ဗော့ဒ်ကာ တစ်လုံးနှင့် အတူ သကြန်ကျခြင်း

( သူငယ်ချင်း နေလွမ်းသူ အတွက် လက်ဆောင် အဖြစ် ကလောင်ဝင်သွေး ထားပါသည်….သည်းခံဖတ်ရှုကြပါကုန်..)
“ ဂျပန်မှာ ဆာကေး၊ ပြင်သစ်မှာ ၀ိုင်၊ စကော့တလန်မှာ ၀ီစကီ၊ ရုရှမှာ ဗော့ဒ်ကာ၊ မြန်မာမှာ ဘီအီး ” ဟု ဒရင့်ကာ မောင်မောင်တို့ ပြောကြသည်ကို ကြားဖူးကြပါလိမ့်မည်။ မှန်ပါသည်။ ရုရှသည် ဗော့ဒ်ကာ ဖြင့် နာမည် ကြီးပေ၏။ နာမည် ကြီးသလောက် လည်း ကောင်းလှပါသည်။ ဈေးကလည်း ချိုပါသည်။ ထို့ကြောင့် ရုရှရောက် ကျွှန်တော်လည်း ဗော့ဒ်ကာ ကို မှန်မှန် မှီဝဲ မိပါသည်။ အမှန်ကတော့ ကျွှန်တော်သည် ဒရင့်ကာမန်း မဟုတ်ရပါ။ ပါးပါးလေးသာ သောက်လေ့ ရှိပါသည် ( လင်ဗန်းဖြင့်..)။ ဒီနေ့လည်း ကမ္ဘာကျော် ဗော့ဒ်ကာ တစ်လုံးကို တဖြည်းဖြည်း မြိုရင်း စိတ်ညစ်သမျှ ကို ချရေးနေ မိပါသည်။

စိတ်ညစ်စရာတွေ စရမည် ဆိုလျှင် သကြန်ကို (၈) နှစ် တာ ဝေးခဲ့ရခြင်းက စရမည်ဖြစ်သည်။ သကြန်ဆိုသည်မှာ မြန်မာ လူမျိုးတို့ အတွက် သဘာဝ က ပေးထားသော ဆုလဒ် ဖြစ်ပါသည်။ မြန်မာ မှန်လျှင် ပြည်တွင်းမှာသာ ရှိနေပါက သကြန်ပွဲတော်ကို မဖြစ်မနေ ဆင်နွဲ ကြကုန်၏။ သို့ဆိုလျှင် ကျွှန်တော် တို့က အဘယ့်ကြောင့် သကြန်နှင့် ၈ နှစ်ကျော်ဝေး ခဲ့ရသနည်း။ စစ်အင်ဂျင်နီယာ ဆိုသော ဘ၀ ကို ခုံမင်မိသဖြင့် သဘာဝက ဒဏ်ခတ်ခြင်း ပေတည်း။

၁၉၉၉ ခုနှစ် သကြန်သည် ကျွှန်တော်တို့၏ နောက်ဆုံး သကြန်သာဖြစ်ပါသည်။ ၂၀၀၀ခုနှစ် က စရ်ျ သကြန်ဆိုသည် မှာ တီဗွီ ဖန်သားပြင်ပေါ် မှာသာ ရှိပါတော့သည်။ အပြင်မှာ လူငယ်လူရွုယ်တို့ သကြန်ပျော်ကြ ချိန်ဝယ် ကျွှန်တော်တို့ မှာ ကမ္ဘာကျော် ဂျီသရီးသေနတ်ကို ထမ်းလျှက် လမ်းလျှောက်နေခဲ့ရပါသည်။ သကြန်မလည်ရရ်ျ စိတ်ညစ်ပါသည် ဆိုမှ ဒင်းက ပုခုံးပေါ်မှာ အငြိမ် မနေ။ တဖြည်းဖြည်း လေးလာပါ၏။ ဒီလိုနှင့် ၅ နှစ်ကုန်သွားပြန်တော့ အရာရှိ ဖြစ်ပြီ သကြန်လည်ရတော့မည် ဟု ပျော်မည် ကြံကာရှိသေး ။ ကရင် သူပုန်တို့ ကြီးစိုးရာ သံတောင်ကြီး ဘုရင့်နောင် တပ်မြို့တွင် သင်တန်းတက်ရင်း ကာဘိုင် လွယ်ရင်း သကြန်ကျ ခဲ့ရပြန်ပါ၏။ ဆိုးလိုက်တဲ့ ကံနှယ်။ အော် သင်တန်းတွေပြီးသွားရင်တော့ သကြန်ကျလို့ ပျော်လို့ ရပြီဟု တွေးမိ ကာရှိသေး ။ လာပြန်ပြီ။ လုံခြုံရေး ယူရမည်ဆိုပဲ။ ဒီလိုနှင့်ပဲ ပစ္စတို တစ်လက် ခါးထိုးရင်း သကြန်ကျခဲ့ ရပြန်ပါသည်။

အော် ဆိုးလိုက်တဲ့ ကံနှယ် … အတိတ်က အကုသိုလ် တွေ တော်တော် လုပ်ခဲ့မိသည် ထင်ပါသည်။ ပျော်ရွင်ခြင်း နှင့် အစီး မကပ်လိုက်လေခြင်း။ အခုတော့ ဆာဗီးယားတို့ ပျော်ရာမြေ ရုရှမှာ ရောက်နေပြန်ပါသည်။ မြန်မာ သကြန်ကို မြန်မာ လူမျိုး တစ်ယောက် အနေဖြင့် ဘယ်တော့ မှ ပျော်ရမှာပါလိမ့် ဟုတွေးလိုက်မိတိုင်း စိတ်ထိခိုက်မိပါသည်။ အတိုးတက်ဆုံး ဆိုသော နိုင်ငံ များကို သွားလည်း သကြန်ဆိုတာ ရှိသည် မဟုတ်ပါ။ ထို့ကြောင့် ပြည်ပတွင် ပျော်ရန်တော့ စဉ်းစားရ်ျ မရပါ။ သို့ဆိုလျှင် ကိုယ့်မြေကိုယ့်ရေ မှာဆိုလျှင်ရော။ ပျော်ကြရမည်လား။ မထင်ပါ။ နည်းနည်းလေးမှ မထင်ပါ။ သကြန်မှာ ခွင့် ရသဖြင့် လည်ကြ ပတ်ကြသည် ဆိုသည်မှာ ဦးတို့ ငယ်ငယ်တုန်းကလေ ဖြစ်နေပါပြီ။ သာမန်ရဲဘော်တွေ သာ ခွင့်ပြန်ဖို့ လွယ်သော်လည်း အရာရှိက ရှိတာမှ ၂ ယောက် ၁ ပိုင်း ။ ဒီရှိတာလေး တွေတောင် ရုရှရောက်လို့ရောက်၊ ယူကရိန်းရောက်လို့ ရောက်၊ တရုတ်ရောက်လို့ ရောက် တပ်မှာ လူက ရှိတာမဟုတ်။ ခွင့်ဆိုသည်မှာ ပေးလျှင်တောင် ယူရက်စရာ မရှိ။ ဖြစ်သမျှ ပြသနာ တပ်ရင်းမှုး ခေါင်းပေါ် ပုံချလို့ ဖြစ်တာမဟုတ်။ သကြန်တွင်းဆိုပြီး ရန်သူက သကြန်ကျ နေမှာ မဟုတ်သဖြင့် လုံခြုံရေးဆို တာ ရှိရပြန်ပါသည်။ တခါတလေတော့ လည်း ဘောင်းဘီ အစိမ်းကို ချွှတ်ပြီး ဂျင်း ဘောင်းဘီလေး ၀တ်ချင်၏။ ခါးက ပစ္စတို နေရာမှာ ဘီယာဘူးလေး ထိုးချင်မိ၏။ ရင်ခွင်ထဲက မောင်းပြန်ရိုင်ဖယ် ကို ချစ်သူ လေးနှင့် လဲထားလိုပါ၏။ သို့ပေမယ့် မဖြစ်နိုင်သော၊ ဘယ်သော အခါမှ ပြန်မရနိုင်တော့ သော စိတ်ကူးယဉ် အိပ်မက်တွေ ဖြစ်နေပါ၏။ ပုံပြင်တွေမဟုတ် ဖြစ်ရပ်မှန်တွေ ဖြစ်ပါ၏။ ဒီလို ပျော်စရာ မရှိသော ဘ၀ ရင်ခွင်ကို ၀င်လာချင်နေသော မိန်းကလေးများက ရှိသေး၏။ လွန်စွာရဲရင့် ကြကုန် လေသည်။ သူတို့ အတွက် ဂုဏ်ယူပါသည်။ ဂုဏ်မယူရ်ျလည်း မရပါ။ မဟုတ်လျှင် လူပျိုကြီး လုပ်ရန်သာ ရှိတော့၏။

စာရေးနေရင်းမှ သူငယ်ချင်း တစ်ယောက်က သကြန်သီချင်းခွေ ထဖွင့်ပြန်၏။ ဆိုးလုပါတကား။ ရေပင် အနွေးခံပြီး ချိုးနေရသော ရုရှမြေနှင့် မြန်မာ တူပို့တူပို့ သီချင်းက မလိုက်ဖက်လိုက်လေ။ သို့သော် လုပ်နိုင်တာကလည်း ဒါပဲ ရှိလေသဖြင့် သကြန်သီချင်းကို အမြီးလုပ်ရင်း ဗော့ဒ်ကာနှင့် ကြိုတ်ချရလေသည်။ ပျော်ရွှင်စွာ ကနေကြကုန်သော ယိမ်းသမလေးများကို ကြည့်ရင်း မှ ဗော့ဒ်ကာပင် ပိုပြင်းလာသယောင်ထင်ချေ၏။ အော် ပျော်စရာကောင်းလိုက်တာ ဟု စိတ်ကူးယဉ်ရင်း ဗော့ဒ်ကာ ပုလင်းကား တဖြည်းဖြည်း ပေါ့လာလေပြီ။ လူလည်း တော်တော် လည်လာ၏။ ကနေသော သကြန်မယ်လေး များ၏ ပုံရိပ်များကား နှစ်ထပ်ဖြစ်လာလိုက် ၀ါးသွားလိုက် ရှိနေလေသည်။ အင်း ဒီအချိန်ဆိုလျှင် မြန်မာ ပြည်က ချစ်သူလေးရော ဘာလုပ်နေပြီနည်း ဟု စဉ်းစားမိလိုက်ရင်း ရင်မောမိပါ၏။ ရေပက်ခံရင်း ပျော်နေပြီလား။ သို့မဟုတ် သူငယ်ချင်းများ နှင့် ပျော်ပျော်ရွင်ရွင် မုန့်သွားစားနေပြီလား။ ဘုရားသွား ကျောင်းတက်နှင့် ဥပုသ် သည်မလေး ဖြစ်နေလေသလား ( မထင်ပါ…)။ အော် ဒီလို လူမျိုးကို ချစ်မိလေသော သူလေး အတွက် ချစ်သူနှင့် အတူတူ မလည်ရ ခြင်းအတွက် သနားမိပါသည်။ အတွေးများတွင် စီးမျောနေရင်းမှ ဗော့ဒ်ကာ ကား ပြောင်ချေပြီ။ အိပ်စက်ရင်း သကြန်အိပ်မက်များ မက်လိုက်ပါဦးမည်။ ချစ်သူရေ ခွင့်လွတ်ပါတော့ ဟု မိဘများက ဆဲချင်လာအောင် ကြွေးကြော်ရင်းမှ အိပ်ရာဝင်ခဲ့ရလေသတည်း။ ကိုဥာဏ်(စက်မှု)

1 comments:

Anonymous said...

kayin thapone so ter min toe atwet par.kayin lu myo twe atwet ka tot kayin sis thar twe .