ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Sunday, June 22, 2008

ဝေဒနာအပိုင်းအစလေးများ-(အပိုင်း ၇)

တတိယမြောက် ကျရောက် ပေါက်ကွဲသံက ဒီတစ်ခါ နားထဲမှာ အဆူညံဆုံး ဖြစ်လိမ့်မယ် ထင်ပါတယ်။ နားတွေ အူထွက်နေတယ်၊ မြေစတွေ ဖွာလန်ကျဲပြီး လူကို လာစင်မှ သတိ ထားမိတယ်။ မိမိနောက် တည့်တည့်က ဝါးပင်စုစု အခြေမှာ ကျပြီး ကွဲသွားတာပါတကား။ ပေါင်သလုံးခန့် ဝါးပင် ၄ ပင်လောက်က ပျက်ထွက်ကုန်တယ်။ ဘေးက ဒုတပ်ကြပ် မြသိန်း သေနက်လေးပိုက်ပြီး ခွေခွေလေး။ လက်မောင်းကို ကိုင်လှုပ် ခေါ်မိတော့ လဲကျသွားတယ်။ ဟာ ဆရာမြသိန်းထိသွားပြီ လို့ ဘယ်ဘက်ကတစ်ယောက်က ထပ်အော်ပါတယ်။ တဖွဲဖွဲ ဖြတ်ပြေးသွားတဲ့ ကျည် သံတွေငြိမ်မှ လာစမ်းကွာ အာပီဂျီ ဒီကိုဆင်းလာခဲ့ ဆိုပြီး ဒုတပ်ကြပ် ကော်နူး(လီဆူး)ကိုထပ်ခေါ်ပြီး တွေ့လား ဟိုးက အပင်ခြောက်စုစု နေရာ အေးအဲဒီကိုချိန် ဆိုတာနဲ့ ပုခုံးထမ်းလောင်ချာ အသင့်ပြင်ပါတယ်။ ဘေးက ဆရာကြီးက ဗိုလ်ကြီး ကျွန်တော် ပစ်မယ်ဆိုတာနဲ့ အင်းလုပ်ဗျာ…. ဖောင်း …ဂျိမ်း ဆို အူထွက်သွားတယ်။ ကွတ်တိပဲ။ ပြောတဲ့ နေရာ။ အပင်စုစုကို ချက်ချင်း နေရာရွှေ့လိုက်ကြတယ်။ ကိုယ်တိုင်က မြသိန်း ဆီက သေနက်ကို သယ်လာလိုက်တယ်။

(၂၉.၃.၂၀၀၅)ရက်နေ့ ညနေ ၅ နာရီထိုးခါနီးမှာ ကျွန်တော့် အချစ်တော် ဒုတပ်ကြပ်မြသိန်း သွေးထွက်လွန်ပြီး ကျဆုံးသွားပါတယ်။ ခွဲ-၄ ကတပ်စိတ် တစ်စိတ် ထပ်ချပ်မကွာလိုက်ပြီး ရှင်းတော့ ရန်သူတစ်ယောက်ကျ သေနက် (အမ်-၁၆) တစ်လက်ရခဲ့တယ်။ တစ်ယောက် ချင်း လဲလိုက်ရတယ်ဆိုပါတော့။ ညနေတွင်းပဲ စောလောကလို ချောင်းဘေးမှာ အလောင်းမြေချ တပ်ခွဲမှူး နန္ဒအောင်ကိုယ်တိုင် မျက်ရည်စက်လက်နဲ့ အမိန့်ပြန်တမ်း ပြန်လိုက်ရတယ်။ သြော် ကျွန်တော့်စက်သမား အရမ်းအားကိုးရတယ် အီးလိုနဲနဲ မှုတ်တတ်တော့ တစ်ခါတစ်လေ Icom ထဲမှာ ဟိုဘက်က အရာရှိ ခွဲမှူး တို့ စစ်ကြောင်းမှူးတို့ကို Eng လိုမှုတ်တတ်တယ်။ မူသဲဗျူဟာ G-2 ကသူ့ကို သဘောကျလို့ Icom တာဝန်ခံ လုပ်ဖို့ခေါ်ထားချင်တာ။ ကျွန်တော် ကိုယ်တိုင်က မပေးချင်လို့ ခေါင်းရမ်းခဲ့တာ။ တောထဲမှာ Eng လို ဘာလို့ပြောလဲ မေးတော့ စကားဝှက်တွေ တကူးတက သုံးစရာမလိုဘူး ဆိုပဲ။ ရန်သူက သိနေမှာပေါ့ဆိုတော့ ရန်သူမပြောနဲ့ တစ်ချို့ ဆရာကြီးတွေ အနီးနားကကြားရင်တောင် နားမလည်ဘူး ဒီတောထဲက ကောင်တွေဆို ပိုဆိုး လို့ သူကပြောရော။ အဲဒီအခါများ ကျွန်တော်က အေး မင်း ထင်သလို ဒီနေ့ရန်သူက မင်းတို့ ရေဒီယို မှာ ကြားကြားနေတဲ့ …..ဒေသမှာ မိုင်း သင်တန်းတွေ လက်နက်သင်တန်းတွေကို နိုင်ငံခြားသားတွေက သင်တန်းပေးတာကို သွားတက်ကြတာ များပြီဟ… တတ်တာမှ မွှတ် နေတာပဲ။ မင်းကိုတောင် အင်္ဂလိပ်စကားပြော ကျူရှင်ပြပေးလိမ့်မယ်…. သဘောပေါက်။

မြွေတော်၊ ကြောင်ပြာစခန်း ဘယ်ဆီ နေမှန်းမသိ ကိုယ့်ဆီကတော့ တစ်ယောက်ပေးလိုက်ရပြီ။ အလကားနေရင်း ဆုံးရှုံးခဲ့ရပြီ။ ဒီနေ့
တစ်နေကုန် ကြောစောင်းတွေကို ခုပ်ပြီး ဖြတ်တိုးလာလိုက်တာ ရေရှိမယ့်အောက်ကို ဆင်းမယ် အလုပ်မှာ တစ်ဖတ်ကမ်း သစ်ပင်အုပ် ကုန်းစောင်းကနေ ရန်သူက အသင့်စောင့်ပြီး သမပါတယ်။ အပေါ်က အပင်အုပ်မိုးမှုများတာ အဓိကအခက်ဖြစ်စေတယ်။ ဆိုလိုတာက သွယ်ဝိုက်ပစ်သေနက်တွေ ပစ်လို့မရတော့ဘူး ။ ပစ်ခဲ့ရင်လဲ ကိုယ့်သေနက် ကျည်ဆံ ဗုံးသီးက အပေါ်နီးနီး ကပ်ကပ်က အုပ်မိုးထားတဲ့ သစ်ပင် ကိုင်းဖျားတွေ ကိုထိမိတာနဲ့ ချက်ချင်းပေါက်ကွဲ ကိုယ့်ခေါင်းပေါ်ပြန်ပြီး ထီးဆောင်းချလိုက်သလို ဖြစ်သွားပြီး အကုန်ကြွမှာလေ။ မိမိတို့ ဖြတ်ဆင်းတဲ့ နေရာ တည့်တည့်ကို သူတို့ ၂ ယောက်လောက်နဲ့ အကာကွယ်ယူပြီး လူဖြတ် ကူးးတာနဲ့ တရစပ်ဆွဲပါတယ်။ ဒီနေရာကပဲ ဖြတ်ဆင်းမှ ဖြစ်မှာဆိုတော့ မဖြစ်နေ ကုန်းကွလို့ အကာကွယ် ယူလို့ ဆင်းကြရပြီလေ။ ရှေ့က ပွိုင့်တပ်ခွဲဖြစ်တဲ့ ခွဲ-၄ ကလည်း ရှေ့မှာနားမှာပဲ သူတင်ကိုယ်တင် ဆော်နေကြတယ်။ ရန်သူရဲ့ အင်အားက မနေ့ကထက် ၂ ဆပိုတိုးလာတယ်လို့ ခန့်မှန်း ရတယ်။ ပစ်အားက တော်တော့်ကို မြိုင်တာသတိထားမိတယ်။ ခက်တာက ကိုယ့်ဆီက ပြန်ပစ်ဖို့ကျ ပစ်ကွင်းမြင်ကွင်းက အနေ အထားသိပ်မကောင်းဘူး။ ကူးတာနဲ့ သူကပဲ လှိမ့်ဆော်နေတာ။ ကိုနန္ဒနဲ့ တပည့်ကျော် မြသိန်း တို့အတူဖြတ်ကူးတဲ့ အလှည့်မှာ ငှက်ပျောပင်စုစုအခြေအရောက် မှောက်လဲသွားတယ်။ ဒါကို သိလိုက်တဲ့ ရန်သူက အခွင့်ကောင်းယူပြီး ဖိပစ်ပါတယ်။ လောင်ချာသံ တုံ တုံ ဆိုပြီး 40 m (ခေါက်ချိုးလောင်ချာ) ၂ လုံးက တစ်ဖက် ကြောစောင်းပေါ်သွားကွဲတော့ အေးဆေးပဲ။ ကိုနန္ဒ ကူးမယ်အလုပ်မှာ ဂျိမ်း ကနဲ ပေါက်ကွဲထွက်သွားတာကြားရပြီး ဒုတပ်ကြပ်မြသိန်း ကျည်ကွဲစ ထိမှန်ခဲ့တာပါ။ အခုတော့ အားကိုးရသော စစ်သည်တစ်ဦး ဆုံးရှုံးသွားခဲ့ရပြီ။

“သင်သည် တပ်မတော်နှင့်သော်လည်းကောင်း ငါတို့နှင့်သော်လည်း လုံးဝမျှ မသက်ဆိုင်တော့ ဒီနေ့မှစ၍ ဒုတပ်ကြပ်မြသိန်း သင်သွားလိုရာသို့ သွားနိုင်ပြီ” (အလေးပြုလိုက်ကြတယ်)။ သေနက်သံတွေ မိုးပေါ်ထောင်ထွက်သွားတယ်။ အိပ်တန်းရှာ ငှက်တို့ လန့်ပျံလေသလားမသိ။ ကျွန်တော့်မျက်ဝန်းက မျက်ရည်စက်တွေ မကျအောင်ထိန်းရင်း…………………………………….
အဲဒီနေ့ညက ဖြစ်သလိုစားခဲ့တဲ့ ညစာတစ်နပ် စားချင်စိတ်မရှိပေမယ့် နောက်နေ့ ခရီးဆက် လှုပ်လှုပ်ရှားရှား သွားရဦးမှာဆိုတော့လည်း ဗိုက်ထဲမှာ အစာရှိမှ ဖြစ်မှာပါလေ ဆိုပြီး တာဝန် တစ်ခုကို ပြီးအောင်လုပ်တဲ့သဘောနဲ့ အေးစက်မာခဲတောင့်တင်းစပြုနေတဲ့ ထမင်း ငှက်ပျော အူဟင်းနဲ့ ငါးခြောက်ဖတ်လေး တစ်စ နှစ်စ ၊ ရေနွေးကြမ်းပူပူ တစ်ခွက်နဲ့။


@@@ နေလွမ်းသူ

0 comments: