ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Thursday, June 5, 2008

ဝေဒနာအပိုင်းအစလေးများ-၅

ယွန်းစလင်းဗျူဟာလက်အောက်ခံ စခန်းတွေက ငှက်ဖျားအသဲသန်ဖြစ်လူနာနဲ့ မိုင်းထိလူနာ-၁ ဦးကို ပလက်ခို တောင်ထိပ်စခန်းကြီးထိသွားယူပါဆိုတာကြောင့် ခေတ္တစစ်ကြောင်း-၁ မှူး ဦးစီး ခွဲ-၂ ခွဲထုတ်နှုတ်အင်အားနဲ့ light dress ကိုယ်စီနဲ့အမြန်သွားအမြန်ပြန်ထွက်ခဲ့ကြတာပါ။ ပလက်ခိုတောင်ထိပ်စခန်းကြီးက တောင်ထိပ်ဆိုမှ တကယ့်တောင်ထိပ်မှာ ကျောက်တုန်းကြီးတွေကြားမှာ တဲလေးတွေအခိုင်အမာဆောက်ပြီး ပင်လယ်ရေမျက်နှာ ပြင်အမြင့်ပေ ၄၉၀၀ ဝန်းကျင်မှာတည်ရှိပါတယ်။

ကရင်ပြည်နယ်တစ်ခွင်မှာ YGN က City FM မိတဲ့ တစ်ခုတည်းသောတောင်ထိပ်စခန်းရယ်လို့ တပ်တွေတော်တော်များများသိကြပါတယ်။ တောင်ထိပ်မှာ တိမ်တွေ မြူတွေခနခနဝေ့နေတတ်ပါတယ်။ လူနာတွေယူပြီးချက်ချင်းပြန်ဆင်းပြီး ကိုက် ၃၀၀၀ လောက်ဝေးတဲ့ ညောင်ပင်ကုန်းစခန်းရောက်မှ တပ်မဌာနချုပ် ဆက်သွယ်ရေးစက်က မြန်နှုံးမြင့် UHF စက်ဖြစ်တဲ့ လ-၉၇ ဗိုက်ဝါ စက်လေးနဲ့ ဆွဲထုတ်သွားပါတယ်။ ဘာထူးပြီလဲတော့မသိဘူးပေါ့။ ထူးတာက လမ်းအတိုင်းပြန်မလာခဲ့ကြနဲ့တော့ လမ်းမှာ ၂ ဖွဲ့ခွဲပြီး ဆွဲမိုင်းနဲ့စောင့်နေတယ်လို့ ခုမနက်ကပဲ Icom inteception မိတဲ့သတင်းအရအတိအကျ ပြောလာပါတော့တယ်။ဗျက္ကေကွင်းထဲမှာမင်းတို့ဖြတ်သွားတာကိုသိလိုက်တယ်ဆိုပဲ။

ညောင်ပင်ကုန်းစခန်းမှူး တစ်ပါတ်စဉ်ထဲ နေမျိုးကျော်က ဂျီသားခြောက်လေးနဲနဲ မျှပေးလိုက်တာကို ကျေးဇူးတင် စကားတောင်မပြောရသေးဘူး ကဲ ဆက်ထွက်မယ် ကိုအောင်နိုင်ဝင်း ပွိုင့်တိုးပါ ညာဘက်ကနေကြောခုတ်မယ် ညီလေး မင်းနောက်ပိတ်ကလိုက် လူနာတွေမင်းနဲ့ငါ့ စစ်ကြောင်းကြားမှာရှိမယ်။ နောက်ပိတ်တပ်စိတ်ကို သေချာမှာ မျက်စိရှင်ရှင်ထားကြ ထွက်မယ်...ဆိုပြီး ညောင်ပင်ကုန်းစခန်းရေဆိပ်ကနေ အနောက်မြောက်ဖက် ထဲကိုဖြတ်ဆင်းလိုက်ကြတယ်။မှတ်မိသေးတယ် အဲဒီတုန်းက ဆေးအပါတ်စဉ်-၄ ကအစ်ကိုကြီး မဟာသိပ္ပံ ဆက်တက်ဖို့ ပါလာတာ။ တောတိုးရင်းနဲ့ တောသခွားသီး(တောထဲမှာတွေ့တဲ့ သခွါးသီးအသေးစားလေးတွေ) ခူးပြီးဝါးကြတာ။တကယ်သခွားသီးအရသာအတိုင်းပါပဲ။အလုံးသေးတာပဲ ရှိတယ်။ လမ်းမရှိကမ်းမရှိတိုးရတာ တော်တော်တော့ဆိုးပါတယ်။ ဒါတောင်ကျောပိုးအိပ်မပါလို့တော်သေးတယ်။ ကျောပိုးအိပ်မပါတော့ ညတော့ မအိပ်လောက်ဘူးဆိုတာတွက်ပြီး ရန်သူကအပိုင်စောင့်တာဖြစ်နိုင်ပါတယ်။ ဆွဲမိုင်းဆွဲခံရရင် တကယ်ကို နစ်နာဆုံးရှုံးရပါတယ်။ ခြုံခိုပြီး၊ တောင်ကုန်းနောက်ကနေ လမ်း မြေသားမှာကပ်ထားတဲ့ မိုင်းကို ဝါယာရှော့ တိုက်တာပါ။ ဂျိမ်း ဆိုကွဲတာနဲ့ ကိုယ်ကတစ်ချက်မှမပစ်လိုက်ရဘူး အနဲဆုံး ၂ ယောက် ၃ ယောက်ကိုယ့်လူက မှောက်သွားတာပါပဲ။ ကံဆိုးပြီး မီးခိုးမှိုင်းလုံးတွေကြောင့် ဘာမှမမြင်ရခင်ရန်သူကသေနတ်ဆွဲယူသွားတာပါပဲ။


ဝါးပင် ဝါးဖတ်တွေကအမွှေးအမျှင်တွေကိုယ်ပေါ်ကျတာကလည်း ယားလိုက်တာပြောမနေနဲ့ လျှိုထဲကနေပြန် အတက်ဆို ရေးစီးနေတဲ့ချောင်းကဖြတ်ရင် ကျွတ်ကတွယ်လိုက်သေး။ တစ်နာရီလောက်ကြာမှ ဗျက္ကောကွင်း အစပ်ကိုတော့ရောက်ပြီဆိုတာသိလိုက်ရတယ်။ ရှေ့ကခနတန့်နေတော့ အားလုံးငြိမ်နေ ရှေ့ကလူသံတွေ ကြားတယ်ဆိုတော့ ဝပ်နေလိုက်တယ် ကိုယ့်တပည့်ကျော်တွေလဲ နောက်ကိုသေချာကြည့်ဖို့ပြောထားရသေး။ ခနနေတော့ ထပြီးဆက်တိုးကြပြန်တယ်။ မကြာဘူး ထပ်တန့်နေပြန်ရော။ နဲနဲကြာသွားတယ်အဲဒီမှာ။ ရှေ့က သွားမှာဆိုဆက်လိုက်လေ ဘာလုပ်နေတာလဲ ကုန်းကုန်းကွကွနဲ့ လို့မေးလိုက်တော့ ရှေ့ကစစ်ကြောင်းအဖွဲ့ နဲ့ မျက်ခြေပြတ်သွားလို့ ဗိုလ်ကြီး...တဲ့ ဟာ ကွိုင်က စပြီ ဘယ်သူနေရာမှစပြတ်တာလဲ ဆိုပြီးဆဲမလို့ အသုံးမကျရ ကောင်းလားဆိုပြီးမေးတော့ လူနာထမ်းနေရာကတဲ့ ..ကဲ..ကောင်းရော ဘာအပြစ်တင်ရမှန်းမသိတော့ဘူး အေး ဒါဆိုလည်း ခြေရာလိုက်ရှာကြည့်ပါဦးဟဆိုတော့ ရေချောင်းလေးကနေဖြတ်အတက်မှာ ပြတ်သွားတာ....တဲ့ နေဦးငါလာပြီ ဆိုပြီးတက်သွားတော့ ဘေးဘယ်ဘက်နေရာကနေ တုတ် တုတ် ဆိုပြီး ဝါးခေါက်သံပီပီသသကို ကြားလိုက်ရတယ်။ သေချာပြီ အနားမှာတော့။...လူနာထမ်း ၂ ထမ်း ဝန်ဆောင်က -၆ ယောက်။ တကယ်တမ်း သေနက်ကိုယ်စီက မိမိအပါမှ ၇ ယောက်။ ရှေ့ကအတန်းလိုက်ကြီးက ဘယ်ပျောက်သွားမှန်းမသိတော့ဘူး... စဉ်းစားစမ်း စဉ်းစားစမ်း ဘာလုပ်ရင်ကောင်းမလဲ ...


ဗျက္ကောကွင်းကြီးက တကယ့်ကိုအကျယ်ကြီး အကြီးကြီးပါ။ တစ်ချိန်က ဗျက္ကောပု ဆိုပြီးနံမည်လည်းရှိခဲ့ပါတယ်။ တိုက်ပွဲတွေခနခနဖြစ်တဲ့ ကွင်းနေရာကြီး။ ဟိုဘက်ရောက်သွားရင်တော့ ရေဆိပ်စခန်းနဲ့နီးသွားပြီ သိပ်ပြသနာ မဟုတ်တော့ဘူး။ နေကလည်းသိပ်မကြာခင်ဝင်တော့မယ်။ ဟာဗိုလ်ကြီး ..ဆိုပြီး တစ်ယောက်က လက်ညှိုးထိုး သေနက်ထိုးချိန်တယ်။ လူ လူ ဗိုလ်ကြီး...တဲ့ ပြောနေသေး ပစ်ထည့်လိုက်ပါလားဆိုတော့ ရိပ်ကနဲပဲတွေ့လိုက် ရတာ..တဲ့ သိပ်မကြာဘူး ဖန်း ဖန်း ဖန်း ဆိုပြီး ကာဘိုင်နဲ့စဆော်လာတယ် မထူးဘူး အသံကြားရာကို ၂ လက် ပြိုင်ဆွဲခိုင်းလိုက်တော့ ငြိမ်သွားပြန်ရော။ အင်း အဓိက ကဒီလူတွေ တပ်မစခန်း ဘော်စဲခိုကို အန္တရာယ်ကင်း ဘေးကင်းပို့နိုင်ဖို့ပဲ။ ဒီတော့ ဒီကနေအမြန်တိုးရမယ်။ အင်း တောထပ်တိုးရင်တော့ မှောင်သွားပြီး ရောက်မှာ မဟုတ်တော့ဘူး။ ရန်သူက ဘေးမှာ သူတို့က မြေပိုင်တယ်(နယ်ကျွမ်းပြီးသား)။ မျိုးမင်းသူ ညီလေး ကိုယ်နဲ့ ဆရာအောင်နိုင်ဦးတို့ ၃ ယောက်ကွင်းကိုဖြတ်မယ် မင်း ရယ် စက်ကလေးသမားနဲ့ ဘီအေ-၁၀၀ သမားက ရှေ့နဲနဲတိုးပြီးထောက်ထားပေး။ လူနာတွေကို ငါ့နောက်ကနေခေါ်သွားမယ်။ ပေါက်လား ကိုယ်ပြောတာ။ မေးနေတုန်းရှိသေး ...ဖန်းဖန်း ဖန်းဖန်း ဆိုပြီး ရန်သူကလည်း ဆော်ပါတယ်။ ကဲဆရာအောင်နိုင်ဦး ပစ် အဲဒီ ဘက်ကို MA-4 ၂ လုံး ဆိုပြီး ကစ်ထည့်လိုက်တယ်။ လောင်ချာ ၂ လုံးကျကွဲတော့ငြိမ်သွားပြန်ရော၊စစ်ကြောင်း အဖွဲ့ဘက်ကနေ သေနက်သံပေးတာကြားရပြန်တယ် ...သေချာပြီ သူတို့ လာပြန်ခေါ်တော့မယ်..


မထူးပါဘူး ကြိုခါမှကြို လက်တစ်လော ဒီထဲကထွက်နိုင်ဖို့အရေးကြီးတယ်။ တကယ်တန်း ပွိုင့်တိုးလို့ ပြောလိုက် တဲ့အချိန် အရပ်မျက်နှာရွေးချယ်ဖို့က အဓိက ကျလာပြီ၊ ဆိုတော့ ကားလမ်းကြီးပေါ်ရောက်သွားရင် ရေဆိပ် စခန်းကိုအမြန်ရောက်မယ်။ လမ်းမကြီးက အရှေ့အနောက်တည်ရှိနေတာ နေ ကစောင်းရာကနေ ပျောက်နေပြီ အလင်းပဲကျန်တော့တယ်။ ကဲ ငါနဲ့ အတူတိုးမယ် နေအလင်းဟိုမှာတွေ့လား အဲဒါကို မင်းတို့ညာဘက်မှာထားပြီး မျက်နှာမူရာကိုတည့်တည့်တာတိုး တွေ့ရင်လက်မနှေးစေနဲ့ ဦးအောင်ပစ် ညာဘက်မှာ နေကိုထားတိုး မင်းတို့ လမ်းပေါ်ရောက်လိမ့်မယ်..ကဲ...စ ဆိုပြီး ကိုယ်တိုင်လည်း MA-2 (လူနာဆီကသေနက်) ကျည်ထိုးပြီး ထွက်ရ ပါတော့တယ်။ ကိုင်းတွေထူပိန်းနေပြီး အောက်ကလည်း ဗွက်ရေတွေက ခြေကျင်းဝတ်မြုပ်နေတယ်။ ကွင်း တစ်ဝက်က ကိုင်းတောစပ်ကိုဝင်တာနဲ့ ကျွန်တော့်ညီလေးနောက်ဘက်က သေနက်သံတွေ ဆူညံထွက် လာတယ် ဒီကောင်ကလည်း ပြန်ဆော်ပါတယ်။ သူနဲ့ ၂ ယောက်ပစ်အားကမနဲပါဘူး။ မကြာဘူး သူအဖွဲ့ကို လိုက်လာတော့ဖို့ အတို(9-mm) လှည့်ပြီးပစ်ပေးလိုက်တယ်။ စိတ်ကလည်း မချတော့ဘူး။ သူတို့ရောက်လာမှ မျက်နှာမူရာကိုပဲ (တောင်ဘက်အရပ်) အတင်းဖြတ်တိုးကြတာ။ မကြာဘူး လမ်းမကို ထီးတည်း တွေ့လိုက် ရတော့တယ်။ ကဲ ဒိုး ရေဆိပ်စခန်းကို အရောက်.... ဗျက္ကောချောင်းစပ်ကိုရောက်တော့ စခန်းကလူတွေ သေနက်ကိုယ်စီနဲ့ ဒီဘက်ထိလာစောင့်နေပေးတယ်..... စစ်ကြောင်း-၂ အဖွဲ့တွေမလာသေးဘူးလား မေးတော့ စက်ထဲကနေ ဗိုလ်ကြီးတို့ပြန်ရှာတယ်လို့ ပြောတယ်တဲ့။ ဟာ ကဲဖြတ်ကွာ စခန်းဘက်ရောက်အောင်။ ရင်စို့နီးနီး ရေကိုဖြတ်ရသေးတယ်။


စခန်းမှူးက ကျွန်တော့်ညီ မျိုးမင်းကို 46thက အစ်ကိုကြီးဘယ်လိုတွေဖြစ်လာကြတာလဲ...တဲ့ ငါ့ကိုနောက်မှမေး စက်သမားခေါ်စမ်းကွာ ဆိုပြီး စစ်ကြောင်း-၂ စက်နဲ့ရအောင်ယူ ငါတို့ရောက်ပြီ ဒီကိုပဲလာခဲ့ဖို့ပြော မင်းစက်ကို ၃၅ ဖွင့်ထား သွား အခုလုပ် ဆိုတော့ စက်သမားက ၃၅ ပဲ ဗိုလ်ကြီး သူတို့ခနလေးတွေ့လိုက်ပြီး စက်ဖြုတ်သွား တာ အန်ကယ်စွန်ရဲကို လက်ပြန်ဆွဲမယ်လို့ ရလိုက်တယ်..တဲ့(အဲဒီတုန်းက ကျွန်တော် စက်အခေါ်က စွန်ရဲပါ) ပြောလည်းပြောရင်း ငါ့ကိုရေတိုက်စမ်းပါဦးကွာ ဆိုပြီး ရေအငမ်းမရသောက်ပစ်လိုက်တယ်။ စခန်းက တပည့် တစ်ယောက်က ဗိုလ်ကြီး ဆိုပြီး သတင်းစာစလေး တစ်ဖတ်လာပေးတယ် သိလိုက်ပြီ အောက်ကိုမကြည့်သေးဘဲ ဖိနပ်တွေ ခြေအိပ်တွေအရင်ချွတ်လိုက်တယ်။ ယူလာပေးတဲ့ ဝါးဆစ်ဗူးနဲ့လောင်းပြီး ခြေထောက်ကိုရေးပြီးမှ သေချာကြည့်လိုက်တယ် အားလားလား ဘယ်မှာ ၃ ပေါက် ညာမှ ၂ ပေါက် ကျွတ် က ၂ကောင် ဖောင်းကားလို့ သွေးဝပြီး ကျွတ်တွေဆွဲဖယ်ပြီး သွေးထွက်ပေါက်လေးတွေကို သတင်းစာစလေးတွေ ဆွဲဆုပ်ပြီး လိုက်ကပ်ပေး လိုက်တယ်။ ဒီလိုမျိုး စက္ကူစနဲ့ ပိတ်ထားလိုက်ရင် သွေးပေါက်ပိတ်ပြီး သွေးထွက်ရပ်သွားပါတယ်။ မဟုတ်ရင် အဲဒီကျွတ်တွယ်တဲ့အပေါက်နေသွေး အဆက်မပြတ်ထွက်ပြီး ခေါင်းတောင်မူးတဲ့အထိဖြစ်ရပါတယ်။


ဆရာကြီးတစ်ယောက်က အချက်ပေးမှ ဖြစ်မယ်လို့ အကြံပြုတာနဲ့ အတွဲလိုက် ထောင်ဆွဲပေးလိုက်ပါတယ် မိနစ် ၅၀ လောက်ကြာတော့ ဟေး ဟူး ဆိုပြီး ချောင်းတစ်ဖက်တောစပ်က အသံပြုတာကြားရပြီ ... အဖွဲ့တွေလာပြီ..စခန်းပေါ်သူတို့ရောက်လာတာနဲ့ ကျွန်တော့်ကို အစ်ကိုကြီးကိုအောင်နိုင်ဝင်းက အဆဲတွေစုပြီး ထောပနာ ပြုပါတော့တယ်။ နေရာမှာတင် စောင့်နေလိုက်ရင် ပြီးရော လာခေါ်မှာပေါ့ဟ...တဲ့.. အာ အစ်ကိုကြီးတို့ ပြန်လာ အခေါ်စောင့်နေ ဒီမှာက မြင်တဲ့အတိုင်း လူများပြီး သေနက်က နဲနဲလေးရယ် ဘေးမှာလည်း တုံးတွေခေါက်ပြီး မကြာဘူး အတွဲလိုက်လာတာ ကြားမှာပေါ့... နေကလည်း ဝင်နေပြီလေ အလကားနေ အလင်းပျောက်မှ အကုန် ၅ ပါးမှောက်မှာ မထူးဘူးဆိုပြီး ဖောက်ထွက်လာတာပေါ့အစ်ကိုကြီးရ...ပေါ့ တပည့်တွေလဲ အကုန်ကြွတ်စုတ် ရေနစ်ထားတဲ့ပုံလေးတွေနဲ့ ရေနွေးတွေများများတည်ထားတာ အိုကေသွားပါတယ်။ ကဲအဖွဲ့တွေ အကုန်လုံး ခြေလက်ဆေးပြီး ခနနားပြီး ထွက်မယ်...တဲ့။ မကြာပါဘူး တပ်မဌာနချုပ်စခန်းကြီးရှိရာ ဘော်စဲခိုဘက်ကို ထပ်မံဦးတည်ခဲ့ကြတော့တယ်................................... နေလွမ်းသူ

0 comments: