ကျွန်တော်ဘဝတစ်စိတ်တစ်ဒေသမှာ ရင်ဆိုင်တွေ့ကြုံခဲ့ရတာလေးတွေ၊ နောင်တော်ညီတော် သူငယ်ချင်းများနဲ့ စစ်သည်အဆင့်အတန်းအားလုံး ထိတွေ့သိမြင်ခံစားခဲ့သမျှလေးတွေကို ပေါင်းစပ်လို့ ရသတစ်ခုအဖြစ် ရစေခြင်းငှာအင်တာနက်စာမျက်နှာလေးပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်

Saturday, June 21, 2008

မထားသင့်သော မာန်၊မာနလေးများရဲ့ နောက်ကွယ်မှာ

ကာလ က စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပါတ်စဉ် (၄၁+၄၂) ကျောင်းဆင်းပွဲ ကာလ။ မိဘတွေကို အောင်စစ်သည် အဆာင်နဲ့ ဖက်ဆက် ဆောင်တွေမှာ အိပ်ဖို့နေရာချထား ပေးပါတယ်။ ဇော်ခိုင်တို့က ဒေါက် မတင်ရသေးတဲ့ Junior 1st year။ အောင်ဆန်းတပ်ခွဲ အောင်စစ်သည်ဆောင် အနောက်ဖက် အခြမ်း အောက်ထပ်ကို ကြမ်းတိုက်တာဝန်ကျပါတယ်. သူငယ်ချင်း တစ်ယောက်က တံမြက်စည်း သေချာ ပြောင်အောင် လှဲပေးပြီးသွားတာကို အဆင်သင့် တိုက်ရတာပါ.. စိတ်ဓါတ်တွေကလည်း ကျ အိမ်နဲ့က မခွဲစဖူး စ ခွဲ လာရချိန်၊
လုပ်လိုက်ရတဲ့ fatigue ဖက်ထိပ်(စစ်သားအခေါ်) လူမှုဝန်ထမ်း ပင်ပန်းလိုက်တဲ့ Under Training Term ထွက်တောင် ပြေးချင်လာပြီ..ဒူးထောက်လျက် ရေညှစ်ထားတဲ့အဝတ်(တဘက်စ)နဲ့ ကြမ်းတိုက်ရင်း ပြီးခဲ့တဲ့ ၉ တန်း ၁၀ တန်း ကျောင်းသား ဘ၀က အပူပင်မဲ့ ပျော်စရာလေးတွေ ပြန်စဉ်းစား နေမိတယ်။ ခနနေတော့ "ဖေဖေ သ္မီး ဒီထဲခန၀င်ကြည့်မလို့ " ဆိုတဲ့ အသံတစ်ခုနဲ့အတူ ကောင်မလေး

စကဒ်ပန်းနုရောင်လေး ပန်းနုရောင်ဖျော့ဖျော့ ဖိနပ်လေး ခြေထောက် ဖြူဖြူလေးမှာ Foot change လေးနဲ့ ခြေမျက်စိမှာ မှည့်လေး ၂ ခုကထင်းနေတယ်။ ကျွန်တော် ခေါင်းငုံ့ ကြမ်းတိုက်နေရာဘေးကနေ ဖြတ်လို့ လေယာဉ်၊ သင်္ဘော လေးတွေ တင်ထားတဲ့ စင်ဘက်ကို ဖြတ်လျှောက်သွားပါတယ် သေချာပြောင် လက်အောင် ၂ ကြိမ်မြောက်တိုက်ထားတဲ့ နေရာမှာ ဖိနပ်ရာလေးတွေ ပေကျံသွားတာကို ဒူးထောက်လျက်အနေအထား ကနေ မြင်တွေ့လိုက်ရတော့ လိပ်ခနဲ ထွက်လာတဲ့ ဒေါသနဲ့ အတူ ...."ဟေ့ မင်းဒီမှာငါကြမ်းတိုက်နေတာ မမြင်ဘူးလား မျက်လုံးက" လို့ ပြောလိုက်စဉ်မှာပဲ သူက ပြန်ပြောပါတယ် "အဲဒါဘာဖြစ်လဲ.." တဲ့ သူက။ ဒေါသကြောင့်တစ်ခုခု ပြန်ပြောမလို့ဟန် ပြင်နေတုန်းမှာ အပြင်ကနေ "နွေးနွေး ရေသ္မီး " ဆိုတဲ့အသံနဲ့အတူ ဗိုလ်မှူးတစ်ယောက် ကိုတွေ့လိုက်ရတယ်။ ဒေါသ ထွက်နေလည်း မပြီးမယ့်အတူတူခြောက်သွေ့ပြီး ပြောင်လက်စ ပြုနေတဲ့ ကြမ်းပြင် ထက်က ဖိနပ်ရာ တွေကို ထပ်မံပွတ်တိုက်လိုက် ပါတော့တယ်။ မလွယ်ပါလား။ ညကျ အိပ်ယာထက်မှာ လှဲနေရင်း စိတ်ထဲမှာ နေ့ခင်းက ကောင်မလေးကို တော်တော် ဒေါသထွက်နေမိ ပါတယ်။ ဒူးခေါင်းတွေ ပွန်းလုမတတ် လက်နှစ်ဖက် အစုံနဲ့ပွတ်တိုက်ထားတဲ့ ကြမ်းပြင်ကို လက်ရှိတိုက်နေဆဲ မပြီးသေးတဲ့ အချိန်မှာ ခြေထောက်နဲ့ လာပြီး နင်း လျှောက်သွားတယ် ဒီကပြောတော့ သူက လေသံက မောက်မောက်မာမာနဲ့ပြန်ပြောတယ်လို့ကွာ။။။။။

2007ခုနှစ်မတ်လ21ရက်အင်္ဂါနေ့
နေရာက ကျိုင်းတုံမြို့၊ တပ်နယ်ရုံး၊....ဒီဒေသကနေ ပြည်မ ကိုသွားမယ့် သူ အားလုံးက လေယာဉ်လက်မှက် နေရာကို (အထူးသဖြင့် အစိုးရ၀န်ထမ်း အားလုံး) ဒီရုံးမှာ လာပြီး Booking လုပ်မှ ရတာပါ။ အပြင်ကနေ ပြန်ရောက်လာတဲ့ ဗိုလ်ကြီးဇော်ခိုင် ရောက်ရောက်ချင်းပဲ အဲဒီက ဆရာကြီးဝင်းဦး ကပြောလာတယ်။ "ဗိုလ်ကြီးဇော်ခိုင် က တနင်္ဂနွေ လေယာဉ်နဲ့ ပြောင်းလိုက်လို့ အဆင်ပြေရင် ဒီက ဆရာမ တစ်ယောက်က အခု ကြာသပတေးနေ့ ဗိုလ်ကြီး နေရာကို အစားယူပြီး သူလိုက်သွားချင်လို့ပါတဲ့ သူ့အဖေက အရေးပေါ် ဆေးရုံ တင်ထားရလို့ပါ တဲ့။ ဆိုတော့... မိဘ ကျန်းမာရေး နဲ့ ပက်သက် လာတော့လည်း အင်းပေါ့လေ သူ့ခရီးစဉ် အနေနဲ့ ကလည်း တစ်ပါတ်လောက် လိုသေးတာရယ် ၂ ရက်လောက် ကွာတာ ဘာမှလည်းမဖြစ်တာကြောင့်.."အိုကေ ကျွန်တော်ကရပါ တယ် ပေးလိုက်ပေါ့" လို့ပြန်ပြောတာနဲ့ ထိုင်နေတဲ့အထဲက တစ်ယောက်က "ကျေးဇူးတင်ပါတယ် ရှင်"လို့ ပြောလာစဉ် ခေါင်းငုံ့ပြီး စဉ်းစားနေတဲ့မိမိမျက်လုံးအစုံက ဘေးက ထိုင်နေတဲ့ တစ်ယောက်ရဲ့ခြေထောက် တစ်ဖက်က ...foot change လေး နဲ့အတူ ခြေမျက်စိ တည့်တည့်က မှည့်လေး၂ လုံး ..ဖိနပ်ကတော့ပန်းရောင်မဟုတ် တော့ပါဘူး ဘ၀မှာဘယ်တော့မှ မေ့လို့မရတဲ့ အမှတ်သား..ရင်ထဲမှာ တင်းကနဲ ဖြစ်ပေါ်လာတဲ့ခံစားမှုနဲ့ အတူ "ပြန်မယ့်သူက.." လို့မေးလိုက်မိတော့ သူကိုယ်တိုင်က ခေါင်းညိတ်ပြတာနဲ့ နာမည် ထပ်မေးလိုက်မိတော့ "ခင်မျိုးဝေ" ဆိုတော့..အင်းမဟုတ်သေးဘူး။ မထူးပါဘူး အရဲစွန့်ပြီး "အိမ်နာမည်က နွေးနွေး.. လား" လို့ မေးလိုက်ချိန်မှာတော့ အံ့သြမှုမျက်နှာနဲ့ "ဟုတ်ပါတယ် ..ဗိုလ်ကြီးက ဘယ်လို" သူ့စကားမဆုံးခင်မှာပဲ ဇော်ခိုင်က လက်ကာပြပြီး ဆရာကြီးဝင်းဦး ကို "ကျွန်တော် သန်ဘက်ခါလေယာဉ်နဲ့ပဲ လိုက်မယ်သူများကို လှယ်ပေးလို့ မဖြစ်ဘူး..စိတ်မရှိပါနဲ့ ..နော်" လို့ ပြောပြီးလှည့်ထွက် လာလိုက်ပါတော့တယ်။


ဆက်လက်ဖော်ပြပါမည်။ @@@ နေလွမ်းသူ

0 comments: